Wednesday, November 28, 2012

ပြည်သူတွေကိုကာကွယ်ပါ။




ဒေါ်အောင်ဆန်းစုကြည် လူထုကို ကယ်တင်ဖို့ အချိန်ကျပါပြီ။
လက်ပံတောင်းမှာ ပြည်သူလူထုတွေ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ။ ဦးသိန်းစိန်အစိုးရက အစွယ်ထုတ်ပြဖို့ ပြင်နေပြီ။ မင်းသား ခေါင်းချွတ်ပြီး ဘီလူးက ကဖို့ပြင်နေပါပြီ။
တချို့ကို အခုဖမ်းပြီးနေပြီ။ ရဲစခန်းရောက်အောင် ပုဒ်မ ၁၈ နဲ့ လိမ်ခေါ်ပြီး ရဲစခန်းရောက်တော့မှ ပုဒ်မပြောင်းတပ်ပြီး တရားစွဲလိုက်ပြီ။ ညစ်တဲ့ ယုတ်တဲ့နေရာမှာ အရင်အစိုးရနဲ့ ဘာမှ မကွာသေးတာ၊ ဘာမှ မပြောင်းလဲသေးတာကို ထင်ထင်ရှားရှား တွေ့နေရပြီ။ အများပြည်သူတွေဘက်က အလျော့ပေးလိုက်ရရင် အဲဒီလူတွေကို ထောင်ချမှာ သေချာနေပြီ။
လက်ပံတောင်းမှာ အခုသံဃာတွေကို တုတ်နဲ့ ဒိုင်းနဲ့ ဝိုင်းထားကြပြီ။ ကျနော်တို့က အရိုက်ခံရဖူး၊ အဝိုင်းခံရဖူးတဲ့သူတွေဆိုတော့ သွေးနံ့ရနေတယ်။ မယုံမရှိပါနဲ့။ ဦးသိန်းစိန်ဟာ စစ်အာဏာရှင်ပါ။ အရင်စစ်အာဏာရှင်နဲ့ အခုစစ်အာဏာရှင်ဟာ မင်းသားခေါင်းဆောင်းထားတာကလွဲပြီး ဘာမှ မကွဲပါ။ သူတို့လုပ်မှာပါ။ လုပ်ဖို့ ပြင်နေတာပါ။ သူတို့ဘက်က နာမည်ပျက်သက်သာလိုသက်သာငြား တတ်နိုင်သမျှ သိက္ခာထိန်းနိုင်အောင် အချိန်ဆွဲနေတာပါ။ နိုင်ငံတကာမှာ ဦးသိန်းစိန် သူတော်ကောင်းကြီး၊ ငြိမ်းချမ်းရေးသ မားကြီး၊ ကယ်တင်ရှင်ကြီးဆိုပြီး နာမည်ကောင်းယူနေတာကို အမည်းကွက် မထင်အောင် တတ်နိုင်သမျှ အချိန်ဆွဲပြီး ထိန်းနေတာပါ။ ဒါပေမဲ့ စစ်အာဏာရှင်ဟာ စစ်အာဏာရှင်ပဲမို့ သူတို့ဦးပိုင်ရဲ့ စီးပွားဥစ္စာကို အထိခံမှာ မဟုတ်ပါဘူး။ သူတို့ ချေမှုန်းမှာပါ။ ဖမ်းဆီးမှာပါ။ ရိုက်နှက်မှာပါ။
ဒါကို ဝင်ပြီး တားဆီးပေးနိုင်မယ့်သူ ကူညီပေးနိုင်မယ့်သူဟာ အခုချိန်မှာ တယောက်ပဲရှိပါတယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒေါ်အောင်ဆန်းစုကြည် လူထုကို အကူအညီပေးရင် သက်သာနိုင်ပါတယ်။ လူထုကို ဆန္ဒပြလို့ အဖြေမရနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြောတာဟာ အဖြေမဟုတ်ပါဘူး။ လူထုကို ဆုတ်ခိုင်း၊ ဖယ်ခိုင်း၊ အိမ်ပြန်ခိုင်းတဲ့ နည်းဟာ လူထုကို အရှုံးပေးခိုင်းတာ သက်သက်ပါ။ လူထုကို အရှုံးမပေးခိုင်းပါနဲ့။ အညံ့မခံခိုင်းပါနဲ့။ အဲဒီနည်းဟာ ပြဿနာကို အပြီးအပိုင် ပြေလည်နိုင်တဲ့ နည်းမဟုတ်ပါဘူး။ အဲဒီနည်းကို ဂျင်မီတို့စမ်းခဲ့ပြီးပါပြီ။ လူထုနဲ့ ဂျင်မီတို့နဲ့ သွေးကွဲတာသာ အဖတ်တင်ပါ တယ်။ လူထုရဲ့ ပြဿနာရင်းမြစ်က မပြေလည်တော့ ပြဿနာထပ်ဖြစ်တာပါပဲ။ 
လူထုက နားထောင်မှာ မဟုတ်ပါဘူး။ သူတို့မှာ ဆုတ်လမ်းမရှိတော့လို့ မလွဲသာတော့လို့ ဒီနည်းကို ရွေးချယ်ရတာ ဖြစ်ပါတယ်။
လူထုဘက်က ညှိနှိုင်းတဲ့နည်း၊ ဆွေးနွေးတဲ့နည်းကို အမြဲတန်းကြိုဆိုပါတယ်။ ညှိနှိုင်းဆွေးနွေးဖို့ရာ အမြဲတန်း အသင့်ရှိပါတယ်။ မညှိနှိုင်းချင်လို့ ဆန္ဒပြနေတာ မဟုတ်ပါဘူး။ ညှိနှိုင်းခွင့်မရလို့ ဆန္ဒပြနေကြတာ ပါ။ မညှိနှိုင်းတာက စစ်အစိုးရပါ။ ဒါကိုဒေါ်အောင်ဆန်းစုကြည်သိပါတယ်။ နှစ်ပေါင်း အစိတ်လုံးလုံးမှာ ညှိနှိုင်းဖို့ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ခွင့်တောင်းလာတာ၊ တောင်းပန်လာတာကို စစ်အာ ဏာရှင်တွေဘက်က တစက်ကလေးမှ အရေးမလုပ်ဘဲ ဥပေက္ခာပြုလာခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် အသိဆုံးပါ။ ဒါကိုသိရက်နဲ့ လူထုက မညှိနှိုင်းချင်လို့ ဆန္ဒပြတယ်လို့ မထင်သင့်ပါ။ လူထုမှာ ညှိနှိုင်းတဲ့၊ ဆွေးနွေးတဲ့ ယဉ်ကျေးမှုမရှိဘူးလို့ အမျိုးနဲ့ချီပြီး အပြစ်တင် မစောသင့်ပါ။ လူထုဘက်က ညှိဖို့ အသင့်ပါ။ မညှိနှိုင်းတာ၊ မဆွေးနွေးတာ စစ်အာဏာရှင်တွေသာ ဖြစ်ပါတယ်။ ညှိနှိုင်းတဲ့ ယဉ်ကျေးမှု မရှိတာ စစ်အစိုးရ တခုတည်းပါ။ မြန်မာလူမျိုးမဟုတ်ပါဘူး။ လူမျိုးနဲ့ချီပြီး အပြစ်တင်ဖို့၊ လူမျိုးကို လက်ညှိုးထိုးဖို့ အလျင်မလိုသင့်ပါ။ အောင်နိုင်ဦးက မြန်မာလူမျိုးမှာ ညှိနှိုင်းတဲ့ ယဉ်ကျေးမှု မရှိဘူးလို့ ပြောတာကို လူတွေက ဂရုမစိုက်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးကို လူထုကို လက်ညှိုးထိုး အပြစ်တင်ရင် အဲဒီ အပြစ်တင်စကားဟာ သမိုင်းဝင်စကား ဖြစ်လာပါလိမ့်မယ်။
ဦးအောင်မင်း လက်ပံတောင်းလာတယ်၊ ဆုံးဖြတ်ချက် မပေးပါဘူး၊ သဘောထား သိရအောင်လာပါတယ်လို့ ပြောတယ်။ တကယ်တန်းမှာ သူ့သဘောထားကို ထုတ်ပြောသွားပါတယ်။ အဲဒီသဘောထားက အားလုံးသိကြတဲ့ အတိုင်း သူတို့ဘက်က တလက်မမှ မဆုတ်နိုင်ဘူး ဆိုတဲ့ သဘောထားပါ။ တလက်မမှ မဆုတ်နိုင်ဘူးလို့ ပြောရုံတင်မက၊ တရုတ်ကို ကျေးဇူးဆပ်ရမယ်လို့တောင် စော်ကား မော်ကား ပြောသွား ပါသေးတယ်။ တရုတ်ကို ကျေးဇူးဆပ်ရမယ်ဆိုတဲ့ စကားကို လူထုက ဘယ်လို တုန့်ပြန်ကြသလဲ။ အထင်အရှားကြီးပါ။ ကျယ်ကျယ် လောင်လောင် ကြားနိုင်ပါတယ်။ ဦးအောင်မင်း အမြှော်အမြင်နည်းလို့၊ ဦးအောင်မင်းက တောသူတောင် သားတွေကို အထင်သေးတဲ့စိတ်နဲ့ စော်ကား မော်ကား ပြောလို့ လက်ပံတောင်းအရေးဟာ ပိုပြီး ကြီးကျယ်လာပါတယ်။ ပိုဆိုးလာပါတယ်။ ဒါတွေကိုကြည့်ရင် မညှိနှိုင်းနိုင်တာက ဘယ်သူလဲ၊ မဆွေးနွေးနိုင် တာက ဘယ်သူလဲ ဆိုတာ သိပ်ထင်ရှားပါတယ်။
အခု လက်ပံတောင်း ကိစ္စကို ကော်မတီဖွဲ့မယ်၊ စုံစမ်းမယ်ပြောပြီးမှ လူထုကို တဘက်လှည့်နဲ့ အင်အားသုံးဖြို ခွဲဖို့လုပ်လာပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေဘက်က အကောက်ကြံတာ ထင်ရှားတယ်။ ကော်မတီဖွဲ့ပြီး စုံစမ်းဖို့ရာ သပိတ်စခန်းတွေ ဆုတ်ပေးမှရမယ်၊ လုပ်ငန်းတွေ ပြန်လည်ပတ်မှ ရမယ်လို့ သူတို့ဘက်က ကြေညာချက်ထုတ်လာတယ်။ ဒါကိုကြည့်ရင် ဘယ်လောက်တောင် ကလိမ်ကကျစ်ဥာဏ်နဲ့ ကလိမ်စေ့ ငြမ်းဆင်ပြီး ပြောတယ်ဆိုတာ သိသာပါတယ်။ သူတို့ပြောတာ ပြောင်းပြန်ကြီးပါ။ စုံစမ်းစစ်ဆေးရမှာမို့ လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းပေးခိုင်းတယ်။ ရှေ့ဆက်မတိုးခိုင်းဘဲ အဖြေမထွက်မချင်း ရပ်ထားခိုင်းတယ် လို့သာ ကြားဖူးပါတယ်။ ခုတော့ စုံစမ်းစစ်ဆေးမှာမို့ ရှေ့ဆက်လုပ်လို့ ပြောနေပုံဟာ စစ်အာဏာရှင်တွေ ရဲ့ မရိုးသားပုံကို ထင်ထင်ရှားရှင်း မြင်နေရပါတယ်။ ဓါးခုတ်ခံရလို့ အမှုဖွင့် တရားစွဲတာကို ဘယ်လိုခုတ်သလဲ စုံစမ်းစစ်ဆေးချင်လို့ ထပ်ခုတ်ပြပါဦးလို့ ပြောနေသလိုပဲ။ ထပ်အခုတ်မခံရအောင် ကာကွယ်နေတဲ့သူတွေ ဖယ်ပေးကြ။ ဘယ်လိုခုတ်သလဲ သိမှ အဖြေရမှာပေါ့၊ ထပ်ခုတ်ပြစမ်းလို့ ပြောနေတယ်ဆိုရင် အဲဒီပြောတဲ့သူ ဟာ ခုတ်တဲ့လူဘက်လိုက်နေသလား၊ သမာသမတ်ကျတဲ့ တရားသူကြီးလားဆိုတာ အသိသာကြီးပါ။
အစိုးရဟာ ပဋိပက္ခ ဖြစ်နေတဲ့ အုပ်စုနှစ်စုအကြားမှာ သမာသမတ်ဖြစ်အောင် ကြားနေတဲ့ သဘောထား မရှိပါဘူး။ ဦးအောင်မင်းက ရပ်လို့ မဖြစ်ဘူး။ တရုတ်ကို ကျေးဇူးဆပ်ရမယ်လို့ ပြောနေကတည်းက ဘယ်ဘက်ကို ဘက်လိုက်နေသလဲ ဆိုတာ ပြောစရာ မလိုအောင်ပါပဲ။ အခု ဝမ်ပေါင်ကုမ္ပဏီထဲကနေ လူစုခွဲဖို့ ပြောနေတာတွေဟာ ကြားနေမှု၊ သမာသမတ်ဖြစ်မှုတွေ အကြီးအကျယ် တိမ်းစောင်းနေတယ် ဆိုတာ ပြနေပါတယ်။
ဦးပိုင်ကုမ္ပဏီဘက်က အင်အားတွေ အများကြီးပါ။ သေနတ်ရှိတယ်။ အာဏာရှိတယ်။ ဥပဒေရှိတယ်။ တရားရုံးရှိတယ်။ ပုလိပ်ရှိတယ်။ စစ်တပ်ရှိတယ်။ ဆန္ဒပြသူတွေဘက်မှာ လူပဲရှိပါတယ်။ သပိတ်စခန်းပဲ ရှိပါတယ်။ ဒါတွေကို အရင်ဖြို၊ ပြီးမှ ဆွေးနွေးမယ်ဆိုတာဟာ မဆွေးနွေးချင်လို့ ပြောနေတာ ထင်ရှားနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီအချိန်မှာ ဆွေးနွေးလို့ရအောင် ကြားဝင်ပေးသင့်ပါတယ်။ ဂုဏ်သိက္ခာရှိရှိ၊ အဆင့်အတန်းရှိရှိ၊ ငြိမ်းငြိမ်းချမ်းချမ်း၊ မျှမျှတတ ဆွေးနွေးလို့ရအောင် ကြားဝင်ပေးသင့်ပါတယ်။ သပိတ် စခန်း တွေကို မဖျက်ခိုင်းပါနဲ့။ လူထုဘက်မှာ ဒါလေးပဲရှိပါတယ်။ ဒါလေးမှ မရှိရင်၊ ဒီအင်အားလေးမှ ပြခွင့်မရရင် ဘယ်လိုမှ တရားမျှတတဲ့ ဆွေးနွေးပွဲ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ လူထုရဲ့ ဒီမိုကရေစီစိတ်ဓါတ်ကို အညွန့်မချိုးပါနဲ့။ လူထုရဲ့ အခွင့်အရေးကို မပိတ်ပင်ပါနဲ့။ လူထုမှာ သူတို့ရဲ့ ဆန္ဒကို ဖော်ထုတ်ခွင့်ရှိပါတယ်။ လူထုမှာ သူတို့ရဲ့ လိုလားချက်ကို တောင်းဆိုခွင့်ရှိပါတယ်။ ဒီတောင်းဆိုခွင့် ဆန္ဒထုတ်ဖော်ခွင့်တွေဟာ လူထုရဲ့ အခြေခံဒီမိုကရေစီအခွင့်အရေးတွေပါ။ ဒီအခွင့်အရေးတွေကို မပိတ်ပင်ပါနဲ့။
လူထုနဲ့ ဦးပိုင်အကြားဆွေးနွေးခွင့်ရအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် သွေးထွက်သံယိုမှုတွေကို တားမြစ်ပေးပါ။ ဆွေးနွေးချိန်အတွင်းမှာ အကြမ်းဖက်ဖြေရှင်းဖို့ကြိုးစားနေတာတွေ အားလုံး ရုပ်သိမ်းအောင် ဆောင်ရွက်ပေးပါ။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကြိုးစားမပေးရင် သွေးထွက်သံယို ဖြစ်နိုင်ပါတယ်။ တခြားနေရာတွေကိုပါ ကူးစက်ပြန့်ပွားနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ပေးရင်၊ ဒေါ်အောင်ဆန်းစုကြည် ကြားဝင်တောင်းဆို ပေးရင် စစ်အာဏာရှင်တွေ မျက်နှာလွဲခဲပစ် မလုပ်ရဲပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ အမေရိကန်နဲ့ သူတို့ရဲ့ ဆက်ဆံရေးမှာ အရေးပါတယ်ဆိုတာကို သူတို့ ဝန်ခံထားပြီးပါပြီ။ အမေရိကန်နဲ့ မျက်နှာပျက်မယ့် ကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပျက်မယ့်ကိစ္စတွေဖြစ်လာရင် သူတို့နဲ့ သူတို့ရဲ့ ခရိုနီတွေကို ထိခိုက်မှာပါ။ အဲသလို သူတို့ အဖြစ်မခံပါဘူး။ သူတို့ အစီအစဉ်တွေ အပျက်မခံနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို ဟန့်ရင် စစ်အာဏာရှင်တွေ အားတက်ပါတယ်။ သူတို့ခြေလှမ်းကို ရှေ့တိုးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်ရင် စစ်အာဏာရှင်တွေကို ဟန့်နိုင်ပါလိမ့်မယ်။ သူတို့ဆင်ခြင်ပါလိမ့်မယ်။ သူတို့ ဇွတ်တိုးရင် သူတို့တာဝန်၊ ဒေါ်အောင်ဆန်းစုကြည် မတားရင် ဒေါ်အောင်ဆန်းစုကြည်တာဝန်ဖြစ်ပါလိမ့်မယ်။
အကြမ်းဖက်မှာကို မြင်ရင် တားနိုင်ခွင့်ရှိသူမှာ တားဖို့ တာဝန်ရှိပါတယ်။ တားနိုင်ခွင့်ရှိပါရက်နဲ့ မတားခဲ့ရင်၊ အဲသလို မတားတဲ့သူဟာ အကြမ်းဖက်မှုကို အားပေးရာရောက်ပါတယ်။ အခုအစိုးရရဲ့ ၊ အာဏာရှင်တွေရဲ့ အကြမ်းဖက်ဖို့ပြင်ဆင်နေတာတွေကို ပြည်သူတွေကယုံကြည်လို့ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ တားမြစ်ပေးဖို့ရာ မေတ္တာရပ်ခံချင်ပါတယ်။ ဒီလို အချိန်မျိုးမှာ ဆိတ်ဆိတ်နေခြင်းဟာ အကြမ်းဖက်မှုကို အားပေးခြင်းဖြစ်ပါတယ်။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
နိုဝင်ဘာ ၂၈၊ ၂၀၁၂ခု။

No comments: