Monday, April 2, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်


2012-04-02
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အိန္ဒိယအခြေစိုက် ဟိန္ဒူဘာသာဝင် အဖွဲ့အစည်းကြီးတစ်ခုက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ဒီကနေ့ ချီးမြှင့်လိုက်ပါတယ်။
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသူတွေနဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကို နှစ်စဉ်ပေးအပ် ချီးမြှင့်လေ့ရှိတဲ့ ဒီဆုကို ဒီနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့တာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အိန္ဒိယနဲ့ ဆက်ဆံရေးမှာ အလားအလာကောင်းတစ်ခု ဖြစ်တယ်လို့ အိန္ဒိယအခြေစိုက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက ပြောပါတယ်။
ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆုကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပူနေး ( PUNE) မြို့ အခြေစိုက် Sarhad အဖွဲ့ကြီးက ပေးအပ်တာဖြစ်ပါတယ်။ ဆုအတွက် အိန္ဒိယရူပီးငွေ ၁၁ သိန်း ချီးမြင့်မှာ ဖြစ်ပါတယ်။
ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားအတွက် ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ ဆုလက်ခံရယူဖို့ အိန္ဒိယသမ္မတကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေရဲ့အောင်နိုင်မှုလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

2012-04-02
မနေ့ကကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အောင်နိုင်မှုဟာ ပြည်သူတွေရဲ့အောင်နိုင်မှုဖြစ်ပြီး တခြားပုဂ္ဂိုလ်တွေ၊ တခြားအဖွဲ့အစည်းတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ကြပါနဲ့လို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့က ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ပထမဆုံးအကြိမ် နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားနေစဉ်။
ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမှာရှိတဲ့ NLD ရုံးချုပ်မှာ မဲဆန္ဒရှင်တွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ပထမဆုံးအကြိမ် နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားရာမှာ အဲဒီလို ပြောလိုက်တာပါ။
စိတ်ထားမြင့်မြင့်နဲ့ ဆက်ပြီးလုပ်စရာတွေက အများကြီးရှိတဲ့အတွက် အခုကနေစပြီး ငါနိုင်ပြီဟေ့ဆိုတဲ့ စိတ်ဓာတ်နဲ့ မဟုတ်ဘဲ ငါတို့ စပြီးလုပ်ဖို့ အခွင့်အရေး တစ်ခုတော့ရပြီဆိုတဲ့ စိတ်ဓာတ်နဲ့သာ ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ အမျိုးသားရင်ကြားစေ့ရေးအတွက် ပိုမိုလုပ်ဆောင်နိုင်ဖို့နဲ့ ဒီအောင်မြင်မှုဟာ ဒီမိုကရေစီခေတ်ရဲ့ အဦးအစလို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။
ပြည်ပသတင်းထောက်တွေကို ရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ဖော်ဆောင်မယ့် ဖြစ်စဉ်မှာ ပါဝင်ဖို့၊ ပူးပေါင်းဖို့ ဆန္ဒရှိသူတွေအားလုံးကို ဖိတ်ခေါ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား ပဋိပက္ခ ချုပ်ငြိမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းချက်တွေမှာ အားလုံးပူးပေါင်းကြမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။




No comments: