Sunday, 25 November 2012 09:43 | |
လက်ရှိလုပ်ဆောင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုအပေါ် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေးရန် အရေးကြီးအဆိုတစ်ရပ်ကို NLD ပါတီမှ နိုဝင်ဘာလ ၂၃ ရက်နေ့ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြီး လွှတ်တော်က အဆိုကို အတည်ပြုခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)၊ ကြေးစင်တောင် ကြေးနီစီမံကိန်းတို့၏ (၁)လူမှုဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ (၂)သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ (၃)နိုင်ငံတော် ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် ရေတို၊ ရေရှည်သင့်လျော်သည့် တန်ဖိုးဖြတ်နိုင်သည့် အကျိုးအမြတ်၊ တန်ဖိုးမဖြတ်နိုင်သည့် အကျိုးအမြတ်များ အမြင့်မားဆုံးရရှိနိုင်မှုနှင့် (၄) ပြည်သူလူထု၏ ဆန္ဒသဘောထားတို့ကို ပြည်သူတို့က ယုံကြည်ကိုးစားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများပါဝင်သည့် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေး၍ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာစေပြီး ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်မသင့်နှင့် ဆက်လက်လုပ်ဆောင်ပါက မည်သို့လုပ်ဆောင်သင့်သည်ကို ကိုင်တွယ်ဆန်းစစ်ရန် ပြည်သူ့လွှတ်တော်က နိုင်ငံတော်သမ္မတအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့သည်။ စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် သတ္တုသိုက်များတွင် ၁၉၇၂-၇၄ ခုနှစ်အတွင်း ဂျပန်အစိုးရ၏ အကူအညီဖြင့် တိုင်းတာချက်အရ ကြေးနီ ၀ ဒသမ ၈၄ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန် ၉၄ သန်းခန့်ရှိကြောင်း၊ လက်ပံတောင် ကြေးနီသတ္တုသိုက်တွင် ၂၀၀၇ ခုနှစ်က မြန်မာ-အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ ကြေးနီလီမိတက်က ထုတ်ပြန်သော တိုင်းတာခန့်မှန်း တွက်ချက်မှုများအရ ကြေးနီ ၀ ဒသမ ၃၈ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန်စုစုပေါင်း ၁၄၇၈ သန်းခန့် ရှိနိုင်ကြောင်းနှင့် သေချာသော ကြေးနီပမာဏ ၀ ဒသမ ၄၄ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန်စုစုပေါင်း ၅၇၇ သန်းခန့်ရှိကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ် အစပိုင်းတွင် တရုတ်နိုင်ငံမှ China North Industries Corp (NORINCO) က မုံရွာကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာပြီး သဘောတူလက်မှတ် ထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနက ပိုင်ဆိုင်သော အစုရှယ်ရာ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ လည်းကောင်း၊ အိုင်ဗင်ဟိုက ပိုင်ဆိုင်သော အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို (NORINCO) လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော ၀မ်ဘိုကုမ္ပဏီသို့ လည်းကောင်း လွှဲပြောင်းခဲ့ကြောင်း သိရသည်။ ထို့နောက် လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ရာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေးနီသတ္တုစင်များ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လအထိ ၁၉၁၂၉ ဒသမ ၈၆၉ တန် (အမေရိကန်ဒေါ်လာ ၁၅၃ သန်းဖိုး ခန့်) ထုတ်လုပ်ပြီးဖြစ်ကြောင်းလည်း သိရသည်။ လက်ပံတောင်းတောင် စီမံကိန်းတွင် စမ်းသပ်တိုင်းတာမှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီး တည်ဆောက်ရေး လုပ်ငန်းများ၊ အပေါ်ယံမြေသား ဖယ်ရှားခြင်း၊ စွန့်ပစ်မြေ စုပုံခြင်းနှင့် တောင်ပတ်လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ Myanmar Yang TSE Copper Ltd (MYTCL) က စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၉၆ ဒသမ ၃၃၇ သန်းနှင့် Myanmar wanbao Mining Copper Ltd (MWMCL) က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၉၇ သန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံသွားဟု ကုမ္ပဏီများက ပြောကြားကြောင်း မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က အဆိုပါကုမ္ပဏီများနှင့် ထုတ်လုပ်မှုခွဲဝေခြင်း စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်ဟု သိရကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့ပါသည်။ သတ္တုတွင်းဝန်ကြီးဌာနက မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်းလုပ်ငန်းအတွက် ထုတ်လုပ်ခွင့်ပြုကာလ ၂၅ နှစ်၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းလုပ်ငန်းအတွက် သတ္တုတွင်းထူထောင်မှုကာလ သုံးနှစ်နှစ်နှင့် ထုတ်လုပ်ခွင့်ပြုကာလ ၂၅ နှစ် စုစုပေါင်း ၂၈ နှစ် ထုတ်လုပ်ခွင့် ပြုထားကြောင်းလည်း ပြောကြားခဲ့ပါသည်။ အဆိုပါ သတ္တုတွင်းလုပ်ငန်းများအတွက် ယခင်က စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)၊ ကြေးစင်တောင် ကြေးနီသတ္တုတွင်းအတွက် စုစုပေါင်း မြေဧရိယာ ၆၂၅၃ ဒသမ ၀၄ ဧက (၂၅ ဒသမ ၃၀၆ စတုရန်းကီလိုမီတာ- သုံးမိုင်ပတ်လည် စွန်းစွန်း) ကို သိမ်းယူထားခဲ့ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းအတွက် ထပ်မံသိမ်းယူသော စုစုပေါင်းမြေဧရိယာမှာ ၇၈၆၇ ဧက (၃၂ ဒသမ ၁၆ စတုရန်းကီလိုမီတာ -သုံးမိုင်ခွဲ ပတ်လည်) ရှိကြောင်းနှင့် ၎င်းမြေများပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စွန့်ပစ်မြေ စုပုံမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဧရိယာအတွင်းရှိ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများမှာ ရွှေ့ပြောင်းခံရပြီး ဒေသခံ တောင်သူလယ်သမားများ၏ နှစ်ရှည်ပင်များကို ခုတ်လှဲဈေးဖြင့်လည်းကောင်း၊ လယ်ယာမြေများကို တစ်ဧကအပေါ် ပျမ်းမျှသီးနှံအထွက်နှုန်း၏ သုံးဆလျော်ကြေးသာပေး၍ သိမ်းယူခဲ့ကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောပါသည်။ “သိမ်းယူမြေများပေါ်တွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသော ဒေသခံ တောင်သူလယ်သမားတို့မှာ မိမိတို့နားလည်သည့် သုံးနှစ်စာသီးနှံ လျော်ကြေးဟူသော ငွေကြေးနှင့် မိမိတို့ရပ်ရွာကို စွန့်ခွာရမည့် အန္တရာယ်၊ မိမိတို့နှစ်လများစွာ ဖက်တွယ်လုပ်ကိုင် စားသောက်လာခဲ့သော လယ်ယာမြေများကို စွန့်လွှတ်၍ အသက်မွေးဝမ်းကျောင်းဘ၀ နှစ်ရှည်လများ ဖက်တွယ်လုပ်ကိုင် စားသောက်လာခဲ့သော လယ်ယာမြေများကို စွန့်လွှတ်၍ အသက်မွေးဝမ်းကျောင်းဘ၀ ပျက်စီးရမည့် အန္တရာယ်၊ ရိုးရာဓလေ့ နေထိုင်မှု၊ ကိုး ကွယ်မှုများထိခိုက်ရမည့် အန္တရာယ်၊ သတ္တုသန့်စင်လုပ်ငန်းကြောင့် ကြုံ တွေ့နိုင်သည့် ကျန်းမာရေးအန္တရာယ် တို့ကို လဲလှယ်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရပါကြောင်း၊ လိုအပ်ချက် များကို ဖြည့်ဆည်းမပေး ခြင်းအပြင် တာဝန်မဲ့စွာဆောင်ရွက်ထားသည်ဟု ကန့်ကွက်မှုများရှိနေခြင်းဖြစ်ပါသည်" ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့ပါသည်။ လက်ပံတောင်းတောင် ၀န်းကျင်ဒေသခံ ပြည်သူများမှာ ယခင်စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းမှ အတွေ့အကြုံများနှင့် လက်ရှိကြုံတွေ့နေရမှုများအပေါ် မူတည်၍ ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြခြင်း ဖြစ်ကြောင်းလည်း ပြောပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအ၀င် ယင်းစီမံကိန်းများ၏ လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ နိုင်ငံတော်၏ အကျိုးစီးပွားတို့နှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်ရေးအတွက် အဆိုကိုတင်သွင်းရခြင်း ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က အဆိုနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းရာတွင် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင် တည်ရှိပြီး စီမံကိန်းဧရိယာ ၇၈၇၆ ဒသမ ၇၈ ဧကရှိကြောင်း၊ စီမံကိန်းအား မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် Myanmar Wanbao Ltd တို့ အကျိုးတူပူးပေါင်း၍ လုပ်ငန်းလုပ်ကိုင်ခွင့်အား သတ္တုတွင်းဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားခဲ့ရာ ၂၀၁၀ ပြည့်နှစ် မတ်လတွင် ခွင့်ပြုခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် နှစ် ၆၀ မြေငှားဂရမ် ရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် အမေရိကန်ဒေါ်လာ ၉၉၉ သန်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခဲ့ပါကြောင်း၊ စီမံကိန်းအနေဖြင့် အမြဲဦးပိုင်ပေါက်ပြီးမြေ ၄၈၂၆ ဒသမ ၇ ဧက၊ ဦးပိုင်အမြဲမဖြစ်သည့်မြေ ၂၃၀ ဒသမ ၈၆ ဧက၊ လန ၃၉ မရှိသည့်မြေ ၁၂၇၅ ဒသမ ၃၇ ဧကတို့အနက် ၆၇၈၂ ဒသမ ၉၃ ဧကနှင့် လန ၃၉ မရှိသည့် ဧကများကို တစ်ဧကလျှင် ကျပ်ငါးသိန်းမှ ကျပ်ငါးသိန်းခွဲအထိ ပေးလျော်ခဲ့ပါကြောင်း၊ စိုက်ပျိုးမြေနှင့် အခြားမြေဧက ၆၇၈၄ ဒသမ ၈၈ ဧကအတွက် ငွေကျပ် ၃၇၀၈ သန်း၊ နှစ်ရှည်ပင်၊ မြေနှင့်သီးနှံပင်များ အတွက် ငွေကျပ် ၄၄၂ သန်း ပေးလျော်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။ လက်ပံတောင်း ကြေးနီစီမံကိန်း အကျိုးအမြတ် ခွဲဝေမှုအနေဖြင့် နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသူမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် ၅၆ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီပွားကို လုပ်ခဲ့တဲ့အခါမှာ လွန်ခဲ့တဲ့ တပ်မတော်အစိုးရ လက်ထက်တုန်းကလည်း ပိတ်ဆို့မှုဒဏ်တွေ ခံခဲ့ရလို့ အနှစ်နှစ်ဆယ်ကျော်ကျော် ကျွန်တော်တို့ဟာ ဖွံ့ဖြိုးမှုတွေ နောက်ကျခဲ့ရတယ်။ အခုဒီမိုကရေစီရလာတဲ့ အခါကြတော့လည်း နည်းပညာတွေနဲ့ လုပ်မယ်ဆိုတဲ့အခါကြတော့လည်း ဆန္ဒပြတဲ့ဟာတွေနဲ့ ကျွန်တော်တို့မှာ ဘာမှမလုပ်ရဘဲနဲ့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ နောက်ကျပြီးသာ သွားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် အများကြီးသမိုင်းကြောင်းတိုးတက်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း တင်ပြလိုပါတယ်။ နောက်ဆုံးအချက်အနေနဲ့ ဒေါ်ခင်စန်းလှိုင် တင်သွင်းသွားတဲ့ အဆိုဖြစ်ပါတယ်။ ဒီအဆိုဟာ လွတ်လပ်တဲ့ အဖွဲ့တွေဖွဲ့စည်းပြီး ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။ အဆိုတင်သွင်းပါတယ်။ အဲဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ကတော့ ခုနကတင်ပြခဲ့သလိုပဲ အမျိုးသားလွှတ်တော်က သယံဇာတကော်မတီလည်း လာစစ်ဆေးခဲ့ပြီးပြီ။ နောက်လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး ကော်မရှင်က အတွင်းရေးမှူးဦးစီးတဲ့ အဖွဲ့ဝင်တွေလည်း စစ်ဆေးခဲ့ပြီးပြီ။ ကျွန်တော်တို့အနေနဲ့တော့ ကိုယ့်ဘက်ကရပ်တည်ပြီး တင်ပြမယ်ဆိုရင်တော့ ဒီစစ်ဆေးချက်တွေမှာ လိုအပ်ချက်တွေကို ပြုပြင်ပြီး ဆက်ပြီးဆောင်ရွက်ချင်ပါတယ်။ ဒါကျွန်တော်တို့ရဲ့ သဘောရိုးရိုးအမှန်နဲ့ ပွင့်ပွင့်လင်းလင်း တင်ပြခြင်းဖြစ်ပါတယ်။ ဒါဆိုကျွန်တော်တို့လုပ်ငန်းတွေ နှောင့်နှေးမှုမရှိဘူးလို့ မြင်ပါတယ်။ သို့သော်လည်းပဲ သက်ဆိုင်ရာ ကိုယ်စားလှယ်များ သက်ဆိုင်ရာ ဆန္ဒရှိမယ်ဆိုလို့ရှိရင် လွှတ်တော်ကိုတင်ပြခဲ့တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းနဲ့ စုံစမ်းပြီးတော့ သုံးသပ်ချင်တယ်။ အကြံပြုချင်တယ်။ မည်သို့ကိုင်တွယ်ဆောင်ရွက်သင့်တယ် ဆိုတဲ့ဟာတွေပေါ်မှာ ဆောင်ရွက်ဖို့အဆိုကို ကျွန်တော်ကြိုဆိုပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တင်ပြလိုတာက ဒီအဆိုပေါ်မှာ မှန်မှန်ကန်ကန်နဲ့ ဖြစ်ပြီးတဲ့အခါမှာ ကျွန်တော်ကနဦးက တင်ပြခဲ့သလိုပဲ တင်ပြခဲ့တဲ့ အနေအထားပေါ်မှာ ကျွန်တော်တို့က နိုင်ငံတော်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ ရပ်တည်ချက်တစ်ခုဖြစ်ရင်တော့ မှန်မှန်ကန်ကန်နဲ့ ရပ်တည်ပြီး ဆောင်ရွက်ပေးပါ” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောကြားခဲ့သည်။ ထို့နောက်လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ လွှတ်တော်က သဘောတူသည့်အတွက် အတည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာခဲ့သည်။ |
Saturday, November 24, 2012
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုအပေါ် လွပ်လပ်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေးရန် NLD မှ အရေးကြီးအဆို တင်သွင်းမှုကို ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီး ပြန်လည်ရှင်းလင်းပြီး လွှတ်တော်က အဆိုကို အတည်ပြု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment