မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ခွင့်လွှတ်စေကြောင်းတောင်းပန်ပါတယ် စိုးနိုင်။.
April 6, 2012 at 6:00am
ခွင့်လွှတ်စေကြောင်း တောင်းပန်ပါတယ် စိုးနိုင်ရေ…….
ဧပြီလ တဲ့ ရောက်လာပြန်ပီ ဒီ ဧပြီ။
ဧပြီလရောက်တိုင်း ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်တဲ့ စိတ်က ပေါ်ပေါ်လာတယ်။
ငယ်ငယ်က ဆိုဧပြီလရောက်တာနဲ့ပျော်မှပျော် ။ကြံဖန်ပီး ဧပြီဖူးလ်လုပ်ရတာနဲ့။
ရေသဘင်ပွဲဆင်နွှဲဘို့ကြံစည်ရတာနဲ့။တက္ကသိုလ် ကျောင်းသူဘ၀ရောက်တော့လဲ
ကျောင်းတစ်လပိတ်ကာနီး ကြံဖန်ပီးကျောင်းထဲမှာ
ကျောင်းသူကျောင်းသားအချင်းချင်း စတိသဘောမေတ္တာရေချမ်းပက်ဖြန်းကြနဲ့
ပေါ့။စတိသဘောကနေ အရှိန်လွန်ပီး ကြွပ်ကြွပ်အိတ်ကြီးနဲ့ပက်တဲ့သူလဲ ပက်ပေါ့။
ခုခေတ်လိုတော့ ပေါင်ဒါမှုန့်တွေ
စပရေးတွေမဖြန်းပါဘူး။တကယ့်မေတ္တာရေစင်သန့်သန့်တွေနဲ့ဖြန်းကြတာ။ပျော်စရာ။
ဒီလို ဒီလိုနဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကိုပျော်ရွှင်ပေါ့ပါးလာလိုက်တာ
သစ်ပုပ်ပင်ကြီးကလဲ သားမြေးမြစ်တွေကိုကြည့်ရင်းကြည်နှူး
ဘွဲ့နှင်းသဘင်ကြီးကလဲ ကျောင်းပိတ်လို့ပြန်ကြမဲ့သားသမီးတွေကို
မျှော်ကြည့်ရင်းပြန်လာမဲ့ရက်တွက်ကြိုပီး ရင်ဖွင့်တဲ့အပြုံးနဲ့ကြည့်နေခဲ့တာ
တစ်ရာသီပီးတစ်ရာသီ ဧပြီတွေ တစ်ခုပြီးတစ်ခု ဖြတ်လာခဲ့တယ်လေ။
အဲ့လိုအေးချမ်းတဲ့ဧပြီကို ပူလောင် စေပီး အမိတက္ကသိုလ်ကျောင်းတော်ကြီးကို
တစ်ယောက်တည်းချန်ထားစေမဲ့ ညစ်နွမ်းတဲ့ သမိုင်းတင် အဖြစ်ဆိုးကြီးက
မမျှော်လင့်ပဲ ကျောင်းသူကျောင်းသားတွေဆီကို တည့်တည့်တိုးဝင်လာခဲ့တယ်။
မတ်လရဲ့တစ်ည အစ စက်မှုကျောင်းသား ကိုဘုန်းမော် သေဆုံးတဲ့ိုမတရားမှုက
ညီအကိုတက္ကသိုလ်တွေဆီ မခံမရပ်နိုင်မှုတွေကိုကူးစက်စေခဲ့တယ်။ မတ်လ ၁၆
ရက်ကျောင်းဖွင့်ရက်က သွေးချင်းချင်းနီတဲ့ ရက်ဖြစ်ခဲ့ရတယ် ။ တံတားဖြူကနေ
တံတားနီ ဖြစ်စေခဲ့တယ်။ ဧပြီအကူး ကြည်နှူးစရာကျောင်းပိတ်ရက်ကို
သွေးချင်းချင်းနီ မျက်ရည်တွေနဲ့ ပက်ဖြန်းခဲ့တယ်။
ကျောင်းထဲက နေ
အပြင်ရောက် အိမ်မှာ ကျောင်းပိတ်လို့ငြိမ်မနေနိုင်တော့
ဘာသတင်းဘာအခြေအနေများထူးမလဲ စနည်းနာလိုက်တာ စက်မှုက သူငယ်ချင်းတွေ
နဲ့တွေ့ပီး မတ်လ ၁၃ရက်ည က သေဆုံးကျောင်းသားတစ်ဦးတည်းမဟုတ်ဘူး။
စက်မှုကျောင်းသားတွေ ဒဏ်ရာရထားတာ ဆေးရုံကြီးမှာရှိနေတယ်ဆိုတဲ့ သတင်းကို
ရလိုက်တယ်။ သတင်းလိမ်တွေကို ပဲ ထုတ်ပြန်နေတဲ့ မဆလ အစိုးရ ဒီလိုညာလို့ရမလား
ငါသေချာသိချင်သပ ဆိုပီး သူတို့နဲ့လိုက်သွားတယ်။ သူငယ်ချင်းတွေကပြောတယ်
နင်ဆေးရုံမှာစောင့်ပေးနိုင်မလား တဲ့။ လူနာ တွက် ထမင်းပို့ဖို့ ကတော့
မအိတို့မိသားစုတာဝန်ယူတယ်တဲ့။ ဒီလိုနဲ့ ဆေးရုံကြီး က Ward 9/10 ကို ပေးကမ်း
ခိုးဝင်ပီးရောက်သွားတယ်။ Bed 1 မှာက က နိုင်ငံကျော်မင်းသားကြီး ဦးဝင်းဦး
။ သူငယ်ချင်းတွေပြောတဲ့ ကျောင်းသား ၂ယောက် က ဘေးကကုတင်တွေပေါ်မှာ ပက်လက်၊
တစ်ယောက်က အူကို ကျည်ဆန်ထိထားတာ ခွဲစိတ်ထားတယ်။ ဒါပေမဲ့သိတဲ့အတိုင်း
ဖြစ်ဖြစ်ချင်း ကိုယ့်ကျောင်းသားတွေက သိကြတာမှမဟုတ်တာ။ ဒဏ်ရာရတယ်
ဆေးရုံကြီးပို့တယ်။
နောက်နေ့တွေလူနာကျောင်းသားတွေကိုတွေ့ခွင့်မရတဲ့အခြေအနေမှာ
ဒဏ်ရာရကျောင်းသားတွေဘယ်လိုနေရမလဲ။ မိဘ ကလဲ သတင်းမရ၊ ကျောင်းကလဲပိတ်၊
ဘယ်ကျောင်းသား ဘယ်ကျောင်းသူလျော့နေလဲ သေသလား ရှင်သလား ကိုယ့်အိမ်ပြန်သလား
ဘယ်သူမှသေချာမသိနိုင်တဲ့အခြေအနေ ။ ဒီလို အခြေအနေမျိုးဖြစ်အောင် မဆလ အစိုးရက
အကွက်ကျကျဖန်တီးနိုင်ခဲ့တယ်။ ကျမ အဲ့ဒီကိုရောက်တဲ့နေ့မှာ သိလိုက်ရတာက
ကျောင်းသားတစ်ယောက်က ပုသိမ်က လာတဲ့ ကျောင်းသား ကိုစိုးနိုင် ၊ တစ်ယောက်က
ဒိုက်ဦးက ကျောင်းသား ကိုမြင့်ဦး တဲ့၊ စိုးနိုင်က
အူမှာကျည်ဆန်ကဖောက်သွားတယ် ရောက်ရောက်ချင်းဆေးဝါးကုသမှုမခံရလို့ ဒဏ်ရာက
ခွဲစိတ်ထားပေမဲ့ အခြေအနေမကောင်းဘူး၊ ပြန်ခွဲစိတ်ရမယ် ပြောတယ်။
နို့မို့ဆိုရင်လဲ သေရင်လဲသေ ပြစ်ထားမှာပါပဲ၊ စိုးနိုင်ကော ကျမ
တို့ပါကံကောင်းတာက တာဝန်ကျ ၀ါဒ့် က ဆရာဝန်ကြီးတွေ၊ နာ့စ်တွေရဲ့
တတ်နိုင်သမျှကူညီသိတတ်မှု အာဏာပိုင်တွေက သတင်းဖုံးကွယ်ချင်လို့
ဘယ်သူမှပေးမသိတဲ့အခြေအနေကို ကျမတို့ကျောင်းသားတွေ မရအရ ၀င်ထွက်နေတာကို
တတ်နိုင်သလောက် ခွင့်ပြုပေးနေတာ မို့ပါပဲ။ ကိုမြင့်ဦးကတော့ ကျည်ဆန်က
အသည်းမှာ ၀င်နေတယ် ။ ခွဲစိတ်လို့မရတဲ့အခြေအနေတဲ့၊ ကျောင်းသား
၂ယောက်စလုံးကို ကြည့်မဲ့သူဆိုလို့ စက်မှုကကျောင်းသားတွေဖြစ်တဲ့
ကျမနဲ့ဂုဏ်ထူးတန်းတူတူတက်ဘက် ကျောင်းသူ မအိ တို့မိသားစုပဲရှိပါတယ်။
ကျောင်းသား ကို သေနတ်နဲ့ပစ်လို့ဒဏ်ရာရထားတယ်။ ကျောင်းသား တွေက
ရာဇ၀တ်သားတွေမဟုတ်ပါဘူး။ဒါပေမဲ့ ကျောင်းသား ၂ယောက်စလုံးကို
လက်ထိပ်ခတ်ထားပါတယ်။ ဒီကိစ္စက ဆေးရုံပေါ်မှာ ရှိနေသမျှကျမတို့နဲ့
အာဏာပိုင်တွေနဲ့ မကျေမလည်ဖြစ်ရတဲ့ကိစ္စပါပဲ၊ ကိုမြင့်ဦးက
ခွဲစိတ်ခန်းမ၀င်ရပေမဲ့စဉ်းစားကြည့်ပါလေ။ သူ့ရဲ့ကိုယ်တွင်းမှာ
ကျည်ဆန်တတောင့်လုံးရှိနေတယ်ဆိုတဲ့အသိက အေးအေးချမ်းချမ်းနေနိုင်ပါ့မလား။ သူက
ဘာသာခြားဆိုတော့ သူ့ဘာသာအလိုက် အားရင်ဝတ်ပြုတယ်။
မျက်နှာမှာတော့အားငယ်တာပေါ့။ စိုးနိုင်က ချုပ်ရိုးတွေဗလပွနဲ့
ဝေဒနာကိုခံစားနေရတဲ့ကြားက လက်ထိပ်က ဘယ်လောက်ကသိကအောက်ဖြစ်စေသလဲ။ ဒါကို
တစ်ချက်မညည်းတွားပဲ အံကြိတ်တင်းခံနေခဲ့တယ်လေ။ နောက်တော့ ကျမတို့
သူငယ်ချင်းတွေအကြောင်းကြားလို့ စိုးနိုင်ရဲ့အဖေရောက်လာတယ်။ ပုသိမ်မြို့လေးက
သာမာန်မိဘကမွေးဖွားပီး ထူးချွန်တဲ့သားကို စက်မှုကျောင်းတက်ပီးအင်ဂျင်နီယာ
ဖြစ်အောင်ကြိုးစားထားနေတဲ့ အဖေရဲ့ ရင်တွင်းအပူ ၊
အခြေအနေမကောင်းလို့သားကိုလက်လွှတ်ရမှာ ဆုံးရှုံးရမှာသိနေတဲ့အဖေတစ်ယောက်ရဲ့
သောက ၊ သားက အဖေစိတ်မကောင်းမှာစိုးလို့ ဟန်ဆောင်အံတင်း ခံစားနေရတာတွေကို
နေ့လည်ဆေးရုံစောင့်ပေးတိုင်းတွေ့နေရတယ်။ ကျမ တစ်သက်မမေ့တဲ့
မြင်ကွင်းနဲ့ခံစားချက်တွေပါ။
ဒီလိုနဲ့
အမြဲပျော်စရာတွေပြည့်နေတဲ့ကျမရဲ့ဧပြီကို အရုပ်ဆိုးစေတဲ့
ဧပြီတစ်ရက်ရောက်လာပါတယ်။ အဲ့ဒီနေ့ညနေမှာ စိုးနိုင် ဆေးရုံကြီး ၀ါ့ဒ်၉/၁၀
ရဲ့ Bed 1 မှာ စိုးနိုင် အသက်ကုန်ပါတယ်။
သူငယ်ချင်းတွေအားလုံးအခြေအနေကိုကြိုသိလို့ ယောင်္ကျားလေးတွေက
အကြောင်းကြားသင့်တဲ့နေရာတွေသွားကြတယ်။ အားလုံးကို တာဝန်ရှိသူတွေက
နောက်နေ့ချက်ချင်းသဂြိုလ်မဲ့အကြောင်း မအိ တို့မိသားစုကနေတဆင့်
ညပိုင်းမှာအကြောင်းကြားတယ်။ အားလုံးဆိုတာက
ဆေးရုံမှာပြုစုနေတဲ့အ၀င်အထွက်ရှိနေဆဲကျောင်းသားတွေနဲ့
စိုးနိုင်ရဲ့ဖခင်ကိုပြောတာပါ။
နောက်တနေ့ မအိတို့အိမ်ကနေ
ဆေးရုံကြီးကို သွားဘို့စောင့်နေတဲ့ကျမတို့ အနီးမှာ ရှပ်ဖြူ ၊
ကချင်ပုဆိုးဝတ် ကျောင်းသားပုံဖမ်းထားတဲ့ ထောက်လှမ်းရေးတွေ
အများကြီးရှိနေပါတယ်။ သူတို့ပေးမသွားလို့ကျမတို့အိမ်ထဲကပဲစောင့်နေရတယ်။
ကျမတို့အစီအစဉ်သိရတာက ကျောင်းသားအများစု
ကြံတောသုသာန်ကနေစောင့်နေမယ်ဆိုတာပဲ။ ကျမ တို့ကို
ကားနဲ့ခေါ်ပီးဆေးရုံကြီးကိုသွားတယ်
။ရင်ခွဲရုံကနေအလောင်းကိုထုတ်တယ်။ပေးမကြည့်ပါဘူး၊
ချက်ချင်းကားပေါ်တက်ရတယ်။ကားတွေထွက်လာတဲ့အထိ၊ ကြံတောသုသာန်ကို
သွားမယ်ပဲထင်ခဲ့တယ်။ ကျောင်းသားတွေစုစည်းမှာကိုမလိုလားတဲ့ အာဏာပိုင်တွေက
အင်မတန်ဥာဏ်များပါတယ်။ ကျမတို့ပါလာတဲ့ကားကို
တာမွေဘက်ကွေ့မောင်းသွားပါလေရော။အားလုံးစီစဉ်တာတွေလွဲကုန်ပီပဲလို့တွေးရင်း
ဒေါသအလိပ်လိုက်ထွက်နေတဲ့ကျမ စီးလာတဲ့ကား
တာမွေသချိုင်းထဲရောက်လို့ကားပေါ်ကလဲဆင်း မျက်စိထဲမြင်သမျှကတော့
အုတ်ဂူဖွေးဖွေးကော မွဲမွဲကော မီးသဂြိုလ်စက်နားကောနေရာအနှံ့မှာ
ရှပ်ဖြူနဲ့ကချင်ပုဆိုးဝတ်တွေအများကြီးပါပဲ။ ဒါပေမဲ့ ကျောင်းသားတွေမဟုတ်ဘူး ၊
ကျောင်းသားအယောင်ဆောင်ထားတာ၊ စိုးနိုင်ကိုမသဂြိုလ်မီ ကျမ
တို့ခဏလေးပေးကြည့်ပါတယ်၊ ရှပ်ဖြူဝတ်ပီး ရင်ခွဲစစ်ဆေးခံထားရလို့
ရင်ဘတ်နေရာမှာရဲရဲနီလို့ပေါ့။ဒီလိုနဲ့ ကျမတို့ စိုးနိုင်ကို လူမသိသူမသိ
သဂြိုလ်ခဲ့ရပ်ါတယ်။ အဲ့ဒီတုန်းက ဘယ်လိုသဘောလဲမသိဘူး။
စိုးနိုင်ကိုသဂြိုလ်တာကိုအစအဆုံးမှတ်တမ်းတင်ဗီဒီယိုရိုက်ယူနေတာတွေ့ရတယ်။
အဲ့ဒီနောက်ပိုင်း ၈လေးလုံးကာလမတိုင်မီ
ကိုမြင့်ဦးရှိတဲ့ဆေးရုံကိုပုံမှန်သွားရင်း သူငယ်ချင်းတွေ လိုအပ်တာတွေကို
ကူညီရင်း ၈လေးလုံးအတွက်ပြင်ဆင်နေခဲ့တယ်။ ကာလများစွာ နဲ့
အဖြစ်အပျက်တွေများစွာကိုဖြတိသန်းရင်း မထင်မှတ်တဲ့ကျန်းမာရေးက
မှတ်ဥာဏ်တွေကို ထိခိုက်ခဲ့တယ် ။ အထူးသဖြင့်ရက်စွဲတွေ၊
နံမည်တွေ၊ကိုမေ့တာပဲ။ အဖြစ်အပျက်တွေကို မမေ့ပဲ နံမည်တွေမေ့ကုန်တယ်။
ဧပြီရောက်တိုင်း မေ့မရတဲ့ အဖြစ်ဆိုးကို သတိရတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက
စိုးနိုင်ဘယ်နေ့က ဆုံးတာလဲ ဘယ်လိုမှပြန်စဉ်းစားမရတာပဲ။ အဲ့ဒီအတွက်လဲ
ဘယ်ရောက်နေမယ်မသိတဲ့ စိုးနိုင်အတွက်တာဝန်မကျေသလိုပဲအမြဲ ခံစားရတယ်။
ဒီနှစ်ဧပြီလ လို နွေအောင်ပွဲ ပြည်သူတွေရဲ့အောင်ပွဲမှာ စိုးနိုင်ဘယ်ဘ၀ကနေ
ခံစားနေမလဲ တွေးမိတယ်။ သူလဲ လူငယ်ပဲ မဆလစစ်တပ်ရဲ့ကျည်ဆန်သာ အပစ်မခံရရင်
အချိန်မီဆေးဝါးကုသမှုသာခံရရင် ခုချိန်မှာ ပညာတတ်တစ်ယောက်ပဲဖြစ်နေမလား။
ကျောင်းသားအရေးလှုပ်ရှားသူတစ်ယောက်ပဲဖြစ်နေမလား။ လူမသိသူမသိမသေဆုံးမီထိ
သေမင်းကိုစိတ်ဓါတ်ခိုင်ခိုင်နဲ့ ရင်ဆိုင်သွားတဲ့ စိုးနိုင် ရဲ့ ဘဝ
ကူးနေ့ကို မှ မေ့နေတဲ့ ကိုယ့်ကိုယ်ကိုယ် လဲ အပြစ်တင်မိတယ်။
ဒါကြောင့်မို့ စိုးနိုင်ရေ………နင့်ကိုငါတို့မမေ့ပါဘူး။ ဒါပေမဲ့ နင့်ရဲ့ဘ၀ကူးတဲ့နေ့ကိုမေ့နေတဲ့ ငါ့ကို ခွင့်လွှတ်ပေးပါ။
No comments:
Post a Comment