Thursday, April 19, 2012

အတိတ်မှ အရိပ်များ (၁၈)





ထောင်ထဲမှာ နိုင်ငံရေးသမားတွေဟာ ကိုယ့်အချင်းချင်း စောင့်ရှောက်ကြတဲ့အပြင် အခြား အကျဉ်းသားတွေ ကိုလည်း ကူညီကြပါတယ်။ ဘီစကွတ်မုန့်တွေ ဝေပေးတာအပြင် ကျန်းမာရေး မကောင်းရင်လဲ ဆေးမှာပြီး တိုက်ကြပါတယ်။ အဲဒီနေ့မှာစပြီး ပုံစံထိတော့တာပါ ပဲ။ မနက်မိုးလင်းရင် ထောင်ဗူးဝက “တော် တီး တော်” အသံမြည်ရင် အိပ်ယာထရပြီး ပုံစံ ထိုင်နေရပါတယ်။ မနက် ၆ နာရီ ထောင်ဖွင့်ပါပြီ။ ဒီအခါမှာ နေ့နဲ့ည ဂျူတီတွေ လဲကြပါတယ်။ ၀ါဒါတွေ ကြည့်ရတာလည်း ထောင်တ၀က် ကျနေသလိုပဲ။ လူ ရေပြီး ရင် ထောင် ပိုင်ရုံးခန်းကို သတင်းပို့ကြရပါတယ်။ လူစစ်တာပြည့်ပြီး လူအရေအတွက် ကိုက်တယ်ဆိုရင်တော့ ထောင် ထဲက အဆောင်တွေကို တံခါးဖွင့်ပေးပါတယ်။ လူပေါင်းလို့ မကိုက်ရင်တော့ ပုံစံ ထိုင်နေပေတော့။ ထ ခွင့် မရှိပါဘူး။ ပြီးရင် ကျမတို့တွေ အိမ်သာဆီ အပြေးအလွှား သွားကြရတာပေါ့။ ဘာကြောင့် အပြေးအလွှား သွားရသလဲဆိုရင်တော့ ကျမတို့ အဆောင်မှာ အိမ်သာက ၁၀ ခန်းထဲပဲ ရှိလို့ပါ။ အိမ်သာက အခန်းရယ်လို့ သပ်သပ်ကာရံထားတာမဟုတ်ပါဘူး။သံမံတလင်းမြောင်းပေါ်မှာခွထိုင်ရပြီးတံခါးမပါပါ။

အုတ်ဘောင်လေးတွေ ဘေး က ကာထားတဲ့နေရာတခု ပါဘဲ။ အဆောင်တခုလုံးမှာ ရှိနေတဲ့ လူဦးရေက အပေါ်ထပ် အောက်ထပ်ပေါင်းရင် ၇၀၀ ကျော် ပါတယ်။ ဒီတော့ ကိုယ့်အလှည့်ရောက်ဖို့ အိမ်သာတက်ချိန် ကို စောင့်ရတာ မလွယ်ပါဘူး။ အိမ်သာကိစ္စ ပြီးပြီဆိုရင် မျက်နှာသစ်ဖို့ ရေကန်ဆီကို ပြေးရပြန်တယ်။ မျက်နှာ သစ်ရေက တယောက်ကို သုံးခွက်သာ သုံးခွင့် ရှိပါတယ်။ ကိုယ့်မှာ ကိုယ်ပိုင်ခွက် မရှိရင်တော့ ရေ ကန်ဗာယာတွေ ပေးတဲ့ရေနဲ့ပဲ မျက်မှာကို လောင်းချပြီး သစ်ရတာပေါ့။ ဒီအတွက် ကျမကို ပလပ်စတစ်ရေ ခွက်ပေးလိုက်တဲ့ လှိုင်လှိုင်မြင့်ကို စိတ်ထဲမှာ တော်တော် ကျေးဇူးတင်မိပါတယ်။ အိမ်သာသန့်ရှင်းရေး ကိုတော့ ပြည့်တန်ဆာမလေးတွေ (30/D) လို့ဆိုတဲ့ အချိန်မတော် လမ်းလျှောက်မှုနဲ့ ထောင်ကျနေတဲ့ မိန်း ကလေးတွေကလုပ်ရပါတယ်။မိလ္လာစဥ့်အိုးတွေကိုမနက်တိုင်း မနက်တိုင်းမှာ သူတို့တွေက ထမ်းပြီး အဆောင် အပြင်ဘက်က အုတ်ရိုးနားကို သယ်ထုတ်ပေးကြရပါတယ်။ အဆောင်အပြင်မှာ စောင့်နေတဲ့ အမျိုးသား အဆောင်က ထောင်ကျတွေက လာပြီး ထမ်းယူသွားကြပါတယ်။ မိလ္လာမှာ လုပ်နေကြတဲ့ မိန်း ကလေးတွေ က ဆေးလိပ်ရကြတယ်။ ညဘက်ဆိုရင် အိမ်သာတက်ချင်သူတွေက သူတို့ကို ဆေးလိပ် ၂ လိပ် ပေး ရပါတယ်။ သူတို့ခမျာ ထောင်ဝင်စာလည်း မလာနိုင်ဆိုတော့ ရလာတဲ့ ဆေးလိပ်လေးတွေကို ဟင်းနဲ့လဲပြီး စားကြရတာပါ။ ဒီတော့ ထောင်ဝင်စာ မလာနိုင်တဲ့ ထောင်ကျ မိန်းကလေးအချို့က ဒီနေရာမှာ တမင်ကိုလာ လုပ်ကြတာလေ။ထောင်ဝင်စာလာနိုင်သူတွေကို လာတဲ့အခါမှာ အဆောင်ရုံးခန်းက တယောက် ကို ဆေး လိပ် ၅ လိပ်စီ မိလ္လာကြး တောင်းလေ့ရှိပါတယ်။

အဲ - မျက်နှာသစ်ပြီးပြီဆိုရင်တော့ အဆောင် အပြင်ကအုတ် သံမံတလင်းလေးမှာ တန်းစီပြီးပုံ စံထိုင်ကြ ရတယ်။အပြင်ဘက်ဆိုတော့အားလုံး ဆောင့်ကြောင့် ထိုင်ရတာပေါ့။ ခဏနေတော့ တန်းစီးနဲ့ ၀ါဒါအမျိုးသ မီးတွေ ရောက်လာပြီး တနေ့စာအလုပ်အတွက် လူတွေကို သူ့အစုနဲ့သူ ခွဲပါတော့တယ်။ အလုပ် ချတယ်၊ တာဝန် ခွဲတယ်လို့ ဆိုပါတယ်။ အလုပ်တွေကတော့ တောင်ယာအလုပ်၊ ရေကန် သန့်ရှင်းရေး၊ ကြမ်းတိုက်၊ ကြမ်းတိုက်ရတဲ့အလုပ်က တချို့ဆိုရင် ပုလင်းဖင်နဲ့ ကြမ်းပြင်ကို အရောင်ထွက်အောင် တိုက်ရတာပါ။ အလုပ်မရှိ အလုပ်ရှာ လုပ်ခိုင်းတဲ့သဘောပါ ပဲ။ စက်ချုပ်၊ ဆေးလိပ် လိပ်၊ ဆန်ရွေးဆိုတာမျိုးတွေ ပါ။ ကျမက ကိုယ်ဝန်နဲ့ ဆိုတော့ စာကလေးမောင်း အလုပ်မှာ ထားပါတယ်။ “၈” ဆောင်ရဲ့တိုက်ဘက်က မုန်လာစိုက် ခင်းကိုလာတဲ့ စာကလေးတွေကို အ၀တ်စလေးတွေ ပတ်ထားတဲ့ တုတ်နဲ့ ခြောက်လွှတ် မောင်း ထုတ်ရ တဲ့အလုပ် ပါ။ ကျမလည်း ၀ါဒါအမျိုးသမီးလေး လိုက်ပို့လို့ အဲဒီတုတ်ကိုင်ပြီး တိုက်ဘက်ကို လျှောက် လာခဲ့ပါတယ်။ တိုက်ထဲမှာ စာရေးဆရာမ စန်းစန်းနွဲ့(သာယာဝတီ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဗဟိုတရားရုံးရှေ့နေဒေါ်မြင့်မြင့်ခင်၊မန္တလေးကဒေါ်ခင်ခင်ဝင်း၊ဒေါ်သိင်္ဂီ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အတွင်းရေးမှူး)တို့ရှိကြပါတယ်။စာကလေးတွေမောင်းတဲ့အလုပ်ကမပင်ပမ်းပါဘူး။ဒါပေမယ့်နေပူတာကြောင့် ကျမက ထင်းရှူးပင်ပုလေးအောက်မှာ ထိုင်ပြီး စာကလေးတွေကို ခြောက်နေ ပါ တယ်။ ကျမ လှမ်းကြည့် လိုက်တော့ တိုက်အပေါက်ဝမှာ စာရေးဆရာမ သာယာဝတီ စန်းစန်းနွဲ့ကို မြင်လိုက် ရတာ ဘယ်လို ၀မ်းသာ မှန်းတောင် မသိတော့ပါဘူး။ သူနဲ့က ၁၉၈၆ ခုနှစ် ကျမတို့ ဗဟန်းမှာ စာဆိုတော်နေ့ စာပေဟောပြော ပွဲ လုပ်တော့ဆရာ လယ်တွင်းသားစောချစ်၊ ဆရာ ချစ်ဦးညိုတို့နဲ့အတူ လာရောက် ဟောပြော ခဲ့တာ သတိရ ပါသေးတယ်။ မမနွဲ့ရဲ့ ၀တ္ထုစာအုပ်တွေက လူငယ်တွေကို လွှမ်းမိုးခဲ့ပါတယ်။ ကျမဆို စာအုပ်တအုပ်ဖတ်ပြီး လရောင်အောက်မှာ တညလုံး ဆင်းထိုင်မိခဲ့တယ် လို့ ပြောပြခဲ့တာကို မှတ်မိပါတယ်။ ဆရာ လယ်တွင်း သားစောချစ် ကတော့ “ငတ်မွတ်ခေါင်းပါးခြင်းက အိမ်ရှေ့တံခါးကို ခေါက်ရင် အချစ်က နောက်ဖေးပေါက်က ထွက်ပြေးသွားတယ်” တဲ့။ ဆရာ ချစ်ဦးညိုကတော့ ကဗျာလေးတပုဒ် ရွတ်ပြခဲ့တယ်။ “တိတ်ဆိတ် ငြိမ် သက်နေရာတကွက်ကို အသက်ပေးI ၀ယ်ရသည်” တဲ့။ ခေါင်းစဉ် ကတော့“သချိုံင်းကုန်း” တဲ့။ ကျမ မှတ် မိနေခဲ့ပါတယ်။

 မမနွဲ့ရဲ့ဘေးအခန်းမှာတော့ ဒေါ်မြင့်မြင့် ခင် ရှိပါ တယ်။သူ့ကိုတော့အရေးအခင်း ကာလမှာ စတင် သိခဲ့ရ တာပါ။ သူက ရန်ကုန်အဆေးရုံကြီး ၁၉/၂၀ အပေါ်ထပ် ကနေ စီမံ ခန့်ခွဲနေတာ ပါ။ ဒေါ်ခင်ခင်ဝင်း က နောက်အခန်းတခုမှာပါ။ ကျမကို မမနွဲ့နဲ့ အန်တီမြင်တော့ ဘာ စားချင်လဲ၊ အိမ်ကို မှာပေးမယ် လို့ ပြော ပါတယ်။ ဒါနဲ့ ကျမလည်း ပေါင်မုန့်အရှည်ကြီးကို နို့ဆီဆမ်းပြီး စားချင်တယ် လို့ ပြောလိုက် ပါ တယ်။ နောက် တပတ် ထောင်ဝင်စာမှာ ပါလာတော့ ကျမစားလိုက်တာ လက်သုံးလုံးလောက်ပဲ ကျန်တော့တယ်။ စိတ်ထဲမှာအရမ်း ကျေနပ်သွားမိ တယ်။

 နောက် လေး ရက်လောက်နေတော့ ထောင်ဝါဒါ ဒေါ်ခင်တင့် ကျမဆီ ကို လာတယ်။ “ကောင်မ နင် သူပုန် မ မှန်း မသိလို့ ဒီမှာ ထားတာ” ဆိုပြီး ပါးကို ရိုက်လိုက်တာ မျက်စိထဲမှာ ကြယ်တွေ လတွေ လက်သွားပြီး မီးပွင့် မတတ် ခံစား လိုက်ရတယ်။ ကျမ တိုက်ဘက်ကို မသွားရတော့ပါဘူး။ ဒီဘက် အဆောင် ၇ မှာ ဆေးခန်း ရှိပါ တယ်။ အဲဒီဘက်မှာ ထိုင်စောင့်ရပါတော့တယ်။ အဲဒီအချိန်မှာ ဇူလိုင်လအရေးအခင်းနဲ့ မြအေး ၀င်း၊ မြင့်မြင့် ဦး၊ဒေါ်ခင်မြင့်မြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်းစိန်))၊မိုးမိုး (သုံးခွ)၊ သာကေတ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ဒေါ်ခင်ခင်လွင်၊ ခင်ခင်မြ၊ တင်တင်ဆွေ၊ ဗမာပြည် ကွန်မြူနစ်ပါတီ က ကြည်လေး၊ မဆွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကပဲ ဒေါ်တိုးတိုးတင်၊ ဒေါ်စောမြတ် မာ၊ ဒေါက်တာ အေးအေး ချို၊ ဒေါ်ပြုံးပြုံး တင်တို့လည်းရှိနေပါတယ်။ထောင်ကျဆောင်ကနှစ်ဆောင်ပါ။၇ ဆောင်နဲ့ ၈ ဆောင် ဖြစ်ပါတယ်။ ၈ ဆောင်က တိုက် နှစ်ထပ်၊ အပေါ်ထပ်မှာက နိုင်ငံရေးမှု၊ ချဲမှု၊ ဆေးမှု၊ လိမ်လည်မှုတွေ ထားပါ တယ်။ နိုင်ငံရေးမှုက လွဲရင် ရဲဘက် မသွားချင်၊ ထောင် မပြောင်းချင်တဲ့သူတွေက လိုင်း ၀င်ရတယ်။ လိုင်းဝင် တယ်ဆိုတာကတော့ လိုင်းကြေးငွေကိုထောင်ပိုင်ထောင်မှူးတွေဆီပေးပြီးနေကြတာကိုပြောတာပါ။ဆရာဝန်လဲပါတာပေါ့ လေ။
 ရောဂါမရှိဘဲနဲ့ ရောဂါ ရှိတယ်ဆိုပြီး လိမ်ပေးတာပေါ့။ ဒီခေတ်နဲ့ ဒီစနစ်အောက် မှာ ဒါမျိုးတွေက ကြီး ထွားနေ တာ အမှန်ပါဘဲ။
Burma Today မှကူးယူဖော်ပြသည်။

No comments: