Tuesday, April 3, 2012

၎/ ၃/ ၂၀၁၂ သတင်းများ

Posted: 03 Apr 2012 04:08 AM PDT
ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ (YPI)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများကာ သေနတ်ဖြင့် ပစ်ခတ်မှု ဧပြီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ဖောင်ကြီးအပိုင်
ပန်းတောကုန်း ကျေးရွာလူကြီး ဦးသိန်းဇော် မှာ ဦးခေါင်းတွင် ရှပ်ထိသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်ဟု လှည်းကူးမှ ရရှိသည့် သတင်းများအရ သိရှိရသည်။

အဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန် ဆေးရုံ ဦးနှောက်နှင့် အာရုံကြောဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာ လှည်းကူးမှ သေနတ်ပစ်ခတ်မှုကြောင့် ဆေးရုံသို့ ဦးသိန်းဇော်ရောက်ရှိလာသည်မှာ မှန်ကန်ကြောင်းနှင့် ဒဏ်ရာ သက်သာသွားသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်ဟု YPI သို့ဖြေကြားသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ဆက်သွယ်ရာ ယနေ့ ညနေပိုင်းထိ အဆက်အသွယ် မရရှိသေးပါ။ ။ 
 Yangon Press International
အရွယ်မရောက်သေးသည့် မိန်းကလေးတစ်ဦးကို မြန်မာ-ယမ်စီကြေးနီထုတ်လုပ်ရေးကုမ္မဏီဝန်ထမ်းတစ်ဦးက ခိုးယူပေါင်းသင်း
Posted: 03 Apr 2012 03:49 AM PDT
ပေတရု

ဆားလင်းကြီး၊မတ်-၂၈

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ဒုန်းတောကျေးရွာနေ အရွယ်မရောက်သေးသည့် မိန်းကလေးငယ်တစ်ဦးကို ရွာအနီးရှိ မြန်မာ-ကမ်စီကြေးနီထုတ်လုပ်ရေးကုမ္မဏီဝန်ထမ်းတစ်ဦးက ခိုးယူပေါင်းသင်းခဲ့သည့် ဖြစ်မှုတစ်ခုကို မတ်လ ၂၈ ရက်မနက် ၁၀ နာရီ၄၅ မိနစ်အချိန်ခန့်က သက်ဆိုင်ရာက ဥပဒေအရရေးယူဆောင်ရွက်လျက်ရှိကြောင်း ဆားလင်းကြီးမြို့နယ်သို့ရောက်ရှိနေသူ ယင်းကုမ္မဏီရှိအမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

          “ဒုန်းတောရွာထဲက ဒေါ်စိန်ရဲ့ သား မောင်သန်းဇော်ထိုက်နဲ့ သမီး မအေးအေးခိုင်တို့မောင်နှမနှစ်ယောက်က ဒီလ ၁၆ ရက်နေ့မွန်းလွဲအချိန်လောက်မှာ အဝေရာတောဘက်ကို နွားကျောင်းသွားခဲ့တာ။ မအေးအေးခိုင်ကို လူကြီးတစ်ယောက်က တောထဲမှဆွဲခေါ်သွားလို့ဆိုပြီး မောင်ဖြစ်တဲ့ မောင်သန်းဇော်ထိုက်ကရွာပြန်လာပြောတယ်။ ရွာကလူတွေတောထဲကိုလိုက်သွားရှာကြတော့ မအေးအေးခိုင်ကိုတွေ့ခဲ့ကြတယ်”ဟု ဒုန်းတောကျေးရွာသားတစ်ဦးက ပြောကြားသည်။

          “ဒီသတင်းက ချက်ချင်းပြန့်သွားတယ်။ အချို့လူငယ်တွေက ဘယ်ကကောင်လဲ၊ ဘာကောင်လဲဆိုပြီး တောက်တစ်ခေါက်ခေါက်နဲ့ဖြစ်ကြတယ်။ အရင်တုန်းက ရွာဘက်မှာဒီလိုကိစ္စမျိုးတွေမရှိခဲ့ဘူး” ဟုမုံရွာ-ပုသိမ်ကားလမ်းအနီးဥယျာဉ်ခြံလုပ်ကိုင်နေသူဒုန်းတောရွာသားတစ်ဦးက ပြောကြားသည်။

          အဆိုပါ ဖြစ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဒေသခံလူ့အဖွဲ့အစည်းအချို့ထံဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန်ပြောဆိုရန် အခက်အခဲရှိကြောင်း၊ ပြောပြဖို့ရန်လည်း အလျင်းမသင့်ကြောင်း၊ အခင်းဖြစ်ပွားမှုအားကြားမိကြောင်း၊ အချက်အလက်စုံလင်စွာမသိရသေးပါကြောင်း ပြောဆိုသည်။

          ယင်းဖြစ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆားလင်းကြီးရဲစခန်း(ပ)၆၉/၂၀၁၂-ပြစ်မှုပုဒ်မ ၃၆၃ အရအမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း၊ အမှုအား ရဲအုပ်လှငွေဆိုသူက စစ်ဆေးလျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခြင်းခံရသူမှာ မြန်မာ-ယမ်စီကြေးနီထုတ်လုပ်ရေးကုမ္မဏီလုံခြုံရေးဝန်ထမ်းဖြစ်သူ ယင်းမာပင်မြို့နယ်၊ သဲတောကျေးရွာနေ(ဘ)ဦးငွေအေး၏သားမောင်ခင်ဇော်လတ် အသက် ၂၄ နှစ်ဆိုသူဖြစ်ကြောင်း သက်ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 The Express Times
ကာချုပ်မင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးတိုးမြှင့်
Posted: 03 Apr 2012 03:08 AM PDT
ဧပြီလ ၃ ရက်နေ့ ၂၀၁၂
ဧပြီလ ၃ ရက်နေ့ ဒီကနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေ မှာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ဟု ဖော်ပြထားပါသည်။
ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုဗိုလ်ချုပ်ကြီးစိုးဝင်း ကိုလည်း
ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီးစိုးဝင်း ဟု နိုင်ငံပိုင်
သတင်းစာများမှာ ရာထူးတိုးမြှင့်ဖော်ပြထားတာတွေ့ ရပါသည်။
Myanmar News Now

ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့ တပ်မတော်နေ့  အခမ်းအနားမြင်ကွင်း Photo: Khin Maung Win / AP

အချုပ်ခန်းဖောက်မှုကြောင့် သေနတ်ဖြင့်ပစ်ခတ် နှစ်ဦးသေ ဆယ်ဦးဒဏ်ရာရ
Posted: 03 Apr 2012 02:43 AM PDT
ရန်ကုန် ၊ ဧပြီ ၃

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရဲစခန်းရှိ အမျိုးသားအချုပ်ခန်းမှ
တရားခံများက ဧပြီ ၂ရက်နေ့ နံနက် ၂နာရီ ၁၅မိနစ်ခန့်တွင် အချုပ်ဖောက်ရန်
ကြိုးစားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အချုပ်သား
နှစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့်
ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ရဲစခန်း အချုပ်ခန်းအမှတ် (၃) ခန်းတွင် သစ်သားဖြတ်သံ ကြားရသဖြင့်
တာဝန်ကျကင်းမှ ကြည့်ရှု့ စစ်ဆေးရာ အချုပ်တံခါးသစ်တန်းသားများကို ဖျက်ဆီးကာ
ဘူးဝ တံခါး (အချုပ်ခန်း အပြင်တံခါး) သို့ ရောက်ရှိနေပြီဖြစ်၍
ဝိုင်းဝန်းတာဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် သေနတ် ၅ချက်
အပေါ်ထောင်ဖောက်ကာ ချောက်လှန်ရာတွင် အချုပ်သားများက စောင်၊
အ၀တ်အစားတို့ကို မီးရှို့သည်အတွက် သေနတ် ၅ချက် ပစ်ခတ်သောလည်း
ငြိမ်သက်မှုမရှိသောကြောင့် ၇ချက် ဆက်လက်ပစ်ခတ်ခဲ့သည်ဟု ရဲစခန်းက
ပြောဆိုထားကြောင်း မိုးညှင်းမြို့ခံများက The Voice Weekly သို့ ပြောကြားသည်။

မိုးညှင်းမြို့နယ် ရဲစခန်းတွင် ကျားအချုပ်ခန်း ၄ခန်း နှင့် မ အချုပ်ခန်း
၁ခန်းရှိပြီး အမျိုးသားတရားခံ ၁၁၅ ဦး၊ အမျိုးသမီး တရားခံ ၃၀ ဦး ရှိပြီး
ပစ်ခတ်ထိန်းသိမ်းခဲ့သည့်ဆိုသော အချုပ်ခန်းအမှတ် ၃ တွင် အချုပ်သား ၇၀ ဦး
ရှိသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ဒဏ်ရာ ရရှိသူ အချုပ်သားတစ်ဦး၏
မိသားစုဝင်ကို ဆက်သွယ်မေးမြန်ရာ “အချုပ်ခန်းကို ဖြတ်ကြတာတော့ဟုတ်ပါတယ်။
ဘူးဝကို မရောက်သေး ပါဘူး။ သေနတ်ထောင်ပစ်တယ်။ပြီးတော့ ၀ပ်ဆိုပြီး
ကျည်ဆန်ကို ကပ်လိုက်ဆွဲ(ပစ်)သွားတာလို့ ပြောတယ်” ဒဏ်ရာရသူအချုပ်သား၏
ပြောဆိုချက်ကို ကိုးကားကာ ပြောဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက အချုပ်ခန်းတွင်းသို့ သေနတ်ဖြင့်
ပစ်ခတ်ထိန်းသိမ်းမှုကြောင့် မူးယစ်ဆေးဝါမှုဖြင့် ဖမ်းဆီးထားသော အချုပ်သား
အောင်မြင့်သန်း (၃၇နှစ်) နှင့် လက်နက်မှုအချုပ်သား မောင်ဇော် (၃၅
)နှစ်တို့မှာ သေဆုံးခဲ့ပြီး ၁၀ဦးမှာ မိုးညှင်းမြို့
ပြည်သူ့ဆေးရုံးကြီးတွင် အရေးပေါ်ကုသနေကြောင် ၀န်း ထမ်းအရာရှိတစ်ဦးက
ပြောကြားသည်။

မိုးညှင်းမြို့ဒေသခံတစ်ဦးကမူ “ သေတဲ့တစ်ယောက်ကတော့ နဖူးမှာ မှန်ပြီး
နောက်စေ့ပွင့်(ပေါက်)ထွက်သွားတယ်။ နောက်တစ်ယောက်က လည်ပင်မှာ မှန်တယ်။ခု
ဆေးရုံမှာ နောက်တစ်ယောက်လည်း အခြေနေမကောင်းဘူး”ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး
အောင်မြင့်နိုင်မှ ဦးစီးကာ စုံစမ်းစစ်နေသည်။

 The Voice Weekly
လွှတ်တော်တွင်း အမျိုးသမီး အခွင့်အရေး ပိုလုပ်နိုင်တော့မည်
Posted: 03 Apr 2012 02:25 AM PDT
ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ပိုင်ပိုင်(YPI)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်များ ပိုမိုပါဝင်လာခြင်းသည် လွှတ်တော်တွင် အမျိုးသမီးများအခွင့်အရေးကို တောင်းဆိုရန် အင်အားတစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ်များနည်းပါးနေခြင်းကြောင့် အမျိုးသမီးရေးရာကိစ္စရပ်များ တင်သွင်းလျှောက်ထားမှုများ နည်းပါးသကဲ့သို့ အရေးယူဆောင်ရွက်မှုများလည်း နည်းပါးလျှက်ရှိကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အနိုင်ရရှိခဲ့သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါက်တာညိုညိုသင်းကပြောသည်။

၎င်းက“လွှတ်တော်မှာ အမျိုးသမီးတွေကိစ္စရပ်ကိုတင်တော့ ကျန်တဲ့အမျိုးသားကိုယ်စားလှယ်တွေက အမျိုးသမီး ကိစ္စဟာ အရေးတယူဖြေရှင်းရမယ့် ကိစ္စကြီးလို့ သူတို့ကထင်မှတ်ထားပုံမပေါ်ဘူး။ တိုင်းရေးပြည်ရေး ကိစ္စတွေကို ပြောဆိုဆွေးနွေးတဲ့ လွှတ်တော်လိုနေရာမျိုးမှာ အမျိုးသမီးကိစ္စတွေကို ပြောဆိုဆွေးနွေးခြင်းဟာ သိပ်အရေးမကြီးဘူးလို့ ခံယူထားပုံရတယ်။”ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့အတွက် စုစုပေါင်းကိုယ်စားလှယ်လောင်း ၃၀၇၁ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးအမတ်လောင်း ၁၁၄ ယောက် ပါရှိသည်။

ယခု၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၆၈ တွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း (၂၄) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁၄) ဦးအနိုင်ရရှိခဲ့သည်။

ယခုကဲ့သို့ လွှတ်တော်တွင် အမျိုးသမီးများ ၀င်ရောက်လာမှုကို ၀မ်းသာကြိုဆိုပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်းများ၏ စုပေါင်းအင်အားဖြင့် အမျိုးသမီးထု၏ အကျိုးစီးပွားကို ကာကွယ်သည့် ဥပဒေကတွေကို အမျိုးသမီးကိုယ်စားလှယ်များ အမြန်ဆုံးရေးဆွဲအကောင်အထည်ဖော် ဖို့သင့်ကြောင်း ၄င်းကဆက်ပြောသည်။

ဧပြီ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ အနိုင်ရရှိခဲ့သူ ဒေါ်ဖြူဖြူသင်းကလည်း ၄င်းအနေဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူများ တင်ပြထားသည်များကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်သလို အမျိုးသမီးများအရေးကို ချန်လှပ်ထားမည်မဟုတ်ကြောင်း ပြောသည်။

၎င်းက“အမျိုးသားတွေမှာလည်းလုပ်နိုင်စွမ်းအားရှိသလို အမျိုးသမီးတွေမှာလည်း လုပ်နိုင်စွမ်းအားရှိသူတွေ အများကြီးပဲ။တစ်ယောက်နဲ့တစ်ယောက်တော့မတူညီကြဘူးပေါ့။ အဲဒါကြောင့် အမျိုးသမီးတွေအတွက်ကို ရှေ့ဆောင်လမ်းပြဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါမှာဖြစ်တဲ့အတွက်ကို ဒီအမျိုးသမီးတွေအတွက်ကို ဘယ်တော့မှ ချန်ထားမှာမဟတ်ုဘူး။”ဟုပြောသည်။

ယခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာမှုကြောင့် အမျိုးသမီးများ၏ နိုင်ငံရေးနိုးကြားမှုသည် ၂၀၁၀ ခုနှစ်ထက် သိသိသာသာ များပြားလာကြောင်း၊ ၂၀၁၅ လွှတ်တော်တွင် အမျိုးသမီးများပါဝင်လာရန် လိုအပ်နေဆဲဖြစ်ကြောင်း လက်ရှိတိုင်းဒေသကြီးလွှတ်တော်တွင် တာဝန်ထမ်း ဆောင်နေသည့် ဒေါက်တာညိုညိုသင်းကပြောသည်။

“အခုဟာကလွှတ်တော်မှာ အမျိုးသမီးက လေးရာခိုင်နှုန်းအောက်မှာပဲပဲရှိတယ်။ ၂၀၁၅ မှာတော့အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက်ရှိဖို့လိုတယ်”ဟု ၄င်းကပြောသည်။

အမျိုးသမီးအရေးနှင့်ပတ်သတ်၍ ပထမအကြိမ်လွှတ်တော်တွင် အမျိုးသမီးအကျဉ်းသားများအား ၄င်းတို့၏ မိသားစုများနှင့် နီးရာအရပ်ရှိ အကျဉ်းထောင်များသို့ပြောင်းရွှေ့ပေးရန်ကိစ္စနှင့် ဒုတိယအကြိမ်တွင် ရုံးချိန်အတွင်း အမျိုးသမီးသီးသန့်ယာဉ်လိုင်းများ သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းတောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလက်ခံခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဇမူသီရိမြို့နယ်မှ အောင်နိုင်သူ ဒေါ်စန္ဒာမင်းကတော့  လွှတ်တော်တွင် အမျိုးသားအမျိုးသမီး ရေးမခွဲဘဲ ပြည်သူများအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အမျိုးသမီအခန်း ကဏ္ဍဟု သီးသန့်လှုပ်ရှားရန်မရှိကြောင်းပြောသည်။     ။
 
အမျိုးသမီး ကိုယ်စားလှယ်လောင်း တဦးဖြစ်သည့် ပုလဲမြို့ နယ် အန်အယ်လ်ဒီ ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင်

  Yangon Press International
ကျားဖြူနိုင်ကြောင်း NLD အမတ်လောင်း သွားရောက်ဂုဏ်ပြု
Posted: 03 Apr 2012 02:21 AM PDT
အနိုင်ရ ကျားဖြူပါတီမှ ဦးစိုင်းစံမင်း
NLD မှ ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင်
 ဧပြီလ ၁ ရက်က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲမှ သျှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် လစ်လပ်နေရာအား သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူ ပါတီ SNDP က အနိုင်ရရှိကြောင်း လားရှိုးရှိ ကျားဖြူပါတီဝင်များကပြောသည်။

ကျနော်တို့ ကျားဖြူပါတီက ၄၃၀၀  ကျော်နဲ့ ကျန်တဲ့ပါတီကိုအနိုင်ရထားတယ်လေ။ မဲမရောက် သေးတဲ့ ကျန်တဲ့ တနယ်မှာလဲ မဲဆန္ဒရှင်က သုံးရာလောက်ဘဲရှိတော့ NLD ကိုယ်စားလှယ် ဦးမြင့်မောင် ကလဲ သူရှုံးကြောင်း လက်ခံပြီး ကျနော့်ကို ဂုဏ်ပြုဖို့ လာမယ်လို့ဖုန်းနဲ့ဆက်သွယ်လာလို့ ကျနော် တို့ ကျားဖြူပါတီဝင်တွေက ဒီမှာစောင့်နေကြပါတယ်” ဟု အမျိုးသားလွှတ်တော်အမတ် အသစ်စက်စက် စိုင်းစံမင်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

လားရှိုးမြို့ရှိ ကျားဖြူပါတီရုံးမှာ သိန္ဒီလမ်း ရပ်ကွက် ၁၂ နယ်မြေ ၁၃ အိမ်အမှတ် ၈၂ တွင်တည်ရှိသည်။ ယခုအချိန်တွင် လွှတ်တော်အမတ် စိုင်းစံမင်းအား ဂုဏ်ပြုညစာစားပွဲကျင်းပရန် NLD မှ ဦးစိုင်းမြင့် မောင်အား စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ယခုရွေးကောက်ပွဲ အောင်နိုင်ခြင်းနှင့်ပတ်သက်၍ စိုင်းစံမင်းက“ ကျနော့်ကို မိဘပြည်သူလူထုက စိတ် ရင်း စေတနာအပြည့်နဲ့ မဲပေးကြလို့ ကျနော် အမျိုးသားလွှတ်တော်အမတ် အသိအမှတ်ပြုခံရတာဖြစ် ပါတယ်။ ဒီအတွက် ကျနော် မိဘပြည်သူကို မမေ့ပါဘူး။ ကျနော်တို့ လူထု ခံစားနေရတဲ့အခက်အခဲ တွေကို ကူညီဖြေရှင်းပေးသွားမယ်လို့ ကျနော်ကတိပေးပါတယ်။ မိဘပြည်သူက ခံစားနေရတဲ့ အခက် အခဲတွေကိုလဲ ကျနော့်ကို အသိပေးအကြောင်းကြားဖို့ ကျနော်ပြောဆိုမှာကြားချင်ပါတယ်” – ဟု စိုင်းစံ မင်းက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် လစ်လပ်နေရာအား ကျားဖြူပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်သော စိုင်းမြင့်မောင်ကမူ  “နိုင်နိုင်/ရှုံးရှုံး ကျနော်ကျေနပ်ပါတယ်။  ဘယ်လိုဖြစ်ဖြစ် ဒီတခေါက်ရွေးကောက်ပွဲမှာ ရိုးရိုးသားသားနိုင်သွား တဲ့အနိုင်ဘဲလို့ ယူဆတယ်။ မကျေနပ်စရာမရှိပါဘူး။ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ကျနော်တို့ရဲ့ လုပ်ငန်းကို ဆက်လုပ်သွားရမှာဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။

သျှမ်းသံတော်ဆင့်သတင်း
ဗိုလ်ချုပ်ဇာတ်ရုပ်အတွက် လျှောက်ထားသူ ၁၅၇ဦးထဲမှ ရွေးချယ်ခဲ့သည့် ၁၄ဦးအား ဧပြီ(၇)ရက်နေ့ တွင် လူတွေ့ စစ်ဆေးမည်
Posted: 03 Apr 2012 02:11 AM PDT
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်း နေရာ သရုပ်ဆောင်ရန် လျှောက်ထားကြသည့် သရုပ်ဆောင်များ ရွေးချယ်ရန်ကိစ္စနှင့်ပတ်
သက်သည့် အစည်းအဝေးကို မတ်လ ၂၄ရက်နေ့ ညနေ ၆ နာရီက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။ 
ဗိုလ်ချုပ်အောင်ဆန်း နေရာကို သရုပ်ဆောင်အတွက် အနယ်နယ် အရပ်ရပ်မှ သရုပ်ဆောင် အသစ်များကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာများခေါ်ယူခဲ့ရာ လျှောက်ထားသူ ၁၅၇ ယောက်ရှိခဲ့ကြောင်း သိရသည်။ 
ဓာတ်ပုံများ ပေးပို့လျှောက်ထားသူ ၁၅၇ ယောက်ထဲမှ ဗိုလ်ချုပ်နှင့် အနီးစပ်ဆုံးတူသည့် သရုပ်ဆောင်သစ် ၁၄ဦးအား ပဏာမ ရွေးချယ် လိုက်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါသည်။ 
ပထမအဆင့် ရွေးချယ်လိုက်သည့် သရုပ်ဆောင်သစ် ၁၄ဦးမှာ ဖြိုးတေဇာလင်း (ဘီးလင်းမြို့)၊ အောင်မိုးမင်း(ဆွာမြို့)၊ သိန်းဇော်(လှိုင်သာယာမြို့နယ်)၊အောင်မင်းထွေး(တောင်ဒဂုံမြို့နယ်)၊ နေဦး(ခ)နန္ဒမိုး (မြင်းခြံမြို့နယ်)၊တင်ဆွေထူး (လှိုင်သာယာ မြို့နယ်)၊ မောင်ကျောက်ခဲ (ပြည်ကြီးတံခွန်မြို့နယ်)၊ အောင်ဘိုဘိုဇင်(မြောင်းမြမြို့နယ်)၊ ဗိုလ်ထွေး(ခ) ခင်မောင်ထွေး(ချောင်းဆုံမြို့နယ်)၊ဘုန်းမြင့်ဌေးဇော် (ကမာရွတ် မြို့နယ်)၊ ပန်းချီကိုသူ (ခ) ကျော်နန္ဒ (လှိုင်သာယာမြို့နယ်)၊ထိန်မျိုးလင်း(ခ)ထိန်လင်း(ဒေါပုံမြို့နယ်)၊ အောင်ချမ်း(လားရှိုးမြို့နယ်)၊ သက်ဇော်ဝင်း (ဒဂုံမြို့သစ် အရှေ့ ပိုင်း)တို့ဖြစ်သည်။
 အဆိုပါ (၁၄)ယောက်ကို ဧပြီ ၇ရက်နေ့၊ မနက် ၉နာရီဝယ် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်၌် ဒုတိယအဆင့် လူတွေ့စစ်ဆေး မည်ဖြစ်ကြောင်း သိရသည်။”လူတွေ့စစ်ဆေးတဲ့အခါ အစ်မတို့အနေနဲ့ ၁ ယောက်ရမလား၊ ၂ယောက်ရမလားဆိုတာ မသိနိုင်သေးဘူး။ စစ်ဆေးပြီးမှပဲအစ်မတို့အနေနဲ့ ဘယ်နှစ်ယောက်ရလဲဆိုတဲ့အဖြေထွက်လာမှာပါ။ ဒီလူတွေကို ရွေးတာက အစ်မတို့ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့က လူတွေပဲရွေးတာပါ”ဟု ဒါရိုက်တာကြည်ဖြူသျှင်က ပြောပါသည်။
 ဧပြီလ ၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းဖြစ်မြောက်ရေး အဖွဲ့နှင့် သမိုင်းပညာရှင်များ ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။”အဲဒီဆွေးနွေးမှုမှာ သမိုင်း ပညာရှင်တွေက ဘယ်အပိုင်းတော့ ပါဝင်သင့်တယ်ဆိုတဲ့ သူတို့ရဲ့ဆွေးနွေးမှုတွေကို အစ်မတို့က အကုန်မှတ်တမ်းလုပ်ထားမှာပါ။ သမိုင်းပညာရှင်တွေက ပြည်တွင်းက သမိုင်းပညာရှင်တွေပါ။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းကို ကိုယ်တိုင်စာအုပ်ပြုစု ခဲ့တဲ့ သူတွေ၊ သမိုင်းကြောင်းကို တော်တော် လေ့လာထားတဲ့ လူတွေလေ။ ဒါကြောင့် ကိုယ့်ပြည်းတွင်းက ပညာရှင်တွေကိုပဲ အစ်မတို့ အနေနဲ့ သူတို့ရဲ့ခံစားချက်တွေ၊ သူတို့ဖြစ်စေ ချင်တာတွေကို အစ်မတို့နားထောင်မှာပါ”ဟု ဒါရိုက် ကြည်ဖြူသျှင်က ပြောပါသည်။
 ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ညွှန်းဖြစ်မြောက်ရေး အဖွဲ့တွင် ဒါရိုက်တာကြည်စိုးထွန်း၊ ဆရာချစ်ဦးညို၊ ဦးငြိမ်းမင်း၊ဇော်သက်ထွေး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဒါရိုက်တာကြည်ဖြူသျှင်တို့ပါဝင်ကြကြောင်း
သိရှိရသည်။
လင်းအက္ခရာ
ပေါ်ပြူလာဂျာနယ် 
ရှမ်းပြည်မြောက်ပိုင်း ကျားဖြူပါတီ အနိုင်ရ
Posted: 02 Apr 2012 07:42 PM PDT
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဲဆန္ဒနယ်အမှတ်(၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် လားရှိုး၊ သိန်းနီ၊ မိုင်းရယ်၊ တန့်ယန်း၊ ကွမ်းလုံ ငါးမြို့နယ် မဲစာရင်းပေါင်းအရ ကျားဖြူပါတီမှ ဦးစိုင်းစံမင်းက NLD ပါတီအား ၁၅၂၆ မဲအသာဖြင့် ပွတ်ကာသီကာအနိုင်ရရှိသွားပြီဖြစ်ကြောင်း ရလဒ်ထွက်ပေါ်လာပြီဖြစ်သည်။ 
ကျားဖြူပါတီ၏ မဲရရှိမှုမှာ ၄၇၂၂၆ မဲဖြစ်ပြီး NLD ပါတီမှာ ၄၅၇၀၀ မဲရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီက ၄၅၂၉၆ မဲ၊ ကိုးကန့်ပါတီက ၁၇၈၇၄မဲ၊ လားဟူပါတီက ၆၃၀၆ မဲ ကိုယ်စီရရှိခဲ့ကြ သည်။ ကျားဖြူ၊ NLD ၊ ပြည်ခိုင်ဖြိုးပါတီတို့မှာ မဲရလဒ်များ မတိမ်းမယိမ်းဖြစ် ကြသည်။
  7Day News Journal
တံတားဦးအောင်နိုင်ရေးတွင် ကိုလေး(အင်းဝဂုဏ်ရည်)ဟောပြောမှု(ရုပ်/သံ)
Posted: 02 Apr 2012 07:21 PM PDT
 
 
 တံတားဦးအောင်နိုင်ရေးတွင် ကိုလေး(အင်းဝဂုဏ်ရည်)ဟောပြောမှု(ရုပ်/သံ) အစအဆုံး
ကိုဝိုင်ဝိုင်ကေ

ကိုးကန့်တရုတ်အမျိုးသားများတယောက် မဲသုံးပြားထည့်
Posted: 02 Apr 2012 06:54 PM PDT
လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု၌ကိုးကန့်ယဉ်ကျေးမှုအသင်းခေါင်းဆောင်က မဲစာရင်း၌ပါပါ မပါပါ တယောက်လျှင် မဲ ၃ ချပ်စီခြစ်ခိုင်းနေသဖြင့် မဲရုံကိုယ်စားလှယ်များက မကျေမနပ်ဖြစ်ကြကြောင်း ကျားဖြူပါတီ၏ မဲရုံကိုယ်စားလှယ်များ ကပြောသည်။
ကိုးကန့်ပါတီ၏အလံနှင့် လိုဂို
ကိုးကန့်ပါတီ၏အလံနှင့် လိုဂို

“ မဲစာရင်းမှာနာမည်ပါပါ မပါပါ တွေ့သမျှကိုးကန့်တွေကို ခေါ်ပြီးမဲခြစ်ခိုင်းတယ်။ ပျှမ်းမျှတယောက်မဲ ၃ ပြားထည့်ခိုင်းတယ်။ ကျနော်တို့ကျားဖြူကကော NLD ကကိုယ်စားလှယ်တွေရောတွေ့တယ်။ အဲတာကို NLD က အပြင်း အထန်ကန့်ကွက်တယ်။ ကိုးကန့်ဥက္ကဌ ဦးလော်ရှင်းကွမ်းကိုယ်တိုင် မဲရုံရောက်လာတဲ့အထိဘဲ” - ဟု ဆို ကျားဖြူပါတီ ကိုယ်စား လှယ်များ၏အပြော ကို ကိုး ကား၍ စိုင်းလူက ပြောပြသည်။

နောင်မွန်အုပ်စု၌ မဲအစောင်ရေ ၂၀၀၀ အား ထိုသို့ခြစ်ပေးအပြီး မဲအစောင်ရေ ၄၈၃ စောင်သာ ကျန်ကြောင်း ကျားဖြူကိုယ် စားလှယ်များကပြောသည်။

“နေ့ခင်း ၁၁ နာရီခွဲလောက်ပေါ့။ ကိုးကန့်တွေကိုခေါ်ပြီး မဲခြစ်ခိုင်းတာက ကိုးကန့်ယဉ်ကျေးမှု အသင်းခေါင်း ဆောင် အားတီ လေ။ NLD က ဝင်ကန့်ကွက်တော့ စကားများကြရင်း သူတို့တို့အသင်း ဥက္ကဌလောရှင်းကွမ်း ကိုခေါ်လာပြီးဖြန်ဖြေ တဲ့အထိ ဖြစ်တယ်” စိုင်းလူကပြောသည်။

ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားမဲထည့်ခြင်း၊ မသမာမဲထည့်ခြင်း၊ ဟန်ဆောင်မဲထည့်ခြင်းအား ထောင်ဒဏ်တနှစ်ဒဏ်ငွေ ကျပ်တသိန်းဒဏ်ချနိုင်ကြောင်းဖော်ပြထားသည်။

မဲဆန္ဒနယ်အမှတ် ၃  တွင် လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွန်လုံတို့ ပါဝင်ပြီး ကျားဖြူပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီ၊ လားဟူအမျိုးသားတိုးတက်ရေးပါတီနှင့် ကိုးကန့်ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

သျှမ်းသံတော်ဆင့်
ရွေးကောက်တင်မြှောက်ခံရသူများ ကြေညာချက် MRTV (ရုပ်/သံ)
Posted: 02 Apr 2012 06:03 PM PDT

အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ ရွေးကောက်တင်မြှောက်ခံရသူများ ကြေညာချက် MRTV
ညနေ ၆ နာရီ သတင်းမှ လွှင့်ချက်ဖြစ်ပါတယ်။
Myamar News Now

နေပြည်တော်က လူထု အခက်အခဲ NLD အမတ်တွေ ဘယ်လိုဖြေရှင်းပေးမလဲ
Posted: 02 Apr 2012 05:53 PM PDT
နေပြည်တော်၊ ဧပြီ ၂၊ ၂၀၁၂ (YPI)
ချစ်ဦးမောင်ရေးသားသည်။


နိုင်ငံရေးကို ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့တဲ့ ဆိုင်ကယ်ကယ်ရီသမား ကိုဌေးဟာ ယမန့်နေ့က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့တယ်လို့ဆိုပါတယ်။

တစ်ချိန်က လယ်သမားတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ အသက် ၄၀ အရွယ် ကိုဌေး ဟာ သူ့မြို့နယ်ဖြစ်တဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ကြံ့ဖွံ့ပါတီကို မဲမပေးဘဲ NLD ကို ရွေးပြီး မဲထည့်ခဲ့ရတာကတော့ “NLD က ကျနော်တို့တွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ပေးမယ်၊ ဆုံးရှုံးသွားတာတွေကို ပြန်ရအောင် လုပ်ပေးမယ်ဆိုတာ ယုံကြည်လို့ပါ” လို့ သူက ပြောပြတယ်။

ကိုဌေးပြောတဲ့ ရပိုင်ခွင့်ဆိုတဲ့အထဲမှာ သူဆုံးရှုံးခဲ့ရတဲ့ လယ်ဧက ၅ ဧကအတွက် လျော်ကြေးငွေ ရရှိရေး လည်း ပါဝင်ပါတယ်။ ကိုဌေးနဲ့ သူ့ရွာထဲက လယ်သမား ၇၀ ကျော်တို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူတို့ရဲ့ လယ်ယာမြေတွေကို အသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ လယ်သမား အယောက် ၃၀ လောက်က လျော်ကြေးရကြပြီဖြစ်ပေမယ့် ကိုဌေးအပါအ၀င် ရွာသား ၄၀ ကျော်မှာ အခုထိ လျော်ကြေးငွေ မရကြသေးဘူးလို့ ကိုဌေးက ပြောပြပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ မကြာခဏ ကြားရတတ်တဲ့ လယ်ယာမြေအသိမ်းခံရတဲ့ ပြဿနာမျိုးတွေကို  အစိုးရရုံးစိုက်ရာ မြို့တော်နေပြည်တော်တခွင်မှာလည်း သွားလေရာ စကားစပ်မိတိုင်း ကြားကြားနေရပါတယ်။

နေပြည်တော်က သီရိလေးမြို့နယ်လို့ ဆိုနိုင်တဲ့ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ဗသီရိနဲ့ ဥတ္တရသီရိ လေးမြို့နယ်တို့မှာ ရှိတဲ့ ဒေသခံအများစုမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရင်ဖွင့်စရာတွေ အပုံအပင်ရှိနေကြပါတယ်။

၂၀၀၆ မှာ လယ်ယာပိုင်ဆိုင်ခဲ့သူတချို့ ခြောက်နှစ်အကြာ ၂၀၁၂ မှာ လယ်မဲ့ယာမဲ့ဖြစ်ပြီး တချို့ ဆိုင်ကယ် ကယ်ရီဆွဲသူဆွဲ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တတ်ကျွမ်းသည့် အလုပ်လုပ်သူလုပ်နဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေဟာလည်း ပြောင်းလဲသွားခဲ့ရပြီဖြစ်ပါတယ်။

ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ကိုင် စားသောက်လာခဲ့တဲ့ ဒေသခံတွေမှာ နေပြည်တော် တည်ဆောက်ရေး စီမံကိန်း စတင်ကတည်းက သူတို့ရဲ့ လယ်ယာမြေများစွာကို ဆုံးရှုံးခဲ့ကြရပြီးဖြစ်ပါတယ်။ ရှေ့လျှောက်လည်း ဆက်လက် ဆုံးရှုံးရဦးမှာကို ဒေသခံရွာသားတွေက စိုးရိမ်နေကြပါတယ်။

“နေပြည်တော်ကြီးဖြစ်လာတာကိုက မြေယာဥပဒေနဲ့ လွတ်ကင်းတာ မဟုတ်ဘူး” လို့ NLD အဖွဲ့ဝင် တရား လွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

နေပြည်တော် စတည်တုန်းကတော့ စစ်အစိုးရက မြန်မာပြည်အလယ်ပိုင်းမှာ မြေလွတ်မြေရိုင်းတွေကို ခုတ်ထွင် ရှင်းလင်းပြီး မြို့တော်သစ်ကို တည်နေတာလို့ပဲ အများစုက ထင်မှတ်ခဲ့ကြပါတယ်။

သို့သော် “နောက်ပိုင်း မီဒီယာတွေက ဖော်ထုတ်ကြတော့မှ ဓားမဦးချ လုပ်ကိုင် စားသောက်နေတဲ့ ဒေသခံတွေကို ဖယ်ရှားပြီး (နေပြည်တော်ကို) တည်တယ်ဆိုတာ သိလာရတာ” လို့ နေပြည်တော်မှာရှိတဲ့ NLD အောင်နိုင်ရေး အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ လာရောက်ပို့ချ သင်တန်းပေးခဲ့တဲ့ NLD အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် ပြောပြပါတယ်။

နေပြည်တော် စီမံကိန်းအတွက် မိမိတို့ ရပ်ရွာက ဖယ်ရှားပေးလိုက်ကြရတဲ့၊ မိမိတို့ လယ်ယာတွေကို စွန့်လွှတ်လိုက်ရတဲ့ ဒေသခံတွေမှာ ထိုက်သင့်တဲ့ ငွေကြေးပမာဏ မရရှိသူ အမြောက်အများရှိသလို ကိုဌေးတို့လို အခုထိလျော်ကြေး တစ်စုံတစ်ရာ မရသေးတဲ့ သူတွေလည်း ဒုနဲ့ဒေးပါပဲ။

လွှတ်တော်ကိုယ်စားလှယ်တွေဆီက ဒေသခံတွေ မျှော်လင့်တာက သူတို့တတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြေယာအခက်အခဲ၊ လယ်ယာလုပ်ငန်းကို ဖြောင့်ဖြောင့်တန်းတန်းလုပ်စားခွင့် ဆုံးရှုံးတဲ့ သူတို့အခက်အခဲတွေကို ဖြေရှင်းပေးဖို့လည်း ပါဝင်တယ် ဒေသခံတွေက ပြောကြပါတယ်။

သီရိလေးမြို့နယ်မှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများကလည်း ဒေသခံတွေနဲ့ သူတို့တွေ့တဲ့အခါမှာ လယ်ယာတွေ အသိမ်းခံရတဲ့ ပြဿနာတွေ၊ လျော်ကြေးငွေ ထိုက်ထိုက် တန်တန်မရတဲ့ ပြဿနာတွေ၊ တချို့ ဘာလျော်ကြေးမှ မရတဲ့ ပြဿနာတွေကို ဒေသခံတွေဆီကကြား ကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း လွှတ်တော်ထဲရောက်တဲ့အခါ ဒီအရေးဟာ ဦးစားပေး ကိုင်တွယ်ဖြေရှင်းရမယ့် အရေးဖြစ်နေ တယ်လို့ သူတို့တွေက ပြောကြပါတယ်။

ဒကိဏသီရိမြို့နယ်မှာ ကြံ့ဖွံ့အမတ်လောင်း ဦးမောင်ရှိန်ကို မဲအရေအတွက် သုံးထောင်ကျော် အသာစီးနဲ့ အနိုင်ရရှိသွားတဲ့ NLD လွှတ်တော်အမတ် ဦးနိုင်ငံလင်းကဆိုရင် “ဒက္ခိဏသီရိမဲဆန္ဒနယ်မှာ NLD အမတ်အနိုင်ရရှိ သတင်းက ကိုနိုင်ငံလင်းပြောတဲ့ လယ်ယာကိစ္စ၊ တောင်သူလယ်သမားတွေနဲ့ ဆိုင်တဲ့ဥပဒေပြင်မယ်ဆိုတဲ့ဟာကို ထည့်ပေးပါရန်” လို့ သူကြိမ်းသေပေါက် အနိုင်ရရှိသွား ပြီဆိုတာ သိပြီးတဲ့လျင်သိပြီးချင်း အဲဒီမြို့နယ်က ရွေးကောက်ပွဲကော်မရှင် ရုံးရှေ့မှာ YPI ကို ပြောသွားခဲ့ပါတယ်။

သို့ပေမဲ့ အဆိုပါပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာတော့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအတွက် ဥပဒေတွေ အဆိုပြုရာမှာ ကော၊ အသက်သွင်းရာမှာပါ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်ပါတယ်။

NLD အနေနဲ့ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အောက်ခြေမှာဖြစ်ပျက်နေတာတွေကို စာရင်းပြုစုပြီး လွှတ်တော်အထဲက ပြောရေးဆိုခွင့်ရှိသူတွေ ဆွေးနွေးလို့ရအောင် တင်ပြပေးသွားမှာဖြစ်တယ်လို့ NLD တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရတာတွေရှိသလို မရတာတွေလည်းရှိလိမ့်မယ်လို့ ဒေါ်စန်းစန်းမြင့်က မှန်းဆထားပါတယ်။
“နှေးတော့ နှေးနိုင်တယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ဖြစ်လာနိုင်တယ်။ နောင် မတရားသိမ်းပိုက်နေတာတွေ ရပ်သွားလိမ့်မယ်” လို့လည်း ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

ဘယ်လိုပဲ လွှတ်တော်ထဲမှာ အဟန့်အတားတွေနဲ့ ကြုံနေရ ကြုံနေရ NLD က လွှတ်တော်ထဲကနေ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစွမ်းကုန် ကိုင်တွယ်ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက် ဒီရေတက်နေသူတွေ အများအပြားရှိနေသလို ဥတရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်က ကိုဆန်းဝင်းတို့လို အဲဒီအချက်ပေါ်မှာ သံသယရှိနေသူတွေလည်း အများအပြားရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အမတ်တွေ လွှတ်တော်ထဲရောက်သွားပေမဲ့ အောက်ခြေက လူတွေအတွက် သိပ်ပြီး မျှော်လင့်စရာမရှိမှာကို သူကိုယ်တိုင် လယ်ယာမြေ အသိမ်းခံခဲ့ရဖူးတဲ့ ကိုဆန်းဝင်းက တွေးပူတယ်လို့ဆိုပါတယ်။

ဘာလို့ အဲသလို တွေးပူနေရတာလဲဆိုတော့ “အထက်က ဘယ်လိုပဲ ကြပ်မတ်၊ ကြပ်မတ်၊ အထက်က ဘယ်လိုပဲ မူဝါဒ ကောင်းတာတွေ ချမှတ်၊ ချမှတ် အောက်ခြေက မလိုက်နာ၊ မနာခံရင် အလကားပဲလေ။ ဖြစ်ချင်တိုင်း ဆက်ဖြစ်ဦးနေဦးမှာပဲ” လို့ ကိုဆန်းဝင်းက သူ့အနေနဲ့ ပူပင်ရတဲ့အကြောင်းကို ပြောပြတယ်။

အထက်က ချမှတ်လိုက်တဲ့ မူဝါဒတွေကို အောက်ခြေမှာ အကောင်အထည်ဖော်မှုအားနဲ့အတွက် ဘယ်လိုအခြေအနေမျိုး ကြုံရနိုင်သလဲဆိုတော့ ကိုဆန်းဝင်းက သူမှန်းဆထားတာလေးကို အခုလိုပဲ ရိုးရိုးရှင်းရှင်းနဲ့ ပြောပြခဲ့ပါတယ်။

“အောက်ခြေမှာ အကောင်အထည် လိုက်မဖော်လို့ကတော့ ကျနော်တို့ ဘ၀က ကျီးလန့်စာစားဟာ ကျီးလန့်စာစားပဲ။ တုံးအောက်က ဖားဟာ တုံးအောက်က ဖားပဲ ဆက်ဖြစ်နေဦးမှာပဲဗျ”။         ။


Yangon Press International
တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး
Posted: 02 Apr 2012 05:01 PM PDT
အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်
ပဲခူးမြို့ဒုတိယမြို့နယ်တရားသူကြီးကတော်မှ အိမ်ဖော်မိန်းကလေးကိုရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုကို အမှုမဖွင့်ရဲ ....
မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး

(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှ          မပြောပြရန်အမျိုးမျိုးခြိမ်းခြောက်ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊
 နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများက       တွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်းငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ                              ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သော် လည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။
Facebook  ပေါ်မှ သတင်းကို ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။
Myanmar News Now
ကော်မရှင် ထုတ်ပြန်ချက်မှာ မပါသေးတဲ့  နောက်ဆုံးရ မင်းကင်း မဲရလဒ်
Posted: 02 Apr 2012 04:18 PM PDT
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့  ကြေငြာချက် မပါသေးတဲ့ 
စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့ မဲဆန္ဒနယ်မှ မဲရလဒ်


NLD-    ၂၇၉၉၃ မဲ


ပြည်ခိုင်ဖြိုး-   ၁၉၇၇၉ မဲ


တဆည-    ၁၈၂၈ မဲ
...
ပယ်မဲ-     ၃၁၃ မဲ


မဲပေးနိုင်သူဦးရေ- ၆၆၀၀၀ကျော်။
မဲပေးသူ လူဦးရေ- ၅၂၇၂၉
မဲ ရုံပေါင်း - ၁၁၈ ရုံ
NLD နိုင်သည့် မဲရုံ - ၉၄ ရုံ။
NLD ရှုံးသည့် မဲရုံ - ၂၄ ရုံ။


Myanmar News Now 
မင်းကင်း ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် (Linn Yaung)

ကြံ့ခိုင်ရေးပါတီ ပြည်သူ့ အားပေးမှု မဆုံးရှုံးသေးလို့ ဆို
Posted: 02 Apr 2012 03:49 PM PDT
ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ပါ လို့ ဦးလှသိန်းဆွေ ကဆို
ဒီရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရှုံးနိမ့် သွားရပေမဲ့လည်း ပြည်သူတွေရဲ့ ထောက်ခံမှုကို လုံးဝ ဆုံးရှုံးသွားပြီလို့တော့ မယူဆဘူးလို့ နေပြည်တော် ဥတ္တရသီရိမဲဆန္ဒနယ်မှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှသိန်းဆွေက ဘီဘီစီကို ပြောပါတယ်။

ရှုံးနိမ့်သွားတဲ့အတွက်လည်း သိပ်ပြီး ထူးထူးခြားခြား မခံစားရဘူးလို့ သူက ဆိုပါတယ်။ တိုင်းပြည် ကောင်းကျိုးကို ဆောင်ရွက်ချင်သူတွေ အနိုင်ရသွားတာလဲ ကောင်းတယ်လို့ သူက ဆိုပါတယ်။သူအနေနဲ့လည်း တိုင်းပြည် ကောင်းကျိုး၊ ဒေသကောင်းကျိုး အတွက် ဆက်လုပ်သွားမယ်လို့ ဦးလှသိန်းဆွေ က ဘီဘီစီကို ပြောပါတယ်။

ပါတီစွဲ၊ လူမျိုးစွဲ၊ဝါဒစွဲ နဲ့ ဂိုဏ်းဂဏ စွဲ မထားပဲ အားလုံး လက်တွဲ ပူးပေါင်းမှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မယ်၊ ဒါကြောင့် ကြံ့ခိုင်ရေးကလဲ ပြည်သူလူထု အကျိုးစီးပွားအတွက် ဘယ်ပါတီနဲ့မဆို လက်တွဲလုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။သူ့အနေနဲ့ နေပြည်တော်မှာ အနိုင်ရတဲ့ အန်အယ်ဒီ ကိုယ်စားလှယ်တွေနဲ့လည်း တိုင်းပြည် ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

ဦးလှသိန်းဆွေ ဟာ နအဖ အစိုးရ လက်ထက်တုန်းက ဘဏ္ဍာရေး ဒုတိယ၀န်ကြီး တာဝန် ယူခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း တဦး ဖြစ်ပါတယ်။

ဘီဘီစီ
ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်သူ ထောင်ဒဏ်အပြစ်ပေးခံရမည်
Posted: 02 Apr 2012 03:35 PM PDT
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲလက်မှတ်တွေပေါ်မှာ အမှတ်ခြစ်လို့ မရအောင် ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေအခိုင်အလုံနဲ့ တိုင်တန်းမယ်ဆိုရင် ဥပဒေအရ ပြစ်မှုကျူးလွန်သူ မည်သူမဆို ထောင်ဒဏ်တစ်နှစ်အထိ အပြစ်ပေး အရေးယူခံရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အကြီးအကဲတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

RFA
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကို ဖြစ်ပါသည်။
နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ RFA အသံလွှင့်ဌာနတို့ ဒီကနေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံရာမှာ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
"သက်သေခံ ခိုင်လုံလို့ရှိရင် ရွေးကောက်ပွဲ ဥပဒေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲလက်မှတ်မှ မဟုတ်ဘူး။ ကျန်တဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းတွေကို ဖျက်ဆီးခြင်း၊ ဖတ်မရအောင်ပြုခြင်း၊ တစုံတရာပြုခြင်းဆိုရင် ရွေးကောက်ပွဲ ပြစ်မှုမြောက်ပါတယ်။ ဘယ်သူကဆောင်ရွက်လို့ အဖြစ်မှန်ဟုတ်တယ်ဆိုတဲ့ တရားခံ ပေါ်ပေါက်တယ် ဆိုလို့ရှိရင် ဒါဟာရွေးကောက်ပွဲ ပြစ်မှုအရ အနည်းဆုံး ထောင်တစ်နှစ်ကျနိုင်တဲ့ ပြစ်မှုတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေအရ မည်သူမဆိုလို့ ဆိုတဲ့အတွက် ရွေးကောက်ပွဲ အဖွဲ့ခွဲကသော်လည်းကောင်း၊ မဲရုံအဖွဲ့ကသော်လည်းကောင်း၊ တခြား အများပြည်သူတွေထဲက သော်လည်းကောင်း၊ ပါတီဝင်တွေ တစ်ဦးဦးကသော်လည်းကောင်း မည်သူတွေ ကျူးလွန် ကျူးလွန် ဒါဟာပြစ်မှုမြောက်ပါတယ်"
မဲပြားမှာ ဖယောင်းသုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေ အထောက်အထား အခိုင်အလုံနဲ့ ကော်မရှင်ကို တရားဝင် တိုင်တန်း တင်ပြလာတာမျိုး မရှိသေးဘူးလို့လည်း ဦးဝင်းကိုက ပြောပါတယ်။

RFA
တန်ဖိုးနည်း GSM ဖုန်းများ သုံးစွဲရာတွင် အဆင်မပြေမှုများဖြစ်နေ
Posted: 02 Apr 2012 03:32 PM PDT
ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးမှ လွဲ၍
ကျန်ရှိသည့်ပြည်နယ်တိုင်းများတွင် မတ်လလကုန်ပိုင်းက ထုတ်ခဲ့သော
တန်ဖိုးနည်း GSM ဖုန်းများ သုံးစွဲရာတွင် အဆင်မပြေမှုများဖြစ်နေကြောင်း
မကွေးတိုင်းတွင် သုံးစွဲသူများနှင့် ဖုန်းဆိုင်အချို့က သိရှိရသည်။

“မကွေးတိုင်းရဲ့ လိုင်းဆွဲအားဟာ နှေးကွေးမှုတွေ ရှိနေတယ်။
ဖုန်းလိုင်းတွေလည်းကြပ်တယ်။ တခါတလေ ငွေဖြည့်ကတ်ထည့်တဲ့ အခါတွေမှာပါပြဿနာတွေ ဖြစ်ပြီး ဆိုင်ရောက်လာ တာတွေရှိတယ်။”ဟု
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖုန်းဆိုင်က အရောင်းကိုယ်စားလှယ် တစ်ဦးကပြောသည်။

အဆိုပါ မကွေးတိုင်းတွင် ဖုန်းလိုင်း မိသော်လည်း  ခေါ်၍မရကြောင်း
ဖုန်းငွေဖြည့်ကဒ် ထည့်သည့် အခါတွင် ကဒ်အသစ်တွင် ရှိသည့် ငွေများ
အလွန်အကျွံ လျော့နည်းသွားခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“ဖုန်းလိုင်းကတိုင်အပြည့်ရှိနေတယ်။ ဒါပေမယ့် ခေါ်လို့မရတာတွေ
ငွေဖြည့်ကဒ်ထည့်ပြီး ပြန်စစ်ကြည့်တဲ့အခါ ငွေမရှိတော့တာတွေ အဲလို ပြဿနာတွေအဖြစ်များနေတယ်။”ဟု ဖုန်းသုံးစွဲသူများမှ ပြောသည်။

အဆိုပါ ကိစ္စရပ်များဖြစ်ပေါ်ရခြင်းသည် မကွေးတိုင်း ဒေသကြီးတွင်ရှိသော
ဖုန်းတာဝါတိုင် အရေအတွက်နှင့်  ဖုန်းချထားမှု ပမာဏ မညီမျှမှုများကြောင့်
ယခုလို ပြဿနာ အချို့ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဖုန်းအရောင်းဆိုင်များက
သုံးသပ် ပြောကြားကြသည်။

မကွေးတိုင်း ဒေသကြီးတွင် ဖုန်းလိုင်းဆွဲအား
နှေးကွေးများဖြစ်ပေါ်နေသော်လည်း ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင်
ဖုန်းလိုင်းဆွဲအား ကောင်းမွန်လျက်ရှိကြောင်းနှင့် သုံးစွဲရာတွင် အဆင်ပြေ
ကောင်းမွန်လျက်ရှိကြောင်း အဆိုပါ ဒေသများရှိ ဖုန်းအရောင်းဆိုင်များက
စုံစမ်းသိရှိရသည်။

အဆိုပါ GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း
ဒေသကြီးများတွင် ဧပြီလ(၉) ရက်နေ့မှသာ စတင်ချထားပေးမည် ဖြစ်ပြီး ဧပြီလ ၉ရက်မှ ၁၁ ရက် အထိ ရောင်းချပေးမည်ဖြစ်ပြီး သင်္ကြန်ကျမည်ွှ အစိုးရရုံးပိတ်ရက်များတွင် ရောင်းချခြင်းအား ခေတ္တပိတ်ထားမည် ဖြစ်ပြီး နှစ်ဆန်း
၂ ရက် နေ့တွင် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
 ထွန်းနေအောင်(မြစ်မခ)
ဒေါ်အောင်ဆန်းစုကြည် ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြန်ပြီ
Posted: 02 Apr 2012 03:28 PM PDT
ဆုတခု ထပ်ရပြန်တဲ့ စု
အိန္ဒိယနိုင်ငံ ပူးနေးမြို့ အခြေစိုက် ဆာရ်ဟတ် လူမှုရေးအဖွဲ့ကနေ အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ်အတွက် ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ပေးအပ်ဖို့ ဒီကနေ့မှာ ရွေးချယ် လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်ပြီး အကြမ်းမဖက်လမ်းစဉ်နဲ့ ဒီမိုကရေစီရေး ၊ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်ခဲ့တာကြောင့် ဒီဆုကို ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဆုတံဆိပ်နဲ့ ဆုကြေးငွေ အိန္ဒိယနိုင်ငံ ရူပီးငွေ ဆယ့်တသိန်း (၁၁ သိန်း) ကို လာမယ့် ဂျူလိုင်လမှာ ပေးအပ်မှာဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာယူနိုင်အောင် ဖိတ်ကြားမယ်လို့ ပြောပါတယ်။

ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေး ဆုဟာ အရှေ့တောင်အာရှ နိုင်ငံတွေက ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် ကိုယ်ကျိုးစွန့် လှုပ်ရှားသူတွေနဲ့ ဒေသတွင်း တိုးတက်မှုအတွက် လုပ်ဆောင်သူတွေကို နှစ်နှစ် တကြိမ် ရွေးချယ်ပေးအပ်တာဖြစ်ပြီး ဒီဆုဟာ ပထမဆုံးဆု ဖြစ်တယ်လို့ သိရပါတယ်။

ဘီဘီစီ
မဲဆန္ဒနယ် နေရာ ၄ဝမှာ NLD နိုင်ပြီလို့ ကော်မရှင် ကြေညာ
Posted: 02 Apr 2012 03:24 PM PDT
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကထဉီးတင်အေးနဲ့ ဘီဘီစီ သတင်းထောက် ကိုချို
မြန်မာနိုင်ငံမှာ မနေ့က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်အတွက် ၃၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် နှစ်နေရာနဲ့ တိုင်းဒေသကြီး နှစ်နေရာ စုစုပေါင်း နေရာ ၄၀ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အနိုင်ရရှိ ထား ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးတင်အေးက လက်မှတ်ရေးထိုးပြီး ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ကျန်တဲ့ ပြည်သူ့လွှတ်တော် နှစ်နေရာ ဖြစ်တဲ့ စစ်ကိုင်းတိုင်း မင်းကင်း မဲဆန္ဒနယ်နဲ့ တနင်္သာရီတိုင်း ကျွန်းစု မဲမဲဆန္ဒနယ်တွေရဲ့ အနိုင်အရှုံး ရလဒ်တွေကို မနက်ဖြန် ဧပြီ ၃ မှာ ဆက်လက် ကြေညာပေးသွားမှာ ဖြစ်ပြီး၊ စစ်ကိုင်းတိုင်း နှစ်နေရာနဲ့ ရှမ်းပြည်နယ်က တနေရာအတွက် ရလဒ်တွေကို သဘက်ခါ ဧပြီ ၄ မှာ ဆက်လက် ထုတ်ပြန် ကြေညာပေးသွားဖို့ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဘီဘီစီကို ပြောပါတယ်။ကြားဖြတ်ရွေးကောက်ပွဲအတွက် စုစုပေါင်း အမတ်နေရာ ၄၅ နေရာမှာ NLD က ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ
မြန်မာ နှုန်းရှင် ငွေ လဲလှယ်နှုန်း စနစ် စတင်
Posted: 02 Apr 2012 03:20 PM PDT
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာသုံး ကျပ်ငွေ ကို နိုင်ငံခြား ငွေနဲ့ လဲလှယ်တဲ့ နေရာမှာ အစိုးရ အရင်က သတ်မှတ် ထိန်းချုပ်လာတဲ့ စနစ်ကို အခုတော့ လျှော့ပေးလိုက်ပါပြီ။ ဒါကြောင့် မို့လို့ ဒီကနေ့ က စပြီး အသက်ဝင်တဲ့ ငွေလဲနှုန်းက ဈေးကွက်ထဲ မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၁၈ ကျပ်နှုန်း နဲ့ ဈေးကွက်ထဲမှာ ပေါက်သွား ပါတယ်။ အရင် ငွေလဲ နှုန်း မျိုးစုံ နဲ့ တွက်ချက်နေ လို့ ရှုပ်နေတာက နေ အခုလို မျိုး ငွေလဲနှုန်း တစ်ခုတည်း ဖြစ်လာတာက အစကောင်း ပြောင်းလဲ တာဖြစ်တယ် လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒီလိုဘဲ လိုအပ် တစ်ချို့  ရှိနေသေးတာ ကိုလည်း သူတို့ က အကြံပေးပြီး ထောက်ပြ ကြပါတယ်။
ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာ အပြီး နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှု တွေ စ လုပ်လာခဲ့ ရာမှာ အခုလို ငွေလဲနှုန်းကို ဈေးကွက် အတိုင်း နီးပါး တစ်သတ်မတ်တည်း ဖြစ်သွားအောင် လျှော့ပေါ့ ဖန်တီးပေးလိုက်တာ ဟာ ကြီးမားတဲ့ လုပ်ရပ် တစ်ခုဖြစ်တယ် လို့ သုံးသပ် သူတွေ က ဆိုကြပါတယ်။
မြန်မာ နိုင်ငံ ဗဟိုဘဏ်က သတင်း ဆိုင်ရာ တာဝန် ရှိသူ ဗိုလ်မှူးကြီး ဝင်းသော် က အခုလို ပြောင်းလဲ လိုက်တာဟာ အရင်လို လိုသလို ဆုံးဖြတ်ချက် ချ လုပ်တာ မဟုတ်ဘဲ IMF နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ အပါအဝင် အားလုံး နဲ့ တိုင်ပင် ညှိနှိုင်းပြီး လက်တွေ့ကျအောင် လုပ်လိုက်တာ ဖြစ်တယ် လို့ ဆိုပါတယ်။
“ကျနော်တို့ သဘောနဲ့ ကျနော်လို့ လုပ်တာ မဟုတ်ဘဲ နဲ့ အင်တာနေရှင်နယ် က အကြံပြုချက် နဲ့ IMF ရဲ့  အကြံပြုချက်ရယ်၊ သူ့ရဲ့ Experts တွေပါ ပါဝင်ပြီးတော့မှ ကျနော်တို့က ကော်မတီလေး တစ်ခု ဖွဲ့တယ်။ အဲဒီ ကော်မတီကနေ ပြီးတော့ မှ နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရထားတဲ့ Authorized Dealers License ရထားတဲ့ ပုဂ္ဂလိက ဘဏ် (၁၁) ဘဏ် ကို ခေါ်ပြီးတော့ မှ သူတို့နဲ့ လေလံ လုပ်တာပေါ့ဗျာ။ လေလံ လုပ်ပြီးတော့ သူတို့ ဆီက ဝယ်လိုအား ရောင်းလိုအား ပေါ် မူတည် ပြီးတော့မှ ချိန်တွက် ပြီးတော့မှ တွက်တဲ့ method တွေ အများကြီး တွေထဲက နည်းတစ်နည်း နဲ့ တွက်တာပေါ့ဗျာ။ ထွက်လာတဲ့ rate က reference rate ပေါ့။ reference rate ကို ကျနော်တို့က ဒီနေ့ ကြေငြာလိုက်တာ။”
ဗိုလ်မှူးကြီး ဝင်းသော် ကပဲ အရင် အစိုးရ ငွေလဲနှုန်း က တစ်ခု၊ ဈေးကွက်ထဲမှာ ဖြစ်နေတဲ့ ငွေလဲနှုန်းက တစ်ဖုံ နည်းမျိုးစုံ ဖြစ်နေရာကနေ ဒီနေ့ တစ်သတ်မတ်တည်း ဖြစ်လာတဲ့ ငွေလဲနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ (၈၁၈) ကျပ်နှုန်း ဖြစ်ပြီး ဈေးကွက်နဲ့ အညီ နေ့စဉ် အပြောင်းအလဲ လုပ်ပေးသွားမယ် လို့ ဆိုပါတယ်။
“ဟုတ်ကဲ့။ ၈၁၈ က ကျနော်တို့ ဒီနေ့ ကြေငြာလိုက်တဲ့ rate ပေါ့။ ကျနော်တို့ အခု ကျင့်သုံး လိုက်တဲ့ ဟာက manage floating exchange rate regime ပါ။ အဲဒီ အတွက် ကျနော်တို့ က ဒီဟာကို auction လုပ်ပြီးတော့ မှ နေ့စဉ် ထုတ်ပြန်သွားပါမယ်။”
ဒါ့အပြင် အခုလို ပြောင်းလဲ လိုက်တာကို IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ကလည်း ကြိုဆိုတာ မို့ မြန်မာ့ စီးပွားရေး အတွက် အလားအလာကောင်းတယ် လို့ ဗိုလ်မှူးကြီး ဝင်းသော် က ဆက်ပြောပြပါတယ်။
“ဒီနေ့ ထုတ်ပြန်တဲ့ အပေါ်မှာ IMF အနေနဲ့ကလည်း ကျနော်တို့ ဆောင်ရွက်မှု ကို ကြိုဆိုကြောင်းပေါ့ဗျာ။ ကြိုဆိုကြောင်း အီးမေးလ် ပို့တယ်။ ပြောတယ်။”
သုံးသပ်သူတွေ ဘက်ကလည်း အရင် အရမ်းကွာခြားနေတဲ့ အစိုးရ ငွေလဲနှုန်းနဲ့လည်း အပြင်ဈေးကွက် ပေါက်နှုန်းကို တစ်ခုတည်း အခုလို ဖြစ်အောင် လုပ်လိုက် နိုင်တာကြောင့် အစိုးရ နဲ့ ပုဂ္ဂလိက အကြား မမျှ မတ ငွေလဲ နေရတာနဲ့ ဒီငွေကြေး လဲလှယ်မှုက နေ လာဘ်စားမှုတွေ လုပ်တာကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်တယ်လို့ ထောက်ပြလိုက် ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါး အသင်း အတွင်းရေးမှူး ကိုရဲမင်းအောင်ကလည်း အခုလို ပြောင်းလဲ လိုက်တာဟာ အစကောင်း ဖြစ်တယ် လို့ ကြိုဆိုလိုက်ပါတယ်။
“ပြည်တွင်းမှာလည်း ဒါ တကယ်ကို လိုအပ်နေတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ တိုင်းပြည်ကို investment လာလုပ်မယ့် နိုင်ငံခြား investors တွေ ကဘဲ ဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေက ဘဲ ဖြစ်ဖြစ်၊ အရင်ကလို multiple rate တွေ ဖြစ်နေတာ business environment က healthy မဖြစ်ဘူး လို့ သူတို့ ပြောကြတယ်လေ။ ဒါကလည်း ကျနော်တို့ အဓိက အချက်ဖြစ်တော့ အခုလိုမျိုး စပြောင်းလိုက်တာ ကောင်းတဲ့ beginning တစ်ခု ဖြစ်တယ်လို့ အနေအထားက တော့ သုံးသပ် ထားရှိပါတယ် ခင်ဗျ။”
ဒါပေမဲ့ ဆန်စပါး အပါအဝင် မြန်မာနိုင်ငံက အဓိက Export နိုင်ငံခြား ပို့ကုန် လုပ်ငန်းကို ပိုအားကောင်း လာစေချင် ရင်တော့ Export တင်ပို့ တဲ့ ဈေးကွက်မှာ ပြိုင်ဆိုင်နိုင်တဲ့ ငွေလဲနှုန်း အနေအထား ရောက် အောင် ထိန်းညှိဖန်တီးပေး ဖို့ လိုမယ် လို့ ဆိုပါတယ်။
“လက်ရှိ သတ်မှတ်ထားတဲ့ Exchange rate က ဒီ ဟားဗတ် တက္ကသိုလ်က အဖွဲ့တွေ ပြောထားတဲ့ နှုန်းထားနဲ့ ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ competitive level ကို အစွမ်းကုန် မြှင့်တင်ပေးတဲ့ အနေအထား မရှိသေးဘူး ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ဆန်စပါးတို့၊ ပဲတို့၊ ရေလုပ်ငန်းတို့ လုပ်နေတဲ့ လူတော်တော် များများက ဒီ Exchange rate အနေအထား အပေါ်မှာ အများကြီး မှီခိုရပါတယ် ခင်ဗျ။ အဲဒီလို Exchange rate ကောင်းကောင်းဖြစ်မှ အထူး သဖြင့် ကျနော်တို့က ပြောကြတာတော့ ၉၀၀ လောက်ဖြစ်မှ သူတို့က competitive level ရှိတယ် လို့ ပြောကြပါတယ်။”
ဒါ့အပြင် ကိုရဲမင်းအောင် ကဘဲ အခုလို ပြောင်းလဲ လိုက်တာက အစကောင်း ဖြစ်ပေမဲ့ Import သွင်းကုန် သမားတွေ အတွက်လည်း ဒီလက်ရှိ ဈေးနှုန်းကြောင့် ဈေးကြီးမှုတွေ တစ်စုံတစ်ရာ ထိခိုက်စေ သေးတယ် လို့ ထောက်ပြ လိုက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲတွေ အပြီး အနောက်နိုင်ငံတွေ ဘက်က စီးပွားရေး ပိတ်ဆို့မှု တွေ တစ်ချို့ လျှော့ချ လာပေးပြီး ရင်းနှီး မြုပ်နှံမှုတွေ ပြန်ဝင် လာနိုင်တဲ့ အခြေအနေမှာ အဟန့် အတား ဖြစ်နေသေးတဲ့ ပြည်တွင်း စီးပွားရေ ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေ လိုအပ်လာတယ် လို့ ဝိုင်းဝန်း ထောက်ပြနေကြ ချိန်မှာ အခုလို ငွေလဲနှုန်း အပြောင်းအလဲ ဖြစ်လာတာ ဖြစ်ပါတယ်။

VOA
ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု သမ္မတ အိုဘားမား မြန်မာနိုင်ငံသားတွေကို ချီးကျူး
Posted: 02 Apr 2012 03:18 PM PDT
မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ့ ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲ အထမြောက်အောင် ၀ိုင်းဝန်း ကူညီ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ အောင်မြင်မှုကိုလည်း ချီးကျူး ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေး အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီးတော့ ဒါဟာ မြန်မာအစိုးရကနေ ကျယ်ကျယ် ပြန့်ပြန့် ပွင့်လင်းလာတာ၊ ထင်သာ မြင်သာ ရှိလာတာနဲ့ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ဆက်လက် လျှောက်လှမ်းဖို့ ရည်ရွယ်တဲ့ လက္ခဏာ တရပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ အိမ်ဖြူတော်က ဒီကနေ့ နေ့စွဲနဲ့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ချီးကျူးလိုက်ပြီး ရွေးကောက်ပွဲကို ကြိုဆိုကြောင်းနဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံကြောင်း မနေ့က တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။

VOA

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်စာရင်း ကော်မရှင် ထုတ်ပြန်
Posted: 02 Apr 2012 03:15 PM PDT

ဓာတ်ပုံ ASSOCIATED PRESS
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီး သွားခဲ့တဲ့ မြန်မာ နိုင်ငံရဲ့ လွှတ်တော် သုံးရပ် အတွက် ကြားဖြတ် ရွေးကောက်ပွဲမှာ ခိုင်လုံမဲ အဖြစ် သတ်မှတ် ပြီးသွားတဲ့ မဲ ဆန္ဒနယ် အလိုက် ရလဒ်တွေ အပေါ်မှာ မူတည်ပြီး တော့ အနိုင်ရ ကိုယ်စားလှယ် တွေရဲ့ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာချက် အမှတ် (၁၇ /၂၀၁၂) ၊ ကြေငြာချက် အမှတ် (၁၈ /၂၀၁၂) ၊ ကြေငြာချက် အမှတ် (၁၉ /၂၀၁၂) တို့ နဲ့ အစိုးရ ပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေ ကနေ ဒီကနေ့ ညနေမှာ ကြေငြာ သွားခဲ့ပါတယ်။
ပြည်ထောင်စု ကော်မရှင် ရဲ့ ကြေငြာချက် အရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၅ နေရာရဲ့ အနိုင်ရ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အခုလို ကြေငြာသွားခဲ့ပါတယ်။
“ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ကြေငြာခြင်း။ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှာ ကျင်းပ ခဲ့ သည့် ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ အောက် ဖော်ပြပါ ပုဂ္ဂိုလ်များသည် ရွေးကောက် တင်မြှောက်ခံရသူများ ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့”
ရန်ကုန်တိုင်း ဒေသကြီး၊ ကော့မှူးမြို့နယ် မှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ အနိုင်ရ ကိုယ်စားလှယ် ၃၅ ယောက်ရဲ့ အမည်စာရင်းကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အခုလို ကြေငြာသွားခဲ့ပါတယ်။
“၂၄။ ဒေါ်အောင်ဆန်း စုကြည်၊ မှတ်ပုံတင် အမှတ် CE ၀၇၃၉၆၆၊ ကော့မှူး မဲ ဆန္ဒနယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်။ ၂၅။ ဒေါ်ဖြူဖြူသင်း၊ မှတ်ပုံတင် အမှတ် ၁၂/ ဥကတ (နိုင်) ၁၀၈၈၅၀”
အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလှယ် ငါးနေရာ ရှိတဲ့ အနက်က သုံးနေရာ ရဲ့ အနိုင်ရသူများ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အခုလို ကြေငြာပါတယ်။
“ပဲခူးတိုင်း ဒေသကြီး၊ ၁။ ဦးမင်းဦး၊ မှတ်ပုံတင် အမှတ် ၇/ ဖမန (နိုင်) ၀၂၃၆၈၂၊ အမှတ် (၇) မဲ ဆန္ဒနယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်။ မကွေးတိုင်း ဒေသကြီး၊ ၂။ ဦးအောင်ကြည်ညွှန့်၊ မှတ်ပုံတင် အမှတ် ၁၀/ ခစန (နိုင်) ၀၀၃၁၁၆၊ အမှတ် (၄) မဲ ဆန္ဒနယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဧရာဝတီတိုင်း ဒေသကြီး။ ၃။ ဦးသိန်းဆွေ၊ မှတ်ပုံတင် အမှတ် ၁၄/ ဟပန (နိုင်) ၀၀၃၇၆၁၊ အမှတ် (၁၀) မဲ ဆန္ဒနယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်။ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟု ဖော်ပြပါရှိပါတယ် ခင်ဗျာ။”
နောက်ဆုံး တိုင်းဒေသကြီး လွှတ်တော်ရဲ့ ကိုယ်စားလှယ် နှစ်နေရာ အတွက် အနိုင်ရသူများ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အခုလို ကြေငြာပါတယ်။
“ပဲခူးတိုင်းဒေသကြီး၊ ၁။ ဦးမျိုးခိုင်၊ မှတ်ပုံတင် အမှတ် ၇/ ကဝန (နိုင်) ၀၀၀၄၉၅၊ ကဝ မဲ ဆန္ဒနယ် အမှတ်နှစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဧရာဝတီတိုင်း ဒေသကြီး။ ၂။ ဒေါက်တာ လှမြတ်သွေး၊ မှတ်ပုံတင် အမှတ် ၁၂/ ကတတ (နိုင်) ၀၁၄၅၁၇၊ ရေကြည် မဲ ဆန္ဒနယ် အမှတ်နှစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်။ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဟု ဖော်ပြပါရှိပါတယ် ခင်ဗျာ။”
အမျိုးသား လွှတ်တော်ရဲ့ ကိုယ်စားလှယ် တစ်နေရာဖြစ်တဲ့ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုး၊ သန္နီ၊ တန့်ရန်း၊ ကွမ်းလုံ၊ မိုင်းရယ် မြို့ နယ်တွေ ပါဝင်တဲ့ အမှတ် သုံး မဲ ဆန္ဒနယ် အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ သို့မဟုတ် ကျားဖြူပါတီက ကိုယ်စားလှယ် ဦးစိုင်းစံမင်း က အနိုင်ရရှိခဲ့တယ် လို့ ကျားဖြူပါတီ ရဲ့ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က အခုလို ပြောကြားသွားခဲ့ပါတယ်။
“ဒီ ကျားဖြူ ပါတီရဲ့ ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦး စိုင်းစံမင်း က နိုင်သွားပါပြီ။ ကျနော်တို့ အဲဒီ ငါးမြို့ နယ် အတွက်ဘဲ။ ငါး မြို့ နယ် ဆိုတာက လားရှိုး၊ သန္နီ၊ တန့်ရန်း၊ မိုင်းရယ်၊ ကွမ်းလုံ။ ကျနော်တို့ မဲ ၂၀၀၀ လောက် ပြတ်ပြီး နိုင်သွားပါတယ်။ ကျနော် တို့ စုစုပေါင်း မဲ က ၄၇၂၀၀၊ NLD နဲ့ ပြည်ခိုင်ဖြိုးက ၄၅၀၀၀ ကျော်စီ သူတို့ ရပါတယ်။ ကျနော် တို့က နှစ်ထောင် ပတ်ဝန်းကျင်လောက် နိုင်တာ ပေါ့ခင်ဗျာ။”
စစ်ကိုင်းတိုင်း ဒေသကြီးထဲက ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး ဒေသတွေ ပါဝင်တဲ့ အမျိုးသား လွှတ်တော် မဲ ဆန္ဒနယ် အမှတ် ၇ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ကိုယ်စားလှယ်လောင်း ဦးစောလှိုင် ပါ ဝင်ယှဉ်ပြိုင်ခွင့် မရတာကြောင့် အဲဒီ မဲ ဆန္ဒနယ် မှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ မိမိတို့ရဲ့ ပါတီ ကိုယ်စားလှယ် လောင်းက အနိုင်ရဖို့ များနေတယ်လို့ လည်း ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က ဗွီအိုအေ ကို ပြောကြားခဲ့ပါတယ်။

VOA
NLD ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရရှိမှု ခေတ်သစ်အစပျိုး
Posted: 02 Apr 2012 03:14 PM PDT


လူထုကို အောင်ပွဲခံ မိန့်ခွန်းပြောကြားဖို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာစဉ်။ (ဧပြီ ၂၊ ၂၀၁၂)
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတာဟာ ခေတ်သစ်တခုရဲ့ အစပဲဖြစ်ပါတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောာင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပြည်သူတွေရဲ့ အားပေး ထောက်ခံမှုကြောင့် အခုလို အောင်နိုင်မှု ရတာ ဖြစ်တဲ့အတွက် အောင်မြင်မှုအတွက် ၀မ်းသာတဲ့နေရာမှာ ထိန်းထိန်း သိမ်းသိမ်း ရှိရမယ်လို့လည်း NLD ပါတီဝင်တွေကို သတိပေးခဲ့ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နီးပါး အနိုင်ရခဲ့ပြီးတဲ့ နောက်တရက်မှာပဲ ဒေါ်အောာင်ဆန်းစုကြည်က အဲဒီလိုပြောလိုက်တာပါ။ ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းအရပ်က NLD ပါတီ ရုံးချုပ်ကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့ပြီး အဲဒီနေရာတ၀ိုက် အပြည့်အကျပ် စောင့်နေကြတဲ့ လူထုပရိသတ်နဲ့ သတင်းမီဒီယာသမား အများအပြားကို ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒါဟာ ခေတ်သစ်တခုရဲ့ အစပျိုးမှုလို့ ကျမတို့ မျှော်လင့်ပါတယ်၊ အဲဒီ နောက် ကျမတို့တိုင်းပြည်ရဲ့ နေ့တဓူဝ နိုင်ငံရေးမှာ လူထုရဲ့အခန်းကဏ္ဍကို ပိုပြီး အာရုံစိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


NLD ပါတီဟာ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ ထဲက ၄၅ နေရာအတွက် ရွေးကောက်ပွဲ ကျင်းပတဲ့အထဲ ၄၃ နေရာမှာ အနိုင်ရတယ်ဆိုတာ အတည်ပြုထားနိုင်ပြီ ဖြစ်တယ်လို့ ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးနိုင်းနိုင်းက ဗွီအိုအေကို ပြောပါတယ်။

"မနေ့ညနေ ၁၁ နာရီလောက်အထိ ပြောနေတာက ၄၄ နေရာ နိုင်ထားပြီးဆိုပြီးတော့ သတင်းအရ ပြောနိုင်ပါတယ်။ ဒီကနေ့မနက် ထပ်ပြီး စစ်ကြည့်တဲ့အခါမှာ ၄၃ နေရာ လုံးဝ နိုင်တယ်။ သို့သော်လည်း လားရှိုး၊ သိန္နီ၊ အမျိုးသားလွှတ်တော်က ဦးစိုင်းမြင့်မောင်ဥစ္စာက မဲရုံ ၁၅ ရုံအတွက် နဲနဲ ကျန်သေးတယ်။
သာတော့ သာနေပါတယ်။ ဒါပေမယ့် အပြီးသတ် စာရင်းကို မနိုင်သေးတဲ့အတွက်ကြောင့်၊ တနေရာစာကတော့ ခနလေး ချန်ထားလိုက်ရင် ကောင်းလိမ့်မယ်လို့။

မနေ့ညက ဦးတို့ ထုတ်ပြန်တာကတော့ ၄၄ နေရာ အားလုံးနိုင်ပြီလို့ နှုတ်နဲ့ ထုတ်ပြန်တာပေါ့လေ။ ဒီနေရာမှာကျန်တာ အဲဒါလေး တခုကျန်တယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ပြီလို့ထင်တယ်။ အခု လောလောဆယ်မှာ အဲဒီ ၁၅ ရုံ ကျန်သည့်တိုင်အောင် ကျနော်တို့က သာတော့ သာနေတယ်။ ဆိုတော့ ဒီဥစ္စာက ပြောလို့ မရဘူးလေ။ အဲဒါကြောင့်မို့ ၄၃ တော့ သေချာတယ်။ ကျန်တဲ့ တနေရာကလည်း သေချာသလောက်တော့ ဖြစ်တယ်။ သို့သော်လည်း အကုန်မရသေးလို့ မပြောနိုင်တာပဲ။"

ပြည်သူတွေအနေနဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်လို့သာ အဖွဲ့ချုပ်အနေနဲ့ လုပ်နိုင် ကိုင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ရာခိုင်နှုန်းပြည့်နီးပါး အောင်မြင်မှုရတဲ့အတွက် ပါတီဝင်တွေ ၀မ်းသာအားရနဲ့ အောင်ပွဲခံနေကြချိန်မှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင် တားဆီးတဲ့ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို သတိပေးစကား ပြောခဲ့ပုံရပါတယ်။

"ပြည်သူတွေအနေနဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်လို့ ကျမတို့ ဒီလို၊ အဖွဲ့ချုပ်အနေနဲ့ လုပ်နိုင် ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမက ပြောချင်တာက အခုချိန်မှာ ဆိုလို့ရှိရင် ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေက နားလည်မှု ထားရမှာက ဒါဟာ ပြည်သူတွေရဲ့ ထောက်ခံမှု၊ ပြည်သူတွေရဲ့ ပါဝင်မှုကြောင့်သာ ကျမတို့ ဒီလို အောင်မြင်မှုတွေ ရခဲ့တာပါ။ ဒါကြောင့်မို့လို့ ကျမတို့က ထိန်းထိန်း သိမ်းသိမ်းနဲ့ ရှိရမယ်။ ဒီမိုကရေစီရဲ့ သဘောတရားဆိုတာဟာ လူများစု အောင်နိုင်တယ် ဆိုလို့ရှိရင်တောင်မှ လူနဲစု အခွင့်အရေးတွေကို ကျမတို့က ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ကျမတို့အနေနဲ့ တခြား အဖွဲ့အစည်းတွေ၊ တခြား ပုဂ္ဂိုလ်တွေကို လယ်လိုမှ စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ကြပါနဲ့လို့ ကျမအနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်။"

ကိုယ်နိုင်ပြီဆိုတဲ့ စိတ်ဓာတ်မမွေးဘဲ ဒါကို ဆက်လုပ်ဖို့ အခွင့်အရေးအဖြစ် ယူဆဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

"ကျမတို့ ပြည်သူတွေက နားလည်ပြီးသားပါနော်။ ဒီတော့ သဘောထားကြီးကြီးနဲ့ စိတ်ထားမြင့်မြင့်နဲ့ ကျမတို့ လုပ်စရာတွေက အများကြီး ရှိပါတယ်။ ဒါကြောင့် အခုကနေ စပြီးတော့ ငါနိုင်ပြီဟေ့ဆိုတဲ့ စိတ်ဓါတ်နဲ့ မဟုတ်ပဲနဲ့ ငါတို့ ဆက်လုပ်ဖို့ အခွင့်အရေး တခုတော့ရပြီ ဆိုတဲ့ စိတ်ဓါတ်နဲ့သာ ကြိုးစားကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။"


အခုရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ အားလုံးအနေနဲ့လည်း နိုင်ငံမှာ တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီ ပတ်ဝန်းကျင် ဖန်တီးရေးမှာ ပူးပေါင်း ဆောင်ရွက်ကြမယ်လို့ မိမိတို့ မျှော်လင့်တဲ့အကြောင်း၊ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်တဲ့အတွက် အဲဒီနိုင်ငံရေးပါတီတွေကို ကျေးဇူးတင်ပါကြောင်း၊ အနာဂတ်မှာ နောက်ထပ် လူအများအပြားအတွက် နောက်ထပ် အခွင့်အရေးတွေ အများအပြား ရလာလိမ့်မယ်လို့ မျှော်လင့်ပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

VOA

No comments: