Tuesday, November 27, 2012

သောကြာနေ့  တွင် အင်တာနက် သုံးစွဲသူ များ က ဆန္ဒထုတ် ဖော် ကန့် ကွက် သွား မည်



မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲမှုများအပေါ် ငွေကောက်ခံခြင်းအား ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး အစီအစဉ်သုံးရပ်ဖြင့်
ပြောင်းလဲ ကောက်ခံမည်
Tuesday, 27 November 2012

မိုဘိုင်းဖုန်းဖြင့် အင်တာနက် သုံးစွဲသူများအား အင်တာနက် သုံးစွဲသည့် ပမာဏ အလိုက် ကောက်ခံမည့် Volume Based Charging စနစ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ကောက်ခံရာတွင် Plan-A, Plan-B နှင့် Plan-C အစရှိသော
အစီအစဉ် သုံးရပ်ဖြင့် လုပ်ဆောင်မည်ဟု သိရသည်။

ပြောင်းလဲမည့် အစီအစဉ်သုံးရပ်အရ Plan-A ကို Unlimited Data Plan အဖြစ် သတ်မှတ်ပြီး Data 100 Kbyte အသုံးပြုတိုင်း မြန်မာငွေ ၂ ကျပ် ကောက်ခံပါမည် ဖြစ်သည်။ အကန့်အသတ်မရှိ သုံးစွဲခွင့်ပေးပြီး သုံးစွဲသည့် ပမာဏအလိုက် ကျသင့်ငွေ ပေးရမည့် ပုံစံမျိုး ဖြစ်ပါသည်။

Plan B ကို Monthly Usage Plan အဖြစ် သတ်မှတ်ပြီး လစဉ်ကြေး ငွေကျပ် ၁၅၀ဝ ပေးသွင်း မည် ဆိုပါက Data 200 Mbyte ပမာဏရှိသည့် Data ကို အသုံးပြုခွင့် ရရှိမည် ဖြစ်ပါသည်။ ထို အစီအစဉ်ဖြင့် 200 Mbyte အထိ သုံးစွဲမှုကို အခ ကြေးငွေ ထပ်မံပေးဆောင်စရာ မလိုဘဲ အသုံးပြုနိုင်မည်
ဖြစ်သည်။ သို့သော် 200 Mbyte ထက်ကျော်လွန်သွားပါက အသုံးပြုသည့် ပမာဏအလိုက် Data Usage ကို 100 Kbyte လျှင် ၂ ကျပ်နှုန်းဖြင့် ထပ်မံ ကောက်ခံမည် ဖြစ်သည်။ Plan B ဖြင့် မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲသူများ အနေဖြင့် သတင်းဝက်ဘ်ဆိုက်များကို နေ့စဉ် ကြည့်ရှုနိုင်မည့် အခြေ အနေ ရှိကြောင်း သိရသည်။

Plan C သည်လည်း Monthly Usage Data Plan ဖြစ်ပြီး လစဉ် ငွေကျပ် ၇ဝ၀၀ ပေးသွင်း ရမည် ဖြစ်သည်။ ထိုသို့ ပေးသွင်းပါက 1 Gbyte ပမာဏရှိသည့် Data ကို အခကြေးငွေ ထပ်မံပေးဆောင်စရာ မလိုဘဲ အသုံးပြုခွင့် ရမည်ဖြစ်ကာ 1 Gbyte ထက်ကျော်လွန်ပါက Data Usage ကို 100 Kbyte လျှင် ၂ ကျပ်နှုန်း ထပ်မံ ကောက် ခံမည် ဖြစ်သည်။

မြန်မာဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခ ကောက်ခံခြင်းကို Time based charging စနစ်မှ နိုင်ငံတကာသုံး Volume Based Charging စနစ်ဖြစ်သည့် မိမိအသုံးပြုသည့် ပမာဏ အလိုက် ပေးဆောင်ရ ပုံစံသို့
ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စနစ်အရ (က) မိုဘိုင်းဖုန်း တစ်လုံးကို အင်တာနက် ဖွင့်ပြီး ပြန်မပိတ်မိ လျှင်လည်း ငွေပေးဆောင်ရမှု မရှိခြင်း၊ (ခ)အင်တာနက် အသုံးမပြုမီ Data Enable ပြုလုပ်ရုံဖြင့် လည်း ငွေပေးဆောင်ရမှု မရှိခြင်း၊ (ဂ)မိမိ လိုအပ်သော Data အချက်အလက်များကို Download ပြုလုပ်ရာတွင် အချိန် ကြာမြင့်သော်လည်း Download ပြုလုပ်သည့် ပမာဏ အတွက်သာ
ပေးရသဖြင့် ပိုမိုသက်သာခြင်း (ဃ) မိုဘိုင်းဖုန်း အသုံးပြုသူများ 3G Network အောက်တွင် လည်းကောင်း၊2G Network အောက်တွင် လည်းကောင်း မည်သည့် Network အောက်တွင်အသုံးပြုပြု၊ မိမိအသုံးပြုသည့် Download ပမာဏ အတိုင်းသာ ဆောင်ရသဖြင့် ပိုမိုသက်သာခြင်း၊ စသည့် အကျိုးကျေးဇူးများ ရနိုင်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခင်က ကောက်ခံခဲ့သော Time Based Charging စနစ်တွင် အင်တာနက်သုံးစွဲခများကို GSM တယ်လီဖုန်းများအတွက် တစ်မိနစ်လျှင် ၂ ကျပ်နှုန်းနှင့် WCDMA/CDMA 800 တယ်လီဖုန်းများတွင် တစ်မိနစ်လျှင် ၄ ကျပ် နှုန်း ကောက်ခံ ခဲ့ပါသည်။ ထို့အတွက်ကြောင့် GSM တယ်လီဖုန်းဖြင့် အင်တာနက် သုံးစွဲမည် ဆိုပါက တစ်နာရီလျှင် ၁၂၀ နှုန်းကျသင့်ပြီး ၂၄ နာရီ တစ်ရက်လျှင် ငွေကျပ် ၂၈၈၀ ရှိခဲ့သည်။ WCDMA/CDMA 800 တယ်လီဖုန်းများဖြင့် အင်တာနက် သုံးမည်ဆိုပါက တစ်နာရီလျှင် ငွေကျပ် ၂၄၀ ကျသင့်ပြီး ၂၄ နာရီ အချိန်ပြည့် အင်တာနက် ဖွင့်ထားမည် ဆိုပါက တစ်ရက်လျှင် ငွေကျပ် ၅၇၆၀ ကျသင့်ခဲ့ပါသည်။

ပြောင်းလဲလိုက်သော ပုံစံသည် နိုင်ငံတကာ ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက လက်သင့်ခံနိုင်ဖွယ် ရှိသည်ဟူသော ပြောဆိုမှုများရှိသော်လည်း
မြန်မာနိုင်ငံ၏ တစ်ဦးချင်း ၀င်ငွေဖြင့် နှိုင်းယှဉ်ပါက နှုန်းထားများကို
လျော့ချပေး သင့်သည် ဟူသော အမြင်များလည်း ရှိခဲ့ပါသည်။

အထူးသဖြင့် Plan-A ဟု သတ်မှတ်ထားသော Unlimited Data Plan အတွက် 100 Kbyte အသုံးပြုတိုင်း မြန်မာငွေ(၂)ကျပ် ကောက်ခံမည် ဆိုသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

"နိုင်ငံတကာမှာ လည်း အင်တာနက် အသုံးပြုခကို Volume ပုံစံနဲ့
သွားတယ်။ ဒါပေမယ့် သူတို့ ဆီမှာ မိုဘိုင်းဖုန်း အင်တာ နက်ခတွေ
ဈေးကြီးတယ် ဆိုတာက အိမ် တွေမှာ အင်တာနက်ကို ဈေး သက်သက် သာသာနဲ့ သုံးနိုင်အောင် လုပ်ပေး ထားတာ။ ဒီမှာက အဲဒီလိုမဟုတ်ပဲ
နိုင်ငံတကာ ဈေးနှုန်းနဲ့လိုက်ယူလို့ရမလား။ ပြည်တွင်းမှာက ဝင်ငွေတွေ ဒီလောက် မကောင်းတော့ အဲဒီလိုလုပ်လို့မရဘူး ဈေးနှုန်းကို နည်းနည်းတော့စဉ်းစားသင့်တယ်။ Movie တစ်ပုဒ်ဆိုရင်တောင်မှ 600MB လောက် ရှိတာဆိုတော့ 200 Kybte လောက်က ဘာမှသုံးလို့
ရမှာမဟုတ်ပါဘူး" ဟု ကိုညီညီ(သံလွင်)က ပြော ကြားသည်။

"Plan-A မှာ ကောက်ခံထားတဲ့ ဈေးက ပုံမှန် အင်တာနက် သုံးစွဲနေသူတွေ အတွက် Time Based Charging ထက်ဈေးပို များနေတယ်လို့
ပြောလို့ရတယ်၊ 100 Kbyte မှာ ၂ကျပ်က ပိုဆိုးတယ်။ Volume Based Charging နဲ့ ကောက်တာက အဆင် ပြေပေမယ့် ကောက်တဲ့ နှုန်း
ထားတော့ ပြင်ဖို့လိုပါတယ်။ ဒီနှုန်းနဲ့ သာဆို အဆင်မပြေမှာ မဟုတ်ဘူး" Fairway Web Development မှ Project Manager ကိုအိမောင်က
ပြောသည်။

"Volume Based နဲ့ကောက်တာက ကောင်းပေမယ့် သူတို့ပြောနေတဲ့
နှုန်းထားက ဈေးနည်းနည်းများနေ ပါတယ်။ Kbyte တိုးသွားတိုင်း ထပ်တိုး ကောက်တာက များများသုံးတဲ့သူ တွေအတွက် မကောင်းဘူး။
100 Kbyte တိုးတိုင်း ၂ ကျပ်ဆိုတော့ အသုံးပြုမှု များတဲ့အခါ မီတာ တက်သလိုမျိုး တက်နေမှာဆိုတော့ အဆင်မပြေဘူး။ Download အများကြီး သုံးတဲ့ သူတွေ အတွက် ဘယ်လိုမှ အဆင်မပြေ နိုင်ဘူး။ဈေးနှုန်း
လျှော့သင့်ပါတယ်" ဟု SM3 ကိုတင်မျိုးဟန်က ပြောကြားသည်။

"၀က်ဘ်ဆိုက် တစ်ခုကို တန်းဖွင့်တာနဲ့တင် သုံးလေးကျပ်တန်းထွက်သွား မှာ။ Gmail နဲ့ပို့လိုက်တဲ့ ပုံတစ်ပုံကို ဆွဲချ လိုက် လို့ ပုံတစ်ပုံက 1Mbyte လောက်ရှိရင် ကိုယ်က ပေးရတော့မှာလေ။ ဥပမာ MP3 တစ်ပုဒ် ဒေါင်းရင် ၁၀ဝလောက် ကျမယ်။ နောက်ပြီး ကွန်နက်ရှင် speed မကောင်းလို့ ဒေါင်းနေတဲ့ ဖိုင်တစ်ဖိုင် တစ်ဝက် တစ်ပျက်ဖြစ်နေရင်လည်း ပိုက်ဆံက ဖြတ်သွားမှာပဲ။ speed ကောင်းနေရင်တော့ ပေးရကျိုးနပ် ပါတယ်။ 3G သာပြောနေတယ် လိုင်း က ဘယ်နေရာမှ ကောင်း
ကောင်းမမိဘူး။ 3G Speed နဲ့သုံးမရတော့ ပိုက် ဆံက တတိတိနဲ့
ကုန်နေတယ်။ကွန် နက်ရှင် မကောင်းတော့ Youtube ကြည့်ချင်တာမျိုးဆို တစ်ခါကြည့်တယ်။ မရတော့နောက် တစ်ခေါက် ထပ်ကြည့်ရင် ပိုက်ဆံက ထပ်ကုန်တယ်" ဟု Yangon Heartz media & business solution မှ ကိုဇော်ဇော်မျိုးလွင်က ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း မိုဘိုင်းဖုန်း အင်တာနက်သည် မိုဘိုင်းဖုန်းတွင် အင်တာနက် အသုံးပြုရန် အတွက်သာ ဖြစ်သည့် အတွက် မိုဘိုင်းဖုန်းတွင်သာ ယခု သတ်မှတ်လိုက်သော နှုန်းထားများဖြင့် အင်တာနက် ကြည့်မည်ဆိုပါက များသည်ဟု မဆိုနိုင်ကြောင်း သုံးသပ်မှုများရှိပါသည်။ သို့သော် လက်ရှိမြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ခနှုန်းထားများ ကြီးမြင့်သဖြင့် မိုဘိုင်းဖုန်းအင်တာနက်ကို ကွန်ပြူတာဖြင့် ချိတ်ဆက်၍ သဘာဝမကျသော သုံးစွဲမှုမှာ တွင်ကျယ်နေသဖြင့် မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများက အင်တာနက်သုံးစွဲသူ အားလုံးကို ရိုက်ခတ်နိုင်ကြောင်း သိရသည်။

ထို့အပြင် ယခု ပြောင်းလဲကောက်ခံခဲ့သော ပုံစံသည် ရှင်းလင်းမှု မရှိဘဲ ရှုပ်ထွေးမှုများ ရှိနေသည် ဆိုသော သုံးသပ်မှုများ လည်း ထွက်ပေါ်ခဲ့ပါသည်။

"နိုင်ငံတကာမှာ သုံးတဲ့ Unlimited Data Plan ဆိုတာက ပုံစံတစ်မျိုး၊ ဥပမာ အမေရိကန်မှာဆိုရင် Unlimited Data Plan အတွက် ဒေါ်လာ ၂၀ ပေးရမယ်။ ပေးပြီးရင် ကြိုက်သလောက် သုံးပဲ။ နိုင်ငံတကာမှာ သုံးတဲ့ Unlimited Data Plan နဲ့ အခု ပြောတဲ့ Unlimited Data Planက မတူသလိုပဲ။ Plan-B နဲ့ Plan-C ကိုတော့ ဖြစ်သင့်တဲ့ နှုန်းထားတစ်ခုလို့ပဲ ကျွန်တော် မြင်တယ်။ နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ Unlimited Data Plan ဆိုတာ ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ကြိုက်သလောက် သုံးဆိုတဲ့ ပုံစံမျိုးပါ”ဟု Mother Home Network မှ မန်နေဂျာ ကိုထွန်းမြင့်က
ပြောသည်။

"သုံးစွဲသူတွေကို ရွေးချယ်ခွင့် မပေးတော့ဘူးလား။ အခု ပြောတဲ့ ပုံစံကို မလိုချင်လို့ အရင် အတိုင်း သုံးချင်တယ်ဆိုရင်ကော ဆက်ပေးမှာလား။ ထိုင်းမှာ ဆိုရင်တော့ ပုံစံနှစ်မျိုးစလုံးနဲ့ သုံးလို့ရတယ်။ အိမ်မှာ အင်တာနက်ရှိလို့၊ ရုံးမှာ အင်တာနက်ရှိလို့ မိုဘိုင်းအင်တာနက်ကို တစ်ရက်ပဲ သုံးချင်တယ်ဆိုတဲ့ အစီအစဉ်လည်း ထိုင်းမှာရှိတယ်။ SMS တစ်စောင် ပို့လိုက်ရုံပဲ။ ဒီမှာ တော့ အဲတာကို မတွေ့ဘူး”ဟု Myanmars Net မှ မန်းနေးဂျင်း ဒါရိုက်တာ ဦးဇော်ထွဋ်က ပြောသည်။

လစဉ်ကြေးငွေကျပ် ၁၅၀၀ ပေးသွင်းပြီး Plan-B ဖြင့် အင်တာနက် သုံးစွဲမည်ဆိုပါက နေ့စဉ် နာရီပိုင်းမျှ မိုဘိုင်းဖုန်းဖြင့် အင်တာနက် သုံးစွဲသူများ အတွက် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ဦးဇော်ထွဋ်က ဆက်လက်
ပြောကြားခဲ့သည်။

အင်တာနက် ၀က်ဘ်ပေ့ခ်ျတစ်ခုကို အနည်းဆုံး 100 Kybte ရှိပြီး အများဆုံး 1 Mybte ရှိတတ်သည့်အတွက် Plan-B ဖြင့် 1Mbyte ၀က်ဘ်ပေ့ခ်ျ စာမျက်နှာ ၂၀၀၀ ခန့် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။

"၀က်ဘ်ပေ့ခ်ျ တစ်ခုကို ကြည့်ရင် 100 Kbyte အနိမ့်ဆုံး ရှိတယ်။ အများဆုံး 1 Mbyte အထိ ရှိမယ်။ ဒါကြောင့် လစဉ်ကြေး ၁၅၀၀ ပေးပြီး 200 Mbyte ယူထားတဲ့ သူဆိုရင် ၀က်ပေ့ခ်ျ အခု ၂၀၀၀ လောက်တော့ ကြည့်လို့ရမယ်။ ဂျာနယ်တွေ Download ဆွဲချင်တဲ့ သူဆိုရင်တော့ ဥပမာ- Eleven ကို Download ဆွဲမယ်။ ၀က်ဘ်ဆိုက်ကို သွားဖို့ အတွက် 1 Mbyte ကုန်မယ်။ Eleven က သူတို့ ဂျာနယ်ကို 4 MB လောက်ထိ ချုံ့ထားနိုင်တယ်။ အဲဒီအတွက် ဂျာနယ်တစ်စောင် Download ဆွဲဖို့ 5 Mbyte ကုန်မယ်။ 200 Mbyte ယူထားတဲ့သူက Eleven ဂျာနယ်တွေကို အကြိမ် ၄၀ လောက် Download ဆွဲလို့ရမယ်။ Connection မကောင်းလို့ တစ်ဝက်မှာ ပျက်ကျပြီး ပြန်ဆွဲရင်ရင် ပိုကုန်နိုင်တယ်။ 7 Days တို့ The Voice တို့ကို Download ဆွဲရင် ဂျာနယ် တစ်စောင်ကို 25 MB လောက်အထိ ရှိတယ်။ ၀က်ဘ်ဆိုက်ကို သွားရတာက 1Mbyte၊ 26 Mbyte လောက်ကုန်မယ်။ ခုနှစ်စောင် လောက်ပဲ ဆွဲလို့ရမယ်။ 200 Mbyte ယူထားတဲ့ သူတွေအတွက်တော့ အင်တာနက် အချိန်ပြည့် မကြည့်ဘဲ သတင်းကြည့်ရုံလောက်က အဆင်ပြေတယ်။ အင်တာနက်နဲ့ အလုပ်လုပ်မယ် ဆိုရင်တော့ အဆင် မပြေနိုင်ပါဘူး”ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသော Mobile developer တစ်ဦးက ပြောသည်။

သို့သော် Plan-B ဖြင့် နေ့စဉ် အချိန်ပြည့် အင်တာနက် သုံးစွဲမည် ဆိုပါက အဆင်မပြေနိုင်ဘဲ Plan-C ဖြင့်သာ အဆင်ပြေမှု ရှိနိုင်ကြောင်း Fairway Web Development မှ Project Manager ကိုအိမောင်က ပြောပါသည်။

"၀က်ဘ်ဆိုက် တစ်ခုကို 1 Mbyte လောက်ကုန်မယ်။ သူ့မှာ ရှိနေတဲ့ link တွေကို ထပ်သွားရင် ထပ်ပြီး ကုန်မယ်။ နောက် Facebook တို့ ဘာတို့မှာဆိုရင် Network traffic က ရှိတယ်။ Plan B ကို ယူပြီး အင်တာနက် အရမ်းသုံးမယ့် သူ အတွက်ကတော့ 200MB က ဘာမှတောင် သိပ်သုံးလို့မရပါဘူး၊ Facebook တို့ Gmail တို့ပဲ သုံးရင်တောင် တစ်ပတ်။ နှစ်ပတ်လောက်နဲ့ ကုန်သွားနိုင်တယ်။ အင်တာနက်ကို မိုဘိုင်းဖုန်းနဲ့ ရံဖန်ရံခါသုံးတဲ့သူက ပြဿနာမရှိပေမယ့် ပုံမှန်သုံးတဲ့ သူ 1GB လောက် ယူမှသာ အဆင်ပြေနိုင်မယ်" ကိုအိမောင်က ပြောသည်။

ထို့အပြင် မိုဘိုင်းဖုန်း အင်တာနက်ကို မိုဘိုင်းဖုန်းဖြင့် အသုံးပြုရုံသာမက ကွန်ပြူတာဖြင့် ချိတ်ဆက် အသုံးပြုသူများ အနေ ဖြင့် Plan-B ဖြင့် လုံလောက်မှု မရှိနိုင်ကြောင်း သိရသည်။

"အင်တာနက်ကို မိုဘိုင်းဖုန်းနဲ့ပဲ ကြည့်ပြီး သုံးမယ်ဆိုရင် အများကြီး မကုန်နိုင်ဘူး။ တစ်ချို့ ၀က်ဘ်ဆိုက်တွေက မိုဘိုင်း Version လုပ်ထားတာ ဖြစ်တဲ့အတွက် အဆင်ပြေတယ်။ Mybte အများကြီး မကုန်နိုင်ဘူး။ မိုဘိုင်းဖုန်းနဲ့ အင်တာနက် မသုံးဘဲ ကွန်ပြူတာနဲ့ ချိတ်ပြီး သုံးမယ်ဆိုရင်တော့ ပိုပြီး ကုန်နိုင်တယ်”ဟု ကိုအိမောင်က ဆက်လက် ပြောပြသည်။

မိုဘိုင်းဖုန်းဖြင့် Facebook သုံးစွဲသူများအနေဖြင့်မူ Facebook စာမျက်နှာ တစ်ခု ဖွင့်ပါက 500 Kbyte ခန့် Data Usage အသုံးပြုရမည် ဖြစ်ကာ အဆိုပါ စာမျက်နှာကို တစ်ကြိမ် refresh လုပ်ပြီး ပြည့်ကြည့်တိုင်း 150 Kbyte ထပ်မံ ကုန်မည် ဖြစ် သည်။ ထို့အပြင် ပထမ စာမျက်နှာအပြီး See More ကို ဆက်လက် click လုပ်ပြီး ကြည့်ရှုမည် ဆိုပါက ကြည့်ရှုသလောက် Data Usage ကုန်ကျမည် ဖြစ်ပါသည်။

မိုဘိုင်းဖုန်းဖြင့် အင်တာနက် ပုံမှန်သုံးစွဲသူ များအတွက် လစဉ်ငွေကျပ် ၇၀၀၀ ပေးသွင်းရသော Plan-C က အဆင် ပြေနိုင်မည် ဖြစ်ကြောင်း မှန်းဆမမှုများ ရှိနေသည့်နည်းတူ ပြောင်းလဲလိုက်သော ပုံစံအရ မိုဘိုင်းဖုန်းအင်တာနက်ဖြင့် Skype၊ Viber အစရှိသော VOIP သုံးစွဲသူများအတွက် ထိခိုက်မှု မရှိနိုင် ကြောင်း သုံးသပ်မှုများရှိသည်။

"အဓိကအချက်က ကိုယ်သုံးတဲ့အပေါ်မှာ မူတည်တယ်။ flash ဖိုင်တွေအများကြီးပါတဲ့၊ ဗီဒီယိုဖိုင်တွေ အများကြီးပါတဲ့၊ ဓာတ်ပုံတွေ အများကြီးပါတဲ့ ၀က်ဘ်ဆိုက်တွေကို ကြည့်ရင်တော့ များများ ကုန်နိုင်တယ်။ text များများပါတဲ့ ၀က်ဘ်ဆိုက် ဆိုရင်တော့ မထိခိုက်နိုင်ဘူး။ Skype တို့၊ Viber တို့ သုံးတဲ့လူတွေတော့ မထိခိုက်နိုင်ဘူး။ Voice Data က ပုံမှန်အားဖြင့် တစ်စက္ကန့်ကို 20 Kbyte လောက် ကုန်တယ်။ Video chat လုပ်မယ်ဆိုရင် တစ်စက္ကန့်ကို အနည်းဆုံး 75 Kbyte ကနေ 100 Kbyte လောက်အထိ ကုန်မယ်”ဟု Mother Home Network မှ ကိုထွန်းမြင့်က ပြောသည်။

မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုသူများ၏ Facebook လူမှုကွန်ယက် စာမျက်နှာဖြစ်သော Myanmar Mobile App Store တွင်မူ ယခု ပြောင်းလဲလိုက်သော စနစ်အရ VOIP အသုံးပြုသူများ ကုန်ကျနိုင်မည့် ခန့်မှန်းကျသင့်ငွေကို တွက်ချက်ပြထားခဲ့ပါ သည်။

"ဖုန်း အင်တာနက်ကို အသုံးပြုပြီး Viber အသုံးပြုမယ့် သူများသိရှိထားဖို့ပါ။ ဖုန်း အင်တာနက်ကို အသုံးပြုပြီး Viber ပြော မယ် ဆိုရင် တစ်မိနစ်ကို 240 Kybte နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPT က သတ်မှတ်ထားတဲ့ ယာယီနှုန်းနဲ့ဆို ဖုန်း အင်တာနက်နဲ့ Viber ပြောလိုက်ရင် တစ်မိနစ်ကို ၅ ကျပ် ကျမှာဖြစ်ပါတယ်။ ဖုန်းအင်တာနက်နဲ့ Skype နဲ့ Video Call ပြောမယ် ဆိုရင် တစ်မိနစ်ကို 6 Mybte နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPT က ယာယီ သတ်မှတ်ထားတဲ့ နှုန်း နဲ့ဆို ဖုန်းအင်တာနက်နဲ့ Skype ပြောလိုက်ရင် တစ်မိနစ်ကို ၁၂၀ ကျပ်ကျပါလိမ့်မယ်" ဟု Myanmar Mobile App Store တွင် ရေးသားထားသည်။

"မြန်မာ့ဆက်သွယ်ရေးမှ Plan (၃) မျိုးနှင့်ပတ်သက်၍ ကျွန်တော်တို့အား
မြန်မာမိုဘိုင်း App ရဲ့ Fans များက မရှင်းလင်းသောကြောင့်
မေးမြန်းမှုများရှိနေပါသည်။ Plan (၃)မျိုးတွင် Plan (၁) မှာ မိုဘိုင်း data သုံးစွဲနှုန်း 100 KB လျှင် ၂ကျပ်နှုန်းကောက်ခံသွားမည်ဖြစ်သည် ကြိုက်သလောက် သုံးကျသလောက်ပေး ဟုသတ်မှတ်ထားသည်။ Plan (၂) နှင့် Plan (၃) မှာ 200 MB ရှိသည့် ပမာဏတို့ ဘာတို့ညာတို့ သတ်မှတ်ထား သော်လည်း 200 MB ထက် ကျော်သွားလျှင်လည်း Plan (၁) ကဲ့သို့ 100 KB လျှင် ၂ ကျပ်နှုန်းနဲ့ဆက်လက် ကောက်ခံမည်
ဖြစ်သောကြောင့် အများပြည်သူတို့ မှတ်သားရမည်မှာ Plan ၃ မျိုးစလုံးမှာ ကြိုက်သလောက် သုံးကျသလောက်ပေးများပင် ဖြစ်ပါသည်"ဟု Myanmar Mobile App Store ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်မူ ယခုပြောင်းလဲလိုက်သော ပုံစံဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင် ကျင့်သုံးမည် ဖြစ်ပြီး မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် မိမိတို့ ရွေးချယ်မည့် အစီအစဉ်အတွက် ရန်ကုန်မြို့ ပန်းဆိုးတန်း မိုဘိုင်း ဆက်သွယ်ရေးရုံး၊ အလုံ မိုဘိုင်းဆက်သွယ်ရေးရုံး ၊
ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးရုံးနှင့် ပြည်နယ်၊ တိုင်း မန်နေ ဂျာရုံးများမှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး ဆက်သွယ် ရန် ဆန္ဒပြုခြင်းမရှိသော မိုဘိုင်း အင်တာနက် သုံးစွဲသူများကို Plan- A(Unlimited Data Plan) ဖြင့်
ကောက်ခံပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲသူ အရေအတွက် ၄၅၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး ဆက်သွယ်ရေး ဥပဒေမူကြမ်း ကို ထုတ်ပြန်ထားပြီး ဖြစ်ကာ အဆိုပါ ဥပဒေမူကြမ်းသည်လွတ်လပ်စွာပြောဆိုခွင့်နှင့် နိုင်ငံသား
တစ်ဦးချင်းစီ၏ လွတ်လပ်မှုကို ထိပါးနေသဖြင့် ဝေဖန်မှုများ ထွက်ပေါ်
ခဲ့သည့်အပြင့် ပြင်ဆင်မှုပြုလုပ်ရန် တိုက်တွန်းမှုများလည်းရှိနေပါသည်။

Eleven Media Group
 
 
 
အင်တာနက် သုံးစွဲ ခ တိုး မြှင့် ကောက်ခံ ခြင်း အတွက် သောကြာနေ့  တွင် အင်တာနက် သုံးစွဲသူ များ က ဆန္ဒထုတ် ဖော် ကန့် ကွက် သွား မည်
ဟု သိရသည်။

အင်တာနက် သုံးစွဲ ကြေး
တိုး မြှင့် လာ သော် လည်း အင်တာ
နက် မြန် နှုန်း မှာ တိုးမြှင့် လာ ခြင်း မရှိ ကြောင်း ဆန္ဒထုတ် ဖော်
ရာ တွင် ခေါင်းဆောင် မည့် သူ တစ်ဦး က ပြောကြား သည်။

No comments: