Sunday, November 25, 2012

အခြေခံရပိုင်ခွင့်မှ မရှိခဲ့တော့ဘူး ဆိုရင်----


by Aung Moe Win on Thursday, 22 November 2012 at 21:05 ·
မြန်မာနိုင်ငံမှာတော့ လက်ပံတန်းတောင် ကာကွယ်ရေးလှုပ်ရှားမှု၊ ကမ္ဘောဒီးယားမှာတော့ SOS တဲ့။
လွတ်လပ်တဲ့အာရှအသံ ရဲ့ နိုဝင်ဘာ (၂၂ ) ရက်နေ့ညပိုင်းမှာ တင်ဆက်ခဲ့ တဲ့ ဆောင်း ပါးလေးပါ။

သောတရှင်များခင်ဗျား
ကမ္ဘောဒီးယားနိုင်ငံကို တရစပ်ဗုံးကြဲခဲ့တဲ့ ၁၉၆၉- ၇၃ ကာလတွေကို မှတ်မိကြပါလိမ့်မယ်။ ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ ခြေကုပ်ယူဖို့ကြိုးစားခဲ့တဲ့ ခမာနီကွန်မြူနစ်တွေ နဲ့ ဗီယက်ကောင်းတွေကို တားဆီးချင်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နဲ့ မြောက် ဗီယက်နမ်ကွန်မြူနစ်တွေကြားက အပြန်အလှန်ဗုံးကြဲမှုဆိုရင် မမှားပါဘူး။ သမိုင်းပညာရှင်တချို့ကတော့ အမေရိကန်သမ္မတ ရစ်ချပ်နစ်ဆင်ရဲ့ မဟာဗျူဟာကျကျ ကွန်မြူနစ်တားဆီးရေးမူအဖြစ် ကမ္ဘောဒီးယားနိုင်ငံတွင်းကို ဝင်ရောက်စွက်ဖက်ဗုံးကြဲမှုဟာ ခမာပြည်သူ့သမ္မတနိုင်ငံတော်ကို ထိန်းသိမ်းနိုင်ခဲ့တယ် လို့ ဆိုကြသလို၊ သမိုင်းဆရာတချို့ကတော့ ကမ္ဘောဒီးယားနိုင်ငံကို ဗုံးကြဲမှုကြောင့် လယ်သမားအများအပြားဟာ ကွန်မြူနစ်အုပ်စု နဲ့ ပိုမိုနီးစပ်သွားပြီး ခမာနီပျောက်ကြားတွေရဲ့ အင်အားပိုမိုအားကောင်းလာခဲ့တယ် လို့ဆိုပါတယ်။ ဒီလိုနဲ့
ခမာနီကွန်မြူနစ်တွေရဲ့ ရက်ပေါင်း ၁၁၇ ရက်ကြာတဲ့ အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံး စစ်ဆင်ရေးတခုကို ဆင်နွဲပြီးတဲ့အခါမှာတော့ ၁၉၇၅ မှာ ခမာသမ္မတနိုင်ငံတော် ပျက်သုဉ်းခဲ့ပါတယ်။ ဒီမိုကရက်တစ် ကမ်ပူးချားနိုင်ငံကို တည်ထောင်ခဲ့ကြပါတယ်။ ကမ္ဘာမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ခမာနီကွန်မြူနစ်ခေါင်းဆောင် ပိုးပေါ့ ရဲ့ လူသတ်ကွင်းတွေကို မြင်တွေ့ခဲ့ကြရပါတော့တယ်။

၁၉၇၇ မှာ ခမာနီကွန်မြူနစ်တွေကြား အကွဲအပြဲတွေစတင်လာခဲ့တယ်။ တပ်ရင်းမှူးတချို့နဲ့ ပါတီကေဒါအများအပြား ဗီယက်နမ်နိုင်ငံဆီကို ထွက်ပြေးခိုလှုံသွားကြတယ်။ ၁၉၇၈ မှာတော့ ဗီယက်နမ်စစ်တပ်ဟာ ကမ္ဘောဒီးယားနိုင်ငံတွင်းကို ကျူးကျော်ဝင်ရောက်လိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံတွင်းမှာ ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ခမာနီကွန်မြူနစ်ဟောင်းတွေရဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း ကမ္ဘောဒီးယားကို သိမ်းပိုက်လိုက်ပြီး၊ ကမ်ပူးချားပြည်သူ့သမ္မတနိုင်ငံတော်အဖြစ်
ကြေငြာလိုက်ပါတော့တယ်။  ကမ္ဘောဒီးယားပြည်တွင်းစစ်ပွဲတွေကလည်း ပြင်းထန်လာခဲ့ပြန်ပါတယ်။ အာဏာရအစိုးရအဖွဲ့အတွင်းမှာ စစ်ခေါင်းဆောင် ဟွန်ဆန်ဟာ ၁၉၇၉ မှ ၁၉၈၅ အထိ ဝန်ကြီးချုပ်ရာထူးကို ယူပြီး ကမ်ပူးချားပြည်သူ့သမ္မတနိုင်ငံတော်ကို ဦးဆောင်ခဲ့ပါတယ်။

ပြည်တွင်းစစ်ပွဲတွေကို ရပ်ဖို့အတွက် ကုလသမဂ က ဦးဆောင်ပြီး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တယ်။ မတူညီတဲ့နိုင်ငံရေးအုပ်စု သုံးစုပေါင်းပြီး ညွှန့်ပေါင်းအစိုးရဖွဲ့တယ်။ အိမ်ရှေ့မင်းသား ရာနာဒစ် တို့အုပ်စုကလည်း ဟွန်ဆန် ဟာ ဗီယက်နမ်ရုပ်သေးရုပ်တရုပ်ဖြစ်တယ် ဆိုပြီး၊ ရာထူးကနေ ဖြုတ်ချဖို့ကြိုးစားတယ်။ ဟွန်ဆန်ကလည်းလက်တုန့်ပြန်တဲ့အနေနဲ့ ၁၉၇၉ စစ်အာဏာသိမ်းပွဲကိုပြုလုပ်လိုက်တယ်။ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့ပေမဲ့ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ ကသာ အထက်လွှတ်တော်နဲ့အောက်လွှတ်တော် နှစ်နေရာလုံးမှာ အများဆုံးသိမ်းပိုက်ထားခဲ့ကြတယ်။

ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်ဆိုသူရဲ့ ခက်ထန်မာကြောတဲ့ကောက်ချက်တွေဟာ လူတွေကို စိတ်မသက်မသာဖြစ်စေခဲ့ပါတယ်။ သူဟာ ခမာနီတွေကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ရုံးတင်စစ်ဆေးဖို့အတွက် အကြောက်အကန်ငြင်းဆန်ခဲ့သလို၊ သူ့လက်ထက်မှာအတိုက်အခံနိုင်ငံရေးသမားအများအပြား နှိပ်စက်ဖမ်းဆီး၊ သတ်ဖြတ်ခံခဲ့ရပါတယ်။ အာရပ်နွေဦးလူထုလှုပ်ရှားမှုကာလတုံးကဆိုရင် ကျနော်က အတိုက်အခံတွေကို အင်အားနည်းအောင်လုပ်ပစ်ရုံသာ မကဘူး။ သူတို့ကို သေတဲ့အထိ ချေမှုန်းပစ်မယ်။ ဆန္ဒပြပွဲတွေကို သတ္တိရှိရင် လုပ်ကြည့်ပါ။ အဲ့ဒီခွေးတွေအားလုံးကို ရိုက်နှက်ပြီး ထောင်ထဲထည့်ပစ်လိုက်မယ် လို့ ပြောင်ပြောင်တင်းတင်းခြိမ်းခြောက်ခဲ့ပါတယ်။

ဟွန်ဆန်က ပြောတဲ့အတိုင်း ရက်စက်ခဲ့သူပါ။ ရွေးကောက်ပွဲကာလတွေမှာ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်တွေဟာ အသေဆိုးနဲ့သေဆုံးခဲ့ရသလို၊  အလုပ်သမားသမဂ ခေါင်းဆောင်တွေ၊ သတင်းထောက်တွေဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ အစိုးရအရာရှိတွေကို စုံစမ်းအရေးယူမှုမလုပ်ပဲ ရာထူးတိုးပေးခဲ့ပါတယ်။ ပုဂလိက ကုမ္မဏီကြီးတွေထံ လယ်သမားတွေရဲ့ မြေတွေ အများအပြားရောင်းချပြီး အဂတိလိုက်စားမှုတွေနဲ့ ချမ်းသာနေခဲ့ပါတယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ ကမ္ဘောဒီးယား ဘာသာအစီအစဉ်မှာ တာဝန်ယူလုပ်ကိုင်ခဲ့ဘူးသူ မန်ဆိုနန်ဒို ဟာ ဟွန်ဆန်အစိုးရရဲ့ ခြစားအကျင့်ပျက်မှုတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။


ဟွန်ဆန်က ပြည်ပမှာရောက်နေတဲ့ နိုင်ငံရေးသမားတွေကို ကမ္ဘောဒီးယားနိုင်ငံရေးမှာ ပြန်လည်ပါဝင်ကြဖို့အတွက်ဖိတ်ခေါ်ခဲ့ဘူးပါတယ်။ မန်ဆိုနန်ဒို ဟာ ကမ္ဘောဒီးယားနိုင်ငံတွင်းကို ပြန်သွားခဲ့ပါတယ်။ အသက် (၇၁) နှစ်အရွယ်ရှိတဲ့ မန်ဆိုနန်ဒို ကို ဖနွမ်းပင် တရားရုံးကနေ  ထောင်ဒဏ်အနှစ် (၂၀) ချပြီး အရေးယူလိုက်ပါတယ်။ ထို့အတူပဲ အတိုက်ခံခေါင်းဆောင်တဦးဖြစ်သူ ဆန်ရမ်ဆီ ဟာ အကြိမ်ကြိမ်လုပ်ကြံခံခဲ့ရ၊ ခြိမ်းခြောက်ခံခဲ့ရပါတယ်။ နောက်ထပ်ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်မရအောင် ထောက်ဒဏ် (၁၂) နှစ်ချပြီး၊ ရာဇဝတ်မှုတွေနဲ့ချည်နှောင်တားဆီးထားခဲ့ပါတယ်။ တကယ်တော့ ဟွန်ဆန်ဟာ အဆိုးဝါးဆုံး အာဏာရှင် (၁၀) ယောက်အနက် တယောက်အပါအဝင်ဖြစ်တယ်။

သောတရှင်များခင်ဗျား
အမေရိကန်သမ္မတ ဘရက်အိုဘားမားကတော့ သမ္မတအဖြစ် ဒုတိယအကြိမ်ပြန်လည်ရွေးချယ်ခံရတဲ့ ညမှာ ကျနော်တို့ရရှိနေရတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို စကားပြောခွင့်ရဖို့အတွက် လူတချို့ဟာ သူတို့ဘဝတွေကို အသက်ရင်း စွန့်စားလုပ်ကိုင်နေရတာကို ကျနော်တို့ဘယ်တော့မှ မမေ့ဖို့လိုပါတယ် လို့ဆိုခဲ့ဘူးပါတယ်။ မြန်မာနိုင်ငံဆီကို အလည်ခရီးရောက်နေစဉ်မှာပဲ လက်ပံတောင်ခြေမှာ မြေသိမ်းခံရတဲ့ လယ်သမားတွေဟာ သူတို့ရဲ့ဘဝတွေကိုခံစားနိုင်ဖို့အတွက် သပိတ်တိုက်ပွဲဆင်နွဲနေခဲ့ကြပါတယ်။ ထို့အတူပဲ ကမ္ဘောဒီးယားနိုင်ငံဆီက လယ်သမားတွေကလည်း SOS သတင်းစကားတွေနဲ့ သူတို့ရဲ့ နာကျင်မှုတွေ အမေရိကန်သမ္မတမြင်စေအောင် ရေးထိုးအချက်ပြနေကြပါတယ်။ သောတရှင်တို့လည်း တယောက်ကိုတယောက်စာနာနားလည်ရင်းနဲ့ အခြေခံလူ့အခွင့်အရေးတွေကို ပိုင်ဆိုင်စေမဲ့ အနာဂတ်ဆီ လျှောက်လှမ်းနိုင်ကြပါစေ။
မှတ်ချက်
ဂ နှစ်လုံးဆင့်တွေကိုတော့ နားလည်ပေးပြီးတော့ ဖတ်ကြစေချင်ပါတယ်။ ကွန်ပြူတာ မှာ အဲ့ဒီစာလုံးရိုက်တိုင်း ဒုက္ခရောက်နေတယ်။

No comments: