Monday, August 5, 2013

ဝမရှိဘဲ ဝိလုပ်နိုင်သောပုဂ္ဂိုလ်ကြီး


ဝမရှိဘဲ ဝိလုပ်နိုင်သောပုဂ္ဂိုလ်ကြီး
~~~~~~~~~***~~~~~~~~~~

(ဧရာဝတီကျော်မြင့်)

ကျွန်တော် မှီငြမ်းမြေပုံအရ ၂၀၀၀ ပြည့်နှစ်အထိ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၂ နိုင်ငံ ရှိပါတယ်။ ယခုအချိန်ထိ ဆိုလျှင်တော့ တောင်ဆူဒန်လို ခွဲထွက်နိုင်ငံနဲ့ ပေါင်းရင် စာရင်းနည်းနည်း ပိုလာပါလိ...မ့်မယ်။ လူအများအနေနှင့် ထင်ရှားသော နိုင်ငံကြီးများကိုသာ အသိများကြပါသည်။
သေးငယ်သော နိုင်ငံများ၊ လူသူအရောက်အပေါက် နည်းလှသော နိုင်ငံများနှင့် အများအားဖြင့် ပင်လယ်သမုဒ္ဒရာ ကျွန်းစုနိုင်ငံငယ်ကလေးများမှာ လူသိနည်းပါးလှမည်မှာ သေချာလှပါသည်။

ကျွန်တော်တို့ နိုင်ငံနှင့် မဝေးကွာလှသော မြေချင်းဆက် စင်ကာပူနိုင်ငံကို အကြီးဆုံး စံထား၍ နိုင်ငံငယ်ကလေးများအား ဖော်ပြလိုပါသည်။ စင်ကာပူအား နမူနာထား တင်ပြရခြင်းမှာ ကျွန်တော့်တွင် ကြီးမားလှသော ရည်ရွယ်ချက် ရှိပါသည်။

၁၉၆၁ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် စင်ကာပူမြို့သို့ ဗမာ့ရေတပ်မတော် ချစ်ကြည်ရေးမစ်ရှင် အဖြစ် သင်္ဘောဖြင့် ရောက်ရှိခဲ့ဖူးပါသည်။ အင်္ဂလိပ်ကိုလိုနီ ဖြစ်၍ မတိုးတက်သေးပါ။ မြို့စွန်ရပ်ကွက်များတွင် တဲအိမ်များရှိ၍ မြို့လယ်တွင် မီးနီထွန်းထားသော ပြည့်တန်ဆာအိမ်ရှိသည့် လမ်းလည်း ရှိနေပါသည်။
ကျွန်တော်တို့အား အင်္ဂလိပ်ရေတပ်မှ ကားဖြင့် မြို့အတွင်း လိုက်လံပြသခြင်း၊ ညစာစားပွဲဖြင့် ဧည့်ခံခြင်းတို့အပြင် ချစ်ကြည်ရေး ဘောလုံးပွဲပင် ကျင်းပပေးခဲ့ပါသည်။

ထိုနှစ် အောက်တိုဘာလ ကုန်ခန့်တွင် ဟောင်ကောင်မှအပြန် စင်ကာပူသို့ ဝင်ရောက် နားခဲ့ရပါသေးသည်။ နိုင်ငံခြား သင်္ဘောသားဘဝတွင်မူ မြို့တွင်း၊ ဆိပ်ကမ်းသာမက ချန်ဂီလေဆိပ်သို့ပင် နှစ်ကြိမ် ရောက်ခဲ့ဖူးပါသည်။

စင်ကာပူနိုင်ငံသည် ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့ပြီး ယခုနှစ် ၅၀ မပြည့်မီအတွင်း အလွန်တိုးတက်လာသည်မှာ အများအသိပင် ဖြစ်ပါသည်။
မြန်မာလူမျိုး (ရွှေ) များ ရှစ်သောင်းခန့်ပင် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေကြပြီး စင်ကာပူနိုင်ငံ ပိုမိုတိုးတက်ခေတ်မီရေးအတွက် လုပ်အားပေး အကျိုးဆောင်နေကြဆဲလည်း ဖြစ်ပါသည်။

စင်ကာပူမှာ မူလက ဧရိယာစတုရန်းမိုင် ၂၂၆ မိုင်သာ ကျယ်ဝန်းခဲ့ရာမှ ပင်လယ်ရေတိမ် အတွင်းသို့ သဲမြေကျောက်တို့ ဖို့ချရင်း ယခုမူ ၂၅၀ မိုင် ကျယ်ဝန်းပါသည်။
၁၉၈၁ ခုနှစ်စာရင်းအရ စာတတ်မြောက်သူ ၇၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုအချိန်တွင်မူ မွေးကင်းစနှင့် ကိုယ်ဝန်ဆောင်ဆဲ ကလေးငယ်များသာ စာမတတ်သူများ ဖြစ်ကြပါလိမ့်မည်။ ကွန်ပျူတာကို ကလေးများကအစ ကိုင်တွယ်တတ်နေပါပြီ။

စင်ကာပူနိုင်ငံ၏ ထူးခြားမွန်မြတ်လှသည့် ဂုဏ်သိက္ခာမှာ ကမ္ဘာ့လာဘ်မစားသည့် နိုင်ငံစာရင်းတွင် အဆင့် ၁၀ မှ ပါရှိနေမှုပင် ဖြစ်ပါသည်။

ကျွန်တော် သင်္ဘောသားအဖြစ်ဖြင့် စင်ကာပူသို့ ထပ်မံရောက်ရှိချိန်များတွင် သင်္ဘောပေါ်တက်၍ အခိုးခံရမှုများ ဈေးတက်ရောင်းရင်း အလစ်သုတ် ခိုးယူမှုများ မကြံဖူး၊ မကြားဖူးပါ။ အကောက်ခွန်ဌာနကလည်း သူ့နိုင်ငံသို့ အချိန်ပိုင်းလေးအတွင်း ခေတ္တဝင်ရောက် ကျောက်ချပြီး ရိက္ခာပစ္စည်းတင် ဆီဖြည့်သည့် သင်္ဘောကိုပင် တော်တော်လှန်လှော ရှာဖွေလေ့ ရှိပါသည်။ သင်္ဘောသားများထံမှ ပစ္စည်းတောင်းယူခြင်း၊ အချိုရည်ဘူး တောင်းယူခြင်းများလည်း လုံးဝ မကြုံတွေ့ရပါ။

ဖုန်းလိုင်းတစ်ခုတွင်ပင် လိုင်းခွဲ ၁၅၀ အထက်ရှိကြ၍ ဖုန်းခေါ်မရမှု မရှိအောင်လည်း ကုမ္ပဏီများက စီစဉ်ထားပါသည်။ ယခုခေတ်တွင်မူ ဂြိုဟ်တု ဆက်သွယ်ရေးနှင့် ယှဉ်နွှယ်၍ မည်မျှတိုးတက်နေမည်ကို ကျွန်တော် မမှန်းဆတတ်တော့ပါ။
ဆေးရုံဆိုပါကလည်း ပြည်ပနိုင်ငံများမှပင် လာရောက်ကုသခြင်း ခံရသည့် ဥရောပအဆင့်မီ သမားတော်ကြီးများရှိမှု၊ ခေတ်မီ ပစ္စည်းများရှိမှုနှင့် ဈေးနှုန်းလည်း သက်သာမှုတို့ကြောင့် နာမည်ကောင်း မည်သို့ ရရှိနေသည်ကို ကျွန်တော်မပြောတတ်တော့ပါ။

ကောင်းရသည့် အကြောင်းရင်းကို ကျွန်တော် ရေးရပါတော့မည်။ စင်ကာပူ လွတ်လပ်ရေး ရယူချိန် ခေါင်းဆောင် ရွေးချယ်ပွဲမှပင် စတင်ရပါတော့မည်။

အောက်စ်ဖို့ထွက် လီကွမ်းယုကို အများက ဝန်ကြီးချုပ် လုပ်စေလိုကြပါသည်။ (တစ်ဆင့်ကြားစကားအရ လီကွမ်းယုသည်ပင် သာယာလှပပြီး ပညာရေးမှာ နာမည်ကြီးခဲ့တဲ့ တစ်ခါက ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညာသင်ချင်ပေမယ့် အဆင်မပြေဖြစ်လို့ အင်္ဂလန်ပြောင်း ကျောင်းတက်ရတယ်လို့ အတွင်းသိ ဘွဲ့ရတစ်ဦးကပြောတာ ကျွန်တော်ကြားမိခဲ့ပါရဲ့)။ လီကွမ်းယုက တကယ်လည်း တော်လှတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ်လောင်း လီကွမ်းယုက တောင်းဆိုချက် သုံးချက်ကိုရပါမှ ဝန်ကြီးချုပ် လုပ်ပေးနိုင်မယ် ဖြစ်ကြောင်း မောင်းတင် တောင်းဆိုလိုက်ပါတယ်။ တောင်းဆိုချက်တွေကတော့-
(၁) လေအေးစက် အပြည့်တပ်ဆင်ထားတဲ့ နေအိမ်သစ်တစ်လုံး အသစ်ဆောက်ပေးရန်။
(၂) ကားအသစ်ကောင်းကောင်း နှစ်စီးပေးရန်၊ တစ်စီးကို သူစီးမည်။ ကျန်တစ်စီးကို မိသားစုစီးမည်။
(၃) လစာငွေ ၂၀,၀၀၀ (စင်ကာပူဒေါ်လာ) ပေးရန်တို့ ဖြစ်ပါသည်။
အများက တောင်းဆိုချက် ၁ နှင့် ၂ ကို သဘောမျှသော်လည်း ၃ အား သဘောမကျ၍ လစာတော့ လျှော့ယူပါလို့ ပြောလာပါသည်။
ဝန်ကြီးချုပ်လောင်းက “ကောင်းပြီ ကောင်းပြီ ဒီလိုဆိုရင်တော့ ဖိလစ်ပိုင်သမ္မတ မားကို့လို ၂၀၀၀ ပဲပေးကွာ။ ငါလာဘ်စားမယ်” လို့ ထပ်လောင်း မောင်းတင်လိုက်ပြန်ပါတယ်။

ဒီလို အခြေဆိုက်လာလေတော့ အများကပေးလိုက် ပေးလိုက်၊ သူတောင်းသလောက်ပေးလိုက် လာဘ်မစားရင် ပြီးရောလို့ သဘောတူညီကြပြီး လီကွမ်းယုကို ဝန်ကြီးချုပ် တင်လိုက်ပါတယ်။
လာဘ်မစားဘူးလို့ ကြေညာပြီး ပြောချရဲတဲ့ သတ္တိဟာ နည်းနည်းနောနောသတ္တိ မဟုတ်ပါဘူး။ ရှာမှရှားတဲ့ သတ္တိပါ။ ငါလာဘ်မစားဘူးလို့ ပြောရဲတဲ့ ခေါင်းဆောင်ဆိုတာ ရှားမှရှားပါခင်ဗျာ။

သူ့ဇနီးကလည်း အောက်စ်ဖို့ထွက်လို့ အောက်စ်ဖို့မှာ ဆုံခဲ့တဲ့ ကျွန်တော့်မိတ်ဆွေဖခင်က ပြောပြပါတယ်။ ပညာရဲ့တန်ဖိုးကို သိကြလို့ ပညာတတ်ကို ရွေးချယ် တာဝန်ပေးကြတာပါ။ ဇနီးကလည်း လင်သားကို အကြံဉာဏ်ပေးနိုင်တဲ့ အဆင့်ရှိသူလည်း ဖြစ်ပါတယ်။

လီကွမ်းယုတို့ ဇနီးမောင်နှံ (ဇာမချဲ့တာကို ပြောပြပါရစေ) မြို့တွင်းသွားတဲ့အခါ ကိုယ်ရံတော် အစောင့်အရှောက်မပါဘဲ ခရီးသည်တင်ကား စီးလေ့ရှိကြပါတယ်တဲ့။

ကျွန်တော့်သူငယ်ချင်း သင်္ဘောသားနဲ့ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သူ့အဖေတို့ ကားစီးသွားကြရင်း မှတ်တိုင်တစ်ခုအရောက်မှာ ကားစောင့်နေတဲ့ ကလေးငယ်တစ်စုက လီကွမ်းယု၊ လီကွမ်းယု၊ လီကွမ်းယုလို့ အော်ဟစ် ကြိုဆိုနှုတ်ဆက်သံ ကြားရပါတယ်တဲ့။
ကားရှေ့ပိုင်းမှာ လီကွမ်းယုတို့ ဇနီးမောင်နှံ ပါလာတာကို ကျွန်တော့် သူငယ်ချင်း သားအဖက မသိခဲ့ကြတာပါ။

ကလေးတွေရဲ့ အသံကြားရတော့မှ လီကွမ်းယု ပါလာမှန်း သူတို့သိကြပါတယ်တဲ့။ ကျွန်တော့် သူငယ်ချင်းက သူ့အဖေ (ကုမ္ပဏီတစ်ခုမှာ ဘဏ္ဍာရေး အကြံပေးအရာရှိ) ကို လီကွမ်းယု ကားပေါ်မှာ ပါလာပါလားလို့ ပြောတော့ သူ့အဖေက ဒီလိုပဲ သူသွားတတ်တယ်။ သူ့ကို စကားသွားပြောပြီး အနှောင့်အယှက် မပေးချင်ပါဘူး။ သူ့ဘာသာသူ လွတ်လွတ်လပ်လပ် နေပါစေကွာလို့ ပြန်ပြောပါတယ်။

ဟုတ်ပါတယ်ခင်ဗျာ။ ဇာမချဲ့တတ်တဲ့ လီကွမ်းယု စတင်စိုက်ပျိုးလိုက်တဲ့ စင်ကာပူဆိုတဲ့ သစ်ပင်ကြီးဟာ အကိုင်း၊ အခက်၊ အလက်၊ အရွက်တွေဝေပြီး အသီးလှလှကြီးတွေသီးပြီး စည်ပင်နေလိုက်တာ အများအမြင်ပါ။

လစာလျှော့ပေးပြီး ပတ်ဝန်းကျင်နိုင်ငံက ပညာရှင်တွေ လုပ်သားတွေ ခေါ်ယူခိုင်းနိုင်တာရယ်။ ကမ္ဘာ့အရှေ့အနောက် ရေကြောင်းသွားလာနေကြတဲ့ သင်္ဘောတွေအတွက် လိုအပ်တဲ့ ရိက္ခာ၊ ပစ္စည်း၊ ဆီတွေ ရောင်းနေတာရယ် ပွဲစားလုပ်ပြီးစားတတ်တဲ့ အမြော်အမြင်တွေဟာ ကောင်းလှပါပေရဲ့။ စံပြု ထိုက်တဲ့ ကောင်းခြင်းတွေ ဖြစ်ပါတယ်။

စင်ကာပူ မြေထွက်ပစ္စည်းဆိုလို့ တွင်းထဲက ထွက်လာမယ့် မြွေနဲ့ ဖားပဲ ရှိနိုင်ပါမယ်။ ရေချိုတောင် ဝယ်ယူသုံးစွဲနေရတာပါ။ သယံဇာတနတ္ထိ ပိစိကွေး နိုင်ငံငယ် ကလေးသေးသေးလေးပါဗျာ။ ဆက်ရေးရမှာတော့ ရှက်လည်း ရှက်မိပါတယ်ဗျာ။ တကယ်ကို ရှက်မိတာပါ။

စင်ကာပူရဲ့ လျှပ်စစ်သုံးစွဲမှုဟာ MW 11,000 ပါတဲ့ခင်ဗျာ။ ကျွန်တော်တို့ ရန်ကုန်မှာက ၆၀၀ က ၈၀၀ လောက်ပဲ ရပါတယ်တဲ့ လိုအပ်တာက ၁၂၀၀ အထိ လိုအပ်တယ်လို့ ပြောသံကြားတော့ ကျွန်တော်ရှက်မိတာ မလွန်ရေးချ မလွန်ပါခင်ဗျာ။

စင်ကာပူနိုင်ငံရဲ့ အကျယ်အဝန်းကို စံထိပ်ထားပြီး နိုင်ငံငယ်လေးတွေရဲ့ စာရင်းကို အက္ခရာစဉ်လိုက် ဖော်ပြပါရစေ။ များသောအားဖြင့် ကျွန်းနိုင်ငံလေးတွေက များပါတယ်။
ဒီနိုင်ငံလေးတွေ အားလုံးထဲမှာ စင်ကာပူက အကြီးကျယ်ဆုံး လူလည်း နိုင်ငံတွေ ပေါင်းတာထက်ကို အများဆုံးနဲ့ အတိုးတက်ဆုံးဆိုရင် လုံးဝမှန်ပါတယ်။ လာဘ်မစားတာကတော့ အဓိကထူးခြားလှတဲ့ ဝိသေသပါ။

ဆက်ရေးရမှာကတော့ ရှက်လှပါရဲ့။ ဒါပေမဲ့ စမိတော့ ဆက်ရေးရပါမယ်။ ကျွန်တော်တို့ ရွှေမြန်မာ နိုင်ငံတော်ကြီးက ပိစိကွေး စင်ကာပူနိုင်ငံလေးထက် အဆပေါင်း ၁၀၄၈ ဆတိတိ ပိုကြီးပြီး သဘာဝဓာတ်ငွေ့၊ ရေနံ၊ သစ်တော၊ ဓာတ်သတ္တု၊ တွင်းထွက်ရတနာတွေ ဘေးချိတ်ထားပြီး မြေကြီး တွင်းထဲက ထွက်လာမယ့် မြွေ၊ ဖား၊ ငါးရှဥ့်၊ ပုစွန်လုံးတွေ ပြည်ပပို့ရင်တောင် ဝင်ငွေမနည်းရမှာပါ။ စားသောက်ဖို့ အစုံအလင်ရှိတဲ့အပြင် Sky Beer ထန်းရည်ရလို့ ဘီယာတောင် ချက်စရာ မလိုပါဘူး။
မြစ်ကြီးလေးသွယ် မြစ်ငယ် ၄၀၀ က ရေချိုတွေ စီးဆင်းနေတာ နှစ်ပတ်လည်ပါ။ ရာသီဥတုကလည်း စင်ကာပူထက် ကောင်းမွန်ပြည့်စုံ နေပါသေးတယ်။

သမိုင်းနဲ့ ချီပြောရရင်တော့ ငါးရံ့ခြောက်ပြား တစ်ပြားကိုတောင် မထိန်းသိမ်းနိုင်တဲ့ မောင်လွင်ဆိုတဲ့ ဘုန်းကြီးကျောင်းသား မင်းတုန်းမင်းသားလေးက ရှင်ဘုရင်တက်ဖြစ်။
မယားလည်းမနိုင် ကုလား (ဖြူ) လည်းမနိုင်တဲ့ သီပေါဘုရင် လက်ထက်ကျတော့ တိုင်းပြည်ကြီးကို ကျွန်ဖြစ်ခဲ့ပါလေရော။ တကယ့်နိုင်ငံကို အကျိုးဆောင်မယ့် အာဇာနည်တွေ ကျတော့လည်း လုပ်ကြံ သတ်ဖြတ်နဲ့ သမိုင်းဘီးကြီး လိမ့်လာလိုက်တာ ရွှေနိုင်ငံကနေ L.D.C. ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ ဖြစ်ရတာဟာ ရှက်ဖွယ်လိလိပါ။ ရှက်တတ်ရင် ကမ္ဘာ့အလယ်မှာ ဘယ်ခေါင်းဖော်ဝံ့ပါမလဲ။

စကားမစပ် စာမစပ် တင်ပြချင်တာက ရေမျက်နှာပြင် SEA Level ညီတဲ့ ပင်လယ်နီနဲ့ မြေထဲပင်လယ်ကို စူးအက်တူးမြောင်း ဖောက်လိုက်တော့ သင်္ဘောတွေ အာဖရိကတိုက် Cape of Good Hope ကို ပတ်စရာမလိုတော့ဘဲ ရေလမ်းခရီး တိုသွားပါတယ်။
မြောက်ပင်လယ်ကနေ ဒိန်းမတ်နိုင်ငံကို ကျော်ပတ်ပြီး ဘောလ်တစ်ပင်လယ် ဝင်မယ့်အစား ဂျာမန်ပိုင် ၆၁ မိုင်ရှည်တဲ့ ကီးလ် KIEL တူးမြောင်းကလေးက ဖြတ်လိုက်တာလည်း ရေလမ်းခရီး တိုသွားပါတယ်။
ရေမျက်နှာပြင် မတူညီတဲ့ ပစိဖိတ်နဲ့ အတလန္တိတ်ကိုလည်း ရေတံခါးတွေသုံးပြီး ပနားမားတူးမြောင်း ဖောက်လိုက်ပြန်တော့ တောင်အမေရိကတိုက်အစွန်း CAPE HORN ထိ ဆင်းပတ်စရာ မလိုတော့ဘဲ ရေလမ်းခရီး တိုသွားပါတယ်။

ကျွန်တော်တင်ပြလိုတာက ၁၉၆၈ ခုနှစ်ခန့်က ရန်ကုန်တက္ကသိုလ် ပထဝီဌာနရဲ့ ရှေ့သို့ လှမ်းမျှော်ကြည့်ခြင်း ဆိုရမယ့် ကရားတူးမြောင်း ဖောက်လုပ်ရေး ဆွေးနွေးပွဲ အကြောင်းပါ။
မြန်မာပိုင် ကော့သောင်းနဲ့ ထိုင်းပိုင် ရနောင်းတို့ကို ခြားနားထားတဲ့ ပါချန်မြစ်ဝ အရှေ့ပိုင်း ထိုင်းပိုင် ကရား နယ်မြေကနေ တူးမြောင်းဖောက်ရေး ဆွေးနွေးကြတာပါ။
ထိုင်းပင်လယ်ကွေ့ အထက်ပိုင်းနဲ့ မြန်မာဘင်္ဂလားပင်လယ်အော်ကို ဆက်မယ့် တူးမြောင်းပါ။ တောင်ကုန်းတွေ ဖြိုချရမှာမို့ အကုန်အကျများမှာမို့ မလုပ်ဖြစ်ခဲ့ဘူး ထင်ပါတယ်။
ထိုင်း၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်၊ ဂျပန်၊ ရုရှား အရှေ့ဖျားက သင်္ဘောတွေ စင်ကာပူ ပတ်စရာမလိုဘဲ ကရားကဖြတ်လို့ရမယ့် ရေလမ်းပါ။ ဒီတူးမြောင်းသာ ဖောက်လို့ရခဲ့ရင်တော့ စင်ကာပူနိုင်ငံ ပက်လက်လန် မျက်ရည်ကျရမယ့် ကိန်းပါ။

ယခုတော့ ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ငန်းက စနေပါပြီ။ ထိုင်းနိုင်ငံအတွက် ဝင်လာမယ့် ပစ္စည်တွေကို ထားဝယ်မှာချပြီး ထိုင်းနိုင်ငံ အထဲသယ်မယ်။ ထိုင်းနိုင်ငံကပို့မယ့် ပစ္စည်းတွေကိုလည်း သယ်ယူလာပြီး ထားဝယ်က ပို့မယ်ဆိုတော့ မလေးယားကျွန်းဆွယ် (စင်ကာပူ) အဆုံးဆင်းပတ်ပြီး ပတ်တက်ပြီး ကုန်ပို့စရာတွေ မလိုတော့ ထိုင်းနိုင်ငံအတွက် အလွန်အကျိုးရှိမှာပါ။
မြန်မာနိုင်ငံအတွက်ကော ဘာတွေအကျိုးရမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ယူတတ်ရင်တော့ အများကြီးရမှာ အသေအချာပါ။
ကရားတူးမြောင်း မဖောက်နိုင်လို့ ထားဝယ်ဆိပ်ကမ်းနဲ့ အစားထိုးတယ်လို့ ကျွန်တော်ထင်ပါတယ်။

လက်တွေ့ဖြစ်နေတာကတော့ မြန်မာ့ပင်လယ်ပြင်က ထိုင်းတွေ ခိုးဖမ်းလို့ရတဲ့ ငါးတွေ၊ မှောင်ခိုဝယ်လို့ရတဲ့ ငါးတွေကိုတော့ နယ်စပ်ရနောင်း မြို့ကလေးကနေ ထိုင်းနိုင်ငံထဲ ဘန်ကောက်ထိ ကားတွေနဲ့ သယ်ပို့နေတာကို ကျွန်တော် ၁၉၆၀ လောက်ကတည်းက မြင်တွေ့ခဲ့ပါတယ်။

လာဘ်ပေးတာ လာဘ်ထိုးတာက ကမ္ဘာ့ထုံးစံပါ။ ကုမ္ပဏီတွေဆိုရင် ပိုတောင်ဆိုးပါတယ်။ ပစ္စည်းလာဝယ်မယ့်သူ ဆိုရင် အဖွဲ့သုံးဖွဲ့နဲ့ ချော့တဲ့ အကျင့်ရှိပါတယ်။
၁။ တစ်အဖွဲ့က လိုက်လံပြသရေး အဖွဲ့ပါ။
၂။ နှစ်အဖွဲ့က အားလပ်ချိန်မှာ ချော့မြှူဧည့်ခံရေးအဖွဲ့ပါ။ ဝါသနာပါရာလေးတွေကို အလိုဖြည့်ပေးတာပါ (ကျွန်တော် ယဉ်ယဉ်ကျေးကျေး ပြောတာပါ။)
၃။ သုံးအဖွဲ့ကတော့ လက်ဆောင်ဘာဆောင်ဆိုတဲ့ လာဘ်ပေးရေး အဖွဲ့ပါတဲ့။
အကြိုက်တွေ ပေးပြီးရင်တော့ သူလိုရာ အမြတ်အစွန်းရရာတွေကို နှိုက်ယူပါတော့မယ်။ ဒါကထုံးစံပါ။ အရင်ခံပေါ့။ ယူမိရင်ခံတော့ပေါ့။

တိုင်းပြည်တိုးတက်အောင် ကြံဆောင်ရာမှာတော့ မျိုးချစ်စိတ် အခြေခံထား၊ ကမ္ဘာ့အတွေ့အကြုံတွေ ရယူ၊ လက်တွေ့ကျကျ စဉ်းစားပြီး စင်ကာပူက လီကွမ်းယုရဲ့ ထုံးနှလုံးမူပြီး ဝမရှိတာကနေ ဝိဖြစ်အောင် လုပ်စေချင်တာက ကျွန်တော့်စေတနာပါ ခင်ဗျား။ 
 
 
 

No comments: