Thursday, October 4, 2012

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (၁ to ၁၀)


သတင်းဆောင်းပါး — ဇွန်လ ၂၀၊ ၂၀၁၂
အောက်စ်ဖို့ဒ်အိမ်မှာ တွေ့ရသည့် ဒေါ်အောင်ဆန်း စုကြည် မိသားစု(၁၉၈ဝ)
အောက်စ်ဖို့ဒ်အိမ်မှာ တွေ့ရသည့် ဒေါ်အောင်ဆန်း စုကြည် မိသားစု(၁၉၈ဝ)
အခန်း ၁။ အောက်စ်ဖို့ဒ်က စု (၁၉၇၄-၁၉၈၄)
(၁) အောက်စ်ဖို့ဒ်က စုနဲ့မိုက်ကယ်
ကျွန်မက မိုက်ကယ်အဲရစ်ကို လွန်ခဲ့တဲ့ ၃၇ နှစ်က စတွေ့ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် နွေဦးမှာ ကျွန်မက ဗြိတိသျှပြတိုက်ကြီး နောက် ကပ်လျှက်က အရှေ့တိုင်းနဲ့အာဖရိက လေ့လာရေးဌာန (လန်ဒန် တက္ကသိုလ်)မှာ တိဘက်ဘာသာကို လေ့လာခဲ့တဲ့အချိန်ပေါ့။ အဲဒီအချိန်က ကျွန်မရဲ့ ကျန်နေသေးတဲ့ ဘဝအချိန်တွေကို တိဘက်ကျောင်းလေးမှာပဲ ကုန်ဆုံးနေချင်ခဲ့တာပါ။ မိုက်ကယ်နဲ့ ပထမဆုံး စတင်တွေ့ရတဲ့ အခိုက်အတန့်ကတော့ ကျွန်မတို့ရဲ့ စာသင်ခန်းထဲမှာပါပဲ။ တိဘက်ဘာသာကို ကောင်းကောင်း သင်ကြားတတ်တဲ့ မိုက်ကယ့်ကို အဲဒီအချိန်က သူ့နိုင်ငံကို ပိုလွတ်လပ်ခေတ်မီဖို့ တက်ကြွနေတဲ့ အသက် ၂၆ နှစ် အရွယ် ဘူတန်ဘုရင်ကလေးက သီးသန့်ဆရာအဖြစ် ဖိတ်ခံရတဲ့အထိ မိုက်ကယ်က တိဘက်စာ သင်တာ ကောင်းလှပါတယ်။
ကျွန်မက မိုက်ကယ့်ကို မြင်မြင်ချင်းမှာပဲ သဘောကျခဲ့ပါတယ်။ သူက ဆံပင်ရှုပ်ပွပွ၊ ခပ်ကြမ်းကြမ်းတမ်းတမ်းပုံ ဖြစ်နေတဲ့ ဟိမဝန္တာက လူကြီးတစ်ယောက်နဲ့ တူနေခဲ့ပါတယ်။ သူ့ကို တွေ့ရင် ဘယ်သူကမှ ရုပ်ရည်ချောမောသူလို့ မပြောနိုင်ကြပေမယ့် သူ့ရဲ့ သားငယ်လေး ကတော့ “ဒယ်ဒီက ရုပ်ချောတယ်”လို့ အော်အော်ပြီး မိုက်ကယ့်ကို ကာကွယ်ပေးတတ်ပါရဲ့။ တကယ်တော့ သူက စိတ်ထားမကျဉ်းမြောင်းဘဲ မေတ္တာထားတတ်သူမို့ လူတွေက သူနဲ့ ဆက်ဆံရတာ သိပ်စိတ်အေးချမ်းရပါတယ်။ သူဟာ ဝိနည်းကို လိုက်နာလွန်းတဲ့ လူဖြူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးနဲ့ တူနေတာပါ။ သူက ဘောင်းဘီမှာ ချည်ကျော် အပေါက်လေးဖြစ်ပြီး ပေါင်သားအချို့ပေါ်ကာ အေးနေရင်တောင် ဂရုမစိုက်တဲ့အထိ ရုပ်ဝတ္ထုအပေါ် မခင်တွယ်သူပေါ့။ ကျွန်မကို တွေ့တွေ့ချင်း နှုတ်ဆက်တော့ “ကျွန်တော့်ဇနီးက မြန်မာပါ”လို့ မျက်လုံးတွေ အရောင်လက်စွာ ပြောခဲ့ပါတယ်။ အဲဒီတိုတောင်းတဲ့ တွေ့ဆုံမှုကလေး ဟာ နောင်နှစ်ပေါင်းသုံးဆယ်ကျော် အဓွန့်ရှည်လိမ့်မယ်လို့တော့ ကျွန်မ က မမျှော်လင့်ခဲ့ပါဘူး။
၁၉၇၅ ခုနှစ် နွေရာသီရောက်တော့ ကျွန်မအမျိုးသားက လန်ဒန် စီးပွားရေးတက္ကသိုလ်ရဲ့ သုတေသနဌာနကနေ အောက်စ်ဖို့ဒ်က စိန့်အန်ထော်နီကောလိပ်ကို ပြောင်းရတဲ့အတွက် ကျွန်မတို့လည်း လန်ဒန်ကနေ အောက်စ်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ကျွန်မတို့က ဝုဒ် စတော့ခ်လမ်းမှာ ရှိတဲ့ အိမ်တစ်အိမ်ရဲ့ အပေါ်ထပ်မှာ ငှားနေခဲ့ပါတယ်။ ကျွန်မကတော့ လန်ဒန်ကို အောက်စ်ဖို့ဒ်ကနေ ရထားနဲ့ မြေအောက်ရ ထားတွေ စီးပြီး ကျောင်းတက်ဆဲပါပဲ။
အောက်စ်ဖို့ဒ်က ပြောင်းဖူးဈေးလမ်းနဲ့ သဘောင်္လမ်း ဆုံရာ ထောင့်မှာ ပုံပြင်ထဲမှာ တွေ့ရတတ်တဲ့ သစ်သားအိမ်ကလေး တစ်လုံး ရှိပါတယ်။ အဲဒီအိမ်ကလေးက ငွေအကြွေစေ့ သုံးရတဲ့ အဝတ်လျှော်စက်တွေ ရှိရာနေရာပေါ့။ အဲဒီကနေ လျှော်ပြီးသားအဝတ်ထုပ်ကြီး ပခုံးပေါ်တင်ပြီး ထွက်လာတတ်တာကတော့ မိုက်ကယ်ပါပဲ။ အဲဒီမှာ ကျွန်မနဲ့မိုက်ကယ် ဒုတိယအကြိမ် ပြန်တွေ့တာပါ။ ခဏလောက် နှုတ်ဆက်ပြီးတော့ နောင်မှာ တွေ့ကြရအောင်လို့ဆိုကာ လမ်းခွဲခဲ့ကြတာပါ။
နောက်အပတ်မှာတော့ ကျွန်မတို့ဇနီးမောင်နှံက ဟာလီဖစ်စ်အိမ်ရှိရာ ကလပ်ကို လာဖို့ မိုက်ကယ်နဲ့သူ့မိသားကို ဖိတ်ခဲ့ပါတယ်။ နက်မှောင်တဲ့ ဆံပင်အထူကြီးကို စည်းနှောင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ကလေးထိုင် လက်တွန်းလှည်းလေးကို တွန်းပြီး ကလပ်ထဲကို ဝင်လာပါတယ်။ သူ့ရဲ့အလှအပနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့အသွင် ခါးမတ်မတ်ကို သတိထားမိတဲ့ အဲဒီခဏ မှာပဲ ကျွန်မက အသက်မရှုမိခဲ့ပါဘူး။ သူ့နောက်မှာတော့ ကျွန်မနဲ့ ဆုံခဲ့ ဖူးတုန်းက ပါလာတဲ့ အဝတ်အိတ်ကြီးကို အရင်ကလိုပဲ ပခုံးပေါ်တင်ကာ လျှောက်လာတဲ့၊ ဂျပန်သူကြွယ် နတ်ဘုရားတစ်ပါးလို ပြုံးနေတဲ့ မိုက် ကယ်ပေါ့။
ဖြစ်ချင်တော့ မိုက်ကယ်ကလည်း သူ့မိသားစုနဲ့အတူ အောက်စ် ဖို့ဒ်ကို ပြောင်းလာခဲ့ပါပြီ။ သူတို့က အောက်စ်ဖို့ဒ်ရဲ့ အရှေ့တောင်ပိုင်းက ဆန်းနင်းဝဲလ်ရွာလေးက လယ်တောအိမ်လေးတစ်လုံးမှာ ငှားနေကြပါ တယ်။ အဲဒီမှာ တခြားလယ်တောအိမ်လေး နည်းနည်းပါးပါးနဲ့ ဆိုင်လေး တစ်ဆိုင် ရှိပါတယ်။ ဒီတော့ သူတို့က အောက်စ် ဖို့ဒ်မြို့လည်ကို ဈေး ဝယ်ဖို့နဲ့ အဝတ်လျှော်ဖို့ သွားကြရတာပေါ့။ သူတို့ရဲ့ အိမ်နီးနားချင်းတွေ မှာ ကားရှိကြပေမယ့် စုနဲ့မိုက်ကယ်က သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်း လိုသူတွေ ဖြစ်ကြသလို မိုက်ကယ်က စက်နဲ့ ပတ်သက်ရင် ဘာမှ မကျွမ်းကျင်သူလေ။ ဒီတော့ သူတို့ရဲ့ တစ်ခုတည်းသော အားကိုးရာ လမ်းပန်းဆက်သွယ်ရေးယာဉ်ကတော့ နေ့စဉ်ပြေးဆွဲပေးနေတဲ့ ဘတ်စ်ကားတွေပါပဲ။
နေ့စဉ်လိုသမျှတွေ ဝယ်ခြမ်းဖို့အတွက် မြို့လယ်ကို သွားရတာက ထုံးစံပါ။ ဒါပေမယ့် ဘာလို့ အဝတ်လျှော်ဖို့ မြို့လယ်အထိ သွားရမှာပါလိမ့်။ အင်္ဂလိပ်အိမ်တွေဟာ ဒေသတစ်ခုလုံးအတွက် စီမံကိန်းကြီး ချပြီးမှ ဆောက်ထားတာဆိုတော့ ရှေးဟောင်းသမိုင်းဝင်အိမ်တွေအဖြစ် ကြည့်လို့တော့ ကောင်းပါရဲ့။ ဒါပေမယ့် နေတဲ့လူတွေအတွက် ကတော့ အဆင်မပြေလှပါဘူး။ အိမ်အများစုမှာ အိမ်သာနဲ့ ရေချိုးခန်းဆိုတာ အပေါ်ထပ်မှာပဲ ရှိနေပြီး ရေဆိုးထုတ်စနစ် ပြသနာကြောင့် မိသားစုသုံး အဝတ်လျှော်စက်တွေအတွက် ထားစရာနေရာ ခက်ခဲပါတယ်။ အဲဒီအချိန်က ကမ္ဘာ့နိုင်ငံ အတော်များများမှာ မိသားစုသုံး အဝတ်လျှော်စက်တွေ က တွင်ကျယ်နေပြီးသားပါ။ အိမ်ရှင်မတွေအတွက်လည်း အဝတ်လျှော်စက်ဆိုတာ အဖိုးတန်လွန်းတဲ့ ရတနာတစ်ပါးလို ဖြစ်ပါရဲ့။ ခက်တာက ငွေအကြွေသုံး အဝတ်လျှော်စက်လုပ်ငန်းကိုလည်း ရည်ရွယ်ချက်ရှိရှိ ထူထောင်ထားတာကိုး။ (အခုဆို ဒီလုပ်ငန်းက စီးပွားဖြစ်လုပ်ငန်းကြီးကို ဖြစ်လို့ပါပဲ) ဒီလိုနဲ့ မြို့လယ်လမ်းထောင့် တစ်နေရာရာမှာ ရှိနေမှာ သေချာတဲ့ ငွေအကြွေသုံး အဝတ်လျှော်စက်တွေကို အားကိုးခဲ့ရပါတယ်။ အခုတော့ အဲဒီဆိုင်လေးက မျက်မှန်ဆိုင် ဖြစ်ခဲ့သလို နောက်ဆုံးတော့ အိုင်ဖုန်းအရောင်းဆိုင် ဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်နဲ့ တွေ့ဆုံဖြစ်တဲ့အတွက် အဲဒီအဝတ်လျှော်ဆိုင်လေးက အမှတ်တရပါပဲ။ အဲဒီတွေ့ဆုံမှုလေးကနေ အခုအချိန်ထိ မိုက်ကယ်၊ စုနဲ့သားနှစ်ယောက်ကို စိတ်ဝိဥာဉ်ချင်း ထိတွေ့နေဖြစ်တာ မဟုတ်ပါလား။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — ဇွန်လ ၂၁၊ ၂၀၁၂
ဒီမိုကရေစီပုံရိပ်အဖြစ်သို့
ကျွန်မက စုနဲ့ မိုက်ကယ်တို့ ဘယ်လိုချစ်ကြိုး နှောင်ဖွဲ့ခဲ့တယ် ဆိုတဲ့အကြောင်း စုဆီကနေ ဘယ်တုန်းကမှ မသိခဲ့ရပါဘူး။ စု နေအိမ်အကျယ်ချုပ် ကျပြီးနောက်ပိုင်းမှာ မိုက်ကယ့်ဆီက သူတို့ရဲ့ အချစ်ဇာတ်လမ်းကို တစ်စထက်တစ်စ သိခွင့်ရလာခဲ့ပါတယ်။ ကျွန်မကလည်း မိုက်ကယ်ရဲ့အပြောနဲ့ စုရဲ့ ကိုယ်ရေးရာဇဝင်ကိုပါ ခြေရာခံဖြစ်ခဲ့ပါတယ်။
၁၉၈၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်က ဂျပန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်
၁၉၈၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်က ဂျပန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်
သူ့အဖေ လုပ်ကြံခံရစဉ်က စု ဟာ အသက်နှစ်နှစ်သာ ရှိသေးတာမို့ လုပ်ကြံတယ်ဆိုတာကိုရော သေဆုံးမှုအတွက် ဝမ်းနည်းရမှာကိုပါ သိပ်နားမလည်နိုင်ခဲ့ပါဘူး။ စုက သူ့ အဖေကို ကောင်းကောင်းလည်း မမှတ်မိပါဘူး။ ဒါပေမဲ့ သူ့ဘဝမှာ ဘယ်တော့မှ မေ့လို့မရတဲ့ မြင်ကွင်းတစ်ခုအကြောင်း စုက ကျွန်မကို ပြောပြဖူးပါတယ်။ အဲဒါကတော့ သူငယ်ငယ်က အိမ်အဝင်က လှေကားရှည်ကြီးထိပ်မှာ ညနေတိုင်းထိုင်ကာ စစ်ယူနီဖောင်းနဲ့ ပြန်လာမယ့် အဖေ့ကို မျှော်နေတတ်ပြီး အဖေကလည်း သူ့ကိုတွေ့တာနဲ့ ပွေ့ချီကာ လေထဲမြှောက်ပေးသလို ပါးနှစ်ဖက်ကိုလည်း မွှေးမွှေးပေး၊ လူကိုလည်း တင်းတင်းကျပ်ကျပ် ဖက်ထားတတ်တဲ့ မြင်ကွင်းပါတဲ့။ အဲဒီလို ပြန်ပြောပြတဲ့ အချိန်မှာတောင် သူ့အဖေရဲ့ အထိအတွေ့ကို သူကရနေသေးသလို အဲဒီမြင်ကွင်းက သူ့စိတ်ထဲမှာ မြဲနေခဲ့ပါတယ်တဲ့။ အဲဒီလို ပြောပြတာကို နားထောင်နေတဲ့ခဏမှာပဲ ကျွန်မ တွေးလိုက်မိတာ ကတော့ စုဟာ သူချစ်ရတဲ့သူ အကြောင်းကို ပြောနေတာပဲလို့ပါ။ သူ့ ရဲ့ နူးညံ့ပြီးထွားကျိုင်းတဲ့ ချစ်သူ မိုက်ကယ့်အပေါ် စုရဲ့ ခံစားချက်ကိုလည်း နားလည်သွားသလိုပါပဲ။
၁၉၄၈ ဇန်နဝါရီ ၄ ရက်မှာ မြန်မာပြည် လွတ်လပ်ရေးရပါတယ်။ စုမေမေ မခင်ကြည်က ဦးနုအစိုးရ လက်ထက်မှာကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲကို ဝင်ကာ ကိုယ်စားလှယ်တစ်ဦး ဖြစ်လာပါတယ်။ သူဟာ တစ်ဖက်မှာ မိခင်အဖြစ်ရော ဖခင်အဖြစ်ပါ တာဝန်ကျေသလို တစ်ဖက်မှာလည်း ဦးနု ကက်ဘိနက်ရဲ့ တက်ကြွတဲ့ နိုင်ငံရေးသမား ဖြစ်လာခဲ့တာပါ။ ကျွန်မက ဒေါ်ခင်ကြည်နဲ့သိတဲ့ ဂျပန်မိတ်ဆွေ တစ်ယောက်ဆီက ကြားခဲ့ရတာကတော့ သူက အဆုံးအဖြတ်နဲ့ တုံ့ပြန်မှုတွေကို ချက်ချင်းလုပ်နိုင်တဲ့ အမျိုးသမီးဖြစ်သလို လူထုကို အားတက်စေကာ လှုပ်ရှားစေနိုင်တဲ့အထိ စွမ်းပကားကြီးသူ ဆိုတာပဲ ဖြစ်ပါတယ်။ စုဟာ အဲဒီလို စည်းကမ်းကြီးတဲ့ အမေရဲ့ ပျိုးထောင်မှုကို ခံခဲ့ရသလို မြန်မာ့ရိုးရာတန်ဖိုးတွေကိုလည်း သင်ယူခဲ့ရပါတယ်။
ဗြိတိသျှလက်အောက်က လွတ်ခဲ့ပေမယ့် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေက လူမျိုးစုအရေး ပြဿနာတွေနဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် အမြန်ဆုံးနည်းလမ်းအနေနဲ့ ဗြိတိသျှ တွေ ချန်ရစ်ခဲ့တဲ့ အခြေခံအဆောက်အအုံ စနစ်တွေအတိုင်း ဆက်လုပ်သွားဖို့ အားထုတ်ခဲ့ကြပါတယ်။ ပညာရေးမှာဆိုလည်း ဗြိတိသျှနည်းကိုပဲ စသုံးပါတယ်။ ဒီတော့ ချမ်းသာတဲ့ မိသားစုထဲက ကလေးတွေဟာ မြန်မာစကားမပြောရလို့ တားမြစ်ထားခဲ့ဖူးတဲ့ မစ်ရှင်သာသနာပြု ကျောင်းတွေမှာ စာသင်မြဲသင်ကြပေမယ့် အဲဒီကျောင်းတွေမှာပဲ နိုင်ငံခြားသားတွေ (အထူးသဖြင့် အင်္ဂလိပ်တွေ)ကို မုန်းတဲ့အလေ့ဟာလည်း ခေတ်စားနေခဲ့ပါတယ်။ စုက အသက်လေးနှစ်မှာ စိန့်ဖရန်းဆစ် ကွန်ဗင့်ဆိုတဲ့ကျောင်းမှာ မူကြိုစတက်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်မှာ စုတို့မိသားစု အတွက် နောက်ထပ် ဝမ်းနည်းကြေကွဲစရာ    ဖြစ်လာတာကတော့ နေအိမ်ထဲက ရေကန်မှာပဲ ဒုတိယမြောက်သား အောင်ဆန်းလင်း ကွယ်လွန်ခဲ့ရတာပါ။ ဒီလိုနဲ့ ဒေါ်ခင်ကြည်ဟာ အဲဒီအချိန်က အစိုးရရဲ့ ကမ်းလှမ်းချက်ကြောင့် လက်ရှိနေအိမ်ဖြစ်တဲ့ ၅၄-၅၆၊ တက္ကသိုလ်ရိပ်သာလမ်း အိမ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။
၁၉၅၇ ခုနှစ်မှာတော့ စုက အင်္ဂလိပ်မက်သဒစ်ကျောင်းမှာ အလယ်တန်း တက်နေခဲ့ပါပြီ။ စုက အင်မတန် တိတ်ဆိတ်တဲ့ ကျောင်းသူလေးဖြစ်ကာ အမြဲတမ်း တစ်ယောက်တည်း စာပဲဖတ်နေတယ်လို့ စာအုပ်တိုင်းလိုလိုမှာ    ရေးကြပါတယ်။ မှန်ပါတယ်။ စာအုပ်တွေဟာ စုအတွက် အကောင်းဆုံးမိတ်ဆွေဆိုတာ အရင်ကရော အခုထိပါ မပြောင်းမလဲ မှန်နေတာပါ။
၁၉၆ဝ ခုနှစ်မှာတော့ စု မေမေဟာ အိန္ဒိယကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခံရပါတယ်။ စုဟာ အထက်တန်းကို  ၁၉၆ဝ-၆၁ ခုနှစ်မှာ ဒေလီက စိန့်မေရီကွန်ဗင့်မှာ တက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၆၃ ခုနှစ်မှာ  ဒေလီဆရီလမ်ကောလိပ်မှာ နိုင်ငံရေး သိပ္ပံဘာသာကို တက်ပါတယ်။
၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ ဒေါ်ခင်ကြည်ဟာ သားကြီး အောင်ဆန်းဦးကို အင်္ဂလိပ်သံတမန်တစ်ဦးနဲ့အတူ အင်္ဂလန်ကို ပို့ခဲ့ပါတယ်။ အောင်ဆန်းဦးက ဒိုဗာကနေ လန်ဒန်ကို ပြောင်းရွှေ့ကာ အင်ပီးရီယား ကောလိပ်မှာ ပညာသင်ခဲ့ပါတယ်။ ၁၉၆ဝ မှာ ဒေါ်ခင်ကြည်နဲ့ စုဟာ တစ်ခါက အိန္ဒိယမှာ ဗြိတိသျှအင်ပါယာရဲ့ ကော်မရှင်နာမင်းကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ မိတ်ဆွေဟောင်း ဆာပေါလ်ဂေါရ်ဘုသ် မိသားစုနဲ့ ပြန်လည် ဆုံတွေ့ဖြစ်ခဲ့ပါတယ်။ ၁၉၆၄  ခုနှစ်မှာ ဂေါရ်ဘုသ် မိသားစုက  အင်္ဂလန်ကိုပြန်ရာမှာ ဒေါ်ခင်ကြည် က စုကို အောက်စ်ဖို့ဒ်ကို ပို့ဖို့ စီစဉ် ပါတော့တယ်။ ဒီလိုနဲ့ စုဟာ လန်ဒန်၊ ချယ်လ်ဆီး ရပ်ကွက်မှာ ဂေါရ်ဘုသ်တို့ မိသားစုနဲ့အတူ နေခဲ့ပါတယ်။ ဆာပေါလ်ဂေါရ်ဘုသ် ကွယ်လွန်ခဲ့ပြီးတဲ့နောက်မှာ ဇနီးဖြစ်သူ လေဒီပက် ထရစ်ရှာ ဂေါရ်ဘုသ်ဟာ စုကိုသာ မက သားနှစ်ယောက်ကိုပါ စောင့် ရှောက်ခဲ့ပါတယ်။ တကယ်တော့ သူဟာ စုအတွက် အင်္ဂလိပ်မိခင်လို့ ဆိုရမယ့်သူပါ။
ဂေါရ်ဘုသ်တို့ ဇနီးမောင်နှံမှာ ကလေးလေးယောက် ထွန်းကားပြီး အကြီးဆုံးနဲ့ အငယ်ဆုံးက မိန်းကလေးတွေ ဖြစ်ကာ  အလတ်နှစ်ယောက်က ယောက်ျားလေး အမွှာပါ။ ဒေးဗစ်နဲ့ ခရစ်တိုဖာဂေါရ်ဘုသ်တို့ က ရိုမန်ကက်သလစ်ကျောင်း    တက်တော့ ခင်ဖြစ်တာကလည်း အမွှာကောင်လေး နှစ်ယောက်ပါပဲ။ ၁၉၄၆ ခုနှစ် မတ် ၂၇ ဖွား အန်ထော်နီနဲ့ မိုက်ကယ်အဲရစ်တို့ပေါ့။ သူတို့တက်တဲ့ကျောင်းက နာမည်ကြီးဖြစ်ကာ အသက် ၁၂ နှစ်ကနေ ၁၈ နှစ်အထိ အဆောင်မှာ အတူတူနေခဲ့ကြရပါတယ်။ အထက်တန်းကျောင်းက အောင်တော့ ဒေးဗစ်က အောက်စ်ဖို့ဒ်တက္ကသိုလ်တက်ကာ ခရစ်တိုဖာ၊ အန်ထော်နီနဲ့ မိုက်ကယ်တို့က ဒါရ်ဟမ်တက္ကသိုလ် ကို တက်ခဲ့ပါတယ်။ အဲဒီနောက် မိုက်ကယ်နဲ့ ခရစ်တိုဖာကြားမှာ ရာသက်ပန်ခင်မင်မှု မွေးဖွားခဲ့ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုနှင့်အတူ တွေ့ရသည့် မူရင်း စာရေးသူ နိုရီကို
ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုနှင့်အတူ တွေ့ရသည့် မူရင်း စာရေးသူ နိုရီကို
တစ်နေ့မှာ ခရစ်တိုဖာက မိုက်ကယ့်ကို သူ့အိမ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီမှာ စုနဲ့မိုက်ကယ် ပထမဆုံး စတင်တွေ့ဆုံကြပါတယ်။ မိုက်ကယ်က အထက်တန်းကျောင်းသား ဘဝကတည်းက အာရှကို စိတ်ဝင်စားပြီး အထူးသဖြင့်တော့ တိဘက်ဘာသာကို ဆရာတွေအလစ်မှာ သူ့ဘာသာ လေ့လာနေခဲ့တဲ့အထိ အရူးအမူး သဘောကျခဲ့ပါတယ်။ အဲဒီအတွက် ဆရာက သူ့ကို အတန်းထဲမှာ မတ်တပ်ရပ်ခိုင်းခဲ့သလို မိဘကိုလည်း ဆင့်ခေါ်ခဲ့ပေမယ့် မိုက်ကယ့်အမေကလည်း သူ့သားကို အပြည့်အဝ ကာကွယ်ပေးခဲ့ပြီး တိဘက်ဘာသာကို အဆုံးထိ လေ့လာနိုင်အောင် ကြိုးစားကူညီပေးခဲ့ပါတယ်။ “မိုက်ကယ်ဟာ ကျွန်မအတွက် ဂုဏ်ယူရတဲ့သားပါ။ သူက သူ့ဘဝ တစ်လျှောက်လုံး နောက်ကွယ်မှာ ဘာမှပြောစရာ မရှိသူပါ”လို့ သူ့အမေက ကျွန်မကို ပြန်ပြောပြ ခဲ့ဖူးပါတယ်။
မိုက်ကယ်က အာရှမိန်းကလေး တစ်ယောက်ရဲ့ လျှို့ဝှက်ဆန်းကြယ် လှတဲ့အလှမှာ ငြိနေခဲ့ပါပြီ။ ဒါဟာ သူ့ရဲ့မြင်မြင်ချင်းချစ်တဲ့ အချစ်ပါ။ “နိုရီကို၊ ကျွန်တော်က စုကို မြင်မြင်ချင်းမှာပဲ ချစ်မိခဲ့တာပါ”လို့  မိုက်ကယ်ဟာ မျက်လုံးတွေအရောင်လက်ပြီး အတိတ်နေ့ရက်တွေကို ပြန်မြင်ယောင်နေသလို ကျွန်မကို တစ် ခါတုန်းက ပြောပြခဲ့ပါတယ်။ သူတို့ စတွေ့ချိန်က ၁၉၆၇-၆၈ ခုနှစ် လောက်ပေါ့။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — ဇွန်လ ၂၃၊ ၂၀၁၂
မိုက်ကယ်ရဲ့  မြင်မြင်ချင်းအချစ်
စုက စိန့်ဟုခ်ျကောလိပ်နဲ့ မိုက်ကယ်က ဒါရ်ဟမ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ကြပါပြီ။ မိုက်ကယ်က စုကို ချစ်နေကြောင်း ဝန်ခံခဲ့ပေမယ့် စုကတော့ စောင့်ဖို့ပဲ ပြန်ပြောခဲ့ပါတယ်။ “အဲဒီအချိန်တုန်းက စုမှာ သဘောကျသူတွေ အများကြီးရှိနေပြီးပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ စိတ်ရှည်လက်ရှည်ပဲ စောင့်ခဲ့တာပါ။ စုစုပေါင်း လေးနှစ်ပေါ့”လို့ မိုက်ကယ်က ပြုံးပြီး    ပြောခဲ့ပုံက စောင့်ရကျိုးနပ်တယ်လို့ ဆိုလိုတာပါပဲ။ ဒါပေမယ့် စုရဲ့အဒေါ်လိုနေခဲ့တဲ့ မသန်းဧ က ပြောတာကတော့ အဲဒီအချိန်မှာစုဟာ ယောကျာ်းလေးတွေကို စိတ်မဝင်စားဘူးဆိုတာပါပဲ။ တကယ်တော့ အခုလောလောဆယ် စုအကြောင်း စာအုပ်ဖြစ်တဲ့ (Falise Thierry’s Le Jasmine Ou La Lune)ထဲမှာ လန်ဒန်မှာရှိတဲ့ မြန်မာသူငယ်ချင်း တစ်ယောက်ကို စုက “လက်ရှိအစိုးရ လုပ်နေတာတွေက ကျွန်မဖေဖေ ရည်မှန်းထားတဲ့ ဦးတည်ချက်တွေနဲ့ပြောင်းပြန် ဖြစ်နေတယ်”လို့    ပြောခဲ့ပြီးနောက် ၁၉၆၆ ခုနှစ်ရဲ့ နေ့တစ်နေ့မှာ စုရဲ့ ဘကြီးဖြစ်သူ ဦးအောင်သန်းက မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလိုင်းရဲ့ ဥရောပ သင်္ဘောအေဂျင်စီ ဥက္ကဋ္ဌ ဦးနန်းနွယ်ကို တွေ့ဆုံပြီး “ကျွန်တော့်တူနဲ့တူမကို မြန်မာအစိုးရနဲ့ ပတ်သက်ပြီး မကောင်း မပြောမိရအောင်ခင်ဗျားက ဖျောင်းဖျပေးစေချင်တာပါပဲ”လို့ ပြောခဲ့တဲ့အကြောင်း ရေးထားတာကို ဖတ်ရပါတယ်။ စုက ဘာလေးပဲ လုပ်လုပ် ဗိုလ်ချုပ်နေဝင်း နားထဲ ရောက်သွားတယ်ဆိုတာကို သတိထားမိရပါတယ်။
တကယ်တော့ အင်္ဂလန်မှာနေတဲ့ မြန်မာတွေအနေနဲ့ လုံခြုံပြီးလွတ်လပ်တယ်လို့ ယူဆလို့ ရနိုင်ပေမယ့် ဦးနေဝင်းရဲ့ နိုင်ငံခြား ဆန့်ကျင်ရေး၊ အရင်းရှင်စနစ်ဆန့်ကျင်ရေးနဲ့ မိရိုးဖလာ အရိုးစွဲရေး မူဝါဒတွေက  နက်ရှိုင်းသထက် နက်ရှိုင်းလာတာကြောင့် ပြည်ပရောက် မြန်မာတွေဟာ တကယ့် တကယ်မှာ မလွတ်လပ်ခဲ့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် စုဟာ မိုက်ကယ်နဲ့ လက်တွဲဖို့ ရည်ရွယ်ဖြစ်ခဲ့ပြီး ၁၉၆၈ ခုနှစ်မှာတော့ လန်ဒန်၊ အာရှ နဲ့ အာဖရိက လေ့လာရေးကျောင်းက ဥပဒေပညာဌာနမှာ သုတေသန လက်ထောက်အဖြစ် အလုပ်လုပ်ဖြစ်လာပါတယ်။ အဲဒီနောက် စုကို စောင့်ရှောက်ပေးတဲ့ မသန်းဧ ရဲ့ ထောက်ခံချက်နဲ့အတူ နယူးယောက်မှာရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂရုံးရဲ့အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာရေးကော်မတီမှာ လက်ထောက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖြစ်ခဲ့ပါတယ်။ အဲဒီအတောအတွင်းမှာတော့ အဲဒီအချိန်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဦးသန့်က မသန်းဧ နဲ့ စုတို့ကို နေ့လယ်စာ စားဖို့ မကြာခဏဖိတ်ခဲ့တယ်လို့ မသန်းဧ ဆီက သိရပါတယ်။ ကျွန်မအထင်တော့ အဲဒီကာလတွေမှာ စုအနေနဲ့ သူ့ကိုယ်သူ ပြန်ကြည့်ဖို့ အချိန်တွေ အလုံအလောက်ရခဲ့သလို မိုက်ကယ်ရဲ့ စိတ်လှုပ်ရှားဖွယ် အချစ် ကိုလည်း ထိထိ ခိုက်ခိုက် ခံစားနေခဲ့ရမှာပါ။
မိုက်ကယ်အဲရစ်နှင့် သားကြီး အလက်ဇန္ဒား
မိုက်ကယ်အဲရစ်နှင့် သားကြီး အလက်ဇန္ဒား
မိုက်ကယ့်အပြောအရ နယူးယောက်မှာရှိနေတဲ့ စုဆီက ဘူတန် ရောက်နေတဲ့သူ့ဆီကို ရှစ်လအတွင်း စာပေါင်း ၁၈၇ စောင် ပေးပို့ခဲ့ပါသတဲ့။ အဲဒီစာတွေထဲမှာ ထပ်တလဲလဲ ပါလာတာကတော့ သူသာ မိုက်ကယ်နဲ့ လက်ထပ်လိုက်ရင် မြန်မာပြည်က လူတွေအနေနဲ့ သူ့ရဲ့မြန်မာပြည်ပေါ် ထားတဲ့ မေတ္တာအပေါ် သံသယဖြစ်ကြမှာ စိုးရိမ်ကြောင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီလို မြန်မာလူထုရဲ့ စိတ်ခံစားချက်ကို တွေးပူနေတဲ့ စု ဟာ အဲဒီခံစားချက်ကို မြန်မာလူထုနဲ့ တိုက်ရိုက်စကားပြောခွင့်ရတဲ့  ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ထိ (ရွှေတိဂုံဘုရားအနောက်ဘက်မုခ် လူထုစည်းဝေးပွဲ) ဆက်လက် သယ်ဆောင်ထားခဲ့သေးတာပါ။ ကျွန်မအနေနဲ့ကတော့ ကမ္ဘာကြီးမှာ နိုင်ငံအချင်းချင်း ကြားက နိုင်ငံရေးတင်းမာမှုတွေဟာ လျော့ကျလာနေပြီပဲ၊ မြန်မာတွေအနေနဲ့ အင်္ဂလန်နဲ့ ပတ်သက်တဲ့ ခံစားချက်ကို ဆက်သိမ်းထားဦးမယ်ဆိုရင် ကမ္ဘာ့တိုးတက်မှုတွေနဲ့ ဝေးသွားမှာပဲလို့ ခံစားမိပါတယ်။ အမျိုးသားရေး ခံစားချက်တွေရဲ့ တံတိုင်းတွေကို ကျော်လွန်ဖို့ဆိုရင် တခြားတိုင်းပြည်တွေအပေါ် မကောင်းမြင်စိတ်ကိုလည်း ဖျောက်ဖျက်ရမှာပါ။ ဒီတော့ ရိုးသားတဲ့ အင်္ဂလိပ်ကို လက်ထပ်ပြီး နှစ်နိုင်ငံကြားက တံတိုင်းကိုဖြတ်တာ မမှားဘူးလို့ တွေးလိုက်ပါတယ်။ ကျွန်မကို အပြစ်တင်မယ် ဆိုလည်း အတင်ခံရုံပါပဲ။ စုကလည်း အဲဒီလိုတွေးခဲ့ချင် တွေးခဲ့မှာပေါ့။ ၁၉၇၂ ခုနှစ် ဇန်နဝါရီလ ထဲမှာတော့ မိုက်ကယ်နဲ့ စု လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ ဆာဂေါရ်ဘုသ်တို့ မိသားစုအိမ်ထဲက ရုံးခန်းကြီးထဲမှာ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့တာပါ။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ မိုက်ကယ်က သူ့ ဇနီးကို အပါခေါ်ပြီး ဘူတန်ဘုရင်ရဲ့ သီးသန့်ဆရာအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဘူတန်ကို ထွက်ခွာသွား ခဲ့ပါတယ်။ သူတို့နှစ်ယောက် ဘူတန်မှာ ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာကို သိချင်တဲ့အတွက် အဲဒီအချိန်က ဂျပန်ဗုဒ္ဓဘာသာဖလှယ်ရေး အဖွဲ့ Japan Buddhism Exchange Association ရဲ့ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးဌာနမှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ မစ္စတာယာတာရိုဒိုင်ကူဟရ ကို မေးဖြစ်ခဲ့ပါတယ်။ သူက အိုဆာကာ မြူနီစီပယ် တက္ကသိုလ်က စိုက်ပျိုးရေးပညာ ပါမောက္ခနီရှီအိုကာနဲ့ အတူ ဘူတန်နိုင်ငံ ပြန်လည်    ထူထောင်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ယာတာရိုဆန်ကို ကျွန်မက “စုက အဲဒီအချိန်တုန်းက သိပ်လှနေခဲ့တယ် မဟုတ်လား”လို့ မေးတော့ သူက မသိပါဘူးတဲ့။ သူက အလုပ်ဂျပိုးမို့ အဲဒီတုန်းက စုကို သူ့အတွက် လက်ဖက်ရည် ယူလာပေးသူ အိမ်အကူ အဖြစ်ပဲ သတိထားမိပါသတဲ့။ နောက်ပိုင်းမှာ သူဟာ မိုက်ကယ်နဲ့ရော စုနဲ့ပါ ရင်းနှီးခဲ့ပြီး အဲဒီအကြောင်းကို ပြန်ပြောတော့ စုရော မိုက်ကယ်ပါ ရယ်မောခဲ့ကြပါသတဲ့။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — ဇွန်လ ၂၉၊ ၂၀၁၂
ခက်ခဲပေမယ့် ပျော်ရွှင်ရတဲ့နေ့ရက်များ
၁၉၇၅ ခုနှစ်မှာတော့ ကျွန်မတို့ မိသားစုနဲ့ မိုက်ကယ်တို့မိသားစု ပြန်လည် ပေါင်းစည်းခွင့် ရခဲ့ပါတယ်။ စုနဲ့ ခင်မင်ရတာဟာ ကျွန်မအဖို့တော့ လူဖြူအမျိုးသမီးတွေနဲ့ ခင်မင်ခွင့်ရတာနဲ့ မတူဘဲ ပိုပြီး နီးကပ်မှုရှိတယ်လို့ ဆိုချင်ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး အာရှဖွားတွေ ဖြစ်တာကြောင့်လည်း ပါမှာပါ။ သူနဲ့ ခင်မင်ရတာ စိတ်ထဲ အေးချမ်းလှပါတယ်။ ကျွန်မတို့က ဟင်းချက်နည်းတွေ ဖလှယ်ကြတယ်။ ဈေးဝယ် အတူထွက် ကြတယ်။ ကျွန်မတို့နှစ်ယောက်အကြိုက်တူတာက “လေဘာတီကုမ္ပဏီ”က ထုတ်တဲ့ ချည်ထည်ပိတ်စတွေကို မကြာခဏ ငေးပြီး ကိုယ့်အကြိုက်အရောင်နဲ့အဆင်တွေကို မှတ်ထားရတာကိုပါ။ ဒါမှ လျော့ဈေးချတဲ့အခါ အပြေးသွားဝယ်နိုင်မှာကိုး။ စုက လေဘာတီက ချည်ထည်တွေကို မြန်မာထမိန်အဖြစ် ချုပ်ပြီး တနင်္ဂနွေနေ့တွေမှာ ဝတ်တာပါ။
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်နှစ်ဦး
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်နှစ်ဦး
ကျွန်မတို့ လေဘာတီကို သဘောကျပုံက အမျိုးသားတွေ အတွက်တော့ တော်တော်လွန်ပုံ ရပါတယ်။ အောက်စ်ဖို့ဒ်မှာ လေဘာတီဆိုင် ပိတ်သွားတဲ့အခါ မိုက်ကယ်က ကျွန်မကို ပျော်ပျော်ကြီးစခဲ့ပါတယ်။ “နိုရီကိုရေ၊ လေဘာတီတော့ မရှိတော့ဘူးဟေ့”လို့ပေါ့။ ကျွန်မ လေဘာတီ သွားတိုင်း မလိုက်ချင်လိုက်ချင် လိုက်ရတဲ့ ကျွန်မရဲ့ ခင်ပွန်းအို့စုကတော့ “အား ကျွန်တော့မှာတော့ နိုး၊ မလိုက်ချင်ဘူးလို့ ပြောဖို့ လေဘာတီ(လွတ်လပ်ခွင့်)တော့ မရှိပါဘူးဗျာ”လို့ ပြောခဲ့တာကိုလည်းကျွန်မ သတိရနေပါတယ်။
အဲဒီကာလတွေမှာ ကျွန်မက မြန်မာပြည်အကြောင်း “အင်ဖာတိုက်ပွဲ”ဆိုတဲ့ ဝေါဟာရအပြင် ဘာမှပို မသိခဲ့ပါဘူး။ စုကတော့ ဂျပန်တပ်မတော်ရဲ့ စစ်အတွင်းအနေအထားတွေကိုပါ အသေးစိတ် သိခဲ့ပါတယ်။   ဒါကြောင့် တစ်ခါက စုဟာ ကျွန်မကို “နိုရီကို၊ ရှင်ရော အို့စုဆန်ရဲ့ ဖိနပ်တွေ နွေးနေအောင် ရှင့်ကိုယ်ငွေ့တွေနဲ့ ထွေးပွေ့ပေးခဲ့ဖူးလား”လို့ မေးခဲ့တာပါ။
အဲဒီအချိန်မှာ မိုက်ကယ့်အနေနဲ့ လူငယ်ပညာရှင်လောက်ပဲ ဖြစ်နေတာမို့ ဝင်ငွေက တသမတ်တည်း မဖြစ် ခဲ့ပါဘူး။ ဒါကြောင့် သူတို့တွေ အတော်လေး ခက်ခဲခဲ့ပါတယ်။ စုက “နိုရီကိုရေ၊ ဆယ်ပေါင်ပဲ ကျန်တော့တယ်။ ဘယ်လိုလုပ်ရမလဲဟင်”လို့ မေးလာတဲ့အခါတိုင်း ကျွန်မမှာ စိတ်မကောင်း ဖြစ်ခဲ့ရတာပါ။ ဒီလိုအခါမျိုးမှာ စုအကြိုက် ဂျပန်တန်ပူရာ အကြော်တွေ၊ စုကီယာကီတွေ လုပ်စားဖြစ်ကြပါတယ်။ အဲဒီအချိန်က ဆိုဟိုရပ်ကွက်မှာ စုကီယာကီလုပ်ဖို့ အသားကို အလွှာပါးပါးလေး လှီးဖြတ်ပေးတဲ့ အသားဆိုင်တစ်ဆိုင် ရှိ ပါတယ်။ အင်္ဂလိပ်အစိုးရကတော့ ပိုးတွေ ပါလာမှာစိုးလို့ စက်နဲ့ အသားစိမ်းတွေ ဖြတ်တာကို ပိတ်ပင် ထားတာပါ။
အောက်စ်ဖို့ဒ်မှာက လန်ဒန်လို ဂျပန်ဦးရေ မများလေတော့ အသားပါးလွှာပေးမယ့် အသားဆိုင်က သိပ် မရှိပါဘူး။ ဒါပေမယ့် ကျွန်မက အသိဆိုင်တစ်ဆိုင်ကို ဥပဒေကို ချိုးဖောက်ပြီး ကျွန်မအတွက် အသားလွှာပေးဖို့ မဲဆွယ်စည်းရုံးခဲ့နိုင်ပါတယ်။ ကျွန်မတို့ချင်း စကားအထာနဲ့ အသားမှာကြတာပါ။ တစ်နေ့တော့ ကျွန်မက အဲဒီဆိုင်ဆီ စုကို ခေါ်သွားဖြစ်ပါတယ်။ “အကောင်းဆုံးအသားပေးနော်”လို့ ကျွန်မက ပြောတော့ တကယ်ပဲ ဈေးကြီးမယ့် အကောင်းဆုံးအသားကို မှာတယ် ထင်ပြီး စုက ကျွန်မကို သိပ်အသုံးအဖြုန်းကြီးကာ ဈေးတွက်မတွက်တဲ့ မိန်းမပဲဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပါတယ်။ ကျွန်မက သူ့ကို ခေါင်းအသာ ညိတ်ပြ လိုက်တာပေါ့။ ဆိုင်ရှင်ရှေ့မှာ ဒီကိစ္စတွေကို ရှင်းပြဖို့ အချိန် မရှိဘူးလေ။
စုက အဖြစ်မှန်ကို မသိတော့ မတတ်နိုင်ကြတာချင်းတူတူ ဈေးတွက် တွက်တတ်တဲ့ မိန်းမတစ်ယောက်ဖြစ်တဲ့ ကျွန်မက ဘာလို့ အကောင်းဆုံးအသားကို မှာတာပါလိမ့်လို့ မတွေးတတ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်မအမျိုးသားကို “အို့စုဆန်ရေ နိုရီကို့လက်ထဲ ပိုက်ဆံအိတ် မထည့်နဲ့နော်။ သိပ်အန္တရာယ်များတယ်”လို့ ပြောတော့တာပါပဲ။ ဒီအကြောင်းကို စုက သူ့ရဲ့ “မြန်မာပြည်က စာတစ်စောင်”စာအုပ်ထဲမှာ ထည့်ရေးထားပါတယ်။ ကျွန်မက လည်း အခုအချိန်ထိ စီးပွားရေး ပညာရှင်တစ်ယောက်ရဲ့ ဇနီးပါလို့ ပြောဖြစ်ပြီး စုက အဲဒီအခါတိုင်း ရယ်တော့ တာပါ။ သူက ကျွန်မကို ဈေးတွက်မနိုင်တဲ့ ဇနီးလို့ ထင်နေချင် ထင်နေမှာပါ။ ကျွန်မကလည်း အဲဒီအတိုင်း အမှန်ပဲ ဖြစ်နေတာကိုး။
ဟင်းချက်ကျွမ်းကျင်တဲ့ စုက တစ်ခါမှာတော့ “နိုရီကိုရယ်၊ ကျွန်မမှာ ဆေးရောင်စုံ ဂျပန်ဟင်းချက်စာ အုပ်တစ်အုပ် ရှိပါရဲ့။ အရမ်းလှပေမယ့် အသုံးက မတည့်ဘူး။ အဲဒီထဲက ပစ္စည်းတွေက ရှာမရဘူး ဖြစ်နေ တယ်။ ရှင်ကတော့ အဲလိုမဟုတ်ဘူးနော်။ အင်္ဂလန်က ပစည်းတွေနဲ့ပဲ ဂျပန်အရသာဖြစ်အောင် ချက်နိုင်တော့ သိပ်ကောင်းတာပဲ။ ရှင် အင်္ဂလန်မှာ ရနိုင်သော နေ့တိုင်းအတွက် ဂျပန်ဟင်းချက်စာအုပ် ဆိုပြီး မထုတ် ချင်ဘူးလားဟင်။ ကျွန်မက အင်္ဂလိပ်လို ပြန်ပေးမယ်လေ။ ပြီးတော့ မိုက်ကယ့်မိသားစုက ထုတ်ပေးရင် ရတာပဲ”
စုက လက်တွေ့ဆန်သူပါ။ မိုက်ကယ့်မိဘတွေက ထုတ်ဝေသူ မိသားစု ကလေ။ တကယ်တော့ သူ့ကမ်းလှမ်းမှုသာ တကယ်ဖြစ်ခဲ့ရင် ကျွန်မအထင် ကျွန်မက “အသားကောင်းလေး”လို့များရေးခဲ့ရင် စုက အာဟာရတန်ဖိုးချင်း တူညီတဲ့ “သာမန် အသားတုံး သို့မဟုတ် လှီးထုတ်ထားတဲ့အသား”လို့များ ပြင်ရေးမလားပါပဲ။
စုက ခရစ်စမတ်ပူတင်း ဖုတ်ဖို့ကိုတောင် ထည့်ရမယ့် အဆာပလာတွေကို နှစ်ဝက်လောက် ကြိုစုထားတတ်ပါတယ်။ တကယ်တော့ အင်္ဂလန်က လူတော်တော်များများက ခရစ်စမတ်နေ့ ပူတင်းဖုတ်နည်းကိုတောင် မေ့နေကြပါပြီ။ အဲဒီနေ့မှာ စုက အင်္ဂလိပ်မိတ်ဆွေတွေကို ဖိတ်ပြီး သူစားလေ့မရှိတဲ့ အဲဒီပူတင်းကို ကျွေးလေ့ရှိတာပါ။ စုက မြန်မာငါးဟင်း ဒါမှမဟုတ် အင်ဒိုနီးရှားက ဂျမ်ဘလာယာငါးဟင်း ချက်တာ အလွန်ကောင်းပါတယ်။ ကျွန်မနဲ့ စုကြားမှာ အတူတူ ယုံကြည်ကြတာကတော့ ဟင်းချက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတာမို့ ကိုယ့်လက်နဲ့ချက်ပြုတ်သင့်တယ် ဆိုတာပါပဲ။
စုက အချက်အပြုတ်ကို ယုံကြည်သူမို့ အင်္ဂလိပ်တွေ အစားအသောက် ပြင်ဆင်ပုံကိုလည်း ဝေဖန်လေ့ ရှိပါတယ်။ အင်္ဂလိပ်တွေက ထုံးစံအနေနဲ့ ညစာစားဖို့ ဖိတ်တာကို လုပ်လေ့ရှိပေမယ့် ကျွေးတဲ့ အစားအစာထက် ဧည့်ထောက်ခံစကား ပြောတာကို အလေးထားတတ်ကြတာပါ။ အောက်စ်ဖို့ဒ်က ပညာတတ် အသိုင်းအဝိုင်း သေးသေးလေးထဲမှာတော့ မိုက်ကယ်နဲ့ စုကိုလည်း ညစာအတွက် မကြာခဏ ဖိတ်ခဲ့ကြပါ တယ်။ “နိုရီကိုရေ၊ ရှင်သိတဲ့အတိုင်းပဲ အင်္ဂလိပ်အစားအစာက သိပ်ဆိုးတာလေ။ မဟုတ်ဘူးလား။ ဒီတော့ ကျွန်မကလည်း မညာနိုင်တော့ ညစာကောင်းကောင်း ဖိတ်ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ မပြောနိုင်ပါဘူး။ မိုက်ကယ်ကတော့လေ အရသာရှိတဲ့ ညစာအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောနိုင်တယ်သိလား”လို့ ပြောတတ်ပြီး တစ်ဆက်တည်းမှာပဲ  မိုက်ကယ့်ဘက်လှည့်ကာ  “ဘယ်လိုလုပ်များ ရှင် အဲဒီလိုပြောနိုင်တာပါလိမ့်”လို့ ပြောလိုက်ပြန်ပါတယ်။
“သြော် ယဉ်ကျေးမှုအရ ကျေးဇူးတင်ကြောင်း ပြောတာပါ”လို့ မိုက်ကယ်က ဆင်ခြေပေးပေမယ့် “အို အဲဒီလိုတော့ မပြောသင့်ပါဘူး။ မိုက်ကယ်က ကျောင်းက အဆောင်မှာ အစားအသောက် မကောင်းတာတွေချည်း စားခဲ့ရတာမို့ ရှင့်လျှာတွေ  ပျက်သွားတာ မဟုတ်လား”လို့ စုက ပြန်ချေပတာချည်းပါပဲ။ မိုက်ကယ်ကတော့ ကျွန်မတို့ဆီ အားတုံ့အားနာအကြည့်နဲ့ ကြည့်ပြီး ပခုံးလေးတွန့်ကာ စုကို အနိုင်ပေးလိုက်တဲ့ဟန် ပြပါတော့တယ်။ ဒီပုံရိပ်တွေက မိုက်ကယ်နဲ့စုရဲ့ သာမန် အိမ်ထောင်သည် ဘဝပုံရိပ်တွေပါ။ မိုက်ကယ်ကစုရဲ့ဝေဖန်မှုတွေကိုအမြဲပဲ အပြုံးနဲ့ တုံ့ပြန်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အဲဒီလို တုံ့ပြန်ရင် စုရဲ့ သူ့အကြိုက် အရသာရှိတဲ့ အိမ်ချက်လက်ရာတွေကို စားရမှာ သေချာနေသကိုး။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — ဇူလိုင်လ ၀၅၊ ၂၀၁၂
၁၉၇၆ ခုနှစ်မှာတော့ မိုက်ကယ်ဟာ စိန့်ဂျွန်ကောလိပ်က စကောလားရှစ်ရပြီး သူ့ရဲ့ပီအိပ်ခ်ျဒီဘွဲ့အတွက် အာရုံစိုက် အားထုတ်နေခဲ့ရပါတယ်။ ဒီတော့ ဝင်ငွေက သိပ်အခြေအနေ မဟန်လောက်ပါဘူး။ ဒါပေမယ့် မိုက်ကယ်ကတော့ ဧည့်သည်တွေကို ခဏခဏ ဖိတ်နေတုန်းပါပဲ။ အဲဒီလို ဖိတ်တိုင်းလည်း စုကတော့ ဟင်းပွဲအပြည့် ပြင်ဆင်ကျွေးတော့တာပါ။ မိုက်ကယ် ကူပေးတာကတော့ ဈေးဝယ်အိတ် အလေးကြီးကို သယ်ပေးတာပါပဲ။ အဲဒီလို နေလာလိုက်တာ သူတို့ အိမ်ပြောင်းကြတဲ့အထိ ဆိုပါတော့။ အဲဒီအခါမှာတော့ စုက ဈေးဝယ်အိတ် တစ်အိတ်ကို စက်ဘီးနောက် ကယ်ရီယာပေါ်   တင်ပြီး နောက်အိတ်ငယ်နှစ်လုံးကိုတော့ စက်ဘီးလက်ကိုင် ကိုင်းနှစ်ဘက်မှာ ချိတ်လို့ဈေးဝယ်ထွက်ပါတယ်။ သူတို့အိမ်နားက အမျိုးသမီးတချို့က စုနဲ့ ပတ်သက်ပြီး မှတ်မိနေတာကတော့ စက်ဘီးပေါ်မှာ ဈေးဝယ်အိတ်ကြီး တင်လာတတ်သလို ကလေးနှစ် ယောက်ရဲ့ နေ့ကလေးထိန်းကျောင်းရှေ့မှာ စက်ဘီးလေးနဲ့ လာကြိုနေတတ်တာကိုပါ။ စုတို့အိမ်ရှေ့မှာ ရပ်ထားလေ့ရှိတာကတော့ သံချေး တက်နေတဲ့ စက်ဘီးအဟောင်းတစ်စီးပါပဲ။
မိုက်ကယ်က အစားကြိုက်တတ်သူပေါ့။ သူက စုကီယာကီ၊ ရှာဘူရှာဘူ၊ တန်ပူရာနဲ့ မီဆိုဟင်းချိုတို့လို ဂျပန်စာဆိုရင် ဗိုက်မပြည့်တတ်သူ တစ်ယောက်လို စားတာပါ။ စုကတော့ အစားအသောက်ကို ပြင်ဆင် ချက်ပြုတ်တာ ဝါသနာပါသလောက် စားဖို့ စိတ်မဝင်စားသူပါ။   မိုက်ကယ်နဲ့ ကလေးနှစ်ယောက်က အစားကြိုက်တာမို့ သူတို့ကို ကျွေးဖို့ စုနဲ့ ကျွန်မက ငွေမလုံလောက်တတ်ပါဘူး။ ကျွန်မမှာ ငွေပိုလေး ရှိရင် စုမိသားစုအတွက် စားစရာလေး ဝယ်ပေးချင်မိ   တတ်ပါတယ်။ အဲဒီအချိန်က အလက်ဇန္ဒားက သုံးနှစ်သားပဲ ရှိပေမယ့် စုကီယာကီ၊ ကြက်သားတာရီယာကီနဲ့ အချိုမုန့်တွေကို ကြိုက်တတ်ပါတယ်။ စုကတော့ မျက်ခုံးလေးပင့်ကာ “နိုရီကို သူ့ကို အချိုတွေ သိပ်မကျွေးနဲ့လေ” လို့ ဆိုတတ်ပါရဲ့။
ကျွန်မက ပဲပုပ် ဒါမှမဟုတ် ဟီဂျီကီရေညှိကို ချက်လေ့ရှိပါတယ်။ မိုက်ကယ်ကတော့ ပဲစေ့လေးတွေကို တူနဲ့ယူရာမှာ ဟင်းပန်းကန်ထဲကနေ သူ့ထမင်းပန်းကန်ထဲ မဖိတ်မစင်ရောက်မှ ရောက်ပါ့မလားလို့ ပူတတ်ပါတယ်။ သူနဲ့ အလက်ဇန္ဒား နှစ်ယောက်သား တူကိုင်ကျင့်ရင်း ပခုံးတွေ ဘာတွေ ခိုင်သွားမလား လို့တောင် ကျွန်မကစိုးရိမ်မိခဲ့ပေမယ့် သူတို့နှစ်ယောက် ကတော့ သိပ်မကြာခင်မှာပဲတူကို ကောင်းကောင်း ကိုင်နိုင်ခဲ့ပါတယ်။ မိုက်ကယ်ဟာ ဂျပန်စာမှန်ရင် ဘာမဆိုကြိုက်တတ်ခဲ့ပေမယ့် ကျောက်ပွင့်မှိုတစ်မျိုးကိုတော့ ကင်ဆာဖြစ်စေမယ့်အစာ ဆိုပြီးမစားခဲ့ပါဘူး။ သူက ကျောက်ပွင့်မှိုကို မစားခဲ့ပေမယ့် ဆီးကြိတ်ကင်ဆာက သူ့မှာ ဖြစ်ခဲ့ရှာပါတယ်။
မိုက်ကယ်ဟာ စိန့်ဂျွန်းကောလိပ်မှာ သုတေသီ တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့ပေမယ့် သူ့လခဟာ သူ့မိသားစုအတွက် လုံလောက်ခဲ့တယ်လို့ ကျွန်မတော့ မထင်မိခဲ့ပါဘူး။ ဒါပေမယ့် အောက်စ်ဖို့ဒ်မှာရှိတဲ့ ကောလိပ်တွေရဲ့ ထုံးစံအတိုင်း    ကောလိပ်တစ်ခုရဲ့ အဖွဲ့ဝင်မို့ စာကြည့်တိုက်နဲ့ ကျောင်းစားသောက် ဆောင်တွေ သုံးခွင့်လို အခွင့်အရေးမျိုး တော့ရပါရဲ့။ ၁၉၇၇ ခုနှစ်မှာတော့ သားငယ်ကင်မ်ကိုမွေးဖွားခဲ့ပါတယ်။
မိုက်ကယ်ရဲ့ သဘာဝကိုက ခင်မင်ရင်းနှီးလွယ်တာပါ။ သူ စိတ်ဆိုးတာ၊ သူများကိုမကောင်းပြောတာ၊ အော်ငေါက်တာမျိုး ကျွန်မဘယ်တုန်းကမှ မမြင်ဖူးခဲ့ပါဘူး။ သူက အင်မတန်သိမ်မွေ့စွာ နေတတ်သူမို့ သူနဲ့ ဆက်ဆံရာမှာ ဘာမှ ထိန်ဝှက်ထားစရာ မလိုဘူးလို့ ခံစားလာမိတတ်ပါတယ်။ သူက သံတမန် တစ်ယောက်လို ဖြစ်နေတာပါ။ ဒါကြောင့်လည်း သူ့ကို ယုံကြည်တဲ့ ကမ္ဘာကျော် စီးပွားရေးသမားကြီး ဂျော့ရှ်ဆိုးရပ်စ်က အောက်စ်ဖို့ဒ်မှာ တိဘက်-ဟိမဝန္တာလေ့လာရေးဆိုတဲ့ အစီအစဉ်အတွက် သုတေသန ကျောင်းသားတွေကို ဘူတန်ကနေ ခေါ်ကာ ပညာသင်ဆုတွေ ပေးခဲ့တာပါ။ မိုက်ကယ်ဆုံးပြီးတဲ့အထိ အဲဒီပညာသင်ဆုက ရှင်သန်နေဆဲမို့ သူဟာ တကယ်စည်းရုံးရေးကောင်းပြီး  သနားကြင်နာတတ်တဲ့ စစ်သည်တစ်ယောက်လို ပညာရေးမှာ အားထုတ်ခဲ့တဲ့ သက်သေ ဖြစ်ခဲ့ရပါတယ်။
သူက အဲဒီလို လူမျိုးဖြစ်တဲ့ အတွက် သူ့ကို သဘောကျသူတွေ ကလည်း အများကြီးပါပဲ။ သူက တိဘက်ဘာသာစကားကို သဘောကျရာကနေ တိဘက်-မြန်မာဘာသာစကား ပင်စည်ထဲက အကိုင်း အခက်တစ်ခုဖြစ်တဲ့ မြန်မာဘာသာ စကားပြောသူ စုကို သဘောကျသွားတာမျိုးပေါ့။ တကယ်တော့ သူက စုလို ပညာဉာဏ်ပြည့်ဝတဲ့ ဇနီး တစ်ယောက်နဲ့ ပညာသည်ဆန်တဲ့ စကားတွေ ပြောချင်နေခဲ့သလို မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ပြီးလည်း ပညာသည်စကားမျိုးတွေ   ပြောချင်နေတတ်တာပါ။
ဒီလိုနဲ့ အောက်စ်ဖို့ဒ်အသိုင်းအဝိုင်းမှာ စုတို့အိမ်ဟာ စကားဝိုင်းဖွဲ့ရာနေရာ ဖြစ်လာတတ်ပါတယ်။ အဲဒီစကားဝိုင်းဖွဲ့တဲ့ စားပွဲပေါ်မှာ အရက်ပုလင်းရယ်လို့ မရှိခဲ့ပေမယ့် မိုက်ကယ်ကတော့ စုရဲ့ ပိုက်ဆံအိတ် ထဲမှာ ပိုက်ဆံ ရှိ၊ မရှိ ဘာမှမသိဘဲ ပညာရှင်တွေနဲ့ ပညာသည်စကား တွေပြောပြီး ပညာမူး မူးနေခဲ့ပါတယ်။ စုတစ်ယောက်ကတော့ နောက်တစ်နေ့မနက်ကို လက်ထဲငွေမရှိဘဲ ဘယ်လိုရင်ဆိုင်ရမလဲလို့ တွေးပြီး မမူးနိုင်ခဲ့ရှာပါဘူး။ ဒါပေမယ့်လည်း မိုက်ကယ်က ဧည့်တွေ ဖိတ်မယ် ပြောလာတိုင်း စုက မငြင်းတမ်း လက်ခံခဲ့ပါရဲ့။ ကင်မ်လေးရဲ့ သူငယ်ချင်းကလေးတွေကပဲ အတူ ကစားလို့မှ မဝခင် ဧည့်သည်တွေ လာတော့မှာဆိုပြီး အိမ်ပြန်ပေးရတာကို ညည်းညူခဲ့ကြပါတယ်။ မိုက်ကယ်နဲ့စုမှာ    ငွေသားအပြတ် မြန်သလောက် ဧည့်ကတော့ ပြတ်တယ်ရယ်လို့ မရှိခဲ့ပါဘူး။
ကင်မ် မွေးနေ့ပွဲမှာ တွေ့ရသည့် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကလေးပရိသတ်
ကင်မ် မွေးနေ့ပွဲမှာ တွေ့ရသည့် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကလေးပရိသတ်
၁၉၈ဝ ခုနှစ်က ကျွန်မရဲ့ ခင်ပွန်းဟာ အောက်စ်ဖို့ဒ်မှာ ရှိနေချိန်နဲ့ ကင်မ်ရဲ့မွေးနေ့နဲ့တိုက်ဆိုင်ခဲ့ပါတယ်။ သူ့ကို မွေးနေ့ပွဲ ဖိတ်တော့ သူ သွားခဲ့တဲ့အခါ ဟတ်ခ်တောင်းန်အိမ်ရဲ့မြေအောက်ခန်းက ထမင်းစားခန်းမှာ ပေါင်မုန့်လေးတွေ လှီးပြီး ဝက်ပေါင်ခြောက် နည်းနည်းကို ကမ္ဘာ့နိုင်ငံတွေရဲ့ အလံငယ်လေးတွေစိုက်ကာ အလှ ပြင်ဆင်ထားတာကို    တွေ့ခဲ့ရပါတယ်။ နောက်ထပ် ကျွေးဖို့ ပြင်ထားတာကတော့ နွားနို့ပါပဲ။ မိုက်ကယ့် မိဘတွေက မွေးနေ့ကိတ် အကြီးကြီးတစ်လုံး ယူလာတဲ့အခါမှာတော့ ကလေးတွေ အားလုံးက အရမ်းကို ဝမ်းသာသွားကြပါသတဲ့။ အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်မခင်ပွန်းက တော်တော် စိတ်မကောင်း ဖြစ်သွားပါတယ်။ မွေးနေ့ပွဲဆိုပြီး နေ့တိုင်းစားနေကျ ပေါင်မုန့်လေးနဲ့ ဝက်ပေါင်ခြောက်လေးပဲ ဧည့်ခံနိုင်တာ မလုပ်ပေးချင်လို့ မဟုတ်ဘဲ မတတ်နိုင်လို့ လို့ တွေးမိတဲ့အခါ သူ့အနေနဲ့ စိတ်ထဲ မကောင်းလွန်းတော့ ကလေးတွေနဲ့ ခဏတဖြုတ် ကစားပေးပြီး ဈေးကို အမြန်ပြေးကာ စုကီယာကီ လုပ်ဖို့ လိုတာတွေ ဝယ်ခြမ်းခဲ့ပါတယ်။ ကျွန်မခင်ပွန်းတစ်သက်မှာ အဲဒီနေ့က ပထမဆုံးအကြိမ် မီးဖိုချောင် ဝင်ဖူးခြင်းပါပဲ။ အဲဒီနေ့ကစပြီး သူ့ရဲ့စုကီယာကီနဲ့ မီဆောဟင်းချို လက်ရာဟာ နာမည်ကျော် သွားခဲ့တာပေါ့။ စုက မိုက်ကယ့်ဧည့်သည်တွေအတွက် ဟင်းတွေ စီစဉ်ပေးတတ်ပေမယ့် သူတို့တွေ ထုံးစံ နောက်ဆုံးမှစားတဲ့ အရွက်သုပ်ကို မေ့သွားတတ်ပါတယ်။
အဲဒီအခါမှာတော့ စုဟာ ပြင်သစ်တွေ ထုံးစံလုပ်တတ်တဲ့ တစ်ပွဲပြီး တစ်ပွဲချပေးရတဲ့ အမယ်စုံ ညစာသဘောကို အပြစ်တင်တော့တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်တော့ စုက မိုက်ကယ့် ဧည့်သည်တွေ မျက်မှောင်မကြုတ်နိုင်အောင် ကြိုးစားခဲ့ပါရဲ့။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — ဇူလိုင်လ ၁၂၊ ၂၀၁၂
တကယ်တော့ စုအနေနဲ့ မြန်မာပြည်မှာ နေတုန်းကရော၊ အိန္ဒိယမှာ နေတုန်းကပါ ဧည့်သည်တွေ အများကြီး ကြုံခဲ့ဖူးတာမို့ ဧည့်ဆိုရင် အသားကျနေပြီ ထင်ပါတယ်။  တကယ်တော့ မိုက်ကယ်ဟာ စုလို အရှေ့တိုင်းသူ တစ်ယောက်ကို ရထားတဲ့အတွက် အခုလို ဧည့်တွေကို မငြိုငြင်တာမို့ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း အောက်စ်ဖို့ဒ်မှာ မိုက်ကယ်ဟာ ကိုယ်ပိုင်မိတ်ဆွေတွေ အများကြီး တွေ့ခဲ့ရပါတယ်။
ကျွန်မတို့က ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ အင်္ဂလန်မှာ နေခဲ့ကြရာမှာ မိတ်ဆွေတွေ အများကြီး ရခဲ့ပါတယ်။ အဲဒီမိတ်ဆွေတွေ အားလုံးနဲ့ခင်မင်မှုဟာလည်း နက်နက်ရှိုင်းရှိုင်း ရှိခဲ့တာပါ။ မိတ်ဆွေအများ စုကတော့ လန်ဒန်နဲ့ အောက်စ်ဖို့ဒ်မှာ ရှိတဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင် ကြီးကြီး ငယ်ငယ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ လင်မယားရယ်၊ မိုက်ကယ်တို့ မိသားစုရယ် မှာတော့ ရာထူးရာခံ မြင့်မြင့်မားမားမရှိတာ ချင်း၊ နာမည်မကြီးကြတာချင်းရော ပိုက်ဆံမရှိတာချင်းပါ တူနေကြတာမို့ ခံစားချက်ချင်း ထပ်တူကျခဲ့ကြပါ တယ်။ မိုက်ကယ်က ကျွန်မရဲ့ လက်ရာကို အလွန်သဘောကျခဲ့သလို ကျွန်မကလည်း မိုက်ကယ့်အပေါ် ကျွန်မရဲ့မောင်အရင်း တစ်ယောက်လို သဘောထားကာ မောင်ငယ်လေး မဆာလောင်ရအောင် ကျွေးမွေးရမယ် ဆိုတဲ့ အသိမျိုး ဖြစ်နေရတာကိုပဲ စွဲလန်း သဘောကျနေခဲ့တာပါ။
ချစ်စဖွယ် အလက်ဇန္နား အဲရစ်
ချစ်စဖွယ် အလက်ဇန္နား အဲရစ်
ကျွန်မနဲ့ စုကတော့ မိသားစု အကြောင်း ပြောလိုက်၊ အချက်အပြုတ် အကြောင်း ပြောလိုက်၊ အလက်ဇန္ဒား ကို အနှီးဘောင်းဘီလေးလဲပေးရင်း သီချင်းလေး ဘာလေး ညည်းပြီး ချော့သိပ်လိုက်နဲ့ပေါ့။ ပြီးရင်မြို့ထဲက လေဘာတီ အထည်ဆိုင်ကို သွားပြီး အပြင်ဘက်မှန်အရှေ့ကနေ ဘယ်အဆင်လေးတွေ ဝယ်ရင်ကောင်းမလဲ လို့  စိတ်ကူးကြတယ်။  ဝယ်တာကတော့ လျော့ဈေးချတဲ့အချိန်မှ ဝယ်နိုင်ကြမှာကိုး။ ကျွန်မတို့ နှစ်ယောက်က တခြားသာမန် အိမ်ထောင်ရှင်မတွေလိုပဲ အိမ်ထောင့်တာဝန် တွေနဲ့သာ ကိုယ့်ကိုယ်ပိုင်အချိန်တွေကို အတူတူ ကုန်ဆုံးခဲ့ကြတာပါ။ ကျွန်မတို့ နှစ်ယောက်စလုံးက ကိုယ့်ရဲ့ကိုယ်ပိုင်ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး ဒါမှမဟုတ် စာပေသဘောထားတွေကို မဖြစ်မနေ ဆွေးနွေးထုတ်ဖော် ကြရမယ်လို့လည်း သဘောမထားခဲ့ ကြပါဘူး။ ဒီလိုနဲ့ ကျွန်မအတွက် မိန်းမတစ်ယောက်အနေနဲ့ အချိန်တွေကို သာမန်အိမ်ထောင်ရှင်မတစ် ယောက်လို ကုန်ဆုံးစေခဲ့တာဟာ ပထမဆုံးနဲ့ နောက်ဆုံးအတွေ့အကြုံ ဖြစ်ခဲ့ရပါတယ်။
တစ်နေ့မှာတော့ မြို့ပြ လူ့အဖွဲ့အစည်းမှာ ဆယ်စုနှစ် တစ်စုစာလောက် ကျင်လည်ခဲ့တဲ့ စုဟာ “ နိုရီကိုရေ၊
တချို့အင်္ဂလိပ်တွေက ခွေးကလွဲပြီး ဘာကိုမှ မချစ်တတ်ကြဘူးနော်”လို့ ဗြုန်းစားကြီး ပြောချလိုက်ပါတယ်။ ကျွန်မကလည်း “ဘာလို့လဲ”လို့ ပြန်မမေးဖြစ်ခဲ့ပါဘူး။ ကျွန်မသိနေတာပဲလေ။ သူ့အဖို့ လူတစ်ယောက် အနေနဲ့ အင်္ဂလိပ်ရယ်လို့ ဖြစ်လာရင် ပေးဆပ်ရမှာကတော့ အထီးကျန်မှုပဲ ဆိုတာ သဘောပေါက်နေခဲ့တယ်လို့ ကျွန်မက သိနေတာလေ။ သူခံစားနေရတဲ့ အပြင် လူဆိုတဲ့ စိတ်ခံစားမှု သက်သက်ကြောင့်ချည်း ဒီလိုပြောဖြစ် တာမဟုတ်ခဲ့ပါဘူး။ သူ့အနေနဲ့ အရှေ့နဲ့ အနောက်ကမ္ဘာမှာ “မေတ္တာ”ကို ထုတ်ဖော်ပြသပုံ မတူကြကြောင်း သဘောပေါက်ခဲ့လို့လည်း ခုလိုထုတ်ပြောခဲ့တာပါ။
စုအနေနဲ့ မိုက်ကယ်ရဲ့အချစ်ကို ဘယ်လောက်ပဲ ပိုပိုလျှံလျှံ ရနေတယ် ဆိုပေမယ့် အာရှသူ တစ်ယောက် အနေ နဲ့ အခုလို တွေးမိလာတာ မဆန်းပါဘူး။ ခပ်တုံးတုံးဓားနဲ့ ခက်ရင်းကို သုံးပြီး စိတ်ဝင်စားစရာ မကောင်းတဲ့ အသားတုံးတစ်တုံးကို လှီးနေခိုက်မှာ စားပွဲပေါ်ကို ခေါက်ဆွဲတစ်ပန်းကန် ရောက်လာသလိုဖြစ်မှာပေါ့။ ကျွန်မတို့ နှစ်ယောက်စလုံး အဖို့တော့ သက်ပြင်းမောတွေ ရှိုက်ခဲ့ဖြစ်တာ အတူတူပါ။ နေ့စဉ်ဘဝ အနေအထားတွေပေါ်မှာ ကျွန်မတို့နှစ်ယောက်စလုံး အတူတူပဲ သဘောပေါက် နားလည်ခဲ့ကြတာကို နှစ်ယောက်လုံးက ထုတ်မပြောဘဲ သဘောပေါက်ခဲ့ကြပါတယ်။ တကယ်တော့  အဲဒီကာလတွေဟာ ကျွန်မတို့အဖို့ ခက်ခဲခဲ့တဲ့ကာလတွေ ပါ။ ဒါပေမယ့်  အလက်ဇန္ဒားရဲ့ ချစ်စဖွယ် အပြုအမူလေးတွေကြောင့် စိတ်သက်သာရာ  ရခဲ့ပါတယ်။
အောက်စ်ဖို့ဒ်က ဘဝကို ကျွန်မတို့တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်သန်းခဲ့ကြတယ်ဆိုပါတော့။
နောက် သုံးနှစ် ကြာတဲ့အခါမှာတော့ ကျွန်မတို့က ဂျပန်ကို ပြန်လာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ  မိုက်ကယ်နဲ့  စုဆီကနေ စာတစ်စောင် ရောက်လာခဲ့ပါတယ်။ မနှစ်က နှစ်လယ်ကတည်းက ကျွန်မ ပေးပို့ခဲ့တဲ့ ခရစ်စမတ်ကဒ်ဟာ သူတို့ရှိရာ အိန္ဒိယအရှေ့မြောက်ဖျား က တာဝန်ဂ်မြို့လေးဆီကို ရောက်သွားပုံရပါတယ်။ စာထဲမှာ စုက မိုက်ကယ်ဟာ အလုပ်များနေပြီး သူနဲ့သားနှစ်ယောက်က မိုက်ကယ့်ကို ကူညီနေပါသတဲ့။
စုက သားငယ်လေးရဲ့နာမည်ကို မိတ်ဆက်ပေးလာပါတယ်။ ထိန်လင်း ဒဲမီယန် ကင်မ် အာရူဒန် ပါတဲ့။ နောက် ထပ် တိဘက်နာမည်နှစ်ခုလည်း လားမားဘုန်းတော်ကြီးတွေက ပေးထားသေးသတဲ့။ နောက်တစ်ခါ လန်ဒန်က ထိုင်းဘုန်းကြီးတစ်ပါးကလည်း ပါဠိနာမည်တစ်ခု ပေးထားပါသေးတယ်။ စုက “ကျွန်မတို့ရဲ့ သားငယ်လေးကို ကျွန်မတို့က ဘာဘာလို့ ခေါ်တယ်။ မျက်လုံးက ပြူးပြူးဝိုင်းဝိုင်း၊ မျက်နှာက ပန်းသီးလို လုံးလုံးဝန်းဝန်းနဲ့လေ။ ကျွန်မ ထင်တာကတော့ ရှင်သူ့ကိုချစ်မှာပါ။ သူကအလက်ဇန္ဒားနဲ့မတူဘူး။ အားကလည်း သန်တယ်။ ခပ်ဂျစ်ဂျစ်ပေါ့။ အလုပ်လုပ်တဲ့ နေရာမှာတော့ တော်တယ်။ စကားပြောတဲ့နေရာမှာတော့ သူ့အသက် တစ်နှစ်ခွဲခါနီး နေပေမယ့် ခုထိကောင်းကောင်း မပြောနိုင်သေးဘူး။ အလက်ဇန္ဒားတုန်းက ဒီအရွယ်ဆို ကောင်းကောင်း ပြောနေနိုင်ပြီ”လို့ ကျွန်မကိုပြောပါတယ်။ စု ကြည့်ရတာ ဒီသားလေးကို ဘာပဲဖြစ်ဖြစ်  သဘောကျနေပုံပါ။ ဘာဘာရေ မင်းစကား မပြောနိုင်သေးတာကို မပူပါနဲ့ကွယ်။ မိဘတွေအကြိုက် မင်းကို ဒီလောက်ရှုပ်တဲ့ နာမည်အရှည်ကြီး အပေးခံရတာ စိတ်ရှုပ်စရာမှန်း သိပါရဲ့။
တစ်ခါမှာတော့ ကျွန်မက စာထဲမှာ “ချာတိတ်ဆိုးလေးနှစ်ယောက်” လို့ သုံးမိဟန်တူပါရဲ့ စုက “ရှင် မှန်တယ် နိုရီကို။ ကျွန်မတို့မှာ ချာတိတ်ဆိုးလေး နှစ်ယောက်ရှိပါတယ်။ တကယ်တော့ ကျွန်မက သုံးယောက်လိုချင်တာ။ တစ်ယောက်က ကျန်တဲ့နှစ်ယောက်ထက် ပိုဆိုးမယ့်ကလေးမျိုးပေါ့”လို့ စာရေးလာပါတယ်။  တတိယတစ်ယောက် လိုချင်တယ်သာ ပြောတာပါ။ မိန်းကလေးလား၊ ယောက်ျားလေးလားလို့တော့ သူကမပြောပါဘူး။ စုကိုယ်တိုင်က သူ့အစ်ကိုနှစ်ယောက်ထက်  ပိုခွန်အားရှိတဲ့ မိန်းကလေး ဖြစ်ခဲ့သလို တတိယမြောက် ကလေးလည်း ဖြစ်တယ်လေ။ စာက ခပ်ရှည်ရှည်ဖြစ်ပြီး အဲဒီထဲမှာ “ကျွန်မ ငွေစုနေတာ ပြည့်ရင်တော့ ဂျပန်ကို လာလည်ချင်သေးတယ်။ ရှင်တို့ရဲ့ ကျေးလက်အိမ်လေးဆီကို အပြေး ရောက်လာ ချင်တာပေါ့။ အခုတော့ ကျွန်မတို့လည်း ကိုယ့်အခန်းလေးကို ဂျပန်မိသားစု လက်ထဲထားခဲ့ရတာ။ သူတို့က ပါပီလေးကို ကောင်းကောင်း ကြည့်ပေးတယ်လေ”လို့ ရေးထားပြန်တာပါ။ သူ့မှာသာ ချာတိတ်နှစ်ယောက် ထက်မိုက်တဲ့ သမီးကလေး ရှိခဲ့ရင်  အခုလို အခက်အခဲတွေ တွေ့တဲ့အခါ အတော်အားကိုးရရှာမှာလို့ ကျွန်မ တွေးနေမိပါရဲ့။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — ဇူလိုင်လ ၂၁၊ ၂၀၁၂
ယခင်အပတ်မှ အဆက်
မိုက်ကယ်ကတော့ “ကျွန်တော်တို့ နေနေတဲ့နေရာကို အိန္ဒိယမြေပုံပေါ်မှာ ရှာကြည့်ပါလား။ ဟိုးအပေါ် ဘက်မှာလေ။ နိုရီကိုရဲ့ ခရစ်စမတ် ကတ်လေး မနေ့ကရတော့ သိပ်ဝမ်းသာတာပဲ။ ခင်ဗျားရဲ့ သဘောကျစရာ ဟင်းချက်လက်ရာကိုရော၊ ခင်မင်စွာ အတူရှိခဲ့မှုကိုပါ ပြန်အောက်မေ့စရာပါပဲ။ ကျွန်တော့် ပါရဂူဘွဲ့စာတမ်းက မကြာသေးခင်ကမှ ပြီးသွားတာပါ။ စာတမ်းကိုတော့ ဒီနှစ်ထဲမှာ စာအုပ်အဖြစ် ထွက်မယ်လေ။ ပြီးရင် စိန့်ဂျွန်းကောလိပ်မှာ ဖဲလိုးရှစ် တစ်နှစ်ခွဲပြန်လုပ်ရဦးမယ်။ ကျွန်တော်တို့လည်း အောက်စ်ဖို့ဒ်မှာ အိမ်ဝယ်ဖို့ စဉ်းစားနေပါတယ်။ အဲဒီမှာပဲ အမြဲတမ်း အခြေချနေချင် တယ်လေ။ နှစ်ယောက်လုံးကို ချစ်ခင်တဲ့ မိုက်ကယ်”လို့ စာရေးလာပါတယ်။
၁၉၇၉ ခုနှစ် အောက်တိုဘာ ၃ ရက်မှာတော့ ကျွန်မ ခင်ပွန်းရဲ့ သုတေသနကိစ္စကြောင့် မော်စကိုမှာ တစ်နှစ်နီးပါး သွားနေရဖို့ ဖြစ်လာပါတယ်။ အဲဒီအချိန်က ဆိုဗီယက် ယူနီယံခေတ်မို့ အစစအရာရာ ရှားပါး တာတွေကြောင့် ထင်ထားတာထက် ပိုပြီးအဆင်မပြေခဲ့ပါဘူး။ မိုက်ကယ်နဲ့ စုဆီလည်း မဆက်သွယ်နိုင်ခဲ့ပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်မတို့ကလည်း မော်စကိုကနေ ကမ္ဘာ့ အနောက်ခြမ်းက သူငယ်ချင်းတွေဆီ ကို စာထည့်ဖို့တောင် အတော်စဉ်းစား ခဲ့ကြရပါတယ်။ တကယ်တော့ လန်ဒန်ဆိုတာ မော်စကိုကနေဆိုရင် ဂျပန်ထက် ပိုနီးတဲ့နေရာမှာပါ။ ကျွန်မတို့အနေနဲ့ အောက်စဖို့ဒ်ကို ခဏတစ်ဖြုတ် ဝင်ချသွားလို့ ရပါတယ်။ ဒီတော့ ကျွန်မတို့က မော်စကိုမှာ နေတဲ့ ဆယ်လအတွင်း စုဆောင်းထားတဲ့ တောင်ပေါ်အစားအစာတွေကို အပြည်ပြည်ဆိုင်ရာဖြတ်တဲ့  ရထားနဲ့တင်ပြီး အင်္ဂလန်ကိုဝင်သွားဖို့ တွေးဖြစ်ခဲ့ပါတယ်။ ကျွန်မတို့က ရုရှရဲ့ စာတိုက်စနစ်ကို ယုံမှမယုံဘဲလေ။ ဒါပေမဲ့ ရထားအကောက်ခွန်က ပစ္စည်းတွေ သယ်လာတာများလို့ ဆိုပြီး ခေါ် မေးပါတော့တယ်။ တစ်ခါ အောက်စ်ဖို့ဒ်ကောလိပ်က ဖိတ်ကြားစာမပါလို့ ဆိုပြီး အင်္ဂလန်ထဲ ပေးမဝင်ပြန်ပါဘူး။
နောက်ဆုံးမှာတော့ ကျွန်မတို့ အင်္ဂလန်ကို ပြန်ရောက်ခဲ့ပါပြီ။ ကျွန်မတို့ရဲ့ အင်္ဂလိပ်သူငယ်ချင်း တွေက မြို့လယ်နဲ့ သုံးမိုင်လောက် ဝေးတဲ့နေရာမှာ တစ်လလောက် နားခိုဖို့ စီစဉ်ပေးကြပါတယ်။ ကျွန်မတို့ ကတော့ ရောက်ရောက်ချင်းမှာ မိုက်ကယ်တို့ဆီ သွားလည်ကြတာပါပဲ။ အဲဒီအချိန်မှာ မိုက်ကယ်တို့က ဗိသုကာ အသွင်သဏ္ဌာန်မှာ ကျော်ကြားတဲ့ လခြမ်းပုံ ပါ့ခ်တောင်းမှာ နေနေကြပါပြီ။ အဲဒီနေရာက ဈေးကြီးတဲ့နေရာမို့ ကျွန်မက အံ့သြနေခဲ့တာပါ။ မိုက်ကယ်က သူ့အနေနဲ့   ဈေးအင်မတန်ချိုချိုနဲ့ ဒီအိမ်ကို ရလိုက်ကြောင်း ခပ်ပြုံးပြုံးနဲ့ ရှင်းပြပါတယ်။ အင်္ဂလန်မှာ ကိုယ်မဝယ်ခင်က နေထိုင်နှင့်   တဲ့သူတွေကို ဆက်လက် နေထိုင်ခွင့် ပြုမယ်ဆိုရင် အင်မတန် ဈေးချိုချိုနဲ့ အိမ်ဝယ်နိုင်တဲ့ စည်းမျဉ်း တစ်ခု ရှိပါတယ်။ မိုက်ကယ်တို့က အဲဒီလိုနည်းနဲ့ အိမ်ဝယ်ခဲ့တာပါ။ သူတို့မိသားစုက မြေအောက်ထပ်မှာ နေကြပြီး မြေညီထပ်မှာတော့ မိုက်ကယ်ရဲ့ စာကြည့်ခန်းနဲ့ အိပ်ခန်းတွေ ထားပါတယ်။ ပထမထပ်မှာ နဂိုတည်းက နေနေတဲ့ အဖွားကြီး တစ်ယောက်နေပြီး ဒုတိယထပ်မှာလည်း အိမ်ငှားရှိနေပါတယ်။ အဲဒီ အထပ်တွေက အိမ်ငှားခက မိုက်ကယ်တို့အတွက် လစဉ်ဝင်ငွေ ဖြစ်လာတာပါ။ အိမ်ငှား သက်ကြီးရွယ်အိုတွေ အိမ်ထဲက မထွက်မချင်း (ပြောင်းတာပဲဖြစ်ဖြစ်၊    သေဆုံးတာပဲ ဖြစ်ဖြစ်) အိမ်ရှင်အသစ်က သူတို့အခန်းကို မပိုင်ဆိုင်နိုင်အောင်  ဥပဒေက ကန့်သတ်ထားပါတယ်။ အိမ်ငှား အများစုက အသက်ကြီးသူတွေဖြစ်ပြီး ဥပဒေက သူတို့ကို ကာကွယ်ပေးထားတာပါ။
မိုက်ကယ်တို့ အိမ်ငှားအဖွားကြီးက သိပ်မကြာခင်မှာ ပြောင်းရွှေ့သွားခဲ့ကာ စုကို အမြဲအကူအညီ ပေးနေတဲ့ မသန်းဧက အဲဒီအထပ်ကို ဝယ်လိုက်ပါတယ်။ စုက မသန်းဧကို သူ့ရဲ့ “အရေးပေါ်ကြီးကြီး”လို့ ခေါ်ခဲ့တာပါ။ ဒီလိုနဲ့ စုတို့မိသားစုလည်း ငွေရေးကြေးရေး စိတ်အေးလာရပါတော့တယ်။ ကျွန်မတို့ရဲ့အောက်စ်ဖို့ဒ် ဘဝဟာ တကယ်တမ်းမှာ မလွယ်ကူခဲ့ပေမယ့် မိုက်ကယ်ရယ်၊ စုရယ်၊ မသန်းဧရယ်၊ အလက်ဇန္ဒားရယ်၊ ကင်မ်ရယ်၊  ခွေးကလေးရယ်နဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ခဲ့ရပါ တယ်။
၂ဝဝ၅ ခုနှစ်တွင် တွေ့ရသော မသန်းဧ ( သူ့ကို ဒေါ်ရာသန်းဧဟု ခေါ်လျှင် မကြိုက်သူ)
၂ဝဝ၅ ခုနှစ်တွင် တွေ့ရသော မသန်းဧ ( သူ့ကို ဒေါ်ရာသန်းဧဟု ခေါ်လျှင် မကြိုက်သူ)
ကြီးကြီးမသန်းဧ
ကျွန်မတို့ မသန်းဧကို စတွေ့ တော့ သူက ကုလသမဂ္ဂဝန်ထမ်း အဖြစ် အနှစ် ၂ဝ ကြာ အမှုထမ်းပြီးလို့ ပင်စင်စားအဖြစ်    အေးအေးဆေးဆေး နားနေချိန် ဖြစ်ပါတယ်။ ကျွန်မတို့ အောက်စ်ဖို့ဒ်ကို ဘယ်အချိန်ပဲ သွားသွား သူက စုတို့ မိသားစုနဲ့အတူ ရှိနေခဲ့တာပါ။ ကျွန်မက သူတို့ နှစ်ယောက်ကြားမှာ သွေးသားမတော် စပ်တာကို အချိန်တော်တော်ကြာတဲ့ အထိ မသိခဲ့လေတော့ သူတို့နှစ် ယောက်ဟာ ရုပ်ချင်းလည်း မတူပါလားလို့ တွေးနေခဲ့တာပါ။ စုကလည်း သူတို့နှစ်ယောက် ဘယ်လိုတော်စပ် တယ်ဆိုတာ ဘယ်တုန်းကမှ မပြောခဲ့ ပါဘူး။ ကျွန်မတို့နှစ်ယောက်ကြားမှာ  အတူတကွ နားလည်ထားကြတာက မိသားစုအရေးတွေမှာ အသက်တွေ၊  နေရာဒေသတွေ၊ အချိန်ကာလတွေဆို တဲ့ ကွာခြားမှုကို လျစ်လျူရှုလိုက်ဖို့ ပါပဲ။
မသန်းဧရဲ့ အသက်ကို ဘယ်သူ ကမှလည်း မသိပါဘူး။  ၁၉၈၉ ခုနှစ်မှာ စု နေအိမ်အကျယ်ချုပ်ကျ သွားတော့ မိုက်ကယ်က “ကျွန်တော် ထင်တာတော့ အန်တီ့အသက်က ၇ဝ ဝန်းကျင်ဖြစ်ရမယ်။ ဒါပေမဲ့ မသေချာပါဘူး။ အန်တီကသူ့အသက် ကို ဘယ်တုန်းကမှ မပြောဘူးလေ”  လို့ ပြောခဲ့ပါတယ်။ သူ့အသက်က အတော်လေး အိုချင်အိုရောပေါ့။ ဒါပေမဲ့ ဘယ်သူကမှ သူ့အသက်ကို ဂရုမစိုက်ပါဘူး။  လူတွေက  သူ မှတ်ဉာဏ် ကောင်းလွန်းတာ၊ စာဖတ် ဝါသနာ ကြီးလွန်းတာ၊   နိုင်ငံတကာ နိုင်ငံရေးနဲ့ပတ်သက်ရင် သူ့ခန့်မှန်းချက်တွေ မှန်နေတာ အဲဒီလိုမျိုးတွေ ကြောင့်ပဲ သူ့ကို မိတ်ဆွေတွေက တအံ့တသြနဲ့ မှတ်မိနေခဲ့ကြတာပါ။
အန်တီဟာ သူ့ရဲ့ နောက်ဆုံး အချိန်အထိ အမျိုးသမီးဆန်တဲ့ အလှတရားအပေါ် အင်မတန် သတိထားခဲ့သူပါ။ သူ့ခေါင်းမှာ ခေါင်းစည်းပုဝါ လေးကို လွှားပြီးမေးအောက်မှာ အထုံး လေးထုံးထားတတ်တာ အန်တီ့စတိုင်လ် ပါပဲ။ သူက ဂျပန်လက်ကိုင်ပုဝါလေး ပဲဖြစ်ဖြစ် ပစ္စည်းထုတ်တဲ့ ပိတ်စ လေးပဲဖြစ်ဖြစ် တွေ့တဲ့အခါ “ထားခဲ့လေ။ ကျွန်မခေါင်းစည်းလေး လုပ် လိုက်မယ်”လို့ ပြောတတ်ပါတယ်။ သူ့မျက်နှာတစ်ဝက်ကိုတော့ ကိုင်း အနက်မျက်မှန်ဝိုင်းဝိုင်းကြီးက ကွယ်ထားလေရဲ့။ သူက အင်္ကျီကို ဘလောက်စ်လို အနောက်တိုင်းဆန် တာတွေ ဝတ်တတ်ပေမယ့် ထဘီကို တော့ အမြဲစွဲစွဲမြဲမြဲ ဝတ်တတ်ပါ တယ်။ သူ့ခြေထောက်တွေက ပုံစံ နည်းနည်း ပြောင်းနေပြီမို့ ဖိနပ်ကိုတော့ အထူအကြီးကြီးတွေပဲ စီးတတ်ပါတယ်။ သူက မျက်နှာမှာ မိတ်ကပ် ပါးပါးလိမ်း၊ နှုတ်ခမ်းနီဆိုးပြီး မျက်ခုံးမွှေးကိုလည်း တောင်တန်းနှစ်သွယ် လို ထူထူနက်နက် ဆွဲထားတတ်ပါတယ်။
သူ့ခြေထောက်ကြောင့် သူက လမ်းလျှောက်ရင် တုတ်ကောက် လိုပါတယ်။ သူက သူ့ရဲ့ ပုံပြောင်းနေတဲ့ လက်ချောင်းတွေကို ဖြန့်ပြပြီး “ဒီမှာလေ၊ သွေးလေးဘက်နာ ရောဂါကြောင့် ကျွန်မလက်ချောင်းတွေ ခုလိုဖြစ် နေတယ်”လို့ ပြောပြတတ်ပါတယ်။ သူ့ကို ၁၉ဝ၉ ခုနှစ်ဝန်းကျင်က မွေးဖွားခဲ့တယ်လို့ ကျွန်မထင်တာပါပဲ။ သူ့အသက် ၂၃ နှစ်ကနေ ၂၅ နှစ်ကြားကာလမှာ အင်္ဂလိပ်စာ သင်ယူဖို့ အင်္ဂလန်ကို ရောက်လာတဲ့ အချိန်ကလွဲရင် သူ့အသက် ၃ဝ အထိ မြန်မာပြည်မှာ နေခဲ့တာပါ။ နောက် တော့ အိန္ဒိယမှာ သုံးနှစ်နေခဲ့ကာ နောက်ထပ်နှစ်ပေါင်းများစွာ (သူ့ အသက်ရဲ့ သုံးပုံနှစ်ပုံလောက်ထိ) နိုင်ငံရပ်ခြားမှာ ရောက်နေခဲ့ပါတယ်။ အမေရိက၊ သြစတြီးယားနဲ့ အင်္ဂလန် တို့မှာ အနေများခဲ့တာပါ။ သွေးလေးဖက်နာက အာရှလို ပူပြီးစိုစွတ် တဲ့နေရာမျိုးမှာ မွေးဖွားခဲ့သူ တစ်ယောက်အနေနဲ့ ဥရောပလို အေးပြီး ခြောက်သွေ့တဲ့နေရာမျိုးမှာ အနေကြာ တဲ့အခါ  ဖြစ်တတ်တယ်နဲ့ တူပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — ဇူလိုင်လ ၂၉၊ ၂၀၁၂
မသန်းဧက သြစတြီးယား အနောက်ပိုင်းက သူ့အိမ်ခန်းနဲ့ မိုက်ကယ်တို့ စုတို့အိမ်က အခန်းကြားမှာ လူးလာ ခေါက်တုံ့    နေထိုင်ခဲ့ပါတယ်။ အင်္ဂလန်က သူ့ကိုလိုနီထဲမှာ နေတဲ့သူတွေထဲက ထူးချွန်သူတွေကို အင်္ဂလန်ခေါ်ကာ အင်္ဂလိပ်စာ သင်ပေးပြီး ဗြိတိသျှမှု ပြုတတ်ပါတယ်။ မသန်းဧကို ၁၉၃၂ ခုနှစ်မှာ ဗြိတိသျှက ရွေးခဲ့တာပါ။ အင်္ဂလန်က ပြန်တော့ ကရင်တွေကို အင်္ဂလိပ်စာ သင်ပေးခွင့် ရခဲ့ပါတယ်။ သူက သူ့မိသားစု အကြောင်း ပြောလေ့ မရှိတာမို့ သူ့အဖေဟာ တက္ကသိုလ်မှာ မြန်မာစာသင်တဲ့ ဆရာ ဖြစ်ပြီး သူ့မှာ မောင်ငယ်တစ်ယောက် ရှိကြောင်းလောက်သာ ကျွန်မတို့ သိပါတယ်။ သူ့အခန်းမှာ ချိတ်ထားတဲ့ ပန်းချီကားကြောင့်လည်း မြန်မာပြည်က သူ့ဘဝကို ကျွန်မတို့ ခန့်မှန်း မြင်ယောင်နိုင်ခဲ့  ကြပါတယ်။ မြန်မာ ပန်းချီကျော် တစ်ဦးရဲ့လက်ရာ သူ့ပုံတူ က အသက်ဝင်လှပါတယ်။ အဲဒီအချိန်က သူ့မှာ ဆံပင်အရှည်ကြီးနဲ့ မြန်မာဆန်ဆန် ဝတ်ပြီး ပန်းတွေအလယ် ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ပုံက သိပ်အသက်ဝင်ပါတယ်။ ပုံထဲမှာ သူ့ဟန်ပန်က သူ့ဘဝအနာဂတ်ကို တွေးနေပုံပါ။
ဒေါ်ရာသန်းဧ၏ ပုံတူပန်းချီနှင့် ဓာတ်ပုံများကို နေအိမ်ဧည့်ခန်းတွင် တွေ့ရစဉ်
ဒေါ်ရာသန်းဧ၏ ပုံတူပန်းချီနှင့် ဓာတ်ပုံများကို နေအိမ်ဧည့်ခန်းတွင် တွေ့ရစဉ်
သူ့အလုပ် အကြောင်း ကျွန်မက သိပ်မသိပေမယ့် မြန်မာပြည်မှာ ဘိလပ်ပြန်ဆိုပြီး သူ့ကိုခေါ်ကြတာနဲ့ နာမည်ကျော် အဆိုတော် ဖြစ်ခဲ့တာကိုတော့ သိပါတယ်။ သူ့အသံနဲ့ အင်္ဂလိပ်စာ ကောင်းပုံတွေက မြန်မာပြည် အတွက် အဖိုးတန် လှတာပါ။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာတော့ သူက နယူးဒေလီမှာရှိတဲ့ အသံလွှင့်ဌာနတစ်ခု မှာ အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီအသံလွှင့်ဌာနက ဂျပန်သိမ်းပိုက်ထားတဲ့ နေရာတွေမှာ ဂျပန်တပ်တွေအကြောင်း အသိပေးတာတွေကို ထုတ်လွှင့်ရပါတယ်။ စစ်ကြီးပြီးတော့ သူက ဆန်ဖရန်စစ္စကို ကိုသွားကာ ကုလသမဂ္ဂမှာ အလုပ်မဝင်ခင် ဗီအိုအေမှာ အလုပ်လုပ်ခဲ့ သေးတယ်နဲ့ တူပါတယ်။
၁၉၄၇ ခုနှစ် ဇန်နဝါရီမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့အဖွဲ့ လန်ဒန်ကိုလာပြီး ဗြိတိသျှနန်းရင်းဝန်ချုပ် ကလီမန့် အက်တလီနဲ့     မြန်မာ့လွတ်လပ်ရေး အတွက် စာချုပ်လာချုပ်ကြတော့ မသန်းဧကလည်း လန်ဒန်မှာရှိနေခဲ့ ပါတယ်။ သူနဲ့ သူ့သူငယ်ချင်းက ဗိုလ်ချုပ်တို့ တည်းခိုတဲ့ ဟော်တယ်ကို သွားတွေ့ခဲ့တာပါ။ အန်တီမသန်းဧက သူ့အနေနဲ့ ပင်ပန်းနေတဲ့ ဗိုလ်ချုပ်ကို မြန်မာသီချင်းတွေနဲ့ ဖျော်ဖြေပေးချင် ခဲ့တယ်လို့ ကျွန်မကိုပြောပြဖူးပါတယ်။
နှုတ်ဆက်ပွဲမှာတော့ ဗိုလ်ချုပ်မှာ မိသားစုအတွက် လက်ဆောင်ပစ္စည်း ဝယ်သွားဖို့ အချိန်မရှိတော့ဘူးလို့ တွေးမိတာမို့ သူကဝယ်ပေးလိုက်ဖို့ တာဝန်ယူလိုက်ပါတော့တယ်။ သူက အသက်တစ်နှစ်ခွဲအရွယ် စုအတွက် အဲဒီအချိန်က အင်္ဂလန်မှာ ခေတ်စားနေ တဲ့ ကော်ပတ်ရုပ်လေး တစ်ရုပ်ဝယ် ပေးလိုက်ပါတယ်။ အဲဒီအရုပ်လေး ဟာအန်တီနဲ့ စုတို့ကြားက ပထမဆုံး ဆက်စပ်မှုပါပဲ။ အဲဒီအရုပ်လေးကို နှစ်အတော်ကြာကြာအထိ  စုက တမြတ်တနိုး ထိမ်းသိမ်းပွေ့ပိုက်ထား ကြောင်းသိရတဲ့အခါမှာတော့ အန်တီ က သိပ်ကို စိတ်လှုပ်ရှားခဲ့ပါတယ်။ လန်ဒန်မှာရှိတဲ့ မြန်မာတချို့ကတော့ အန်တီ့အနေနဲ့ ဗိုလ်ချုပ်အပေါ်မှာ လေးစားတာထက်ပိုတဲ့ စိတ်အနေ အထားမျိုးရှိခဲ့လို့ စုကို ချစ်နေကြောင်း အတင်းပြောတာမျိုးရှိခဲ့ပေမယ့် ဘယ်သူ ကမှတော့ ဘာရယ်လို့ အတိအကျ မသိကြပါဘူး။
၁၉၅ဝ ခုနှစ်မှာ အန်တီမသန်းဧ က ကုလသမဂ္ဂရဲ့ဝန်ထမ်း ဖြစ်လာ ပါတယ်။ စိန့်ဟျုခ်ျကောလိပ်ကျောင်း ဒုတိယနှစ်နွေမှာတော့ စုဟာ မိခင် ရှိရာ အိန္ဒိယကို မပြန်ဘဲ အယ်လ်ဂျီး ရီးယားမှာ ကုလသမဂ္ဂဆက်ဆံ ရေးဌာနဖွင့်ဖို့ တာဝန်နဲ့ရောက်နေတဲ့ အန်တီ့ဆီကို အလည်သွားခဲ့ပါတယ်။  အဲဒီတုန်းက အယ်လ်ဂျီးရီးယားနိုင်ငံ သစ်တည်ထောင်ဖို့ စိတ်တက်ကြွနေတဲ့ လူငယ်တွေဟာ စစ်ဘေးဒုက္ခသည် တွေကို ကယ်တင်တဲ့ စခန်းတွေမှာ လုပ်အားပေးနေကြတာမို့ စုကလည်း လုပ်အားသွားပေးခဲ့ပါတယ်။
နယူးယောက်မှာတော့ အန်တီ ဟာ သူ့ထက် အသက် အများကြီးငယ်တဲ့ သြစတြီးယန်း တစ်ယောက်နဲ့ မေတ္တာမျှခဲ့ပါတယ်။ အဲဒီလူက ရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်နေသူပါ။ အိန္ဒိယမှာရှိတဲ့ ကျားတွေကို ဓာတ်ပုံရိုက်သူ ကျွမ်းကျင်ပညာရှင်လည်း    ဖြစ်ခဲ့ပုံပါ။ သူ့ရဲ့ သြစတြီးယား အနောက်ပိုင်းက နေအိမ်ကို ကျွန်မ အလည်သွားခဲ့တုန်းကတော့ အန်တီ က သူ့အမျိုးသား ရိုက်ထားခဲ့တဲ့ ကျားပုံ အယ်လ်ဘမ်ကို ပြပေးခဲ့ဖူးပါတယ်။  တကယ်တော့ အသက် ၉ဝ ဝန်းကျင် အမျိုးသမီးတစ်ယောက်က ခင်ပွန်းသည်ကို လွမ်းနေသေးတဲ့အကြောင်း သိရတာကတော့ ကျွန်မကို စိတ် ထိခိုက်စေပါတယ်။ အဲဒီအမျိုးသား က အန်တီ့ကိုပစ်ပြီး သူ့ထက်ငယ် တဲ့ သြစတြီးယန်းအမျိုးသမီးလေးနဲ့ လက်ထပ်သွားခဲ့တာပါ။ စုနဲ့အတူ အောက်စ်ဖို့ဒ်မှာ    နေထိုင်ခဲ့တဲ့ကာလ တွေမှာ အန်တီမသန်းဧရဲ့ အိမ်ထောင်ရေး ပြဿနာ ဖြစ်ခဲ့ပုံပါပဲ။ စုက “အဲဒီလူဟာ အန်တီ့ကို   စောင့်ရှောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အန်တီ့ နောက်ဆုံးအချိန်တွေမှာ ကျွန်မကပဲ စောင့်ရှောက်မှာပါ”လို့ ပြောခဲ့ဖူးပါတယ်။
အန်တီကတော့ သူ့သဘော ထားကြီးမှုကို အပြုံးမပျက်ပြခဲ့နိုင် ပါတယ်။ အဲဒီလူနဲ့ သူ့နောက်မိန်းမ ကတော့ သူတို့အိမ်နားမှာပဲနေပြီး အန်တီ့ဆီကိုတောင် မကြာမကြာ လာလည်ခဲ့ပြန်ပါတယ်။ အဲဒီလူရဲ့ မိသားစုဓာတ်ပုံကိုကြည့်ရင်း အန်တီ က “ကျွန်မကို စောင့်ရှောက်နေသလို ပေါ့လေ”လို့ ပြောခဲ့ဖူးပါတယ်။
ကျွန်မရဲ့ရထားက သြစတြီးယား ရဲ့ Feldkirch ဘူတာရုံမှာ ရပ်တော့ အသက် ၄ဝ ဝန်းကျင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသမီးက လာကြိုပြီး “ရှင်က အို့တ်စု ကတော်နော်”လို့ မေးပါတယ်။ သူက အန်တီ့အမျိုးသား ဝါနာရဲ့ နောက်မိန်းမပါပဲ။ အန်တီက လာမကြိုနိုင်လို့ သူ့ကို လာအကြိုခိုင်း ခဲ့တာပါတဲ့။ ကျွန်မလည်း မိုက်ကယ် ပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိ ပါတယ်။ “နိုရီကိုရေ အန်တီကတော့ ကိုယ့်ခင်ပွန်းရဲ့ နောက်မိန်းမနဲ့ အဆင်ပြေအောင် နေနိုင်တယ်နော်။ သိပ်အံ့သြဖို့ ကောင်းတာပဲ”တဲ့။ ဒီထက် အံ့သြဖို့ ကောင်းတာက အန်တီနေတဲ့ အခန်းက သုံးလွှာမှာဖြစ်ပြီး အဲဒီမိန်းမ ရဲ့ မိဘတွေက အဲဒီအဆောက်အအုံမှာပဲ ပထမထပ်မှာ နေကြတာပါ။ သူတို့က မနက်တိုင်း အန်တီ့ဆီလာပြီး ဈေးဝယ်စာရင်း လာမှတ်ကြသလို အန်တီ့ဘဏ်စာရင်း ကိုလည်း သူတို့ကပဲ ထိန်းသိမ်းကိုင်တွယ်ပေးကြပါ တယ်။ သူတို့အသက်တွေက အန်တီ့ထက် အများကြီး ငယ်ကြပါတယ်။ ကျွန်မဖြင့် ဒီလိုဆက်ဆံရေးပုံစံမျိုးကို ဘယ်လိုမှ တွေးကြည့်လို့ မရခဲ့ပါဘူး။
အဲဒီအချိန်မှာ အလက်ဇန္ဒားက အန်တီ့ဆီ လာလည်ချိန်ဖြစ်နေတာမို့ ကျွန်မလည်း သူ့အတွက် ဆူရှီလုပ်ပေးဖို့    ဖြစ်လာပါတယ်။ ကျွန်မလည်း ဈေးသွားပြီး ပုဇွန်တို့ ငါးတို့ အဝယ် သွားပါတယ်။ အန်တီက “ကျွန်မ မစားဘူး လေ။ ကျွန်မအစား ဝါနာရဲ့ သားကိုပေးလိုက်ပါ”လို့ ဆိုပါတယ်။ ဝါနာရဲ့သားက ဝါနာနဲ့ စွပ်ချွတ်တူပါတယ်။ ကျွန်မလည်း အန်တီ့ရဲ့ ဝါနာ့အပေါ် အချစ်တွေကို တွေ့လိုက်ရတာပါပဲ။
စု နေအိမ်အကျယ်ချုပ် ကျနေခိုက် တစ်ချိန်မှာတော့ အသည်းမာတဲ့ အန်တီမသန်းဧဟာ “နိုရီကိုရေ ကျွန်မက ပင်လယ်မှာ   မွေးပြီး တောင်ပေါ်မှာ သေမှာလေ”လို့ ဖုန်းဆက်ပြီး ပြောလာပါတယ်။ သူ့ကို ကြည့်ရတာ အားနည်းလွန်းနေပါပြီ။ စုအစား သူ့ရဲ့ နောက်ဆုံးနေ့တွေမှာ သူ့ကို စောင့်ရှောက်မယ်လို့ ကျွန်မက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မက ဇူးရစ်မှာ တစ်ညအိပ်ပြီးမှ သြစတြီးယား မြို့ကလေးဆီ ရထားနဲ့ထွက်လာခဲ့တော့ တာပါ။ တစ်လမ်းလုံးလည်း အန်တီ့ အတွက် ဆုတွေ တောင်းနေခဲ့တာပေါ့။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — သြဂုတ်လ ၀၃၊ ၂၀၁၂
ယခင်အပတ်မှအဆက်
မိုက်ကယ်အဲရစ်၊ ကြီးကြီး မသန်းဧနှင့် အလက်ဇန္နား တို့ကို ၁၉၈၉ ခုနှစ်တွင် တွေ့ရစဉ်
မိုက်ကယ်အဲရစ်၊ ကြီးကြီး မသန်းဧနှင့် အလက်ဇန္နား တို့ကို ၁၉၈၉ ခုနှစ်တွင် တွေ့ရစဉ်
အန်တီကတော့ သူ့အိမ်ခန်းထဲ ရောက်တာနဲ့ သူ့ခင်ပွန်းဟောင်းရဲ့ ဓာတ်ပုံစာအုပ်ကို ထုတ်ပြတော့တာပါပဲ။ ရေနွေး ကြမ်းလေး ဘာလေးနဲ့တောင် ဧည့်မခံသေးပါဘူး။ သူ့မီးဖိုချောင်ထဲကိုလိုက်ပြီး သူ့ကို ကူညီဖို့ ကြိုးစားပြန် တော့လည်း အကူမခံပါဘူး။ “ဒါ ကျွန်မအိမ်လေ။ ဒီအိမ်မှာ ဘာကိုမဆို ကျွန်မဘာသာပဲ လုပ်တယ်။ အဲဒါကျွန်မရဲ့ စည်းကမ်းပေါ့။ စည်းကမ်းဟာ စည်းကမ်းပဲလေ”လို့ အန်တီက ဒေါသတကြီး ပြောခဲ့ပါတယ်။ ကျွန်မလည်း ဖုန်းထဲက သူ့စကားတွေကို ပြန်တွေးပြီး နားမလည် နိုင်အောင်ပါပဲ။ ဒီတော့မှ သူက “နိုရီကိုရေ ရှင်လာလည်တဲ့ အချိန်က အကောင်းဆုံး အချိန်ပဲ။ ဇွန်လ ဆိုတာ ရာသီဥတု အကောင်းဆုံးအချိန်ပေါ့” လို့ ပြောပါတော့တယ်။
အန်တီ တည်ခင်းတဲ့ ညစာကတော့ မြန်မာထမင်း၊ ဗီယာနာ ဝက်အူချောင်းနဲ့ အသုပ်ပါပဲ။ အသက် ၉ဝ ဝန်းကျင် ဆိုပေမယ့် သူက နိုင်ငံတကာကို သွားလာနေခဲ့သူမို့ တည်ခင်း ပြင်ဆင်ထားပုံက အကောင်း လွန်နေပါတယ်။ ဖယောင်းတိုင် မီးအောက်မှာ ကျွန်မတို့က ရေဖန်ခွက်ချင်းထိပြီး ညစာစားပွဲကို စတင် လိုက်ပါတယ်။ ကျွန်မက ဝက်အူချောင်းကို ကြိုက်တော့ အန်တီက သဘောကျပါတယ်။ “နိုရီကိုက ဝက် အူချောင်း ကြိုက်တော့ ကောင်းတယ်။ သြစတြီးယားက ဝက်သား သိပ်စားတာ”လို့ပြောပါတယ်။ အဲဒီနောက် တော့ ကျွန်မကို ညစာကျွေးတိုင်း ဗီယာနာ ဝက်အူချောင်း ပါလာတော့တာပါပဲ။
တကယ်တော့ ဇွန်လမှာ ရာသီဥတု အကောင်းဆုံးသာ ဆိုတယ် နှင်းတွေကတော့ အယ်လ်ပ်တောင်တန်း ပေါ်မှာ ရှိနေတုန်းပါ။ အန်တီက အပြင်ထွက်ဖို့ တုတ်ကောက် ပါမှရတာကြောင့် အပြင်ထွက်လေ့ မရှိပါဘူး။ ဒီတော့ ဒေသခံတွေနဲ့လည်း မခင်နိုင် ဖြစ်ရပါတယ်။ ပြီးတော့ ဒေသခံတွေက ဂျာမန်လိုပဲ ပြောကြတာကိုး။ အန်တီက အင်္ဂလိပ်လိုနဲ့ ပြင်သစ်လို ကျွမ်းပေမယ့် ဂျာမန်လိုတော့ သိပ်မကျွမ်းပါဘူး။ ဒီတော့ အန်တီဟာ ဝါနာရဲ့ နောက်မိန်းမနဲ့ သူ့မိဘတွေရဲ့ အကူအညီမပါဘဲ ရပ်တည်လို့ မလွယ်ပါဘူး။ အဲဒီအဆောက်အအုံမှာ နေတဲ့ သူ့ဆရာဝန် ကတော့ အန်တီ့ရဲ့တစ်ဦးတည်းသော မိတ်ဆွေပါပဲ။
အန်တီဟာ ကမ္ဘာမှာ ဂုဏ်ယူဖွယ် အသက်မွေးအလုပ်တွေ လုပ်ခဲ့တယ် ဆိုပေမယ့် သူ့ဘဝကတော့ အထီးကျန် ဆန်လှပါတယ်။ သူက အဲဒီအထီးကျန်ဘဝကို စာဖတ်ပြီးတော့ပဲ ဖြတ်သန်းတာပါ။ သူ့စာကြည့်ခန်းထဲက စာအုပ်စင်မှာတော့ အမေရိကန်နဲ့ အင်္ဂလိပ် စာပေဆိုင်ရာ စာအုပ်တွေ အများကြီးရှိပါတယ်။ အဲဒီအချိန်ကတော့ အန်တီက ပြင်သစ် တော်လှန်ရေး ဆိုင်ရာ စာအုပ်တွေကို ပြန်ဖတ်နေခဲ့တာပါ။ သူက “တော်လှန်ရေး တစ်ခု စတဲ့အခါ လူမှုရေး အခြေအနေကို ထပ်ပြီးသိချင်လာလို့ ဖတ်နေတာ”လို့ ပြောပါတယ်။
သူ့ရဲ့ အခန်းတစ်ခန်းထဲမှာတော့ မြန်မာလုံချည်တွေကို စင်နဲ့တင်ထား ပါတယ်။ သူဘယ်နေရာပဲ ရောက်နေ နေ ဒီလုံချည်တွေကို သယ်သွားပြီး မြန်မာပြည်ကို ရောက်နေသလို ခံစားပုံပါပဲ။ “လုံချည်တွေ အများကြီးပဲနော်” လို့ ကျွန်မကပြောတော့ အန်တီက “ကျွန်မသေရင် အဲဒီပစ္စည်း အားလုံးဟာ စုအတွက်ပဲလေ”လို့ တုံ့ပြန်ပါ တယ်။ သူ့ရဲ့ စုကိုချစ်တဲ့ အချစ်ဟာ ကြီးမားလှပါတယ်။ သူဟာ စုအတွက် စိတ်ဓာတ်ရေးရာ အရရော ငွေကြေးအရပါ မိခင်တစ်ယောက်လို စောင့်ရှောက်ခဲ့တာပါ။ သူက ၁၉၈၉ ခုနှစ် ဇူလိုင် ၂ဝ မှာ စုနေအိမ် အကျယ်ချုပ်ကျပြီး နောက်ပိုင်း မိုက်ကယ့်ကိုပါ သားမက်တစ်ယောက်လို စောင့်ရှောက်ပါတယ်။ စုတို့မိသားစု ကိုလည်း သူ့မိသားစုလိုပဲ စောင့်ရှောက် ခဲ့တာပါ။
စု နေအိမ် အကျယ်ချုပ် ကျပြီးတဲ့အခါ အလက်ဇန္ဒားက စိတ်ဓာတ် အကြီးအကျယ် ထိခိုက်ခံစားလိုက် ရပါတယ်။ အဲဒီအချိန်က သူတို့ မိသားစုဟာ စုနဲ့အတူ ရန်ကုန်အိမ်မှာ ရှိနေပြီး အလက်ဇန္ဒားက အသက် ၁၆ နှစ် ရှိပြီမို့ နေအိမ်အကျယ်ချုပ် ဆိုတာရဲ့အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ပါတယ်။ ကင်မ်ကတော့ အသက် ၁၁ နှစ်သားမို့ သိပ် နားမလည်သေးဘဲ အစောင့်စစ်သားတွေနဲ့ ဆော့ကစားတောင် နေခဲ့ပါသတဲ့။ မိုက်ကယ်က ပြန်ပြောပြခဲ့ တာပါ။
၁၉၈၈ ခု မတ်လမှာတော့ စုဟာ နေမကောင်း ဖြစ်နေတဲ့ သူ့အမေကို ပြုစုဖို့ မြန်မာပြည်ကို ပြန်သွားရတဲ့ အခါ အလက်ဇန္ဒားက အသက်ဆယ့်ငါးနှစ်တောင် မပြည့်ရှာသေးပါဘူး။ သူက ထက်ထက်မြက်မြက်ရှိသူမို့ သူ့အမေကို လက်လွှတ်လိုက်ရတော့မှာကို ပူပန်တတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လူပျိုပေါက်ဆိုတော့ မိခင်ကို တကယ့်ကို အလိုရှိနေတဲ့ အချိန်လည်း ဖြစ်နေတာပေါ့။ မိုက်ကယ်ကတော့ အင်္ဂလန်က အသိအမှတ်ပြု လက်မှတ်ရပြီးစ မြန်မာသူနာပြု ကလေးမတစ်ယောက်ကို အလက်ဇန္ဒားကို ပြုစုပေးဖို့အတွက် ငှားခဲ့ပါ သေးတယ်။ ဒါပေမယ့်သူက ကြီးကြီး မသန်းဧကလွဲပြီး ဘယ်သူ့စကားကိုမှ နားမထောင်ခဲ့ပါဘူး။ တကယ်တော့ အလက်ဇန္ဒားက ငယ်ငယ်ကလေး တည်းက မသန်းဧရဲ့ စကားကိုပဲ နားထောင်သူပါ။ ကျွန်မမှတ်မိနေတာက သူတို့ငယ်ငယ်တုန်းကလမ်းလျှောက် ထွက်ကြတဲ့အခါ မသန်းဧကပဲ သူ့ရဲ့ လက်ကိုကိုင်ပြီး လျှောက်ခဲ့တာပါ။
အဲဒီနှစ်မှာပဲ ကျွန်မက အန်တီ မသန်းဧဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ စုရဲ့ မွေးစားအမေလို ဖြစ်နေတဲ့    နောက်တစ်ယောက်က အင်္ဂလိပ် လူမျိုး လေဒီပတ်ထရစ် ရှာဂေါရ်ဘုသ် ပါ။ သူကလည်း ကျွန်မရှိနေတဲ့အချိန် အန်တီ့ဆီ လာလည်ပါတယ်။သူက အန်တီ့ကို သြစတြီးယားမှာ တစ်ယောက်တည်းထားခဲ့လို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ အောက်စ်ဖို့ဒ်မှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကို ရှာပြီး အန်တီ့ကို ပြောင်းနေစေဖို့ စီစဉ်ရပါတယ်။ အန်တီကလည်း သူ့အနေနဲ့ အိပ်ယာပေါ်မှာပဲ နေနေရတဲ့ အနေအထား မရောက်ခင်မှာ အောက်စ်ဖို့ဒ်ကို    ပြောင်းသွားဖို့ ဆုံးဖြတ်ပါတယ်။ အဲဒီဂေဟာမှာ ရေချိုးခန်း၊ အိမ်သာတွဲလျက် အိပ်ခန်း တစ်ခန်းရယ်၊ မီးဖိုချောင်ပါတဲ့ ဧည့်ခန်း တစ်ခန်းရယ်ပါတဲ့ အခန်း ကျယ်တစ်ခုကို တစ်လ ပေါင် ၈ဝဝ ပေးရပါတယ်။ အဲဒီဂေဟာမှာ စာကြည့်တိုက် ကောင်းကောင်းလည်း ရှိသလို ရုပ်ရှင်ရုံလို သီရေတာအသေးလေးလည်းရှိပါတယ်။ ဧည့်သည်လာရင် တည်းလို့ရတဲ့ အခန်းကလည်း ရှိတာပါ။ ကြိုမှာထားလို့ရတဲ့ အစားအသောက် ဌာနလည်း ရှိပါတယ်။ ဂေဟာမှာ ၂၄ နာရီ လုံခြုံရေးစနစ်လည်း ရှိတာမို့ စိတ်အေးရမယ့်နေရာပေါ့။ ဒီလိုနဲ့ အသက် ၉ဝ အရွယ် အန်တီမသန်းဧဟာ သူ့ခင်ပွန်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေ ရှိနေတဲ့ သြစတြီးယားကနေ သူ့သေတ္တာတွေထဲမှာ အမြဲသိမ်းထားတတ်တဲ့ ဓာတ်ပုံများရဲ့ ပိုင်ရှင် စုနေခဲ့ဖူးတဲ့ အောက်စဖို့ဒ်ကို အပြီးတိုင် ပြောင်းရွေ့ လာခဲ့ပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — သြဂုတ်လ ၀၉၊ ၂၀၁၂
၂ဝဝ၈ ခုနှစ် အသက် ၉၉ နှစ် အရွယ် သူကွယ်လွန်တဲ့အထိ အန်တီက အောက်စ်ဖို့ဒ်မှာ နေခဲ့တာပါ။ ဂေဟာမှာ နေစဉ် အန်တီတစ်ခုခု ဖြစ်တာနဲ့ ဂေဟာအုပ်ချုပ်ရေးမှူက လေဒီ ဂေါရ်ဘုသ်ကို ဖုန်းဆက် ပြောပါတော့တယ်။ အဲဒီအခါ သူကိုယ်တိုင်က အသက် ၈ဝ ရှိနေပြီဖြစ်တဲ့ ပက်ဟာ လန်ဒန်ကနေ အောက်စ်ဖို့ဒ်ကို ကား ကိုယ်တိုင်မောင်းပြီး  အန်တီ့ကို သွားတွေ့ခဲ့ပါတယ်။ ကျွန်မဘဝတစ် လျှောက်မှာ ပက်လို့ ကျွန်မကခေါ်တဲ့ လေဒီ ဂေါရ်ဘုသ်လို ကြင်နာတတ်ပြီး ခင်မင်စရာ ကောင်းတဲ့ အင်္ဂလိပ် အမျိုးသမီးမျိုး မတွေ့ဖူးပါဘူး။
အန်တီက သူ့ရဲ့ နောက်ဆုံးအချိန်တွေကို စုနဲ့မိုက်ကယ်ရဲ့ ပတ်ဝန်းကျင်က လူတွေကြားထဲမှာ ကုန်ဆုံးစေခဲ့ တာပါ။ မြန်မာ ကက်သလစ် သီလရှင်တွေက သူ့ကိုနေ့စဉ် ပြုစုပေးခဲ့ပါတယ်။ ပက်ကတော့ အဲဒီသီလရှင် တွေကို နတ်သမီးတွေလို့ ချီးကျူးခဲ့ပါတယ်။ အန်တီကတော့ သီလရှင်တွေကို စုအကြောင်းချည်း ပြောနေခဲ့ပါ တယ်။ သူတို့အတွက်က စုဟာ စိမ်းနေခဲ့ပေမယ့် အန်တီ့ဆီက စုရောဂါဟာ သူတို့ကို ကူးစက်ခဲ့ရာက သီလရှင်တွေလည်း စုကို ထောက်ခံ သူတွေ ဖြစ်လာ ပါတော့တယ်။ သူတို့ ဟာ အန်တီ့ကို ရေမိုးချိုးပေးခဲ့စဉ်က ထိတွေ့ခဲ့တဲ့ အထိအတွေ့ဟာ ခုထိ သူ့လက်ပေါ်မှာ ကျန်နေသေးတယ်လို့ ကျွန်မကို အန်တီကွယ်လွန်ပြီး တစ် နှစ်အကြာမှာ ပြန်ပြောပြတော့ မျက်ရည်တွေလည်း ဝဲလို့ပါ။ အန်တီဟာ သီလရှင်နှစ်ယောက်ရဲ့ လက်ထဲမှာ တစ်နေ့ထက်တစ်နေ့ သေးသေးလာခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီ မြန်မာ ကက်သလစ် သီလရှင်တွေဟာ မိုက်ကယ်တို့နဲ့ သိကျွမ်းတယ်ဆိုပြီး မြန်မာပြည် ကို ပြန်ဝင်လို့ မရခဲ့ဘဲ ဖြစ်ခဲ့တာမို့ သူတို့ရဲ့ မိဘတွေကို ကိုယ်တိုင် မပြုစုနိုင်ခဲ့ပါဘူး။ ဒီတော့ အန်တီ့ကို သူတို့ မိသားစုလို ပြုစု ခဲ့တော့တာပေါ့။ စုက အန်တီ့ကို သူကိုယ်တိုင် ပြုစုချင်ခဲ့တဲ့ ဆန္ဒဟာ တစ်နည်းနည်းနဲ့ ပြည့်စုံခဲ့တယ်လို့ ဆိုရမှာပါ။ အန်တီ့ကို ပြုစုခဲ့တာက မြန်မာနိုင်ငံသူတွေ ဖြစ်ခဲ့လို့ပါပဲ။
ကြီးကြီး မသန်းဧ၊ မိတ်ဆွေများနှင့် ဒေါ်အောင်ဆန်းစုကြည် မိသားစုကို တွေ့ရစဉ်
ကြီးကြီး မသန်းဧ၊ မိတ်ဆွေများနှင့် ဒေါ်အောင်ဆန်းစုကြည် မိသားစုကို တွေ့ရစဉ်
ကျွန်မရဲ့ ခင်ပွန်းကတော့ အန်တီ့ကို ဂျပန်အဆိုတော်နဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်ဖြစ်တဲ့ Li Kou Ran နဲ့ နှိုင်းလေ့ ရှိပါတယ်။ သူက သိပ်ချောမော လှပပြီး စစ်အတွင်းက တရုတ်ပြည်မှာ သူလျှို တစ်ယောက်အဖြစ် သတင်းတွေကို ဂျပန်တွေဆီ ပြန်ပို့ပေးခဲ့သူပါ။ အန်တီကလည်း စစ်အတွင်းက အိန္ဒိယမှာနေပြီး ဂျပန်စစ်သတင်း တွေ အကြောင်း အသံလွှင့်ခဲ့ဖူးသလို အလှအပနဲ့ ဖက်ရှင်ကို ကြောင့်ကြစိုက်တဲ့ ဘိလပ်ပြန် သန်းနာမည်နဲ့ ထင်ရှားတဲ့ အဆိုတော်တစ်ယောက် မဟုတ်လား။ သူက နောက်ဆုံးအချိန်ထိ လူတွေနဲ့ မတွေ့ခင်မှာ သူ့ကိုယ်သူ လှလှပပ ဝတ်စား ပြင်ဆင်တာမျိုး လုပ်ခဲ့တာကိုလည်း ကျွန်မတို့ တွေ့မြင် သဘောပေါက် ခဲ့ရပါတယ်။ သူက မြန်မာတွေရဲ့ အကျင့်ဖြစ်တဲ့ ကြိုတင် အကြောင်းမကြား ဝင်တွေ့တာမျိုးကို မုန်းပါတယ်။ ဒါပေမယ့် “မြန်မာတွေရဲ့ကောင်းတဲ့ ဓလေ့တစ်ခုက သူတို့ဆီကို လမ်းကြုံ ဝင်လည်တယ် ဆိုတာမျိုးဟာ မယဉ်ကျေးတဲ့ အပြုအမူလို့ မခံယူတတ်ကြတာပါပဲ” လို့လည်း ဖြည့်စွက်ပြောပါသေးတယ်။
ကိုယ့်ရေ ကိုယ့်မြေကနေ တစ်ခါမှ မခွဲခွာဖူးသူတွေ အတွက်တော့  အန်တီမသန်းဧရဲ့ ဘဝကို ကောင်းကင်က နတ်သမီး တစ်ပါးရဲ့ ဘဝလို လွတ်လပ်နေမယ်လို့ ထင်ကောင်း ထင်ကြမှာပါ။ ဒါပေမယ့် အန်တီ့မှာ လှပတဲ့ အသံ၊ ထူးခြားတဲ့ ဘာသာစကား စွမ်းရည်၊ များပြားတဲ့ နိုင်ငံတကာ အတွေ့အကြုံ၊ ထူးချွန် ထက်မြက်ပြီး စူးစမ်းတတ်တဲ့ ဒီမိုကရက် တစ်ယောက်ရဲ့ အမြင်ဆိုတဲ့ အစွမ်းတွေကြောင့်ပဲ သူဟာ ကိုယ့်ရေ ကိုယ့်မြေမှာ မနေခဲ့နိုင်ကြောင်းကိုတော့ သိကြမယ် မထင်ပါဘူး။ ဒီလိုနဲ့ အန်တီဟာ သူ့ဘဝတစ်လျှောက်လုံး မြန်မာ့အရေးကို တွေးတောသယ်ပိုးပြီး ပြည်ပမှာ အထီးကျန်စွာ နေဖြစ်ခဲ့တော့တာပါ။ ကျွန်မစိတ်ထင် စုဟာ အန်တီ့ အပေါ် မိဘတွေကြောင့် ရင်းနှီးကျွမ်းဝင်တာမျိုး မဟုတ်ဘဲနဲ့ အန်တီ့လိုမျိုး အတွေးတူပြီး ခြေရာနင်း ခဲ့တာ ဖြစ်မှာပါ။ စုနဲ့အန်တီဟာ အတော်ကြီး တူခဲ့တာ ချစ်ခင်ခဲ့တာ အဲဒါကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။
၂ဝဝ၅ ခုနှစ်မှာ ဘာသာပြန်သူ အနေနဲ့ ကြီးကြီး မသန်းဧရှိရာ အောက်စ်ဖို့ဒ်က ဂေဟာကို သွားရောက် လည်ပတ် ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က သူ့အသက်ဟာ ၉၆ နှစ် ရှိနေပြီဖြစ်ပေမယ့် အားလုံးကို သေချာ မှတ်မိနေပြီး လူတွေက သူ့ကို ဒေါ်ရာသန်းဧလို့ ခေါ်ကြတာကို မကြိုက်ကြောင်း၊ သူ့နာမည်ဟာ အင်္ဂလိပ်လို Dora ဒေါ်ရာနဲ့ မြန်မာလို မသန်းဧ ဖြစ်ပြီး သန်းဧကို Sir name သဘော ဒေါ်ရာနဲ့ တွဲခေါ်ကြတာဟာ မှားယွင်း ကြောင်း အပါအဝင် စကားတွေ အများကြီး ပြောကာ သူ သိမ်းထားတဲ့ ဓာတ်ပုံတွေလည်း အများကြီး ပြခဲ့ပါ တယ်။ ၂ဝဝ၈ ခုနှစ်မှာတော့ ကြီးကြီးဆီ မသွားနိုင်တော့ဘဲ လေဒီ ဂေါရ်ဘုသ်နဲ့သာတွေ့ဖြစ်ပြီး  သူ့အကြောင်း တော့ ပြောဖြစ်ခဲ့ပါတယ်။ တစ်သက်မှာ တစ်ခါတည်း ဆုံဖြစ်ခဲ့ပေမယ့် ဓာတ်ပုံအတူရိုက်ကြဖို့ ပြင်တဲ့အခါ ခေါင်းစည်းနဲ့ပန်းကို အရပြင်ဆင်ခဲ့တဲ့ ကြီးကြီးအေးရဲ့ ပုံရိပ်တွေက ခုထိ လတ်ဆတ်နေဆဲပါ။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
       

No comments: