( Daw Myint Myint Aye)
(Daw Naw Ohn Hla, photo - Asian Fame Media Group)
ယုံချင်ပါသော်လည်း...ယုံလို့ မရပါ
နီနီမာ၊ အောက်တိုဘာ ၆၊ ၂၀၁၃
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်။ ခွင့်မတောင်းဘဲ ဖော်ပြတာ ခွင့်လွှတ်ပါ)
စိတ်ထဲမှာ ခုတလော ပေါင်းတည်ထောင်ထဲက အမျိုးသမီး အချုပ်ဆောင်ကလေးကို
သတိရမိတယ်..။ အဲဒီ အချုပ်ဆောင်လေးထဲမှာ . တနိုင်ငံလုံးက လယ်ယာမြေ
မတရားသိမ်းခံရတဲ့  လယ်သမားတွေကို လိုက်ကူညီနေတဲ့  မိတ္ထီလာက
ဒေါ်မြင့်မြင့်အေး တို့ ရှိနေတယ်..။သူက..ဟိုး မိတ္တီလာကနေ ..လာပြီး
နတ္တလင်းနယ်က အဖိနှိပ်ခံ လယ်သိမ်းခံ လယ်သမားတွေကို ကူညီမှုကြောင့်
ပုဒ်မတွေ ရှာကြံတပ်ခံရပြီး...အချုပ်ကျ အမှု ရင်ဆိုင်နေရ တယ်..။
ဒေါ်မြင့်မြင့်အေး ဒေါ်နော်အုန်းလှ တို့  အပါအ၀င် ပုဒ်မ (၁၈)၊ပုဒ်မ
(၅၀၅)တို့လို နံမယ်ဆိုးနဲ့  ကျော်ကြားနေတဲ့  ပုဒ်မတွေနဲ့  ဖမ်းဆီး
ချုပ်နှောင် တရားစွဲ အပြစ်ချ ခံနေရသူတွေဟာ ...တိုင်းပြည်ကို ဒီမိုကရေစီ
နိုင်ငံအဖြစ် တည်ဆောက်နေပါတယ်..ဆိုတဲ့  သူတွေကို ဘယ်လောက် ဒီမိုကရေစီ
စံနှုန်းတွေ နဲ့  ညီနေပြီလဲ လို့  တိုင်းတာပြနေတဲ့  ..အညွှန်းပြ
ပုဂိုလ်တွေပါပဲ..။
ဒေါ်မြင့်မြင့်အေးတို့ ကိုယ့်မြို့ က ပေါင်းတည် ထောင်မှာ နယ်ဝေးက လာပြီး အချုပ်အနှောင် ခံနေရတာကို ကျမ ဘာမှ အကူအညီ မပေးနိုင်တာကို စိတ်မကောင်းဘူး..။သူ့ကို မမြင်ဘူး..မသိဘူးပေမဲ့ ...လာမဲ့ ဆောင်းဦးပေါက်မှာ အကာအရံ မလုံခြုံတဲ့  (အကျဉ်းထောင်တွေ သဘာဝ အရ..သစ်သားပြားကြီးတွေသာ ကာထားရလို့ )အချုပ်ဆောင်ထဲမှာ လေဖြတ်ထားဖူးတဲ့  ဒေါ်မြင့်မြင့်အေး ဘယ်လို နေရမယ် ဆိုတာကို တွေးကြည့်ရင်း...ကိုယ်ရောက်ခဲ့ ဖူးတဲ့  ပေါင်းတည် အမျိုးသမီး အချုပ်ဆောင်ကလေးကို စိတ်မျက်စိထဲမှာ ပြန်မြင်လာတယ်..။
++++ +++++ +++++
ထောင်ဗူးဝ ကနေ.. အ၀င်..။အတွင်း သံတိုင်တပ် တံခါး နား အရောက်မှာ .ထောင်ဝန်ထမ်းတဦးက...ဦးမောင်မောင်ဦး တိုက်ထဲပို့ .. ဆိုတဲ့  အသံခပ်မာမာ ထွက်လာတယ်....။အိမ်က ဦးလေးနဲ့  ညီမလေး မယု..။မိတ်ဆွေများ..သူတို့က သံတခါးရဲ့  ဟိုဖက်မှာ..။ဂျိုင်းခနဲ သံတံခါး ပိတ်သံ..။ဟိုး အတွင်းဘက်အိပ်ဆောင်များ ဆီမှ ကျမတို့ကို ၀ိုင်းအုံကြည့်နေသော ထောင်ကျများ..။
မမြင်ဖူး..မရောက်ဖူးသော အရပ်သို့  ရောက်ခဲ့ ပြီ..။ဒီအချိန်မှာပဲ ဦးမောင်မောင်ဦး..ဒေါ်နီနီမာ ဘာတော်စပ်လဲ ..ဆိုတဲ့  ခပ်ပြတ်ပြတ် အမေးကို...ဇနီးမောင်နှံ ..လို့  ခပ်ဆတ်ဆတ် ပဲ ပြန်အော်ခဲ့ တယ်..။ထောင်ဝန်ထမ်းက
ဘာမှု နဲ့  ကျတာလဲ ..ဆိုတဲ့  အမေးကိုတော့ ကျမ တောင် ပြန်မဖြေလိုက်ရ..။ကျမကို ဦးဆောင်ခေါ်လာသော အမျိုးသမီးထောင် တာဝန်ခံ အမျိုးသမီးကြီးမှ ..” ဖော်ထုတ်ရှုံ့ ချ “ လို့  ပြန်ဖြေပြီး
ကျမမှာ ပါလာတဲ့  အိတ်တွေကို စတိလောက် စစ်ဆေးကာ “ လာ..သမီး “ လို့  နွေးနွေးထွေးထွေး ခေါ်လိုက်သံက ဒီလို နေရာနဲ့  ဒီလို အချိန်မှာ ထူးဆန်းနေတာ အမှန်...။သံတခါး ဟိုတဖက်မှ ရန်ကုန်ကနေ အားချင်းလိုက်လာတဲ့ .. ညီမလေး ယု က..” ညနေ ..တခေါက် ထမင်း လာပို့မယ် “ ဆိုတဲ့  အသံလေးကို သဲ့ သဲ့  ကြားလိုက်ရတယ်....။အိမ်မှာ ကျန်ခဲ့ တဲ့  ဖေဖေ နဲ့  သားကို ခဏတော့ မေ့ထားမှ ဖြစ်မယ်လို့ ..ကိုယ့်ဖာသာ သတိပေးရင်း...ထောင်ဝန်ထမ်း အမျိုးသမီးကြီး ခေါ်ဆောင်ရာ အမျိုးသမီး အချုပ်ထောင်တွင်းသို့  ၀င်လိုက်ခဲ့ တယ်...။အုတ်ခင်း လမ်းကလေး အတိုင်း ၀င်သွားတော့ ..လမ်းနံဘေးမှာ
မိုးမခ ပန်းရောင်စုံ ပင်လေးတွေ နဲ့  သာသာယာယာ..။ရှေ့ ခပ်လှမ်းလှမ်းမှ သစ်သား တစ်ထပ်ခြေတံရှည် အိမ်ကလေး..။နောက်မှ သိရတာက ဒီ သစ်သား အချုပ်ဆောင်ကလေးရဲ့  သက်တမ်းက အင်္ဂလိပ်အစိုးရလက်ဖက်ကတည်းက ဆောက်ထားတာမို့.. အနှစ်(၁၀၀)ကျော်ပြီ
ဆိုပဲ..။တထပ်ခြေတံရှည် အိမ်လေးရဲ့  အလယ်မှာ ထပ်ခိုး သဘောမျိုးလေးထိုးပြီး နှစ်ထပ်ဖြစ်အောင် လုပ်ထားတယ်...။နှစ်ထပ်စလုံးရဲ့  အကာတွေကတော့ သစ်သားပြားထူထူ ကြီးတွေကို ခပ်ကျဲကျဲ ကာထားတာပါ...။ အကျဉ်းသူတွေရဲ့  ပြောပြချက်အရ ဆောင်းကာလ နဲ့  မိုးသဲသဲ ရွာတဲ့  အခါတွေမှာ အအေး ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံရတယ်..တဲ့ ။ကျမကတော့ ၄ရက် လောက် ပဲ နေရတာမို့  သိပ် မသိသာလှပါဘူး..။ကျမကို အမျိုးသမီးကြီး တယောက်က ပစ္စည်းတွေစစ်တယ်..။ပြီးတော့ အောက်ထပ် ထပ်ခိုးလေးထဲကို ခေါ်သွားတယ်..။အထဲမှာ ..အကျဉ်းသူ အမျိုးသမီးတွေ (၂၀)ကျော်လောက်က မျက်နှာပေး
အမျိုးမျိုးနဲ့  စောင့်နေကြတယ်..။ကျမစိတ်ထဲမှာ ကျောင်းနေတုံးက ကျောင်းဆောင်မှာ မိန်းကလေး မိတ်ဆွေသစ်တွေကို တွေ့ လိုက်သလိုလို..။စာသင်ခန်းထဲက ကလေးတွေက ကိုယ့်ကို ကြည့်နေသလိုလို..ဘာခံစားချက်မှန်း မသိတဲ့ ..ခံစားချက် တမျိုးနဲ့  ..အားလုံးကို ကြည့်ရင်း..
“ မင်္ဂလာပါ” လို့  နှုတ်ဆက်လိုက်မိပါတယ်..။သိပ်တော့..မင်္ဂလာ မရှိလှ ဖူးနော်..လို့ လဲ တဆက်တည်း ပြောလိုက်မိတယ်....။
ခဏ နေတော့ ခုန ကျမပစ္စည်းတွေကို စစ်တဲ့  အမျိုးသမီး ကြီးက လယ်ဂျာစာအုပ်ကြီး
တအုပ်ကို ကိုင်ပြီး ၀င်လာတယ်..။သူက ကျမ နံမယ် ကို မေးတယ်..။ကျမက ချက်ချင်း ပြန်မဖြေသေးပဲ..။
အခု မေးတဲ့  သူကကော ဘာတာဝန်လဲ..။နံမယ် ဘယ်သူလဲ လို့  ပြန်မေးတော့ သူက ပြုံးပြီး..ကျမကလဲ ထောင်ကျပါပဲ..။ဒီ အထဲမှာတော့ အထက်တန်းစီး တာဝန်ပါ..လို့  သိမ်သိမ်မွေ့မွေ့ ပြန်ဖြေပါတယ်..။နောက်မှသိရတာက သူက ပုတီးကုန်းမြို့ ကပါ..။ချဲမှူနဲ့  ထောင်ကျနေတဲ့  အလယ်တန်းပြ ဆရာမဟောင်း တယောက်ပါ..။သူ့အကြောင်းသိတော့ ..သူမေးတဲ့  ကျမရဲ့  ကိုယ်ရေးအချက်အလက် တွေကို ပြန်ဖြေဖြစ်တယ်..။သူကလည်း လယ်ဂျာ စာအုပ်ကြီးထဲမှာ ရေးမှတ်လို့..။သူရေးပြီးလို့  လယ်ဂျာစာအုပ်ကြီး ကို ပိတ်လိုက်တော့မှ စာအုပ်ကြီးပေါ်မှာ အကျဉ်းသူ စာရင်း ဆိုတဲ့  စာလုံးမဲမဲ ကြီးတွေကို တွေ့ လိုက်ရလို့  စိတ်ထဲမှာ အတော် အောင့်သက်သက် ဖြစ်သွားရတယ်..။နောက်နေ့ မနက် ထောင်ဗူးဝက ရုံးခန်းမှာ လူဆိုးစာရင်း အသွင်းခံရလိုက်တော့ အောင့်သက်သက်ကနေ ပေါက်ကွဲတဲ့  အဆင့်ကို ရောက်ခဲ့ ရမှာကို တော့ ကြိုမသိခဲ့ ဘူးလေ..။ထောင်ကျ အမျိုးသမီးတွေက ချဲတခါမှ မထိုးဖူးတဲ့  ကျမကို ချဲမှုနဲ့  ကျတာလားလို့  မေးခံရပြန်တယ်..။တော်သေးတာ ပေါ့..။ဒီထက် ဆိုးတဲ့  အမှုတွေ အထင်မခံရလို့..။ဒီလိုနဲ့  ထောင်ကျ အမျိုးသမီးတွေ နဲ့  ဟိုဟို ဒီဒီ မိတ်ဖြစ်ဆွေဖြစ် ပြောနေတုန်း..ညနေ
ရေချိုးချိန် ရောက်ပါပြီတဲ့ ..။ကဲလေ..ကိုယ်လဲ ရောမရောက်ရင် ရောမလို ကျင့်ရမပေါ့လို့  တွေးပြီး..သူများတွေ လုပ်သလို ရေခွက်ကလေးတွေ ယူပြီး သူတို့ နောက်က လိုက်ခဲ့ တယ်..။သစ်သား အဆောင်ကလေးရဲ့  ရှေ့ က အုတ်ရေကန်ကလေးထဲမှာ ရေတ၀က်သာသာ လောက် ရှိပြီး..လူ(၁၀)ယောက်
အရင် စရေချိုးရတယ်..။ထောင်ကျ အမျိုးသမီးငယ်လေး တယောက်က (တစ်) လို့  စရေတော့..လူတွေက အုတ်ကန်ထဲက ရေကို ခပ် ချိုးလိုက်ကြတယ်..။
ညက တညလုံး အချုပ်ထဲမှာ နံနံစော်စော် နေခဲ့ ရပြီး တနေ့လုံး ငြီးစီ နေတဲ့  ကျမ အတွက် ထောင်အုတ်ရေကန်ထဲက ရေကလေး တခွက်ဟာ တကယ့်ကို အေးမြလိုက်တာ..။ခပ်တည်တည်ပဲ ..
တခွက်ပြီး တခွက် ဆင့် ချိုး ချလိုက်တယ်..။ဘေးနားက ရီသံတွေ ကြားမှ ဘေးဘေး ဘီဘီကို ကြည့်မိတော့..ခုန..(တစ်)လို့  အမှတ်စဉ် အော်ပေးတဲ့  ကောင်မလေးက နံပါတ်စဉ်တခါ ခေါ်မှ ရေတခွက် ခပ်ချိုးရမယ် နော်..အမတဲ့ ။အော်..ရောမ အကျင့်တွေ အသားမကျသေးတဲ့  ကျမ ဆိုးဝါးကြမ်းတမ်းတဲ့  ၀န်ထမ်းတွေ နဲ့  မတွေ့ တာ ကံကောင်းလို့  နောက်မှ တွေးမိတယ်..။အဲဒီလို ရေချိုးဖို့  နံပါတ်စဉ် ခေါ်ပေးတဲ့  ကောင်မလေးကို “ ရေဘာရာ”လို့  ခေါ်ကြောင်း ထောင်ပညာတွေကို ရေချိုး အပြီးမှာ မှ ဘေးနားက ချဲမှုနဲ့  ထောင်ကျ တဲ့  ကလေးမလေး နှစ်ယောက်က ပြောပြလို့  သိရတယ်..။အဲဒီ နေ့က တော့ အမှတ်စဉ် အတိုင်း ရေ(၁၀)ခွက် ချိုးပြီး ချေးတွန်း..။ပြီးမှ နောက် အမှတ်စဉ် နဲ့  ရေ(၁၀)ခွက် ချိုးခဲ့ ရတာဟာ ထောင့်အရသာ အောင့်သက်သက်ကလေးပါပေ..။တခြား အောင့်သက်သက် ကလေးတွေ မြိုးမြိုးမြက်မြက် ကလေးတွေ လဲ ရှိပေသေးသပေါ့..။ထောင်ထဲမှာလည်း ဆက်ဆံရေးကောင်းတဲ့  ၀န်ထမ်းတွေ ရှိသလို..
ဆက်ဆံရေးဆိုးတဲ့  ပညာပြချင်တဲ့  ၀န်ထမ်းဆိုးတွေ နဲ့ လဲ ကြုံခဲ့ ရသေးတယ်..။ကျမ ဘာလုပ်လုပ် လိုက်ချောင်းနေတတ်တဲ့  အောက်တန်းစည်း အမျိုးသမီး..။ ထောင်ထဲကို ဘာမှတ်နေလဲ အပြင်မှာ ဘယ်လိုနေခဲ့  နေခဲ့  ထောင်ထဲမှာတော့ ထောင်ပုံစံမနေရင် တွေ့ သွားမယ်လို့  စောင်းမြောင်းကြိမ်းတဲ့  ထောင်ကျ မလေး တယောက်ကိုလဲ အမှတ်ရနေပါသေးတယ်..။တကယ်တော့ သူတို့ကို တစုံတယောက်က ခိုင်းလို့  လုပ်ရတာ ဆိုတာ သိခဲ့ ရတယ်..။သူတို့က များသောအားဖြင့် ရာဇ၀တ်မှု နဲ့ ကျတဲ့  မိန်းကလေးတွေပါ..။
နယ်ထောင်တွေ ရဲ့  သဘာဝအရ ၁၀ပေ..ပေ၂၀ လောက်ရှိတဲ့ .. အခန်းကျဉ်းလေး ထဲမှာ နိုင်ငံရေးမှုနဲ့  ကျတဲ့ အမျိုးသမီး အကျဉ်းသားတွေကို သာမန်ရာဇ၀တ်ပြစ်မှု အကျဉ်းသားတွေ နဲ့  ဘယ်လို လုပ် ခွဲခြား ထားလို့  ရပါမလဲ..။ကျမ အနေနဲ့ ကတော့ အစားဆင်းရဲ အနေဆင်းရဲ ခြင်း ဒဏ်ထက် ရာဇ၀တ်အကျဉ်းသားတွေ နဲ့  ရောနှောထားခံနေရတာကိုက သိက္ခာကို စော်ကားခံနေရတယ်လို့  တွေးတယ်..။အဆိုးဆုံးကတော့ ဘာရာဇ၀တ်ပြစ်မှုကိုမှ မကျူးလွန်ပါပဲ နဲ့  နိုင်ငံရေး ဦးချိုးပြီး မတရားထောင်ထဲ ထည့်ခံရတာတွေပါ..။ဒေါ်မြင့်မြင့်အေး တို့ဆို..အဖိနှိပ်ခံ လယ်သမားတွေ ဘက်က ရပ်တည် လို့  နိုင်ငံရေး ဦးချိုး ဖို့  ရည်ရွယ်ချက်နဲ့  ရှာကြံ အမှုဆင် ဖမ်းဆီးခံနေရတာပါပဲ..။ရုံးချိန်းတွေ တချိန်းပြီး တချိန်း အချိန်ဆွဲ စစ်ပြီး စိတ်ဓါတ် စစ်ဆင်ရေး လုပ်ခံနေရတာပါပဲ...။
. စနစ်ဆိုးတခုရဲ့  ဆိုးကျိုးဆိုးမွေကို တရားလက်မဲ့  ခံစားနေရတဲ့  ဒေါ်မြင့်မြင့်အေးတို့လို နိုင်ငံရေး အကျဉ်းသားတွေ ကို အကျဉ်းထောင်တွေ ထဲကနေ အမြန်ဆုံး ပြန်လွှတ်ပေး စေချင်ပါတယ်..။ဒါမှ နိုင်ငံတော် အစိုးရ တာဝန်ရှိသူတွေဟာ ဒီမိုကရေစီ တိုင်းပြည် တည်ဆောက်ချင်စိတ် အမှန်အကန် ရှိသူတွေ လို့  ကျမတို့လို ပြည်သူတွေက ယုံကြည် လို့  ရမှာပေါ့..။
ဒီိလို နိုင်ငံရေး အကျဉ်းသားတွေ ဗမာပြည်အနှံ့ က ထောင်တွေထဲမှာ ရှိနေရွေ့ ... နိုင်ငံတော် အစိုးရ က ဒီမိုကရေစီ နိုင်ငံ တည်ဆောက်နေပါတယ်..ဆိုတာကို...ယုံချင်ပါသော်လည်း ...ယုံလို့ မရပါ..။

No comments:
Post a Comment