Monday, December 17, 2012

သီလ၀ါ အထူးစီးပွားရေးဇုန်

ဧရိယာ ၂၄၀၀ ဟက်တာရှိသော သီလ၀ါအထူးစီးပွားရေးဇုန်အား ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ရန် အတည်ပြု ဂျပန်မှ လုပ်ငန်းရှင်အဖွဲ့နှင့် မြန်မာလုပ်ငန်းရှင်တို့ ပေါင်းကာ ဟက်တာ ၄၅၀ အား ပထမဆင့် အနေဖြင့် အကောင်အထည် ဖော်မည်ဖြစ်ပြီး လုပ်သားအင်အား ၄၅၀၀၀ အထိ အလုပ်အကိုင်ရရှိမည်

Tuesday, 18 December 2012
ဧရိယာ ၂၄၀၀ ဟတ်တာ ရှိသော သီလ၀ါ အထူးစီးပွားရေးဇုန်အား ၂၀၁၃ ခုနှစ်တွင် စတင် တည်ထောင် ရန်အတွက် အတည်ပြုပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်ဦးမှ ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် နှစ်ဖက်လုပ်ငန်းရှင်များ ဆွေးနွေး ညှိနှိုင်းသည့် အခမ်းအနားတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများနှင့် ဥပဒေများ အကြောင်း ရှင်းလင်းပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအကြောင်း ထည့်သွင်းရှင်း လင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော်ရာတွင် အဆင့် ၃ ဆင့် သတ်မှတ် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
ပထမဆင့်အနေဖြင့် ဟတ်တာ ၄၅၀ အား စတင်ကာ အကောင်အထည် ဖော်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပထမဆင့်အား အပြီးသတ်လုပ်ကိုင်မည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြား ခဲ့ပါသည်။

''သီလ၀ါ အထူးစီးပွားရေးဇုန်ကို ၂၀၁၃ မှာ စတင်ပြီးတော့ အကောင်အထည်ဖော်ပါမယ်။ ဂျပန်နိုင်ငံက ကုမ္ပဏီတွေ စုပေါင်းထားတဲ့အဖွဲ့နဲ့ မြန်မာဘက်က ကုမ္ပဏီတွေ ပေါင်းထားတဲ့ အဖွဲ့နှစ်ခုပေါင်းပြီး ၂၀၁၃ မှာ စပြီး အကောင်အထည်ဖော်မှာပါ။ အဆင့် ၃ ဆင့်နဲ့ အကောင်အထည်ဖော်မှာပါ။ ပထမဆင့်ကို ၂၀၁၃ မှာ စပြီးလုပ်မယ်။ ပထမဆင့်မှာ ဟက်တာ ၄၅၀ ကိုစပြီး လုပ်မှာဖြစ်သလို ၂၀၁၅ ခုနှစ်မှာ ပထမဆင့်ကို အပြီးလုပ်မယ်''ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး မှ ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် သီလ၀ါအထူးစီးပွားရေးဇုန် ဥပဒေကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် စတင်ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အား လုပ်ကိုင်ရန်အတွက် ကိုရီးယား၊ ထိုင်း အပါအ၀င် နိုင်ငံတကာမှ ရင်းနှီး တည်ဆောက်သူ Developer များက လာရောက်လေ့လာ ဆွေးနွေးလျက်ရှိသော်လည်း ပထမအဆင့် ဟက်တာ ၄၅၀ အား ဂျပန်နှင့် မြန်မာကုမ္ပဏီများက ပူးပေါင်း အကောင်ထည်ဖော်မည်ဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စတင် အကောင်အ ထည်ဖော်ရာတွင် အလုပ်သမား၊အလုပ် အကိုင် အခွင့်အလမ်း ၃၃၀၀၀ မှ ၄၅၀၀၀ အထိ ရရှိနိုင်မည် ဖြစ်ကြောင်းကိုလည်း အတည်ပြု ထုတ်ပြန်ခဲ့ သည်။

၂၀၁၃ ခုနှစ် ပထမလေးလပတ်အတွင်း စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားလို အပ်ချက် ၁၅၀ MVA ထိ ရှိမည်ဖြစ်ကြောင်း သိရသည်။

''အလုပ်အကိုင်အခွင့်အလမ်း အနေနဲ့ကတော့ အထူးစီးပွားရေးဇုန် တစ်ခုလုံးအတွက်ဆို လုပ်သား အင်အား ၂၃၀၀၀၀ အထိရနိုင်မှာပါ။ ပထမဆင့်အကောင်အထည် ဖော်မယ့် လုပ်ငန်းအတွက်ကတော့ လုပ်သား အင်အား ၄၅၀၀၀ အထိ အလုပ်အကိုင် ရရှိလာမှာပါ''ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် ၃ ခုအား အကောင်အထည် ဖော်မည်ဖြစ်ပြီး ထားဝယ်အထူးစီးပွားရေး ဇုန်၊ သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments: