Monday, April 2, 2012
ကျွန်တော်သိခဲ့သော ABSDF(NB) အပိုင်း(၁.၂.၃.၄.၅)
ကျွန်တော် သိထားသော ABSDF ကောက်ကြောင်း(အပိုင်း-၁)
by Maungmaung Skw on Tuesday, 10 January 2012 at 01:54
၁၉၈၈ ခုနှစ်စက်တင်ဘာလ(၁၈)ရက်နေ့တပ်မတော်ကနိုင်ငံတော် အာ ဏာကိုသိမ်းယူလိုက်သည့်အချိန်မှစပြီး-မြို့နယ်အသီးသီးမှကျောင်းသားလူငယ်အများစုအပါအ၀င် အရေး အခင်းတွင်ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီရေးလှုတ်ရှားသူများသည် (KIA) နယ်မြေသို့ တစ်ဖွဲဖွဲရောက် ရှိပြီး တောခိုလာကြသည်။
     တောခိုရန်ရောက်ရှိလာကြသူများကို (KIA) မှဆီးကြို၍စစ်သင်တန်းများပေးပြီး သီးခြားအဖွဲ့အစည်း တစ်ခု အဖြစ်ဖွဲ့စည်းပေးထားခဲ့သည်။
     ရောက်ရှိလာသောလူဦးရေအလိုက် ကချင်ပြည်နယ် အခြေခံနယ်(၅)နယ်ဖြစ်သော-
          (၁)မြစ်ကြီးနား
          (၂)မိုးညှင်း
          (၃)မိုးကောင်း
          (၄)ဗန်းမော်
          (၅)ရွှေကူ    --တို့မှ ကိုယ်စားလှယ် (၃) ဦးစီ မဲပေးရွေးချယ်ခဲ့ကြသည်-မဲပေးပွဲတွင် စစ်ကိုင်းတိုင်းမှ ကျောင်းသား လူငယ်များ မဲပေးခွင့် မရခဲ့ကြပါ။
     မဲပေးပွဲမှရရှိလာသော ကိုယ်စားလှယ် (၁၅) ဦး အတွင်းမှ ဦးစီးအဖွဲ့ဝင် (၃) ဦး၊ဗဟိုကော်မတီဝင် (၇) ဦးနှင့်ခရိုင်မှူး (၅) ဦးတို့ကို ABSDF(KS)အဖြစ် ဖွဲ့စည်းတာဝန်ခွဲဝေပေးခဲ့ပါသည်။
     အဆိုပါ  ABSDF(KS) ၏အုပ်ချုပ်မှု ကော်မတီမှာ အောက်ပါအတိုင်းဖြစ်သည်။
                                       ဦးစီးအဖွဲ့ဝင်များ
 (၁)လွှမ်းမိုး(ခေါ်)မောင်မြင့်(မိုးကောင်း-နောက်ပိုင်းအသတ်ခံရ)စစ်တောင်းစက္ကူစက်လုပ်သားဟောင်း                                                         
    (၂)နေထွန်း(မြစ်ကြီးနား-လက်ရှိ-ထိုင်းနယ်စပ်)
     (၃)လှဌေး(ဗန်းမော်-လက်ရှိမသိ)
                                      ဗဟိုကော်မတီဝင်များ
    (၁)ဥက္ကဌ-----------------------ကျော်ကျော် (မြစ်ကြီးနား)-(လက်ရှိ-ရွှေလီ)
    (၂)အတွင်းရေးမှူး---------------မျိုးဝင်း (မိုးညှင်း/နမ္မား)-(တိုက်ပွဲတွင်သေဆုံး)
    (၃)စစ်ရေးတာဝန်ခံ--------------သံချောင်း(ခေါ်)မြင့်စိုး (မိုးညှင်း/မော်ဟန်)-(သာယာဝတီထောင်)
    (၄)ဘဏ္ဍာရေးမှူး----------------အောင်ကြီး (မိုးကောင်း)-(တောင်ပိုင်း)
    (၅)သတင်း/ပြန်ကြားရေးမှူး-----စောယဉ်ထွေး (ရွှေကူ)-(လက်ရှိ-ရွှေလီ)
    (၆)ကျန်းမာရေး------------------ခင်မောင်ဝင်း (ရွှေကူ)-(လက်ရှိ-မသိ)
    (၇)ထောက်/ပို့------------------ဇော်ဝင်းချစ် (ဗန်းမော်)-(အသတ်ခံရ)
                                        ခရိုင်မှူးများ
   (၁)မြစ်ကြီးနားခရိုင်မှူး-------------တူးတူး (မြစ်ကြီးနား)-(အသတ်ခံရ)
   (၂)မိုးညှင်းခရိုင်မှူး-----------------စိန်အေး (မိုးညှင်း)-(လက်ရှိ-သရက်ထောင်)
   (၃)ဗန်းမော်ခရိုင်မှူး----------------အောင်ထွေး (ဗန်းမော်)-(အလင်းဝင်)
   (၄)မိုးကောင်းခရိုင်မှူး--------------သန်းဇော် (မိုးကောင်း)-(အလင်းဝင်)
   (၅)ရွှေကူခရိုင်မှူး------------------အောင်ကျော်မိုး (ရွှေကူ)-(သေဆုံး) တို့ဖြစ်ကြလေသည်။
မောင်မောင်(ရွှေကရ၀ိက်)
maung maung (skw) ဖေ့စ်ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။
ကျွန်တော်သိခဲ့သော ABSDF(NB) အကြောင်း အပိုင်း(၂)
by Maungmaung Skw on Monday, 16 January 2012 at 01:50
                                       ကျွန်တော်သိခဲ့သော ABSDF(NB) အကြောင်း၊အပိုင်း(၂)
အဲ့ဒီလိုဖွဲ့စည်းပြီးလှုပ်ရှားနေကြရင်း-မျိုးဝင်းနဲ့ မိုးညှင်းအုပ်စုတို့ရဲ့ အုပ်စုဖွဲ့ပြီး တပ်တွင်းဗိုလ်ကျ စိုးမိုးရေး တွေလုပ်လာသည့်အတွက် ဦးစီးအဖွဲ့ဝင်တစ်ဦးဖြစ်သော နေဒွန်း(မြစ်ကြီးနား)သည် စိတ်ပျက် လက်ပျက် ဖြစ်သွားပြီး “စည်းရုံးရေးနှင့် ရံပုံငွေ ရှာကြံရေး” လုပ်ဆောင်ရန် ဟု အကြောင်းပြ ကာ မန္တလေး ဘက်သို့ ထွက်ခွာသွားခဲ့ပါသည်။နောက်ပိုင်းတွင် မျိုးဝင်းမှ စီးပွားရေးတာဝန်ခံ အဖြစ် ခန့်အပ်ခဲ့ပြီး ဖားကန့် သို့ သွားရောက်နေထိုင်စေခဲ့ပါသည်။
ဗဟိုကော်မတီဝင်များထဲမှ စောယဉ်ထွေး(ရွှေကူ)၊ခင်မောင်ဝင်း(ရွှေကူ)၊ဇော်ဝင်းချစ်(ဗန်းမော်)တို့ လည်း မျိုးဝင်းတို့အုပ်စုနှင့် မပြေလည်ကြပါ။ခရိုင်မှူးများဖြစ်ကြသော အောင်ထွေး(ဗန်းမော်) နှင့် သန်းဇော် (မိုးကောင်း) တို့သည် ဗဟိုကော်မတီ အတွင်းရေးမှူး တာဝန်ယူထားသော မျိုးဝင်းနှင့် မပြေလည်မှုကြောင့် ၄င်းတို့၏ဇာတိသို့ ပြန် သွားကြ ပါသည်။
အောင်ထွေး(ဗန်းမော်)၏ ဗန်းမော်ခရိုင်မှူးတာဝန်အား ဇော်ဝင်းချစ်(ဗန်းမော်)အား၎င်း၊ သန်းဇော် (မိုး ကောင်း) ၏ မိုးကောင်းခရိုင်မှူး တာဝန်အား စောယဉ်ထွေး(ရွှေကူ)အား၎င်း တာဝန်ယူစေခဲ့သည်။
ထိုအတောအတွင်း ရွှေကူခရိုင်မှူးအောင်ကျော်မိုးသည် KIA အဖွဲ့ဝင် တစ်ဦးနှင့် စကားများ ရန်ဖြစ်ရာ မှ သေနတ်နှင့်အပြစ်ခံရပြီး သေဆုံးသွားသည့်အတွက်၎င်း၏ ရွှေကူခရိုင်မှူးတာဝန်ကို ခင်မောင်ဝင်း (ရွှေကူ) အား တာဝန်ပေးခဲ့သည်။ထိုအခါ ABSDF(KS) အဖွဲ့ ဦးစီးကော်မတီဝင်များထဲတွင် လွှမ်းမိုး(မိုးကောင်း) နှင့် လှဌေး(ဗန်းမော်) တို့ နှစ်ဦးသာ ကျန်ခဲ့ပါတော့သည်။
ထိုအခြေအနေတွင် ABSDF(ဗဟို )-မာနယ်ပလော သို့ကိုယ်စားလှယ်စေလွှတ်ရန် အကြောင်းဖြစ်လာ သော အခါ ABSDF(KS) ၏ ဗဟိုကော်မတီ ဥက္ကဌ ကျော်ကျော်(မြစ်ကြီးနား) နှင့် ဦးစီးကော်မတီဝင် လှဌေး(ဗန်း မော်)တို့ကို ကိုယ်စားလှယ်များအဖြစ်ရွေးချယ်ပြီး မာနယ်ပလောသို့ စေလွှတ်ခဲ့သည်။
ထိုအခါ ABSDF(KS) တွင် ဦးစီးကော်မတီဝင် အဖြစ် လွှမ်းမိုး တစ်ဦးတည်း ကျန်ခဲ့ပြီး၊ဗဟိုကော်မတီဝင် များထဲတွင် မျိုးဝင်းက ရာထူးအကြီးဆုံး၊တာဝန်အကြီးဆုံးဖြစ်နေလေသည်။မျိုးဝင်းနှင့်လွှမ်းမိုးတို့ နှစ်ဦး သား နေရာ တိုင်း မှာ ထိပ်တိုက်တွေ့နေကြလေသည်။
လွှမ်းမိုးက “ဦးစီး အဖွဲ့မှ ချမှတ်ပေးသော လမ်းစဉ်ကို ဗဟို ကော်မတီက အကောင်အထည်ဖော်ပေးရ မည်” ဟုပြောဆိုတတ်ပြီး-မျိုးဝင်းက “ဦးစီးအဖွဲ့ ဆိုသည်မှာ နာယက အဖြစ်သာတင်ထားခြင်း ဖြစ်သည် -ဦးစီး အဖွဲတွင် ဘာမှ လုပ်ပိုင်ခွင့်မရှိ” ဟု ပြောဆိုနေသည်။
မျိုးဝင်းက အင်အားတောင့်တင်းပြီး လွှမ်းမိုးတွင် အင်အားမရှိပါ။
ထိုအချိန်တွင်ABSDF(KS)ဖွဲ့စဉ်ကမဲပေးခွင့် မရခဲ့ကြသောစစ်ကိုင်းကျောင်းသားအုပ်စုကABSDF(စစ်ကိုင်း)  ဟု သီးခြားဖွဲ့စည်းကြမည်ဟု  စည်းရုံး လှုပ်ရှားလာကြသည်။
အဆိုပါစည်းရုံး လှုပ်ရှားမှုကို ဦးကျော်ကျော်အုန်း(တန့်ဆည်)၊ဦးရန်နိုင်စိုး(တန့်ဆည်)၊ဦးသောင်းမြင့် (တန့် ဆည်)၊ အားစိုက် (ခေါ်)တင်မောင်အေး(ကသာ)  နှင့် စိုးကြီး (ကောလင်း) တို့က ဦးဆောင်ခဲ့ပေသည်။
maung maung  (skw) facebook စာမျက်နှာမှကူးယူဖော်ပြသည်။
ကျွန်တော်သိခဲ့သော ABSDF(NB) ကောက်ကြောင်း-အပိုင်း(၃)
by Maungmaung Skw on Monday, 23 January 2012 at 01:58
အဆိုပါ ABSDF(စစ်ကိုင်း) ဖြစ်မြောက်ရေးကို မျိုးဝင်းက အတတ်နိုင်ဆုံးပိတ်ပင်ဖို့ ကြိုးစားခဲ့ပါသေး သည်။သို့သော် အခြေအနေကို လုံးဝ မထိမ်းသိမ်းနိုင်ခဲ့ပါ။မျိုးဝင်း၏လက်ဝေခံများနှင့် စစ်ကိုင်းတိုင်းမှ အဖွဲ့  များ  နေရာတကာတွင် ပဋိပက္ခအသွင်ဆောင်သော ထိပ်တိုက်တွေ့မှုများ မကြာခဏဖြစ်လာကြသဖြင့် အခြေအနေ ကို ထိမ်းသိမ်းနိုင်ရန်အတွက် ၁၉၈၉-ခုနှစ်အတွင်းမှာပင် ABSDF(စစ်ကိုင်း/ယာယီ)ဟု မျိုးဝင်းကိုယ်တိုင်ဖွဲ့စည်း ပေးလိုက်ရပေသည်။
ထိုအခါ ABSDF ၏တပ်ရင်း (701) တစ်ခုထဲမှာပင်-အုပ်ချုပ်မှုကော်မတီ မှာ(၂) ဖွဲ့ဖြစ်နေသည်။ တစ်ဖွဲ့ မှာ ABSDF(KS) ဖြစ်ပြီး၊နောက်တစ်ဖွဲ့မှာ ABSDF(စစ်ကိုင်း/ယာယီ) တို့ဖြစ်ကြသည်။
မကျေမနပ်နှင့် ABSDF(စစ်ကိုင်း )ကိုဖွဲ့ပေးလိုက်ရသောကြောင့် စစ်ကိုင်းအဖွဲ့ကို မျိုးဝင်းက လုံးဝ မ ကျေနပ်ပါ။စစ်ကိုင်းအဖွဲ့ကို မည်သို့မည်ပုံ ဒုက္ခပေးရမည်ကိုအမြဲကြံဆနေပေသည်။နှုတ်မှလည်း စစ်ကိုင်း အဖွဲ့ ကို ပညာပေးရမည်ဟု အမြဲ ကြုံးဝါးနေလေ့ရှိသည်။
ထိုအခြေအနေတွင် မျိုးဝင်းမှ စစ်ကိုင်းအဖွဲ့အတွက် စစ်ကိုင်းတိုင်းထိုးဖောက်ရေးအစီအစဉ်အဖြစ် “ဂျိုး ဖြူစစ်ကြောင်း”အမည်ဖြင့် ဥတုမြစ်ရိုး တလျှောက် လှုပ်ရှားရန် တင်ပြလာသောအခါ အားလုံးက လက် ခံသ ဘောတူလိုက်ကြသည်။စစ်ကိုင်းတိုင်းမှ အဖွဲ့ဝင်များကလည်း မျိုးဝင်းနှင့် တစ်စခန်းထဲတွင် အတူနေ ရသည်ကို စိတ်ပျက်နေကြသဖြင့် ကန့်ကွက်သူမရှိ လက်ခံလိုက်ကြခြင်းဖြစ်သည်။
          သို့နှင့်၁၉၉၀ခုနှစ် မေလအတွင်းတွင်စစ်ကိုင်းအဖွဲ့သည်KIA၏တပ်ရင်း(၂၀၁)နှင့်ပူးပေါင်းပြီး ရှေ့တန်းသို့ ထွက်ခဲ့လေသည်။အဆိုပါစစ်ကြောင်းကို ABSDF(ဗဟို )မှ မည်သည့်အကူအညီ မှ ပေး အပ်ခဲ့ခြင်း မရှိဟု သိခဲ့ရပါသည်။
ပထမဆုံး ဥတုမြစ်ရိုး လှုပ်ရှားမည့် “ဂျိုးဖြူစစ်ကြောင်း” ၏ ထိုးဖောက်ရေးအဖွဲ့ကို သိန်းသန်း(ကော လင်း)  နှင့် ကြည်မိုး(ကျွန်းလှ) တို့ခေါင်းဆောင်သော (၅) ယောက်အဖွဲ့က သွားခဲ့ကြပြီးမှ ကျန်အဖွဲ့ဝင် များက လိုက်ပါသွားခြင်းဖြစ်ပေသည်။
စစ်ကိုင်းအဖွဲ့၏ “ဂျိုးဖြူစစ်ကြောင်း” သည် ဥတု မြစ်ရိုးသို့ ရောက်ရှိသွားပြီးနောက် ဖရိုဖရဲဖြစ်ပြီး တပ် ပျက် သွားသည်ဟု သိရပါသည်။
“ဂျိုးဖြူစစ်ကြောင်း” တပ်ပျက်ခဲ့ရမှုကြောင့် စစ်ကိုင်းတိုင်းအဖွဲ့မှ ဦးကျော်ကျော်အုန်း၊ဦးရန်နိုင်စိုး၊ သိန်းသန်း၊ကိုဦးနှင့် ကြည်မိုးတို့ကို မျက်ကွယ်မှာ စစ်ခုံရုံးတင်ခဲ့ပြီး မျိုးဝင်းက သေဒဏ်ချမှတ်ခဲ့ပါသည်။
သုတ်သင်ရေးအတွက် မျိုးဝင်း၏ ကွန်မင်ဒိုအဖွဲ့ကို တာဝန်ပေးပြီး စစ်ကိုင်းအဖွဲ့အား သုတ်သင် ရှင်း လင်းစေခဲ့ပါသည်။
ဂျိုးဖြူစစ်ကြောင်းမှ ထိုးဖောက်ရေးအဖွဲ့ခေါင်းဆောင် ဦးကျော်ကျော်အုန်း၊ကိုဦး(ရေတပ်မှလာသူ)၊  ဒုဗိုလ်သိန်းသန်း နှင့် တပ်ကြပ်ကြီးကြည်မိုး တို့အား သုတ်သင်ရေးအဖွဲ့မှ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု သိရပါသည်။
စစ်ကိုင်းတိုင်း အဖွဲ့ ဖြစ်မြောက်ရေး နှင့် မြို့ပေါ်ဆက်သွယ်ရေးတာဝန်ယူထားသော ဇော်ကို(ကောလင်း) မှာလည်း မြို့ပေါ်မှအပြန် ABSDF(KS) ဗဟိုအရောက် မျိုးဝင်းရဲ့ခုတ်အသတ်ကိုခံလိုက်ရပါတယ်။
၁၉၉၀ ခုနှစ်အတွင်းမှာ မြို့ပေါ်မှ၊ အနယ်နယ် အရပ်ရပ်မှ အဖွဲ့ဝင်သစ်များ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြ သည်။ဖေဖော်ဝါရီလမတိုင်ခင် ချိုးဖြူစစ်ကြောင်း မထွက်ခွာခင် အချိန်ကထဲက  ကျောင်း သားတပ်ဖွဲ့ ၀င်အ များက ဖွဲ့စည်းပုံပြောင်းလဲရေး၊ ABSDF(NB) အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းရေး တို့ကို တောင်း ဆိုလာကြပါ သည်။
တပ်တွင်းနေရေးထိုင်ရေး၊စားရေးသောက်ရေး၊ဆက်ဆံရေး အစစအရာရာမှာ အောက်ခြေမှ တပ်ဖွဲ့ ၀င်များနှင့် မျိုးဝင်းတို့ အုပ်စု မပြေမလည်ဖြစ်ပြီး အမြဲ ထိပ်တိုက်တွေ့နေကြလေသည်။လွှမ်းမိုးက တပ်ဖွဲ့ဝင် အများစုဘက်မှ ရပ်တည်ခဲ့ပြီး မျိုးဝင်းက သူ့လူ အုပ်စုနှင့် အမြဲ အနိုင်ကျင့်လေ့ ရှိနေသည်။
ထိုအချိန်တွင် လွှမ်းမိုးက တပ်ဖွဲ့ဝင် အများစု၏တောင်းဆိုမှုအရ သူ့၏ ဗဟိုဦးစီး တာဝန်အရ လုပ်ပိုင် ခွင့် ရှိသည့်အတိုင်း အများဆန္ဒအတိုင်းလုပ်ဆောင်ပေးမည့် ကော်မရှင် တဖွဲ့ကို ဖွဲ့စည်းပေးလိုက် သည်။ ကော် မရှင်၏အမည်မှာ “ ABSDF(NB) ဖြစ်မြောက်ရေး နှင့် ခိုင်မာသော ဖွဲ့စည်းပုံတရပ် ရေး ဆွဲရေး ကော် မရှင်”  ဖြစ်သည်။
အဖွဲ့ခေါင်းဆောင်အဖြစ် မြစ်ကြီးနား-ခပ်ချို မှ ဆရာတော် ဦးဥတ္တမ ကိုတာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင်များ အဖြစ် မန္တလေးမှ ထွန်းအောင်ကျော်၊ရော်နယ်အောင်နိုင်၊ညီညီကျော် တို့ပါဝင်ကြပြီး-ရန်ကုန်မှ ဦးစိန် နှင့် ရဲလင်းတို့ပါဝင်ကာ-စစ်ကိုင်းမှ ဦးသောင်းမြင့်နှင့် ဦးရန်နိုင်စိုး တို့ပါဝင်လျက် မိုးညှင်းမှ မြင့်ကျော် လည်းပါ ၀င်ခဲ့ သည်။
ပထမပိုင်းတွင် အဆိုပါကော်မရှင်ကို မျိုးဝင်းက လုံးဝ လက်မခံခဲ့ပါ။ဗဟိုဦးစီး လွှမ်းမိုးတွင် ဘာမှ လုပ်ပိုင်ခွင့် မရှိဟု ဆိုကာ ကော်မရှင်ဖွဲ့စည်းခြင်း ကိစ္စ ပျက်ပြားအောင် လုပ်နိုင်ရန် ကြိုးစားခဲ့ပါသေးသည်။ လွှမ်းမိုးက ကော်မရှင်ဖွဲ့စည်းပြီးကြောင်းကို ကော်မရှင်အဖွဲ့ အမည်စာရင်းပါပူးတွဲကြေငြာလိုက်သောအခါ တပ်ဖွဲ့  ၀င်များ အားလုံး(မျိုးဝင်း၏လူရင်းများအပါအ၀င်)က တခဲနက် ထောက်ခံကြသဖြင့် မတတ်သာတော့ ဘဲ ကော်မရှင်၏ လုပ်ငန်းများကို မျိုးဝင်းချယ်လှယ်နေသော ဗဟို ကော်မတီမှ အသိအမှတ်ပြုပြီး လုပ်ကိုင် ခွင့် ပေး လိုက်ရလေသည်။
ကော်မရှင်မှလုပ်ငန်းတာဝန်များအဖြစ် တပ်ဖွဲ့ဝင်များ အားလုံးရှိရာ နေရာအနှံ့သွားရောက် ရှင်း လင်း ဆွေးနွေး တဲ့အလုပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ မျိုးဝင်းက သူ့ကို ထိပ်တိုက်ရင်ဆိုင် ကလန်က ဆန် လုပ်ခဲ့တဲ့ လွှမ်းမိုးကို ကိုင်တွယ်ပါတော့တယ်။
၁၉၉၀ ခုနှစ် မတ်လ အတွင်းမှာ မျိုးဝင်းက လွှမ်းမိုးကို ဗမာပြည်ကွန်မြူနစ်ပါတီအတွက် ကျောင်းသား တပ်ဖွဲ့အတွင်း သူလျှိုလုပ်သည်၊အမျိုးသမီး ရဲမေတစ်ယောက်ကို ဘလက်ကာယပြုကျင့် သည်၊ကျောင်း သား တပ်ဖွဲ့ပိုင် ရံပုံငွေများကို အလွဲသုံးစားလုပ်သည်၊ဆိုသော စွဲချက်များအပါအ၀င် စွဲချက် (၅) ခုစွဲဆိုပြီး ဖမ်းဆီး လိုက်ပါတော့သည်။
၎င်းကိုယ်တိုင်စွဲဆိုသော စွဲချက်များအတွက် လွှမ်းမိုးအား မျိုးဝင်းကိုယ်တိုင် အကျဉ်းနည်းဖြင့် စစ်ဆေး စစ်ကြောပါသည်။စွဲဆိုချက်များ အားလုံးမှန်ကန်သည်၊လွှမ်းမိုးတွင် အပြစ်ရှိသည်ဟု မျိုးဝင်း ဦးဆောင်သော ဗဟိုကော်မတီကဆုံးဖြတ်ပြီး လွှမ်းမိုးအား သေဒဏ်အပြစ်ချမှတ်ခဲ့သည်။
စံပြ အပြစ်ပေး အရေးယူမှုအဖြစ် တပ်အလယ်ခေါင်ရှိ စစ်ရေးပြကွင်းအတွင်း ကျောင်းသား တပ်ဖွဲ့ဝင် များ ၏ရှေ့မှောက်တွင် သံချောင်းက လွှမ်းမိုးဦးခေါင်းကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ် အဆုံးစီရင်ခဲ့သည်။ အလောင်းကို စစ်ရေးပြကွင်း ဘော်လီဘော ကစားလေ့ရှိသည့် နေရာ အလယ်ခေါင် တည့်တည့်တွင် မြုတ်နှံ ထားခဲ့သည်။တပ်ဖွဲ့ဝင်အားလုံး အမြဲသတိရနေစေရန် ဟု မျိုးဝင်းကပြောခဲ့သည်။
အဆိုပါ အဖြစ်အပျက်ဖြစ်လိုက်သောအခါ လွှမ်းမိုး၏ဒေသဖြစ်သော မိုးကောင်းအုပ်စုသည် မျိုးဝင်း နှင့် သံချောင်းတို့၏ဒေသဖြစ်သော မိုးညှင်းဒေသသားများနှင့် ဆက်ဆံရေးမှအစ မပြေမလည်ဖြစ်ကုန်ကြတော့ သည်။ မြစ်ကြီးနား နှင့် ရွှေကူ နယ်သားများသည်လည်း မျိုးဝင်းတို့၏ မိုးညှင်းသားများနှင့် အဆင်မပြေကြ သဖြင့် မြို့ပေါ်သို့ အပြီးပြန်သွားခဲ့ကြသည်။
မြစ်ကြီးနား အုပ်စုဝင်တချို့ကတော့ မျိုးဝင်းတို့၏ မိုးညှင်းအုပ်စုနှင့် အဆင်မပြေသော် လည်း တော် လှန် ရေးစိတ်ဓာတ်ဖြင့် မြို့သို့ မပြန်ဘဲ တောထဲမှာ ဆက်နေခဲ့ကြသည့်အတွက် နောက်ပိုင်း တွင် စွတ် စွဲချက် ပုံစံ မျိုးစုံနှင့် မျိုးဝင်း၏သုတ်သင် ရှင်းလင်း သတ်ဖြတ်ခြင်းများကို ခံခဲ့ကြရပေသည်။
    အပိုင်း(၄)ကို ဆက်လက်ရေးသားဖေါ်ပြပေးပါမည်။
    မောင်မောင် (ရွှေကရ၀ိက်)
Maungmaung skw facebook မှကူးယူဖော်ပြသည်။ 
ကျွန်တော်သိခဲ့သော ABSDF(NB) ကောက်ကြောင်း-အပိုင်း(၄)
by Maungmaung Skw on Tuesday, 31 January 2012 at 03:16
          ဦးစီး လွှမ်းမိုးကို မျိုးဝင်းတို့ သံချောင်းတို့က သတ်လိုက်နိုင်ပေမဲ့ အများဆန္ဒနဲ့အညီ လွှမ်းမိုး ဖွဲ့ပေး ခဲ့တဲ့ ကော်မရှင်နဲ့ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့် တွေကိုတော့ တားဆီးလို့ မရတော့ပေ။
          ကော်မရှင်က တပ်ဖွဲ့ဝင်ထုအတွင်း ရှေ့တန်းများပါမကျန် နေရာအနှံ့အပြားသို့ သွားရောက် ရှင်းလင်း ချပြပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး စည်းရုံးခဲ့ကြသည့်အတွက် မြောက် ပိုင်းရောက် ကျောင်း သားတပ်ဖွဲ့ဝင်များ အားလုံးပါဝင်မဲပေးနိုင်ခဲ့ကြပြီး ၁၉၉၀ခုနှစ်မေလအတွင်းတွင် ဗဟိုကော်မတီဝင်(၁၉)ဦး ကို ရွေးချယ် တင်မြှောက် နိုင်ခဲ့လေသည်။
          မဲဆန္ဒ ရရှိမှု အနည်းအများ အစီအစဉ်အတိုင်း ရေတွက်လိုက်တော့ မျိုးဝင်းအတွက် နေရာ မရခဲ့ပါဘူး။ မဲပေးလို့ပြီးပေမဲ့ ကော်မတီမဖွဲ့စည်းရသေးတော့ ယခင်ကော်မတီဖြစ်တဲ့ABSDF(KS) ဗဟိုကော်မတီက အာဏာ လက်ရှိဖြစ်နေတယ်။အဲ့ဒီအချိန်မှာ မျိုးဝင်းက သူမဲမရရှိမှုကို အကြောင်းပြုပြီး အဖွဲ့အတွင်း ရန်ရှာမှု ပြသနာရှာ မှုတွေကို လုပ်ဆောင်လာခဲ့ပါတယ်။
          တပ်ဖွဲ့ဝင်များအတွင်း မျိုးဝင်းက “ငါတို့တောရွာ ကျေးလက်က လယ်သမား သားသမီးများကသာ  မ.ဆ.လ ရဲ့ ၂၆ နှစ်တာ နှိပ်စက်မှုဒဏ်ကို ခံခဲ့ကြရတာ ၊မြို့ပေါ်က ကုန်သည်ပွဲစား ဝန်ထမ်းသား သမီးတွေဟာ ရေပေါ်ဆီတွေသာဖြစ်တယ်- မ.ဆ.လ ရဲ့ဒဏ်ကိုခံခဲ့ကြရတဲ့သူတွေ မဟုတ်ဘူး။ပြည်တွင်းစစ် ရဲ့ အနိဌာရုံတွေ ကို ငါတို့လို ပြည်နယ်မှာနေရတဲ့သူတွေသာ မျက်မြင်ကိုယ်တွေ့ တွေ့ကြုံ ခံစားရတာ- ရန်ကုန်တို့ မန္တလေးတို့ စစ်ကိုင်းတို့လို မြို့ကြီးတွေပေါ်ကလာတဲ့သူတွေထဲမှာ ပေါ်တာ ဆိုတဲ့စကားလုံးကို မသိတဲ့သူ မကြားဘူးတဲ့သူ တွေ အများကြီး----ဒါကြောင့်  မြို့ပေါ်ကလူတွေရဲ့ တော်လှန်ရေးဆိုတာ သူတို့ကိုယ်ပိုင် အခွင့်အရေး အတွက် ဘဲဖြစ်တယ်----ငါတို့လို ပြည်နယ်မှာနေတဲ့ တောင်သူလယ် သမား သားသမီးတွေ လုပ်တဲ့ တော်လှန်ရေး သည် သာ စစ်မှန်တဲ့ တော်လှန်ရေးဖြစ်တယ် ”ဟုပြောဆိုပြီး စည်းရုံးလာပါသည်။
          မျိုးဝင်း၏ သွေးခွဲနေမှုများကို သိရှိခဲ့သော်လည်း အများပေးသော ဆန္ဒမဲ မရသဖြင့် ရှက်ရမ်း ရမ်းနေ ခြင်းသာ ဖြစ်မည်အချိန်ရလာလျှင်ပြီးသွားလိမ့်မည်ဟုထင်ခဲ့ကြသဖြင့်မည်သူကမှတုန့်ပြန်ခြင်း  ဖြေ ရှင်းခြင်း မလုပ်ခဲ့ကြပါ။
          အဲ့ဒီအချိန်မှာ မျိုးဝင်းက သူ့ထက် မဲအရေအတွက် ပိုမိုရရှိခဲ့သူ တိုက်ပိတ်(ခေါ်)သန်းထွန်းစိုး အား  ABSDF(KS) ဗဟိုကော်မတီ၏ အမိန့် အာဏာဖြင့် “စစ်အစိုးရ သူလျှို” ဟု စွတ်စွဲပြီး ဖမ်းဆီးလိုက်ပါသည်။ထိုသို့ ဖမ်းဆီးပြီးနောက် အရေးကြီးသော အမှုဖြစ်သဖြင့် မျိုးဝင်းကိုယ်တိုင် ကိုင်တွယ် မည်ဟုဆိုကာ သီးသန့်စစ်ကြော ရေး ကို မျိုးဝင်းကိုယ်တိုင် ကိုင်တွယ်ပြုလုပ်ပါသည်။
          နောက်ထပ် ရွေးချယ်တင်မြှောက်ခံထားရသူများမှာ ကော်မတီမဖွဲ့ရသေး သဖြင့် ဘာမှ ၀င်ရောက် စွက် ဖက်ပိုင်ခွင့် မရှိကြပါ။
          မည်သို့မည်ပုံ စစ်ဆေးလိုက်သည်မသိရဘဲ တိုက်ပိတ်(ခေါ်) သန်းထွန်းစိုးက “တပ်ဖွဲ့ဝင်များက မဲဆန္ဒ ပေး ရွေးချယ်လိုက်ကြသော်လည်း မိမိ တာဝန်မထမ်းဆောင်နိုင်ပါ-ဗဟိုကော်မတီမလုပ်လိုပါ” ဟု စာရေးပြီး လက်မှတ်ရေးထိုးပေးလိုက်သော အခါတွင်မှ မျိုးဝင်းက စစ်အစိုးရသူလျှို ဟု စွတ်စွဲမှုကို ရုတ်သိမ်းပြီး အချုပ်မှ လွှတ်ပေးခဲ့ပါသည်။ချက်ချင်းပင် ဗဟိုစခန်းတွင်နေထိုင်မှု မပြုစေဘဲ ရှေ့တန်းသို့ ပို့လွှတ်ခဲ့ပါသည်။
          ရှေ့တန်းစခန်းသို့ တိုက်ပိတ်အရောက် စခန်းသို့ တပ်မတော်မှဝင်ရောက်တိုက်ခိုက်သည်နှင့် ကြုံရ သဖြင့် တိုက်ပိတ် မှာ တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလေသည်။တပ်မတော်မှ တိုက်ပိတ်၏ ခန္တာကိုယ် ကို ရှာဖွေသောအခါ ရှေ့ တန်းမှ တပ်ဖွဲ့ ဝင်များထံ မျိုးဝင်းရေးပေးလိုက်သော အမိန့်စာ ချိပ်ပိတ် လျှက် တွေ့  သွားခဲ့ သည်။ တပ်မတော် အရာရှိမှ စာကိုဖောက်ဖတ်လိုက်သောအခါ စာထဲတွင် တိုက်ပိတ်(ခေါ်) သန်းထွန်းစိုး အား သုတ်သင်ပြစ်လိုက်ရန် ရှေ့ တန်း စခန်းမှုးထံ ညွှန်ကြားသော စာ ဖြစ်နေ သည်ကိုတွေ့ရှိရသည်။
          တိုက်ပိတ်(ခေါ်)သန်းထွန်းစိုးမှာ တပ်မတော်၏ ဖမ်းဆီးခြင်းကို (ကံကောင်းထောက်မစွာ)ခံခဲ့ရသဖြင့် အသက်ရှင်ခဲ့ရခြင်းဖြစ်ပါသည်။
          ထို့နောက် မျိုးဝင်းက ဆန္ဒမဲ အများစုရရှိသူများထဲမှ အောင်ကျော်(ရန်ကုန်)ကို စစ်အစိုးရ၏သူလျှိုဟု စွတ်စွဲကာ ဖမ်းဆီးပြန်ပါသည်။အောင်ကျော်၏ အမည်ရင်းကို မသိရှိပါ-ရန်ကုန် လသာ အ.ထ.က (၂) မှ ဆရာမတစ်ဦး၏သား ဟုဆိုပါသည်။
          အောင်ကျော်က အစောပိုင်းအချိန်က မျိုးဝင်းကို ဦးနေဝင်းနှင့်နှိုင်းယှဉ်ပြီး ကာတွန်းပုံရေးဆွဲကာ သင် တန်း ခန်းမတွင် ကပ်ခါ လှောင်ပြောင်ခဲ့ဘူးသဖြင့် မျိုးဝင်း၏ အမျက်သိုခြင်းကို ခံခဲ့ရသူဖြစ်သည်။
          ထုံးစံအတိုင်း အရေးကြီးသော အမှုဖြစ်သဖြင့် မျိုးဝင်းကိုယ်တိုင် စစ်ဆေးရာ (၂) ရက်အကြာတွင် စစ်ကြောရေးအတွင်း သေဆုံးသွားခဲ့သည်။ တပ်ဖွဲ့ ဝင်များအား မျိုးဝင်းက နှလုံး ရောဂါဖြင့် သေဆုံးသွား သည် ဟု ပြော သည်။နောက်ဆုံးနှစ် ဆေးတက္ကသိုလ်တက်ရင်း တောခိုလာခဲ့သူ ရော်နယ် အောင်နိုင်က မျိုးဝင်းပြော သော နှလုံးရောဂါ နှင့် သေတာ မှန်ကန်ကြောင်း ထောက်ခံ ခဲ့သည်။
          ထိုအခြေအနေများအတွင်း ABSDF(NB) ဖွဲ့ စည်းရေးကို မျိုးဝင်းက အကြိမ်ကြိမ်ရွှေ့ ဆိုင်းနေသည်ကို ထွန်းအောင်ကျော်က မရမနေ ညှိနှိုင်းပြီး ဆွေးနွေးမှုများ ပြုလုပ်ကာ ၁၉၉၀ ခုနှစ် ဇွန်လ (၁) ရက်နေ့ တွင် အောက်ပါ တာဝန်များအတိုင်း ABSDF(NB)၊မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြန်မာပြည်-မြောက်ပိုင်း) ကို ဖွဲ့ စည်းနိုင်ခဲ့လေသည်။
(၁)ဥက္ကဌ-ထွန်းအောင်ကျော်-မန္တလေး-(နောက်ပိုင်း-အသတ်ခံရ)
(၂)ဒု-ဥက္ကဌ-၁-မြင့်စိုး(ခ)သံချောင်း-မိုးညှင်း-စစ်ရေးတာဝန်ခံ-(SSAစပ်ခွန်ကျော် အဖြစ်အဖမ်းခံရ)
(၃)ဒု-ဥက္ကဌ-၂-ကျော်ကျော်-မြစ်ကြီးနား-မာနယ်ပလောရောက်၊
(၄)ဒု-ဥက္ကဌ-၃-သံလွင်-လားရှိုး-(ရှမ်း-ရင်း ၄၀၁-နောက်ပိုင်း-အလင်းဝင်)
(၅)အထွေထွေအတွင်းရေးမှုး-ရော်နယ်အောင်နိုင်-မန္တလေး-(နောက်ပိုင်း-ဥက္ကဌကိုသတ်ပြီးဥက္ကဌတက်လုပ်သူ)
(၆)တွဲဘက်အထွေထွေအတွင်းရေးမှုး(၁)-မျိုးဝင်း-မိုးညှင်း-ဒုစစ်ရေးတာဝန်ခံ(ဆားမှော်တိုက်ပွဲတွင်-သေဆုံး)
(၇)တွဲဘက်အထွေထွေအတွင်းရေးမှုး(၂)လှဆိုင်း-မြစ်ကြီးနား-စီတာပူ-(လက်ရှိမြောက်ပိုင်းခေါင်းဆောင်)
(၈)ဘဏ္ဍာရေးမှုး-အောင်ကြီး-မိုးကောင်း၊
(၉)နိုင်ငံရေး/စည်းရုံးရေးမှုး-စိုးလင်း-မန္တလေး-(မာနယ်ပလောရောက်-အဖမ်းခံရ-အလင်းဝင်)
(၁၀)စီးပွားရေးတာဝန်ခံ-နေထွန်း(ခ)နေဒွန်း-မြစ်ကြီးနား-(ဖားကန့်)
(၁၁)တရားရေးနှင့်စည်းကမ်းထိမ်းသိမ်းရေး-ဦးစိန်-ရန်ကုန်-(မှိုင်းရာပြည့်ဟောင်း/ဒီးဒုတ်ဂျာနယ်/အသတ်ခံရ)
(၁၂)လုပ်ငန်းစစ်ဆေးရေး-မြင့်ကျော်-မိုးညှင်း-(မြို့ပေါ်တာဝန်နှင့်မန္တလေးတွင်အဖမ်းခံရ)
(၁၃)ကျန်းမာရေး-ရန်နိုင်စိုး-စစ်ကိုင်း/တန့်ဆည်-(ရင်း-၇၀၂ သို့ရောက်သွား)
(၁၄)သတင်းနှင့်ပြန်ကြားရေး-တင်မောင်အေး(ခ)အားစိုက်-စစ်ကိုင်း/ကသာ-(စစ်ကြောရေးဒဏ်ဖြင့် သေ)
(၁၅)ကချင်ဒေသတာဝန်ခံ-စိန်အေး-မိုးညှင်း-(မိုးညှင်းခရိုင်မှူး)
(၁၆)ရန်ကုန်ဒေသတာဝန်ခံ-ရဲလင်း-ရန်ကုန်-(ရွှေကူခရိုင်မှူး)
(၁၇)မန္တလေးဒေသတာဝန်ခံ-ညီညီကျော်-မန္တလေး-(ဗန်းမော်ခရိုင်မှူး)
(၁၈)စစ်ကိုင်းဒေသတာဝန်ခံ-ဦးကျော်ကျော်အုန်း-စစ်ကိုင်း/တန့်ဆည်-(အသတ်ခံရ)
(၁၉)ရှမ်းဒေသတာဝန်ခံ-ဝင်းသိန်း-လားရှိုး(ဦးမထုနော်အဖွဲ့နှင့်အတူအလင်းဝင်)
                  အထက်ပါအတိုင်းဖွဲ့ စည်းခဲ့ပါသည်။တပ်ရင်းမှူးများအဖြစ်(၁)၄၀၁-ရင်းမှူးဇော်နော်။(၂)၇၀၁-ရင်းမှူးအောင်သန်း။(၃)၅၀၁-ရင်းမှူးသိုက်ထွန်းဦး။(၄)၇၀၂-ရင်းမှူး-အမည်မသိ တို့ အားလည်း ခန့် အပ်
တာဝန် ခွဲဝေခဲ့လေသည်။
မောင်မောင်(ရွှေကရဝိက်)
ဆက်လက်ဖော်ပြပါမည်။
Maungmaung (skw) facebook မှကူးယူဖော်ပြသည်။
ကျွန်တော်သိခဲ့သော ABSDF(NB) အပိုင်း(၅)-ကောက်ကြောင်းနောက်ဆုံးပိုင်း။
by Maungmaung Skw on Saturday, 11 February 2012 at 04:39
                          ကျွန်တော်သိခဲ့သော ABSDF(NB)  ကောက်ကြောင်း-အပိုင်း (၅)၊ 
          အထက်ပါအတိုင်းALL BURMA STUDENT DEMORACTIC FRONT (NORTHEN BURMA) ၊ ABSDF(NB) ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြန် မာပြည်မြောက်ပိုင်း)၊ မကဒတ(မပ) ဗဟိုကော်မတီကို ဖွဲ့စည်းပြီးသည့်နောက်ပိုင်းတွင် ဥက္ကဌ ထွန်းအောင်ကျော်၏ ဦးဆောင်မှုဖြင့် အဖွဲ့ကြီးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ခိုင်မာစွာ ရေးဆွဲ ပြဌာန်းနိုင်ခဲ့သည်။
          ABSDF(NB) ၏ နိုင်ငံရေးမူဝါဒများ၊မူးယစ်ဆေးဝါးနှင့်ပတ်သက်သောမူဝါဒ သဘောထားများ၊နိုင်ငံခြား ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊သဘောတရားရေးနှင့် စည်းမျဉ်းစည်းကမ်း ဥပဒေများကို ခိုင်မာအောင်ရေးဆွဲ ပြဌာန်းနိုင်အောင် ကျိုးပမ်းအားထုတ်ခဲ့သည်ကို တွေ့ရှိရပေသည်။
          ထွန်းအောင်ကျော်၏ သဘောထားမှာ အခြေအနေတစ်ရပ်ကြောင့် မြို့ပေါ်တွင် နေမဖြစ်တော့ သဖြင့် တောခိုသည့်လမ်းကို ရွေးချယ်ခဲ့ရသည်။တောထဲတွင် လက်နက်ကိုင်ပြီး စစ်ခေါင်းဆောင် တစ်ယောက်အဖြစ် မနေ လို ပြည်တွင်းလှုတ်ရှားမှုဖြင့်သာ နိုင်ငံရေးအရ အောင်နိုင်မှုကို ရရှိနိုင်လိမ့်မည် ဟူသော သဘောထား ဖြစ်သည်။
          မြို့ပေါ်လှုတ်ရှားမှုများကို ဦးစားပေး ဆောင်ရွက်ခဲ့သဖြင့် မြို့ပေါ် UG လုပ်ငန်းများကို အရှိန်အ ဟုန်မြှင့် ဆောင်ရွက်ခဲ့သဖြင့် တပ်ဖွဲ့ဝင်သစ်များ တိုးပွားလာခဲ့သည်။တော တွင်းသို့  ရောက်ရှိ လာသူတိုင်းကိုလည်း တောခိုနေထိုင်ခွင့်မပေးခဲ့ပါ။
          အခြေအနေကောင်းသူများ-မြို့ပေါ်တွင်နေထိုင်ပြီးဘာပြသနာမှမရှိနိုင်သောသူများကို လိုအပ်သော သင်တန်းများတက်ရောက်စေပြီး မြို့ပေါ်တွင်သာနေထိုင်ရန် ပြန်လွှတ်ခဲ့သည်။တောထဲတွင် လက်နက်ကိုင် စစ်ခေါင်းဆောင်အဖြစ်နေရန်လောက်သာ ရည်ရွယ်ချက်ရှိသော မျိုးဝင်း သံချောင်းတို့နှင့် ဥက္ကဌထွန်းအောင် ကျော် တို့  သိပ်အစီး မကပ်ကြတော့ပေ။
          ထိုအခြေအနေတွင် ဥက္ကဌမှ ဗဟိုကော်မတီဆုံးဖြတ်ချက်ဖြင့် မြို့ပေါ် UG လုပ်ငန်းလုပ်ကိုင်နေသူများ ထဲမှ ဖရက်ဒီအောင်သန်း(ခ)ချိုကြီးကို ABSDF(NB) ဗဟိုကော်မတီဝင်အဆင့်ဖြင့် UG တာဝန်ခံ အဖြစ်တာဝန် ပေးအပ်ခဲ့သည်။နောက်ပိုင်း ချိုကြီး မြို့ပေါ်တွင်နေထိုင်ရန် မဖြစ်နိုင်တော့ သဖြင့် တော ခိုရောက်ရှိလာသောအခါ နိုင်ငံရေးသင်တန်းမှုးအဖြစ်တာဝန်ပေးခန့် အပ်ခဲ့သည်။
          မြို့ပေါ်ရှိ နောက်ထပ်အမည်မသိသူ တစ်ဦးအားလည်း ABSDF(NB) ဗဟိုကော်မတီဝင်အဖြစ်ခန့်အပ်ခဲ့ သေးသည်။မည်သူမည်ဝါ ယနေ့ အချိန်အထိမသိရပါ။မန္တလေးဘက်ပိုင်းမှ အလင်းဝင်လာသူတိုင်း အဆိုပါ ဗဟို ကော်မတီဝင်ကိစ္စကို ထောက်လှမ်းရေးမှ အသည်းအသန် စစ်မေးခြင်း ခံခဲ့ရပါသည်။ကျွန်တော်ကိုယ်တိုင်လည်း အဆိုပါ ပုဂ္ဂိုလ်ကိစ္စနှင့်ပတ်သက်ပြီး အကြိမ်ပေါင်းမြောက်များစွာ အစစ်အဆေးခံခဲ့ရပါသည်။ မည်သူမှသူ့ အ ကြောင်းမသိကြပါ။ယနေ့တိုင်မသိရခြင်းဖြစ်ပါ သည်။အဆို ပါလူ မှာလည်း UG လုပ်ငန်းလုပ်ကိုင်သူဟုသာ ကြား သိခဲ့ဘူးပါသည်။
          မြို့ပေါ်တွင်ရှိနေသော ညီညီအား ABSDF(NB) ၏ဗဟိုကော်မတီဝင်အဆင့်သတ်မှတ်ပေးထားပြီး နိုင်ငံခြားဆက်ဆံရေးအရာရှိအဖြစ်တာဝန်ပေးထားခဲ့ပါသည်။အထူးသဖြင့်ဆရာတော်ဦးရေဝတ နှင့်ပူးတွဲပြီး အဖွဲ့အတွက် နိုင်ငံခြားသံရုံးများနှင့်ဆက်ဆံရေး မြို့ပေါ် UG လုပ်ငန်းလုပ်ဆောင်နေသူများအားလိုအပ်သလို ကူညီဆောင်ရွက်ရေးတို့အတွက်တာဝန်ပေးထားခဲ့သည်။ညီညီ မြို့ပေါ်တွင် နေထိုင်ရန်မဖြစ်နိုင်တော့သောအခါ မြောက်ပိုင်းစခန်းသို့ခေါ်ယူပြီး နိုင်ငံခြားဆက်ဆံရေးမှူးအဖြစ်ခန့် အပ်ခဲ့ပြီး တပ်ဖွဲ့ ဝင်များအားပညာရေးမြှင့်တင် ရေးအစီအမံများချ မှတ်ရေးဆွဲစေခဲ့သည်။
          ထွန်းအောင်ကျော်သည် KIO ဥက္ကဌ ကြီးဦးဘရန်ဆိုင်းနှင့် အဖွဲ့ ဝင်များနှင့် အကြိမ်ကြိမ်တွေ့  ဆုံ ဆွေး နွေးပြီးနိုင်ငံရေးဆိုင်ရာသဘောထားများ၊တိုင်းပြည်အကျိုးရှိမည့်ကိစ္စများကိုဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ သည်။ ရလာဒ်  အဖြစ် KIO အဖွဲ့ ၏ ဘိန်း နှင့်ပတ်သက်သောမူဝါဒကို ပြောင်းလဲနိုင်ခဲ့သည်။
          ABSDF(NB) ဥက္ကဌ ထွန်းအောင်ကျော်နှင့် KIO ဥက္ကဌ ဦးဘရန်ဆိုင်းတို့၏ဆွေးနွေးပွဲမှ ရလာဒ်အဖြစ် ဘိန်းစိုက်ပျိုးခြင်း၊ထုတ်လုပ်ခြင်း၊ဘိန်းချက်ခြင်း၊ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်း၊သယ် ယူပို့ ဆောင်ခြင်း၊ အစောင့်အရှောက်လိုက်ပါခြင်း များကို KIO အဖွဲ့ မှ တားဆီးပိတ်ပင်ခဲ့ပေသည်။ KIO အဖွဲ့ နှင့် ABSDF(NB) တို့ ပူးပေါင်းပြီးကချင်ပြည်နယ်ကို ဘိန်းနှင့်မူးယစ်ဆေးဝါးကင်းစင်သောပြည် နယ်ဖြစ်စေရမည်ဟူသော ဆုံးဖြတ်ချက် ကိုကြော်ငြာနိုင်ခဲ့ပေသည်။ဘိန်းနှင့်ပတ်သက်၍ စီးပွားရှာမှု ကိစ္စအဝဝကို KIO ကလက်လွှတ်အောင်နားချနိုင်ခဲ့ လေသည်။
          ABSDF(NB) အဖွဲ့ အနေနှင့်လည်း ယခင် ABSDF(KS) ဘဝက တပ်ဖွဲ့  ဝင်များကိုယ်တိုင် ပေါင်းသင် မြက်ရှင်းလုပ်ပေးခဲ့ကြရသော ဘိန်းခင်း ဧကပေါင်း မြောက်များစွာကို ခုတ်ထွင် ရှင်းလင်းနိုင်ခဲ့ပြီး တရုတ်လူမျိုး ကုန်သည်များ သယ်ဆောင်လာသော ဘိန်းတင် လားတန်းများကို ဟန့်  တားပြီး ဘိန်း ပိဿာချိန်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပေသည်။
          KIA အရာရှိငယ် အချို့ ၏ ငြိုငြင်မှု ရှိသော်လည်း KIO အဖွဲ့ ၏ တရားဝင် မူဝါဒပြောင်း လဲမှု ဖြစ်သည့် အတွက်မည်သည့်ပြသနာမှ မရှိခဲ့ပါ။သို့ သော် ကျောင်းသားတပ်အတွက် ရံပုံငွေကောက်ခံမှု များကို ကချင် လူမျိုးတို့ ၏နယ်မြေအတွင်း ပြုလုပ်ခွင့် မပေးတော့ပါ။
          ထိုအခါ ထွန်းအောင်ကျော်မှ ABSDF(NB) သည် စားနပ်ရိက္ခာ၊စစ်လက်နက်  နှင့် အခြားကိစ္စများ အားလုံးအတွက် ငွေရေးကြေးရေး ကိစ္စများအပါအဝင် KIO အပေါ်လုံးဝမှီခိုနေ၍မဖြစ်-ကိုယ်ပိုင်ဝင်ငွေဖြင့် သီး ခြားရပ်တည်နိုင်ရမည်ဟု ဆုံးဖြတ်ခါ ABSDF(NB) ကိုယ်ပိုင်လုပ်ငန်းများအဖြစ် ဖားကန့် ဒေသ တွင် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း၊တရုတ်နယ်စပ်တွင် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အတွက် KIO မှ ကော်မတီဝင်များနှင့် ဆွေးနွေးညှိနှိုင်းပြီး ခွင့်ပြုချက်ရအောင် လုပ်ဆောင်နိုင်ခဲ့သည်။
          မြို့ပေါ်မှ စိတ်ဓာတ်ပြင်းပြပြီး တောခိုရန်ရောက်ရှိလာသူများကိုလည်း တောထဲတွင် တပ် ဖွဲ့ ဝင်များရေး ကိုဦးစားမပေးဘဲလက်နက်ကိုင်စစ်သင်တန်းကို လူတိုင်းမတက်ရောက်စေဘဲသဘောတ ရား ရေးရာများသွန်သင် ညွှန်ပြပြီး မြို့ပေါ်လှုတ်ရှားမှုများတွင်သာ ပါဝင်ရန် မြို့ပေါ်သို့ ပြန်ခိုင်းပါသည်။
          တောထဲတွင် တပ်ဖွဲ့ဝင်များများ အင်အားကောင်းကောင်းနှင့် စစ်ဘုရင်လုပ်လိုပြီး သဘောတရားရေး အမြင် နိုင်ငံရေးအမြင်မရှိဖြစ်နေကြသော သံချောင်း-မျိုးဝင်းတို့၏ စစ်အုပ်စုက ထွန်းအောင်ကျော်၏လုပ်ငန်း များကို လုံးဝ ကြည့်မရဖြစ်နေကြလေသည်။
          ခံယူချက်ခြင်းမတူသဖြင့် လုပ်ဆောင်ချက်ခြင်းမတူကြသည့် အခြေအနေမှ တဖြည်းဖြည်း ရန်ပြုလို သည့် အခြေအနေသို့ ရောက်ရှိလာခဲ့လေသည်။ထိုအတောအတွင်း NLD(LA)  အဖွဲ့  ၀င် များ တော ထဲသို ရောက်ရှိလာသောအခါ သံချောင်းနှင့်မျိုးဝင်းတို့၏“ ကချင်နယ်မြေအတွင်း သီးခြားလူမျိုးစုတစ်စုကို ကိုယ်စားပြု ထားသော လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ တည်ရှိရေး အိမ်မက်” ပိုမိုကြီးထားလာခဲ့သည်ဟု ယူဆရ ပါသည်။
          လွတ်မြောက်နယ်မြေရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ဝင်များမှာလည်း ၄င်းတို့ နှင့် လူမျိုး တူ ဒေသတူ များဖြစ်နေခြင်းသည်လည်း ပိုမို၍ လက်ရဲ ဇက်ရဲဖြစ်စရာ အခြေအနေဖြစ်နေ ပါသည်။ အဖွဲ့  အစည်းတစ်ခုလုံးကို၎င်းတို့ စိတ်တိုင်းကျအခြေအနေသို့ရောက်လာနိုင်ရန်အတွက်မှာဥက္ကဌထွန်းအောင်ကျော် အပါအဝင် ၄င်းတို့  စိတ်တိုင်းကျခိုင်းမရနိုင်မည့်လူ အားလုံးကို ရှင်းလင်းရန်လိုအပ်သောကြောင့် အုံနှင့် ကျင်းနှင့် ရှင်းလင်းသုတ်သင် နိုင်ရေးအတွက် ထောက်လှမ်းရေးသူလျှို တပ်ခွဲတစ်ခွဲ ကျောင်းသား တပ်ထဲရောက်နေသည်ဟူသော သတင်းကို ကျောင်းသားတပ်ဖွဲ့ဝင်များအတွင်း တီးတိုးတစ်မျိုး ကျယ်ကျယ် တဖုံ လွှင့်ထုတ်လာခြင်းမှာ ပြသနာ၏ အစပင် ဖြစ်ပါတော့သည်။
          ထိုအချိန်အခါတွင် အရည်အချင်းမရှိသူ အချောင်သမား အာဏာရူးသူ အောင်နိုင်က ဥက္ကဌဖြစ်လိုဇော ဖြင့် သံချောင်းမျိုးဝင်းတို့၏ တပည့်ခံပြီး နေရာဝင်ယူလာခြင်းဖြစ်ပါသည်။ နိုင်အောင်က လည်း မိုးသီးဇွန်ကို တိုက်ခိုက်ရန် အင်အားစုနေသောအချိန်၊သူ့ဆရာ ခွဲစိတ်ကုဆရာဝန်ကြီး၏သား သူလိုဆရာဝန်ဖြစ်ခါနီးလူ နိုင် အောင်ကိုယုံကြည်ကိုးစားပြီး နဂို ညံ့ပြီးသားရှိနေသည့် စိတ်ဓာတ်ကြောင့် အားလုံးပူးပေါင်းပါဝင်သော ABSDF အဖွဲ့ ဝင်များကိုသာမက အဖွဲ့ ကြီးကိုပါလုပ်ကြံမှုကြီး   ဖြစ်ပွား လာခဲ့ ရပေတော့သည်။
          ၁၉၉၁ခုနှစ် သြဂုတ်လ(၆)ရက်နေ့တွင် ၅၀၁ ရင်းမှူး သိုက်ထွန်းဦး၏အကူရဲဘော် စိုးမင်းအောင် (မန္တလေး) စခန်းမှ ထွက်ပြေးသွားခဲ့သည်။“စခန်းတွင် ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားကြီး ကျင်းပရန် စီစဉ်ထားသောအချိန် ထွက်ပြေးတာ-အရေးကြီးတဲ့သတင်းတွေ နဝတ ဘက်ကိုပေးဖို့ ပြန်သွားတဲ့ သူလျှိုဖြစ် နိုင်တယ်” ဟု မျိုးဝင်းကစွတ်စွဲမှတ်ချက်ချပြီး သူ့၏ ကွန်မင်ဒိုအဖွဲ့ဝင်များဖြင့် ပြေးလမ်းပေါင်စုံမှ ပိတ်ဆို့ဖမ်းဆီး စေရာ-သြဂုတ်လ(၈)ရက်နေ့တွင် ရွှေလီမှ ပြန်လည်ဖမ်းမိခဲ့သည်။
          စိုးမင်းအောင်ကို ဥက္ကဌထွန်းအောင်ကျော်တို့ ရှိနေသည့် ဌာနချုပ်သို့ ခေါ်မလာဘဲ KIA ၏ဗျူဟာ(၁) နယ်မြေ-ဗန်းမော်နယ်အတွင်းတည်ရှိသော (ခရိုင်မှူး-ညီညီကျော်ရုံးထိုင်ရာ)ABSDF စခန်းခွဲသို့ ခေါ်သွားပြီး မျိုးဝင်း၏ ကွန်မင်ဒိုများက ရိုက်နှက် နှိပ်စက် စစ်မေးကြပါသည်။
          စိုးမင်းအောင် မည်သို့အစစ်ခံရသဖြင့် မည်သို့ အဖြေပေးလိုက်သည်ကို သေသေချာချာ မသိရသော် လည်း မျိုးဝင်းမှ “စိုးမင်းအောင်က အစစ်ခံသွားသည်-ABSDF(NB) ဌာနချုပ်မှာ ရန်သူ့ထောက်လှမ်းရေး တပ်ခွဲ တစ်ခွဲ ရှိနေသည်” ဟုဆိုပြီး ၁၉၉၁ခုနှစ် သြဂုတ်လ(၁၀)ရက်နေ့  တွင် လူဖမ်းပွဲကြီးစတင် ကျင်းပ လိုက်ပါတော့ သည်။
          လူဖမ်းပွဲကို ဗန်းမော်ခရိုင်တွင်စတင်လိုက်ခြင်းဖြစ်သည်။ထိုအချိန်က ခရိုင်မှူး ညီညီကျော်မှာ ဗဟိုသို့ ရောက်ရှိနေခဲ့ပါသည်။ပထမဆုံး အဖမ်းခံရသူများမှာ အေးကျော်(မန္တလေး)၊ တင့်လွင်(မိုးကောင်း)၊ အိုကေ (မန္တလေး)တို့  ဖြစ်ကြပြီး ဗန်းမော်ခရိုင်တွင် အဖမ်းခံကြရခြင်းဖြစ်သည်။
          ဗဟိုစခန်းတွင်ရောက်ရှိနေသော ညီညီကျော်အား ဗန်းမော်စခန်းသို့ပြန်မသွားရန် မျိုးဝင်းက တားထားခဲ့  သံချောင်းနှင့်မျိုးဝင်း တို့ စစ်ရေးတာဝန်ခံများက စိတ်တိုင်းကျ ကိုင်တွယ်စစ်ဆေးခဲ့ပါ သည်။ဥက္ကဌ ထွန်းအောင် ကျော်ကလည်း စစ်ရေးကော်မတီက စစ်ဆေးပြီးလျှင် ဗဟိုကော်မတီကိုတင်ပြရ မှာဘဲဖြစ်သည်-အချင်းချင်း ရက် ရက်စက်စက်လည်းလုပ်မှာမဟုတ်-ကျောင်းသားတပ်ဖွဲ့ ဝင်များသည် လူရော စိတ်ဓာတ်ပါ ခိုင်မာပြီးသူများဖြစ် သည်-မယုံသင်္ကာဖြစ်နေသည်များလည်း သံသယရှင်းသွား လိမ့်မည်ဟု ရိုးရိုးသားသားယုံကြည်သဖြင့် အခြေအ နေကိုစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ညီညီ၊ ညီညီကျော်နှင့် အခြားသူများ၏ အကြံပေးချက်များကို လက်မခံခဲ့ ဘဲ သံချောင်း၊မျိုးဝင်းနှင့်အောင်နိုင် တို့  ၏ ကျောင်းသားစိတ်ဓာတ်ကို ယုံကြည်မှုပိုခဲ့လေသည်။ကျောင်းသားစိတ် ဓာတ်ဆိုသည်မှာ အမှန်တရားကို ချစ်မြတ်နိုးသော အမှန်တရားကိုတပ်မက်စွာ ရှာဖွေတတ်သော အမှန်တရား အတွက် အသက်ကိုစွန့်  လွှတ်တတ်သောစိတ်ဓာတ်ဖြစ်သည်။
          ထိုသို့ စောင့်ကြည့်နေရင်း ၁၉၉၁ခုနှစ်စက်တင်ဘာလ (၁၀) ရက်နေ့ - (စိုး မင်းအောင်၏ထွက်ဆိုချက်ရရှိ ပြီး တစ်လတိတိအကြာတွင်) ထွန်းအောင်ကျော်၊ချိုကြီး၊ညီညီကျော်၊ညီညီတို့  အပါအဝင် (၂၂)ယောက်တစ် ရက်ထဲ တစ်ပြိုင်ထဲဖမ်းဆီးလိုက်ပါတော့သည်။
          ဖမ်းဆီးလိုက်သည်နှင့် တပြိုင်ထဲ အဖမ်းခံရသူအားလုံး၏ အဝတ်အထည်များ-လက်ပတ်နာရီများ-အသုံးအဆောင်များကို ဖမ်းဆီးသူလူများက တိုက်ပွဲတွင် သုံ့ ပန်းများဖမ်းသလို ချွတ်ယူ ခွာယူ ခွဲဝေယူလိုက် ကြပါ တော့သည်။
          ဖမ်းဆီးထားသူများကို တစ်နေရာထဲ ချုပ်မထားဘဲ နေရာများခွဲ၍ ချုပ်နှောင် စစ်ဆေးပါတော့သည်။လူမ ဆန်သောနည်းများဖြင့် နှိပ်စက်ညဉ်းပမ်းပြီး ထောက်လှမ်းရေး အရာရှိများအဖြစ် ဝန်ခံခိုင်းပါသည်။ နေ့ စဉ် ညှဉ်း ပမ်းနှိပ်စက်မှုပြုနေခြင်းကို အများအမြင်ကောင်းစေရန်အတွက် ဘယ်တုန်း ကမှ မရှိခဲ့သော (သူတို့ စိတ်ကူးယဉ် ဖန်တီးထားသည့်) အဆိပ်လက်နက်ထုတ်ပေးရန်တောင်းဆိုနေပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖုံးကွယ် ထားခဲ့သည်။
          တစ်ချိန်လုံး ထွန်းအောင်ကျော်၏သူငယ်ချင်း လုပ်ဖေါ်ကိုင်ဘက်ချင်းအဖြစ်နှင့် ထွန်းအောင်ကျော် ၏ နောက်လိုက်ဖြစ်ခဲ့သော ရော်နယ်အောင်နိုင်ကိုလည်း မျိုးဝင်း၏အမိန့် ဖြင့် ပြန်တမ်းမရှိ ဘာမရှိနှင့် ဥက္ကဌ အဖြစ် ခန့် အပ်လိုက်ခြင်းဖြင့် စည်းရုံးထားလိုက်လေသည်။
          ဖမ်းဆီးထားသော အကျဉ်းသားများကို စိတ်ကူးပေါ်လာလျှင်ပေါ်လာသည့်ပုံစံ၊ စိတ်ကူးပေါ်လာ လျှင် ပေါ်လာသောနေရာ များတွင် တစ်ယောက်ထဲတစ်မျိုး၊အုပ်စုလိုက်တစ်ဖုံ စိတ်ကူးရှိသမျှ အရသာခံ၍ ညှဉ်းပမ်း နှိပ်စက်လေ့ရှိကြပါသည်။
          ထိုအခြေအနေများအတွင်း ၁၉၉၁ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့တွင် ညီညီကျော်တစ်ဦးတည်း အချုပ်မှလွတ်မြောက်သွားခဲ့ပါသည်။လက်ကိုချီနှောင်ထားသော ကြိုးလျော့သွားသည်ကိုပင် ကြိုးဖြည်ပါ သည် ဟူသော စွတ်စွဲချက်ဖြင့် လက်ဖြတ်ပစ်ရသည်အထိ အရေးယူခံရတတ်သည့်နေရာတွင် ဆက် လက်နေထိုင်ရန် မဖြစ်သည်ကတကြောင်း-ကိုယ်တိုင်လည်းလမ်းကောင်းကောင်းမလျှောက်နိုင်လောက်အောင် အနှိပ်စက်ခံထား ရသဖြင့်အသက်သေ ရန်စိုးရိမ်ရသည်ကတကြောင်း-ကျောင်းသားတပ်မှဖြစ်ပျက်နေသည့်အခြေအနေကို ပြင်ပမှလူများသိရှိပါက -ပြင်ပမှနိုင်ငံရေးအဖွဲ့ အစည်းမှလူများသိရှိပါက အကျဉ်းကျ အနှိပ်အစက်ခံနေရသူများအတွက် တစ်စုံတစ်ခု လုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မိသည်ကတကြောင်း အစရှိသောအကြောင်းများစွာတို့ကြောင့် ညီညီကျော် သည် တရုတ်ပြည်တွင်း တောလမ်းခရီးအတိုင်း တစ်ကိုယ်တော်ဖြတ်သန်းခဲ့ရာ (၆)ရက်လမ်းခရီး တွင်ကြာ ခဲ့ပြီး နောက် အောက်တိုဘာလ(၁၀)ရက်နေ့ တွင် မြန်မာနိုင်ငံ မူဆယ်မြို့သို့ ရောက်ရှိခဲ့ပြီး မူဆယ်မြို့ နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ သို့  ရောက်ရှိ သတင်းပို့ခဲ့သည်။
          မူဆယ်မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ က တပ်မတော်ထောက် လှမ်းရေး အမှတ်(၂၃) တပ် ဆွယ်(မူဆယ်)သို့  လွှဲပြောင်းပေးခဲ့ပြီး ၄င်းမှ တပ်မတော်ထောက်လှမ်းရေးအမှတ်(၂၃) ကွတ်ခိုင်မြို့သို့  လွှဲပြောင်းစစ်ဆေးခဲ့ပါသည်။၎င်းမှတဆင့်တပ်မတော်ထောက်လှမ်းရေးအမှတ်(၉)လားရှိုးမြို့သို့ လွှဲပြောင်းေ ပး ပို့ ပြီး ထပ်မံ စစ်ဆေးခဲ့ပါသည်။၎င်းမှတဆင့် တပ်မတော်ထောက် လှမ်းရေးအမှတ်(၁၂) ရန်ကုန်မြို့သို့  လွှဲပြောင်းပေး၍စစ် ဆေးမှုခံယူစေခဲ့ပါသည်။ထိုမှတဆင့် တပ်မတော်ထောက်လှမ်းရေးအမှတ်(၁) မန္တလေးမြို့ သို့ လွှဲပြောင်းပို့အပ် ပြီး စစ်ဆေး မှုခံယူခဲ့ရကာအစစ်အဆေးခံ ရက်ပေါင်း(၇၇)ရက် စုစုပေါင်း နှစ် လနှင့် တဆယ့်ခွန်နှစ်ရက်နေခဲ့ ရ ပြီးမှ အိမ်သို့  အလင်းဝင်အဖြစ် ပြန်ခွင့် ရခဲ့ပါသည်။
          အိမ်ပြန်ခွင့်ရသည့်နေ့မှစပြီး ညီညီကျော်သည် တစ်ကိုယ်တော်လှုတ်ရှားခဲ့သည်။အပေါ်စခန်းတွင် ကွယ်လွန်သွားပြီးသော သူများ၏မိသားစုများထံ အကြောင်းကြားခြင်း၊အဖမ်းခံနေရသူများ၏မိသားစုများထံ အကြောင်းကြားခြင်း၊အဖမ်းခံရနိုင်စရာရှိသော သူများ၏ မိသားစုထံ သတင်းပေးခြင်းများကို ပြုလုပ်ခဲ့သည်။ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်ဟောင်းများထံအခြေအနေကိုပြောပြပြီး လောလောဆယ်ဆယ် နောက်ထပ်တောခို မည့်သူများကို တားဆီနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့လေသည်။မန္တလေးမြို့ လမ်း(၃၀)ရှိ ကျွန်တော့်အိမ်သို့  လည်း လာရောက်၍ ညီညီ-ထွန်းအောင်ကျော်၊ချိုကြီးတို့နှင့်အတူ အဖမ်းခံခဲ့ရပုံ-နောက်ပိုင်းညီညီ ကိုပြန် လွှတ်ပေးပြီး KIA ဘက်သို့ ပို့ ထားခဲ့ပြီးနောက် အခြေအနေကိုကွဲကွဲ ပြားပြား မသိရပုံ-တစ်ယောက်နှင့် တစ်ယောက် နေရာ များခွဲချုပ်ထားပြီး မျက်နှာအဝတ်စည်းထားခြင်း၊စကားပြောခွင့်မပေးခြင်းတို့ကြောင့် တိတိကျကျပြောနိုင်ခြင်း မရှိပုံ တို့ ကို လာရောက်ပြောပြခဲ့ပါသည်။
          ညီညီကျော်ကျွန်တော့အိမ်သို့  ရောက်ရှိပြောပြစဉ်က ကျွန်တော်အိမ်မှာရှိမနေခဲ့ပါ။ အိမ်တွင် ကျွန်တော့်အဖွား၊အမေ၊အစ်ကိုနှင့်အမတို့ သာရှိနေခဲ့ပါသည်။ကျွန်တော်ကဝန်းသိုမြို့သို့ ပုဂ္ဂလိကသစ် ကုမ္မ ဏီ တာဝန်ဖြင့် သွားရောက်နေစဉ်ဖြစ်ပါသည်။
          ကျွန်တော်အလုပ်တာဝန်များမှ အားလပ်၍ မန္တလေးမြို့သို့  ပြန်လည်ရောက်ရှိလာသည့် ဒီဇင်ဘာလ အတွင်း ရောက်မှ ကျွန်တော်နှင့်ညီညီကျော်တို့  တွေ့ ဆုံမိကြပြီး ပြသနာကြီးအတွင်း ပါဝင်ပတ်သက် မိခြင်းဖြစ် ပါသည်။
          ညီညီကျော်နှင့်တွေ့ ဆုံဖြစ်ခဲ့သည်မှစ၍      ကျွန်တော်ပါဝင်ပတ်သက်မှုတို့ ကို ကျွန်တော်သိခဲ့သော
ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်စာအုပ်တွင်အပြည့်အစုံရေးသားတင်ပြထားပါသည်။၂၀၁၂ခုနှစ် မတ်လ အတွင်းကျွန်တော်၏စာအုတ် ဓာတ်ပုံ(၄၀)ကျော်နှင့် ထွက်ရှိလာပါမည်။
မောင်မောင်(ရွှေကရဝိက်) ၁၁.၂.၂၀၁၂။
Maungmaung skw facebook မှကူးယူဖော်ပြသည်။
No comments: