Thursday, October 4, 2012

ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစ်စောင် (၁၁ to ၁စ)



သတင်းဆောင်းပါး — သြဂုတ်လ ၁၉၊ ၂၀၁၂
ကျိုတိုရောက် စု (၁၉၈၅-၁၉၈၆)
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုရီကို
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုရီကို
၁၉၈၅ ခုနှစ် ဇူလိုင် ၂ရက်မှာ စုဆီက စာတစ်စောင် ကျွန်မဆီ ရောက်လာပါတယ်။
ခင်မင်ရပါတဲ့ နိုရီကိုနဲ့ဆဒါယိုရှိ (အားရပါးရ ခေါ်လိုက်တာနော်)
ကျွန်မမှာ စိတ်လှုပ်ရှားစရာ သတင်းတွေရှိနေတယ်နော်။ စက်တင်ဘာလ ကုန်ကျရင် ကင်မ်နဲ့ ကျွန်မ ကျိုတိုကို လာခဲ့မယ်။ ကျိုတိုတက္ကသိုလ် ရဲ့ အရှေ့တောင်အာရှ လေ့လာရေးဌာန က ကျွန်မကို ဧည့်သုတေသီအဖြစ် ခြောက်လတာ ဖိတ်ကြားခဲ့ပါတယ်။ ဒီအခွင့်အရေးကို ကာလ တာရှည် စောင့်မျှော်နေခဲ့တဲ့ ကျွန်မအတွက် ဒီလို အဆင်ပြေအောင် ကူညီပေးခဲ့တာကတော့ လူသားချင်း စာနာမှု လေ့လာရေး ဌာနက သုတေသနမှူး ပါမောက္ခ တိုဆီယို ယိုကိုယာမာ ပါပဲ။ သူက ကျိုတို တက္ကသိုလ်ရဲ့ အပြည်ပြည် ဆိုင်ရာ ဧည့်ဂေဟာမှာ နေခွင့်ရဖို့ကိုလည်း ကြိုးစားပေး နေပါတယ်။ ဒါပေမယ့် ကြည့်ရတာ ဒီဇင်ဘာအထိ အခန်းလွတ် ရှိပုံမရဘူး။ ပြီးတော့ ကျွန်မက ပါပီ့ကို ခေါ်လာမယ်လေ။ မိုက်ကယ်က အိန္ဒိယကို မခေါ်သွား နိုင်ဘူးလေ။ ပါပီက အိုလည်း အိုနေပြီ။ ကျွန်မကသာ သူ့ကို ဂျပန်ကို ခေါ်မလာရင်သူ ရင်ကွဲပြီး သေမှာပဲ၊   ဂေဟာမှာ တိရစ္ဆာန်ကို လက်ခံ မခံတော့ မသိဘူးပေါ့။ ဒါကြောင့် နိုရီကိုရေ ကျေးဇူးပြုပြီး ကင်မ်ရယ်၊ ကျွန်မရယ်၊ ပါပီရယ် နေလို့ရမယ့် နေရာကလေးများ ကူရှာ ပေးလို့ ရမလား လို့ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း ပါမောက္ခ ယိုကိုယာမာကို တိုင်ပင် ပြောထားပေးမယ်ဆိုရင် လည်း ကျေးဇူးတင်မှာပါ။
စာက ဆက်ရေးထားရာမှာ ဟို အရင်အပတ်က စု ရေးလာတဲ့ စာ တစ်စောင်ကို သတိရမိပါတယ်။ “ကျွန်မလေ ငွေစုမိတာနဲ့ ချက်ချင်းဆိုသလို ဂျပန်ကို အလည်လာချင်တာ ပါပဲ။ ရှင့်ရဲ့ ကျေးလက်က အိမ်ကလေးဆီကို လာမှာပေါ့”တဲ့။ အရှေ့တောင်အာရှ လေ့လာရေး ဌာနမှာ  မြန်မာပြည်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးပဲ လို့ ပြောကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလည်း အများကြီး ရှိနေပါတယ်တဲ့။ ဒီတော့ စုမှာ အဲဒါတွေကို လေ့လာချင်သလို သူ့အဖေ နေခဲ့ဖူးတဲ့ ဂျပန်ကို လာပြီး အတွေ့အကြုံတွေ လိုချင်စိတ်လည်း ရှိနေခဲ့တာပါ။
ပါမောက္ခ ယိုကိုယာမာက အောက်စ်ဖို့ဒ်ကနေ ပါရဂူဘွဲ့ ရခဲ့သူပါ။ ဒါကြောင့် အောက်စ်ဖို့ဒ်နဲ့လည်း ဆက်ဆံရေး အဆင်ပြေပုံရပါတယ်။ တခြား သုတေသီတွေအနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း သုတေသန ပြုဖို့ အရေးကြီးတာကို သူ့လောက် နားလည်နိုင်မှာ မဟုတ်ဘူးပေါ့။ ဒီ သုတေသနအတွက် စုဟာ အသင့်တော်ဆုံး လူတစ်ယောက်ဖြစ်တာ မှန်ပေမယ့် စုလို အိမ်ရှင်မ တစ်ယောက်ကို သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဂျပန် ဖောင်ဒေးရှင်းအနေနဲ့ သုတေသန ထောက်ပံ့ကြေး ပေးချင်သွားအောင် စည်းရုံးဖို့ဆိုတာ အတော် မလွယ်တဲ့ အလုပ်ဆိုတာကိုတော့ ကျွန်မတို့က ခန့်မှန်းနိုင်ခဲ့ပါတယ်။
စုအနေနဲ့ကတော့ ဒီလိုရှုပ်ထွေးတဲ့ ကိစ္စတွေကို နားမလည်နိုင်မှာ သဘာဝ ကျပါရဲ့။ မိုက်ကယ်က အလုပ် အနေနဲ့မရဘဲ အင်္ဂလန်မှာ ဖြစ်ဖြစ်၊ တခြားနိုင်ငံ တစ်ခုခုမှာဖြစ်ဖြစ် သုတေသီ အနေနဲ့ ထောက်ပံ့ကြေးတွေ ရကာ  လှည့်လည် နေထိုင်    နေရတာကြောင့် စု ကလည်း အခုလိုပဲ ဧည့်သုတေသီ အဖြစ် နေထိုင်နိုင်အောင် တွေးဖြစ်ပုံပါ။ ဒီအခွင့်အရေးကတော့ စုအတွက် အခွင့်အလမ်းကောင်း ကိုသာမက နောင်နှစ်နှစ်အတွင်း ဖြစ်လာတော့မယ့် ဘဝအပြောင်းအလဲ အတွက်ပါ သက်ရောက်ခဲ့တယ်လို့ ဆိုရပါမယ်။
ကျွန်မက စုရဲ့စာကို ကျွန်မ ခင်ပွန်းပါ ကြားရအောင် အသံထွက် ဖတ်ဖြစ်ခဲ့ပါတယ်။ ပါပီ့အကြောင်းလည်း ရောက်ရော “အိုး ဒီပါပီ အကြောင်း ပါလာပြန်ပြီ”လို့ ရယ်ပါတော့တယ်။ ပါပီက စုရဲ့အချစ်တော် ခွေးပေါ့။ ဘူတန် တယ်ရီယာ ခွေးကလေး    ဖြစ်ပါတယ်။ ဘူတန်က အပြန် မှာ ခေါ်လာခဲ့တာပါ။ စုက ပါပီဟာ အင်္ဂလန်မှာ အရမ်းအဖိုးတန်တဲ့ တစ်ကောင် တည်းသော ခွေးလို့ ဂုဏ်ယူနေကျပေါ့။
စုအတွက်တော့ အဖိုးတန်ခွေး ဖြစ်ပေမယ့် ကျွန်မတို့ အတွက်တော့  ပါပီက ကမူးရှူးထိုး ခွေးတစ်ကောင် ပါပဲ။ အကောင်က သေးပြီး ဘာမှမထူးခြားတဲ့ ကောင်ပါ။ မျက်နှာဝိုင်းဝိုင်းလေးရယ်၊ မျက်လုံး ဝိုင်းနက်နက်ရယ်၊ အမွှေးတွေက အဖြူနဲ့အညို ရောပြီး ခပ်ရှည်ရှည်ပေါ့။ ခြေထောက် တွေကတော့ တိုတို။ အလက်ဇန္ဒားရဲ့ အချစ်တော်လည်း ဖြစ်ပါတယ်။ သူက ကျွန်မတို့အရင် လှေကားကို အပြေးတက် သွားတတ်ပြီး လှေကားစွန်းလည်း ရောက်ရော မေးစေ့နဲ့ လှေကားစောင်း ရိုက်မိပြီးလဲကျရောဆိုတဲ့ ပါပီမျိုးလေ။ ကျွန်မတို့က စုဆီ လာလည်တိုင်းမှာ ကျွန်မတို့နား နာရီဝက်လောက် ထိုင်နေတာ ငြိမ်လို့ ပြီးတော့မှ ရုတ်တရက်ကြီး ထပြီး သူစိမ်းတွေကို တွေ့ရသလို ဟောင်တော့တာပဲ။ ပြီးတော့ သူက အစောင့်ခွေး လိုလည်း အသုံးမတည့်ပါဘူး။ သူ့ပုံစံက ကာတွန်းပုံလေးမို့ ချစ်စရာတော့ ကောင်းနေ တာပေါ့။ စုက သူ့ကို ချစ်တယ်ဆိုတာကတော့ အာရှနွယ် ဖွားချင်းကလည်း ဖြစ်၊ သူ့သားနှစ်ယောက် ထက်စာရင် သူ့စကားကိုလည်း ပိုနားထောင် ဆိုတာကြောင့် ဖြစ် ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ခွဲထားခဲ့ရင် သေသွားမလားလို့ စိတ်ပူနေတဲ့အထိတော့ ချစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါ ဘူး။
အဆုံးမှာတော့ စုက ပါပီ့ကို  ထားရစ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ဘယ်တိရစ္ဆာန် ကိုမဆို အချိန်အတော်ကြာ သီးသန့်ခွဲထားရမယ့် အခြေအနေရော၊ ဧည့်ဂေဟာမှာ ဘယ်တိရစ္ဆာန်မှ ထားမရတဲ့ အခြေအနေကြောင့်ပါ ပါပီ ကျန်ခဲ့ရပါမယ်။ မိုက်ကယ်အနေနဲ့ အိန္ဒိယက ဆင်းမလားကို တစ်ပါတည်း ခေါ်ချင် ခေါ်၊ ဒါမှမဟုတ် သူတို့ရဲ့ အိမ်ခန်းကို အငှားတင်ခဲ့မယ့် သူတွေနဲ့ ထားချင်ထားခဲ့ပေါ့။ သူတို့မိသားစုက နိုင်ငံခြား သွားမယ်ဆိုရင် အခန်းကို လူငှားထား ခဲ့တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခွေးပြဿနာကတော့ ဖြေရှင်းပြီး သွားပါပြီ။ တကယ်တော့ စုကို ဧည့်သုတေသီ အဖြစ် ဖိတ်ဖို့ ပါမောက္ခ ယိုကိုယာမာအနေနဲ့ အတော်ကြီး အားထုတ်ခဲ့ရမှာပါ။ ပါမောက္ခက “သူဟာ မင်းသမီးလေး မဟုတ်တော့ဘူးလေ။ ငါကလည်း ဘာပဲဖြစ်လာလာ အဆိုးဆုံးကို ပြင်ဆင်ထားမှာပါ”လို့ ဆိုခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — သြဂုတ်လ ၂၃၊ ၂၀၁၂
ကျွန်မတို့ လင်မယားလည်း စုနဲ့ ကင်မ့်ကို အီတာမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သွားကြိုကြပါတယ်။ ကျွန်မက ပါမောက္ခ ယိုကိုယာမာ ပြောခဲ့တာကို သတိရပြီး အစဖော်တဲ့ အနေနဲ့ “သူက ပြင်ဆင်ထားခဲ့ပါ တယ်တဲ့..”လို့ဆိုတော့ စုကပဲ “အဆိုးဆုံး ကိုပေါ့”လို့ ဖြတ်ပြောပါတယ်။ ကျွန်မတို့ နှစ်ယောက်သားပြိုင်တူပဲ ရယ်လိုက်မိပါတယ်။ စုက ပြဿနာကို သဘောပေါက်ခဲ့ပုံပါပဲ။
ကြီးကြီး မသန်းဧ နှင့် နိုရီကို
ကြီးကြီး မသန်းဧ နှင့် နိုရီကို
စုရဲ့ စာထဲမှာ ပါခဲ့တာ တစ်ခုကတော့ အသက် ၈ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ကင်မ့်အတွက် ကျောင်းကိစ္စ စိတ်ပူပန်မှုပါပဲ။ အဲဒီအချိန်က အလက်ဇန္ဒားက ကျောင်းအဆောင်မှာ နေရမှာ နောက်ဆုံးနှစ်ပါပဲ။ နောက်နှစ် နွေဦးဆို အတန်းတင် စာမေးပွဲ စစ်ပြီလေ။ ပြီးရင်တော့ သူလည်း ကင်မ်နဲ့အတူ ကျိုတိုကို လာမှာပါ။ ဒီ၁၉၈၅ ခုနှစ် ခရစ်စမတ် ပိတ်ရက်မှာ စုနဲ့ကင်မ်ပဲ ရှိပေမယ့် ၁၉၈၆ ခုနှစ် နွေမှာတော့ အလက်ဇန္ဒားရော၊ တစ်မိသားစုလုံး အိန္ဒိယမှာ အတူတူ ရှိကြမှာပါ။ စုက ဩဂုတ်လ ပထမပတ်မှာတော့ ဆွစ်ဇာလန်နဲ့ ဂျာမဏီကို သွားရမှာမို့ ဂျပန်ကို မလာခင် အတော်လေး အလုပ်ရှုပ်ဦးမှာပေါ့။ သူ့စာထဲမှာတော့ သူ့စွန့်စားခန်းအတွက် အတော်လေး စိတ်လှုပ်ရှား နေပုံ ပါပဲ။
လေဆိပ်ကနေ ကျွန်မတို့အိမ်ကို ရောက်တယ်ဆိုတာနဲ့ ရွာထဲကို အလည်ပို့ဖို့ ဆိုကာ ကျွန်မခင်ပွန်းက စက်ဘီး တစ်စီးနဲ့ ကင့်မ်ကို တင်ပြီး ထွက်သွားပါတော့တယ်။ ကင်မ်ကတော့ စက်ဘီးပေါ်က ဆင်းဆင်းချင်း အောက်စ်ဖို့ဒ်မှာ ကျန်နေတဲ့ မိုက်ကယ့်ဆီကို ဖုန်းခေါ်ဖို့ လောဆော်တော့တာ ပါပဲ။ သူ့ကြည့်ရတာ စက်ဘီးကို ပထမဆုံး စီးခွင့်ရသလိုကို ပျော်နေကာ မိုက်ကယ့်ကိုလည်း သူ့ခရီးရှည်ကြီး အကြောင်း မပြောဘဲ စက်ဘီးစီး တဲ့ အတွေ့အကြုံကိုပဲ ပြောနေပါတယ်။ ကျွန်မခင်ပွန်းက ပြန်ပြောပြ တာကတော့ သူ့နောက်မှာ ထိုင်စီးတဲ့ ကင့်မ်ကို စကားတွေ လှမ်းလှမ်းပြောတော့ ကင်မ်က စက်ဘီးနင်းနေခိုက် စကားမပြောရဘူးလို့ ပြောပါသတဲ့။ အဲဒီတော့ သူက “မင်းတို့ အင်္ဂလိပ် ကလေးတွေဟာ စိတ်ပူတတ် ရန်ကောကွာ”လို့ ပြောတဲ့အခါ “မဟုတ်ပါဘူး။ ကျွန်တော်က မြန်မာပါ”လို့ ပြန်ဖြေခဲ့ပါသတဲ့။ အဲဒီအခါမှပဲ ကျွန်မတို့လည်း ပထမဆုံး အနေနဲ့ စုရော သား နှစ်ယောက်လုံးပါ မြန်မာနိုင်ငံသား ဖြစ်နေတာကို သိလိုက်ရပါတယ်။ စုက ဘယ်တုန်းကမှ ဗြိတိသျှ နိုင်ငံသား မခံယူခဲ့ပါဘူး။
စုက ကျွန်မတို့အိမ်ကို သိပ်သဘောကျ ပါတယ်။ ဘီဝါကန်ကို မြင်နေရတဲ့ မြင်ကွင်းနဲ့ အရိပ်ကောင်းတဲ့အတွက် ပေါ့။ ကျွန်မတို့ အိမ်လှေကားရဲ့ ပထမသုံးဆင့်က ထောင့်ချိုးလေးပေါ့။ စုက သူ့အမေအိမ်က လှေကားကလည်း အဲဒီလို ထောင့်ချိုးလေးပဲ ဆိုကာ လှေကားကို အကြိမ်ပေါင်းများစွာ တက်လိုက်ဆင်းလိုက် လုပ်နေခဲ့ပါတယ်။ ကျွန်မတို့အိမ်က ဘီဝါကန်ရဲ့အနောက်ဘက်ကမ်းက တောင်ကုန်းလျှောလေးမှာ ဖြစ်ပြီး အသစ် တည်ထားတဲ့ ရပ်ကွက်လေးမှာ ရှိတာပါ။ အဲဒီအချိန်တုန်းက အနိမ့်ပိုင်းက မြေကို ကျွန်မတို့ မပိုင်သေးပါဘူး။ ကျွန်မတို့အိမ်ရဲ့ ပထမထပ်ကနေ ကြည့်ရင် ကန်ရဲ့ ဟိုဘက်ကမ်းနဲ့ နောက်ဘက်က အီဘူကီတောင်ဟာ တကယ့်ကို လှပါရဲ့။ စု ကောက်ကာ ငင်ကာနဲ့ “နိုရီကိုရယ် ရှင် အဲဒီအနိမ့်ပိုင်းက မြေကို ဝယ်သင့်တယ် သိလား” လို့ ဆိုပါတယ်။ “ဝယ်ချင်တာပေါ့။ ဒါပေမယ့် တတ်မှ မတတ်နိုင်တာ”လို့ ဆိုတော့ “ဘာလို့လဲ ဒီမြေလေးက သေးသေးလေး လေ”လို့ စုက နားမလည်သလို ကြည့်ပြီး မေးပါတော့တယ်။ ကျွန်မတို့နှစ်ယောက် နှုတ်က ထုတ်မပြောဘဲ အကြည့်ချင်း စကားပြောဖြစ်ခဲ့တယ် ဆိုပါတော့။ စုက “ကျွန်မက အကြံကောင်းတွေ ပေးနေတာနော်”ဆိုတဲ့ အကြည့်နဲ့ မေးပြီး ကျွန်မက “ဟုတ်ပါတယ်။ ဒါပေမယ့် ရှင်မှ ဂျပန်က မြေသေးသေးလေး တစ်ကွက်ရဲ့ တန်ဖိုးကို မသိတာ”ဆိုတဲ့ အကြည့်နဲ့ဖြေခဲ့တာလေ။
ကျွန်မတို့က နေ့တိုင်းလိုလို ကို စီရထားလိုင်းက ဝါနီဘူတာရုံရှေ့မှာ ဖွင့်ထားတဲ့ စူပါမားကက်မှာ ဈေးသွား ဝယ်ပါတယ်။ စုက ငါးရောင်းသူ တစ်ယောက်ကို သဘောကျပါတယ်။ “သူက မျက်နှာကချိုတယ်။ ဘူတန်က ကျွန်မသူငယ်ချင်းနဲ့ တူတယ်”လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် စုကို နေအိမ် အကျယ်ချုပ် ချထားလိုက်ပြီ လို့လည်း ဆိုရော ငါးဆိုင်ပိုင်ရှင်က ကျွန်မဆီ မနက်အစောကြီး ရောက်ချလာကာ “အစ်မကြီးရေ၊ အောင်ဆန်း စုကြည်တော့ အခက်အခဲ တွေ့နေပြီနော်။ ကျွန်တော် တတ်နိုင်တာများ ရှိရင် ပြောပါနော်။ အတတ်နိုင်ဆုံး ကူညီချင်လို့ပါ”လို့ ပြောခဲ့ပါတယ်။ ကျွန်မအနေနဲ့ စုအပေါ် အခုလောက် နွေးထွေးတဲ့ စိတ်မကောင်းဖြစ်ပုံမျိုး မတွေ့ဖူးပါဘူး။ သူက မြန်မာပြည် အရေးကိုအမြဲစိတ်ဝင်စားသလို ကျွန်မကို တွေ့တိုင်းလည်း စုသတင်းကို မေးတတ်ပါတယ်။ ကျွန်မကလည်း ဆိုင်ကိုရောက်တဲ့အခါ ငါးလှီးဓား ကိုင်ထားတဲ့ ငါးဆိုင်ပိုင်ရှင်နဲ့ စုကြားက တွေ့ဖူးနေခဲ့တဲ့ အသံတိတ် အပြုံး ဖလှယ်မှုတွေကို ပြန်သတိရ နေမိခဲ့ပါတယ်။
စုက ဂျပန်ကို သွားတော့မယ်ဆိုတဲ့ သတင်းဟာ သူ့အမေက တစ်ဆင့် ရန်ကုန်က မိတ်ဆွေတွေကြား ပျံ့နှံ့ သွားပါတယ်။ စုအမေကို ကူညီပေးနေသူတွေဆီက ဈေးဝယ်ပေးဖို့ ပစ္စည်း စာရင်းရှည်ကြီးကလည်း စုရဲ့လက်ထဲကို ရောက်လာခဲ့ ပါတော့တယ်။ စုကလည်း သူ့မေတ္တာကို ပြသတဲ့အနေနဲ့ အမှတ်တရ ပစ္စည်းလေးတွေ ဝယ်ဖို့ ကြိုးစားပါတော့တယ်။ ကျွန်မကလည်း သူ့ကို စူပါမားကက် ပထမထပ်က နာရီဆိုင် ရှိရာဆီ ခေါ်သွားပေးလိုက်ပါတယ်။ သူ့စာရင်းထဲမှာ နာရီက ပါနေတာကိုး။ စုက နာရီကို အငေးသား ကြည့်လိုက်ပြီး သက်ပြင်းလေး ချလိုက်ပါတယ်။ “နိုရီကိုရေ ကျွန်မအနေနဲ့ ဒီလို ဈေးကြီးတဲ့ပစ္စည်းတွေကို ဝယ်ဖို့ မတတ်နိုင်ပါဘူး။ ဒီနာရီက ယန်း သုံးသောင်းခွဲတောင်လေ။ ကျွန်မ ပတ်ထားတဲ့ နာရီကို ကြည့်ပါဦး။ ယန်းငါးထောင်ပဲ ပေးရတာ”လို့ ပြောခဲ့ပါတယ်။
စက်တင်ဘာလ ကုန်တဲ့အထိ နေ့ပေါင်းများစွာ စုနဲ့ ကင်မ်ဟာ ဂျပန်နိုင်ငံက သူတို့ဘဝကို ပျော်ပိုက်နေပုံ ရပါတယ်။ အောက်တိုဘာ ၁ ရက်ကစပြီး အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာကို သူတို့ ပြောင်းရွေ့နေထိုင် ရပါတယ်။ ဘဝသစ် တစ်ခုပေါ့။ ကျွန်မတို့ အိမ်နီးနားချင်း တွေကလည်း သူတို့ရဲ့ ၆လစာ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို ကူသယ်ပေးခဲ့ကြပါတယ်။ တကယ်တော့ အဲဒီ ပစ္စည်းတွေ အားလုံးဟာ မိန်းမသား တစ်ဦးအတွက် လေးပင်လွန်းလှပေမယ့် ၈နှစ်သား ကင်မ်ရယ်၊ စုရယ်၊ သူ့ရဲ့ စိတ်စွမ်းအားရယ်ကပဲ အဲဒီ ပစ္စည်းတွေကို သယ်ပိုးခဲ့ကြတာပါ။ ကျွန်မတို့ အိမ်နီးနားချင်းတွေကို စုတို့ သားအမိ တိုင်ဖွန်း လာတိုက်သွား သလို ကျွန်မတို့လည်း အားအင်တွေ ပြည့်ခဲ့လို့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အို့စု မတ်ဆူရီပွဲတော်ကို တက်ဖို့ ကျွန်မကို ဖိတ်ကြားခဲ့ပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — သြဂုတ်လ ၃၁၊ ၂၀၁၂
အို့စုမတ် ဆူရီ ပွဲတော်က စု
အို့စုမတ်ဆူရီပွဲတော်က နှစ်စဉ် အောက်တိုဘာလ ၁ဝ ရက်မှာ အို့စုမြို့မှာ ကျင်းပတာပါ။ ဒီပွဲတော်က ကိုင်ချိုခေတ် (၁၅၉၆-၁၆၁၅)မှာ ကတည်းက စခဲ့တာပါ။ ရှေးခေတ်မှာ အို့စုမြို့ဟာ မီဒိရာ ဘုရားကျောင်းနားမှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၆ဝဝ ခုနှစ်မှာ ဂျပန်ကို ဘယ်သူ အုပ်စိုးမလဲဆိုတဲ့ အဆုံးအဖြတ်ပေးခဲ့တဲ့ ဆကီဂါဟာရာ စစ်ပွဲအပြီးမှာ အို့စုရဲတိုက် ပြိုလဲသွားပါတယ်။ အဲဒီနောက်မှာတော့ အို့စုဟာ တိုကိုင်ဒို လမ်းမ တစ်လျှောက်မှာဖြစ်စေ၊ ဘီဝါကန် တစ်ခွင်မှာဖြစ်စေ ကုန်းလမ်းရော ရေလမ်းအရပါ အရေးပါတဲ့ နေရာလေး တစ်ခုဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ တိုကူဂါဝါ ရှိုဂူနာတေခေတ်မှာ ကုန်သွယ်မြို့ တစ်မြို့ဖြစ်လာပါ တယ်။
ကုန်သွယ်မြို့မို့လို့ ကြွယ်ဝလာတဲ့ အို့စုမြို့ကလေးရဲ့ စိတ်ဓာတ်ဟာလည်း တန်စွန်နတ်ဘုရားကို ကိုး ကွယ် ယုံကြည်မှုတွေနဲ့ ပွဲတော်အတွက် တက်တက်ကြွကြွ ရှိနေတတ်ပါတယ်။ လမ်းတိုင်းမှာ ပူဇော်ဖို့ အပြင် အဆင်တွေ လုပ်ကြကာ တန်စွန် နတ်ဘုရားကို ပူဇော်တဲ့နေ့မှာတော့ လမ်းတွေပေါ်မှာ စီတန်း လှည့်လည်ပြီး အပူဇော်ခံကြပါတယ်။ အီဒိုခေတ် (၁၆ဝဝ-၁၈၆၈)ခုနှစ်မရောက်မီ အထိတော့ အဲဒီလိုပူဇော်ဖို့ ပြင်ဆင်တဲ့ မဏ္ဍပ်ကို ဆောက်တာ ၁၃ ခုပဲ ရှိခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ကျွန်မဟာ ကျိုတိုမှာ ရှိတဲ့ ဒိုရှိရှတက္ကသိုလ်မှာ အချိန်ပိုင်းနည်းပြအဖြစ် ဝင်လုပ်နေချိန်ပါ။ ကံကောင်းစွာနဲ့ ကျွန်မရဲ့တပည့် ကောင်မလေး တစ်ယောက်က ယူတာတီယာမာဆိုတဲ့ လက်ဖက်ရည် ဧည့်ခံမဏ္ဍပ်တစ်ခုကို မိသားစု အနေနဲ့ ဆက်ခံ ထိန်းသိမ်းထားသူပါ။ ကျွန်မရဲ့ မိသားစုနာမည်ကလည်း အို့စု ဖြစ်တာမို့ ပွဲတော်နာမည်နဲ့ တူနေတာ ကံကောင်းသွားပါတယ်။ ဖြစ်ချင်တော့ တပည့်မလေး နာမည်ကလည်း နိုရီကိုပဲ ဖြစ်ပါတယ်။ တပည့်မလေးရဲ့ မိသားစုက ကျွန်မကို ပွဲတော်ကို လာလည်ဖို့ ဖိတ်ပါတယ်။ ပွဲတော် မတိုင်မီ ညနေမှာကတည်းက ပွဲတော်ကျင်းပမယ့် မိသားစုတွေနဲ့ ကျွန်မကို မိတ်ဆက်ပေးတော့ သူတို့ရဲ့ ပွဲတော်အပေါ် စွဲမြဲတဲ့စိတ်ကို အံ့ဩကြည်နူး ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အို့စုမတ်ဆူရီ ပွဲတော်ဟာ ကျွန်မရဲ့ အချစ်တော် ဖြစ်လာခဲ့ပါတယ်။
ပွဲတော်မှာ အစဉ်အလာ တစ်ခု ရှိတာက မဏ္ဍပ် အပြင်အဆင်တွေမှာ အမျိုးသမီးတွေ ပါဝင်ကြရပေမယ့် ဖျော်ဖြေရေးအဖွဲ့နဲ့ မဏ္ဍပ်ပေါ်ကိုတော့ တက်ခွင့်မရတာပါပဲ။ အဲဒီအစဉ်အလာကိုတော့ ကျွန်မရဲ့တပည့်မလေး နိုရီကိုက ဆန့်ကျင်လိုက်ပါတယ်။ သူက လူငယ်လေးတွေကို စုစည်းပြီး လမ်းပေါ်မှာ ကော်ဇောနီခင်းကာ သစ်သား ခုံတန်းရှည်တွေ ချပြီး လက်ဖက်ရည် ဆိုင်လေး တည်လိုက်ပါတယ်။ ဂျပန်ရိုးရာ အချိုမုန့်ကလေး တွေနဲ့ လက်ဖက်ရည်စိမ်း ရေနွေးကြမ်းကို ရောင်းပြီး ရန်ပုံငွေ ရှာသလို ပွဲတော်ကို ပါဝင်ဆင်နွှဲပါတော့တယ်။ အဲဒီဆိုင်လေးက ရတဲ့ငွေဟာ မဏ္ဍပ်ဟောင်းတွေကို ထိန်းသိမ်းဖို့ လုံလောက်တဲ့ အလှူငွေ ရခဲ့ပါတယ်။ ဒီလိုနဲ့ အို့စု ပွဲတော်ရဲ့ နှစ်ကာလရှည် ကြာခဲ့တဲ့ အမျိုးသားများ ကြီးစိုးတဲ့ သဘာဝကို ကျွန်မရဲ့ တပည့်မလေး နိုရီကိုက ဦးဆောင်ပြီး အဆုံးသတ် စေလိုက်နိုင်ခဲ့ပါတယ်။
တကယ်တော့ တပည့်နိုရီကိုရဲ့ အိမ်နားက ကိုကာရာဆာကီချိုလမ်း ပေါ်မှာပဲ ဂျပန် တော်ဝင်ပုလိပ် ဆန်ဇို စုဒါရဲ့ ဓါးချက်ကြောင့် ရုရှရဲ့ နောက်ဆုံး အင်ပါယာ နီကိုလိုင်(၂)ဟာ ကွယ်လွန်ခဲ့ရပါတယ်။ တကယ်လို့ အမျိုးသားတွေရဲ့ လက်ထဲကို ပွဲတော်အပ်ထားရင် သူတို့က ဒေသခံတွေရဲ့ သမိုင်းတွေကို ချန်ထားပြီး ကျင်းပ သွားနိုင်ပါတယ်။ ဒေသခံဆိုတာ သူတို့ရဲ့ သမိုင်းကို တခြားဧည့်သည်တွေ သိအောင်ပြောပြဖို့ တာဝန်ရှိတာပေါ့။ မိန်းကလေးတွေကတော့ ဧည့်သည်တွေ အနေနဲ့ အို့စုပွဲတော်ကို ပျော်ဖို့ချည်း မဟုတ်ဘဲ အို့စုမြို့သမိုင်းကို မြည်းစမ်းသွားနိုင်ဖို့ပါ ကြိုးစားကြပါတယ်။ ဒီလိုအတွေးမျိုးက မိန်းကလေးတွေရဲ့ လက်ဆောင်ပဲပေါ့။
အို့စုပွဲတော်ရောက် စာရေးသူ နိုရီကို၊ တပည့်မ နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကင်မ်
အို့စုပွဲတော်ရောက် စာရေးသူ နိုရီကို၊ တပည့်မ နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကင်မ်
၁၉၈၅ ခုနှစ်၊ အောက်တိုဘာ ၁ဝ ရက်မှာ ကျွန်မက စုနဲ့ ကင်မ့်ကို အို့စုပွဲတော်ဆီ အလည်လာဖို့ ဖိတ် ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့က အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ နေနေကြပြီ ဖြစ်ပါတယ်။ ကျွန်မက သူတို့ကို ဂျပန်ရိုးရာပွဲတွေ အကြောင်းလည်း သိစေချင်သလို ဂျပန်မလေး တစ်ယောက်ရဲ့ အမျိုးသား ကမ္ဘာကို ဆန့်ကျင်တတ်တဲ့ စိတ်ဇောကိုလည်း တွေ့စေချင်ပါတယ်။ ကျွန်မရဲ့ခင်ပွန်းကလည်း သူတက်နေတဲ့ အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲမှာ ခဏနားချိန်ရတုန်း အတူတက်ဖော် ဆိုဗီယက် ယူနီယံက ပညာရှင်တွေနဲ့အတူ အို့စု ပွဲတော်ကို လာမှာပါ။
စုတို့နဲ့အတူ ပွဲတော်လမ်းပေါ် လျှောက်ကြတော့ ရွေ့လျားမဏ္ဍပ် တွေကို လမ်းတွေပေါ် ဆွဲလာကြတာကို ကျွန်မတို့ တွေ့ကြရပါတယ်။ လူကြီးလူငယ် ယောကျာ်းလေး အားလုံးက မဏ္ဍပ်တင် သုံးဘီးတပ်လှည်းကို ဆွဲကြရာမှာ ယူနီဖောင်း ကိုယ်စီနဲ့မို့ ကြည့်လို့ သိပ်ကောင်းပါတယ်။ အဖွဲ့အစည်းတွေရဲ့ တံဆိပ်တွေကို ထိုးထားကြသလို အလုပ်သမား ဘောင်းဘီမျိုးလည်း ဝတ်ထားကြပါတယ်။ နောက်ခြေမနဲ့ ခြေချောင်းတွေကို ခွဲပြီးထိုးသွင်းရတဲ့ လည်ရှည်ဘွတ် ဖိနပ်လိုမျိုး ဂျပန်ရိုးရာ ဂျီကာတာဘီ ဖိနပ်ကိုလည်း ဆင်တူစီးထား ကြပါတယ်။ လှည်းကို ဆွဲစဉ်မှာ သူတို့ရဲ့ ဖိနပ်တွေကို ခိုင်နေအောင် ခြေဖဝါးကို မြေပြင်မှာ ကပ်ထားကြကာ ခါးကို ကုန်းနေအောင် ဆွဲကြကာ မဏ္ဍပ်ပေါ်က ဂီတပညာရှင်ရဲ့ ဖျော်ဖြေမှုကိုလည်း နားစွင့်ရပါတယ်။ ဘီးတွေ အရွေ့ကို ထိန်းပြီး တရွေ့ရွေ့နဲ့ သူတို့က မဏ္ဍပ်လှည်းကို ဆွဲလာကြတာပါ။
စုကတော့ ကျွန်မ ရှင်းပြတာတွေ နားထောင်ရင်းနဲ့ပဲ  မြင်ရသမျှတွေကို ငေးမောနေခဲ့ပါတယ်။ သူ့ မျက်လုံး တွေက လှည်းဆွဲနေသူတွေရဲ့ တစ်ကိုယ်လုံးကို လိုက်ကြည့်ရာက ခြေထောက်တွေဆီ အရောက်မှာ တော့ ခေါင်းပြန်မမော့ လာနိုင်တာ အတော်ကြာတဲ့ အထိပါပဲ။ “နိုရီကိုရေ အဲဒီလူတွေ စီးထားတဲ့ဖိနပ်က ထူးဆန်း လိုက်တာ။ ဘာဖိနပ်လဲဟင်”လို့ မေးပါတော့တယ်။ ကျွန်မက အိမ်ထဲမှာစီးဖို့ ထုတ်တဲ့ ခြေမနဲ့ ခြေချောင်းလေး တွေ ခွဲစွပ်ရတဲ့ ခြေအိတ်ကို တာဘီလို့ ခေါ်ကြကြောင်းနဲ့ အဲဒီပုံစံကို အတုယူကာ အခုလိုဖိနပ်မျိုး ပေါ်လာတဲ့ အကြောင်း ရှင်းပြဖြစ်ပါတယ်။   ဒီဖိနပ်မှာ အောက်ခံက ရော်ဘာဖြစ်ပါတယ်။ ခေါင်မိုးပေါ် တက်ရတဲ့အခါတို့၊ လမ်းပြင်တဲ့ အခါတို့မှာ အသုံးတည့်ပါတယ်။ ခြေမက သီးခြားထုတ် ထားနိုင်တဲ့အတွက် ခြေကုပ်အား ကောင်းတာမို့ ဂျပန်က လမ်းပြင်သူတွေ၊ ငြမ်းအမြင့်တွေပေါ် အလုပ် လုပ်ရသူတွေက ဂျကာတာဘီ ဖိနပ်ကို သိပ်သဘောကျ ကြပါတယ်။
“အဲဒီ ဂျကာတာဘီဖိနပ်ကို ဘယ်မှာ ဝယ်ရမလဲဟင်”လို့ စုက မေးပါတယ်။ သူက ဒီဝေါဟာရကို တစ်ခါပဲ ကြားဖူးပေမယ့် အသံထွက် မှန်အောင် ပြောနိုင်ပါတယ်။ “ဘာလို့ ဝယ်ချင်တာလဲ”လို့ ကျွန်မကမေးတော့ “ကျွန်မဝယ်ဖို့ စိတ်ပိုင်းဖြတ် လိုက်တယ်။ ကျွန်မက မြို့လည်သွားဖို့ ရထားစီးရင် စီးမှာပေါ့။ ဒါမှ ပလက်ဖောင်း ပေါ်ကနေ ခြေချော်မသွားမှာ” လို့ သူက ဆိုပါတယ်။
သူတို့နေတဲ့ အိမ်ခန်းလေးကို ကျွန်မသွားလည်တော့ သူ့မှာ ဖိနပ်အသစ် ၆ ရံတောင် ရှိနေတာကို တွေ့ လိုက်ရပါတယ်။ “ဘာလို့ဖိနပ်တွေ အများကြီးလိုနေတာလဲ”လို့ မေးတော့ “ကျွန်မရဲ့တစ်ခုတည်းသော သဘောကျတဲ့ အရာလေ”လို့  ပြန်ဖြေ ပါတယ်။ အမလေး လေး၊ နောက်ဆုံးတော့ သူ ဖိနပ်ကြိုက်တာ ဂျကာတာဘီပါ အဆစ်ပါ သွားပါရောလား။ ကျွန်မက ရယ်စရာတစ်ခုကို မြင်ယောင်နေမိပါတယ်။ ထမိန်ဝတ်လေ့ ရှိတဲ့ စုက စက်ဘီးပေါ်မှာ ဂျကာတာဘီကို စီးပြီး ကာမိုမြစ်တစ်လျှောက် သွားနေတဲ့ပုံပေါ့။ အို၊ ကျွန်မ ဘယ်လိုလုပ်ရပါ့။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — စက်တင်ဘာလ ၀၉၊ ၂၀၁၂
ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမြဲပေမယ့် သူ့မှာ အဲဒီစိတ်ကူးကို စွန့် လွှတ်သွားအောင် ကျွန်မက ဘယ်လို လုပ်နိုင်မှာပါလိမ့်။ ကျွန်မက ဒီဖိနပ်ဟာ အလုပ်ကြမ်း သမားတွေ အတွက် ပါလို့များ ပြောလို့ကတော့ ခွဲခြား ဆက်ဆံမှုလို့ ဝေဖန်ခံရဦးမှာကိုး။ “ဒီဖိနပ် ဘယ်မှာရောင်းလဲဆိုတာ သိတယ် မဟုတ်လား”လို့ စုက ထပ်မေး နေပါတယ်။ “သိတယ်လေ။ နီယိုတံတားနား ကနေ အရှေ့ဘက် နည်းနည်းသွားရင် ရပြီ”လို့ ဖြေတော့ သူ့ကို အဲဒီဆိုင်ဆီ ပို့ပေးဖို့ပြောတော့တာပါပဲ။
ကျွန်မလည်း သူ့ထောင်ချောက်ထဲ ပိတ်မိတော့မလို့ပါပဲ။ နောက်မှ အရှေ့တောင်အာရှ လေ့လာရေးဌာန မှာ တိုင်းပြည် အသီးသီးက ပညာရှင်တွေ ဝင်ထွက်နေတာမို့ အဲဒီလိုဖိနပ်မျိုးကို စီးဖို့ မသင့်တော်ဘူးလို့ အတန်တန် ဖျောင်းဖျ ရပါတော့တယ်။ ကျွန်မတို့ရဲ့စကားပုံတစ်ခုမှာလည်း“ပစ္စည်းမှန် နေရာမှန်”ဆိုတာ ရှိတာမို့ ကိုယ့်နေရာမှာ ကိုယ့်ပစ္စည်းတွေ ကို သူ့ဟာနဲ့သူ သင့်တော်အောင် ထားရမယ့်အကြောင်းလည်း ပြောတာပေါ့။ သူက တော့ ကျွန်မပြောချင်တာကို သိပ်သဘောပေါက်ပုံ မရပေမယ့် နောက်ဆုံးမှာတော့ စိတ်မပါ့တပါနဲ့ပဲ ကျွန်မ ရဲ့အကြံကို လက်ခံလိုက်ပါတယ်။
အဲဒီလို ဂျကာတာဘီဖိနပ်ကိစ္စ ငြင်းခုံနေကြတာနဲ့ပဲ ကျွန်မခင်ပွန်းနဲ့ ချိန်းထားတဲ့အချိန်က ကျော်သွားပါပြီ။ ကျွန်မရဲ့တပည့်မလေး နိုရီကို့ အိမ်ကို ရောက်တော့ နိုင်ငံခြားဧည့်သည်တွေကို ဧည့်ခံတဲ့ အစီအစဉ်က ပြီးတောင်သွား ပါပြီ။ အဲဒီနေ့က သူတို့ရဲ့ဧည့်သည်တွေကတော့ ရုရှက ပညာရှင်တွေ၊ ဂျပန်စာသင်နေတဲ့ အမေရိကန် ကျောင်းသားလေးတွေ၊ ကျွန်မတို့ လင်မယား နှစ်ယောက်နဲ့စုတို့ မြန်မာ သားအမိ နှစ်ယောက်ပေါ့။ တကယ်တော့ ဂျပန်အိမ်လေးတွေက လူ ၃ဝ ထက် ပိုပြီး မဆန့်တတ်ပါဘူး။
အို့စုမတ် ဆူရီ ပွဲတော် မြင်ကွင်း
အို့စုမတ် ဆူရီ ပွဲတော် မြင်ကွင်း
ကျွန်မတို့အားလုံး အိမ်ထဲမှာ နေရာယူပြီး မကြာခင်မှာပဲ အိမ်အောက်ဆုံးထပ်မှာ တာတာမိဖျာတွေ ခင်းထားတဲ့ အခန်းလေးထဲ ပုလွေသံနဲ့ခေါင်းလောင်းသံတွေ ဝင်ချလာပါတော့တယ်။ လက်ဖက်ရည်ပွဲမှာ တစ်လျှောက်လုံး အေးအေး ငြိမ်းငြိမ်း နေရမယ် ဆိုတာကို မေ့သွားကြ သလိုပဲ ဧည့်သည်တွေ အားလုံးက အပေါ်ထပ်ကို အပြေးအလွှား တက်ကြ ပါတော့တယ်။ ပွဲတော်ရက်တွေမှာ အိမ်တွေ အားလုံးဟာ အပေါ်ထပ် ပြတင်းပေါက်တွေ အားလုံးကို ဖွင့်ထားတတ် ကြပါတယ်။ တာတာမိဖျာတွေကို ခင်းထားပုံကလည်း ပြဇာတ်ရုံကြီးထဲမှာ သီးသန့် အခန်းဖွဲ့ခုံလေးတွေလိုပေါ့။ ရွေ့လျား မဏ္ဍပ်တွေရဲ့ စင်အမြင့်က အိမ်အပေါ်ထပ်နဲ့ ကြမ်းတစ်ပြေးတည်း လောက် ရှိတာမို့ အခုတော့ ကြမ်းပေါ် ထိုင်နေရတာနဲ့ မတူဘဲ အဆင့်မြင့် ပွဲကြည့်စင်မှာလို ခံစားနိုင်တယ်လေ။ ဒါကြောင့် မဏ္ဍပ်တွေ လှည့်လာတဲ့အခါမှာ ဧည့်တွေက အပေါ်ထပ်ကို အပြေးတက်ကြတော့တာပါ။
စုနဲ့ ကင်မ်ကဧည့်တွေ အားလုံးရဲ့ရှေ့ဆုံးက အလယ်မှာ ထိုင်လိုက်ကြပါတယ်။ ကျွန်မက သူတို့ကို ရှင်းပြဖို့ အနောက်ကပ် လျက်မှာပဲ နေရာယူလိုက်ပါတယ်။ တစ်ယောက်ယောက်က“ရှိုမို၊ရှိုမို”လို့ ရွတ်လိုက်ပါတယ်။ ဂျပန်တစ်ယောက်က အဲဒီလို အော်လိုက်ရင်ပဲ ဧည့်သည်တွေက “ရှိုမို၊ရှိုမို”လို့ သံပြိုင် လိုက်အော်ပါတော့ တယ်။ ဒီဒေသခံတွေရဲ့ အသံထွက်က နည်းနည်းကွဲတော့ ကျွန်မက ဘာကို ဆိုလိုမှန်း ချက်ချင်းမသိပါဘူး။ နောက်မှ ”ရှိုမို”ဆိုတာ“I want”လို့ ပြောကြောင်း သိသွားပါတော့တယ်။ လူတွေက မဏ္ဍပ်ပေါ်က ဖျော်ဖြေသူတွေကို “ဆိုပြတီးပြ ပါဗျို့။ ကြည့်ချင်တယ်”လို့ သြဘာ ပေးကြပြီး သူတို့ကလည်း ပွဲကြည့် သူတွေအတွက် ဆိုတီးပြ ကြပါတယ်။ ဂျပန်ခေါင်းလောင်း ကလေးက ကန်ကန် ချီကီချီကီ လို့ မြည်နေသလို ဗုံ ကလည်း ဘုကုဘုကု ဒွန်ဘုကုလို့ အသံထွက်ပါတယ်။ ပုလွေကတော့ စိတ်မရှည့်တရှည်နဲ့ ဟျဟျဟိဟိုဟို လို့ ချွဲတော့တာပါ။ လူတွေကလည်း သံစဉ်ကို လိုက်ပြီး ဂျပန်လို တစ်မျိုး၊ ရုရှန်လို တစ်သွယ်၊ အမေရိကန်လို တစ်နည်း၊ မြန်မာလို တစ်ဖုံနဲ့ ယိမ်းထိုး လှုပ်ရှားလာကြပါတော့တယ်။
ကျွန်မတို့ရဲ့“ဖျော်ဖြေပြပါဗျို့” ဆိုတဲ့အသံကိုကြားတော့ ယူတာ တီယာမာဖျော်ဖြေရေးရွေ့လျားမဏ္ဍပ် က ကျွန်မတို့ရှိနေတဲ့ အိမ်ရှေ့မှာ ရပ်လိုက်ပါတယ်။ ဒီမဏ္ဍပ်က ကျွန်မတို့ရှိနေတဲ့ အိမ်ရှိရာလမ်းရဲ့ အပိုင် မဏ္ဍပ်မို့ စောင့်ကြည့်နေသူတွေဟာ ပိုပြီးတက်ကြွကာ စိတ်အားထက်သန် လာခဲ့ကြပါတယ်။ တပည့်မ နိုရီကိုရဲ့ အစ်ကိုက ဆိုရင် သူ့အဘိုးနဲ့ သူ့အဖေလိုပဲ ပုလွေဖျော်ဖြေမှုကို အားရပါးရ စိတ်လှုပ်ရှားစွာ တင်ဆက်နေတာ သူ့ကိုယ်တစ်ခြမ်းတောင် ရွေ့လျားမဏ္ဍပ် အပြင်ကို ထွက်နေသလိုပါ။
ယူတာတီယာမာ မဏ္ဍပ်က တန်ဆွန်ဘုရားကျောင်းမှာ ဘာသာရေး အရ လက်ဘက်ရည်ပွဲပြီးတာနဲ့ ထွက်လာခဲ့တာ ဖြစ်ပါ တယ်။ မဏ္ဍပ် အလည်မှာတော့ ဘုရားဝတ်ပြုလို သူတွေအတွက် နေရာရှိပြီး ပတ်လည်မှာ အမိုးပါစင်္ကြံလေး ရှိပါတယ်။ ဒီမဏ္ဍပ်လေးရဲ့လျှို့ဝှက်ချက်ကတော့ ရှင်တိုဘုန်းကြီးတစ်ပါးက မကောင်းဆိုးဝါး တွေကို မောင်းထုတ် ပေးဖူးတဲ့နေရာ၊ လူတစ်ယောက်က ရေနွေးနဲ့ဝါးရွက်တွေကို အပေါ်အောက် ဖြန်းပက်ကာ သန့်စင်အောင် လုပ်ပေးတဲ့ နေရာ၊ မိန်းမငယ်လေး တစ်ယောက်က ဗုံတီးကာ ဂီတဖျော်ဖြေတဲ့ နေရာ ဆိုတာပါပဲ။
အဲဒီလိုဟာတွေအားလုံး ဖျော်ဖြေဖော်ပြပြီးတဲ့ အခါမှာတော့ ပုလွေသမား၊ ဗုံသမား၊ စည်သမားတွေ အားလုံးက ပုဝါတွေကို မြှောက်ကြသလို ဝါးရွက်နဲ့ ထုတ်ထားတဲ့ ဂျပန် ရိုးရာဆန်မုန့်တွေကိုပါ အိမ်ထဲကို ပစ်ပေးခဲ့ ကြပါတယ်။ လူတွေအားလုံးက ပျော်ရွင်ဝမ်းမြောက်စွာပဲ လက်တွေကို ဆန့်တန်းကာ လက်ဆောင်တွေကို ဆုပ်ဖမ်းကြတော့ တာပေါ့။ ဒီလက်ဆောင်တွေ ရရင်ကံကောင်း လိမ့်မယ်လို့အများက ယုံကြည်ကြတယ်လေ။ ကင်မ်ကလည်း မုန့်တစ်ခုနဲ့ ပုဝါတစ်ပိုင်း ရလိုက်ပါတယ်။ သူကတော့ ပျော်လွန်းလို့“ရေး.. ရေး”လို့ အော်ဟစ်နေလေရဲ့။ ကျွန်မကိုတောင် ခပ်ကြွားကြွားဟန်မျိုး လုပ်ပြနေပါသေးတယ်။
စုကို ကြည့်ရတာလည်း ပါးလေးတွေ နီမြန်းပြီး ပျော်နေပုံပါပဲ။ သူကတော့ လက်ဆောင်တွေကို အမိဖမ်းလိမ့်မှာ မဟုတ်ဘူးပေါ့။ တကယ်တော့ သူ လက်မထပ်ခင် တုန်းကဆိုရင်အိမ်အဖော် တစ်ယောက်ယောက်က သူ့ကို ပြုစုပေးခဲ့တာမို့ သူက တော်ဝင်သူ တစ်ယောက်လို နေခဲ့ပေမယ့် အခုတော့ အိမ်ရှင်မ ဖြစ်နေပြီမို့ ဘာမဆို သူ့ဘာသာ စီမံခန့်ခွဲနေရ ပြီလေ။ သူက ဂျပန်ရိုးရာချီမကီမုန့် ကို ကံကောင်းဖို့ဆိုပြီး အရယူစရာလည်း လိုမှမလိုဘဲကိုး။ သူကိုယ်တိုင်က ကံကောင်းခြင်း တွေကို သယ်လာနိုင်သူမဟုတ်လား။ တကယ်တော့ သာမန်လူတွေရဲ့ အပြုအမူနဲ့ တော်ဝင်သူတွေရဲ့ အပြုအမူတွေက ကွဲပြားတတ်တာ သဘာဝပဲလို့ ကျွန်မ တွေးနေမိပါတယ်။ ကျွန်မလည်း စုနောက်ဘက်ကို ကျလာတဲ့ ပုဝါတစ်ပိုင်းကို ပွဲတော်လက်ဆောင်အဖြစ် စုကို ပေးခဲ့ဖြစ်ပါတယ်။
မဏ္ဍပ်က ကျွန်မတို့အိမ်ရှေ့ကနေ ဖြတ်ကျော်သွားခဲ့ပါပြီ။ နောက်ထပ် ရွေ့လျားမဏ္ဍပ်များစွာ အိမ်ရှေ့ကနေ တစ်ခုပြီး တစ်ခု ဖြတ်သွားခဲ့ကြပါတယ်။ မဏ္ဍပ်တိုင်းမှာ လျှို့ဝှက် ပဉ္စလက် အစီအစဉ်တွေ ပါလို့ပါပဲ။ ဒါပေမယ့် ကျွန်မတို့ကို လက်ဆောင်တွေ လှမ်းပစ်ပေးမယ့် မဏ္ဍပ်ကတော့ နောက်ထပ် မရှိတော့ပါဘူး။
ဆက်လက် ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — စက်တင်ဘာလ ၁၅၊ ၂၀၁၂
ဖျော်ဖြေမှု ပြီးဆုံးသွားတဲ့ အခါမှာတော့ အမေရိကန် ကျောင်းသားတွေက ပြန်သွားခဲ့ပါတယ်။ ရုရှက ဧည့်သည် နဲ့ ကျွန်မတို့ အုပ်စုကိုတော့ လက်ဖက်ရည်သောက် ဖိတ်ကြားထားတာမို့ ဘေးက အခန်းဆီ ပြောင်းလာခဲ့ ကြပါတယ်။ မစ္စ အဝါဆာကီ က နေ့လယ်စာကို ပြင်ဆင်ထားနှင့်ပါတယ်။ အဲဒီခေတ်က ရုရှ ပညာတော်သင် တွေကို ပြည်ပနိုင်ငံတွေ စေလွှတ် မှုတွေမှာ သိပ်မတင်းကြပ် တော့ပေမယ့် ဂျပန်မိသားစုအိမ်တွေကို ဖိတ်ကြားခံရတာ မျိုးတော့ သူတို့လည်း မကြုံဖူးသေးချိန်ပေါ့။ ဒီတော့ သူတို့က ဂျပန်ရိုးရာဆူရှီထဲက ဆာ ဘာဇူရှီ (ငါးသေတ္တာ ငါးဆူရှီ)နဲ့ ဆကီဟန်(ကောက်ညှင်းနဲ့ ပဲနီမုန့်)ကို သိပ်မစားဖူးကြသေးပါဘူး။ သူတို့က ရှေးရိုးစွဲသူ တွေပီပီ ငါးဆူရှီကို အစပိုင်းမှာ သိပ်မတို့ထိခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အရသာ ကောင်းတယ် ဆိုကာ စားလာကြပါတယ်။
စုကတော့ ငါးဆူရှီကို သိပ်ခံတွင်းမတွေ့ဘဲ ကောက်ညှင်း ပဲနီမုန့်ကို ထပ်ထည့်ပါတော့တယ်။ စုရဲ့ တူကိုင်ပုံ ကလည်း ဂျပန်တွေ တူကိုင်ပုံနဲ့ တူပါတယ်။ ကင့်မ်ကို ကြည့်ရတာတော့ မဏ္ဍပ်ပေါ်က ပေးသွားခဲ့တာတွေနဲ့ ပြည့်နေသလို ပလပ်စတစ် သေနတ်တစ်လက်လည်း ရထားလေတော့ သူ့ဘာသာ ကျေနပ်ပြီး ဗိုက်ပြည့် နေသလား ပါပဲ။
“နိုရီကိုရေ မစ္စအဝါဆာကီကို ပြောပြလိုက်ပါ။ ကောက်ညှင်းနဲ့ ပဲနီက ကျွန်မတို့ဆီမှာလည်း ရှိတယ်လို့။ ကျွန်မတို့ က ကောက်ညှင်းပေါင်းလို့ ခေါ်တာလေ”လို့ ဆိုပါတယ်။ ကျွန်မက ပဲနီရော ရှိလားဆိုတော့ ရှိကြောင်း ဖြေပါတယ်။ အိမ်ရှင်ကလည်း မြန်မာမှာ ကောက်ညှင်းနဲ့ ပဲနီရှိတယ် ဆိုတာ သိပြီး သဘောတွေ ကျနေတာပေါ့။ မြန်မာမှာ ဆကီဟန် ရှိတယ်လို့ ပြန်ပြောနေလေရဲ့။
အို့စု ပွဲတော်ရောက် အပြည်ပြည်ဆိုင်ရာ ပညာရှင်များနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၊ သားငယ်နှင့် နိုရီကို
အို့စု ပွဲတော်ရောက် အပြည်ပြည်ဆိုင်ရာ ပညာရှင်များနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၊ သားငယ်နှင့် နိုရီကို
ကျွန်မတို့ အိမ်အပြန် ဘူတာရုံဆီ လျှောက်လာကြတော့ ရုရှပညာရှင်တစ်ယောက်က သူမြန်မာပြည်ကို ရောက် ဖူးကြောင်း ပြောလာပါတယ်။ စုကမြန်မာပြည်ကို ဘယ်လို သဘောရလဲလို့  သူ့ကိုမေးတော့ “ပူတယ်။ မခံနိုင်လောက်အောင် ပူတယ်” လို့သာ အထပ်ထပ် ပြောနေပါတော့တယ်။ သူက အိန္ဒိယအသွားမှာ မြန်မာပြည်ကို ဝင်ခဲ့တယ်လို့ဆိုတော့ ကျွန်မမှာ တံခါးပိတ် မူဝါဒ ရှိနေတဲ့ မြန်မာပြည်ကို ဘာလို့သွား ခဲ့တာလဲဆိုပြီး တွေးကြည့်တော့ ဆိုဗီယက်ရော၊ မြန်မာပါ ဆိုရှယ်လစ် နိုင်ငံတွေမို့ ဆိုတာ သဘောပေါက် မိလာပါတယ်။ ဂျော့ရှ်အော်ဝဲလ်ရဲ့ “တိရစ္ဆာန်ကမ္ဘာ”တို့၊ “၁၉၈၄” တို့ ဆိုတာ ဆိုဗီယက်နဲ့ မြန်မာကို ကြည့် ပြီး ရေးတယ်လို့ ဆိုကြတယ် မဟုတ်လား။ တစ်နိုင်ငံက သိပ်အေးပြီး နောက်တစ်နိုင်ငံက သိပ်ပူနေတာတော့ ကွဲပြားတာပေါ့။ ရုရှနဲ့ မြန်မာမှာ နိုင်ငံရေး စိတ်ကူးတူပြီး  ဂျပန်နဲ့ မြန်မာမှာတော့ ဆာကီဟန်ချင်း တူတယ်လို့ ဆိုရမှာပေါ့လေ။
နိုင်ငံရေးစိတ်ကူး ဆိုတာ အချိန်ပြောင်းလာရင် ပြောင်းလဲသွား နိုင်ပေမယ့် အစားအစာကိုတော့ ပြောင်းဖို့ မလွယ်ကူပါဘူး။ ပိုပြီးလည်း အေးချမ်းတဲ့ တူညီမှုမို့ အစားအစာ တူရတာ ကောင်းတာပေါ့လို့ တွေး မိနေပါတယ်။ ကျွန်မနဲ့စု နှစ်ယောက် စလုံးက အောက်စ်ဖို့ဒ်မှာ ဆိုရင် နိုင်ငံခြားသားလို နေခဲ့ရတာကိုး။ ဒါပေမယ့် ကျွန်မက မြန်မာရော ဂျပန်မှာပါ တူညီတဲ့ အစားအသောက် ယဉ်ကျေးမှု ရှိနေတာကို ရုတ်တရက် မေ့နေခဲ့တာပါ။ ဒီ အို့စုမတ်ဆူရီ ပွဲတော်ကပဲ ကျွန်မတို့ကို ဒီအတွေး တွေးမိအောင် ဖန်တီးခဲ့တာပေါ့။
လူထုဘဝထဲက စု
စုနဲ့ကင်မ်တို့က ကျိုတိုဘူတာရုံရဲ့အရှေ့မြောက်ဘက်မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ ဘဝ အသစ်တစ်ခုကို စခဲ့ကြပါပြီ။ စုကတော့ အောက်စ်ဖို့ဒ်က ဘဝနေထိုင်နည်းကိုပဲ ပြန်သုံးပါတယ်။ ချွေတာ ရေးလည်း ဖြစ်အောင်နဲ့ ကားတွေ ကြပ်တာကိုလည်း ရှောင်ရာကျအောင် စုက စက်ဘီးအဟောင်း တစ်စီးကို ဝယ်လိုက်ပါတယ်။ ခြောက်လလုံးလုံး သူက မြန်မာဝတ်စုံ ဝတ်ပြီး အဲဒီစက်ဘီးတစ်စီးနဲ့ လျှောက်သွား တော့တာပါပဲ။ ကင်မ်ကလည်း မူလတန်း ကျောင်းလေး မှာ ကျောင်းအပ်လို့ ရသွားပါတယ်။ ပြဿနာကတော့ သူက ဂျပန်လို လုံးဝနားမလည်တော့ စာလိုက်မလုပ်တော့ပါဘူး။ စုက ဗြိတိသျှကောင်စီက ငှားလာပေးတဲ့ အင်္ဂလိပ်စာအုပ် တွေကိုပဲ အတန်းထဲမှာ ထိုင်ဖတ်ပြီး ကျောင်းက ကျွေးတာတွေ စားပေါ့။ သူက “ကျောင်းသွားရတာ ပျော်တယ်။ စာကြည့်စရာ မလိုပေမယ့် ကျွေးတာကတော့ စားနိုင်တယ်လေ”လို့ ပျော်ပျော် ပဲ ပြောပါတယ်။
စုက အင်္ဂတေနဲ့ ဆောက်တဲ့အိမ်တွေကို မယဉ်ပါးဘူး ထင်ပါရဲ့။ ပိတ်ရက်တွေမှာ ကျွန်မတို့အိမ်ကို ရောက်လာရင် သူ ဘယ်လောက် စိတ်လက် ပေါ့ပါးသွားကြောင်း ပြောလေ့ ရှိပါတယ်။ နိုဝင်ဘာလမှာတော့ သူက ခရစ်စမတ်မှာ သူ့ဆီ လာလည်ကြမယ့် မိုက်ကယ်နဲ့ အလက်ဇန္ဒား တို့အတွက် လေယာဉ်လက်မှတ် ဝယ်ပေးရမှာမို့ လျှော့ဈေးဆိုင် ကို ခေါ်သွားပေးဖို့ ပြောလာပါတော့ တယ်။ စုက အိန္ဒိယမှာနေခဲ့တုန်းက ခင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ဟာ အိန္ဒိယ လေကြောင်းလိုင်းမှာ လုပ်တာမို့ သူက အဲဒီလေကြောင်းလိုင်း ကနေပဲ လတ်မှတ်ဝယ် တတ်ပါတယ်။
အဲဒီအချိန်မှာ လန်ဒန်မှာ ဘော်ဒါနေ နေတဲ့ အလက်ဇန္ဒားက နယူးဒေလီကို သွားပြီး ဆင်းမလားက နေလာမယ့် မိုက်ကယ်နဲ့တွေ့ကာ ဂျပန်ကို အတူလာကြရမှာပါ။ အပြန်လည်း အဲဒီလိုပဲ စီစဉ်ပေးရမှာ ဖြစ်ကာ လက်မှတ်ဖိုး တွေကိုတော့ စုက ပေးရမှာပါ။ သူက မမောတမ်းပဲ လေယာဉ်ခရီးစဉ်အချိန်ဇယားကို ကြည့်ပြီး စိတ်ရှည် လက်ရှည် ရွေးနေလေရဲ့။ ကျွန်မကတော့ အဲဒီဘေးမှာ ရပ်ရင်းကို ပင်ပန်းလို့ လာတော့တာပါ။ ဈေးလျှော့ ပေးတယ်ဆိုပေမယ့် အပြန်လက်မှတ်တွေက သိပ်မချိုလှပါဘူး။ ငွေလည်း ချေပြီးရော သူက သက်ပြင်းကြီး ချလိုက်ကာ “နိုရီကိုရေ ယောကျာ်းတွေ ဆိုတာ ဘယ်လောက်များ ဒုက္ခပေးတဲ့ သတ္တဝါတွေ များပါလိမ့်နော်”လို့ ဆိုလိုက်ပါတော့တယ်။
စုက လစဉ်ဝင်ငွေ အဖြစ် စကောလားရှစ်က ယန်းငါးသိန်း ပေးပါတယ်။ အဲဒီအချိန်က ကျွန်မ ခင်ပွန်းရဲ့ လက်ထောက် ပါမောက္ခ လစာဟာ အခွန်ဖြတ်ပြီးတဲ့ အခါမှာတောင် လစဉ် ယန်းသုံးသန်းနှစ်သိန်း မို့ အတော် အဆင်ပြေပါရဲ့။ စု အတွက် ကတော့ “ကျွန်မက မြန်မာသံရုံးကို ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်း ပေးရတာမို့ ယန်းငါးထောင် ပေးရမယ်လေ”လို့ ဆိုတာမို့ သူ့ဝင်ငွေဟာ သိပ်တော့ မဟန်လှဘူး ဆိုရမှာပါ။ “အဲလိုသာ မပေးရရင် ကောင်းမှာပဲ” လို့ စုက ပြောပါသေးတယ်။ ကျွန်မက သံရုံးကို ဘာအတွက် ပေးရတာလဲလို့ မေးတော့ စုကဘာမှ ပြန်မဖြေခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပေးရမှာပေါ့ လို့တော့ ပြောလေရဲ့။
အင်္ဂလန်မှာ ရှိတဲ့ မြန်မာတွေ အနေနဲ့ သူတို့ရဲ့ လစဉ်ဝင်ငွေထဲက ၁ဝ ရာခိုင်နှုန်းကို မြန်မာသံရုံးကို ပေးစရာ မလိုခဲ့ပါဘူး။ ၁၉၄၇ ခုနှစ် ဝန်ကြီးချုပ် အက်တလီနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူညီချက် မှာကို အဲဒီကိစ္စ ထည့်ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂျပန်နဲ့ မြန်မာကြား မှာတော့ အဲဒီသဘောတူညီချက် ကိစ္စမျိုး မရှိပါဘူး။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ အနေနဲ့ သူတို့လခ ထဲက ၁ဝ ရာခိုင်နှုန်းကို ဂျပန်အစိုးရက ဖြတ်တောက် ပြီးမှ ပေးတာမို့ မြန်မာသံရုံး ဘက်ကိုပါ အခွန် ထပ်ပေးရတာမျိုးက မဖြစ်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံရဲ့ အခွန်ဥပဒေနဲ့လည်း ဆန့်ကျင် နေပါတယ်။ (အခုအချိန်မှာတော့ မြန်မာ အလုပ်သမားတိုင်းဆီက ယန်း တစ်သောင်းနှုန်း ကောက်ခံနေပါတယ်) ဒီကိစ္စကို ဂျပန်အစိုးရက မကြာခဏ ကန့်ကွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီလို ကောက်ခံပုံက ကျွန်မတို့ဆီမှာ ယာကူဇာတွေ လောင်းကစားဝိုင်းတွေ ဆီက ငွေကောက်ပုံမျိုးနဲ့ တူနေပါရဲ့။ ဒီငွေကို ဘယ်သူကမှလည်း ကြည်ကြည်ဖြူဖြူ မပေးချင်ကြပါဘူး။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — စက်တင်ဘာလ ၂၁၊ ၂၀၁၂
စုက ဂျပန်ကို ရောက်လာချိန် မှာ သူ့လက်ထဲ ဘာငွေမှ မရှိပါဘူး။ သူက အောက်တိုဘာလဆန်းမှာ ငွေရတော့မှာပဲ လို့ သိနေလေတော့ ဂရုလည်း မစိုက်ပါဘူး။ “ကျွန်မက ပိုက်ဆံ မရှိဘဲလည်း အမြဲ အဆင်ပြေအောင် လုပ်နိုင်ပါတယ်” လို့ ပြောလေရဲ့။ ဒီလို အကြောက်အလန့် မရှိတာကပဲ သူ့ရဲ့အောင်မြင်ရေး သော့ချက် ဖြစ်မှာပါ။ သူရမယ့်ငွေက များကောင်း များမှာ ဖြစ်ပေမယ့် အခန်းငှားခ၊ ကျန်းမာရေး အာမခံနဲ့ စားသောက်ကုန် ဈေးနှုန်းတွေက များလေတော့ မလွယ်ပါဘူး။ သူက သုတေသန လုပ်ဖို့ အာရုံထားပြီး ရသမျှ ငွေလေးတွေကို စုဖို့ တွေးခဲ့ပါတယ်။ ဒါပေမယ့် မိုက်ကယ်တို့ သားအဖ အတွက် လေယာဉ် လက်မှတ်ဖိုး အကုန်ခံရဖို့ ဖြစ်လာခဲ့ ပါရော။ စုရဲ့ ပထမစာတွေ ထဲမှာ မိုက်ကယ်က သူ့ဆီ လိုက်လာမယ် လို့ မပါခဲ့ပါဘူး။ တကယ်တော့ မိန်းမ တစ်ယောက်အဖို့ သူ့ကလေးတွေထက် ခင်ပွန်းကို ဂရုစိုက်ပေးဖို့ လိုနေပြန်ပါရော။ သူတို့က ပိုပြီး တောင်းဆို တတ်သူလေ။ ယောကျာ်းဆိုတာ ကျွန်မတို့လို  မိန်းမတွေ အတွက် အမြဲပြဿနာ ပေးနေကြတာ မဟုတ်လား။ ကျွန်မတို့ နှစ်ယောက်သား သက်ပြင်းလေးများ ပြိုင်ချလိုက်ကြတာမို့ လေယာဉ်လက်မှတ် ရောင်းသူက ရယ်မောလိုက် ပါတယ်။
ထမင်းစားပွဲတွင် စစ်ပြန်ကြီး အချို့နှင့် တွေ့ရသည့် နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်
ထမင်းစားပွဲတွင် စစ်ပြန်ကြီး အချို့နှင့် တွေ့ရသည့် နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်
ဒီဇင်ဘာ ၂ဝ ရက်မှာတော့ မိုက်ကယ်နဲ့ အလက်ဇန္ဒား ရောက်လာပါတယ်။ စုက ခရစ်စမတ် ညစာလေး ပြင်ဆင်ပြီး ပါမောက္ခ ယိုကိုယားမားနဲ့ ဇနီးရယ်၊ သူ့ရဲ့ ဂျပန်စာ ဆရာမ မီချီကိုရယ်၊ ကျွန်မရယ်ကို ဖိတ်ကျွေးကာ ကျေးဇူးစကား ဆိုပါတယ်။ သူ့အခန်းလေးရဲ့ နံရံနဲ့ အမိုးမှာ အလက်ဇန္ဒား အင်္ဂလန်က ယူလာတဲ့ အလှအပ တန်ဆာဆင်တဲ့ ပစ္စည်းလေးတွေ နဲ့ လှလှပပ ပြင်ဆင်ထားပါတယ်။ ကလေးတွေ ကတော့ ပျော်နေ ကြတာပေါ့။ ညစာကို အသား ကောင်းကောင်းနဲ့ ပြင်ဆင်ထားတာမို့ စုတစ်ယောက် ပိုက်ဆံအိတ်လေး ပိန်တော့မှာပဲ လို့ ကျွန်မလည်း ပူပန်နေမိပါတယ်။ စုက အောက်စဖို့ဒ် ကယူလာတဲ့ အဆာပလာအချို့နဲ့  ခရစ်စမတ် ပူတင်းကို ဖုတ်ပေးပါတယ်။
ကလေးတွေကတော့ အခန်းထဲမှာ အငြိမ်မနေနိုင်ကြပေဘူး။  ကော်ရစ်ဒါ တစ်လျှောက် ပြေးလွှားကြပြီး ဧည့်ဂေဟာထဲက တခြားကလေးတွေကို ရှာကြလေရဲ့။ ဧည့်ဂေဟာမှာ နေကြတာက နိုင်ငံခြားသား ပညာရှင်တွေမို့ အင်္ဂလိပ်လို ပြောနိုင်ကြ မယ့် သူတွေ မဟုတ်လား။ ဂျပန်ကျောင်းမှာ စကားမပေါက်ပေမယ့် ဒီမှာတော့ သူတို့ စကားပြောစရာလူ ရှိနေတာကိုး။ ဒီတော့ သူတို့က ဒီက ကလေးတွေကို ရှာဖွေပေါင်းသင်း ရတော့ တာပေါ့။ တကယ်တော့ ဧည့်ဂေဟာမှာ ရှိသူတွေက ပညာရှင်အဖြစ် လာတဲ့သူတွေမို့ မငယ်ကြတော့ပါဘူး။ ဒီတော့ စုက အစ်ကိုကြီး၊ အစ်မကြီးတွေရယ်လို့ လေးစားဖို့နဲ့ သွားရှုပ်သလို မလုပ်မိစေဖို့ သူ့သားတွေကို သွန်သင်ပါတော့တယ်။ ဒါပေမယ့် ဧည့်ဂေဟာမှာ ရှိနေတဲ့ ပညာတော်သင်နဲ့ ပညာရှင်တွေ အားလုံးလိုလိုက သူတို့ကို ချစ်ခင်ကြပါတယ်။
ဒီမှာ အောက်စ်ဖို့ဒ်နဲ့ မတူတာက ကိုယ့်အခန်းတံခါး ဖွင့်လိုက်တာနဲ့ လူ့အဖွဲ့အစည်းလေး တစ်ခုထဲကို လွယ်လွယ် ရောက် သွားနိုင်တာပါ။ စုက ဒီဂေဟာကို ရောက်တာနဲ့ မြန်မာပြည်က ပညာသင်တစ်ယောက်နဲ့ ဆက်သွယ်မိ တော့တာပါပဲ။ တကယ်တော့ ဒါဟာစုအဖို့ မြန်မာပြည်က လူငယ် ပညာရှင်နဲ့ တိုက်ရိုက် ဆက်ဆံခွင့် ရလိုက်တဲ့ ပထမဆုံး အခွင့်အရေး များ ဖြစ်လေမလားပါပဲ။
စုအနေနဲ့ မြန်မာပြည်က လာတဲ့ ပညာတော်သင်နဲ့ ပညာရှင်တွေကို ပိုပိုပြီး တွေ့လာလေ မြန်မာပြည်က လူတွေ အနေနဲ့ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း အပေါ် ဘယ်လောက်ထိ ဂုဏ်ယူကြတယ် ဆိုတာကို သိလာလေလေ ဖြစ်ခဲ့ရပါတယ်။ စုအပေါ် သူတို့ဆက်ဆံပုံကို ကြည့်ရုံနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်းအပေါ် လူတွေရဲ့ ချစ်ခင်လေးစားစိတ်ဟာ သိသာလွန်း လှပါတယ်။ ဒီလိုနဲ့ အောက်စ်ဖို့ဒ်က စုနဲ့ကျိုတိုက စုကြားမှာ ခြားနားလာ တယ်လို့ ကျွန်မက တစ်စစတွေးလာ မိပါတယ်။ စုရဲ့အိမ်ထောင်ရှင်မ၊ မိခင်နဲ့ သုတေသနသမား ဆိုတဲ့အခန်း ကဏ္ဍတွေမှာ အပြောင်းအလဲ မရှိပေမယ့် ကျိုတိုက စုမှာတော့ သူ့ဆီမှာ မသိမသာ ရှိနေပြီးသား ဂုဏ်သိက္ခာ တွေ ပြန်လည်ကာ နိုးထလာပါတယ်။ စုကိုယ်တိုင်ကလည်း အင်မတန်တော် တဲ့ မြန်မာ့ ပညာတတ် လူငယ် တွေဆီက သူ့အပေါ် မျှော်လင့်ချက် ကြီးကြီး ထားနေကြတယ်လို့ ခံစားလာနေရတယ် လို့လည်း ကျွန်မက သတိပြုမိ လာပါတယ်။ ဒီလို အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ မြန်မာပြည်က ပညာရှင် လူငယ်တွေနဲ့ ထိတွေ့ ဆက်ဆံခွင့် ရခဲ့တဲ့အချိန်ဟာ မြန်မာ့နိုင်ငံရေး အတွက် ရင့်မှည့်လာမယ့်  မျိုးစေ့လေး အခြေကျခဲ့နိုင်တဲ့ အချိန် ဖြစ်တယ် လို့ပဲ ကျွန်မက ထင်မိပါတယ်။
အဲဒီအချိန်တုန်းက စုအကြောင်းကို တွေးတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ စုတို့သားအဖမှာ လွတ်မြောက်ရေး အတွက် ခြေလှမ်းလှမ်းပုံချင်း တူနေတာကို စိတ်ဝင်စားဖွယ် သတိထားမိ လိုက်ပါတယ်။ သူတို့နှစ်ယောက် စလုံးဟာ လှုပ်ရှား ပြောင်းလဲမှု တစ်ခုကို မလုပ်ခင်မှာ ဂျပန်ကို ရောက်လာခဲ့ကြတယ်မဟုတ်လား။ ဒီကို ရောက်နေတဲ့ ကာလတွေဟာ သူတို့ နှစ်ယောက် စလုံးအတွက် နိုင်ငံရဲ့ အနာဂတ် အကြောင်း ပိုပြီး တွေးတော စဉ်းစားချိန်ရခဲ့တဲ့ ကာလတွေ လို့တောင် မြင်မိပါတယ်။ သူတို့ရဲ့ အိပ်မက်တွေ ပြည့်ဝလာအောင် ဘယ်လောက် အချိန်ယူ ခဲ့ကြပါသလဲ။ စိတ်ဝင်စားစရာ ကောင်းတာကတော့ မြန်မာပြည်အတွက် တစ်ခါက ဒေါမာန်ဟုန် သမား ဖြစ်ခဲ့တဲ့ ဂျပန်မြေဟာ သူတို့ နှစ်ယောက်စလုံးရဲ့ အတွင်းစိတ်ထဲမှာ အပြောင်းအလဲ စတင်ဖို့အတွက် နေရာလေးသဖွယ် ဖြစ်ခဲ့တာပါ။
ဗုဒ္ဓဘုရားရင်ခွင်မှ စု
စုက တစ်ခါတလေ သိပ်ကို တင်းတင်းမာမာ ပြတ်ပြတ်သားသား ပြောတတ်ပါတယ်။ မိုက်ကယ်တို့ကတော့ အဲဒီလို အပြောမျိုးတွေကို မကြားသလိုဘဲ ဘာဆိုဘာမှ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တချို့လူတွေ အတွက် တော့ သူတို့ကိုယ်တိုင် စိတ်မကြည်သာ နေချိန်မှာဆိုရင် အဲဒီလို အပြောမျိုးတွေကြောင့် သူ့အပေါ်မှာ စိတ်မကြည်မလင် ဖြစ်သွားတတ်ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း တစ်ခါတလေမှာ သူ့အပြောတချို့ ကြောင့် စိတ်ဆိုးဖူးပါရဲ့။ ဒီလိုအကျင့်မျိုးကတော့ သူ့ရဲ့ဦးနှောက် က အလွန်ပြေးလွန်းလို့ ဖြစ်ရတာပါပဲ။ အတွေး တစ်ခုခု အပေါ်မှာ သိပ်ကို ပြင်းပြင်းထန်ထန် ခံယူတတ်တာလည်း ပါမှာပေါ့။ ဒီအပေါ်မှာတော့ ကျွန်မအနေ နဲ့ ဘာမှ စောဒက တက်စရာ မရှိဘူးလေ။
စု ကျိုတိုမှာ ရှိတဲ့အခိုက် မီဒီယာတွေမှာ မီနာမာတာချီဆို ကုမ္ပဏီကြောင့် မာကျူရီ အဆိပ်သင့်ခဲ့ရတဲ့ လူတွေ အကြောင်း အများကြီး ဖော်ပြနေခဲ့ကြပါတယ်။ အဲဒီအခါ စုက အဲဒီ အဆိပ်သင့်သူတွေဟာ လျော်ကြေးငွေ တွေချည်း တောင်းနေလို့ ဆိုကာ လောဘကြီးသူတွေပဲလို့ ဝေဖန်ခဲ့ပါတယ်။ ကျွန်မကတော့ သူ့ရဲ့ လမ်းကြောင်း လွဲသွားမယ့် ဝေဖန်ရေးကို လက်မခံနိုင်တာမို့ ထွက်နေတဲ့ ဒေါသတွေကို ထိန်းရင်းကနေ ဒီ လူနာတွေ ခံစားရချက်ကို သေသေချာချာ မသိဘဲ အခုလိုမဝေဖန်ဖို့ ပြောဖြစ်ပါတယ်။ ကျွန်မစိတ်ဆိုးနေတာကို သူနားလည် သွားတဲ့အခါမှာတော့ ခေါင်းလေးငုံ့ပြီး “ကျွန်မ သိသွားပြီ”လို့ ဆိုလေရဲ့။
သူက နိုင်ငံရေး တရားမျှတစိတ်ရယ်၊ ဘာသာရေး အဆုံးအမရယ်တွေနဲ့ ကြီးပြင်းလာခဲ့တော့ သူ မှန်တယ်လို့ ခံယူထားတဲ့ စံနဲ့မတူ ကွဲပြားတဲ့ အတွေးရှိသူတွေအပေါ် စိန်ခေါ်တတ်ပြန်ပါတယ်။ ကျွန်မ ယောကျာ်းနဲ့ အငြင်းပွားလေ့ ရှိတာကလည်း စုပါပဲ။ အဆုံးမှာတော့ စုက ပဲ  အငြင်းအဆန်မရှိ ကျွန်မခင်ပွန်း ရဲ့ အတွေးတွေကို လက်ခံသွားတတ် ပေမယ့် စုက ကျွန်မ ခင်ပွန်းကို အဖေလိုတစ်မျိုး အစ်ကိုလို တစ်သွယ် ချစ် ခင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက လူမှုသိပံ္ပသမားတွေလေ။ အတွေး ကောင်းပုံချင်းလည်း တူတာကိုး။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
သတင်းဆောင်းပါး — စက်တင်ဘာလ ၂၇၊ ၂၀၁၂
တစ်နေ့တော့ သူက စုနဲ့ ကျိုတိုမှာ ညစာအတူ စားခဲ့ပါတယ်။  တွေ့တွေ့ချင်းမှာပဲ စုက “အို့စုဆန်ရေ လူတွေ က ကျွန်မကို သိပ်ပြင်းထန်တယ်။ အရမ်း ပွင့်ပွင့်လင်းလင်း ပြောလွန်းတယ်လို့ ဆိုကြတယ်။ ရှင်ရော အဲဒီလို ထင်လား” လို့ မေးလိုက် ပါတယ်။ ကျွန်မခင်ပွန်းက လူတွေရဲ့ မှတ်ချက်တွေက စုအပေါ် ထိခိုက်သွားတယ် လို့ ထင်မိပေမယ့် စုရဲ့ လွတ်လပ် စွာ တွေးခေါ်ပြောဆို မှု ကလည်း ဂျပန်လူမှုဝန်းကျင်နဲ့ သိပ်အံဝင်ခွင်ကျ မဖြစ်ဘူး လို့ ထင်ပါတယ်။“ အိုကေပါ စု၊ ခင်ဗျားလည်း ခင်ဗျား တွေးမိသလို ရိုးရိုးပဲ ပြောလေ။ ကျွန်တော်လည်း ကျွန်တော် ပြောနိုင်သလိုပဲ ပြောမယ်။ မဟုတ်ဘူးလား။ အဲဒီလို မလုပ်နိုင်ဘူး ရယ်လို့ မရှိဘူး မဟုတ်လား”လို့ သူက ပြန်ဖြေခဲ့ပါတယ်။
စုဟာ ဂျပန်မှာ နေခဲ့စဉ်က ဂျပန်က လူတွေ အနေနဲ့ သူ့အပေါ် ဘယ်လိုတွေ တွေးထင်မြင်တယ် ဆိုတာကျွန်မ မသိပါဘူး။ သူက လူတွေရှေ့မှာ သူ့ရဲ့ အားနည်းချက် ကိုပဲဖြစ်ဖြစ်၊ အချစ်ခံရအောင် ပဲဖြစ်ဖြစ် ဘာကိုမှ ပြသ လုပ်ဆောင်မှာ မဟုတ်ဘူးလေ။ စုက ကျွန်မရှေ့မှာတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်ပါတယ်။ စုက မိုက်ကယ် ရှိရင်တော့ ကျွန်မကို သိပ်ဂရုမထားတော့ပါဘူး။ ကျွန်မ အမြဲတွေးမိခဲ့တာကတော့ စုဟာ သူ့ အမိမြေ အတွက် ဘာမှ လုပ်မပေးနိုင်ဘူး ဆိုတာကို နောင်တရနေတဲ့ စိတ်နဲ့ မြန်မာပြည်ကို ချစ်တဲ့စိတ်တွေ အမြဲရှိ နေကာ အဲဒါကိုက ချစ်စရာပဲလေ။ ဒီနှစ် နှစ်သစ်ကူးကာလမှာ သူတို့ တစ်မိသားစုလုံး ကျွန်မတို့နဲ့အတူ ရှိနေတဲ့ အခိုက်မှာတော့ စုရဲ့ မိန်းမပီသမှု ကို တွေ့လိုက်ရပါတယ်။
၁၉၈ဝ တဝိုက် အောက်စဖို့ဒ်တွင် ကလေးနှစ်ယောက်နှင့်အတူ
၁၉၈ဝ တဝိုက် အောက်စဖို့ဒ်တွင် ကလေးနှစ်ယောက်နှင့်အတူ
၁၉၈၆ ခုနှစ် နှစ်သစ်ကူးနေ့မှာတော့ အိုင်ဇန်ဆကာမိုတိုမှာ ရှိတဲ့ ဟီယိုရှိဘုရားကျောင်း ကနေ အိမ်ကို ပြန်လာ ကြတဲ့အခါ လမ်းမှာ မိုမိုယာ မာခေတ်(၁၅၉၄-၁၆၂၃)က ဘုရားကျောင်း အတော်များများကို  တွေ့ရပါတယ်။ အဲဒီကျောင်းတွေ က တောင်ကုန်းလျှောလေးတွေမှာ ကျောက်တုံးနံရံတွေနဲ့ အလှဆင် တည်ဆောက်ထားတဲ့ အနူဇူမိဟန် ဗိသုကာ လက်ရာတွေရှိတဲ့ ဥယျာဉ်ထဲမှာ ရှိပြီး အဲဒီလက်ရာတွေအတွက် နာမည်ကျော်ပါတယ်။ ကျွန်မက ရီဆန်ဂျီကျောင်း ထဲမှာ မြန်မာ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ရှိတာကို သိထားတဲ့အတွက် စုကို ပြောပြလိုက် ပါတယ်။ သူက အဲဒီကျောင်းကို ပို့ပေးဖို့ပြောတာနဲ့ ကျောင်းဆီသွား တော့ နှစ်သစ်ကူးနေ့မို့ကျောင်းဂိတ် ကပိတ်ထားလေရဲ့။ ကျွန်မတို့လည်း ကျောင်း အနောက်ဘက်က ပတ်ပြီး တံခါးခေါက်ကြည့်ကြပါတယ်။
တံခါးပွင့်သွားတာနဲ့ တစ်ပြိုင် နက် မြန်မာဗုဒ္ဓရုပ်ပွားတော်ရဲ့ တည်ငြိမ်တဲ့ အပြုံးရိပ်ကို ဘွားခနဲ ဖူးတွေ့ လိုက်ရ ပါတယ်။ စုက“အို”လို့ တစ်ခွန်းတည်း ပဲ ပြောနိုင်ပြီး နောက်ထပ်စကား မဆက်နိုင်လောက်အောင် ငြိမ်ကျသွား ပါတယ်။ ငွေသုံးရာမှာ စနစ်ကြီးတဲ့ စုက ယန်း ၅ဝဝဝကို ဘုန်းတော်ကြီးဆီ ကပ်လှူလိုက်ပြီး ကြမ်းပြင်မှာ ကျုံ့ကျုံ့ထိုင်ကာ ထိခြင်းငါးပါးနဲ့ ဦးသုံးကြိမ်ချ ကန်တော့လိုက်ပါတယ်။ ပြီးတော့ တတွတ်တွတ် နဲ့ဘုရားစာရွတ် ဆုတောင်းတော့တာ ပါပဲ။မိုက်ကယ်ရော ကလေး နှစ်ယောက်ကပါ စုလိုပဲ ဝတ်ပြုကြပါတယ်။ ဒါပေမယ့် သူတို့ကတခြား ဘုရားဖူးတွေ ဝင်လာတော့ မတ်တပ်ရပ် လိုက်ကြပါတယ်။ စုကတော့ ဘေး ဘယ်ညာ ကို သတိမထား မိတော့သလို ဘုရားစာကိုသာ တတွင်တွင် ရွတ်နေပါတော့ တယ်။ ကျွန်မက စုရဲ့ အနောက်မှာ တစ်ချိန်လုံး ရှိနေတာမို့ စုက ကိုယ်ကို ကိုင်းညွတ်လိုက် ပြန်မတ်လိုက်နဲ့ ဘုရားကန်တော့နေတဲ့ ကောက်ကြောင်းကို မြင်တွေ့နေရပါတယ်။ အဲဒီအခါကျမှ စုဟာ မိန်းမဆန်လှပြီး ဆွဲဆောင်မှု ရှိတယ်လို့ မြင်လာမိတာပါ။ ပထမဆုံးအကြိမ် အဖြစ် စုဟာ လိုက်လျောနိုင်တဲ့ မိန်းမမျိုးလည်း ဖြစ်တယ်လို့ ကျွန်မ တွေးလိုက်မိပြန်ပါတယ်။
ကျွန်မတို့ရဲ့ အင်္ဂလန်နဲ့ဂျပန်မှာ တွေ့ဆုံခဲ့တဲ့ သမိုင်းကို ပြန်ကြည့်တဲ့အခါ သူ့ကို မြန်မာပြည်မှာတော့ ကျွန်မ မဆုံမိသေး ပါလား လို့ တွေးမိပါတယ်။ ကျွန်မတွေ့ခဲ့တဲ့ စုဟာ နိုင်ငံခြားရောက်စု ဖြစ်နေခဲ့တာမို့ သူဟာ သံမဏိဝတ်ရုံကို လွှမ်းခြုံ ထားတဲ့ အသွင်နဲ့ ဖြစ်နေခဲ့တာပေါ့။ အခုတော့ ဂျပန်က ရွာလေးတစ်ရွာရဲ့ ဗုဒ္ခ ရုပ်ပွားတော် ရှေ့မှောက်မှာ သူဝတ်ဆင် ထားခဲ့တဲ့ သံမဏိဝတ်ရုံကို မခြုံတော့ဘဲ မြန်မာ့ဝိညာဉ် အပြည့်နဲ့ ဖြစ်နေခဲ့ပါတယ်။ အဲဒီလို သူ့ရဲ့ အင်မတန်အေး ချမ်း ပျော့ပျောင်းနေပုံကို ကြည့်ပြီး ကျွန်မရဲ့ စိတ်ထဲမှာ ရုတ်တရက် ဖြစ်ပေါ်လာတာကတော့ စုအနေနဲ့ စိတ်အေး လက်သာ နေနိုင်အောင် ဆိုရင် မြန်မာပြည်က လွဲပြီး တခြားနေရာ မရှိနိုင်ဘူး ဆိုတာပါပဲ။ စုအနေနဲ့အင်္ဂလန်မှာ နိုင်ငံခြား သား တစ်ယောက်အဖြစ် လုံခြုံစွာ နေနိုင်ပါမယ်။ ဒါပေမယ့် ဆန္ဒ မရှိတရှိ ပေါ့။ ဒါမှမဟုတ် အဆိုးဆုံးအတွက် ပြင်ဆင် ရင်း မြန်မာတွေ ကြားမှာ တစ်သက် လုံး နေသွား သင့်တယ်လေ။ ကျွန်မကတော့ စုအနေနဲ့ အဲဒီလို နေသွားမှာကို စိတ်ပူမိပါရဲ့။
စုထံမှ ခွဲခွာခြင်း
စုအဖို့ ဂျပန်ကနေ ပြန်ရမယ့် အချိန်က နီးကပ်လို့ လာပါတယ်။ တစ်ရက်မှာတော့ စုက ကျွန်မတို့ အိမ်ကို ရောက်လာလေရဲ့။ ကျွန်မကလည်း အတုံ့အဆိုင်း မရှိ အခုလို ပြောဖြစ် သွားမိပါတယ်။ “စုရေ ကျွန်မသာ ရှင်ဆိုရင်လေ မြန်မာပြည်ကို ပြန်သွား မှာပဲ။ ရှင် အောက်စ်ဖို့ဒ်မှာ နေနေသမျှ ရှင့်အဖို့ လက်ဘက်ရည်ပွဲ တွေမှာပြောရမယ့် သူရဲကောင်း တစ်ယောက်လို ဖြစ်နေ ပြီး မြန်မာပြည် ကတော့ ရှင့်ကို ဘယ်လိုနည်းနဲ့ မဆို လိုအပ်နေမှာလေ။ ရှင့်မှာ မြန်မာပြည်က လိုအပ်နေတဲ့ အရည်အချင်း ကောင်းတွေကလည်း အများကြီးရယ်။ အင်္ဂလိပ်စကား ဆိုရင်လည်း တကယ့်ကို အရမ်းကောင်းတယ်လေ။ မိုက်ကယ့်အနေနဲ့ အိန္ဒိယက တက္ကသိုလ် တစ်ခုခုမှာ အလုပ်ကောင်းကောင်း ရနိုင်တာပဲ။ မြန်မာအစိုးရက ဗီဇာပေးနိုင် သလောက် ရှင်တို့နှစ်ယောက် လည်း လွယ်လွယ် တွေ့နိုင်မှာပဲ။ အိန္ဒိယဆိုတာ မြန်မာပြည်နဲ့ ခဲတစ်ပစ်လောက်ပဲ ဝေးတော့ အဆင်ပြေတာ ပေါ့။ မဟုတ်ဘူးလား။ အောက်စ်ဖို့ဒ်က အိမ်ကို ငှားထားပေးလိုက်လည်း ရတာပဲ။ ကလေး နှစ်ယောက် ကိုလည်း ဘော်ဒါထားပြီး ကျောင်းတက်ခိုင်း နေရမှာပဲ။ အဲဒီလိုများ မတွေးမိဘူးလား” လို့လေ။ ကျွန်မရဲ့ အဲဒီစကားလည်း ကြားပြီးရော ဘယ်တော့မဆို ခပ်သွက်သွက် တုံ့ပြန်တတ်တဲ့ စုဟာ ခဏကလေး တိတ်ဆိတ်သွား ပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ-စမ်းချောင်း
သတင်းဆောင်းပါး — အောက်တိုဘာလ ၀၄၊ ၂၀၁၂
ကျွန်မ သိထားတဲ့ အမှန်တရား တစ်ခုက ရှိနေပါသေးတယ်။ အဲဒါကတော့ စုဟာ ဂျပန်မှာ နေခိုက် သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး မြန်မာပြည်က လူတွေဟာ ဘယ်လောက်ထိ ချစ်ခင်လေးစားမှု ရှိနေသေး တယ် ဆိုတာရယ်၊ သူ့အပေါ် မြန်မာပြည်ရဲ့ ဂုဏ်ယူဖွယ်ရာ ခေါင်းဆောင်ကြီးရဲ့သမီးအဖြစ် သဘော ထားပြီး မျှော်လင့်ချက်တွေ အပြည့်နဲ့ ရှုမြင်ကြတယ် ဆိုတာရယ်ကို သူတွေ့ကြုံခဲ့ရခြင်းပါပဲ။ ကျွန်မက ပြောမိတာတွေ လွန်များသွားသလား လို့ ပူပန်မိပေမယ့် စုအဖြေကို စောင့်နေလိုက်ပါတယ်။ စုက လာလည်တိုင်းမှာ ကျွန်မတို့ အတွက် ဂျပန် အချိုမုန့်လေးတွေ ယူလာတတ်ပေမယ့် ကျွန်မအဲဒီနေ့က လက်ကမ်း မယူဖြစ်ပဲ ရှိနေခဲ့ပါတယ်။ သိပ် မကြာခင်မှာပဲ စုက “နိုရီကို ရှင်မှန်ပါတယ်” လို့ ဆိုလိုက်ပါတယ်။ အဲဒီအချိန်က ၁၉၈၆ နွေဦး မှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုနှင့် စာရေးသူ နိုရီကို
ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုနှင့် စာရေးသူ နိုရီကို
ဇွန်လမှာတော့ စုက သူ့ပစ္စည်း တချို့ ကျွန်မအိမ်မှာထားခဲ့ကာ အိန္ဒိယမှာ ရှိတဲ့ မိုက်ကယ့်ဆီကို ထွက်သွား ခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကျွန်မတို့အနေနဲ့ စုကို နောက်ဆုံး တွေ့ခဲ့ရတာပါပဲ။
ကျွန်မစကားကြောင့်တော့ သူဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုထဲ ရောက်သွားခဲ့တယ်လို့ မထင်မိ ပါဘူး။  သူ့အမေ ဖျားနာနေချိန်မှာ မြန်မာပြည် ပြည်တွင်းက လှုပ်ရှားမှုတွေ ကလည်း ဖြစ်လာတော့ သူ့ဆီမှာ ရှိနေခဲ့တဲ့ ရင့်သန်နေတဲ့ နိုင်ငံချစ်စိတ်နဲ့ တရားမျှတမှုကို အလေးထား စိတ်တွေကြောင့်ပဲ သူ ဒီလှုပ်ရှားမှုထဲကို ရောက်သွားတာပါ။ ၁၉၈၈ ဩဂုတ် ၂၆ ရက်မှာ ရွှေတိဂုံဘုရား အနောက်ဘက်မုခ် မိန့်ခွန်း ပြောတဲ့အခါ စုက “ကျွန်မဟာ နိုင်ငံခြားသား တစ်ယောက်ကို လက်ထပ်ထားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါကြောင့် တော့ ကျွန်မရဲ့ အမိမြေကို ချစ်တဲ့စိတ်ကို မလျော့ပါး စေနိုင်သလို မြန်မာပြည်အတွက် ကျွန်မရဲ့ သန္နိဋ္ဌာန် ကိုလည်း မပျက်စီးစေနိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။ ဒီလိုပြောတာဟာ သူ့ကိုယ်သူ မြန်မာ တစ်ယောက်ဆိုတာ ပြသတာပဲလေ။ မိုက်ကယ်နဲ့ သားနှစ်ယောက်ရဲ့အကာအကွယ်နဲ့ပဲ စုဟာ မြန်မာလူထုနဲ့ ပြန်လည် ပေါင်းစည်း မိခဲ့ပါပြီ။
သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့နိုင်ငံ လွတ်လပ်ရေးအတွက် ပြည်ပက ရန်သူကို ရင်ဆိုင်တိုက်ခိုက်ဖို့ သူ့ ကိုယ်သူ တိုက်ပွဲထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ စုကတော ပြည်တွင်းမှာ ရှိတဲ့ စစ်အစိုးရကို ရင်ဆိုင်ဖို့ မြန်မာ လူထု အနေနဲ့ “ကြောက်ရွံ့ခြင်းက ကင်းလွတ်”ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပိုပြီး ခက်ခဲတဲ့အလုပ်ပါပဲ။ သူ့မှာရှိတဲ့ တစ်ခုတည်းသော လက်နက်ကတော့ “ဒီမိုကရေစီ”ပါ။
စစ်အစိုးရကတော့ စုကို လူထုက ထောက်ခံတာကို ကြောက်လန့်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့က တရားမျှတမှု ကနေ သွေဖီဖို့လည်း ရဲဝံ့ခဲ့ပါရဲ့။ သူတို့က စုကို နေအိမ် အကျယ်ချုပ် ချထားခဲ့ပါတယ်။ ကျန်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီပါတီ)ဝင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကိုလည်း ထောင်ချခဲ့ ပါတယ်။ အဲဒီနောက် ၁၉၉၀ မှာ လူထုက နိုင်ငံလုံးကျွတ် သဘောထားထုတ်ဖော်ကာ မဲပေးခဲ့ကြပြီး အန်အယ်လ်ဒီ က မဲနိုင်ခဲ့ပေမယ့် နိုင်ငံလုံးကျွတ် အရှုံးကို ရင်ဆိုင် ခဲ့ကြရပါတယ်။ ဒါပေမယ့် စုမပါဘဲ အန်အယ်လ်ဒီက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကို ကြည့်ရင် သူ နေအိမ် အကျယ်ချုပ် ကျနေတာတောင် ဒီမိုကရေစီ အဖျားကတော့ လူတွေကြားမှာ ဒီရေတက်နေပြီ ဆိုတာ သေချာပါတယ်။ စုက သူတို့ကြားမှာ နေနေ ပြီလေ။ စုကိုယ်တိုင်ဟာ မြန်မာပြည်ပါပဲ။
အချုပ်အနှောင်ထဲက စု (၁၉၈၉-၁၉၉၅)
အစောင့်အရှောက် နတ်တစ်ပါး အလား မိုက်ကယ်
နာမကျန်း ဖြစ်နေတဲ့ အမေကို ပြုစုဖို့ဆိုပြီး စု မြန်မာပြည် ပြန်သွားတာ တစ်နှစ်တောင် ရှိခဲ့ပါပြီ။ ၁၉၈၉ ခုနှစ် ဧပြီမှာတော့ ကျွန်မတို့ နှစ်ယောက်လည်း မိုက်ကယ်တို့သားအဖကို စု မရှိတဲ့ အောက်စ်ဖို့ဒ်က ပါ့ခ်တောင်း အိမ်မှာ သွားတွေ့ဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။တကယ်တော့ ကျွန်မ သိပ်သိချင်နေတာက မိုက်ကယ်ဟာ ကလေး နှစ်ယောက်ကို ချက်ကျွေးနိုင်တာ ဆိုလို့ စု မကြိုက်တဲ့ ကြက်ဥမွှေကြော် တစ်မျိုးပဲ ကောင်းကောင်း ရှိတာမို့ အခုနေခါ ကလေးတွေကို သူဘယ်လိုများ ကျွေးမွေးနေမလဲ ဆိုတာပါ။ ကျွန်မအနေနဲ့လည်း ကလေး နှစ်ယောက်ကို ဂျပန်စာတွေ ချက်ကျွေးချင် နေမိပါတယ်။ ကျွန်မတို့ရဲ့လျှပ်စစ် ထမင်းပေါင်းအိုးလေးရယ်၊ ဆူကီယာကီလုပ်တဲ့ ဒယ်အိုးရယ်က စုတို့ရဲ့ မီးဖိုချောင်ထဲမှာ ရှိနေသေးတယ်လေ။
ထမင်းစားပွဲပေါ်မှာ ကျွန်မတို့ နှစ်ယောက် အံ့အားသင့်သွားအောင် စောင့်နေတာတွေကတော့ ကြက်ရို့စ် နဲ့ ဟင်းရွက်သုတ်ပါပဲ။ အဲဒီအချိန်က ကင်မ်က အသက် ၁၁ နှစ်နဲ့ ၇ လသာ ရှိသေးပေမယ့် သူက အန်ကယ် အို့စု နဲ့ အန်တီနိုရီကို့ကို ကိုယ်တိုင် ချက်ကျွေးမယ် ဆိုကာ မနက်ကတည်းက အချိုပွဲကို ပြင်ဆင်ခဲ့ပါသတဲ့။ ကျွန်မတို့မှာ အံ့ကို ဩလို့ပေါ့။ ဒါပေမယ့် သူ့မှာ လျှို့ဝှက်ချက် ရှိနေတာကို ကျွန်မတို့ မသိခဲ့ပါဘူး။ မြန်မာဝတ်စုံ ကို သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် က ထမင်းပွဲကို ပြင်ဆင်ပေးပြီး ကိတ်မုန့် လုပ်ပုံ ကိုလည်း ကင်မ့်ကို သင်ပေးခဲ့ပါသတဲ့။ သူက ဟောင်ကောင်မှာ ဆရာဝန်အဖြစ် ရပ်တည်ခဲ့တဲ့ စုရဲ့ ဝမ်းကွဲ ညီအစ်မ ပါ။ စုက မိခင်ကိုပြုစုနေရင်းက ဒီမိုကရေစီ လှုပ်ရှားမှုထဲ ရောက်သွားတော့ သူ့ မိသားစု အတွက် ဝမ်းကွဲညီမကို အကူအညီ တောင်းပြီး အဝေးကနေ စီမံခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်မက အမြော်အမြင်ရှိလှတဲ့ စုကို အတော်ကြီး အထင်ကြီး သွားမိပါရဲ့။
အဲဒီကာလတွေမှာ မိုက်ကယ့် အနေနဲ့ ပုံမှန်အလုပ်ရယ်လို့ မရှိပါဘူး။ သူတို့အိမ်ရဲ့ ပထမနဲ့ ဒုတိယထပ်ကို ငှားတဲ့ ဝင်ငွေက အဓိက ဝင်ငွေပေါ့။ တကယ်တော့ သူ့ကို ကမ်းလှမ်းလာတဲ့ အလုပ်တွေက အများကြီးပါ။ သူက တစ်ခုကိုမှ မရွေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအလုပ်တွေက ပညာရေးနဲ့ မပတ်သက်လို့ ပါတဲ့။ အင်္ဂလန်မှာ အဲဒီအချိန်က တိဘက်ဘာသာစကား သင်ကြားရေးအတွက် နေရာနှစ်နေရာပဲ ရှိပြီး ဘယ်နေရာမှ မလစ်လပ်ပါဘူး။ ကျွန်မကမိုက်ကယ်နဲ့ ကလေးတွေအတွက် စိတ်ပူကြောင်း ပြောမိတော့ မိုက်ကယ်က ကျွန်မကို “နိုရီကိုရာ။ ကျွန်တော်တို့က ဒီမှာ အင်္ဂလန်မှာ လုံခြုံနေတာပဲ။ ခင်ဗျား စုကိုတော့ ဘာလို့ စိတ်မပူရတာလဲ” လို့ မေးခွန်း ပြန်ထုတ်ပါတော့တယ်။ ကျွန်မက စုရဲ့ ပုန်းလျှိုးနေတဲ့ အရည်အချင်းတွေ ကို သိထားတယ်လေ။ ပြီးတော့လည်း နှစ်ပေါင်းများစွာ တစ်ဘက်သတ် အချစ်နဲ့ ချစ်ခဲ့ရတဲ့ အမိမြေ မြန်မာပြည် က လွဲပြီး ဘယ်နေရာမှာမှ သူ့ရဲ့နိုင်ငံရေး မျိုးစေ့ကို မြေချ ပန်းပျိုးနိုင်မယ့် နေရာမရှိဘူးလို့ ကျွန်မက သေချာ နေတာကိုး။ ဒါကြောင့် မိုက်ကယ့်ကို စုရဲ့ ကျန်းမာရေးကလွဲပြီး ကျန်တာ မပူပန်ဘူး လို့ ဆိုလိုက်ပါတယ်။ “စုအနေနဲ့ မြန်မာပြည် နိုင်ငံရေးမှာ အင်အား အပြည့်နဲ့ သူ့အခန်းကဏ္ဍကို ထမ်းဆောင်ဖို့ အတွက် အိမ်ထောင်ရေး အပူအပန် တွေကနေ စုက ကင်းဝေးသင့်တယ် မဟုတ်လား”လို့ပေါ့။ မိုက်ကယ်က “ခင်ဗျား မှန်ချင် မှန်မှာပါ”လို့ ပြန်ဖြေလေရဲ့။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)

No comments: