Thursday, August 1, 2013

ပြည်တော်ပြန် ၈၈ မျိုးဆက်များကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်



ရန်ကုန်၊ ဇူလိုင် ၃၀ The Voice Weekly

ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားသို့ ပြည်ပ နိုင်ငံများမှ တက်ရောက်မည့် ၈၈ မျိုးဆက် ကျောင်းသားများနှင့် နိုင်ငံရေး အဖွဲ့အစည်း များကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက ဆိုက်ရောက် ဗီဇာများ ထုတ်ပေးမည် ဖြစ်ကြောင်း ငွေရတု ကျင်းပရေး ကော်မတီမှ ၈၈ မျိုးဆက် ကျောင်းသား ဦးသက်ဇော်က The Voice သို့ ပြောကြားသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအတွင်း ပါဝင်ခဲ့ပြီး အကြောင်း အမျိုး မျိုးကြောင့် ပြည်ပနိုင်ငံ သား အဖြစ် ခံယူထားသူများသည် ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ တက်ရောက်ရန် ၎င်း တို့ နေထိုင်လျက် ရှိသော နိုင်ငံများ ရှိ မြန်မာသံရုံး က ပြည်ဝင်ခွင့် ထုတ်ပေးရန် အခက်အခဲ ရှိပါက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆိုက်ရောက် ဗီဇာများ ထုတ်ပေးရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် သဘောတူညီချက် ရယူထားကြောင်း ၎င်းက ဆိုသည်။

ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ ဆိုက်ရောက်ဗီဇာ အခက်အခဲရှိသူများ သည် ငွေရတု ကျင်းပရေး ကော်မတီသို့ နိုင်ငံကူးလက်မှတ် နံပါတ်၊ နေရပ် လိပ်စာ၊ ကိုယ်ရေး အတ္ထုပ္ပတ္တိများကို အွန်လိုင်းမှ တစ်ဆင့် ပေးပို့နိုင်ပြီး ယင်းကော်မတီမှ တစ်ဆင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနသို့ လျှောက်ထားရမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“အခု လောလောဆယ်တော့ ထုတ်ပေးရမယ့်သူ ငါးယောက်ပဲ စာရင်း ရောက်သေးတယ်” ၎င်းက ဆက်လက် ရှင်းပြသည်။

အဆိုပါ အခမ်းအနားသို့ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ နော်ဝေ၊ ထိုင်းစသည့် ပြည်ပ နိုင်ငံ များ မှ တက်ရောက်မည့် ၈၈ မျိုးဆက် ကျောင်းသား များနှင့် နိုင်ငံရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၅၀ ကျော် ရှိကြောင်း ရှစ်လေးလုံး ငွေရတု ပြည်ပ ဖိတ်ကြားရေး ကော်မတီ ထံမှ သိရသည်။

ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဝန်ကြီးများ အားလုံးကို ဖိတ်ကြား ထားပြီး ပြည်တွင်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့တို့ တက်ရောက် မည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရှိသည်။

ရှစ်လေးလုံး ငွေရတု အခမ်းအနားတွင် အဆိုပါ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ က မြန်မာ့ နိုင်ငံရေးနှင့် ပတ်သက်သည့် စာတမ်း ဖတ်ကြားသွားမည်ဖြစ်ပြီး ယင်းစာတမ်း များကို နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ထံ တင်ပြသွား မည် ဖြစ်ကြောင်း အဆိုပါ ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

ဟိန်းသွင်ထက်

1 comment:

Tenissary said...

ဆိုက်ရောက် ဗီဇာများ ရနိုင်ခြင်း ဆိုတဲ့ တကယ့်ပြဿနာက၊ ဗီဇာ ကို သက်ဆိုင်ရာ နိုင်ငံတွေရှိသံရုံးတွေမှာ ကြိုတင်ပြီး လျှောက်ကြရပါတယ်။ ဒီလို လျှောက်ကြတဲ့အခါ လက်ရှိ ပတ်စပို့  တွေကို ဗီဇာလျှောက်လွှာတွေနှင့်အတူ ပေးပို့ လျှောက်ထားကြရပါတယ်။ ဗီဇာ ရ၊ မရကို အချိန်မှိပြန်အကြောင်းမကြားတော့တဲ့အခါ၊ ပတ်စပို့ ကိုအချိန်မှိပြန်မပို့ ပေးတဲ့အခါ၊ ဘယ်က ပတ်စပို့ နဲ့ ခရီးထွက်လို့  ဘယ်သူတွေ ဆိုက်ရောက် ဗီဇာများ ဆိုတာကို ရပြီး လာနိုင်ကြမှာလဲ ဆိုတာ ပညာရှိကြီးတွေ စဉ်းစားတွေးခေါ်နိုင်ကြပါစေ။