မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
အရင်းရှင်ပါလီမန် ဒီမိုကရေစီကို ၀န်ချတောင်းပန်တဲ့ သခင်စိုးနဲ့ သူ့လူများ
(ရဲမြင့်ကျော်)
လွန်ခဲ့တဲ့ ခြောက်လ တစ်ညနေခင်း။ ကျွန်တော် ၃၉ လမ်းအထက် ၅ လွှာက ‘မောက္ခ’
ပညာရေးရုံးခန်းမှာ ရှိနေစဉ် အရပ် ရှည်ရှည် အသက် ၇၀ ကျော် အဘိုးကြီးတစ်ဦး
ကျွန်တော့် နာမည် မေးပြီး တံခါးခေါက်လာပါတယ်။ နောက် သူ့ကိုယ်သူ ‘အောင်မော်’
လို့ မိတ်ဆက်ပါတယ်။ ကျွန်တော် အံဩ၀မ်းသာသွားပါတယ်။ ဦးအောင်မော် ဆိုတာ
မိုးဝေမဂ္ဂဇင်း အယ်ဒီတာလုပ်ခဲ့သူ။ ‘ဓား’ ၀တ္ထုရေးတဲ့ နာမည်ကြီး စာရေးဆရာကြီး
မင်းဆွေ ရဲ့ သားပါ။ ဆရာဦးအောင်မော်က ကျွန်တော့်ကို တွေ့ချင်နေတယ်လို့
ကြားရတာ ကြာပါပြီ။ ကျွန်တော် ထိုင်းနယ်စပ်ကို မသွားခင် လွန်ခဲ့တဲ့ ၆
နှစ်ကျော်လောက်ကတည်းက။ အခု ပြန်ရောက်တော့လည်း ဆရာကပဲ ကျွန်တော့်ကို
တကူးတကလိုက်ရှာပြီး တိုက်အထပ်မြင့်ပေါ် တက်မေးပြီး လာရှာတာပါ။
အောင်မော် ဆိုတဲ့ နာမည်ကို ဗန်းမော်တင်အောင်ရဲ့ ‘ဂျက်လန်ဒန် သူ့ဘ၀နဲ့
သူ့စာပေ’ စာအုပ် အမှာစာရေးတဲ့သူလို့ပဲ အရင်က ကျွန်တော် သိထားခဲ့တာ။
နောက်တော့ ဆရာဦးအောင်မော်က ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့်အဖေရဲ့
သူငယ်ချင်း ဖြစ်နေတယ်။ ကျွန်တော့်အဖေနဲ့က စာပေမိတ်ဆွေ
နိုင်ငံရေးမိတ်ဆွေတွေဖြစ်ပြီး၊ သူ့ သူငယ်ချင်းရဲ့သားဖြစ်တဲ့ ကျွန်တော့်ကို
တွေ့ချင်လွန်းလို့ လာရှာတာပါ။ သူငယ်ချင်း သံယောဇဉ်ကြီးတဲ့သူပါ။
ဆရာဦးအောင်မော်က အဖေရဲ့ မိတ်ဆွေတွေ၊ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေနဲ့
လိုက်မိတ်ဆက်ပေးပါတယ်။ သံလွင်ငြိမ်းချမ်းစာပေက ဦးမြင့်နိုင်၊ မိုးကောင်ကင်
ဖြန့်ချီရေးက ဦးစိုးအောင်၊ ရှုမ၀ (ဦး) တင့်ဇော်၊ စာရေးဆရာကြီးဇေယျ ရဲ့သား
ဦးတင်အောင်၊ ရှေ့နေကြီး ဦးစိန်မောက်၊ EVA AIR က ဦးလှရွှေ၊ တွံတေးက
ကိုဘစိုးထွန်း၊ မြလေးရုံစာပေက ကိုအောင်မျိုးသန့်၊ စသည်တို့ပါ။
ဆရာဇော်ဇော်အောင် ကလည်း သူ့သူငယ်ချင်းသား ကျွန်တော့်ကို တွေ့ချင်တယ်ဆိုလို့
တစ်ရက် အတူစုသွားကြတယ်။ ဆရာဇော် ကျန်းမာရေး ကျသွားတာ စိတ်မကောင်းစရာ။
ဆရာဇော် ကိုယ်တိုင် ကျွန်တော်တို့ကို တုတ်ကောက်ကိုင်ပြီး
ထွက်စောင့်နေတာဖြင့် အားနာစရာ။ နောက်ကျပြီးမှ ရင်းနှီးခွင့်ရတာ
ကျွန်တော့်အဖို့ နောင်တရစရာပါ။
တိုတိုပြောရင် အဖေနဲ့ သူ့မိတ်ဆွေတွေဟာ သခင်စိုးရဲ့ တပည့်တွေ၊ အလံနီတွေ၊ သူတို့ဆရာကြီးကို လေးစားကြသူတွေပါ။
(၂)-
ဦးအောင်မော်နဲ့ အမြဲ တွဲသွားတွဲလာနေတဲ့ သံလွင်ငြိမ်းချမ်းစာပေက
ဦးမြင့်နိုင် နဲ့ပါ ကျွန်တော် ရင်းနှီးလာပါတယ်။ ဦးမြင့်နိုင်က
ကျွန်တော်ဘာသာပြန်ချင်ရင် ပြန်ဖို့ စာအုပ်တွေ ပေးပါတယ်။ တစ်နေ့
ဦးမြင့်နိုင် ကျွန်တော့်ကို ပေးတဲ့ စာအုပ်ကတော့ တကယ် အံဩစရာ။ သခင်စိုးကြီး
အင်္ဂလိပ်လို ရေးထားတဲ့ လက်နှိပ်စက်စာမူ ‘A Treatise on the Resolution of
Present Day Global Economic Crisis’ ဆိုတဲ့ စာအုပ်ပါ။
လက်နှိပ်စက်မူအဆင့်ပဲရှိပြီး စာအုပ်အဖြစ် မထုတ်ဝေရသေးပါ။ သခင်စိုး
နောက်ဆုံးပြုစုတဲ့ မူရင်းကျမ်း သုံးတွဲရဲ့ အနှစ်ချုပ်စာတမ်းဖြစ်ပြီး၊ legal
ဆိုဒ်ရှည်နဲ့ စာမျက်နှာ ၁၀၀ ကျော်ပါတယ်။ ကျွန်တော့်ကို ရိုရိုသေသေ
သိမ်းဆည်းဖို့၊ ဘာသာပြန်ချင်ရင်ပြန်ဖို့ ဦးမြင့်နိုင်က မှာပါတယ်။
မဖြစ်မနေ ငါဘာသာပြန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော် စာအုပ်ကို
ရင်ဝယ်ပိုက်ပြီး ပြန်ခဲ့ပါတယ်။ ဖတ်ကြည့်တဲ့အခါ သုံးမျက်နှာထက်
ပိုတိုးမပေါက် ဖြစ်နေလို့ ပြန်ချထားတယ်၊ အားတဲ့အခါ ပြန်ဖတ်ကြည့်တယ်၊ အင်း
အေးအေးဆေးဆေး အချိန်ပေးဖတ်မှဖြစ်မယ်လို့ တွေးတယ်။ တစ်လလောက်ကြာတော့
ကျွန်တော်မမီလိုက်တဲ့ သခင်စိုး ဆိုသူကြီးကို လန့်လာတယ်။ ဒီလူကြီး
ရေးတဲ့အင်္ဂလိပ်စာ ခက်လှချည်လား၊ ၀ါကျတွေကလည်း ကုလားတွေရေးတဲ့ အင်္ဂလိပ်စာလိုပဲ
ရှည်လျားလိုက်တာ။ ဒါတောင် အနှစ်ချုပ်ကျမ်းပဲ ရှိသေးတယ်၊ တကယ့် ကျမ်းရင်း
သုံးတွဲ မဟုတ်သေးဘူး။
သူ့စာအုပ် ကိုင်ထားရင်း ဒေါက်တာမောင်မောင်
ရေးတာကို သွားသတိရတယ်။ ဒေါက်တာမောင်မောင်က သူရဲ့ The 1988 Uprising in
Burma စာအုပ်မှာ ကွန်မြူနစ်တွေကို သရော်တော်တော် ရေးတာလေးတွေ ပါပါတယ်။
ဒါပေမဲ့ သခင်စိုးကိုတော့ မြန်မာပြည်မှာ ကားလ်မက်စ်ရဲ့ Capital ကို အသေချာ
အနှံအစပ် ဖတ်ဖူးတာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်လို့ လေးလေးစားစား ရေးထားတာ
အမှတ်ရပါတယ်။
ဒါနဲ့ ဦးအောင်မော်၊ ဦးမြင့်နိုင် တို့ကို
ခွင့်မတောင်းဘဲ ကျွန်တော့်ရဲ့ မိတ်ဆွေ ဆရာဦးကျော်လှိုင် (ကျော်သက်ဟန်) ကို
ပြကြည့်တယ်။ ဦးကျော်လှိုင်က အင်္ဂလိပ်စာဆရာ၊ စာရေးဆရာနဲ့ လက်ဝဲလိုလားတဲ့
နိုင်ငံရေးသမားပါ။ ဆရာက “အေး- တို့နှစ်ယောက် ပေါင်းပြီး ဘာသာပြန်ရအောင်ကွာ၊
ဒီစာအုပ် မြန်မာပြည်မှာ ရှိသင့်ပြီ၊ ငါအရင် ဖတ်မယ်” ဆိုပြီး ပြောပါတယ်။
နောက်နှစ်ပတ်လောက်ကြာတော့ ဦးကျော်လှိုင်က “လွယ်လွယ်မဟုတ်ဘူး၊ ဒီစာအုပ်ကို
လုပ်ဖို့အတွက်ချည်း တို့တွေ အချိန် လေးငါးလလောက်ပေးရမယ်” လို့ ပြောပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်လည်း သဘောတူတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ သီးသန့်
အချိန်ငါးလလောက် ပေးဖို့ မလွယ်လှတာမို့ သက်ပြင်းချမိကြတယ်။
ကျွန်တော်က ဆရာဦးကျော်လှိုင်ကို သခင်စိုး ကျမ်းက PhD ဒေါက်တာဘွဲ့
စာတမ်းပဲလို့ ပြောမိတယ်။ ဆရာက “ဟာ မကဘူး၊ အများကြီး ပိုတယ်၊
အများကြီးပိုတယ်” လို့ ရေရွတ်ပါတယ်။ နောက် သူက ဒီကျမ်းက တို့လက်ဝဲတွေရဲ့
လက်ရှိ အကျပ်အတည်းအတွက် ထွက်ပေါက်အဖြစ်နဲ့ လမ်းပြနိုင်ကောင်းတယ်လို့
ပြောပါတယ်။ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ခုန်ပျံကျော်လွှား ဖတ်ကြည့်တာတော့
သခင်စိုးက မက်စ်၊ အိန်ဂျယ်ရဲ့ အကိုးအကားတွေနဲ့ ကွန်မြူနစ်
ဆိုရှယ်လစ်နိုင်ငံတွရဲ့ အမှားတွေ၊ မြန်မာ့ဆိုရှယ်လစ်အမှားတွေ၊
ပုဂ္ဂလိကမြေယာပိုင်ဆိုင်ခွင့်ရဲ့ အရေးပါမှုတွေကို သုံးသပ်ထားပါတယ်။
(၃)-
ပြီးခဲ့တဲ့ သုံးပတ်လောက်က ဦးမြင့်နိုင်က ကျွန်တော့်ဆီ ဖုန်းဆက်ပြီး
သူထုတ်တဲ့ စာအုပ်တစ်အုပ် လက်ဆောင်ပေးချင်လို့ဆိုပြီး ချိန်းပါတယ်။
ဦးအောင်မော်နဲ့ သူ ထိုင်တတ်တဲ့ ၃၇ လမ်းအောက် ရွှေဝယ်ထွန်း
လက်ဖက်ရည်ဆိုင်ကို ကျွန်တော် သွားပါတယ်။ ဆရာမုတ်သုံ လက်ရာနဲ့ စာအုပ်အနီလေး
ပေးပါတယ်။ ‘မောင်ဝင်းမောင်သန်း’ ဆိုသူရေးတဲ့ ‘ကျောင်းသားအရေးတော်ပုံ
၁၉၅၃-၅၄’ စာအုပ်ကို ပြန်ထုတ်တာပါ။ အမှာစာသစ်က ၇၁ မျက်နှာရှည်ပြီး၊
အသေချာဖတ်ဖို့ ဦးအောင်မော်က မှာပါတယ်။
ဦးဝင်းမောင်သန်း
ဆိုသူကလည်း သခင်စိုးရဲ့ တပည့်ရင်း၊ အသက် ၈၀ ရှိပြီး ပြင်ဦးလွင်မြို့မှာ
နေတယ်လို့ ရှင်းပြပါတယ်။ ဦးကိုယုတို့ ကျွန်တော့်အဖေတို့ရဲ့ မိတ်ဆွေလို့
သိရတယ်။ နောက် ဦးမြင့်နိုင်က ကျွန်တော်ဆီက သခင်စိုးရဲ့ အနှစ်ချုပ်ကျမ်း
ကိုလည်း ဦးဝင်းမောင်သန်း ဘာသာပြန်ပြီးပြီ မလုပ်နဲ့တော့လို့ ပြောတယ်။
အဲတော့မှ ကျွန်တော်လည်း ဆင်ခေါင်း ခွေးမချီနိုင်တဲ့ အလုံးကြီး ကျသွားတယ်။
ဦးဝင်းမောင်သန်း ဆိုသူဟာ မခေတဲ့လူကြီး ဖြစ်မယ်လို့ စိတ်ထဲ တွေးနေမိပါတယ်။
အိမ်ရောက်တဲ့အခါ ချက်ချင်းပဲ သူ့ရဲ့ ကျောင်းသားအရေးတော်ပုံ ၁၉၅၃-၅၄
စာအုပ်ကို ဖတ်လိုက်တယ်။ အမှာစာ ၇၁ မျက်နှာမှာတင် ၁၉၅၃-၅၄ ဗကသ၊ တကသ
ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ဦးဝင်းမောင်သန်း ကို
လေးစားသွားတယ်။ သူက သခင်စိုး မသေခင် ဘာတွေလုပ်သွားတယ်၊ သူရေးခဲ့တဲ့ကျမ်းက
ဘာကို ဆိုလိုတယ်၊ သခင်စိုးနဲ့ ဦးဝင်းမောင်သန်း ဆရာတပည့်နှစ်ဦး ဘယ်လို
တွဲလုပ်ခဲ့တယ်ဆိုတာတွေ ပြန်ရေးထားပါတယ်။ ဦးဝင်မောင်သန်း ရဲ့ အမှာစာသစ်
ခေါင်းစဉ်ကလည်း ထူးဆန်းတယ်။ ‘အရင်းရှင်ပါလီမန် ဒီမိုကရေစီကို
ဝန်ချတောင်းပန်လိုက်တဲ့ အမှာသစ်’ တဲ့။
(၄)-
သခင်စိုးကို
ဦးနေ၀င်းအစိုးရက တရားဝင်လွှတ်ကြောင်း ကြေငြာခြင်းမရှိဘဲ အင်းစိန်ထောင်ကနေ
လွှတ်လိုက်ပါတယ်။ နောက် သခင်စိုးရဲ့ ရှေ့နေ ဦးကိုယုကတစ်ဆင့်
ဦးဝင်းမောင်သန်းကို ခေါ်ခိုင်းတယ်။ ဒီလိုနဲ့ သခင်စိုးနဲ့ သူ့တပည့်
ဦးဝင်းမောင်သန်းတို့ ပထမဆုံးအကြီမ် လူချင်း စတွေ့ကြတယ်။ အရင်ကတော့
ယူဂျီသဘောနဲ့ စာအဆက်သွယ်တွေ ရှိကြတယ်။ တွေ့တဲ့နေရာက ရေကြည်အိုင်
ဗဟိုထောက်လှမ်းရေးတပ်ဝင်းထဲမှာ။ အဲဒီချိန် သခင်စိုးမှာ
နေစရာအိမ်မရှိသေးလို့ ရေကြည်အိုင်မှာပဲ ခဏ နေရာချထားပေးတာလို့
ဦးဝင်မောင်းသန်းက ဆိုပါတယ်။
တွေ့တဲ့အခါ သခင်စိုးက “ခင်ဗျား
မပြန်နဲ့တော့၊ ကျွန်တော့်တို့ အလုပ်စလုပ်ကြရအောင်” လို့ ကမ်းလှမ်းတယ်။
သခင်စိုး ကိုးကား ရေးသားဖို့ကို သက်ဆိုင်ရာက စာအုပ် ၇၀၀ လောက်
ရှာပေးထားတယ်။ သခင်စိုးက အင်းစိန်ထောင်မှာ ဆယ်နှစ်နေခဲ့ရပြီး၊
ဆယ်နှစ်လုံးလုံး အင်္ဂလိပ်ဘာသာတွေနဲ့ စာရေးခဲ့တယ်။ နိုင်ငံရပ်ခြားမှာပါ
ပြန့်စေဖို့အတွက် အင်္ဂလိပ်လို ရေးတာ။ သူရေးတဲ့ စာတွေ အားလုံးရဲ့ အနှစ်သာရက
အကြောင်းရာ နှစ်မျိုးထဲလို့ ဦးဝင်းမောင်သန်းက ပြောပါတယ်။
ပထမအကြောင်းက အရင်းရှင်စနစ်ကို မဖြတ်ကျော်ဘဲ ထူထောင်ကြတဲ့ ဆိုရှယ်လစ်စနစ်ဟာ
‘ပဒေသရာဇ် ဆိုရှယ်လစ်စနစ်’ သာဖြစ်တယ် ဆိုတဲ့အချက်ပါ။ မြန်မာ့ဆိုရှယ်လစ်၊
အာရပ်ဆိုရှယ်လစ်၊ အာရှအာဖရိက ဆိုရှယ်လစ်၊ တောင်အမေရိက ဆိုရှယ်လစ်၊
အားလုံးသောဆိုရှယ်လစ်တွေဟာ ပဒေသရာဇ် ဆိုရှယ်လစ် ပါပဲတဲ့။ အဲဒီ ပဒေသရာဇ်
ဆိုရှယ်လစ်ကို လက်တွေ့ အနီးဆုံး ထူထောင်ပြနေသူကတော့ ဗိုလ်နေ၀င်း လို့
သခင်စိုးက ပြောပါတယ်။ ဗိုလ်နေ၀င်းဟာ ပဒေသရာဇ် ဆိုရှယ်လစ်
ဒိသာပါမောက္ခကြီးလို့ သခင်စိုးက နောက်ပြောင်ပြောပါတယ်။
‘မက်စ်နဲ့
အိန်ဂျယ် တို့က အစွမ်းကုန်ဖွံ့ဖြိုးပြီးတဲ့ အရင်းစနစ်ကို
ဖြတ်သန်းတည်ဆောက်မှသာ လုပ်သူကို လုပ်နိုင်သလောက် ပြန်ဖြန့်ဝေပေးနိုင်မယ့်
ဆိုရှယ်လစ်စနစ် ဖြစ်လာနိုင်တယ်။ လုပ်သူကို လုပ်နိုင်သလောက်
ပြန်မပေးနိုင်တဲ့ ဆိုရှယ်လစ်စနစ်ဟာ အားလုံးပြိုလဲလိမ့်မယ်’ လို့ ယူဆကြောင်း
သခင်စိုးက ပြောပါတယ်။ ဒါကြောင့်လည်း ဦးနေ၀င်းခေတ် ဥပဒေတွင်း ၀င်လာတဲ့
သခင်စိုးဟာ နိုင်ငံရေး သဘောတရားရေးအရ ပဒေသရာဇ် ဆိုရှယ်လစ်စနစ်ကို တသမတ်တည်း
ဆန့်ကျင်ဝေဖန်ပြီး၊ အရင်းရှင်စနစ်ကို ဖြတ်သန်းကြရမယ်ဆိုပြီး
ဇောက်ချရေးသားလာခဲ့တယ်။ အရင်းရှင်စနစ်မဟုတ်တဲ့ လမ်းကြောင်းကနေ
ဆိုရှယ်လစ်စနစ်ကို သွားရင်၊ တစ်သွေးတစ်သံတစ်မိန့် ပဒေသရာဇ်
ဆိုရှယ်လစ်စနစ်ဆိုး ပဲ အဖတ်တင်ကျန်မယ်လို့ သခင်စိုးက သုံးသပ်ပါတယ်။
ဒုတိယအကြောင်းက ကမ္ဘာ့ဒုတိယ စီးပွားရေး အကျပ်အတည်းကြီးအကြောင်းပါ။ ၁၉၇၄
ရေနံသပိတ်ကြောင့် ရေနံဈေးတွေ ခုန်တက်၊ ငွေကြေးဖောင်းပွ၊
အလုပ်လက်မဲ့နှုန်းမြင့်တက်၊ လုပ်ငန်းတွေ ရပ်တန့် စတဲ့ အကျပ်အတည်းကို ဘယ်လို
ဖြေရှင်းမလဲ ဆိုတာပါ။ ဒါကြောင့် စာအုပ်နာမည်ကိုက
‘ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ဖြေဖြတ်ရေးစံကျမ်း’ လို့ မြန်မာပြန်နိုင်ပါတယ်။
ပဒေသရာဇ်ဆိုရှယ်လစ်စနစ်ကနေ မလွှဲမသွေ အရင်းရှင်ပါလီမန်ကို ဖြတ်ကြရမှာက
ရာဇ၀င်လမ်းကြောင်းမှန် ဖြစ်တယ်ဆိုတဲ့ သခင်စိုး ရေးတဲ့ မိတ္တူစာမူတွေကို
တပည့်ဦးဝင်းမောင်သန်းက တည်မြဲ ဖဆပလဥက္ကဋ္ဌကြီး ဦးဗဆွေနဲ့ ဒုတိယခေါင်းဆောင်
ဦးကျော်ငြိမ်းတို့ကို သွားပေးပါတယ်။ အဲဒီမှာ ဦးဗဆွေက “မင်းတို့ ဆရာကြီး
သခင်စိုး နိုင်ငံရေးလုပ်ဖို့ သန်လျင်ကနေ ငါတို့ သွားခေါ်ခဲ့ကြတာပါကွာ” လို့
လေးစားမှုနဲ့ ပြောပါတယ်။ အဲဒီချိန်က ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်းကလည်း
မင်းမနိုင်တိုက်ခန်းမှာ ရှိနေတဲ့ သခင်စိုးဆီ မကြာခဏ ၀င်ထွက်နေပါတယ်။
ဦးကျော်ငြိမ်းက “အလံနီတွေဟာ စွန့်စရာရှိ သိပ်စွန့်၊ လမ်းကြောင်းသစ်
ထွင်စရာရှိ အန္တရာယ်ကြားကထွင်။ ပြီးတော့ သူတို့က မကောက်ကျစ်တတ်ဘူး။
အလံနီတွေနဲ့ တွဲလုပ်စရာ ရှိရင် ကျူပ်လုပ်နိုင်တယ်” လို့ ဦးဝင်မောင်းသန်း
တို့ကို ပြောလိုက်ပါတယ်။ ဦးနုဆီကိုတော့ သခင်စိုးကိုယ်တိုင် သူ့အယူဆနဲ့
စာအုပ်အကြောင်းကို သွားရှင်းလင်းပြပါတယ်။ သခင်စိုး စာအုပ်ထုတ်ဝေခွင့်
မရတာကို စိတ်မကောင်းဖြစ်ကြောင်း ဦးနုက သခင်စိုးကို ပြန်ပြောပါတယ်။
ဦးသိန်းဖေမြင့် အိမ်ကိုလည်း သခင်စိုးနဲ့ ဦးဝင်မောင်သန်းတို့ သွားကြပြီး၊
ဦးသိန်းဖေမြင့် ဇနီး ဒေါ်ခင်ကြည်ကြည်က ဖျော်ရည်နဲ့ ဧည့်ခံပါတယ်။ သခင်စိုးက
“ကျွန်တော် ထောင်ထဲ ၁၀ နှစ်လုံးလုံး ကိုသိန်းဖေ ဘာလုပ်၊ ဘယ်သွား၊ ဘာရေးနေ
ဆိုတာတွေ အမီလိုက် လေ့လာနေခဲ့တယ်။ ထောင်ကလွတ်ရင် သူနဲ့တွဲပြီး အလုပ်တွေ
အများကြီးလုပ်နိုင်မှာပါ။ သူဆုံးပြီး ကြားရတော့ ကျွန်တော့် ညာဘက်လက်
ပြုတ်ထွက်သွားသလို ခံစားခဲ့ရတယ်” လို့ ပြောရင်း သူရေးတဲ့ စာအုပ်ကိစ္စ
ရှင်းပြတယ်။
“ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုသန်းထွန်းတို့က
ယေဘုယျမှန်ခဲ့ကြပြီး၊ ကျွန်တော်က ယေဘုယျ မှားခဲ့ပါတယ်။ ကျွန်တော့်
အမှားရဲ့ဒဏ် သူတို့ အခံခဲ့ကြရဆုံးပါ။ ဒီသုံးယောက်ကိုကျွန်တော်
တောင်းပါချင်တယ်။ သူတို့ မရှိကြတော့လို့ ဇနီးတွေကို တောင်းပန်ဖို့ပါ။
ဒါကြောင့် အခုကိုယ်တိုင်လာပြီး ဒေါ်ခင်ကြည်ကြည်ကို ကျွန်တော် တောင်းပန်တာပါ”
လို့ သခင်စိုးက ၀မ်းပန်း တနည်း ပြောရင်း မျက်လုံးတွေ မျက်ရည်စ စို့နေတယ်။
ဒေါ်ခင်ကြည်ကြည်က ဏ္ဍနြေ္ဒဆည်ပြီး ဖြည်းဖြည်းချင်း “ဆရာကြီး၊ ကျွန်မဖြင့်
ကြားရတာ မယုံနိုင်စရာပါ။ အခု သူသာရှိရင် ဘယ်လောက် ၀မ်းသာလိုက်မလဲ။
အချောင်သမားဆိုပြီး ၀ိုင်းတိုက်လိုက်ကြတာ ကိုသိန်းဖေ တစ်သက်လုံး
ခံသွားခဲ့ရပါတယ်။ မသေခင် ဆောင်းပါးရေးခွင့်တွေ ပိတ်ခံရ၊ ကျွန်မတို့
အနှီမ်ခံခဲ့ကြရလို့ သူစိတ်ဆင်းရဲ သေသွားရတာပါ” လို့ ပြန်ပြောပါတယ်။
သခင်စိုး ပြောတဲ့ စကားတွေကို တပည့် ဦးဝင်မောင်သန်းက အပြန်လမ်းမှာ
စဉ်းစားပါတယ်။ ပုဂ္ဂိုလ်ကျော်သုံးဦးက ယေဘုယျ မှန်ခဲ့ပြီး သူက
ယေဘုယျမှားခဲ့တယ်ဆိုတာ သခင်စိုး ဘယ်အကြောင်းရာကို ရည်ညွှန်းတာလဲ။
ယေဘုယျမှန်တယ်၊ ယေဘုယျ မှားတယ်ဆိုတာ ဘယ်အကြောင်းရာကို
ခြွင်းချက်ထားပြောတာလဲ။ ဦးဝင်းမောင်သန်းက စဉ်းစားပြီး
ပြန်သုံးသပ်ထားပါတယ်။
အတိအကျဆိုရရင် သခင်စိုးဟာ
‘တိုင်းပြည်လွတ်လပ်ရေး ရယူရေး၊ အရင်းရှင်ပါလီမန်စနစ် ထူထောင်ရေး’ ဆိုတဲ့
အရေးတော်ကြီး နှစ်ဆင့်အပေါ် အမြင်ပြောင်းသွားတာပါ။ ဒုတိယကမ္ဘာစစ်ကြိုနဲ့
စစ်ပြီး ပြည်တွင်းစစ်ကြီး တိုက်နေချိန်ထိ သခင်စိုးဟာ လီနင်၊ စတာလင်၊
မော်စီတုံး တို့ ဖွင့်ဆိုကျင့်သုံးခဲ့တဲ့ မက်စ်ဝါဒကို ယူခဲ့တာပါ။
ရာဇ၀င်လမ်းကြောင်းမှားရဲ့ ဒဏ်ရာဒဏ်ချက်တွေကို အသည်းအသန်
ခံစားလာရချိန်မှာတော့ မက်စ်နဲ့ အိန်ဂျယ်တို့ရဲ့ မူရင်း မက်စ်ဝါဒကို
လက်ခံလာတော့တယ်။ မူရင်း မက်စ်ဝါဒမှာက ရာဇ၀င်လှုပ်ရှားပုံ အစဉ်သုံးရပ်ရယ်၊
အရင်းရှင်စနစ်ရဲ့ အပြုသဘောရယ်တို့ကို အလေးအနက် တင်ပြထားတယ်လို့ ဆိုပါတယ်။
အဲဒီအမြင်ပြောင်းလဲမှုကြောင့် သခင်စိုးက ဗိုလ်ချုပ်အောင်ဆန်း၊
သခင်သန်းထွန်းနဲ့ သိန်းဖေမြင့်တို့အပေါ် သဘောထားပါ ပြောင်းသွားပါတယ်။
ဦးသိန်းဖေမြင့်နဲ့ သခင်သန်းထွန်းတို့ အင်္ဂလိပ်နဲ့ စေ့စပ်၊ လွတ်လပ်ရေးကို
ငြိမ်းချမ်းတဲ့နည်းနဲ့ ရယူရေး လုပ်ငန်းစဉ်ကို ကျင့်သုံးတာကို ‘သပိတ်စုံ
သူပုန်ထ’ လမ်းစဉ်ထူပြီး သခင်စိုးက ပြည်တွင်းစစ်မီးကို စတင်မွှေးခဲ့တယ်။
လက်နက်ကိုင်တိုက်ပွဲကို ရခိုင်ပြည်နယ်မှာ ပြည်မထက်စော တိုက်ခဲ့တယ်။
ဒီနောက်မှ ဗကပက ပြည်တွင်းစစ်တိုက်ရေး လမ်းစဉ်နောက် လိုက်ခဲ့တယ်။
နောက်တော့ သခင်စိုးက သူ့အမှားတွေ သိလာတယ်။ မြန်မာနဲ့
ကမ္ဘာ့တခြားခေတ်နောက်ကျတဲ့ နိုင်ငံတွေမှာပါ မြေရှင် ပဒေသရာဇ် ခေတ်ဟောင်းကြီး
ပြန်ဝင်နေတဲ့ ဖြစ်ရပ်ဆိုးကြီးက ထုထောင်းသင်ပေးလိုက်လို့ သခင်စိုးမှာ
အမြင်သစ် သဘောထားသစ်တွေ ၀င်လာတယ်။ ဒါနဲ့ သူက ‘လက်နက်ကိုင်တော်လှန်ရေးဟာ
အောင်မြင်နိုင်ကြပါတယ်၊ ဒီအောင်ပွဲထက် ရာဇ၀င်လမ်းကြောင်းမှန်ပေါ်
လျှောက်နိုင်ရေးက ပိုလို့အရေးကြီးပါတယ်’ လို့ ဆိုပါတယ်။
သခင်စိုးက
ယေဘုယျမှားတယ်လို့ ဆိုတော့ ခြွင်းချက်အဖြစ် မှန်ခဲ့တာလည်း ရှိပါတယ်။
ပထမခြွင်းချက်က သခင်စိုးက ဂျပန်မရောက်ခင် ကထဲက ‘အင်းစိန်စစ်တမ်း’
‘မြင်းခြံစစ်တမ်း’ တို့နဲ့ သဘောထားဖြန့်ချီပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ်
ဖက်ဆစ်တော်လှန်ရေး စစ်တမ်းတွေရေးပြီး ဖက်ဆစ်ကို ဆန့်ကျင်ခဲ့တယ်။
ဒုတိယခြွင်းချက်ကတော့ တစ်ပါတီ၊ တစ်စစ်တပ်၊ တစ်ဦးတည်းသော ပုဂ္ဂိုလ်တို့ရဲ့
အာဏာသိမ်းပွဲတွေကို သူက တသမတ်တည်း ဆန့်ကျင်လာခဲ့တယ်။ တတိယခြွင်းချက် ကတော့
မြန်မာ့ဆိုရှယ်လစ်၊ အာရပ် ဆိုရှယ်လစ်၊ တရုတ် ဆိုဗီယက် ဆိုရှယ်လစ် အားလုံးဟာ
ပဒေသရာဇ် ဆိုရှယ်လစ်တွေ ချည်းပဲလို့ ယူဆလာပြီး သဘောတရားနဲ့
ဆန့်ကျင်လာခြင်းပါ။
နောက် သူက မက်စ်ဝါဒအမြင်ရဆိုရင် အာဏာသိမ်းတဲ့
နိုင်ငံရေးပြဿနာကို အပေါ်ယံနိုင်ငံရေးမှာ အဖြေရှာလို့ မရဘူး။
အခြေခံစီးပွားရေးမှာ ရှာမှ အဖြေမှန်ရနိုင်မယ်လို့ ယူဆထားပါတယ်။ ဒါကြောင့်
ခေတ်နောက်ကျ တိမ်ကောလာတဲ့ မြေယာ ပဒေသရာဇ် လူ့ဆက်ဆံရေးဟောင်းဟာ
တစ်ခေါင်းဆောင်၊ တစ်အုပ်စု၊ တစ်ပါတီ၊ တစ်စစ်တပ် အာဏာသိမ်းအသွင်နဲ့
ခေတ်နောက်ကျ မြေယာစိုက်ပျိုးရေး လူ့အဖွဲ့အစည်းတွေမှာ ပြန်ပေါ်ပေါက်လာမှာ
ဓမ္မတာပဲလို့ ပြောပါတယ်။
အရှေ့တိုင်း ရာဇ၀င်ဟာ နှစ်ငါးထောင်လောက်
ရပ်တန့်နေခဲ့တယ်။ ကုန်ထုတ်နည်းနာနဲ့ ကုန်လုပ်စွမ်းအားမှာ ဆန်းသစ်တီထွင်
တာတွေ မရှိခဲ့ဘူး။ အရှေ့တိုင်းလူ့အဖွဲ့အစည်းရဲ့ စီးပွားရေးဖွဲ့စည်းပုံမှာ
အာဏာရှင်တွေရဲ့ နိုင်ငံတော်မြေယာပစ္စည်းသာ ရှိခဲ့ပြီး၊ ပုဂ္ဂလိကလွတ်လပ်ခွင့်
မရှိခဲ့ဘူး။ အရှေ့တိုင်းမှာ သွေးထွက်သံယို ပဋိပက္ခတွေသာ ရှိခဲ့ပြီး
ရာဇ၀င်တက်လှမ်းစေမယ့် တော်လှန်ရေးတွေ မဖြစ်ပေါ်ခဲ့ဘူး။ ဒီတော့
အရှေ့တိုင်းလိုအပ်ချက်ဟာ ပုဂ္ဂလိက မြေယာပစ္စည်းပိုင်ဆိုင်ခွင့်သာ ဖြစ်တယ်လို့
သခင်စိုးက ကြည့်မြင်ပါတယ်။
နောက် သခင်စိုးနဲ့ အလံနီတွေ ပြောကြတဲ့
ဥပမာတစ်ခုရှိတယ်။ ဥရောပ နှိပ်ကွပ်တဲ့ အန္တရာယ်ကနေ လွတ်မြောက်အောင်
ကားလ်မက်စ်က မိတ်ဆွေရင်း အိန်ဂျယ် ရှိရာ ဗြိတိန်ကို ထွက်ပြေးခဲ့ပါတယ်။
မက်စ်က ဗြိတိသျှပါလီမန် စာကြည့်တိုက်မှာ ဆယ်နှစ်လေ့လာပြီး အရင်းကျမ်း
ပြုစုခဲ့တယ်။ ဗြိတိန်က နေထို်င်ခွင့်ပေးရုံမက မက်စ်ဝါဒကိုပါ
တိုးချဲ့ဆောင်ရွက်ခွင့် ပေးထားတယ်။ ဒါကြောင့် ‘ဗြိတိသျှ
ဓနရှင်စနစ်သာမရှိရင် မက်စ်ဝါဒကိုတောင် အမွေခံရမှာ မဟုတ်ဘူး’ လို့
ဆိုကြပါတယ်။
သခင်စိုးက ကွန်မြူနစ်ကြေညာစာတမ်း၊ အရင်းကျမ်းအတွဲ ၃
မြေငှားခ သဘောတရားအခန်း၊ ပြင်သစ်ပြည်တွင်းစစ်၊ တတိယ နပိုလီယံ အာဏာသိမ်းပွဲ
စတဲ့ စာအုပ်စာတမ်းတွေကို ကိုးကားပြီး တောတွင်းမှာလည်း စာတမ်းနှစ်စောင်
ရေးခဲ့ပါတယ်။ နောက် မြန်မာနဲ့ ကမ္ဘာမှာ အာဏာသိမ်းပွဲတွေ
ဘာကြောင့်ဖြစ်ပေါ်ရသလဲ ဆိုတာကို အဲဒီဆောင်းပါးနှစ်စောင်နဲ့ ရှင်းပြခဲ့တယ်။
သူ့ဘ၀၊ သူ့အရှက်၊ သူ့ဂုဏ်သိက္ခာတို့ကို စွန့်လွှတ်ပြီး ဥပဒေဘောင်တွင်း
ဝင်လာခဲ့တာ အဲဒီအမြင်သစ်တွေကို တင်ပြဖို့လို့ ပြောပါတယ်။
အလံနီကွန်မြူနစ်ပါတီဟာ ရေရှည်ပြည်တွင်းစစ်ကို တိုက်ခဲ့တယ်။ ဒါဟာ ဖဆပလ
အစိုးရရဲ့ အရင်းရှင်ပါလီမန်စနစ်ကို ဆန့်ကျင်တိုက်ခဲ့တာ။ ဒီတော့
ခါးသီးနာကြည်းစရာတွေ ဖြစ်ခဲ့တယ်။ နောက် မဆလလမ်းစဉ်ပါတီအစိုးရရဲ့ ပဒေသရာဇ်
ထုံးစဉ်လာကို အလံနီက ပဒေသရာဇ်ထုံးစဉ်လာနဲ့ပဲ ပြန်တိုက်ခဲ့တယ်။ မအောင်မြင်ဘဲ
အလံနီကွန်မြူနစ်ပါတီ စစ်ရှုံးပါတီဘ၀ ရောက်ခဲ့ရတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီကို ကြည့်ရင်လည်း ၆၄ လမ်းစဉ်ကို ချမှတ်ခဲ့တယ်။
စစ်နိုင်ရေး အာဏာသိမ်းရေးလမ်းစဉ်တွေပါ။ အာဏာနီထူထောင်ဖို့
နေ၀င်းဒေါက်တိုင်တွေ ဖြုတ်ပစ်ရမယ်ဆိုပြီး ရပ်ရွာလူကြီးတော်တော်များများကို
သေဒဏ်ပေး ရှင်းခဲ့တယ်။ ပါတီတွင်း မော်စီတုံး အတွေးအခေါ်
တရုတ်မဟာယဉ်ကျေးမှုပုံစံတူ ဘ၀ဟစ်တိုင် လှုပ်ရှားမှုနဲ့ အထူးပါတီဝင်
သိမ်းပွဲတွေ စတင်ခဲ့တယ်။ ဒါတွေရဲ့ အထွတ်အထိပ်အဖြစ် ဖြုတ်ထုတ်သတ်ပွဲတွေ
လုပ်ခဲ့တယ်။ မဆလ လမ်းစဉ်ပါတီရဲ့ ပဒေသရာဇ် ထုံးတမ်းစဉ်လာကို ဗကပက ပိုပြီး
ကြမ်းတမ်းခက်တရော်တဲ့ ပဒေသရာဇ်ထုံးစဉ်လာနဲ့ ပြန်တိုက်ခဲ့တယ်။
အကျိုးဆက်ကတော့ ရှုံးနိမ့်မှုပါပဲ။
ဒါကြောင့် သခင်စိုးက
မြေရှင်ပဒေသရာဇ် ခေတ်ဟောင်း ထုံးစဉ်လာကို အရင်းရှင်ထုံးစဉ်လာသစ်နဲ့သာ
တိုက်လို့ရမယ်လို့ အမြင်သစ်နဲ့ တင်ပြဖို့ ကြိုးစားလာခဲ့တယ်။
အာဏာရလမ်းစဉ်ပါတီရဲ့ ပဒေသရာဇ် ထုံးစဉ်လာဟောင်းကို အရင်းရှင် ပါလီမန်
ဒီမိုကရေစီ ထုံးစဉ်လာသစ်နဲ့သာ တိုက်ခိုက်နိုင်တယ်လို့ ယူဆပါတယ်။ အလံနီဟာ
စစ်ရှုံးပေမဲ့ သဘောတရားရေး လမ်းမှန် ရောက်ဖို့ သခင်စိုးက ဒီကျမ်းတွေ
ရေးခဲ့တာဖြစ်တယ်လို့ ဦးဝင်းမောင်သန်းက သူ့အမှာစာမှာ တင်ပြထားပါတယ်။
ဒါကြောင့် ၁၉၅၃- ၅၄ ဗကသနဲ့ တကသ ကျောင်းသားဟောင်း ဦးဝင်မောင်သန်းရဲ့
ဒုတိယအကြိမ်ထုတ် စာအုပ်က ကျောင်းသား လှုပ်ရှားမှုသမိုင်း လေ့လာသူများအတွက်
အားကိုးအားထားပြုစရာ အချက်အလက်များစွာ ရရှိမှာဖြစ်သလို၊ ၇၁ မျက်နှာပါ
အမှာစာသစ်ကလည်း သူ့ဆရာ သခင်စိုး အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့
ကျမ်းသုံးတွဲအကြောင်း မိတ်ဆက်ပေး ထားတာ ဖြစ်ပါတယ်။ (၅)-
ပြီးခဲ့တဲ့
ရက်ပိုင်းက ပြင်ဦးလွင်က ဆင်းလာတဲ့ ဆရာဦးဝင်မောင်သန်းကို
သမိုင်းလမ်းဆုံဘက်မှာ ဦးအောင်မော်၊ ဦးမြင့်နိုင်၊ ဦးတင့်ဇော် တို့
အုပ်စုနဲ့ လိုက်ပြီး သွားတွေ့ပါတယ်။ အသက် ၈၀ ဆိုပေမဲ့ ပိန်ပိန်ပါးပါးနဲ့
ကျန်းမာရေး အလွန်ကောင်းပါတယ်။ အနေအထိုင် အတော် ဂရုစိုက်ပုံပါ။
သူဘာသာပြန်ထားတဲ့ သခင်စိုးရဲ့ ကျမ်းအနှစ်ချုပ် လက်ရေးမူတွေကိုလည်း
တွေ့ရပါတယ်။ ကျွန်တော်တို့ လုပ်ဖို့ မလွယ်တဲ့ဟာပါ။
စာအုပ်အမြန်ထုတ်သင့်ကြောင်း၊ အင်္ဂလိပ်လိုပါ တွဲသင့်ကြောင်း
ဝိုင်းဝန်းပြောမိပါတယ်။ နောက် ကျမ်းရင်းသုံးတွဲကိုလည်း ပညာရှင်တွေ၊
နိုင်ငံရေး စီးပွားရေး တက္ကသိုလ်ကျောင်းသားတွေ လေ့လာနိုင်ဖို့အတွက်
အင်္ဂလိပ်လို ထုတ်သင့်ကြောင်း တိုက်တွန်းမိပါတယ်။ နောက် ဦးဝင်းမောင်သန်းက
သခင်စိုး လုပ်ကိုင်ခဲ့ပုံတွေနဲ့ အယူအဆပြောင်းလဲခဲ့ပုံတွေ ကျွန်တော်တို့ကို
အချိန်အတော်ကြာ ရှင်းပြပါတယ်။
ကျွန်တော်ကတော့ အလံနီလည်း မဟုတ်၊
ကွန်မြူနစ်လည်းမဟုတ်ပါ။ ကွယ်လွန်သူ ဖခင်ရဲ့ မိတ်ဆွေ နိုင်ငံရေးသမား၊
စာပေသမားတွေကို လေးစားကြည်ညိုမိခြင်းမျှပါ။ အရင်းရှင်ပါလီမန်စနစ်ကို
တိုက်ခဲ့တာ မှားခဲ့ကြောင်း ၀န်ချရေးသားတဲ့ သခင်စိုးနဲ့ သူ့လူတွေကို
စာပေ၀ါသနာပါသူ တစ်ယောက်အနေနဲ့ ကျွန်တော် သင်ခန်းစာ အများကြီး ယူနေမိတာပါ။
ဦးဝင်းမောင်သန်းရဲ့ ‘ကျောင်းသား အရေးတော်ပုံ ၁၉၅၃-၅၄’ စာအုပ်ကနေ
စဉ်းစားစရာတွေ အများကြီး ရပါတယ်။
အမှာစာဖတ်ပြီးနောက် သခင်စိုးရဲ့
အရင်းရှင် ပါလီမန် ထူထောင် လျှောက်လှမ်းပြီးမှ
ဆိုရှယ်လစ်စနစ်သွားလို့ရမယ်ဆိုတဲ့ အယူအဆက၊ လက်ရှိ စီးပွားရေးအကျပ်အတည်း
ကြုံနေတဲ့ အနောက်နိုင်ငံတွေမှာ အရင်းရှင်စနစ် ဇက်ရှိန်သတ်ဖို့ နိုဘယ်ဆုရ
စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ခ်လစ်တို့ ဆော်ဩတာတွေနဲ့ တူနေသလားလို့လည်း
ဆက်စပ်တွေးမိတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ အနောက် အရင်းရှင်စနစ်
အကျပ်အတည်းကြုံရပြီးနောက် ဈေးကွက်ထဲ အစိုးရ ပုံစံသစ်နဲ့ ၀င်ထိန်းညှိရမယ့်
အခန်းကဏ္ဍသစ်တွေအကြောင်း ပြန်ပြောလာကြတယ်။
ဒါကြောင့် သခင်စိုးရဲ့
‘ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဖြေဖြတ်ရေး စံကျမ်း’ မှာပြောတဲ့
ဆိုရှယ်လစ်သွားဖို့ အရင်းရှင်လမ်း အရင်လျှောက်ဆိုတာက စတစ်ခ်လစ်တို့ရဲ့
လက်ရှိ အရင်းရှင်စနစ် ထိန်းညှိရေးနဲ့ တူနေသလားလို့။ အရင်းရှင်စနစ်
ထူထောင်ပြီးတဲ့ အနောက်နိုင်ငံတွေ အခု ဆိုရှယ်လစ်လမ်းသစ်မျိုးကို
ပြောလာတာမို့ သခင်စိုးကြီးကို တအံတဩ ဖြစ်မိတယ်။
ဒါ့ထက်
နိုင်ငံရေးသမားတစ်ဦးကို သူဖြတ်သန်းခဲ့တဲ့ အမှားအချို့ကြောင့်၊
သူ့အယူအဆအပေါ် လက်မခံနိုင်တာကြောင့် အင်္ဂလိပ်ဘာသာနဲ့ သူရေးထားတဲ့ စီးပွားရေး
နိုင်ငံရေး ကျမ်းတစ်ခုကို ပြည်တွင်းပြည်ပ ကျယ်ကျယ်ပြန့်ပြန့်
မဖတ်နိုင်အောင် နှစ်ပေါင်း ၄၀ လောက် ပိတ်ပင်ထားတဲ့ တိုင်းပြည်ကိုလည်း
ပိုမို အံဩရပါတယ်။
-ရဲမြင့်ကျော်
မူရင်း-- (မဇ္ဈိမသတင်းစာ )
ကွန်မြူနစ်ကြောက်တဲ့
အမေရိကကို အရောက်လာချင်တဲ့ မြန်မာကွန်မြူနစ် ၀ဲကြောင်တချို့ ဟာ
အမေရိကမြေကို ခြေမချခင် သံရုံးအင်တာဗျူးတွေမှာ ကွန်မြူနစ်ပါတီဝင်
ဟုတ်မဟုတ်.. အဲ့ဒီဝါဒကို သက်ဝင်ယုံကြည်သူ ဟုတ်မဟုတ် ညာဘက်လက်မြှောက်
ကျမ်းကျိန်ရမယ် ဆိုတာနဲ့  မိမိယုံကြည်ရာဝါဒကို
သံမှုးရှေ့ မှာ ခ၀ါချရတယ်။အမေရိကမှာ တနှစ်ပြည့်ပြီးရင် အများသူငါ
ဂရင်းကဒ်လျှောက်ချိန်မှာလည်း ဂရင်းကဒ်လျှာက်လွှာမှာ ကွန်မြူနစ်ဝါဒကို
မယုံကြည်ကြောင်း၊ပါတီဝင်မဟုတ်ခဲ့ကြောင်း စာရွက်ပေါ်မှာ
ခ၀ါချရပြန်တယ်။၅နှစ်ပြည့်ပြီးလို့  အများသူငါ
အမေရိကန်စီတဇင်လျှောက်ချိန်မှာလည်း လျှောက်လွှာမှာ ကွန်မြူနစ်ဝါဒကို
မယုံကြည်ကြောင်း၊ပါတီဝင်မဟုတ်ခဲ့ကြောင်း စာရွက်ပေါ်မှာ ခ၀ါချရပြန်တဲ့အပြင်
စီတဇင်ဖြစ်ခွင့် အင်တာဗျူးချိန် အင်မီဂရေးရှင်း အရာရှိရှေ့ မှာ
ကွန်မြူနစ်ဝါဒကို မယုံကြည်ကြောင်း၊ပါတီဝင်မဟုတ်ခဲ့ကြောင်း ညာဘက်လက်မြျှောက်
ကျမ်းကျိန်ရင်း မိမိနှုတ်က ကိုယ်တိုင်ဖွင့်ဟ ခ၀ါချရပြန်တယ်။(အဲဒါတွေ
ဖြတ်သန်းလွန်မြောက်လို့  အမေရိကန် စီတဇင် ဖြစ်သွားပြီ ဆိုတော့မှ အဲဒီ
မြန်မာကွန်မြူနစ်ကြောင် ၀ဲကြောင်တွေဟာ ရောက်တဲ့ပြည်နယ် ရောက်တဲ့နိုင်ငံမှာ
ရဲရဲတောက် နီပြပါတော့တယ်။လေလှိုင်းပေါ်မှာ -စကားဝိုင်းတွေမှာ -ရုပ်သံ
လိုင်းတွေမှာ ရဲရဲတောက်နီပြပါတော့တယ်။အပြောအဆိုတင် နီတာမဟုတ်တော့ဘဲ
အ၀တ်အစားတွေပါ ချက်ချင်းကြီးပြောင်းလဲကာ
တကယ့်ကွန်မြူနစ်တော်လှန်ရေးသမားကြီးများပုံကို အတုခိုးကာ ၀တ်စားဆင်ယင်
နေထိုင်ကြလို့  မိမိခ၀ါချခဲ့တာတွေကို မျက်နှာပြောင်တိုက်
မေ့ပစ်ကြပြန်ပါတယ် ။ ။အော်..လောက လောက ..အတုတထောင် -အယောင်တသိန်း- အပလိန်း
တသန်း..စုံလုံးကန်းနေတဲ့ လောကကြီးပါ တကားလို့  ပြည်ပရောက်
မြန်မာဝဲကြောင်တို့ ကို မြင်လို့ သံဝေဂရမိပါတယ်
။(အိုးဝေအောင်-အမေရိက-၈လပိုင်း၂၁။၂၀၁၃)
No comments:
Post a Comment