Thursday, October 4, 2012

ပါဂျောင်စခန်းမှ ဤသို့ ထွက်ပြေး လွတ်မြောက် ခဲ့ကြလေသည်


သတင်းဆောင်းပါး — စက်တင်ဘာလ ၂၁၊ ၂၀၁၂
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံအပြီး လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရန် ကျောင်းသား လူငယ် များက မြန်မာ   နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံ တောင်ပိုင်း(ဗဟို) ကို သောင်ရင်းမြစ် အရှေ့ဘက် ခြမ်းတွင် အခြေစိုက်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း (ဗဟို)ကို ကချင်ပြည်နယ် ပါဂျောင်ဒေသ တွင် အခြေစိုက်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ကျောင်းသားတပ်ဖွဲ့ အတွင်း ယုံကြည်မှု ပျက်ပြယ်ကာ ကျောင်းသားရဲဘော် ၅ဝ ကျော်တို့ ကို ထောက်လှမ်းရေး သူလျှိုများဟု စွပ်စွဲ၍ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် ညှဉ်းပန်း နှိပ်စက်ခြင်း ခံရသူများထဲမှ တစ်ဦးဖြစ်သူ ပန်းချီထိန်လင်းက ပါဂျောင်စခန်းမှ ထွက်ပြေး လွတ်မြောက်ခဲ့ပုံကို မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားချက်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ကျွန်တော်တို့မှာ တန်းစီး သုံးယောက် ရှိတယ်။ အဲဒီသုံးယောက်ကလည်း ထောက်လှမ်းရေးလို့ သူတို့ ဝန်ခံထားတယ်။ သို့သော်လည်း စခန်းက သူတို့ကို နည်းနည်းတော့ ယုံကြည်တာပေါ့ဗျာ။ နောက်ပြီးတော့ ကိုဘိုဘိုတို့ ရှိတယ်။ မနန်းအောင်ထွေးကြည်တို့ ရှိတယ်။ သူတို့ မိဘတွေ လာပြီးတော့ သူတို့ကို ပြန်ထုတ် သွားကြတယ်။ ကျွန်တော်တို့ က စခန်းမှာ အားလုံး ၅၅ ယောက် ဒီအတိုင်း ကျန်ခဲ့တယ်။ ကျွန်တော်တို့ အားလုံး တတိတိနဲ့ သေတော့မယ့် အခြေအနေ မျိုးတော့ ရှိတယ်။ ခေါ်ပြီးတော့  စစ်ဆေးလိုက် သူတို့စိတ်ထဲမှာ မထင်ရင် သတ်လိုက်၊ အဲဒီလို အခြေအနေမျိုး ဖြစ်နေတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ မျှော်လင့်တာက ဖြေရှင်းပြီးတော့ ပြေလည် သွားမလားလို့၊ မဖြစ်နိုင်ပေမယ့် မျှော်လင့်မိတယ်။   နောက်ဆုံး ကျတော့ ဒါဟာ မဖြစ်နိုင်တော့ဘူး။ ကျွန်တော် ပြောတဲ့ နှစ်ယောက်က စစ်ရေး အတွေ့အကြုံ ရှိတယ်။ အရင် ကျောင်းသား တပ်ဖွဲ့ တုန်းကလည်း ဖိုက်တာတွေပဲ။ အဲဒီလို အခြေအနေမျိုးမှာ သူတို့တွေက ထွက်ပြေးဖို့ စပြီးတော့ စဉ်းစား မိတယ်။ ကျွန်တော်တို့လည်း အဲဒီ အစီအစဉ်ကို နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ သိလာတယ်။ တချို့လူတွေ ကလည်း မသိဘူးပေါ့။
ထွက်ပြေးကြမယ့် နေ့နဲ့ ထွက်ပြေးမယ့် အချိန်တွေကို တိုင်ပင်ကြတယ်။ ရိက္ခာတွေ စုတာတွေ လုပ်ကြတယ်၊ လက်နက်တွေ ဘာတွေ စုကြတယ်။ ကျွန်တော်တို့က အလုပ်လုပ်ရတော့ ဓားတို့၊ လှံတို့ ရှိတယ်။ အဲဒီအချိန်တွေမှာ ဘာဖြစ်သလဲဆိုတော့ ကိုထွန်းအောင်ကျော် တို့ကို သတ်ပြီးတဲ့ နောက်ပိုင်း စခန်းထဲမှာ အခြေအနေက နည်းနည်း ပျော့ပျောင်း လာတယ်။ လုံခြုံရေးတွေ၊ ဘာတွေကလည်း နည်းနည်း လျော့လာတယ်။ လုံခြုံရေးတွေက ရိုက်တဲ့အခါကျတော့လည်း ရိုက်ပေါ့။ တစ်ခါတလေ ကျတော့လည်း သူငယ်ချင်းတွေလို ဖြစ်တဲ့အခါ ဖြစ်ပေါ့။ ကျွန်တော်တို့ခြေထောက်မှာ ခတ်ထားတဲ့ သံကြိုးတွေကို အိပ်ခါနီး တိုင်းမှာ သံကြိုးတွေ ခိုင်ခံ့မှု ရှိ၊ မရှိ လက်တွေမှာ ချည်ထားတဲ့ကြိုးတွေ ခိုင်ခံ့မှုရှိ၊ မရှိကို တန်းစီးတွေက လိုက်စစ်ရတဲ့ လုပ်ငန်းစဉ် ရှိတယ်။ သံကြိုးတွေ လျော့နေရင်လည်း တန်းစီးတွေက သိပ်မစစ်တော့ဘူး။ ခြေထောက်တွေမှာ ခတ်ထားတဲ့ သော့တွေကို တောထဲ သွားရင်းနဲ့ ဖြုတ်ပေးထား ခဲ့တယ်။ လူ ၂ဝ လောက်က ထွက်ပြေးမယ့် အစီအစဉ်ကို သိနေပြီ။ အချုပ်ထဲမှာက မိန်းကလေး နှစ်ယောက်ရှိတယ်။ သူတို့တွေက ချက်ရေး၊ ပြုတ်ရေးတွေကို လုပ်ကိုင်နေရင်းနဲ့ ထွက်ပြေးတဲ့အခါမှာ စားရေး သောက်ရေးအတွက် ရိက္ခာတွေကို ဝှက်ပေး ထားကြတယ်။ ကျွန်တော်တို့ တစ်တွေက ညဘက် ကင်းချိန်းတဲ့ အချိန်မှာ ထွက်ပြေးဖို့ စီစဉ်ထားတယ်။ ဘာကြောင့်လည်း ဆိုတော့ ညဘက် ၁၂ နာရီမှာ ဆီးတစ်ခါပဲသွားရတယ်။ တန်းစီးတွေက ဆီးသွားချင်တဲ့ ကောင်တွေထ ဆိုမှ တန်းစီပြီး ထရတယ်။ အိပ်ချိန်ပေးတဲ့အခါမှာ မအိပ်ဘဲ နေတဲ့သူတွေကို တန်းစီးတွေက ထုတာရိုက်တာ ရှိတယ်။ ဆီးသွားမယ့် အချိန်ကျရင် ကိုယ်အိပ်တဲ့ နေရာဘေးမှာ ပုလင်းချထားတယ်။ ဂလူးဂို့စ် ပုလင်းတွေပေါ့။ အဲဒီ ပုလင်းတွေ ထဲကို ပေါက်ချပြီးမှ ပုံးထဲကို သွားသွန်ရတယ်။ ဆီးသွားဖို့ ပုလင်းမရှိဘူး အခက်အခဲ ဖြစ်တယ် ဆိုရင် လိုအပ်တဲ့ပုလင်းတို့၊ ဘာတို့ ယူဖို့ တန်းစီးတွေကပဲ သွားလို့လာလို့ ရတယ်။ အဲဒီ တန်းစီး သုံးယောက်ကပဲ အခရာကျတယ်။ အဲဒီတန်းစီး သုံးယောက် မပါဘဲ ထွက်ပြေးလို့ မရဘူး။  အဲဒီ သုံးယောက် စလုံးက ခန္ဓာကိုယ် တော်တော် တောင့်တင်းတယ်။ သူတို့က အဖမ်းခံထားရတဲ့ အချိန်ကလည်း နည်းတယ်။ နောက်ဆုံးမှ ဖမ်းတာ။ အခုလို ပြေးမယ့် အခြေအနေမျိုးမှာ သူတို့သုံးယောက် ပါလို့သာ ပြေးလို့ ရတာ။ စစ်ရေးအမြင်လည်း သူတို့ တော်တော်ရှိတယ်။ စစ်ပွဲ အတွေ့အကြုံတွေ သူတို့မှာ ရှိတယ်။ ပြေးမယ့်နေ့ ည ကျွန်တော်တို့ကို အိပ်ချိန်ပေးထားတဲ့အချိန်မှာ သူတို့တွေကပဲ လက်နက်တွေ၊ ပစ္စည်းတွေကို ရှာဖွေ စုဆောင်းတယ်။ နောက်ပြီးတော့ ခြေထောက်တွေ၊ လက်တွေမှာ ချည်ထားတဲ့ကြိုးတွေ ကိုလည်း မစစ်တော့ဘဲနဲ့ လျှော့ပေး ထားတယ်။  ညအိပ်ပြီ ဆိုကတည်းကိုက ထွက်ပြေးမယ်လို့ သိထားတဲ့ သူတွေက သူတို့ရဲ့ကြိုးတွေ ဖြည်ထားပြီးသား။
ပြေးမယ့်သူတွေ အားလုံးမှာ သဘောတူညီချက် တစ်ခုရှိတယ်။ ဘာလဲဆိုတော့ မပြေးနိုင်တဲ့သူ၊ မထနိုင်တဲ့ သူတွေကို အရင်ဆုံး ခေါ်ထုတ်သွားမယ်။ အဲဒီလူတွေ မကုန်ဘဲနဲ့ ထတဲ့သူ ရှိရင် အဲဒီသူကို ဓားနဲ့ခုတ်ပြီးအပြတ်ရှင်းဖို့ တိုင်ပင် ထားပြီးသား။ နောက်တစ်ခုက ဘယ်သူမှ အသံ ထွက်လို့ မရဘူး။ ပြေးဖို့ အသိပေးမယ်။ ဒါပေမယ့် အသံ လုံးဝ ထွက်လို့မရဘူး။ အဲဒါက ပထမဆုံး ပေးထားတဲ့ (Message)ပဲ။ အသံ လုံးဝ ထွက်လို့ မရဘူး။ ဘာကြောင့်လဲ ဆိုတော့ အဆောင်တွေက တစ်ခုနဲ့ တစ်ခု အရမ်း နီးကပ်နေတယ်။ စခန်းရဲ့ အလယ်ခေါင်မှာက မီးဖိုရှိတယ်။ အဲဒီနေ့ညမှာက ကိုအောင်နိုင်ဆိုတဲ့ ကင်းသမားက တာဝန်ကျတယ်။ ကျွန်တော်တို့ အားလုံးလည်း ဓား၊ လက်နက်တွေ ကိုယ်စီ ဆောင်ထားပြီးတော့ ဘယ်အချိန် မှာ ထွက်မယ်။ ဘာလုပ်မယ် ဆိုတာကို ညှိပြီးသား ဖြစ်နေပြီ။ တန်းစီးတွေကလည်း သိတယ်။ ကံကောင်းတာက အဲဒီညက မိုးက အရမ်းရွာတယ်။ တန်းစီး နှစ်ယောက်ကတော့ အဲဒီအစောင့် ရှိတဲ့နေရာအထိ သွားလို့ရတယ်။ သတ်မှတ်ချိန် ကျလို့ တန်းစီး နှစ်ယောက်က အစောင့်ရှိတဲ့ နေရာကို သွားပြီး ကင်းစောင့်နေတဲ့လူကို တစ်ယောက်က လည်မြိုကို ဓားနဲ့ ထောက်ထားပြီး ကျန်တဲ့တစ်ယောက်က အစောင့်ကိုင်ထားတဲ့ ဂျီဖိုးသေနတ် ကို ဆွဲယူလိုက်တယ်။ တန်းစီး နှစ်ယောက်စလုံးဟာ တကယ့်ကို သတ္တိရှိပြီး လုပ်နိုင် ကိုင်နိုင်တဲ့သူ တွေပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့က အိပ်ယာထပြီးတော့ အဆင်သင့် ထိုင်စောင့်နေကြပြီ။ တန်းစီး နှစ်ယောက်က ကြိုးပါ တစ်ခါတည်း ယူသွားပြီး အစောင့်ကို သူထိုင်နေတဲ့ ခုံနဲ့ပေါင်းပြီး ကြိုးတုတ်လိုက်တယ်။ ပါးစပ်ထဲကို အဝတ်တွေ ထည့်ပြီး စည်းထားလိုက်တယ်။ ကျွန်တော်တို့ အချုပ်ထဲမှာ ကျန်တဲ့ သူတွေက အိပ်နေတဲ့ သူတွေကို နှိုးရတယ်။ နှိုးတဲ့ နေရာ မှာလည်း စောစောက ပြောခဲ့သလို နားနားကိုကပ် ပြီးထလို့ပဲ ပြောရတယ်။ လည်ပင်း ကို ဓားနဲ့ထောက်ထားရတယ်။ ဘာကြောင့်လဲဆိုတော့ အော်မှာစိုးလို့ ကျွန်တော်တို့အားလုံး ဆွဲထားတဲ့ အစီအစဉ်အရ အဲဒီလို လုပ်ရတယ်။ အိပ်နေတဲ့သူတွေက ထောင်ဖောက် နေတာကို သိပြီး ပြူးပြူးပျာပျာနဲ့ ထအော်လိုက်မှာ စိုးလို့။ နောက်ပြီး တော့ မျက်လုံးတွေကိုလည်း စည်းထားတဲ့ အခါကျတော့ နားနားကိုကပ် ပြီးပြောနေရတာ။ နောက်တော့ စည်းထားတဲ့ မျက်လုံးအဝတ်စတွေ ကို ဖြတ်ထုတ်လိုက်တယ်။ တချို့ ကလည်း လှုပ်လှုပ်ရွရွနဲ့ ဆိုတော့ စိုးရိမ်တာပေါ့။
ကျွန်တော်တို့ကလည်း အားလုံးကို ထိုင်ခိုင်းထားပြီး သူတို့ရဲ့ ခေါင်းတွေပေါ်မှာ ဓားတွေကို မိုးထားရတယ်။ အရင်ဆုံး မိန်းကလေးတွေနဲ့ လမ်းမလျှောက် နိုင်တဲ့သူတွေကို စခန်းနဲ့ လွတ်တဲ့နေရာကို အရင်သွားထားရတယ်။ ကျန်တဲ့လူတွေ ကိုတော့ လုံးဝမထခိုင်းဘဲ ထိုင်ခိုင်းထားပါ တယ်။အပြင်ကို တစ်ယောက်ချင်း ထွက်ရမယ့် အခြေအနေပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အဆောင်တွေက တစ်ခုနဲ့တစ်ခု အရမ်းကပ်နေတယ်။ တချို့လူတွေဆိုရင် အိပ်ပျော်နေတော့ သူ့အနားကို ကပ်ပြီး ထ… ထလို့ ပြောတော့ လန့်ပြီးတော့ ကျွန်တော် ကိုမသတ်ပါနဲ့ဗျာ…. ကျွန်တော့်ကို မသတ်ပါနဲ့ဗျာလို့ လန့်ပြီးပြောတယ်။ အိပ်ယာက မထဘူး။ အဲဒါမျိုးတွေ လည်း ရှိခဲ့တယ်။ နောက်တော့ ခပ်ပြင်းပြင်းလေး ဓားနဲ့ထောက်ပြီး နားနားကို ကပ်ပြီး ပြောရတယ်။ ပြီးတော့ မျက်လုံးမှာ စည်းထားတဲ့ အဝတ်ကို ဖြေပေးလိုက်ရတယ်။ အဲဒီတော့မှ သူလည်း ထွက်ပြေးရတော့မယ်ဆိုတာကို သိလိုက်ရတယ်။ နေရာက ကေအိုင်အေတပ်နဲ့ ကျောင်းသားတပ်ကြားပေါ့ဗျာ။ ဒီနေရာတွေက သူတို့လည်း ကျွမ်းတယ်။ ကိုယ်လည်း ကျွမ်းတယ်။အားလုံး အဲဒီလမ်းကြားလေးကပဲ ပြေးကြရ တယ်။ (ရှားဟော်ဘာရီ) ရွာကိုဆင်းတယ်။ ကျွန်တော်တို့ အပြင်လည်း ရောက်ရော မိုးကသည်းကြီး မည်းကြီး ရွာတာ။ စခန်းမှာလည်း တစ်ယောက်မှ မကျန်ခဲ့ဘူး။ အကုန်ပြေးကြတာ။ တစ်ယောက်နဲ့ တစ်ယောက် ထိန်းပြီးတော့ ပြေးကြတာ။
သူတို့ သိသွားတဲ့အချိန်က အရမ်း နောက်ကျနေပြီ။ ကျွန်တော်တို့ နောက်ပိုင်း ပြန်ကြားရတာကတော့ သူတို့လည်း ကျွန်တော်တို့ နောက်ကို လိုက်တယ်။ ဒါပေမယ့် အရမ်းနောက်ကျနေပြီ။ ဘာကြောင့်လဲ ဆိုတော့ စောင့်နေတဲ့ ကင်းသမား အိပ်ဖို့ပြန်သွားမှ နောက်လူက ကင်းလာစောင့်မှာလေ။ ပထမ ကင်းသမားကို ကြိုးတုပ်ထားခဲ့တော့ အဲဒီလူ အိပ်ဖို့ မသွား မချင်း ဒုတိယလူက အိပ်ပျော်နေတော့ မလာဘူးပေါ့။ အဲဒါနဲ့ အချိန်တွေ တော်တော်ကြာသွားတယ်။ ကျွန်တော်တို့ အတွက်လည်း ပြေးဖို့ အချိန်တွေ အများကြီး ရသွားတယ်။ စခန်းမှာရှိတဲ့ အလံတိုင်မှာ အလံတင်ဖို့ တစ်ယောက်ရောက် လာမှ အဖြစ်အပျက်ကို တွေ့ရတယ်။ အဲဒီမှာတင်ပဲ သူတို့လည်း ကျွန်တော်တို့ နောက်ကို အတင်းလိုက်ကြတယ်။ ဒါပေမယ့် နောက်ကျသွားပြီ။ ကျွန်တော် တို့ကလည်း လမ်းမအတိုင်း မပြေးဘူး။ လယ်ကွက်တွေထဲက ပတ်ပြီး ပြေးကြ တယ်။ တောနက်ထဲက ပြေးကြတယ်။ လျှိုကြီးတွေကို ဖြတ်ပြီးတော့ပြေးကြတယ်။ ခရီးတော့ သိပ်မတွင် ဘူးပေါ့။ သူတို့ကလည်း လိုက်တယ်။ ဒါပေမယ့် လမ်းလွဲသွားတယ်။ သူတို့ထင်တာက မြန်မာစစ်တပ် ရှိတဲ့စခန်းကို တက်မယ်လို့ ထင်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကောင်တွေက ထောက်လှမ်းရေးတွေ ဆိုတော့ စစ်တပ်ထဲကိုပဲ ပြေးလိမ့် မယ်လို့ သူတို့ထင်တယ်။ သူတို့ ထဲက တစ်ဖွဲ့ကတော့ တရုတ်ပြည်ထဲကို ဆင်းလိုက်ကြတယ်။ အဲဒီ အဖွဲ့တွေ ကတော့ ဘာလုပ်သလဲဆိုတော့ သေနတ်ဒင်တွေကို ဖြတ်ပြီး သူတို့ဝတ်ထားတဲ့ ကုတ်အင်္ကျီ အရှည်ထဲမှာ ဝှက်ပြီး လိုက်ရှာကြတယ်။
ကျွန်တော်တို့ဆီမှာ ကင်းသမားဆီက ယူလာတဲ့ သေနတ်တော့ ပါတယ်။  ဒါပေမယ့် လုံလောက်တဲ့ လက်နက်တော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ကို ခေါ်ထုတ်တဲ့ တန်းစီးက အဲဒီ လက်နက်ကို သူ ကိုင်ထားတယ်။ ဘာကြောင့်လဲ ဆိုတော့ လက်နက်ကိုင်တာက သူက ကျွမ်းကျင်တယ်။ နောက်ဆုံးကနေပြီး သူက လိုက်ပေးတယ်။ တရုတ်ပြည်ထဲကို ဝင်ပြီး လိုက်တဲ့သူတွေက ဘာဖြစ်သလဲဆိုတော့ တရုတ်ရဲက သူတို့ကို မသင်္ကာဘူး။ သူတို့က မြို့ထဲကနေ ဖြတ်တာ။ သူတို့ကို တရုတ်ရဲက မသင်္ကာလို့ ဖမ်းပြီးတော့ လက်နက်တွေကို သိမ်းပြီး သူတို့ကို မြန်မာပြည်ထဲကို ပြန်လွှတ်လိုက်တယ်။ ကျွန်တော်တို့ ထွက်ပြေးသွားတဲ့ အချိန်မှာတော့ ကိုမိုးကြီးတို့က အကျယ်ချုပ်နဲ့ နေရတဲ့အချိန်ပေါ့။ အဲဒါတော့ ကိုမိုးကြီး ပြောပြပါဦး။
ဆက်လက်ဖော်ပြပါမည်။


သတင်းဆောင်းပါး — စက်တင်ဘာလ ၂၉၊ ၂၀၁၂
ABSDF (မြောက်ပိုင်းဗဟို) မှ ကိုမိုးဇော်ထွန်း (ကိုမိုးကြီး) ၏ ပြောကြားချက်
အဲဒီနေရာမှာ ကျွန်တော် မရောက်ခင်ကတည်းက အခုပြဿနာကြီး မပေါ်ခင်မှာ အရင်ကတည်းက သတ်ဖြတ်မှု တွေ ရှိတယ်။ အဲဒီမှာ ဘာဖြစ်သလဲ ဆိုတော့ သတင်းပေး ဆိုပြီးတော့ လူ ၄ ယောက်ကို ဖမ်းပြီး ခေါ်လာတယ် လို့ သိရတယ်။ ခေါ်လာသူတွေထဲမှာ မိန်းမ ၂ ယောက်၊ ယောကျာ်း ၂ ယောက် သူတို့က လင်မယားတွေ မဟုတ်ပေမယ့် အတူတူ နေကြတဲ့သူတွေ ဖြစ်တယ်။ ဈေးရောင်းတဲ့ သူတွေကတော့ ၁၄ ယောက်  လောက် ရှိတယ်။ မြေပေါ်ယူဂျီတွေ အဖြစ် မိုးညှင်းနမ်းပါးရွာက ယူဂျီတွေက အဲဒီ ၄ ယောက်ဟာ သတင်းပေးတွေ ဖြစ်တယ် ဆိုပြီး ဖမ်းပို့လိုက်တယ်။ စစ်တပ်နဲ့ အဆက်အဆံရှိတယ် ဆိုပြီး သတင်းပေးတယ်။ အဲဒီလို ပေးလိုက် တဲ့ အတွက် အဲဒီ ၄ ယောက်ကို ခေါ်ပြီး မေးတယ်။ တပ်ရင်း ၅ မှာ အဓိက တာဝန်ယူတာတွေက မျိုးဝင်း၊ သူက အတွင်းရေးမှူး တာဝန်ကို ယူထားတယ်။ ကျွန်တော်က သူတို့ကို ဖမ်းပြီးတော့ ၃ ရက်မြောက်တဲ့နေ့မှာ ညကင်း စောင့်ရတဲ့ တာဝန်ကျတယ်။ ကင်းတာဝန်က ရုံးဆူးပင် ဆူးချုံတောကြီးထဲမှာ ကျွန်တော်ရောက်တော့ ဖမ်းထားတဲ့ ၄ ယောက်ထဲက ယောကျာ်း ၂ ယောက်ရဲ့ နားရွက်တွေကို ရုံးဆူးချုံတွေနဲ့ထိုးတားတယ်။ အဲဒီမှာ အေဘီ အက်စ်ဒီအက်ဖ် ထောက်လှမ်းရေး ယူဂျီတွေက ထပ်စစ်လိုက် တဲ့အခါ ကျတော့ သူတို့တစ်တွေက ဘာပြော လဲဆိုတော့ ရွာကနေပြီးတော့ ဒီတပ်ရင်း ၅ ကို လာတဲ့အခါမှာ သစ်ပင်တွေကို ဓားတွေနဲ့ ခုတ်ထစ်ပြီးတော့ လမ်းကြောင်းတွေ ပြလာခဲ့တယ် ဆိုတဲ့ထွက်ချက်တွေ ပေးတယ်။  ဘယ်လိုခုတ်ထစ်ပြီး ပြသလဲ ဆိုတော့ ကြက်ခြေခတ်တွေ ခုတ်တယ်။ မြားပုံစံတွေ ခုတ်တယ်။ ဘယ်အပင်တွေမှာကျရင် လေးထောင့်ပုံတွေ ပြခဲ့တယ် လို့ ထွက်ချက်ပေးတော့ အဲဒီနေရာတွေကို သွားစစ်ဆေး ကြည့်တော့လည်း သူတို့ပြောတဲ့အတိုင်း ဖြစ်နေတယ်။ အဲဒီအခြေအနေအတိုင်း ဖမ်းထားတဲ့သူတွေဟာ ငါတို့ရဲ့စခန်းကို ပြတဲ့သူတွေပဲဆို ပြီးတော့ ဆုံးဖြတ်ချက် ချလိုက်တယ်။
သင်တန်းကွင်းကြီးထဲမှာ သတင်းပေးလို့ ဖမ်းထားတဲ့ လူ ၄ ယောက်ကို လက်ဝါးကပ်တိုင်ကြီးတွေ လုပ်ပြီး တစ်ယောက်စီ ချည်ထားတယ်။ သူတို့ကို သတ်မယ့်နေ့ ညနေစောင်း မှာတော့ သင်တန်းသား အသစ်၊ ရဲဘော် အသစ်၊ ရဲဘော် အဟောင်း၊ ကေအိုင်အေ အကုန်လုံးကို လာကြည့် ခိုင်းတယ်။ အဲဒီကာလကတော့ ၈၈၈၈ (ရှစ်လေးလုံး) ၃ နှစ်ပြည့် နှစ်ပတ် လည် ၉၁ မေ၊ ဇွန်လလောက်က ဖြစ်မယ် ထင်တယ်။ ပြည်ထောင်စုနေ့ လူသတ်ပွဲကြီး မဖြစ်ခင်ကပေါ့။ အဲဒီ လူသတ်ပွဲကြီး ရဲ့ အစ လို့လည်း ပြောလို့ရမယ်။ ကြိုးချည်ထားတဲ့ တစ်ယောက်ချင်းစီရဲ့ ရှေ့ မှာ ပုံးကြီးတွေ ချထားတယ်။ပြီးတော့  ချည်ထားတဲ့သူ ၄ ယောက်ကို တစ်ယောက် ချင်းစီ ဗိုက်ခွဲပြီးတော့ သတ်ပစ် လိုက်တယ်။ ထွက်ကျလာတဲ့ အူတွေ က ရှေ့ကခံထားတဲ့ ပုံး ကြီးထဲကို ကျသွားတယ်။
အဲဒီသတ်တဲ့သူတွေကို မေးမြန်းစစ်ဆေးတဲ့သူက ဇော်ဇော်မင်းပေါ့။ သူက မိထားတဲ့သူတွေကို သတင်းပေး ဟုတ် မဟုတ် မေးပြီး မှတ်တမ်းတင်တဲ့သူပေါ့။ သတ်ခါနီးမှာ ခင်ဗျားသတင်းပေး ဟုတ်လား။ မဟုတ်လား။ သူက မေးတော့ အင်း…ဟုတ်တယ် လို့ပဲ အဲဒီလူတွေက ပြောနိုင်တော့တယ်။ အဲဒီလိုဗိုက်ကို ခွဲပြီး သတ်တဲ့အချိန်မှာ လာကြည့်နေတဲ့သူတွေ အားလုံးက တွေ့ရတယ်။ စွပ်စွဲခံရတဲ့သူ ၄ ယောက်ထဲက မိန်းမတစ် ယောက်က မသေခင်မှာ အကျယ်ကြီး အော်ပြော သွားတယ်။ “ငါတို့ မတရားစွပ်စွဲခံရတာ။ အဲဒီတော့ ငါတို့ မတရား စွပ်စွဲခံရသလို နင်တို့လည်း အဲဒီလိုဖြစ်ပါစေ” ဆိုပြီး ကျိန်ဆိုခဲ့တယ်။ သူတို့ဗိုက်ကို ခွဲလိုက်လို့ ထွက်ကျ လာတဲ့ အူတွေကိုတော့ အဲဒီကွင်းထဲမှာပဲ မြှုပ်လိုက်တယ်။ အဲဒီမြင်ကွင်း ကတော့ ကျွန်တော်တို့ တပ်ရင်း ၅ မှာ ထောက်လှမ်းရေးလို့ မတရား စွပ်စွဲပြီး ပထမဆုံး သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းပဲ ။ သေသွားတဲ့လူ ၄ ယောက် စလုံးက အဲဒီနယ်က ရွာသားတွေပဲ။ အဲဒီလို သူတို့ကို သတ်ပြီးနောက် ၄၊ ၅ ရက် အကြာမှာတော့ စစ်တပ်က ထိုးစစ်ဆင်ပြီး လာတဲ့အတွက် ကျွန်တော်တို့ တပ်ရင်း ၅ အဲဒီမှာ ကျသွားတယ်။ အဲဒီ အခြေအနေတွေဟာ တိုက်ဆိုင်မှုပဲ ပြောမလားတော့ မပြောတတ်ဘူး။ ကျွန်တော် ပြောချင်တာကတော့ ထောက်လှမ်းရေးပါ။ သတင်းပေးပါလို့ စွပ်စွဲပြီး ကျွန်တော်တို့ (အေဘီအက်ဖ်ဒီအက်ဖ်)က အပြစ်ပေးတဲ့ မြင်ကွင်းကို စပြီးတွေ့ ခဲ့ရတာပဲ။ တပ်ရင်း ၅ က ကျောင်းသားတပ်ကော၊ ကေအိုင်အေတပ်ကော ပူးတွဲပြီး ထိုင်ထားတဲ့တပ် ကျယ်ကျယ် ပြန့်ပြန့် ပြောရရင် ဖားကန့်ဒေသမှာ ထိုင်ထားတဲ့ တပ်ရင်း ၆ ကို လက်နက်အင်အား၊ လူအင်အား ထောက်ပံ့ပေးရတဲ့ တပ်ပါ။
ကျွန်တော်တို့ တပ်ရင်း  ၅ မှာ အကြီးဆုံးကတော့ ကိုမျိုးဝင်းပဲ။ ကေအိုင်အေ တပ်ရင်းမှူးကတော့ ထူးဂျန်ပေါ့။ ထိုးစစ်ဆင်ပြီး ကျွန်တော်တို့ တပ်ရင်း ၅ ကျတဲ့အချိန်က မိုးတွင်းကြီး ဆိုတော့ ကျောက်ကွေ့ကွင်းလို့ ခေါ်တဲ့ ရထားလမ်းနဲ့ ဧရာဝတီမြစ်ကြား အဲဒီပတ်ဝန်းကျင်မှာ လှည့်ပတ်ပြီး ပြေးနေရ တာပဲ။ စစ်တပ်က ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကို စစ် သင်္ဘောတွေနဲ့ ပိတ်ထားလိုက်တယ်။ ဟိုဘက်ကမ်း ကို ဖြတ်ပြေးလို့ မရဘူး။ အဲဒီတော့ ကျောက်ကွေ့မှာ ရှိတဲ့ရွာတွေမှာ ရွာပုန်း ရွာရှောင်တွေမှာ နေပြီးတော့ ပုန်းနေရတယ်။ ကျွန်တော်တို့က ပြောက်ကျားစစ် ဆိုတော့ ပုန်းတဲတွေ ထားတယ်။ အဲဒီမှာ ဆန်ထုတ်ပြီး စားပေါ့။ အဲဒီကာလမှာလည်း ပြေးရင်းလွှားရင်းနဲ့ တော်တော်များများ သေပါတယ်။ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ဗဟိုက ကိုအောင်နိုင်(ဒေါက်တာအောင်နိုင်) တို့ဆင်းလာတယ်။ အဲဒီမှာ သူ့ကို ကျွန်တော် စပြီးတွေ့ဖူးတယ်။ အဲဒီမှာ လူက နည်းနည်းပဲ ကျန်တယ်။ လူ ၃၀/၄၀ လောက်ပဲကျန်တယ်။ အဲဒီ ကိုထိန်လင်း တို့ တပ်စု ထွက်ပြေး လွတ်မြောက် သွားကြတဲ့နေ့ မနက် ၆ နာရီ လည်း ကျရော ကျွန်တော်တို့ အဆောင်ကို တံခါးလာခေါက်တယ်။ ပြီးတော့ အားလုံးကို ထောက်လှမ်းရေး ရုံးခန်းထဲကို ခေါ်လွှတ်လိုက်တယ်။ မင်းတို့လူတွေ ထွက်ပြေးသွားကြပြီ မရှိတော့ဘူးလို့ ပြောတော့ ကျွန်တော်တို့လည်း အံ့ဩသွားတယ်။ ပြဿနာ  တော့ တက်ပြီလို့ စိတ်ထဲမှာ ထင်နေကြတယ်။ ထွက်ပြေးသွားတဲ့သူတွေ နောက်ကို သေနတ်ဒင်တွေဖြတ်ပြီး လိုက်သွားတဲ့သူတွေကလည်း လိုက် သွားကြတယ်။ တစ်နာရီခွဲ၊ နှစ်နာရီ လောက်ကြာတော့ ကေအိုင်အေက နေပြီး ဖုန်းဆက်အကြောင်းကြား တယ်။ မင်းတို့လူတွေ လာခေါ်လို့ ပြောတဲ့အခါကျတော့ အဲဒီမှာ သံချောင်းက တော်တော်ဝမ်းသာသွား  တယ်။ ကဲမိလာပြီ။ သတ်ဖို့ပဲရှိတော့ တယ်။ သွားခေါ်ဆိုပြီး သူ့လူတွေကို လွှတ်လိုက်တယ်။
ကျွန်တော်တို့ လည်း အရမ်းစိတ်ပူသွားတာပေါ့။ ကိုယ့်လူတွေတော့ အသတ်ခံရတော့ မယ်ဆိုပြီး စိတ်မကောင်းဖြစ်နေကြ တယ်။ နောက်တော့ စခန်းကို ပြန် ရောက်လာ တဲ့အခါ ကြည့်လိုက်တော့  စောစောက သေနတ်ဒင်ဖြတ်ပြီး လိုက်သွားတဲ့ သူတွေ ဖြစ်နေတော့တာပေါ့။ ထွက်ပြေးသွားတဲ့ သူတွေကို အဲဒီညက စောင့်နေရတဲ့ ကင်းသမား  အောင်နိုင်ကိုတော့ သေဒဏ်ပေးပြီး သတ်ပစ်လိုက်တယ်။ ကျွန်တော်တို့ လည်း ဝမ်းနည်းပြီး ဘယ်လိုနေရမှန်း မသိတော့ဘူး။ ကင်းသမား အောင်နိုင်ကို တာဝန်ဝတ္တရား ပျက်ကွက်မှုလို့ စွပ်စွဲတယ်။ မသတ်ခင်မှာ မင်းစားချင်ရာစား ဆိုပြီး ခွင့်ပေးထားတယ်။ အဲဒီ ကင်းသမားလည်း တစ်ချိန်လုံး လူမှန်း မသိအောင် အရက်တွေ သောက်ပြီး လူသတ်ကုန်း ဖြစ်တဲ့ အာဇာန်ကုန်းကို ခေါ်သွားတဲ့ အချိန်အထိ သူ့မှာ လူမှန်း သူမှန်း မသိဘူး။ နောက်တော့ သေနတ်သံကြားလိုက်ရတယ်။ အသတ်ခံရတဲ့အခါမှာ ကင်းသမား တင် မဟုတ်ဘူး။ ထောင်မှူး လှမျိုးနောင်ပါ ပါတယ်။ သူတို့နှစ်ယောက်ကို သတ်ပစ် လိုက်တာ။ ထောင်မှူး လှမျိုးနောင် ကလည်း ကျောင်းသားတပ်မှာ ခေါင်းဆောင်ပဲ။ အဲဒီသေသွားတဲ့ ထောင်မှူးက သူလည်း ဝဋ်ခံရ တာပဲ။ ဘာကြောင့်လည်းဆိုတော့ သီချင်းဆို မှားသွားတဲ့ အချုပ်သား တစ်ယောက်ကို သူက နန်ချပ်ကူ စမ်းတယ် ဆိုပြီး ရိုက်သတ်ပစ်လိုက်တယ်။ အခုကျတော့ သူလည်း ပြန်သေရတာပဲ။ သူ သေခါနီးကျတော့ ဘာတောင်းသလဲ ဆိုတော့ အရက်တောင်းတယ် လို့တော့ သိရတယ်။ နောက်တော့ ကျွန်တော်တို့လည်း ကိုထိန်လင်းတို့ ထွက်ပြေးတဲ့ လမ်းကြောင်း အတိုင်းပဲ ထွက်ပြေးလာခဲ့တယ်။ အားလုံးပေါင်း ၃ ယောက်ပေါ့၊ ကျွန်တော်ရယ်၊ ကိုရဲလေးရယ်၊ မန္တလေးက ခင်မောင်ဇော်ရယ် ထွက်ပြေးကြတာ ဒီကို ရောက်တော့ အလင်းဝင် လို့ မရဘူး။ ထောင်ချတော့မယ်၊ ဗန်းမော်ထောင် မှာပေါ့။ နောက်တော့ အိမ်က သိတာနဲ့ ချက်ချင်း လိုက်လာ တယ်။ ကိုထိန်လင်းတို့နဲ့ အမှုအတူတူပါဆိုပြီး ပြောပြတော့မှ အဆင်ပြေသွားတယ်။
ABSDF (မြောက်ပိုင်း)မှ ကျောင်းသား ရဲဘော်များ အချင်းချင်းကြား ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များတွင် ကိုယ်တိုင် ပါဝင်ခဲ့ သည့် ကျောင်းသားများ၏ ထုတ်ဖော် ပြောကြားချက်များ ဖြစ်ပါသည်။ အဆိုပါ ပုဂ္ဂိုလ်များနှင့် ရန်ကုန်မြို့ ၌ တွေ့ဆုံမေးမြန်း ချက်များမှ အချို့ကို ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။

No comments: