Sunday, April 1, 2012

ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းပေးပို့ချက် တချို့


တသီးပုဂ္ဂလိက ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

2012-04-01
မိတ္ထီလာမြို့မှာ တသီးပုဂ္ဂလိက ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ NLD ပါတီဝင်ဟောင်း ဒေါ်မြင့်မြင့်အေးက ရွေးကောက်ပွဲ မကျင်းပခင် (၃) ရက်အလိုနဲ့ တပတ်အတွင်းကာလတွေမှာ သူ့ကို လောက်လေးခွနဲ့ပစ်တာ၊ ကျောက်ခဲနဲ့ပေါက်ပြီး တိုက်ခိုက်တာတွေရှိခဲ့ကြောင်း ပြောပါတယ်။
ဒါ့အပြင် သူ့ရဲ့ မဲရုံကိုယ်စားလှယ်တွေ ကိုယ်တိုင် မဲစာရင်းထဲ အမည်မပါလို့ ပျက်ပြယ်ခဲ့ရကြောင်း၊ အလားတူပဲ မဲစာရင်းအမည် မပေါက်တာတွေ၊ အမှားတွေ ရှိကြောင်း ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။ မိတ္ထီလာမြို့နယ်ဟာ စစ်တပ်အခြေစိုက်တဲ့ မြို့ဖြစ်ပြီး ရှေ့ပိုင်းမှာ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်က အသာရနေခဲ့ပြီး နောက်ပိုင်းမှာတော့ အင်အယ်လ်ဒီပါတီက ဦးဝင်းထိန် အနိုင်ရသွားတယ်လို့ သိရပါတယ်။ 

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

2012-04-01
ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်က ပြည်သူ့လွတ်တော် အမတ်လောင်းနေရာ အတွက် ဒီကနေ့ မဲပေးကြရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲရုံရဲ့ ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်စည်းရုံးနေတာတွေ ရှိခဲ့သလို ပြည်သူ တစ်ရာခန့်ဟာလည်း မဲစာရင်းမှာ အမည်စာရင်းမပါလို့ မဲပေးခွင့်မရခဲ့ကြကြောင်း သိရပါတယ်။

AFP
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဝင်များ၏ မတ်လဆန်းပိုင်း ရှမ်းပြည်တောင်ပိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ကလော၊ အောင်ဘန်း၊ ဟဲဟိုးမြို့များတွင် ရပ်နား ဟောပြောခဲ့သည်။
မည်သူမဆို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံအတွင်းမှာဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အကွာအတွင်း၌ ဖြစ်စေ မဲဆွယ်ခြင်း၊ မဲဆန္ဒရှင် တစ်ဦးဦးကို လွတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို ဆန္ဒမဲပေးရန် တောင်းဆိုခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့၊ မပေးဖို့ တိုက်တွန်း သွေးဆောင်ခြင်း မပြုရလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာ ထုတ်ပြန်ထားပေမယ့် ဒီကနေ့ ကလောမြို့နယ်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေက ဥပဒေ ချိုးဖောက်နေကြောင်း NLD ပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည့် ဒေါက်တာ ဒေါ်သန်းငွေက ပြောပါတယ်။ "နန်းနိုင်မှာ မဲရုံ ၃ ရုံရှိတဲ့ထဲမှာ ၂ ရုံနားမှာ ညောင်ပင်ကုန်းဆိုတဲ့ မဲရုံရယ်၊ မြင်းကဘော် ဆိုတဲ့ မဲရုံ။ အဲ့ ၂ ရုံနားမှာ အဲ့ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတွေက မဲရုံနဲ့ ကိုက် ၂၀၀ အတွင်းမှာ ကြံ့ဖွံ့အဖွဲ့ဝင် ၅ ယောက်က မဲလက်မှတ်လေးတွေ ခေါက်ပြီးတော့မှ ပိုက်ဆံ ၃၀၀၀ ထည့်ပြီးတော့မှ ရော့ ဒါလေး ကိုယ့်နံပါတ်လေး မှတ်သွားအုံး ဆိုပြီးတော့မှ စာရွက်လေးနဲ့ သူတို့ ပိုက်ဆံတွေ ထည့်ထည့်ပေးနေပါတယ်။ နောက်တခုက ဘောစိုင်းက ရွာဟောင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက လာစည်းရုံးတာ ၀တ်စုံပြည့်တွေနဲ့ ထော်လဂျီနဲ့ အလံထောင်ပြီးတော့ လာစည်းရုံးတာ။ အဲ့ဒီ သုံးနေရာပဲ။" ကလောမြို့နယ်ထဲမှာ ဒီလို မဲဆွယ် စည်းရုံးနေမှုတွေကို သက်သေအထောက်အထားတွေ ရယူထားပြီး ရွေးကောက်ပွဲ ကော်မရှင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကို တိုင်ကြားထားတယ်လို့ ဆက်ပြောပါတယ်။ ဒါ့အပြင် ကလော ပြည်သူ့လွတ်တော်အမတ်နေရာအတွက် မဲဆန္ဒပေးမည့် ပြည်သူ တစ်ရာခန့်ဟာလည်း အောင်ပန်းမြို့နယ်က ရပ်ကွက် ၃ မှာနေထိုင်တဲ့ သက်သေအထောက်အထားတွေ ရှိပေမယ့် အောင်ပန်း အမက စာသင်ကျောင်း ၁၂ က မဲရုံမှာ မဲပေးခွင့်မရခဲ့ဘူးလို့ အောင်ပန်းမြို့နယ်က မဲရုံတွေကို လိုက်ကြည့်ခဲ့တဲ့ NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ရှေ့နေ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။ "လူတစ်ရာလောက်က မဲပေးခွင့်မရဘူး။ သူတို့က မဲစာရင်းမှာ မပါလို့ မရတာ၊ သူတို့မှာ အိမ်ထောင်စု ဇယားတွေရှိတယ်။ မှတ်ပုံတင်တွေလည်း ရှိတယ်။ ဒီမှာနေတာလည်း ကြာပြီ။ ဘာလို့ သူတို့မဲပေးခွင့်မရလည်း ဆိုပြီးတော့ နည်းနည်း စုစုဆူဆူ ဖြစ်သွားတယ်။ ကျမ ခရိုင်ကော်မရှင် ဥက္ကဋ္ဌ နဲ့ ဆက်သွယ်ပြီးတော့ မေးလိုက်တယ်။ အဲ့ဒါက ကျမတို့က မဲစာရင်းမှာ မပါရင် ရွေးကောက်ပွဲ မတိုင်ခင် တစ်ပတ်အလိုမှာ တင်ရမှာလေ။ အဲ့ဒါတွေကို မတင်ဖြစ်ခဲ့ဘူး၊ အဲ့ဒါကြောင့်မို့လို့ ဒီလူတွေ မဲပေးခွင့်မရတာပေါ့နော်။ မဲပေးခွင့် မရတဲ့လူတွေကတော့ တော်တော်လေးကို မကျေမနပ် ဖြစ်သွားတယ်။" ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦး ကို ဆက်သွယ်မေးမြန်းရာ ပါတီအချင်းချင်း အပြန်အလှန် တိုင်ကြားထားမှုတွေ ရှိနေကြောင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်တင်ပြပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ "အဲ့ဒါတွေက တိုင်တာကတော့ အခု လတ်တလော သူတို့ဟာ သူတို့ approve လုပ်ပြီးတိုင်လိမ့်မယ်။ နောက်ပိုင်းကြရင် ကန့်ကွက်လွှာ တင်ကြတော့ပေါ့။ ကော်မရှင် ဥပဒေအရ ဆိုလို့ရှိရင် သူတို့က ကန့်ကွက်လွှာ တင်ရမယ်။ ကိုက် ၅၀၀ အတွင်း စည်းရုံးပြီးတော့မှ မဲယူသွားတယ်။ ဒါတွေကတော့ အခုတိုင်တယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကျနော်တို့လည်း ကွင်းဆင်းပြီး မကြည့်နိုင်ဘူးလေ။ တိုင်နေပြီးတော့ နိုင်သွားတဲ့အခါကြတော့ နိုင်တဲ့ပါတီက နောက်ဆုတ်သွားရော။ ကျနော်တို့က ဒီမှာ ဒီးစေရှင်း လုပ်ဖို့ မဟုတ်ဘူး၊ သူတို့တိုင်တဲ့ဟာကို ကွန်ဗိုင်း လုပ်ပြီးရင် ပြည်တောင်စု ကော်မရှင် ရွေးကောက်ပွဲ ခုံကို တင်ပေးရုံပဲ။" ကလောမြို့နယ်က ပြည်သူ့လွတ်တော်နေရာကို NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစည ပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ်ပါတီနဲ့ ကျားဖြူပါတီ၊ စုစုပေါင်း ပါတီ ၅ ပါတီက ယှဉ်ပြိုင် အရွေးခံကြ ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ

2012-04-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ညနေ နောက်ဆုံးမဲရေတွက်မှုတွေအရ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေကနေ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ရုံးချုပ်ရှေ့တွင် ပါတီ အောင်နိုင်ပွဲအတွက် ၀မ်းသာပျော်ရွှင်နေကြသော ထောက်ခံအားပေးသူများကို ဧပြီလ ၁ ရက်နေ့ ညပိုင်းတွင် တွေ့ရစဉ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ကိုယ်စားလှယ် မဖြူဖြူသင်း အပါအ၀င် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မြေ ၆ နေရာစလုံးလည်း အနိုင်ရရှိပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်က လစ်လပ်နေရာ ၄ နေရာ အတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဦးဇေယျာသော်၊ ဦးနိုင်ငံလင်း၊ ဒေါ်စန္ဒာမင်း နဲ့ ဦးမင်းသူ တို့ လေးဦးစလုံးလည်း အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်တဲ့ အန်အယ်ဒီ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအုန်းကြိုင် နဲ့ မိထ္ထီလာ နယ်မြေက ဦးဝင်းထိန်တို့လည်း အနိုင်ရရှိကြကြောင်း သတင်းရရှိပါတယ်။ အခု သိရသမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ ၄၀ ကျော်မှာ အနိုင်ရရှိ ထားပါတယ်။ ဒီကနေ့ ရွေးကောက်ပွဲမှာ မဲစာရင်းလွဲချော်မှုတွေကြောင့် ထောင်နဲ့၊ သောင်းနဲ့ချီတဲ့ နိုင်ငံသားတွေ မဲပေးခွင့် ဆုံးရှုံးခဲ့ရသလို၊ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ စည်းမျဉ်းဥပဒေတွေကို ချိုးဖေါက်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်တွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။ မဲမသမာမှု အနေနဲ့ကတော့ မဲစာရွက်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နေရာမှာ ရေးချစ်လို့ မရအောင် ဖယောင်းတွေ သုတ်ထားတယ်ဆိုတဲ့ ထူးခြားတဲ့ ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး NLD ပါတီက သက်ဆိုင်ရာကို တိုင်ကြားစာ ပို့ထားပြီ ဖြစ်ပါတယ်။ ဒီကနေ့ မဲရေအတွက်မှုတွေ နဲ့ အနိုင်ရရှိသူစာရင်းတွေ မပြီးဆုံးသေးလို့ ရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင် အတည်ပြုထုတ်ပြန်ရခြင်း မရှိသေးပါဘူး။ ဒီကနေ့ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းပေးပို့ချက် တချို့ကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

No comments: