Monday, April 2, 2012

မှားယွင်းမှုလား ? ကြိုတင်ကြံစည်မှုလား ?


by Kyaw Gyi AB on Tuesday, 21 February 2012 at 11:55 ·
မပြော မဖြစ် ပြောရမည် -ဟု အကြောင်း တစုံတရာအပေါ်မှာ ထင်မြင်ယူဆလာသည့်အခါ မည်သို့ မည်ပုံ ပြောဆိုရမည်လဲ-ဟု စကားလုံးများကို ရွေးချယ်စဉ်းစားရတော့သည်။

ကိုယ်ကိုယ်တိုင် ပါဝင် အမှုတော် ထမ်းခဲ့သည့် အဖွဲ့အစည်းတခုအကြောင်းကို ပြောဆိုရမည့် အခါ...   ကောင်းမွန်သည့် အရာများကိုသာ ကျနော် ပြောလိုပါသည်။ သို့သော်လည်း မပြောမဖြစ် ပြောရတော့မည့် အခြေအနေမှာ ပြောစရာများက မကောင်းသည့် အရာများသာ ဖြစ်နေသည်က ကျနော့် စိတ်ဆန္ဒကြောင့် လည်း မဟုတ်ပါ။ လက်တွေ့ ပကတိ အမှန်တကယ် ဖြစ်ပျက်နေခဲ့သည်များကြောင့်သာ ဖြစ်သည်။

၁၉၈၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့သော ၁၃၅၀ ပြည့် အရေးတော်ပုံကြီး (သို့မဟုတ်) တနည်း ပြောရလျင် ၈-၈-၈၈ ဟု ခေါ်ဆိုခဲ့ကြသော ရှစ်လေးလုံး အရေးတော်ပုံကြီး၏ သားသမီးများအဖြစ် ဗမာ့ နိုင်ငံရေးသမိုင်းမှာ အထင်ကရ ဖြစ်တည်လာခဲ့သော အဖွဲ့အစည်း ၂ ခု ရှိခဲ့သည်။ တခုကတော့ ရန်သူဖြစ်သည့် စစ်အာဏာရှင် အုပ်စုက အကန့်အသတ်ဖြင့် တည်ရှိခွင့်ပေးထားသော ဥပဒေဘောင်အတွင်းမှာ တည်ရှိလာသော ဒီ/ချုပ် ခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်ပြီး နောက် တခုကတော့ စစ်အာဏာရှင်အုပ်စုက မတရား သင်းအဖြစ် ၁၉၈၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကြေညာခဲ့သော မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး ဖြစ်သည်။ အတိုကောက် ခေါ်ရလျင် မကဒတ၊ အင်္ဂလိပ်လို အတိုကောက် ခေါ်လျင် ABSDF အတိုဆုံး ခေါ်ကြတော့ ဗမာလို အေဘီ။

အမှန်တကယ်မတော့ မြန်မာ့ သမိုင်းကိုကြည့်ကြည့်၊ ကမ္ဘာ့ သမိုင်းကိုကြည့်ကြည့် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သော သမိုင်းမှာ မည်သည့် အဖွဲ့အစည်းကမျှ အရှင်မွေး ညတွင်း ကြီးပျင်းခဲ့သည် မဟုတ်ပါ။ စစ်အာဏာရှင် စနစ်ကို မည်သို့ မည်ပုံ ဆန့်ကျင်ရမည်-ဆိုသော တစုံတရာခိုင်မာသည့် နိုင်ငံရေး အတွေး အခေါ်တခု- နိုင်ငံရေး ယုံကြည်ချက်တခု - နိုင်ငံရေး အအယူအဆ တခု အပေါ်မှာ အခိုင်အမာ အခြေခံပြီးမှ သာ အဖွဲ့အစည်းတခုအဖြစ် စုစည်း ကြီးပျင်းလာခဲ့ကြသည်သာ ဖြစ်သည်။


ခက်သည်က အေဘီသည် အရှင်မွေး၊ ညတွင်းကြီး။ သည်တော့ အေဘီမှာ ရန်သူ့ လူများ အလွယ်တကူ ပါဝင်နေနိုင်သည်ကို နားလည်ယူလို့ရသည်။ မဟာမိတ်အဖွဲ့အစည်းများ၏ နယ်မြေထဲတွင် ဖွဲ့စည်း ဖြစ် တည်လာခဲ့သော အေဘီကို မဟာမိတ် အဖွဲ့အစည်းများကိုယ်တိုင်က မယုံမရဲဖြစ်ခဲ့ကြသည်ကိုလည်း အဆိုး မဆိုသာ။
တကယ်တော့ မဟာ မိတ် အားလုံး၏ လွတ်မြောက်နယ်မြေထဲတွင် စုရုံးရောက်ရှိနေသော လူပေါင်းများ စွာဖြင့် ဖွဲ့စည်းခဲ့သော အေဘီသည် အမှန်တကယ်တော့ သန္ဒေ မမှန်ခဲ့။ စတင် ဖွဲ့စည်းကတည်းက အခြား   နိုင်ငံရေး အဖွဲ့အစည်းများလို နိုင်ငံရေး အယူအဆ တခုအပေါ်မှာ ယုံကြည်သူများ စုရုံးဖွဲ့စည်းထားသည် မဟုတ်ခဲ့သော အေဘီသည် ချို့ယွင်းချက် များစွာ ရှိနေခဲ့သည်။
အထူးသဖြင့် ကေအိုင်အေ ခေါ် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့က ကိုယ်ပိုင် အကောက်ဂိတ် အုပ်ချုပ်ရေး နယ်မြေ ပေးအပ်ထားသည်ကို ရရှိခဲ့သော အေဘီ(မြောက်ပိုင်း)သည် အကြီးမားဆုံးသော ချို့ယွင်းချက်များစွာ ရှိခဲ့သည်။ လက်နက် ကိုင်ထားနိုင်သော သူများက လက်နက် မကိုင်ထားနိုင်သော သူများကို နိုင်ထက်စီးနင်း အနိုင်ကျင့်ခွင့် ရှိခဲ့သည်။ အာဏာရှင် အသေးစားလေး ဖြစ်သွားသည်။ (ကျနော့် ဖော်ပြချက်ကို မည်သူမဆို ဆန့်ကျင် ကန့်ကွက်နိုင်ပါသည်)
သည့်နောက်မှာတော့ ငါနဲ့ မတူ ငါ့ရန်သူဆိုသော သဘောထားအပေါ်မှာ အဖွဲ့အစည်း ၀င် အချင်းချင်း ရန်သူများ ဖြစ်ကုန်သည်။ (ကျနော်က လျှော့ပေါ့ ပြောခြင်းသာ ဖြစ်ပါသည်။)
ရိုးရိုးသားသားမှားယွင်းမှု မဟုတ်လျင် သည် အဖြစ် အပျက်သည် စနစ်တကျ ကြိုတင် ကြံစည်မှုသာ ဖြစ်မည်။
ကျနော်ကတော့ သည်အဖြစ်အပျက်ကြီး တခုလုံးကို စနစ်တကျ ကြိုတင် ကြံစည်မှုကြီးအဖြစ် ယုံကြည်သည်။
ကျနော်ကိုယ်တိုင် မာနယ်ပလော ဗဟိုမှာ အဖမ်းခံခဲ့ရဖူးသည်။ ကျနော် အဖမ်းခံနေရကြောင်းကို ကိုယ့် ရဲဘော်များ ကြားသိအောင် ထောင်ထဲမှ အော်ဟစ်ပြောကြားခွင့် ရခဲ့သဖြင့်သာာ အသက်ဘေးမှ ကျနော် လွတ်ခဲ့ရခြင်း ဖြစ်သည်။
(atn)

kyaw gyi AB facebook မှကူးယူဖော်ပြသည်။

No comments: