Wednesday, November 28, 2012

"လွယ်အိပ်တစ်လုံးနဲ့ ရွာစဉ်လည်"


by Soe Min on Tuesday, November 27, 2012 at 6:54am ·
          အမ်းသက်ကလေး နှစ်ခါလည်လုနီးတဲ့အခါ ရခိုင်ပြည်နယ်ထဲကို တော်တော်လေး နှံ့နှံ့စပ်စပ် ရောက်ဖူးသွားပါပြီ။ အမ်းမြို့နယ်တခွင်ဆိုရင်တော့ ပြဲပြဲစင်သလောက်ရှိနေပြီ။ ကွင်းဆင်းကုသရေးအဖွဲ့နဲ့ သွားတာကိုက လေးငါးခါမကဆိုတော့ ကိုယ်က နယ်မြေကို မစိမ်းတော့သလို နယ်မြေကလည်း ကိုယ်နဲ့ မစိမ်းတော့ပါဘူး။ စနေ တနင်္ဂနွေ ပိတ်ရက်ကလေးတွေ ထွက်ရတာ ဘာလို့ မထွက်နိုင်ရှိရမှာလဲ။ သူတို့ကမှ ဆေးစိုက်နိုင်လို့ကတော့ ကိုယ်ကလည်း လူစိုက်နိုင်သပ။ အားလွန်းလို့ ကြောင်ရေချိုးနေတာတော့ မဟုတ်ရပေါင်။ တခေါက်တခေါက်ထွက်ရင် ပိတ်ရက်ဖြစ်ပေမယ့် လူနာလက်စတွေ စိတ်ချလက်ချဖြစ်အောင် အရင် စီစဉ်မှာကြားရသေးတာ။ ပြန်လာတော့လည်း လူနာတွေက တခါတည်း ပါပါလာတတ်သေးတာ။ ဘယ်သူကမှ ဘာဆုပေးပေး မပေးပေး၊ လိုလည်းမလိုချင်ဘူး။ အသိအမှတ်ပြုချင်ပြု မပြုချင်နေ။ ကိုတတ်ပကလေး၊ ကိုဖိုးသခွားကလေး၊ အသံကောင်းဟစ်နေစရာမလိုဘူး။ ဒါပေမယ့် တောမှာ တော်တော် အားအားယားယားရှိနေလို့ ပေါက်ပန်းဈေးတွေ လျှောက်ရေးနေနိုင်တာပေါ့ လို့ ဆိုသူတွေကိုတော့ အမြီးကဆွဲရဆွဲရ။ ချိုကဆွဲရဆွဲရ ဆွဲပြီး လူနာဆောင်ထဲ တစ်ပါတ်လောက် လိုက်ပြချင်တယ်။ ကြွားချင်လို့မဟုတ်ဘူး။ ပြပြပြီး ဖနောင့်နဲ့ပေါက်ချင်လို့။ အဲဒီစာတွေ ဘယ်လိုရေးနေရသလဲ သိစေချင်တယ်။ မုဆိုးမဈေးဆိုင် ကြွေးစာရင်းမှတ်သလို ၀င်တစ်ခြစ် ထွက်တစ်ခြစ် ရေးနေရတဲ့ဘ၀။ ဖေ့စ်ဘုတ်ပေါ်တက်ကြည့်လိုက်၊ သူများရေးထားတာတွေ ကွန်မန့်ကလေးဝင်ပေးပြီး ပြန်ပြေးလိုက်၊ စတေးတပ်စ်လေး တို့ထိတို့ထိ တင်လိုက်။ လစ်ရင်လစ်သလို မွှေနေရတယ်။ တော်သေးတာပေါ့။ အဲလို ဖုန်းနဲ့ အင်တာနက်သုံးလို့ရတာ ဘာမှ မကြာသေးဘူး။ ရောက်စကဆို ပလာစာအုပ်ထဲရေးပြီး စစ်တွေ၊ ကျောက်ဖြူက တင်ရတာ။ ညနေစောင်းလို့ ဆေးရုံကပြန်ရင် ရေလေးမိုးလေးချိုးပြီး မှောင်ရီမပျိုးမချင်းရေးတယ်။ အဲလိုဆိုတော့ ဘယ်မှာ ဆေးခန်းထိုင်လို့ ဖြစ်ပါ့မလဲ။ ရန်ကုန်မှာနေတုန်းကလည်း ညနေ သမီးနဲ့ဆော့ဖို့ အချိန်မရှိမှာစိုးလို့ ဆေးခန်းမထိုင်ရဘူး။ အခုလည်း စာရေးနေရင်း လူနာလာပြရင် အာရုံပျက်ပျက်သွားလို့ ဆေးခန်းမထိုင်ဖြစ်ပြန်ဘူး။ အရေးပေါ်ဆိုရင်တော့ ဆေးရုံကလှမ်းခေါ်ရင် အချိန်မရွေးကြည့်ပါတယ်။ ဒီစာရေးတဲ့အလုပ်ကြီးက ဆေးခန်းထိုင်စရာမလိုတော့အောင် ၀င်ငွေကောင်းတယ်ပေါ့ လို့ မေးရင်တော့ ဦးစိန်ကတုံး ခေါင်းပေါင်းချွတ်ပြသလို ရှိတာတွေ အကုန်ထုတ်ကြွားရဦးတော့မှာပဲ။ ဘယ်ဘုရားရှင်လက်ထက်ကမှ ထပ်တူမရှိခဲ့ဖူးတဲ့ ဧတဒဂ်ဆုပန် ဥပသိကာကြီးပါဗျာ။ ပိုက်ဆံမရသော အလုပ်ဟူသမျှတို့ကို ၀ါသနာဇွဲနဘဲကြီးစွာ လုံ့လပြုတတ်သောနေရာမှာ နှစ်ယောက်မရှိ ထူးချွန်တယ် ထင်ပ။ ကိုယ့်ဘာသာ ကျေနပ်နေရင် ပြီးတာပဲလေ။ ဟုတ်ဘူးလား။
          အခုလည်း ကိုယ့်ထမင်းကိုယ်စား ဘကြီးနွားကျောင်းတဲ့အနေနဲ့ (စပွန်ဆာဘဘကြီးက ပါတီကလေ) ရွာလွန်ရွက်တိုက် ဆေးကုလိုက်ခဲ့တာ ခါတိုင်းလို မနက်သွား ညနေပြန်ခရီးမျိုးတောင် မဟုတ်တော့ဘူး။ တစ်ညအိပ် နှစ်ရက်ခရီးဆန့်ဖြစ်တာပေါ့ဗျာ။ ဟိုးတခါ ဒလက်ချောင်းဖျားကို သွားသလို စက်လှေကလေးနဲ့ ချောင်းရိုးဆန်ရတာမျိုး မဟုတ်ဘူး။ အခုဟာက တောင်ပေါ်ခရီး။ ခြေကျင်သွားရတယ်။ ဒီရာသီမှာတော့ ခြေခင်းလက်ခင်းသာလို့ ဆိုင်ကယ်လေးနဲ့ တက်လို့ရတယ်။ ဒါပေသိ ကိုယ့်ဘာသာ သွားဖို့တော့ မစဉ်းစားနဲ့။ အာဇာနည်စန်းစန်းလောက် ဆိုင်ကယ်စီးကျွမ်းမှ ဖြစ်မယ်။ တံတားကလေးတွေက ခနော်နီခနော်နဲ့ ဆွေးလို့ယိုင်လို့၊ လယ်ကန်သင်းကလေးတွေက ဆိုင်ကယ်တစ်ဘီးစာကလေးရယ်၊ အတက်မတ်မတ်၊ အဆင်းစောက်စောက်၊ သူများနောက်က ထိုင်လိုက်ရတာကို အသည်းတယားယားသွားရတယ်။ အဘတို့ငယ်ငယ်ကဆို လေးဘက်ကုန်းတက်ရတဲ့ နေရာတွေဆိုပဲ။ ၀ိဓူရသခင်ချစ်မောင်ဆိုတဲ့လူကြီးဟာ တို့လောက်တော့ ဆိုင်ကယ်နောက်မြီး ခိုလိုက်ဖူးမယ် မထင်ပါဘူး။
          အဲသည်အပေါ်ဘက်မှာ ချင်းရွာကလေးတွေရှိတယ်လေ။ ရခိုင်ရွာကလေးတွေက မြစ်၊ချောင်း၊ ရေကြောင်းနဲ့ တည်နေကြတာ။ ချင်းရွာကလေးတွေကတော့ တောတောင်သျှိုမြောင်ထဲမှာ တည်တယ်။ အဲလောက်ခေါင်ခေါင်ခက်ခက်နေရာမှာ သူတို့ဘာလို့များ ရွာသွားတည်ကြလဲမသိဘူးလို့ အောင့်မေ့မိတယ်။ ရွာဆိုတာ ရေကြည်ရာ မြက်နုရာတည်ရတာဆိုတော့ သူတို့လည်း သူတို့အတွက် ထမင်းအိုးတည်လို့ လွယ်တဲ့ဆီ တည်ကြရတာပ။ ၀င်းမှည့်ညွှတ်အိနေတဲ့ စပါးခင်းတွေ တွေ့ခဲ့တယ်။ အိမ်ရှေ့စည်းရိုးပေါ် စီလှမ်းထားတဲ့ ရာဘာပြားတွေတွေ့ခဲ့တယ်။ ထင်းစည်းကြီးတွေ ရွက်ထားတဲ့ ကြီးကြီးငယ်ငယ်တွေ တွေ့ခဲ့တယ်။ ကိုယ့်ဆီလူနာတွေ ကန်တော့တဲ့ ပျားရည်တွေက သူတို့ဆီကလာတာ။ အမ်းမှာ စားနေရတဲ့ တောဝက်သား၊ ဂျီသား၊ ဆတ်သားတွေက သူတို့ဆီကလာတာ။ မအီစက်တော်ရာ သွားဖူးတုန်းကတွေ့ခဲ့တဲ့ ဆင်စခန်းကလေးတွေထက်တော့ တော်တော်လေး လူနေစိတ်တယ်။ အိမ်ခြေတစ်ရာနှစ်ရာ ရှိသတဲ့။ ဒီဘက်တွေမှာ ဘယ်လောက်ပဲ ဆင်းရဲနွမ်းပါးတယ်ဆိုပေမယ့် ရပ်ပြစ်ရှစ်ပါး မကင်းတဲ့အရပ်တွေလို ငတ်ပြတ်ဆာလောင်နေတာမျိုး မဟုတ်ဘူး။ ရေနဲ့နီးရင် ရေကကျွေးနိုင်သလို တောနဲ့နီးရင်လည်း တောကကျွေးနိုင်သေးတယ်။ (ဒါကြောင့် အငတ်အပြတ်တွေက ခွက်စောင်းလာခုတ်ကြတာနေမယ်) ဈေးကွက်လက်လှမ်းမမီတဲ့အရပ်မို့ စားဖွယ်သောက်ဖွယ် ဈေးချိုတယ်။ ပိုက်ဆံ ၂၀၀ နဲ့ ၀ယ်ရင် သရက်သီးမှည့်ဆို ဆယ်လုံးလောက်ရမယ်။ သင်္ဘောသီးစိမ်းဆို လေးငါးလုံးရမယ်။ ကျွဲကောသီး (သူတို့အခေါ် ရှောက်ပန်းသီးတဲ့) လေးလုံးရတယ်။ ငှက်ပျောသီးတစ်ဖီးရတယ်။ ပိန္နဲသီးလတ်လတ်တစ်လုံးရတယ်။ ဘူးသီးဘူးညွန့် ကျန်ချောင်းအိပ်ကြီးတစ်လုံးနဲ့ မဆန့်မပြဲရတယ်။ မာလကာသီးဆိုတာ ရောင်းစားရတဲ့အမျိုးမဟုတ်ဘူး။ အဲဒါ အမ်းဈေးထဲမှာ ပြောတာနော်။ ကောက်ညှင်းပေါင်း ငါးဆယ်ဖိုးဝယ်စားလို့ရတဲ့အရပ်။ နှစ်ရာတန် နဲ့ ငါးရာတန်ကိုင်ပြီး ဈေးဝယ်လို့ရသေးတဲ့အရပ်ပါဗျ။ စားဝတ်နေရေးက ရန်ကုန်နဲ့ မယှဉ်သာအောင် သက်သာလွယ်ကူတာကြောင့် အဲဒီနေရာမှာ သူတို့ အခြေချနေထိုင်တယ်။
           သို့သော် နာရေးဖျားရေးက ရန်ကုန်ထက်ကို အပုံကြီး ငွေကုန်ကြေးကျပိုများတာ လက်တွေ့သိလိုက်ရတဲ့အတွက် ကိုယ်လည်းနေသခိုက် ဌာန်ကုန်အောင် အောက်ဆင်းပြီး ဈေးလျှော့ထားတယ်။ ကုသိုလ်တောင် ရချင်ရမရချင်နေ။ ကျန်တာတွေဆို ခေါင်းထဲကို ထည့်မထားဘူး။ ဘူတန်ကလူနာတစ်ယောက်ကို ကယ်လိုက်နိုင်တာနဲ့ ကိုယ့်ဆီက ရခိုင်ဆင်းရဲသား၊ ချင်းဆင်းရဲသားတစ်ယောက်ကို ကုလိုက်နိုင်တာ စိတ်ကျေနပ်မှုချင်း ဘာမှမဆိုင်ဘူး။ ငါ့ပညာတွေက သူများလူမျိုးကို ပိုက်ဆံယူပြီး အလုပ်အကျွေးပြုနေတာ မဟုတ်ဘူးဆိုတဲ့ အသိစိတ်နဲ့တင် အားလုံးတန်တယ်။ (အမှတ်ယူတယ်ထင်ရင် တစ်မှတ်မှမပေးနဲ့ဗျာ။ မလိုချင်ဘူး) လူဆိုတာ သမိုင်းရှိတယ်ဗျ။ ကိုယ့်အရင်က ဆရာဝန်အဆက်ဆက် ဒီနေရာမှာ လာအလုပ်လုပ်သွားခဲ့ပြီးသား။ အားကျစရာ အတုယူစရာ သူရဲကောင်းတွေ ပါသလို စိတ်ပျက်စရာ ရွံရှာစရာ အရှုပ်ထုပ်တွေလည်း ပါတယ်။ နောင်ကျဒီလူတွေနဲ့ ပြန်တွေ့စရာ အကြောင်းမရှိဘူးဆိုပေမယ့် ခြေရာကလေးတွေတော့ ကျန်ရစ်ခဲ့ကြတာချည့်ပဲ။ ကိုယ့်သမိုင်းဆိုတာ ကိုယ်ရေးပစ်ခဲ့တဲ့အတိုင်းတော့ မှတ်တမ်းဝင်သွားမှာ မလွဲဘူး။ နိုင်ငံရေးသမားများ မဲဆွယ်သလို ရွှန်းရွှန်းဝေအောင် ပြောတဲ့စကားတွေဆိုတာ အချိန်တန်တော့ လေထဲမှာတင် ပျောက်သွားတာ။ လုပ်ခဲ့တဲ့ အလုပ်တွေကသာ အကြောင်းအကျိုး အကောင်းအဆိုးကို လိုက်ပြီး အဖတ်တင်ကျန်ရစ်ခဲ့တာ။ အချိန်က စကားပြောတဲ့အခါ အဖြေပေါ်စမြဲပဲ။
           ရွာကလေးတွေက အိမ်ခြေရာချီရှိတယ်ဆိုပေမယ့် မူလတန်းလွန်ကျောင်းကလေးမှ အနိုင်နိုင်ရှိတယ်။ လူနာကြည့်တာ အဲဒီကျောင်းကလေးတွေမှာ ကြည့်ရတာလေ။ အခန်းဖွဲ့မရှိတဲ့ စာသင်ကျောင်းနံရံမှာ အတန်းစဉ်အလိုက် ကျောင်းသားဦးရေကလေးတွေ မြေဖြူနဲ့ရေးထားတယ်။ အတန်းတစ်တန်းကို တစ်ဒါဇင်ထက် ပိုတာ မရှိဘူး။ ကလေးတွေတော့ ဆော့နေတာတွေ့ခဲ့သား။ ထင်းခွေ၊ ရေခပ်၊ ကျေးသားရိုက်၊ ဘောလုံးကန်လို့။ ကော်ပတ်ရုပ်ကလေးလို ဆရာမလှလှလေးကို ကော်ဖီပူပူတစ်ခွက်တိုက်နေတုန်း မျက်တောင်ကော့ကော့နဲ့ဆရာလေးက “ဆရာမ အစည်းအဝေးစတော့မယ်” လို့ နာရီလေးကြည့်ပြီးပြောတဲ့ ကြော်ငြာကလေးကို ဒီကကလေးတွေဖွင့်ပြလိုက်ရင် “နတ်ပြည်မှာလည်း ကျောင်းတက်ရတုန်းပဲလား။” လို့ မေးကြလိမ့်မယ်။ သူတို့ကျောင်းမှာ မုန့်စားတန်းလည်း မရှိဘူး။ ကျောင်းထောင့်မှာ တာလပတ်စကလေးကာထားတဲ့ ဖင်လုံအိမ်သာကလေးတစ်လုံးပဲ ရှိတယ်။ အိမ်သာလေးမှာ ရေခပ်ထည့်စရာ ရေစည်ရေပုံးလည်း မမြင်မိဘူး။ မလှမ်းမကမ်းမှာတော့ ရေတွင်းကလေးရှိတယ်။ စာသင်တဲ့ဆရာလေးတော့ ဘယ်မှာနေလေတယ် မသိ။ ဒါပေမယ့် သူလည်း မျက်နှာငယ်ရမယ်တော့ မထင်ပါဘူး။ တရွာလုံး ပြေးရေလို့မှ အစိုးရ၀န်ထမ်းဆိုရင် သူနဲ့ သားဖွားဆရာမနဲ့ နှစ်ယောက်ပဲ ရှိမှာ။
           သွားပါများ ခရီးရောက်ရုံတင် မဟုတ်ပါဘူး။ ခဏခဏ ထွက်ပါများလာတော့လည်း အရင်တုန်းက ငြိမ်ငြိမ်နေပါ နတ်သမီးရယ် မှာ ရေးခဲ့သလိုမျိုး မနိုင်ရင်ကာကြီးတွေနဲ့ တွေ့လာရင်တောင် ရယ်ကာမောကာနဲ့ သဗ္ဗေသတ္တာ ကမ္မသကာ စိတ်ထားတတ်လာပါတယ်။ သူရောကိုယ်ရော အကျိုးများတာကတော့ ဆေးရုံကို သူတို့ဘာသူတို့ မလာနိုင်တဲ့ သက်ကြီးရွယ်အို ရွာသူရွာသားများပါပဲ။ ကိုယ်တောင် သည်းထိတ်ရင်ဖိုလာရတာ သူတို့က သက်စွန့်ဆံဖျားရှိကြမပေါ့။ ဒါပေသိ မြို့အိုမအိုပဲ တောအိုအိုကြတဲ့သူတွေမို့ သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေငန်းတွေ သိပ်မရှိပဲ ခါးကိုင်း နားထိုင်း မျက်စိမှုန်တွေလောက်သာ များပါတယ်။ သူတို့ခမျာ အသက်ကြီး ရှစ်ဆယ် ကိုးဆယ်ရောက်အောင် တောင်ဝှေးဆွဲထောင် ပွဲဖြစ်အောင် မယ်ရင်ကမှာ လုပ်နေကြတုန်း။ ကိုယ့်ဘိုးကိုယ့်ဘွားများ ကုပေးရသလို ကျေနပ်မိပါတယ်။ လေဆေး၊ အားဆေး၊ အကိုက်အခဲဆေးလောက်ပဲ ပေးတာပေမယ့် ဗြဟ္မာ့ပြည်ကအပ် လူ့ပြည်ကအပ် တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာ။ ဖွားအေချင်းကိုယ်ချင်းစာတော့ ကိုယ်ပေးတဲ့အားဆေးလေးတွေ သူမသောက်ပဲ မြေးတွေကိုများ တိုက်ဦးမှာလား အောင့်မေ့မိတယ်။ ခုလို သီတင်းကွတ် တန်ဆောင်မုန်းရာသီဆို လူကြီးရယ်လို့ အဖွားကို လာကန်တော့သမျှ မုန့်တွေဟာ ကိုယ်ချည့်ပဲ စားခဲ့ရတာ သတိရသလေ။ (ဟွန့်။ ဘားပက်လက်လေး ဆယ်လုံးလောက်ပေးပြီး အင်တာနက်ပေါ် သာဓုအခေါ်ခံချင်နေတဲ့သူကလည်း ရှိသေး နော့)။
          တစ်ရွာမှာ လူကုန်ရင် ထမင်းစားသောက် နောက်တစ်ရွာကူး။ သုံးရွာလောက်သွားဖို့ စီစဉ်ထားပေမယ့် နောက်ဆုံးတစ်ရွာက သွားရလာရ အရမ်းခက်ပါတယ် မသွားပါနဲ့တော့ လို့ အားတောင့်အားနာ တောင်းပန်နေတယ်။ ကိုယ်ကလည်း မနက်က ကားမထွက်ခင်ကလေးတင် အင်တာမနက်က ကြားထားတဲ့ သတင်းရှိတော့ အတင်းအကြပ် မလောဆော်တော့ပါဘူး။ ကြားရတဲ့သတင်း ဟုတ်မဟုတ် တိုးတိုးတိတ်တိတ် အတည်ပြုရတာပေါ့။ မနေ့ညက အဲဒီရွာမှာ အင်္ဂုလိမာလ ဇာတ်ထုတ်ကကြသတဲ့လေ။ ကျေးရွာနိုင်ငံရေးဇာတ်စင်မှာ တုတ်ဆွဲဓါးဆွဲဆိုတာ မဆန်းဘူးတဲ့။ “မြတ်စွာဘုရား။ တောကြိုအုံကြားမှာ ဆယ်အိမ်ခေါင်းလေး လုပ်ရဖို့အရေးများ အဲသလောက်တောင်ပဲလား” ဆိုတော့ “ဒီဘက်မှာက သူကြီးလောက်ဆို မော်ကြည့်လို့ရတဲ့အစား မဟုတ်ဘူး။ နဂါးတို့မျက်စောင်းက ရွာပြောင်းပြေးနိုင်ရင် ပြေးစမ်းပဲ။” လို့ ပြောတယ်။ “သူ့အရပ်နဲ့ သူ့ဇာတ်က တယ်လည်း ကြမ်းသကိုး” လို့ တွေးမိပြီး ဆွမ်းခံရင်း ငှက်မသင့်ပဲ ရွာလည်ရင်း ကုန်ကြမ်းက ရလိုက်ပြန်တယ်။ ဟုတ်တယ်။ အုပ်ချုပ်ရေးအာဏာစက်နဲ့ အလှမ်းဝေးတဲ့နေရာများမှာ တရားဥပဒေစိုးမိုးရေးဆိုတာ မောင်သာရ၀တ္ထုနံမယ်နဲ့ ပြောရရင် “ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍မရသကဲ့သို့” ပဲ။
          ဟိုးတလောဆီက ဆေးရုံကို အလောင်းတစ်လောင်း ရောက်တယ်။ ရပ်ထုံးစံ ရွာထုံးစံ အရပ်စကားက အရင် ရနှင့်တယ်။ ညက မူးကြရူးကြလို့ ရိုက်ကြရင်းသေသတဲ့။ အမှုကတော့ ရဲနဲ့ဆိုင်မှာ။ ကိုယ့်အလုပ်က အလောင်းကို ရင်ခွဲစစ်ဆေးပေးဖို့ပါပဲ။ မြင်တာနဲ့လည်း မဆိုင်ဘူး။ ကြားတာနဲ့လည်း မဆိုင်ဘူး။ ရင်ခွဲစစ်ဆေးတွေ့ရှိချက်အပေါ်မှာ ထင်မြင်ချက်ပေးရုံပဲ။ တရားခံလည်း သိစရာမလိုသလို တရားလိုလည်း မေးစရာမလိုဘူး။ ကျွမ်းကျင်သက်သေတစ်ယောက်အနေနဲ့ တွေ့တဲ့အတိုင်း ဆေးမှတ်ချက်ရေးပေးပြီးရင် ပြီးပြီ။ ကျန်တာ ဘာဘာ ဘာမှ မသိဘူး။ ဒါပေမယ့် ဘာဘာ သိတယ်နော်။ ဆေးရုံမှာ လူအရှင်တွေခွဲပေးတာတောင် ပိုက်ဆံမရတဲ့ဘာဘာဆီကို လူနာအသေခွဲပေးတဲ့အတွက် ကန်တော့ချင်တယ် လို့ပြောတယ်။ ဘာဘာ ဆလံပေးပြီး ပြန်လွှတ်လိုက်တယ်နော်။ သိပ်မကြာဘူး အမား။ ထမင်းဆိုင်မှာ ခိုင်းတဲ့ ကန်မကလေး အသစ်ရောက်လာတယ်။ ဆိုင်ရှင်အမက ဆူတယ်နော်။ သူငိုတယ်။ ဆိုင်ရှင်နော် ပြန်ချော့တယ်။ ကန်မကလေးအဖေ တေတွားတာ လျော်ကြေးမရဘူးရှိတယ်နော်။ အသုဘစားရိတ် မရှိဘူးနော်။ ကန်မကလေး ကျွန်ခံရတယ်။ အမှုနော် အရက်မူးပြီး ချော်လဲကျတယ် ဖြစ်ပြီး ပိတ်သွားတယ်။ ရန်ဖြစ်တာ တစ်ရွာလုံး ကြားတယ်နော်။ သက်သေလိုက်ပေးမယ့်သူ မရှိဘူး။ တရားနဲ့ဖြေဖို့ပဲ ရှိတယ်။ ဘာဘာလည်း တရားနဲ့ဖြေလိုက်တယ်။ ဥပဒေနဲ့ ဖြေလို့ မရဘူး။ ဥပဒေဆိုတာ အလကားမရဘူး။
ကဲ ကျားမြီးဆွဲရာကနေ မီးခဲကိုင်တဲ့ဘ၀ရောက်လာပြီ။ တရားဥပဒေစိုးမိုးရေးတဲ့ဗျား။ တို့မေကြီးကို ချစ်လွန်းလို့ အရောက်ပို့ထားတဲ့ သားရဲတွင်းကြီး။ မဘေဒါ ရေခပ်ခိုင်းတဲ့ ဘရသေ့ကမှ နေညိုရင် ကျောင်းပြန်ရောက်စေရဲ့လို့ စေတနာပါဦးမယ်။ တို့မေကြီးကိုတော့ ဗူးလုံးနားမထွင်းကြီးပေးပြီး ရေဗူးအပေါက်ပါတာ မလိုချင်ဘူး။ အထဲရေပါလာတာ မြင်ချင်တယ် လို့ များ ပြောထားသလား မသိ။ အုန်းသီးထဲ ရေထည့်သလို ထည့်ခိုင်းနေပြီ။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်ဆိုတာ ကြားဖူးဘူးလား။ ပြောချင်ပါဘူးကွယ်။ “ဥပဒေဘောင်အတွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ စိတ်ချမ်းသာ” တဲ့။ (နေနိုင်တာဖြင့် မဟုတ်ပဲနဲ့။ အဲသလို ပြောနေတာကိုက ပြောချင်လွန်းလို့ဆိုတာ စာဖတ်တဲ့သူတွေ အကုန်သိပြီးသား)
             မောင်စံဖားကို့ ငယ်ငယ်ကတည်းက ကျေးလက်တောရွာကလေးတွေဆိုတာ တရားဥပဒေလက်တံရဲ့ မလှမ်းမကမ်းလောက်မှာ ရှိနေတယ်။ ရွာမှာ ပိုက်ဆံရှိတဲ့သူက ကိုယ့်အိမ်ကို မအိပ်ရဲဘူး။ ဓါးပြကြောက်လို့ အမျိုးတွေအိမ် ဟိုအိမ်သည်အိမ် လှည့်အိပ်ရတယ်။ ပိုက်ဆံရွှေငွေ ဘယ်နေရာမှာ ဘယ်လိုဝှက်ထားကြတယ် မသိပါဘူး။ ရွာမှာ အလှူရှိတော့မှ အညှိတက်နေတဲ့ ရွှေထည်တွေကို ထုတ်ဝတ်တာ။ ဓါးပြကလည်း လည်ပါတယ်။ အလှူလာကြည့်ထားပြီး အဲဒီညကျမှတိုက်တာ။ သူကြီးဘစီတို့လို နှစ်လုံးပြူးနဲ့ ထိပ်တုံးနဲ့ ရွာကို အုပ်ချုပ်တယ်ဆိုတာ ပုံပြင်မဟုတ်ဘူး။ အဲဒါတောင်မှ ခေတ်ပျက်တဲ့အချိန်ဆို နယ်ပိုင်ဝန်ထောက် မောင်လူအေးတို့ ဓါးပြသတ်လို့ သေတယ် မဟုတ်ဘူးလား။ နွေကျောင်းပိတ်လို့ အညာကိုပြန်ရင် ညောင်လေးပင်နဲ့ ကြို့ပင်ကောက်အနားမှာ ခဏခဏ ဓါးပြတိုက်တတ်တယ် ဆိုလို့ ကားပေါ်ထိုင်လိုက်လာရင်း အဲဒီနားရောက်ပြီဆို လက်မှာဝတ်ထားတဲ့ ရွှေမှုန်မှုန်နဲ့ လက်စွပ်ကလေးကို ဟိုကြားထိုး သည်ကြားထိုးဝှက်ပြီး ဘုရားစာတွေဆိုရတယ်။ (ရာရာသသ သူ့ဟာကဖြင့် တစ်မတ်သားလောက်ရှိတာများ) အောင်မယ် ဓါးပြတွေကလည်း တို့လောက် မလည်ပါဘူးနော်။ ဒီညတိုက်မှာလား မတိုက်ဘူးလား ဗေဒင်မေးစရာမလိုဘူး။ ရွာထိပ်ညောင်ပင်မှာ အရက်နဲ့ ကြက်နဲ့ ဆက်ထားရင် သေချာတယ် ဒီည ဓါးပြတိုက်ကြမလို့။ အဲဒီခေတ်က တရားဥပဒေ မစိုးမိုးဘူးဆိုတာ အုပ်ချုပ်ရေး အာဏာစက်က နေရာအနှံ့ဖြန့်ကျက်မထားနိုင်သေးလို့။ ဥပဒေပြင်ပက ခိုးသားဓါးပြတွေကို မနှိမ်နှင်းနိုင်သေးတာကို ပြောတာပါ။ သူခိုးလောက်တော့ နိုင်နိုင်နင်းနင်း စီရင်နိုင်တယ်။ သူခိုးကြီးတော့ ဓါးပြဆို နည်းနည်းဖြုံလာပြီ။ ဓါးပြကြီးတော့ သူပုန်ဆို ရဲအရေးမပိုင်ချင်တော့ဘူး။ စစ်တပ်ရဲ့အရေးအရာ ဖြစ်သွားပြီ။ မအေးပွင့် မြင့်မြင့်စန်း လမ်း၃၀ တို့၊ ဂျက်မတို့ ဖတ်လိုက်ရရင် သူပုန်တွေကို စစ်တပ်ကတောင် နှိမ်နှင်းနိုင်တယ် မထင်ဘူး။ ဇာတ်မသိမ်းမချင်း ပြောတာပါ။ ဥပဒေလက်တံက တိုသေးတာကိုးဗျ။
          အခုခေတ်မှာတော့ အဲဒီဥပဒေလက်တံကြီးက တော်တော်ရှည်လာပါပြီ။ တောရော မြို့ပါ လွှမ်းခြုံလာတယ်။ သူခိုးဓါးပြတွေဆိုတာ ဥပဒေပြင်ပမှာ သိပ်မရှိတော့ဘူး။ ဒါဆို ဥပဒေဘောင်အတွင်း ရောက်လာတာပေါ့ လို့တော့ ပြောလို့ မရသေးဘူး။ ဥပဒေရဲ့ အရိပ်အာဝါသအောက်ကို ရောက်လာတယ် လို့ ပြောရမယ်။ အဝေးကြီးလွတ်အောင် ပြေးစရာမှ မလိုတာ။ ဟိုဘက်သည်ဘက် လက်တစ်လုံးခြားလေး တိမ်းလိုက်ရင် ငြိမ်းသွားတဲ့ ဟာပဲဟာပဲ။ မျက်စိထဲပေါ်အောင်ပြောရရင်ဗျာ။ အရင်တုန်းက အဲဒီဂရေးဇုန်ဆိုတာ ဥပဒေစက်ဝန်းရဲ့ အပြင်ဘက်နားမှာရံတယ်။ အခု ဥပဒေစက်ဝန်းကိုချဲ့လိုက်တော့ အဲဒီဂရေးဇုန်က ဥပဒေစက်ဝန်းအတွင်းထဲ ရောက်လာတယ်။ အဲဒီသဘောကလေးကို မြင်စေချင်လို့ပြောတာပါ. ဥပဒေဘက်တော်သားတွေကို ပတ်ဆော်ချင် ညှော်ချင်တဲ့ စိတ် မရှိပါဘူး။ တော်တော်ကြာ ရန်သူ ရန်သူဆို ရှေ့ကိုမဲနေတုန်း နောက်ကနေ ၀င်ဆော်သွားတာ ခံရမှာစိုးလို့။
          ၈၈ အရေးအခင်းတုန်းက ရန်ကုန်မှာ တို့အရေးတွေ လုပ်ကြတဲ့အခါ ရွာကလူတွေကလည်း ခေတ်မမီမှာစိုးလို့ ရွာရိုးထွက်အော်ချင်ကြသတဲ့။ အော်သာအော်ချင်တာ ဘာအော်ရမှန်းမသိတော့ မြစ်အနောက်ဘက်ကမ်းကနေ ရေနံချောင်းဘက်လှမ်းပြီး “ဒီနေ့ငါတို့ ဘာအော်ရမှာတုန်းဝေ့” လို့ အော်မေးရတယ်။ မနေ့ကနဲ့အတူတူပဲ။ ဒါမှမဟုတ် ဘာလေးဘာလေး ဖြည့်အော်ဆိုတော့မှ စာရွက်ကလေးနဲ့ချရေးပြီး ရွာရိုးကိုးပေါက် လျှောက်အော်တာ။ မှားမှာစိုးလို့ တို့အရေး သုံးခါပြီးရင် အောင်ရမည် တစ်ခါ လို့ ဇာတ်တိုက်ထားတယ်။ ရန်ကုန်မှာလို သံဆူးကြိုးခွေတွေနဲ့ ဒက် ဒက် ဒက် ဒက် လုပ်မယ့်သူ မရှိဘူးဆိုတော့ ဘေးကင်းရန်ကင်းလို့ မအောင့်မေ့ပါနဲ့။ နေ့တိုင်း အော်ပြီးလျှောက်ပြန်တွေ လေကုန်သံပြာဖြစ်လာရင် တစ်ယောက်တည်း နှစ်ယောက်တည်း လူစုခွဲပြန်လို့ မရဘူး။ ဥက္ကဌက လူမိုက်တွေမွေးထားပြီး ဓါးနဲ့ လိုက်အခုတ်ခိုင်းတယ်။ ဘဒွေးတစ်ယောက်ဆို လက်တောင်ပြတ်သွားတာ။ နိုင်ရင်တော့ လုပ်လိုက်ပေါ့နော်။ အလှည့်ကျလည်း မနွဲ့စတမ်းပဲ။ အိမ်တ၀င်းလုံး မြေလှန်ပြီး မီးပုံရှို့ပစ်တာ။ ပြောချင်တာက ဖိုးမောင်လာပြီ ကဗျာထဲကလို “မောင်းကိုထုပါ လူစုပါဟေ့ ရွာကိုဘေးမှ ကာကွယ်ကြလော့ ဓါးပြငါ့အား ၀ိုင်း၍ထား” ဆိုတာမျိုး ရွာပြင်က ၀င်လာမယ့် ရန်သူ မဟုတ်ပဲ ရွာထဲမှာတင် ရန်သူရှိနေတာ လို့ ပြောတာ။ ငယ်ငယ်က သူခိုးပုလိပ်ကစားတဲ့အခါ သူ့လူကိုယ့်လူ လူစုခွဲထားပြီးမှ တကယ်လည်းကစားရော ကိုယ့်ဘက်က သူခိုးတွေ တစ်ကောင်မှ မကျန်တော့ဘူး။ အကုန် ရဲထဲရောက်နေတယ်။ ကလေးဘ၀ကတည်းက သူခိုးလုပ်ကစားနေရင် ကြီးလာတော့လည်း သူခိုးဖြစ်မှာစိုးလို့ ဖြစ်ခြင်းဖြစ် ရဲပဲဖြစ်ချင်ကြတာကိုး။ ဒီလိုတော့လည်း ဘယ်ဖြစ်ဦးမှာလဲ။ လုပ်ငန်းလိုအပ်ချက်အရ ပုလိပ်တွေထဲက အလှည့်ကျ သူခိုးထွက်ထွက်လုပ်မှ ဆက်ကစားလို့ရမှာပေါ့။ (စာရေးတာကိုက အနှောင့်မလွတ် အသွားမလွတ် စခန်းခေါ် ပုံစံပေးချင်စရာ) ကဲပါလေ။ ဝေ့လည်ကြောင်ပတ်တွေ ပြောမနေတော့ပါဘူး။ တရားဥပဒေစိုးမိုးရေးကို တကယ်ဖော်ဆောင်ချင်ရင် တရားရေးဝန်ထမ်းနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေက အကျင့်ပြက်ခြစားလို့ မရဘူး။ အဲဒါ လိုရင်းပဲ။ တည့်တည့်ကြီး မှန်တယ် မဟုတ်လား။
          ကိုယ့်ဆီက တရားရေးဝန်ထမ်းတွေ အကျင့်မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အကျင့်မကောင်းလို့ မဖြစ်ဘူးလို့ ပြောချင်တာပါ။ တရားစောင့်တဲ့သူမှာမှ တရားမရှိရင် ဘယ်မှာ သွားရှာရမတုန်း။ “အစွယ်လိုသူက မိဖုရား၊ အသွားခိုင်းသူကရှင်ဘုရင်၊ ဤသုံးဦးအလယ်တွင် ကံကွက်ကျား၍ ငမိုက်သားသောနုတ္ထိုရ် နင့်ချည့်းသာသေပေရော့” လို့  ပြောတာတော့ ဘယ်တရားမလဲနော့။ သို့သော်လည်း မီးခိုးကြွက်လျှောက် အလိုက်မတော်ရင် ဘာတွေဖြစ်တတ်သလဲဆိုတာ ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့သူတွေ အသိဆုံးပဲ။ ကုန်းဘောင်ခေတ်မှာကတည်းက ဒါမျိုးတွေ ရှိပြီးသား။ နန်းတော်ထဲက မျက်နှာကြီးအိမ် ဓါးပြမှုမှာ မင်းတုန်း၊ ကနောင် အိမ်က လူပျိုတော်သားတွေ ပါတယ် ဆိုလို့ ငယ်တဲ့အမှုတွေ ကြီးလာလိုက်တာ တကယ်ပါမပါတော့ နတ်သိကြားမှ သိတော်မူမယ်။ မင်းဆက်ကတော့ ပြောင်းသွားခဲ့တာ အမှန်။ (ဒါကြောင့်လည်း ပညာရှိပီပီ တချို့အမှုတွေ ပြည်ဖုံးကားချချပလိုက်တယ် ထင်ပါ့) ဥပဒေ၀န်ထမ်းတွေ တရားနဲ့အညီ စီမံနိုင်ဖို့ ဥပဒေရဲ့အထက်က ၀င်ရောက်စွက်ဘက်မှုတွေလည်း ကင်းရလိမ့်မယ် ထင်ပါတယ်။ တရားသူကြီးက အမှုမစစ်ရသေးဘူး။ ဘယ်ပြစ်ဒဏ်ထက် မနည်းစေနဲ့တို့၊ ဒဏ်ငွေလောက်ဆိုတော်ရောပေါ့တို့ နဲ့ လိုချင်တဲ့ အဖြေထုတ်ပြီး တွက်ခိုင်းတာမျိုးကို တရားစွဲလို့ရတဲ့ ဥပဒေကြမ်းတင်ကြည့်ရင် မကောင်းဘူးလား။ ပေါင်ချိန်ကားထဲက ပ၀မ်ရယ် အခန်းတွေကို ကိုယ်တိုင်ထွက်ထွက်ရိုက်တဲ့သူတောင် ရှိသေး။ “ညီးဖေကြီးကို အားနာလို့ ငါလျှော့ပေးလိုက်တယ် အကျယ်ချုပ်” ဆိုတာမျိုးလေ။ မနေ့ကအထိ (ဒီနေ့လည်းပါတယ်။ မပြောရဲလို့) လုပ်ချင်တိုင်းလုပ်လာခဲ့တဲ့ အရှုပ်ထုပ်ကြီးကို လူ့ရှေ့သူ့ရှေ့ တံမျက်စည်းအစုတ်တစ်ချောင်းပေးပြိး “ကုန်အောင် ရှင်းပလိုက်” လို့ ခိုင်းတာပေါ့လေ။
          တို့မေကြီးကို မြွေဖမ်းခိုင်းထားမှန်း ခုမှပဲ သိတော့တယ်။ မြွေတောင်မှ ဂိစ္ဆဂုတ်တောင်က တီထွေးကြီးလို ဘယ်အစမှ ဆွဲထုတ်လို့မရတဲ့ သပွတ်အူကြီး။ ရခိုင်ဘက်ကပ်ရင် ကုလားကအော်မယ်။ ကုလားဘက် ပင်းရင် ရခိုင်ကညှော်မယ်။ အလယ်က ကြားနေရင် လူ့အခွင့်အရေးနဲ့ ကိုင်တုတ်မယ်။ တိတ်တိတ်နေတော့ မလှုပ်စိတ်တူ ကြည်ဖြူသမှုနဲ့ ညိပြန်တယ်။ လက်ပံတောင်းတောင်မှာ လက်ချည့်ပဲတောင်းပန်ဖို့ လွှတ်လိုက်တယ်။ တကယ်တာဝန်ရှိတဲ့သူတွေကတော့ အချိုသပ်ကလေးပြောပြိး လက်ရှောင်နေတာ။ မြွေသေသေ တုတ်ကျိုးကျိုး ကိုယ်တရားခံ။ စီမံကိန်းပျက်ရင် တရုတ်နဲ့ကွိုင်မယ်။ စီမံကိန်းဆက်လုပ်ရင် ပြည်သူနဲ့ ထိပ်တိုက်တွေ့မယ်။ ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး ဇာတ်လမ်းကလေးခင်းလို့ “လိမ်မာတယ်သားတို့ အိမ်ပြန်ကြ” လုပ်တယ်ဆိုတာ တို့တက္ကသိုလ်က မော်ကွန်းထိန်းတွေ၊ ပါချုပ်တွေက ရိုး ဟိုး ဟိုး နေပြီ။  စာချုပ်ချုပ်ပြီး အိပ်ထဲထည့်သွားတဲ့သူတွေကတော့ ဒါလမေးရှင်းကားထဲက ဆံပင်တခြမ်းဖြူ အဖွားကြီးလို ဟီလာတိုက်နေအောင် ရယ်နေမှာ။  အရာရာမှာ ဒမွန်စထရေးရှင်းနဲ့ မရဘူးဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် နဂိုရှေးရှင်း လုပ်တဲ့အဆင့်ကိုရောက်ဖို့ဆိုတာ ကိုယ့်ဘက်ကို မီးသေသလို သူ့ဘက်ကလည်း ယုံကြည်တဲ့ ခေါင်းဆောင်လိုတယ်လေ။ အဖက်မတန်သလို ဆက်ဆံနေတဲ့သူတွေဆီက အရေးအရာကလေး အလုပ်ခံရဖို့တောင် သူတို့ခမျာ ဘယ်နှစ်လရှိနေပြီလဲ။ ထိပ်ကသာထွက် ခေါင်းမဆောင်ရဲတာ။ နောက်ကွယ်ကနေ မီးတိုက်ပေးတဲ့သူတော့ ပေါမှပေါ။ သရဲကားရိုက်ပြကတည်းက ဒီလက်ရာ တောလက်ရာ မဟုတ်မှန်း သဘောပေါက်တယ်။ နောင်ကျရင်တော့ ဒီကိစ္စတွေဟာ သမိုင်းထဲမှာ မဟောသထာသုခမိန်ကို သိန်း၊ ဒေ၀ိန်း၊ ကာမိန်း၊ ပဂုတ် တို့ ပညာစမ်းတဲ့အကွက်တွေလို ဖတ်ရလိမ့်မယ် ထင်တယ်။ အခုလောလောဆယ်တော့ အသည်းတယားတယား ရင်တမမနဲ့ “တကယ့်အဖြစ်အပျက်ပဲ ဘယ်တော့ပြီးမလဲ။ မင်းသမီးနဲ့များ ကွဲဦးမှာလား။” ဆို ထိုင်ကြည့်နေရတယ်။ အလှည့်ကျ နွဲ့လို့မရဘူးတဲ့ ကျောင်းအမရေ။ ဒီအရည်တွေ ကြိုမြင်လို့ အေးအေးဆေးဆေး နားစေချင်တာ။ အခုတော့ ဆွဲထားတဲ့ ကျားမြီး လွှတ်လို့ မဖြစ်တော့ဘူး။ ဆက်သာကပေတော့ဗျား။ ယုံကြည်ပါတယ်။ အားကိုးပါတယ်။ ကိုယ်ကဥာဏ်မမီလို့ အနားမကပ်နိုင်ပေမယ့် ဖြစ်ပုံပျက်ပုံ ကင်ပွန်းခြုံကို နောင်လာနောက်သားများ သိမှတ်ဖွယ်ရာ စာစီလို့ထားခဲ့မယ်။ မဲ့ကာရွဲ့ကာ ဖတ်ရှုဆဲဆို ငြင်းခုံရစ်ကြစေကုန်သတည်း။

ရာဘာပြားတွေ နေလှမ်းထားတာတဲ့။

ရွာလယ်က မူလွန်ကျောင်း

ဝင်းမှည့်နေတဲ့ စပါးခင်းအလယ် စပါးခင်းအလယ်...

အိမ်ခြေကတော့ ၂၀၀ကျော်သဗျ။

No comments: