ဒီနေ့သြဂုတ်လ
(၁ )ရက်၊ နောက်တပတ်ဆို ကျောင်းသားများနှိုးဆော်တဲ့ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၂၅)
နှစ်ပြည့်မြောက်တော့မယ်။ (၂၅ )နှစ်တောင်ပြည့်မြောက်ခဲ့ပေမယ့် “ဒီမိုကရေစီရမှ အမျှဝေပါ”
ဆိုတဲ့ကျနော်တို့ရဲ့နှမလေး၊ သတိရတိုင်း ဦးညွတ်ဂုဏ်ပြုရင်း စံထားအားယူရတဲ့ ကျနော့ရဲ့အာဇာနည်
အထက်တန်းကျောင်းသူလေး မဝင်းမော်ဦးလို၊ ကိုသက်ဝင်းအောင်တို့လို ပြည်တွင်း လမ်းပေါ်နဲ့ထောင်တွင်းတိုက်ပွဲများနဲ့
ပြည်ပနယ်ခြားတောတွင်းတိုက်ပွဲများမှာ အသက်ခန္ဓာ ကိုယ်လက်အင်္ဂါ နဲ့ ဘဝများရင်းနှီးပေးဆက်ခဲ့ကြတဲ့
ကျောင်းသားသူရဲကောင်း အထောင်အသောင်းတို့ရဲ့ မျှော်မှန်းချက်အိမ်မက် မိဘလူထုကြီးရဲ့ရည်မှန်းချက်
ဒီမိုကရေစီဆိုတာကတော့ မှုံဝါးဝါးတောင်မမြင်ရသေး။ ဒါတောင်တချို့ကတော့ နောက်ကြောင်းပြန်လှည့်မှာကြောက်နေကြသေးသတဲ့လေ။
တချို့ကလည်း ငွေရတုဆိုပြီး ဝဲချီးသြဘာနဲ့ ပွဲခံကြအုံးမတဲ့။ ငွေရတုကိုချီးမြောက်ကြမဲ့
ပုဂ္ဂိုလ်တွေ၊ ဖြတ်ညှပ်ကပ်စာတမ်းတွေနဲ့ အာကြမဲ့ ပုဂ္ဂိုလ်တွေစာရင်းဖတ်ရတာ ကြည့်ရတာကလဲ
အက်စစ် ငရဲမီးကို မျက်စဉ်းခတ်တာကမှ သက်တောင့်သက်သာရှိအုံးမယ်။ အန်ဂျီအိုဂုဏောနဲ့ အာမီဂုဏော
အနန္ဒောရောသွားပြီ။ ခွင့်လွတ်လိုက်ကြပါတော့ မဝင်းမော်ဦးနဲ့ကျောင်းသားအာဇာနည်အပေါင်းတို့ရေ။
ကျနော်တို့ကတော့ ခင်ဗျားတို့အတွက် အမျှမဝေနိုင်သေးပါဘူး။
တခါတလေ မြင်ခင်းစိမ်းစိမ်းပေါ်က
သစ်ရိပ်သာယာမှာ တကိုယ်တည်းကျေးငှက်သာရကာတွေရဲ့ သံစုံကိုနာခံရင်း သဘာဝလောကကြီးထဲကို
စူးနစ်ထဲပေါက်ပျော်ဝင်ကြည့်မိတဲ့အခါ၊ မိခင်ကမ္ဘာမြေကြီးနဲ့အထိစပ်နိုင်ဆုံး လျောင်းစက်ရင်း
အာကာသဟင်းလင်းပြာကြီးကို နီးနီးကပ်ကပ်ရှုကြည့်မိတဲ့အခါ သြကာသလောကကြီးထဲမှာ သိမှတ်နိုင်စရာမရှိအောင်
သေးနုပ်ဝေဝါးလှတဲ့ ကိုယ့်ကိုကိုယ်အထင်အရှား မြင်ရတတ်တယ်။
နှစ်အစိပ်လောက်
နေထိုင်ကျင်လည်ခဲ့တဲ့ မဟာဘာရတ် ( Mahabharat ) အိန္ဒိယမဇ္ဈီမကို ဇူလိုင် ( ၂၁ )ရက်နေ့က
စွန့်ခွါခဲ့ရပြီး တောင်ကမ္ဘာခြမ်းက သြစတြေလျားကို ဇူလိုင် (၂၂ )ရက်မှာရောက်ခဲ့တယ်။ ဆယ်ရက်ရှိခဲ့ပြီ။
သူ့နိုင်ငံ သူစနစ်ထဲဝင်ဆန့်နိုင်အောင် ဟိုရုံးဝင်ဒီရုံးထွက် မှတ်ပုံတင်ခြင်း၊ လျောက်ထားခြင်း၊
စစ်ဆေးခံခြင်းစတဲ့လုပ်ငန်းတွေနဲ့ ပြီးခဲ့တဲ့သြစတြေးလျ ရှေ့ဦးရက်တွေကုန်ခဲ့ရသလို ဒီနေ့လဲ
အဲလိုရုံးလုပ်ငန်းနှစ်ခုကို အပြီးသတ်ခဲ့ရတယ်။ သူနိုင်ငံ သူစနစ်တွင်းပျော်ဝင်ရေး လုပ်ငန်းစဉ်က
လက်စသတ်စရာတချို့ကျန်တာကလွဲလို့ပြီးသလောက်ရှိသွားပြီ။ အဲဒီဝင်ထွက်ခဲ့ရသမျှရုံးတွေအားလုံးက
လူတိုင်းအတွက် လူကိုလူလိုဆက်ဆံနိုင်ဖို့ ပီပြင်ပြည့်ဝတဲ့လူဖြစ်ရေးမဟာလုပ်ငန်းတွေကို
နိုင်ငံတော်ဘဏ္ဍာ လူထုအခွန်ငွေတွေနဲ့ အားပေးကူညီနေတဲ့ရုံးတွေဖြစ်တယ်။ ဗမာပြည်ကလို ဆီးဟောက်
ငွေညှစ်နဲ့ အာဏာကိုအလွဲသုံးပြီးလူထုကို ပြစ်မှားဗိုလ်ကျနေတဲ့ ဒမြရုံးတွေလိုမဟုတ်ဖူး။
ဝန်ထမ်းတွေကလည်း ကိုယ့်လို သူဆီခိုလှုံလာသူကိုလည်း အပြုံးမျက်နှာတွေနဲ့ သူ့တာဝန်ကို
လေးလေးစားစားဆောင်ရွက်ကြတယ်။ ဒီလိုနဲ့ ပြည်ပြေးဖြစ်နေတဲ့ဘဝရဲ့
တတိယအချိုးအဆစ်ကိုစခဲ့တယ်။ ဘဝပထမအချိုးအဆစ် (၂၅ )နှစ် ရာစုတစိပ်ကို ပထမတိုင်းပြည် အမိမြေဗမာပြည်မှာကုန်ဆုံးတော့
မင်းဆိုးမင်းညစ်ဒဏ်နဲ့ စွန့်ခဲ့ရတယ်။ ရှက်ရှက်နဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းဝန်ခံရရင်
ခုလည်း ဘဝဒုတိယအချိုးအဆစ် (၂၅ )နှစ်ကျင်လည်ခဲ့ရတဲ့ ဗုဒ္ဓမြေ အိန္ဒိယမဇ္ဈီမကို အကြောင်းကြောင်းတွေကြောင့်
ပြည်တော်မပြန်နိုင်သမျှတော့ ဒီအိန္ဒိယမဇ္ဈီမမှာပဲ အရိုးချမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုပြင်ပြီး
မဇ္ဈီမအိန္ဒိယကိုစွန့်ခဲ့ရပြန်ပြီ။ လေဆိပ်အထွက်ရွှေဝါရောင်ကျောင်းလို့သမုတ်ထားတဲ့ ဒေလီဗီကတ်ပူရီ
( Vikaspuri ) အရပ်ကအခန်းလေးမှာ ဖြစ်သလိုသီတင်းသုံးနေကြတဲ့ ရွှေဝါရောင်လှုပ်ရှားမှုကသံဃာတွေကို
နှုတ်ဆက်ကန်တော့စဉ် ဆရာတော်လည်းဆုကိုဖြောင့်ဖြောင့်မပေးနိုင် ကိုယ်လည်း ပျပ်ဝပ်ကပျာကယာမျက်နှာဖွက်လိုက်ရတဲ့
ခွဲခွါမှုနဲ့ ဒေလီကိုစွန့်ခဲ့ရတယ်။ လေဆိပ်ရောက်တဲ့အထိ တရိပ်ရိပ်နောက်ကျန်ရစ်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်
ယဉ်ပါးခဲ့ရတဲ့ မဇ္ဈီမအိန္ဒိယပုံရိပ်တွေကို သတိမမူနိုင်ပဲ အငှားကားလေးပေါ်မှာ အသက်မဲ့သလိုလိုက်ပါရင်းလေဆိပ်ကိုရောက်ခဲ့ရတယ်။
ဘဝပထမအချိုးအဆစ်အဆုံး ပထမတိုင်းပြည် အမိဗမာပြည်ကို စွန့်ခွါခဲ့ရတဲ့ လွန်ခဲ့တဲ့နှစ်အစိပ်ကထက်ပိုပြီး
ကြေကွဲဝမ်းနည်းခံစားနေမိတော့ နောက်ကြောင်းကိုပြန်လှည့်မကြည့်နိုင်၊ အလိုလို ရှေ့ကိုသာငိုက်စိုက်
စူးစိုက်ထားရတယ်။ ဟိုတုန်းကပထမတိုင်းပြည်ကိုစွန့်ခွါစဉ်ကတော့ မျှော်လင့်ချက်တွေပြည့်လျှမ်းနေတဲ့
နုပျိုတက်ကြွတဲ့ လူငယ်တယောက်အနေနဲ့ ဖြတ်ကျော်ခဲ့ရတာဖြစ်ပြီး ဒီတခါ ကျင်လည်ရာ ဒုတိယတိုင်းပြည်ကိုစွန့်ခွါခြင်းကတော့
တတိယအရွှယ်အရှုံးသမားတယောက်အနေနဲ့စွန့်ခွါရတာဆိုတဲ့ အခြေနေခြင်းမတူတာကြောင့် ဒီလို နစ်နဲကြေကွဲခံစားရတာဖြစ်မယ်။
ဟိုတုန်းက ကုလားမိတ်ဆွေရဲဘော်တွေကို “ဗမာပြည်ကငါ့ရဲ့အမိမြေ ( Motherland ) ဆိုရင် ကုလားပြည်
မဇ္ဈီမအိန္ဒိယဟာငါ့ရဲ့ အဖွားမြေ ( Granmotherland )ကွ၊ ဘာကြောင့်လဲဆိုငါတို့ဗမာ့ယဉ်ကျေးမှုဆိုတာ
ဗုဒ္ဓဝါဒအခြေခံယဉ်ကျေးမှုဆိုတော့ ဟိမဝန္ဒာ၊ ဂင်္ဂါ၊ ကပိလ၊ နာလန္ဒာ၊ သုဇိတာ၊ မင်္ဂလသုတ်၊ လောကနီတိ၊
ဓမ္မပဒစတဲ့ မဇ္ဈီမအိန္ဒိယဒေသအမည်တွေနဲ့ အကြောင်းချင်းရာဖြစ်စဉ်တွေကို ဗမာကလေးတွေဟာ ငယ်စဉ်ဘဝတည်းက
အဖိုးအဖွားရင်ခွင်မှာကြားနာယဉ်ပါးခဲ့ကြရတယ်”
လို့နောက်တီးနောက်တောက်ပြောခဲ့တဲ့ စကားကမှန်နေသလိုပါဘဲ။
ရောက်ပြီးကတည်းက
သြစတြေးလျအစိုးရဒုက္ခသည်စောင့်ရှောက်ရေးအေဂျင်စီတွေက ယာယီချထားပေးတဲ့အခန်းမှာ အိပ်တာဒီညဟာတတိယညသာဖြစ်ပြီး
ကျန်ရက်တွေမှာ လူချင်းယဉ်ပါးခွင့်နည်းပေမယ့် တော်လှန်အမြင်ခံစားချက်ချင်းနီးစပ်ခဲ့ရတဲ့
ရဲဘော်သူငယ်ချင်း ကိုစိုးလွင်ရဲ့အခန်းကျဉ်းလေးထဲမှာပဲ ကုန်လွန်ခဲ့တယ်။ သူ့နောက်ကြောင်း
ကိုယ့်နောက်ကြောင်းတွေကို ပြန်ပြောမိမှ သူနဲ့ကိုယ်ကြားကတော်လှန်အမြင်ခံစားချက်ချင်းနီးစပ်ရတဲ့
အကြောင်းရင်းတခုကိုတွေရတယ်။ မတ်လ( ၁၆ ) အင်းလျားကန်ဘောင်အရေးအခင်းမှာ တံခါးဖွင့်ပေးထား
ခြံနံပါတ် (၁၉) ထဲကို အတူပြေးဝင်ခဲ့ကြတာခုမှသိရတယ်။ လူချင်းတော့ မသိနိုင်ခဲ့ကြဘူး။
သူက ( ၁၄၁) အုပ်စုနဲ့ နောက်နေ့မှာအဖမ်းခံသွားရတယ်။ အဲဒီနေ့က ခြံနံပါတ် (၁၉ ) ထဲပြေးဝင်လွတ်မြောက်ခဲ့ကြသူက
မိန်းကလေးကျောင်းသူ (၃၀) လောက်အပါအဝင် လူ(၁၀၀) လောက်လွတ်ခဲ့ကြတယ်။ ကျနော်နဲ့အတူပါခဲ့သူ
ပေါလုကြီးကတော့ သေရှာပြီဆိုတာလည်းခုမှ သိရတယ်။ ကျနော်တို့အားလုံး မလွတ်မြောက်ပဲကျန်ခဲ့ကြတဲ့ကျောင်းသားသူငယ်ချင်းတွေအတွက်ငိုကြွေးရင်း
ဝမ်းနည်းဒေါသနဲ့ အင်စိန်လမ်းမပေါ်ရောက်တော့ အစိုရဘတ်စကား နှစ်စီးတွဲကြီးကို မီးရှို့ဖို့
ကြိုးစားကြတယ်။ မတတ်တော့ မအောင်မြင်တော့ ကားကြီးကိုပဲ ခဲတွေနဲ့ဝိုင်းထုခဲ့ကြတယ်။
သူကအရှေ့ဖက်ကိုထွက်တယ်။
ယိုးဒယားမှာအစောကြီးကတည်းကနေမရ လုပ်မရလို့ သြစတြေးလျကို ရောက်တာ (၁၅ )နှစ်လောက်ထဲရောက်ခဲ့ပေမယ့်
သူကောသူ့မယားပါ အလုပ်လုပ်နေတဲ့ကြားက ခုထိ အိုးပိုင်းအိမ်ပိုင်မဖြစ်သေး။ ဖြစ်ချင်တော့ကိုယ်ရောက်လို့မှမကြာခင်
မော်တော်ဆိုင်ကယ်စတန့်ပိုးထိုးနေတဲ့ ကိုယ်တော်ချောက သူ့အလုပ်အသွား ဘာလူ ဘာကားမှမရှိတဲ့
ကားလမ်းပေါ်မှာသူတစီးတည်း အစွမ်းပြလိုက်တာ ရုပ်ရှင်ထဲကစတန့်မင်းသားလို ဆိုင်ကယ်ကိုရုတ်တရက်ဘရိတ်ဆွဲပြီး
ဂျွမ်းပစ်ကောင်းလိုက်ပုံက သုံးလေးပတ်လောက်လေမှာဝဲသွားပြီ ညာဖက်ပုခုံး ညှပ်ရိုးကျိုးသွားတယ်။
ဒါကြောင့် အစိုးရစာရိတ်နဲ့ အော်ပရေးရှင်းဝင်လိုက်ရတယ်။ အမေရိကက ဝယ်လာတဲ့ သူ့ဒူးကာ ပုခုံးထောက်တွေနဲ့
ပြိုင်ပွဲဝင်ဝတ်စုံအားကိုးနဲ့အစွမ်းပြတာပဲ။ တန်တော့တော်တော်တန်တယ်။ ဒီလူအဲဒါတွေသာမပါရင်ခုလောက်ဆို
ခွတ်ဒေါင်းအလံခြုံအိပ်နေရလောက်ပြီ။ အဲလိုဖြစ်တော့ သူ့မယားမမေရီအပါအဝင် သူမိတ်ဆွေတွေက
ဝမ်းသာလို့၊ ဒီလောက်အန္တရာယ်များတဲ့ ပြိုင်ဆိုင်ကယ်ကိုမစီးဖို့ ဘယ်သူ ဘယ်လိုမှပြောမရခဲ့တာခုမှ
ပြောစရာအချက်ကောင်းရသွားတာကိုး။ အဆိုးထဲကအကောင်း သူနဲ့ကိုယ်လည်း ခုမှအချိန်ပေါပေါနဲ့
လေဖောခွင့်ရတယ်။
မနေ့ညက ကိုတင်မြင့်ဆီမှာ
မဖြစ်စလောက်လက်ကျန် အရက်ကလေးသောက်ရင်းလေပစ်ကြတယ်။ ကိုတင်မြင့်နဲ့ နေစိုးကအရက်မသောက်ဘဲ
ဘီယာနဲ့ပဲဝင်ဖောကြတယ်။ လူချင်းခုမှတွေ့ကြတော့ ပြောစရာတွေက များလွန်းပြီး ဘယ်အကြောင်းအရာမှ
လက်စမသတ်နိုင်ပဲ တောင်ရောက်မြောက်ရောက်။ လေကဖြတ်မရပဲ သူ့အခန်းကျဉ်းလေးထဲပြန်ရောက်တော့
ပြန်ဆက်ပြီးမုန်တိုင်းထန်လိုက်ကြတာ မနေ့ကမှအော်ပရေးရှင်းခန်းကထွက်လာတဲ့သူလည်း သူ့အနာဘယ်ရောက်သွားမှန်းမသိဘူး။
ည(၁၂) နာရီကျော်သွားပြီလို့ သတိပေးလာမှ အိပ်ယာဝင်ကြတယ်။ အခန်းကျဉ်းလေးထဲမှာ ကျုပ်တို့လေမုန်တိုင်းဒဏ်ကြောင့်
မနက်စောစောကျောင်းသွားရမဲ့ သူသမီးလေးကမအိပ်နိုင်ဘူးလေ။ ကျီတိကြောင်တောင်နဲ့ မနက်လေးနာရီမထိုးခင်ပြန်နိုးလာတယ်။
ကျနော့် အသံကြားတော့ အနာက နာလာလို့ မနက် သုံးနာရီလောက်တည်းက အိပ်မရလို့ဆိုပြီး သူလည်းထလာတယ်။
နှစ်ယောက်သားကော်ဖီဖျော်သောက်ရင်း
ညကစကားဝိုင်းကိုပြန်ဆက်ကြတယ်။ အရှေ့အနောက်က ကျောင်းသားတွေဖြတ်သန်းခဲ့ကြရတဲ့ အခက်အခဲတွေ၊
အန္တရယ်တွေ၊ ရဲဘော်ကျောင်းသားအသီးသီးကြုံတွေ့ခဲ့ရတဲ့ နစ်နာဆုံးရှုံးမှုတွေ၊ မြောက်ပိုင်းကကိုထွန်းအောင်ကျော်တို့လို
ဝမ်းနည်းဖွယ်အဖြစ်ဆိုးတွေနဲ့ ပြန်လည်ကြားသိရတဲ့မိဘဆွေမျိုးသားချင်းတွေ ချုံးပွဲချရတဲ့
ကြေကွဲဖွယ်အဖြစ်အပျက်တွေ၊ ဒီကြားကပဲဒီကောင်တွေ ကြောက်လို့ထွက်ပြေးသွားတဲ့ကောင်တွေလို့
လက်ညိုးထိုးခံနေရတာတွေနဲ့ အပြင်ကအန်ဂျီအိုအပေါင်းအပါ လုပ်စားလောက်ကောင်တွေကိုလက်ညိုးထိုးပြီ ဒေါ်လာစားလို့ပုတ်ခတ်နေတာတွေ၊ ပြီးတော့ သန့်စင်ရေးဆပ်ပြာခွက်အညှီတက်သလိုရွှံစရာကောင်းတဲ့
မတရားမှုကိုတိုက်ဖျက်မယ်ဆိုတဲ့ အင်အားစုတွေကြားက မတရားမှုတွေနဲ့ဖောက်ပြန်မှုတွေ၊ ဘယ်ချိန်ကဘယ်လို
ပြည်ထဲရောက်သွားမှန်းမသိလိုက်ရတဲ့ အပြင်က ဒီလိုစရိုက်ပျက်တွေရဲ့ အန္တရာယ်အကြောင်းတွေ၊
နောက်အတွင်းအပြင်က ဦးတည်ရာအညီ အတူလျောက်ခဲ့ကြတဲ့ အများစုမိတ်ဆွေရဲဘော်ဟောင်းတွေ စစ်အာဏာရှင်တိုက်ဖျက်ရေး
ဦးတည်ရာကို ဘယ်ချိန်ကခေါက်ချိုးပြောင်းသွားမှန်းမသိလို့ မူလလမ်းကြောင်းပေါ်မှာ ခေါင်းမာသူတွေ၊
လက်တွေ့မကျသူတွေ၊ စာအုပ်ကြီးသမားဘုတ်ကြောင်တွေ၊ ဟောခုတော့ပြည်ပြေးတွေဆိုတဲ့အဖြစ်နဲ့
ပြူးပြူးကြီးကျန်ခဲ့ရတဲ့အဖြစ်တွေကို သူတပြန်ကိုယ်တပြန်ပြောရင်း ဟားတိုက်ကြတယ်။ တခုတော့ရှိတယ်၊
တော်လှန်အမြင်ခံစားချက်တူသူတွေကိုတော့ ဒီဟားတိုက်သံတွေရဲ့အောက်က ကြေကွဲမှုတွေကို မမြင်အောင်ဖုံးကွယ်လို့ရမယ်မထင်ဘူး။
ခုနှစ်နာရီခွဲတော့မှ
ကဲအရှုံးသမား အမုန်းတွေထပ်မပွားချင်တော့လို့ လူဖြစ်ရေးရုံးတွေကိုသွားပြီး တပြန်နုအတက်နဲ့
သက်ကြီးကျောင်းသားကျောင်းတက်ဖို့ သွားလုပ်ရအုံးမယ်ဆိုပြီး စကားဖြတ်ရတယ်။ အမည်ဗြုပ္ပတ်မသိရသေးတဲ့
ဘလက်တောင်: ( Blacktown ) မှာ ကိုယ့်ကိုကူညီနေတဲ့ မျိုးချစ်ကရင်လူငယ် ကိုအောင်ငြိမ်းဟန်နဲ့
ဆုံပြီး မက္ကာရီ ရွှေ့ပြောင်းအခြေချသက်ကြီးပညာရေး အစီအစဉ်ဌာန ( Macquarie , Adult
Migrant Education Programme )ကိုသွား၊ အင်္ဂလိပ်စာအရည်အချင်းစစ်ခံရတယ်။ အဆင့်သုံးဆင့်ပါတဲ့
နာရီ (၅၁၀ )စာ သင်ခန်းစာပို့ချရေးမှာ နောက်ဆုံးနံပါတ်သုံးအဆင့် ဒုတိယတန်းမှာတက်ရမယ်လို့ချက်ချင်းဆုံးဖြတ်တယ်။
မင်းအဲဒီမှာ သုံးလလောက်တက်ရမယ်ထင်တယ်၊ ပြီးတော့မှ နာရီ ( ၂၀၀ )စာ အဆင့်မြင့်အင်္ဂလိပ်စာကိုတက်ပါလို့
စစ်ဆေးသူအမျိုးသမီးကြီးကပြောတယ်။ သူရေးခိုင်းတဲ့ မမေ့နိုင်ဖွယ်နေရာဌာနတခုအဖြစ် မိခင်ရန်ကုန်တက္ကသိုလ်ကြီးအကြောင်းရေးထားတာကိုဖတ်ပြီး
တနေ့တော့ငါတို့ မင်းဆီက စိတ်ဝင်စရာအကြောင်းတွေကိုဖတ်ရလိမ့်မယ်မျှော်လင့်တယ်လို့ အမျိုးသမီးကြီးကပြောတယ်။
မသိလို့တတ်ဖို့မကျိုးစားသူ၊တတ်ကျွမ်းနားလည်မရှိသူတွေထက် သိပါရက်နဲ့ အရွယ် အလုပ်နဲ့ညီအောင်ကျိုးစားဖို့
ဖြည့်ဆည်းဖို့ပျက်ကွက်သူတွေက ပိုပြီး နုံအ လူဖျင်းကျတာကိုတော့ ခင်ဗျားစဉ်းစားမိမယ်မထင်ပါဘူး၊
ဒါကကိုယ်တွေကြုံမှသိနိုင်လွယ်တာလို့ စိတ်ထဲကပြန်ပြောမိတယ်။
ကိုအောင်ငြိမ်းဟန်နဲ့
လမ်းခွဲပြီးယာယီခိုလှုံရာအဆောင်ပြန်ရောက်တော့ ဘယ်သူမှမရှိ ကိုယ်တယောက်တည်း။ ပါတ်ဝန်းကျင်ကလည်း
အိမ်တွေထိစပ်ရှိနေပေမဲ့ တိတ်ဆိတ်စဲညံ့လို့။ တချက်တချက်ပေါ်လာတဲ့ မနီးမဝေးလမ်းမက ကားသံကလွဲလို့
ကျေးသံငှက်သံတွေကသာ ပါတ်ဝန်ကျင်ကို စိုးမိုးထားတယ်။ အဆောင်နောက်က မြက်ခင်းစိမ်းစိမ်းပေါ်ကနေ
အာလုတ်သံနဲ့ ပြတ်တောင်းပြတ်တောင်း အာနေတဲ့ သြစတြေးလျ ကျီးကန်းအသံကို နားစွင့်စူးစမ်းရင်းကနေ
မြက်ခင်းပေါ်လှဲချ ကွက်တိကွက်ကြားရှိနေတဲ့ ဖျာတချပ်စာအရွယ် တိမ်ဖြူတချို့နဲ့ ကောင်းကင်ပြာကြီးကိုကြည့်ရင်း
အတွေးနယ်ချဲ့နေမိတော့မှ သူတကာတွေ ငွေရတုဆိုပြီး ဝဲချီးသြဘာ ပွဲခံနေကြချိန်မှာ မဝင်းမော်ဦးနဲ့
ဒီမိုကရေစီသူရဲကောင်းတွေကို အမျှမဝေနိုင်သေးယုံမက တတိယတိုင်းပြည် သြစတြေးလျမှာ အရှုံးသမားတယောက်လို
ဘဝတတိယအချိုးအဆစ်ကို ပျိုးနေရတဲ့ ကိုယ့်ရဲ့သေးနုပ်မှုကို ဘွားဘွားကြီးတွေ့လိုက်တယ်။
ကြိုးတိုက်ထဲရောက်ခဲ့ရတဲ့ မျိုးချစ်သူရဲကောင်း ဗိုလ်မှူးချစ်ကောင်း စကားအတိုင်းပြောရရင်
တိုင်းပြည်အတွက်ဆိုပြီး လုပ်လာလိုက်တာ နှစ်အစိပ်ရှိလို့ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်တော့
ပြည်ပြေးဖြစ်နေတယ်။
ဒီနေ့ မြက်ခင်းစိမ်းစိမ်းပေါ်က
သစ်ရိပ်သာယာမှာ တကိုယ်တည်းကျေးငှက်သာရကာတွေရဲ့ သံစုံကိုနာခံရင်း သဘာဝလောကကြီးထဲကို
စူးနစ်ထဲပေါက်ပျော်ဝင်ကြည့်မိတော့၊ မိခင်ကမ္ဘာမြေကြီးနဲ့အထိစပ်နိုင်ဆုံး လျောင်းစက်ရင်း
အာကာသဟင်းလင်းပြာကြီးကို နီးနီးကပ်ကပ်ရှုကြည့်မိတော့ သြကာသလောကကြီးထဲမှာ သိမှတ်နိုင်စရာမရှိအောင် သေးနုပ်ဝေဝါးလှတဲ့
ကိုယ့်ကိုကိုယ်အထင်အရှား မြင်လိုက်ရတယ်။ ဒီထက်ဝမ်းနည်းစရာကောင်းတာက အများတကာနဲ့လိုက်လျောညီထွေ
ဖောရှောရေစုန်မမျှောတတ်ရင် အထီးကျန်ပြည်ပြေးဖြစ်တတ်တဲ့ သင်္ခန်းစာကိုရင်မှာပိုက်လိုက်ရတဲ့
အဖြစ်ပါဘဲ။
ရဲဘော်ကျော်သန်း
သြဂုတ်လ
(၁)ရက်၊ ၂၀၁၃
__._,_.___
No comments:
Post a Comment