Friday, October 19, 2012

အိပ်ရေးပျက်ခြင်းနှင့်နှလုံးရောဂါ


 
နံနက်ခင်းဖြစ်၍ နေ ခြည်နွေးနွေးက ၈၁ လမ်းပေါ်သို့ ဖြာကျလျက်ရှိ၏။
ယာဉ်မျိုးစုံ ဥဒဟိုသွား လာနေသည့်ကြားတွင် အနက် ရောင် ဆူပါကတ်မော်တော်ဆိုင် ကယ်တစ်စီးကို တွေ့လိုက်ရ၏။
ထိုဆိုင်ကယ်သည် ၈၁ လမ်းတစ်လျှောက် တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာပြီး ၃၄ လမ်းနှင့် ၃၃ လမ်းကြား၊ ၈၁ လမ်းပေါ်ရှိ ပန်းချစ်သူကဖေးတွင် ရပ်သွား၏။
ဆိုင်ကယ်ပေါ်မှ ဒေါက် တာလင်းနိုင်ထွန်း ဆင်းလာ၏။ ဒေါက်တာလင်းနိုင်ထွန်းသည် မုံရွာ သားဖြစ်၏။ စာဖတ်ဝါသနာပါသူ ဖြစ်ပြီး စာပေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် ရင်းနှီး၏။
ဆိုင်ထဲတွင် ရောက်ရှိနေ သော ကဗျာဆရာ မောင်ဒေါနက ဆီးကြိုနှုတ်ဆက်လိုက်၏။
''မင်္ဂလာနံနက်ခင်းပါ ဆရာ၊ ဖန်ချိုနဲ့ ထမင်းဆီဆမ်း မှာ ထားပြီးပါပြီ''
''စားဖွယ်သောက်ဖွယ် တွေနဲ့ ကြိုဆိုမှတော့ မင်္ဂလာရှိပြီ ပေါ့ဗျာ''
''ပိုပြီး မင်္ဂလာရှိသွား အောင် ကျွန်တော့်ကို ကုပေးဦး ဆရာ၊ ကျွန်တော် ရင်တွေတုန်တုန် နေတယ်ဆရာ''
''ကုပေးရမှာပေါ့ ကိုဒေါ နရယ်၊ ကိုဒေါနကလည်း မုံရွာသား ပဲ။ ရပ်ဆွေရပ်မျိုးဆိုတော့ ကျွန် တော်ကူညီပါ့မယ်။ စိတ်ချပါ။ ကျွန်တော် အရင်စမ်းသပ်ကြည့် မယ်။ လိုအပ်ရင် နှလုံးအထူးကု သမားတော်ကြီးနဲ့ အပ်ပေးမယ်''
''ဆရာအားပေးတာနဲ့ ရောဂါတစ်ဝက် ပျောက်သွားပြီ''
''ပျောက်ရမယ်လေ၊ စိတ်အေးအေးထားပါ၊ ဒါနဲ့ ကျွန်တော်ကြားတာက ကိုဒေါနလုပ်နေ တဲ့ ဂျာနယ်တိုက်က အယ်ဒီတာနှစ်ယောက် အလုပ်ထွက်သွား တယ်ဆို''
''အဲဒါ ပြဿနာအစပေါ့ ဆရာရယ်၊ သူတို့က ထုတ်ဝေသူနဲ့ အခြေအတင် စကားများပြီး ထွက် သွားကြတာ၊ ကျွန်တော်ကတော့ ထုတ်ဝေသူနဲ့ ပြေလည်တယ်၊ အဲ- ဒါပေမယ့် ပြေလည်လွန်းတော့ လည်း ခက်ပြန်ရော''
''ဘယ်လို၊ ဘယ်လို၊ ကျွန်တော်နားမရှင်းဘူး''
''ဒီလိုလေ၊ ထွက်သွားတဲ့ ဆရာနှစ်ယောက်က ညဘက်မှ ဂျာနယ်အလုပ်တွေ လုပ်နေကြ၊ ဂျာနယ်ဆိုတာက တစ်ပတ်တစ်ခါ ထွက်တာလေ၊ အချိန်လုလုပ်ရတာ၊ ညဘက်မိုးအလင်းလုပ်ကြရတယ်။ ခု သူတို့ နှစ်ယောက်စာကို ကျွန် တော်တစ်ယောက်တည်း လုပ်ရ တယ်၊ ညည အိပ်ရေးပျက်ပေါင်း များပြီ၊ ထုတ်ဝေသူကိုလည်း အား နာနေတာနဲ့ ပေလုပ်နေရတယ်''
''လူသစ်ခေါ်ပေါ့ ကိုဒေါနရယ်''
''ထုတ်ဝေသူခမျာလည်း လူရှာနေပါတယ်၊ ခွကျတာက စိတ်ကြိုက် မရဘူးဖြစ်နေတယ်၊ အင်တာဗျူး လာဝင်တဲ့သူတော့ ရှိပါရဲ့၊ လန်လန်သွားတယ်''
''ထုတ်ဝေသူကလည်း ခွ စာကြီးဆိုတော့ တော်ရုံလူနဲ့ မလွယ်ဘူးဗျ''
''ဟုတ်တယ် ဆရာ၊ တလောက ဒေါက်တာဝင်းဝင်းမြနဲ့ တွေ့လို့သူ့ဆီက ကြားလိုက်ရတယ်၊ညဘက် အိပ်ရေးပျက်ပါများ ရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ တိုး လာတယ်ဆို''
''ဟုတ်တယ်၊ နမူနာတစ် ခုပြောရရင် အိန္ဒိယပြည်ကသတင်း တစ်ပုဒ် ပြောပြမယ်။ Ranjan Das ဆိုတဲ့ ပုဂ္ဂိုလ်က CEO ဗျ၊ အောင်မြင်တဲ့ စီးပွားရေးသမားဆိုပါတော့ဗျာ၊ သူက ၄၂ နှစ်ပဲရှိသေးတယ်၊ တလောက နှလုံးရောဂါ ပြင်းပြင်း ထန်ထန်ရ လို့ ဆေးရုံ တက်လိုက်ရ တယ်''
''သူက စီးကရက်တွေ၊ အရက်တွေ သောက်တယ်နဲ့တူ တယ်''
''မဟုတ်ဘူးဗျ၊ သူက အဲဒါတွေ ဘာမှမလုပ်ဘူး၊ အားက စားလည်း လိုက်စားတယ်၊ တစ်ခုပဲ ပြောစရာရှိတယ်၊ တစ်ညတစ်ည ကို လေးငါးနာရီပဲ အိပ်တယ်၊ အိပ်ရေး မဝဘူး၊ မဝတာလည်း ကြာပြီ၊ ဒါကို ကြည့်ရင် အိပ်ရေးပျက်ပါများရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ တိုးလာနိုင် တာ တွေ့ရတယ်''
''ဒါကို သုတေသီတွေ သုတေသနလုပ်ကြသေးလား''
''ဒီလိုဆက်စပ်ပုံကို သု တေသီတွေလည်း တွေ့ထားတယ်၊ ကိန်းဂဏန်းနဲ့ ပြောရရင် တစ်ည တစ်ညကို အိပ်ချိန်ခြောက်နာရီ ထက် နည်းရင် ရေရှည်မှာ သွေး တိုးရောဂါရဖို့ ၃၅ဝ% ကနေ ၅ဝဝ% အထိ တိုးလာတယ်တဲ့''
''ရာခိုင်နှုန်းကလည်း များလှချည်လား''
''များတယ် ကိုဒေါနရေ၊ သွေးတိုးရဲ့ နောက်ဆက်တွဲက နှလုံးပဲလေ၊ဒါကလည်း အသက် ကြီးမှမဟုတ်ဘူး၊ အသက် ၂၅ နှစ် နဲ့ ၄၉ နှစ်ကြားမှာလည်း ဖြစ်တာပဲ တဲ့။ နောက်တစ်ချက်က တစ်ည တစ်ညကို ငါးနာရီထက် လျှော့အိပ် ရင် နှလုံးရောဂါ ဖြစ်နိုင်ခြေက သုံး ဆတိုးလာတယ်တဲ့''
''သုတေသီတွေက ဘယ် လိုရှင်းပြလဲဆရာ''
''အိပ်ရေးမဝရင် ကိုယ်ခံ အင်အားစနစ်က အင်အားချည့်နဲ့ သွားတယ်တဲ့၊ ပြီးတော့ သွေးထဲမှာ C-Reactive Protein ဆိုတဲ့ ဓာတု ဒြပ်ပေါင်းတစ်မျိုးများလာတာကို တွေ့ရတယ်တဲ့။ ဒီဒြပ်ပေါင်းက ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတယ် တဲ့။ ဒါ့အပြင် နိုင်ငံခြား အဆိပ်ရှိ တဲ့ ဒြပ်ပေါင်းတွေလည်း များလာ တာ တွေ့ရတယ်တဲ့''
''ဘယ်သုတေသီရဲ့အဆို အမိန့်လဲဆရာ''
''Professor France-sco Cappucio ပြောတာဗျ၊ သူက European Heart Journal ထဲမှာ ရေးထားတာ၊ သူပြောသွားတာက တစ်ညတစ်ညကို ခြောက်နာရီ ထက်နည်းပြီး အိပ်ရင် နှလုံးရောဂါ ဖြစ်နိုင်ခြေက ၄၈% တိုးလာမယ် တဲ့၊ ပြီးတော့ လေဖြတ်နိုင်ခြေက ၁၅% တိုးလာမယ်တဲ့''
''ဟာ- ဒါဆို နှလုံးတင် မကဘူး၊ လေလည်း ဖြတ်ဦးမှာပါ လား''
''ဒါပေါ့ ကိုဒေါနရယ်၊ ရောဂါက နှစ်မျိုးတောင်မှဗျ''
''ပါရဂူကြီးက ဘာတွေ အကြံပေးသွားသေးလဲ''
''ပါရဂူကြီးက အချက် လေးချက် ပြောသွားတယ်။ လိုက် နာသင့်တဲ့ အကြံပေးချက်တွေပေါ့ ဗျာ''
''ပြောပြပါဦး ဆရာ''
''ဒီလိုဗျ၊ ပထမအချက် က နေ့စဉ်နေ့တိုင်း ညအိပ်ရာဝင် ချိန်ရယ်၊ မနက်အိပ်ရထချိန်ရယ် က အချိန်မှန်ရမယ်၊ ဥပမာ- ည ဘက် ၉ နာရီ အိပ်မယ်ဆိုရင် ည တိုင်း ညတိုင်း ၉ နာရီမှာ အိပ်ရ မယ်။ မနက် ၆ နာရီ ထမယ်ဆိုရင် နေ့စဉ် မနက်တိုင်း ၆ နာရီ ထရ မယ်၊ ဒါက ပထမအချက်ဗျ''
''စောစောအိပ်ပြီး စော စောထရင် ပိုများကောင်းမလား ပဲဆရာ''
''လိုက်နာနိုင်ရင်ကောင်း တာပေါ့ဗျာ၊ ဒုတိယအချက်က အိပ် ခန်းကို အိပ်ဖို့အတွက်ပဲ အသုံး ပြုရမယ်၊ တချို့က အိပ်ခန်းထဲမှာ တီဗီထားပြီး ညနက်အောင် ကြည့် ကြတယ်၊ တချို့က အစားစားကြ တယ်၊ တချို့က အလုပ်စားပွဲထား ပြီး ရုံးအလုပ်တွေ လုပ်ကြ တယ်၊ အဲဒါတွေက မလုပ်သင့်ဘူး၊ အိပ် ခန်းဟာ အိပ်ဖို့သက်သက်ပဲ ဖြစ်ရ မယ်''
''ဖြစ်သင့်ပါတယ်ဆရာ''
''တတိယအချက်က အရက်ရှောင်ရမယ်၊ ဆေးလိပ် မသောက်ရဘူး၊ ကက်ဖင်းပါတာ တွေ ရှောင်ရမယ်။ ညဘက်ကော်ဖီ မသောက် နဲ့ပေါ့ဗျာ''
''ကျွန်တော်က အရက် နဲ့ဆေးလိပ်တော့ ရှောင်တယ် ဆရာ၊ ဒါပေမယ့် ကော်ဖီစွဲနေ တယ် ဆရာ၊ ညည ဂျာနယ်တိုက် မှာ အလုပ် လုပ်ရင်း သုံးလေးခွက် သောက်ဖြစ်တယ်၊ ကျွန်တော့်ဂျာ နယ်တိုက်က လက်ဖက်ရည်ဆိုင်နဲ့ လည်း နီးနေတယ်''
''ဒီနေ့ကစပြီး ကော်ဖီ လျှော့သောက်ဗျာ''
''ဟုတ်ကဲ့ဆရာ''
 ''စတုတ္ထအချက်က မနက်စောစောမှာ ကာယလေ့ကျင့် ခန်း လုပ်ရမယ်၊ မလုပ်ဖြစ်ခဲ့ရင် နေ့ခင်းမှာ လုပ်ရမယ်၊ အိပ်ခါနီး မလုပ်ရဘူး''
''ဟုတ်ကဲ့ဆရာ''
''ကျွန်တော်က မနက် စောစောဆိုရင် ၂၆ လမ်းမှာ လမ်း လျှောက်တယ်၊ ကျုံးနံဘေးဆိုတော့ လေကောင်းလေသန့်လည်း ရ တယ်၊ လမ်းလျှောက်ရင်း ၂၆ လမ်း ကျုံးထောင့်ရောက်ရင် မန္တလေး တောင်တော်က ဘုရားတွေကို လက်အုပ်ချီပြီး ကန်တော့ လိုက် သေးတယ်''
''မန္တလေး ဆီဒိုးနားဟို တယ်ရှေ့မဟုတ်လား ဆရာ၊ သာဓု ပါဆရာ''
''ကဲ- ဒီလေးချက် လိုက် နာနိုင်မလား''
''ဒီလိုလုပ်ပါ ဆရာ၊ ထုတ်ဝေသူက ဆရာနဲ့ ခင်တာပဲ၊ ကျွန်တော့်ကို စမ်းသပ်ပြီးရင် ဆရာ ပြောပြပေးပါ၊ လိုရင် အထူးကုနဲ့ လည်း ပြပါ့မယ်၊ ဆေးမှတ်တမ်းပါ ပြရင် သူ သဘောပေါက်မှာပါ၊ ဆရာဝန်စကားဆိုတော့ သူလည်း လိုက်နာပါလိမ့်မယ်''
''ရပါတယ် ကျွန်တော် ကူညီပါ့မယ်။ ဝိုင်းပြောပေးပါ့မယ်၊ ပြီးတော့ ကိုဒေါနက နေ့ဘက် အလုပ်ပြောင်းဆင်းဗျာ၊ လူသစ်လည်း ကျွန်တော် ရှာပေးမယ်၊ လူ များလာရင် ညဖက်ဆင်းစရာ မလို တော့ဘူး။ ကျွန်တော့်တပည့် စာ ပေသမားလေးတွေထဲမှာ အယ်ဒီ တာလုပ်ချင်တဲ့ လူငယ်တွေရှိတယ်၊ အဆင်ပြေမှာပါ''
''လုပ်ပါ ဆရာရယ်၊ ကျွန်တော်က လူပျိုစစ်စစ်ပါ၊ မိန်းမ မရသေးပါဘူး၊ စောစောက ဆရာပြောတဲ့ Ranjan  Das လို စောစောသေ လို့ မဖြစ်သေးလို့ပါ ဆရာ''
''ဘာဖြစ်လို့လဲဗျ''
''ကျွန်တော်က မျိုးဆက် သစ်တွေ ပြုစုပျိုးထောင်ရဦးမယ် လေ၊ လူသားမျိုးနွယ်တွေ ခုထက် တိုးတက်စည်ပင်လာအောင် သမိုင်းပေး တာဝန် ထမ်းဆောင်ရဦး မှာ ဆရာ''
''ကဗျာဆရာပီပီ စကား လုံးတွေက ပြောင်မြောက်ပါပေ တယ်''
''ဟဲ ဟဲ၊ ဆရာ မြှောက် ပေးလို့ ခြေထောက်နဲ့ မြေကြီး တောင် လွတ်ချင်ချင် ဖြစ်လာပြီ''
''တယ်ဆိုတဲ့ စာပါလား၊ အိပ်မပျော်တတ်တဲ့ လူတွေအ တွက် ဓာတုဒြပ်ပေါင်းနှစ်မျိုးကို လည်း ပါရဂူတွေ ညွှန်းထားသေး တယ်''
''ဘာတွောများလဲဆရာ''
''တစ်ခုက Lactium လို့ ခေါ်တယ်။ Milk Protein ပဲ။ နို့ ထဲမှာ ပါတဲ့ ပရိုတိန်းအနွယ်ဝင် ဒြပ်ပေါင်းပေါ့ဗျာ၊ နောက်တစ်ခုက L-Theanine ဆိုတဲ့ အမိုင်နိုအက် စစ်ဗျ။ သဘာဝအလျောက် တချို့ သစ်ရွက်တွေမှာ တွေ့ရတယ်၊ ဆေးဝါးပညာရှင်တွေနဲ့ တိုင်ပင်ပြီး မှီဝဲပေါ့ဗျာ''
''ဟုတ်ကဲ့ ဆရာ''
''ခုခေတ်မှာ ဆယ်ကျော် သက် လူငယ်တွေဟာ အိပ်ရေး အပျက်ခံပြီး ဂိမ်းကစားကြတယ်၊ ဘောပွဲကြည့်ကြတယ်၊ လျှောက် လည်ကြတယ်၊ ဒါဟာ မကောင်း ဘူးဗျ၊ အသက်အရွယ်ရလာတဲ့ အခါ ကျန်းမာရေး ထိခိုက်တတ် တယ်''
''မိဘအုပ်ထိန်းသူတွေက ဟောပြောဆုံးမရမှာပေါ့ ဆရာ ရယ်''
''ကဲ-ကိုဒေါနလည်း ပြန် ကျန်းမာလာမှာပါ၊ ကဗျာတွေ ဆက်ရေးနိုင်မှာပါ''
''ကျေးဇူးပါပဲ ဆရာ ရယ်''
အောင် (ဆေး-၁)
ရည်ညွှန်းချက် ။ ။ မလေးရှားနိုင်ငံ ထုတ် STAR သတင်းစာမှ Sleep Well For Good Heart Health ဆေးပညာဆောင်းပါးကို မှီငြမ်းကိုး ကားပါသည်။
အောင် (ဆေး-၁)
 

No comments: