Thursday, November 29, 2012

“စီမံဂိမ်း နှင့် စာရင်းအင်”


by Soe Min on Thursday, November 29, 2012 at 10:41am ·
          ဆုတ်လည်းစူး စားလည်းရူးဆိုတာ ကိုယ်တို့ မြန်မာတွေက ပဒိုင်းသီးကို ပြောတာပါ။ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းတုတ် လို့လည်း ပြောကြတယ်။ အမှားတစ်ခုကို တော်တော် နောက်ကျပြီးမှ သိလိုက်ရလို့ မရှူနိုင်မကယ်နိုင်ဖြစ်တဲ့အခါ အဲဒီစကားကို သုံးတယ်။ အဖြေရှာမရပဲ လမ်းပျောက်နေတဲ့ ငိုညည်းခြင်းတစ်မျိုးပဲ။ လောလောဆယ်မှာတော့ ကိုယ်တို့တွေအားလုံး ပဒိုင်းဆိပ်တက်နေပြီထင်တာပဲ။ အိမ်မှာနေရင်း ၀မ်းပျက်ဝမ်းလျှောဖြစ်ရင်တောင် မနေ့က ငါဘာများ အစားမှားပါလိမ့်လို့ ပြန်ပြန်တွေးကြတဲ့ မြန်မာတွေဟာ အဲဒီပဒိုင်းသီးတွေကို ငါတို့ဘယ်အချိန်ကတည်းက စားမိနေပါလိမ့်လို့ တွေးကြည့်ဖို့ မကောင်းပါလား။ ဒီအသီးစားလို့ ဒီလိုဖြစ်မှန်းသိရင် နောင်ကို သူများက အတင်းလာကျွေးရင်ကော အလွယ်တကူ စားဦးမှာလား။ မျောက်တစ်ကောင်ကို ထမင်းတစ်လုပ် တုတ်တစ်ချက် ရိုက်ရိုက်ပြီး ကျွေးကြည့်စမ်းပါလေ။ နောင်ကျတော့ ထမင်းလုပ်မြင်ရုံနဲ့ ထွက်ပြေးတတ်လာလိမ့်မယ်။ လူသန်းပေါင်းများစွာကို ပဒိုင်းသီးတွေ အတင်းကျွေးနေတာကိုတော့ ဘာဖြစ်လို့များ ငြင်းဆန်ရကောင်းမှန်း မသိကြသလဲ။ အပေါ်က သကာအုပ်ထားလည်း ပဒိုင်းသီးမှန်ရင် ဖန်တွတွနဲ့ ကန်ကြွကြွဖြစ်လာစမြဲပဲ။ ခုတော့ တစ်နိုင်ငံလုံး ပဒိုင်းသီးဖီလင်တက်လို့ အရူးချေးပန်းဖြစ်ကုန်ပါပေါ့ဗျာ။ ဘာတွေကို စောင်းမြောင်းပြောဆို နေတာတုန်း ဆိုရင်တော့ အကုန်လုံးပါပဲ။ အဲဒီအထဲမှာမှ လတ်တလော အထင်ရှားဆုံးကိစ္စက ကြေးနီတောင်ပါတယ်။ ဘာတွေအဆိပ်တက်လို့ အခုလိုဖြစ်ရသလဲဆိုတော့ အစကတည်းက စာရင်းဇယား၊ ကိန်းဂဏန်း၊ အချက်အလက်၊ အလားအလာ၊ အကျိုးအပြစ် သေသေချာချာ တွက်ဆမထားပဲ “လာစေပါစေ အာရကေ” လောက်ပဲ မြင်ပြီး နှစ်နိုင်ငံသဘောတူစာချုပ်ကို ကလေးကစားစရာလိုသဘောထားလျက် “ဘယ်သူမှမသိစေနဲ့။ ရောင်းသူဝယ်သူအသံတူ ပြီးစတမ်း” လို့  လက်ညှိုးထိုးရောင်းစားသွားတဲ့ အတွက်ပါပဲ။
          ဟိုးအရင်တစ်ခါ “ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှု” (Sustainable development) မှာ အရူးငရွှေကြီးနဲ့ ဥပမာပေးခဲ့တုန်းက ပရောဂျက်မျိုးဟာ သူအကျိုးမရှိ ကိုယ်အကျိုးမရှိနဲ့ တရုတ်အသုဘမှာ မီးရှို့တဲ့ အိမ်တွေကားတွေလို တီဗီတစ်ခါရိုက်စာ လုပ်လုပ်သွားလို့ သုံးမရတဲ့ပစ္စည်းတွေ အဖတ်တင်ပုံကို ပြောတာပါ။ စစ်စေးရာတွေ ပွနေတာပဲလို့ ပြောခဲ့တယ်။ အခုကိစ္စကတော့ အရှုပ်ထုတ်ကြီး အဖတ်တင်တာထက်ဆိုးပါတယ်။ အစိုးရနဲ့ ပြည်သူထိပ်တိုက်တွေ့ကြပြီး အင်အားသုံး ဖြိုခွင်းယူရတဲ့ အခြေအနေ ရောက်လာတယ်။ မပြီးသေးဘူး အဲဒါ။ ရှေ့လျှောက် နောက်ထပ် သည့်ထက်ဆိုးမယ့်ဟာတွေ လာဖို့မြင်နေတယ်။ ဒီအချိန်ကျမှတော့ လာပြီး အပြစ်မပြောနဲ့လေ။ အဖြေရှာပါလား အဖြေရှာပါလား။ ရှာပါပြီကောလေ။ အဲဒီအဖြေက ပြဿနာရဲ့ အရင်းအမြစ်ကိုသိမှ ဖြစ်မှာမို့လို့ ဇာတ်ကြောင်းလှန်ရတာပါ။ ဒီဇာတ်လမ်းက ဒင်္ဂါးပြားရဲ့ တခြားမျက်နှာကို လှန်ကြည့်လိုက်ရုံနဲ့ အဖြေမထွက်ဘူး။ သူ့ဘက်နဲ့သူမှန်နေသားပဲ မျှမျှတတ ကြားချလိုက်ရအောင်ဆိုလို့လည်း ကိစ္စမပြတ်ဘူး။ နှစ်ဘက်စလုံးက ပြဿနာရဲ့ဇစ်မြစ်ကို ပြုပြင်ယူမှ ဖြစ်ပါလိမ့်မယ်။ လူကြီးတွေက ဘယ်လိုဖြေရှင်းလိုက်သလဲဆိုတာကိုလည်း ဘောလုံးပွဲများ Live show ကြည့်ရသလို လက်ငင်းရော ရေရှည်ပါ အကျိုးအပြစ်တွေ ဆက်ဝေဖန်သုံးသပ်လို့လည်း ရသေးတယ်ဗျ။
          တရုတ်ပြည်က တီယန်နန်မင်စကွဲယားကိစ္စ ရေးတုန်းက စာဖတ်သူတစ်ယောက်က “တကယ်လို့များ အဲဒီအချိန်မှာ တရုတ်အစိုးရက အင်အားသုံးပြီး မဖြိုခွင်းခဲ့ဖူးဆိုရင် ဘာတွေ ဖြစ်လာမယ် လို့ ထင်ပါသလဲ။” တဲ့။ ကျွန်တော့်အထင် ကွန်မြူနစ်ပါတီကြီးကတော့ ပြိုကွဲသွားလိမ့်မယ် မထင်ပါဘူးဗျ။ မသကာ ထိပ်တန်းခေါင်းဆောင် တစ်ယောက်နှစ်ယောက်လောက် အထွက်ပြလိုက်ပြီး နောက်ကွယ်က ဆက်ကြိုးကိုင်မှာပေါ့။ အဝေးကြီး သွားကြည့်စရာမလိုပေါင်။ မြန်မာပြည်မှာ ဦးနေ၀င်းကြီး အဲလိုပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား။ တော်လှန်ရေးကြီးက ပန်းတိုင်အရောက် အောင်မြင်သွားတယ်ဆိုရင်တောင် ပညာတတ်အလွှာက အုပ်ချုပ်ရေးပိုင်းမှာ အရေးပါတဲ့နေရာတွေ ရလာရုံလောက်ပဲ ရှိမယ်။ ဒီအခါမှာ အလယ်အလတ်တန်းစား ပညာတတ်ဆိုတဲ့သူတွေကလည်း လုပ်ပိုင်ခွင့် အာဏာ သူတို့လက်ထဲရောက်လာတဲ့အခါ ပညာတတ် ပြည်သူ့ကိုယ်စားလှယ် ဖြစ်ဖို့ထက် ပညာတတ်အာဏာရှင် ဖြစ်ဖို့ပဲ များတယ်။ ပညာမတတ်တဲ့သူအာဏာရှင်ဖြစ်တုန်းက ပညာတတ်တွေ အကြောမသိလို့ ထိထိမိမိ မနှိပ်ကွပ်နိုင်ရာကနေ ပညာတတ်အာဏာရှင်ဖြစ်လာတော့ ပညာတတ်တွေရဲ့ ပျော့ကွက်ဟာကွက်တွေကို ကျကျနန ချက်ကောင်းထိအောင် နှိပ်ကွပ်နိုင်စွမ်းတိုးတက်လာတာ ကိုယ်တွေ့ခံစားဖူးတော့ သိလိမ့်မယ်။ ဘာဖြစ်လို့ဆိုတော့ နဂိုတုန်းက ဘယ်အလွှာကပဲ တက်လာတက်လာ၊ အစိုးရအဖွဲ့ထဲရောက်သွားပြီဆိုရင် အဲဒီအဖွဲ့ကြီး မပြိုကွဲသွားအောင် ဖြစ်တဲ့နည်းနဲ့ သူကာကွယ်ရတော့မှာပဲ။ ဒါကြောင့် ဒီအစိုးရဟာလည်း “ကြေးနီတောင်ကိစ္စ အခုလို အင်အားသုံးပြီး မဖြိုခွဲရင် ရှေ့ဆက် ဘာတွေ ဖြစ်လာမလဲ သိလား။” လို့ မေးမှာ မလွဲဘူး။
မပြောလည်း လူတိုင်းသိနေတဲ့အချက်ကတော့ တရုတ်နဲ့ မျက်နှာပျက်ရမှာပေါ့။ (တရုတ်လူမျိုးတွေအတွက် မျက်နှာဆိုတာ ဘယ်လောက်အရေးကြီးသလဲ ဟုန်မင်ယန်ထမင်းပွဲ ရေးတုန်းက ပြောခဲ့ဖူးတယ်) ပျက်ပစေလေ။ ဘာအရေးလဲ။ သူက တသက်လုံး ဂုတ်သွေးစုပ်လာခဲ့တာ လို့ သဘောထားနိုင်တယ်ပဲ ထားပါ။ “လူကြီးတွေ လက်နဲ့ရေးသမျှ သည်လိုပဲ အမြဲခြေနဲ့ဖျက်နေတော့မှာလား။” လို့ မေးလာရင် အဖြေရှိပြီလား။ လက်ပံတောင်းတောင်ဆိုတာ ရေခဲတုံးကြီးရဲ့ ရေပေါ်ထွက်နေတဲ့ ထိပ်စကလေးပဲ ရှိသေးတယ်။ (ဒေသခံတွေ မခံစားနိုင်မှန်း သိပါတယ်။ တခြားဟာတွေလည်း အများကြီး လို့ ပြောချင်တာ) ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး ဆန္ဒဖော်ထုတ်နေရင် ထမင်းတောင် ကောင်းကောင်းစားရမှာ မဟုတ်ဘူး။ ကျောက်ဖြူ-ကူမင်း ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ရထားလမ်းကိစ္စရှိတယ်။ ကုလားတန်မြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေးရှိတယ်။ နိုင်ငံတကာက ရင်းနှီးမြှုတ်နှံလိုသူတွေ တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ မင်းသားမလုပ်ရတိုင်း ပတ်မကြီးထိုးဖောက်နေသူတွေနဲ့ ဘယ်လိုခရီးဆက်ရမလဲ လို့ မေးလာရင်ကော။ (အို ဘာမှ လာမေးမနေနဲ့။ ရပ်ဆို ခုရပ်။ ဒါပဲ ဒါပဲ လို့ ပြောလို့ရတဲ့ အစိုးရလည်း ဟုတ်ပဲနဲ့) နှစ်ဘက်စလုံးက ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် မှန်တယ်ထင်လို့ ထိပ်တိုက်တွေ့ကြတဲ့အခါ ကိုယ့်ဘက်က မှန်တယ်လို့ သက်သေပြဖို့အတွက် ဆန့်ကျင်ဘက်အရပ်မှာ အမှားကို ဒေါက်ထောက်ရှာဖွေရုံတင် မဟုတ်ဘူး။ ကလိန်စေ့ငြမ်းဆင်ပါ လုပ်လာကြတာ ဓမ္မတာပါ။ “ဒါ ဦးပိုင်က ရောင်းစားသွားတာလေ။ မယုံ စာရင်းစစ်ဝင်ကြည့်ပါလား။” (၀င်ပေါ့။ စာရင်းစစ်ခွံ့ရတာ ဘယ်လောက်ကုန်တာမှတ်လို့) “အဲဒါ မြေပေါ်မြေအောက် အဖျက်သမားတွေရဲ့ သွေးထိုးလှုံဆော်မှုလေ။ သင့်တော်တဲ့အချိန်ကျရင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြည်သူများကို အမှန်တရားဖော်ထုတ်ပေးသွားမည် ဖြစ်ကြောင်း။ (ပြောပေါင်းများလို့ ရိုးနေပါပြီ)။ တဘက်နဲ့တဘက် ချစ်သောမျက်စိနဲ့ မရှုနိုင်တဲ့အခါ အမုန်းတွေ တိုးပွားလာမှာလည်း ဧကန်ပဲ။
            ဒီကိစ္စမျိုးဆိုတာ ကိုယ့်နိုင်ငံမှာချည့်ပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ အာရှမှာ အကြီးဆုံး ဒီမိုကရက်တစ်နိုင်ငံဆိုတဲ့ အိန္ဒိယမှာလည်း ရွှေကျောင်းတော်ကြီးကိစ္စတုန်းက အင်အားသုံးဖြိုခွင်းခဲ့ရတယ်။ ထိုင်းမှာ ရှပ်နီတွေတုန်းကလည်း မီးဟုန်းဟုန်းတောက်ခဲ့တာပဲလေ။ ရောဂါပျောက်ဖို့အတွက် ဆေးခါးကြီးလည်း မလွှဲမရှောင်သာ သောက်ရတဲ့အခါ ရှိမပေါ့။ ဘယ်သူကမှ နိုင်ငံရေးမှာ လူမုန်းမများချင်ဘူး။ တိုင်းပြည်အတွက်မို့သာ ကိုယ့်မဲတွေ လျော့ချင်လျော့သွားပါစေ။ အနစ်နာခံပြီး လုပ်ကြရတာ။ မိဘဆိုတာ သားသမီးကို ပြောလို့ဆိုလို့မရရင် ခပ်ဆတ်ဆတ်ကလေး ကြောက်ရုံလန့်ရုံ ရိုက်တန်လည်း ရိုက်ပေးရတယ်။ စသည် စသည်ဖြင့် ဆင်ခြေဆင်လက်တွေ ပေးခဲ့တာလည်း မကြားဖူးတာ တစ်ခုမှ မကျန်တော့သလောက်ပါပဲ။ ရှေးက သက္ကရာဇ်ဖြိုတဲ့အခါ တိုင်းပြည်ကောင်းဖို့အတွက် မလွှဲမရှောင်သာလို့သာ ဖြိုကြရပြီး သက္ကရာဇ်ဖြိုသူ ပြည့်ရှင်မင်းကတော့ နတ်ရွာစံရမြဲ ဓမ္မတာ ရှိသတဲ့။ အခုအဖြစ်လည်း သိပ်တော့ မထူးပါဘူး။ ပြည်သူကို အင်အားနဲ့ အနိုင်ယူလိုက်တဲ့ အုပ်ချုပ်သူမှန်သမျှ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သိပ်တော့ မကြာကြဘူး။ ပြစရာအထောက်အထားတွေ များလွန်းလို့ ဘယ်သူ့ ဥပမာပေးရမှန်းတောင် မသိ။ ၈၈တုန်းက ထိပ်သီးခေါင်းဆောင်တွေဆို အခုတစ်ယောက်မှ မရှိတော့ဘူး တွေ့လား။ သူတို့ဟာသူတို့ အစိမ်းကြွေကြွေ အမှည့်ကြွေကြွေ၊ ပြည်သူတွေရင်ထဲက အတွင်းကြေကတော့ သေရာပါရုံတင် မဟုတ်ဘူး။ သမိုင်းကိုတွင်ရော။ စက်တင်ဘာကိစ္စသာမဖြစ်ခဲ့ရင် အရင်ဘိုးတော်ကြီး အဲလောက်လွယ်လွယ်ကူကူ လွှဲပေးချင်စိတ် ပေါက်လာမှာကို မဟုတ်ဘူး။ အခုလည်း ထပ်လုပ်ပြန်ပြီ။ အဲဒါ လမ်းဟောင်းကြီးဗျ။ နောက်ပြန်မလှည့်ပဲ နဂိုနေရာ ပြန်ရောက်သွားမှာ။ အခုဖြစ်ရပ်မှာ သပိတ်စခန်းဖွင့်ထားတဲ့ ရဟန်းရှင်လူတွေကို လူစုခွဲနိုင်လိုက်ပြီပဲ ထားပါလေ။ အဲဒီမှာ ဆန္ဒပြဒုက္ခခံနေကြရတဲ့ အကြောင်းရင်းကို ပြေလည်အောင် မဖြေရှင်းပဲ ထားရင် အဲဒီမီးက အိမ်ပေါက်စေ့ ဆက်လောင်ဦးမှာပဲ။ တစ်ယောက်သောသူက ချွေးသိပ်ဖို့သွားတာ ရောက်တောင် မရောက်သေးဘူး။ တခြားတစ်ယောက်က ရှင်းထုတ်ပလိုက်တာကြည့်ရင် အချင်းချင်း ချိတ်ဆက်မိအောင် တိုင်ပင်ပြီးလုပ်တာ မဟုတ်ပဲ ဘေးချော်ကန်ပလိုက်သလို မစည်းလုံးမှန်း သိပ်သိသာသွားတယ်။ တစ်လှေတည်းစီးနေမှန်း မေ့နေသလား မသိပါဘူး။
           သူတို့မွေးတဲ့ သားမြေးအရွယ်ပဲရှိတဲ့ မလောက်လေး မလောက်စား အလကားကောင်တစ်ကောင် အနေနဲ့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရရုံပဲရှိတယ်။ ဒါပေမယ့် စာရေးတိုင်းရေးတိုင်း သူများအပြစ်ပြောဖို့ထက် အဖြေတစ်ခုခုတွေ့လာအောင် တွေးကြည့်မိချင်တဲ့စိတ်ကြောင့် ဒီဖြစ်ရပ်မှာ ဘယ်လို အကောင်းဆုံး အဆုံးသတ်မလဲ လို့ စဉ်းစားကြည့်မိပါတယ်။ အကြံပေးရလောက်အောင်တော့ ဘာကောင်မှ မဟုတ်ပါဘူး။ စီမံကိန်းကိုရပ်ပေးပါ့မယ် လို့ အာမခံဖို့ကတော့ သမ္မတကြီးကိုယ်တိုင် သွားပြီး ချွေးသိပ်တောင် ယုံကြည်နိုင်ဖို့ ခပ်ခက်ခက်ဗျ။ မြစ်ဆုံတုန်းက သူကရပ်မယ်ပြောလိုက်၊ နောက်ကလူတွေက ရပ်ရဲရပ်ကြည့် သိမယ် ဖြစ်ကုန်လိုက်နဲ့ အရှက်ကွဲရမလိုဖြစ်ပြီးပြီ။ လွှတ်တော်နာယကကြီးက လခတိုးပေးမယ် အဆိုတင်သွင်းတာလည်း အဖျားရှူးပြီး နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး ဖြစ်သွားပြီ။ ဒေါ်စုဆီက “ပြည်သူသဘောမတူရင် ရပ်ပေးရမှာပေါ့” လို့ တစ်ခွန်းထွက်ကြည့် လွှတ်တော်မှာ သူက ဘာပါဝါရှိလို့လဲဆို ၀က်ဝက်ကွဲ ၀ုန်းကြမှာ။ မဲခွဲပြီး ဆုံးဖြတ်မှကို ရမှာ လို့ ထင်တာပဲ။
            ဒီနေရာမှာ အရေးပါလာတာက “မဲခွဲကြည့်လေ။ ကျွန်တော်တို့ပါတီအင်အားက အများကြီးပဲ။ လိုအပ်ရင် ၂၅% က အော်တိုမက်တစ်ထပ်ဆောင်းပြီးသား။” လို့ မရှက်မကြောက် မီဒီယာမှာတောင် ဖွင့်ပြောတဲ့သူက ပြောပြီးပြီ။ တကယ်တော့ သူဟာ သူများထွက်ခိုင်းလို့သာ ထွက်လာတာ သူ့ကိုယ်သူ ဘာကောင်မှန်းမသိသေးတာကို ပြတာပဲ။ သူရလာတဲ့မဲတွေဟာ အမှန်တကယ် လူထုထောက်ခံမှုနဲ့ ရလာမှသာ လူထုဆန္ဒကို ကိုယ်စားပြုရာရောက်လိမ့်မယ်ဗျ။ အဲလိုမဟုတ်ရင် သူဟာ အာဏာလက်ရှိတော့ ဖြစ်ကောင်းဖြစ်မယ်။ ပြည်သူကို ကိုယ်စားပြုတယ် လို့တော့ မပြောနိုင်ဘူး။ ဒါတောင် သူ့စိတ်က ပြည်သူအတွက် ဆိုတဲ့စိတ်ကရှိဦးမှ။ (ဒါကတော့ မြေကြီး လက်နဲ့ပုတ်လို့ လွဲချင်လွဲဦးမကွယ်) အခုကိစ္စမှာ ပြည်သူဘက်က စိတ်ချယုံကြည်တဲ့ ပြည်သူ့ဘက်က ရပ်တည်ပေးမယ့်သူတစ်ယောက်လိုတယ်။ ဒါပေမယ့် သူ့ချည့် မဖြစ်ဘူး။ အစိုးရဘက်က တနည်းပြောရရင် အာဏာပိုင် အဖွဲ့အစည်းတွေဘက်က ဥပဒေနဲ့အညီ တိုင်ပင်ညှိနှိုင်းဆောင်ရွက်ဖို့ မီးသေတဲ့သူတစ်ယောက်လည်း လိုသေးတယ်။  အဲဒီနှစ်ယောက် မတိုင်ပင်ပဲ ဖြစ်မယ် မထင်ဘူး။ (ဒီဘက်ကတစ်ယောက်က ပြည်သူအပေါ်မီးသေသလို ဟိုဘက်ကတစ်ယောက်ကရော သူ့လူတွေအပေါ်မီးသေပါ့မလား) အဲလိုဖြစ်ဖို့ လက်တစ်ကမ်းရောက်မှ ပုတ်ချလိုက်သလို မြင်လိုက်ရတော့ တော်တော်စိတ်မကောင်းဘူး။
           သူတို့နှစ်ယောက်ဆုံတော့ ဘာလုပ်ရမှာလဲ။ ဗိုလ် ကျား သေနတ် ကိုယ်ကြိုက်တာကိုယ်လုပ်တော့ မဟုတ်ဘူးဗျ။ ဒီပြဿနာကို အစဆွဲထုတ်ရဦးမှာ။ အလားတူ ပြဿနာတွေကလည်း ရှိသေးတယ်လေ။ အခုကိစ္စက Planning failure လို့ ပြောရမယ်ထင်တယ်။ Project ရဲ့အစဟာ Plan မဟုတ်ဘူးလား။ အဲဒီစီမံကိန်းကြီးတွေ ရေးဆွဲနေတုန်းက ဒေသခံ ပြည်သူလူထုအကြောင်းကို လုံးဝထည့်မတွက်ထားဘူး ထင်တယ်နော်။ တစ်ကျပ်ရင်းမယ်။ နှစ်ရာမြတ်မယ်။ နင်တစ်ဆယ်၊ ငါတစ်ဆယ်၊ ကျန်တာငါ့အိပ်ထဲဆိုတာလောက်ပဲ တွေးပုံပေါ်တယ်။ နိုင်ငံခြားပြန်ပညာတတ်ကြီးတွေ ရေးဆွဲထားတဲ့ မာစတာပလန်ဆိုတာ ကလေးးကစားစရာတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျွမ်းကျင်လွန်းလို့ ဟိုဘက်တောင် လွန်နေသေးတာ။ ဒါပေသိ ပညာမတတ်တဲ့ တောသားတွေ ဦးနှောက်နဲ့ကျတော့ ဘယ်လိုမှ လိုက်မမီဘူးလေ။ မြစ်ဆုံကိစ္စကို သူ့လောက်ဘယ်သူမှ သေချာမသိဘူးလို့ ပြောဖုးတဲ့သူစကားဟာ အမှန်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တွေက ဥာဏ်မမီလို့ သူ့စကားကို မယုံနိုင်တာ။ ဘူတန်မှာတုန်းက ဟိုင်ဒရိုပါဝါပရောဂျက်တွေ တော်တော်မြင်ခဲ့သားပဲ။ သူတို့နိုင်ငံရဲ့ အဓိက နိုင်ငံခြားဝင်ငွေတဲ့။ အိန္ဒိယက လာဆောက်ပေးပြီး အိန္ဒိယကို လျှပ်စစ်ဓါတ်ပြန်ရောင်းတဲ့ ၀င်ငွေနဲ့ ရပ်တည်ကြပါသတဲ့။ တစ်နိုင်ငံလုံး ပုဂ္ဂလိကဆေးရုံမရှိပဲ အခမဲ့ကုတဲ့ ဘူတန်မှာ အဲဒီပရောဂျက်က လုပ်သားတွေကုဖို့အတွက်တော့ စီမံကိန်းအပိုင် ဆေးရုံတစ်ခုရှိပြီး နိုင်ငံခြားသားဆရာဝန်တွေကို လခကောင်းကောင်းပေး ငှားနိုင်ပါတယ်။ သူတို့နိုင်ငံလောက် သဘာဝပတ်ဝန်းကျင်ကို ဂရုတစိုက် ထိမ်းသိမ်းတဲ့နိုင်ငံလည်း အရှားသား။ ဒါပေမယ့် ဘယ်မြစ်ချောင်းကလေးတွေမှ ပရောဂျက်ကြောင့် ပျက်သွားတယ် ပြောင်းသွားတယ် မကြားမိပါဘူး။ တရုတ်ပြည်မှာတော့ မဲခေါင်မြစ်စီမံကိန်းကြောင့် ရေလျှံသတဲ့။ ကိုယ့်ဆီက ဧရာဝတီမြစ်ကတော့ နိုင်ငံရဲ့အသက်သွေးကြောဖြစ်တာမို့ မတော်တဆ အမှားအယွင်းနဲ့တောင် အထိခိုက်မခံနိုင်တဲ့အတွက် ပြည်သူတွေ အစိုးရိမ်ကြီးလွန်းတယ်ပဲဆိုဆို မီးမရ မှောင်မှောင်ပဲနေပါရစေ။ ဧရာဝတီနဲ့တော့ မလဲနိုင်ပေါင်။ အဲဒီစီမံကိန်းတွေအားလုံးကို အဘက်ဘက်က ပြန်သုံးသပ်ရမှာပေါ့။
           ကြေးနီတောင်မှာတော့ ဘာသာရေးအဆောက်အဦနေရာတစ်ခု ဆုံးရှုံးသွားခြင်း  သဘာဝပတ်ဝန်းကျင် ပျက်စီးသွားစေနိုင်ခြင်းအပြင် နောက်ကွယ်က သဘောမတူနိုင်ရခြင်း အကြောင်းတစ်ရပ်ကလည်း မားမားကြီး ပေါ်ထွက်လို့လာပါတယ်။ စီမံကိန်းပြီးသွားတော့ရော ဘယ်သူတွေ အကျိုးခံစားခွင့်ရှိမှာမို့လဲ ဆိုတဲ့ မေးခွန်းပါ။ နိုင်ငံတော်အတွက် ဘဏ္ဍာငွေတွေ တိုးပွားတာပေါ့ ဆိုတဲ့ပျက်လုံးကတော့ မဆလခေတ်က ပရိသတ်တောင် မရယ်တော့ပါဘူး။ တန်ချိန်များစွာဆိုတဲ့ ကျောက်စိမ်းတုံးကြီးလည်း ထွက်ခဲ့တယ်။ န၀တ ပတ္တမြားကြီးဆိုတာလည်း တီဗီထဲမှာ မြင်ဖူးခဲ့တယ်။ ငါးပြားစေ့တစ်စေ့ ကိုယ်ခံစားရတာ ပါလို့လား။ မင်းတို့အတွက် ပညာရေး ကျန်းမာရေး ဘတ်ဂျက်တွေ နှစ်တိုင်းချပေးနေတာ မမြင်ဘူးလားဆိုရင် အဲဒီဘတ်ဂျက်တွေ လူနာတွေလက်ထဲအထိ ရောက်မလာတာကော မမြင်ဘူးလား လို့ ပြန်မေးရုံပဲ ရှိတယ်။ ပြည်သူတွေအကုန် ကိုယ့်စားရိတ်နဲ့ကိုယ် ပေးနေကြရတာချည့်ပဲ။ တနင်္သာရီမှာထွက်တဲ့ ရေနံသဘာဝဓါတ်ငွေ့တွေကို Total ကုမ္ပဏီက လာလုပ်နေတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါး ကိုယ်တွေ ဆယ်တန်းလောက်ကတည်းကပါပဲ။ ဒီကနေ့ထိ ရန်ကုန်မှာ မီးမှန်မှန်လင်းပါ့မယ် အာမခံချက်လည်း မရှိသေးဘူး။ ယိုးဒယားမှာတော့ တစ်နိုင်ငံလုံးထိန်ရုံတင်မက ကမ္ဗောဒီးယားတောင် ပြန်ရောင်းစားလို့ရသတဲ့။ နောင်ကျတော့ မင်းတို့ဒေသ ဖွံ့ဖြိုးလာမှာပေါ့ဆိုတဲ့စကားကို ဘယ်အချိန်အထိ စောင့်ယုံရမလဲ။ တစ်ယူနစ်ကို ၅၀၀ နီးပါးပေးသုံးနေရတဲ့ ရခိုင်က ထွက်တဲ့ ဓါတ်ငွေ့တွေ တရုတ်ကိုရောင်းစားပြီး ရခိုင်မလေးတွေ ထင်းခွေ၊ ဖယောင်းတိုင်ထွန်းနေရတာ ဘယ်လိုဒေသခံမျိုးက ကြည်ကြည်ဖြူဖြူ လိုတိုင်းယူ ပေးချင်မှာလဲ။ “သည်းခံလိုက်ပါ သားတို့သမီးတို့ရယ်။ ကိုယ့်တိုင်းပြည်ကဆင်းရဲတာကိုး” လို့ ချွေးသိပ်တဲ့ ခေါင်းဆောင်အိမ်က စိန်တွေဘယ်လိုဝတ်တယ်လို့ မြင်ရတဲ့အခါ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရမလား။
            ပွင့်လင်းမြင်သာမှုဆိုတာ ရိုးဖြောင့်မှန်ကန်မှုရှိမှ ဖြစ်တာပါ။ ပေါင်မှာ ပွေးအကွက်လိုက်ကြီး ရှိတဲ့သူက လူ့ရှေ့သူ့ရှေ့ ပေါ်အောင်ပြချင်ပါ့မလား။ အစကတည်းက အမှန်တကယ် ပြည်သူအတွက် အကျိုးဖြစ်ထွန်းမယ့် စာချုပ်မျိုးဆို နံမယ်ကောင်း လိုချင်လွန်းလို့ “ငါ လုပ်တာ၊ ငါ လုပ်တာ” နဲ့ နေမှာပေါ့။ မင်းတို့ကိုပြောလည်း ဥာဏ်မီမှာမှ မဟုတ်တာလို့ ဆိုပေမယ့် ကိုယ့်အိမ်အလုံးလိုက် ဖယ်ပေးရတော့မယ်ဆိုတာမျိုး ဖြစ်လာရင် ဘာအတွက် ဖယ်ပေးရတယ်ဆိုတာ ရေရေရာရာ သိချင်တဲ့သူမှာ မလွန်ပါဘူး။ “နိုင်ငံတော်ကသိမ်းတာကွ” တစ်ခွန်းတည်းနဲ့ ဖယ်ပေးလိုက်ပြီးမှ ခရိုနီကြီးက အကွက်ရိုက်ရောင်းစားသွားတဲ့အခါ သားမြေးများလက်ထက်ရောက်ရင် ဖေတို့ဘတို့ အ လို့ သူများထိပ်ကွက်ခံရတာပေါ့ လို့ အပြောခံရမှာပေါ့။ နိုင်ငံတော်မှာ သိမ်းယူနိုင်တဲ့ အခွင့်အရေးရှိတယ်၊ ပေးချင်တဲ့ကံထရိုက်ကိုလည်း ပြန်ပေးနိုင်တဲ့ အခွင့်အာဏာရှိမှန်း သိပါတယ်။ သို့သော် အဲဒီအာဏာကျင့်သုံးတဲ့ အစိုးရကို ပြည်သူက ခေါင်းငုံ့ခံလာခဲ့တာ နှစ်ပေါင်းမနည်းတော့လို့ အခုလို အုံကြွလာတာ မဟုတ်လား။
             ဒီပြဿနာနဲ့ တခြား အလားတူ မလိုလားအပ်သော ပြဿနာတွေ ဖြစ်မလာစေဖို့ နိုင်ငံရေး သင်ခန်းစာတစ်ခု အမြတ်ထုတ်နိုင်ခဲ့ရင် ရှေ့ဆက်အဖြေရှာနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ အဲဒါကတော့ ပြည်သူတွေရဲ့ဆန္ဒသဘောထားကို အာဏာနဲ့လွှမ်းမိုးအုပ်ချုပ်လို့ရတယ် ဆိုတဲ့ အမြင်ကို စွန့်ဖို့။ ပြည်သူက တကယ်လိုလားချစ်ခင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မှ ကိုယ်ပြောတဲ့စကားကို ယုံယုံကြည်ကြည့် လက်ခံလိမ့်မယ် ဆိုတာကို သဘောပေါက်ဖို့ပါပဲ။ အစိုးရနဲ့ပြည်သူတွေကြားမှာ ယုံကြည်မှု မတည်ဆောက်နိုင်သရွေ့ နားလည်မှုတွေ လွဲမှားနေဦးမှာ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ တွေ့ကြုံလာရဦးမှာ မလွဲပါဘူး။ တကယ်လို့များ မိုးနတ်မင်းကြီးတို့နတ်ပြည်မှာ အပြောင်းအလဲကို လိုလားတဲ့သူတွေနဲ့ အပြောင်းအလဲဖြစ်သွားမှာ စိုးရိမ်နေတဲ့သူတွေ နှစ်စုကွဲနေမယ်ဆိုရင် ရဲရဲတင်းတင်းကြီး ပြောင်းလဲကြည့်လိုက်ပါ။ တကယ့်ပြဿနာက မပြောင်းလဲခြင်းကလာပါတယ်။ ပြောင်းလဲခြင်းမှာ ပြဿနာရှိမည် မဟုတ်ပါ လို့ လေးလေးနက်နက် တွေးမိပါကြောင်းခင်ဗျာ။

(လက်ရှိအစိုးရကို ပြစ်ပြစ်နှစ်နှစ် ဆဲဆိုတဲ့စာမျိုးမပါတဲ့အတွက် ဖတ်ရတာ အရသာမတွေ့ဖြစ်နေမယ်ဆိုရင် စိတ်မကောင်းပါဘူး။ ကျွန်တော်ကတော့ အဲဒါတွေချည့်ပဲ တ၀ဲလည်လည်တွေးနေရတာ အရသာ မတွေ့တော့တာ အမှန်ပါ။ ရှေ့ကို မရောက်သလို ခံစားရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်သန်သလို ဆက်လက်တွေးတော အငြင်းပွားနိုင်ပါတယ်)

No comments: