Wednesday, April 11, 2012

ဗမာပြည်ကို သိမ်းပိုက်ကြ Occupy Burma! အပိုင်း ၁ နှင့် ၂

သူ့ အတွေးသူ့ အမြင်မို့ ၊ စာရှု့ သူတို့ ကိုယ်ပိုင်ဥာဏ်ဖြင့်ဆင်ချင်လေ့လာကြပါ။


ဇော်ဝင်း
ဗမာ့ လမ်းကြောင်း ကမ္ဘာနဲ့ ပြောင်းပြန်

ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာက အတွေး အမြင်တွေ အဖြစ်အပျက်တွေကို ရယူတဲ့ နေရာ မှာ ခြေ တလှမ်း အမြဲ နောက်ကျခဲ့တယ်။ တချိန်က မာ့စ်ဝါဒ၊ လီနင်ဝါဒ ကျွန်တော်တို့ဆီကို ရောက် လာတဲ့အချိန်ဟာ ကမ္ဘာမှာ အောက်တိုဘာတော်လှန်ရေး ဖြစ်ပွားပြီးနောက် နှစ်ပေါင်းနှစ်ဆယ်လောက်နောက် ကျခဲ့တယ်။ ကားလ်မာ့စ် အရင်းကျမ်း ရေးခဲ့တဲ့ အချိန်ထက် နှစ်ပေါင်း ၇၀လောက်နောက်ကျခဲ့တယ်။
အခုတခါ ကမ္ဘာနဲ့ တဝှန်း သိမ်းပိုက်ရေး လှုပ်ရှားမှု (Occupy movement ) တွေ ပြန့်နှံ့နေတဲ့
အချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာတော့ ဂလိုဘယ်လိုက်ဇေးရှင်း အော်လို့ ကောင်းနေတုန်း။
ကမ္ဘာပြားပြီ လုပ်နေကြတုန်း။ ကမ္ဘာမှာ အရင်းရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြချိန်မှာ
ကျွန်တော်တို့ကတော့ စစ်အာဏာရှင်စနစ်ကို တိုက်ပြီး အရင်းရှင်စနစ်ဆီကို သွားဖို့ စိတ်အား
ထက်သန်နေကြသလို ဖြစ်နေတယ်။ ဘယ်လိုလဲ။ တခေတ်လုံးလုံး နောက်ကျဦးတော့မှာပါလား။
ကမ္ဘာပြားပြီဆိုတဲ့ သောမတ်ဖရီးမင်းတို့၊ ယဉ်ကျေးမှု တိုးတိုက်ခြင်းဆိုတဲ့ ဟန်တင်တန်တို့ ကို
ကမ္ဘာမှာတော့ အပေါစား အမေရိကန် ဝါဒဖြန့်ချိရေးသမားလောက်ပဲ သဘောထားကြချိန်မှာ
ကျွန်တော်တို့ဆီမှာ အခုထိ အသစ်ထင် နေကြတဲ့သူတွေ တော်တော်များများရှိနေတုန်း။ တ
ကယ်တော့ စစ်အာဏာရှင်စနစ်ကနေ အရင်းရှင် စနစ်ဆီ ကူးပြောင်းမယ်ဆိုတာဟာ ဆီပူဒယ်
အိုးထဲကနေ မီးဖိုထဲ ခုန်ချသလိုသာရှိမှာပ။ အပူသက်သာရင်လည်း နည်းနည်းပဲ။ ပိုပူချင်တောင်
ပူနိုင်သေး။
ကျွန်တော်တို့ အခု သွားနေတဲ့ လမ်းကြောင်းဟာ ကမ္ဘာ့ပြည်သူတွေရဲ့ လမ်းကြောင်းနဲ့
ပြောင်းပြန်ကြီးဖြစ်နေတယ်။ ကမ္ဘာမှာ အရင်းရှင်ထမ်းပိုး၊ ကော်ပိုရေး ရှင်းထမ်းပိုးကို ပုခုံးပေါ်က
ခါချနေတဲ့ အချိန် ကျွန်တော်တို့ကတော့ အရင်းရှင်ထမ်းပိုးကို ခါးတောင်းကျိုက်ပြီး ထမ်းဖို့
ဟန်တပြင်ပြင်။ ကြည့်ပါဦး။ စစ်ကျွန်ဘဝကနေ ငွေဝယ်ကျွန်ဘဝကိုများ ကျွန်တော်တို့
သွားကြဦးမလို့လား။ စစ်ကျွန်ဘဝကနေ လွတ်ဖို့ရာ ငွေဝယ်ကျွန်အဆင့်ကို မဖြတ် သန်းဘဲ
လွတ်နိုင်တဲ့ နည်းမရှိတော့ဘူးလား။ ဘယ်သူ့ကျွန်မှမခံဘဲ ဒီမိုကရေစီ စစ်စစ်ရတဲ့ လွတ်လပ်တဲ့
ပြည်သူတွေ မဖြစ်နိုင်ဘူးလား။

စစ်အာဏာရှင်မှ အရင်းရှင်အာဏာရှင်သို့

စစ်အာဏာရှင်စနစ်ကနေ အရင်းရှင်အာဏာရှင်စနစ်ဆီသွားချင်နေကြတာ ဘယ်သူတွေပါလဲ။
အလုပ်သမား၊ လယ်သမား လူများစု ပြည်သူတွေ မွဲငတ်ပြီး လက်တဆုပ်စာ လူနည်းစု
အရင်းရှင်ကြီးတွေ ကျိကျိတက် ချမ်းသာမယ့်လမ်းကို သွားချင်နေတာ ဘယ်သူတွေပါလဲ။
၉၉% ကမွဲသထက်မွဲပြီး ၁% ကချမ်းသာသထက်ချမ်းသာမယ့်လမ်းကို သွားချင်နေတာ ဘယ်သူတွေလဲ။
တခြားသူတွေ ဟုတ်ပါရိုးလား။ ဒီနေ့ တိုင်းပြည်ကို အုပ်ချုပ်ဗိုလ်လုပ်နေတဲ့ စစ်အာဏာရှင်တွေပါပဲ။
မှန်ပါတယ်။ တကယ်တော့ စစ်အာဏာရှင်စနစ်ကနေ စစ်တပ်လွှမ်းမိုးတဲ့ အရင်းရှင်စနစ်ဆီသို့ ငြိမ်းချမ်းစွာ
အသွင် ကူးပြောင်းလို သူတွေထဲမှာ စစ်အာဏာရှင်တွေက ထိပ်ဆုံးကပါ။
အခု တလော ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ မကြာခဏ ပြောကြတဲ့ စကားတခွန်းရှိတယ်။
မပြောင်းလဲရင် မဖြစ်တော့ ဘူးဆိုတာကို အုပ်ချုပ်သူတွေကိုယ်တိုင် သိလာလို့ အပြောင်းအလဲတွေ
စတင်ပေါ်ပေါက်လာတယ်ဆိုတဲ့ စကားပါ။ ဒီစကားဟာ မမှားဘူး၊ ဒါပေမဲ့ မပြည့်စုံဘူးလို့ ဆိုရလိမ့်မယ်။
စစ်အစိုးရကို လျော့တွက်ပြီး အကောင်းမြင်လွန်းနေတယ်။
ဘာ့ကြောင့်လဲ။
မပြောင်းလဲရင် မဖြစ်တော့ဘူး၊ ဒီပုံစံအတိုင်းဆက်သွားလို့ ရေရှည် မရတော့ဘူး၊ ပြည်သူကဆက်ပြီး
ခေါင်းငုံ့ခံမှာ မဟုတ်တော့ဘူးဆိုတာ စစ်အာဏာရှင်တွေသိလာတယ်ဆိုတာ အမှန်ပဲ။ ဘယ်မှာ သိသွား
သလဲဆိုတော့ ၂၀၀၇ သံဃာ့လှုပ်ရှားမှုကြီးမှာ သိသွားကြတယ်။ သူတို့ သိပ်ကြောက်သွားတယ်။
လူထုက ပုန်ကန် တော်လှန်မှာကို သူတို့ကြောက်တယ်။ သူတို့ စစ်တပ်ထဲက ပြန်ပြီး တော်လှန်မှာကို
ပိုပြီး ကြောက်တယ်။ ဒါ့ကြောင့် မပြောင်းမဖြစ်၊ ပြောင်းမှဖြစ်မယ်လို့ သူတို့သိလာတယ်။ အဲဒီလို မပြောင်း
မဖြစ်တဲ့ အဆုံးမှာ စစ်အစိုးရဟာ အပြောင်းအလဲ အရိပ်အယောင်ကို စပြီး ပြလာတယ်။ ဒါပေမဲ့ သူတို့
ပြောင်းချင်တာက ဘယ်လို ပြောင်းချင်တာလဲ ဆိုတော့ ဖိနှိပ်တဲ့ အသွင်သဏ္ဍန်ကို ပြောင်းချင်တာဖြစ်တယ်။
ဖိနှိပ်တဲ့ စနစ်ကနေ မဖိနှိပ်တဲ့ စနစ်ဆီကို ပြောင်းချင်နေတာ မဟုတ်ဘူး။ စစ်အာဏာရှင် စနစ်ကနေ
ဒီမိုကရေစီ စနစ်ကို ပြောင်းချင်နေတာ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကနေ စစ်တပ်လွှမ်းမိုး ကြီးစိုးသော
အရင်းရှင် အာဏာရှင်စနစ်ဆီ ပြောင်းချင်နေတာ ဖြစ်တယ်။ ခေတ်မမီတော့တဲ့ ဖိနှိပ်မှု အသွင်ဟောင်းကနေ
ခေတ်မီတဲ့ ဖိနှိပ်မှု အသွင်သစ်ဆီကို ပြောင်းချင် တာသာ  ဖြစ်တယ်။
တရုတ်ကို အားကိုးပြီး ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ ပုံစံကနေ၊ အမေရိကန်နဲ့ ဥရောပကို အားကိုးပြီး
ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ ပုံစံသစ်ကို ပြောင်းလဲချင်နေတာသာ ဖြစ်တယ်။ အဲသလို ပုံစံပြောင်းလဲတဲ့
အခါ ဖိနှိပ်တဲ့ ပုံစံ အသွင်သဏ္ဍန်ကိုသာ ပြောင်းလဲပြီး ဖိနှိပ်မှုဆိုတဲ့ အနှစ်သာရကိုတော့ သူတို့ မပြောင်း
ချင်ဘူး။ ဒါ့အပြင် ဖိနှိပ်မှု အသွင်သဏ္ဍန်ကို ပြောင်းလဲတဲ့အခါ ဆက်လက် အခွင့် ထူးခံ မယ့် ပုဂ္ဂိုလ်တွေဟာ
ဒီလူတွေပဲ ဆက်ဖြစ်နေရေး၊ သူတို့ အုပ်စုပဲ ဆက်ဖြစ်နေရေးဟာ စစ်အာဏာရှင်တွေရဲ့ အဓိက ရည်မှန်းချက်ပါပဲ။
မူလဖိနှိပ်မှု အသွင်ဟောင်း ဖြစ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်စစ်အစိုးရကို ပြည်သူတွေက
လက်မခံကြတော့ဘူး။ ဒီပုံစံနဲ့ ဆက်သွားလို့မရတော့ဘူး။ ဒါ့ကြောင့် ဒီလူတွေကိုပဲ တံဆိပ်အသစ်ကပ်ပြီး
စစ်အုပ်စုလွှမ်းမိုးသော အရင်းရှင်အာဏာရှင်စနစ် အဖြစ် ဖိနှိပ်မှု အသွင်သစ်ပြောင်းဖို့ ကြိုးစားတာဖြစ်တယ်။
ပြည်သူတွေနဲ့ နိုင်ငံတကာကို အသွင်သဏ္ဍန်အပြောင်းအလဲနဲ့ လှည့်စားပြောင်းလဲ ပြတာဖြစ်ပါတယ်။
လူလက်မခံတော့တဲ့ ဖိနှိပ်မှု အသွင်ဟောင်းကနေ လူတွေကို လှည့်စားလို့ ရလောက်တဲ့ ဖိနှိပ်မှု အသွင်သစ်ဆီ
ပြောင်းချင်တာဖြစ်တယ်။ အတိတ်မှာတုန်းက စစ်အာဏာသိမ်းတော်လှန်ရေး အစိုးရကိုလူတွေ လက်မခံတော့
မဆလထောင်ပြီး လှည့်စားတဲ့ နည်းမျိုးနဲ့ လှည့်စားချင်တာဖြစ်တယ်။ ဆိုရှယ်လစ်ကို ပြည်သူတွေလိုချင်နေတဲ့
အချိန်မှာ ဆိုရှယ်လစ် အတုအယောင်နဲ့ လှည့်စားပြီး ဒီမိုကရေစီကို ပြည်သူတွေလိုချင်တဲ့ အချိန်မှာ ဒီမိုကရေစီ
အတုအယောင်နဲ့ လှည့်စားဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
သူတို့ရဲ့ အခုလို ဖိနှိပ်မှု အသွင်သဏ္ဍန်ပြောင်းလဲမှုကြောင့် အတိုက်အခံတွေကြားမှာ အမြင်ရှုပ်ထွေးလာတာလည်း
အမှန်ပဲ။ တချို့က စစ်အစိုးရဟာ ဒီမိုကရေစီ အဖြစ် အသွင်ပြောင်းတော့မယ်လို့ထင်လာတယ်။ တချို့က လုံးဝမပြောင်းဘူး၊
ဟန်ပြလုပ်ရပ်တွေလို့ထင် တယ်။ တချို့ကပြောင်းတော့ပြောင်းတယ်၊ ကောင်းမလာဘူးလို့ မြင်ကြတယ်။
ဒီလို အမြင်ကွဲကြတဲ့ အထဲမှာ ပိုဆိုးလာတာ ကတော့ “စစ်အစိုးရထဲက ပြောင်းလဲနေတာကို ရပ်သွားမှာစိုး
လို့ စစ်အစိုးရကို မဝေဖန်ကြပါနဲ့၊ ဦးသိန်းစိန် အခက်တွေ့မှာစိုးလို့ တောင်းဆို တာတွေ၊ ဆန္ဒပြတာတွေ၊
တိုက်ပွဲဝင်တာတွေ မလုပ်ကြပါနဲ့၊ မတရား အဖိနှိပ်ခံကြရပေမဲ့ သည်းခံကြပါ၊ စောင့်ဆိုင်းကြပါ” ဆိုပြီး
ကိုယ့်လူကိုယ် ပြန်တားတာမျိုးတွေ၊ ခေါင်းငုံ့ခံခိုင်းတာမျိုးတွေ အထိဖြစ်လာတယ်။ အဆိုးဆုံးဖြစ်လာ
တာကတော့ ကိုယ့်အခွင့်အရေး ကိုယ် တောင်းဆို တိုက်ပွဲဝင်ကြသူတွေ၊ မတရားအလုပ်ခံရလို့
တုန့်ပြန်ကြသူတွေကိုတောင် “သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပွဲကို ဖျက်တယ်” လို့ စွပ်စွဲ
လာကြတဲ့ အထိဖြစ်လာတယ်။
စစ်အစိုးရအတွင်းမှာလည်း စစ်အာဏာရှင်စနစ်ပီပီသသနဲ့ ရက်ရက်စက်စက်ပြတ်ပြတ်သားသား
ဆက်လက် အုပ်ချုပ်ချင်သူတွေနဲ့ ခေတ်မီပုံစံပြောင်းပြီး “စစ်တပ်ကြီးစိုးသော အရင်းရှင်အာဏာရှင်
စနစ်ပုံစံ” နဲ့ ပြည်သူကို လှည့်ဖျားအုပ်ချုပ်ချင်သူတွေအကြား လုပ်နည်း လုပ်ဟန် ကွဲပြားမှုတွေ တွေ့
လာရတယ်။ လုပ်နည်းလုပ်ဟန်ပဲ ကွဲတာဖြစ်တယ်။ အခြေခံသဘောထား မကွဲဘူး။ မူမကွဲဘူး။ ဒါပေမဲ့
ဒါကိုပဲ စစ်အုပ်စုကြားမှာ အပျော့အမာကွဲနေပြီဆိုပြီး အတိုက်အခံတွေကြားမှာ အားတက်သူက အား
တက်ကြတယ်။ ငါတို့ ဘက်သား (သူတို့ အထင် )အပျော့ ကလေးတွေကို အမာက မျိုမသွားအောင်ဆိုပြီး
ကိုယ့်လူကိုယ် ပြန်ဟန့်သူကဟန့်ကြတယ်။
တကယ်တော့ စစ်တပ်ထဲမှာ အပျော့အမာကွဲနေတယ်ဆိုတာလည်း သူတို့ စစ်တပ်ကပဲ သတင်းလွှင့်ထား
တာတွေ ဖြစ်ပါတယ်။ အများဆုံးသတင်းလွှင့်ကြတာကတော့ အပျော့တွေလို့ နာမည်ခံထားကြတဲ့ ရထားဝန်ကြီး
ဗိုလ်အောင်မင်းတို့၊ စက်မှုဝန်ကြီး ဗိုလ်သိန်းစိုး တို့က ဗဟုတို့ သမ္မတ အကြံပေးတို့ ဆိုသူတွေဆီကနေတဆင့်
တိုးတိုးတိတ်တိတ် အလံရှူးလုပ်ကြတာ ဖြစ်ပါတယ်။

အပြောင်းအလဲ အစ အမေရိကန်က

စစ်အာဏာရှင်တွေအတွက် မပြောင်းမဖြစ်တဲ့ အခြေအနေကို ရင်ဆိုင်လာရချိန်မှာပဲ သူတို့လိုချင်တဲ့
အပေါ်ယံအပြောင်းအလဲ၊ ဖိနှိပ်မှု အသွင်သဏ္ဍန်အပြောင်းအလဲကို လုပ်နိုင်မယ့် အခွင့်အလမ်းပေါ်လာတယ်။
သူတို့ အသွင်ပြောင်းချင်တဲ့ အချိန်ဟာ အမေရိကန်က ဆက်မအောင့်နိုင်တော့ဘဲ ပေါ်လစီ ပြောင်းမယ့်ကာလနဲ့
လာတိုက်ဆိုင်နေတယ်။ အဲသလို တိုက်ဆိုင်နေတဲ့ အတွက်လည်း စစ်အစိုးရ အနေနဲ့ သူပြောင်းလဲချင်တဲ့ ပုံစံနဲ့
ပြောင်းလဲလို့ ရနိုင်ဖို့ အသက်ရှူပေါက် ပွင့်လာတယ်။ ဒါကတော့ သူတို့ စစ်အာဏာရှင်တွေ ကံကောင်းပြီး
ပြည်သူတွေ ကံဆိုးတဲ့ အချက်ပါပဲ။
စစ်အစိုးရက ဖိနှိပ်မှု အသွင်ပြောင်းပြီး လူရာဝင်ချင်တဲ့ အချိန်မှာ အမေရိကန်နဲ့ ဥရောပကလည်း တဘက်မှာ
စီးပွားပျက်လာတယ်။ သူတို့ အနေနဲ့ အာရှကို ခြေဦးလှည့်ဖို့ စိတ်အားထက်သန်လာတယ်။ ဗမာပြည် ဒီမိုကရေစီ
ရတဲ့ အထိ ဆက်မစောင့်နိုင်တော့ဘူး။ သူတို့  ဆက်ပြီး မအောင့်နိုင်ကြတော့ဘူး။ တကယ်တော့လည်း အမေရိကန်ရဲ့
ပေါ်လစီဟာ ဗမာတနိုင်ငံတည်းနဲ့ သက်ဆိုင်တဲ့ ပေါ်လစီ မဟုတ်ဘူး။ အာရှတခုလုံးနဲ့ သက်ဆိုင်တဲ့ ပေါ်လစီ။
အာရှမှာ တရုတ်လွှမ်းမိုးတာကို တားဆီးပြီး အမေရိကန် ဥရောပ လွှမ်းမိုးနိုင်ရေး ဆောင်ရွက်မယ့် ပေါ်လစီ။
ဒါ့ကြောင့် ၂၀၀၉ ခုနှစ် အာဆီယံ အစည်းအဝေးမှာ TAC  ASEAN’s Treaty of Amity and Cooperation
အာဆီယံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန်တို့ လက်မှတ်ရေးထိုးခဲ့တယ်။ တချိန်
တည်းလိုလိုမှာပဲ အမေရိကန်ရဲ့ ဗမာဆိုင်ရာ မူဝါဒဟာ ချဉ်းကပ်မှုပေါ်လစီကို ပြောင်းလဲ ကျင့်သုံးတော့မယ်ဆိုတာ
ကြေညာလာတယ်။ ဒါဟာ တရုတ်လွှမ်းမိုးပြီး အရေခွံခွာနေတဲ့ ဗမာနိုင်ငံကို သူတို့ပါဝင်ပြီး နွှာဖို့ ခြေလှမ်းပြင်လာ
တာလည်း ဖြစ်တယ်။ ဒီ့ထက် အရေးကြီးတဲ့ အချက်က အာရှကို သူတို့ ခြေဦးလှည့်တော့မယ်ဆိုရင် ဗမာကို
စိုးမိုးထားဖို့ လိုတယ်ဆိုတဲ့ အချက်ပဲ။ ဗမာပြည်ဟာ ပထဝီ နိုင်ငံရေး အရ အရေးပါတဲ့ နိုင်ငံ တနိုင်ငံလို့
သူတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ အချက်ဖြစ်ပါတယ်။
အမေရိကန် သမ္မတ အဆက်ဆက်တို့ရဲ့ ပရောဟိတ်ဆရာကြီးဖြစ်တဲ့ ဇဘစ်နူးဘာဇင်ဆကီ ဆိုသူက
ပထဝီနိုင်ငံရေးအရ ယူရေးရှားကို  စိုးမိုးနိုင်တဲ့သူဟာ ကမ္ဘာကို စိုးမိုးနိုင်လိမ့်မယ်လို့ တွက်ချက် ဟောကိန်း
ထုတ်ပြခဲ့ဖူးတယ်။ (Zbignew Brzezinski ရဲ့ The Grand Chessboard စာအုပ်ကို ကြည့်ပါ။) အဲဒီတွက်ကိန်းနဲ့
အညီ ယူရေးရှားရဲ့ အသည်းနှလုံးဖြစ်တဲ့ အာဖဂန်နစ္စတန်ဟာ စစ်တလင်း ဖြစ်ခဲ့တယ်။ အာဖဂန်နစ္စတန်ဟာ
အရှေ့အလယ်ပိုင်း၊ အာရှနဲ့ ဥရောပတို့ရဲ့ အဆက်အစပ် အသည်းနှလုံးမို့ အရေးကြီးတာဖြစ်တယ်။
ဒါဆို ကျွန်တော်တို့ ဗမာပြည်ကရော။ ကမ္ဘာ့အရေးမှာ ပထဝီနိုင်ငံရေး အရ ဗမာဟာ အာဖဂန်နစ္စတန်လောက်
အရေးမပါပေမဲ့ အာရှ အရေးမှာတော့ ဗမာဟာ အရေးပါဆုံး နိုင်ငံတနိုင်ငံပဲ။ ကျွန်တော်တို့ ဗမာပြည်ဟာ
အရှေ့တောင်အာရှနဲ့ တောင်အာရှရဲ့ အဆက်အစပ် အသည်းနှလုံးဖြစ်တယ်။ ကမ္ဘာ့နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သလို
အစဉ်အလာ ရန်ဘက်တွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယတို့နဲ့လည်း ဆက်စပ်နေတယ်။ ဒါ့အပြင် အရှေ့ အလယ်ပိုင်း
က ရေနံကို တရုတ်တို့ ရယူနိုင်ဖို့အတွက် ရေနံကို ပင်လယ်ကနေသယ်ယူပြီး ပိုက်လိုင်းနဲ့ တဆင့်ခံသွယ်ယူနိုင်တဲ့
နေရာဟာလည်း ဗမာပြည်ဖြစ်တယ်။ ဒီလို သေနင်္ဂဗျူဟာ အရ အချက်အချာကျတဲ့ နေရာ အချက်အချာကျတဲ့
နိုင်ငံဟာ တရုတ်ရင်ခွင်မှာ ပျော်ပါးနေတာကို အန်ကယ်ဆမ်  (US) က မနာလို မရှုစိမ့်တော့ဘူး။
ဒါ့ကြောင့် အမေရိကန်ဟာ ဗမာကို စိုးမိုးနိုင်ဖို့ သိပ်အရေးကြီးလာတယ်။ ဗမာကို အမေရိကန် စိုးမိုးနိုင်ရေးသည်
ပဓာန၊ ဗမာပြည် ဒီမိုကရေစီ ရမရသည် သာမည ဖြစ်သွားတယ်။
ဒါ့ကြောင့် အမေရိကန် ထိပ်တန်း သံတမန်တွေ မြန်မာနိုင်ငံကို လာရောက်ပြီး အစိုးရနဲ့ ညှိနှိုင်းပြောဆိုခဲ့ကြသလို
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း သူတို့ မူဝါဒပြောင်းတော့မယ်ဆိုတာကို
အချက်ပေး ပြောဆိုခဲ့တယ်။

NLD ရဲ့ အကြပ်အတည်း

“မင်းတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နှစ်ပေါင်းနှစ်ဆယ်ကျော် ငါတို့ ထောက်ခံခဲ့ပြီးပြီ။ မင်းတို့
အာဏာရအောင် မယူနိုင်ရင် ငါတို့ကတော့ ဆက်မစောင့်နိုင်တော့ဘူး။ ဗမာစစ်အစိုးရနဲ့ ပေါင်းရတော့မယ်၊
မင်းတို့လည်း ပေါင်းဖို့ ပြင်ပေတော့” လို့ အမေရိကန်က အချက်ပြလာတယ်။
တချိန်က တရုတ်နိုင်ငံဟာ ပြည်သူချင်းဆက်ဆံရေးကနေ အစိုးရချင်းဆက်ဆံရေး ပေါ်လစီကို ပြောင်း
တုန်းကလည်း  တရုတ်ဟာ ဗမာပြည်သူတွေကို မျက်ကွယ်ပြုပြီး၊ စစ်အစိုးရနဲ့ ပေါင်း၊ ဗမာပြည်က
သယံဇာတတွေ စုပ်မြိုခဲ့ဖူးတယ်။ အခု အနောက်နိုင်ငံတွေ စီးပွားပျက်ကပ်ဆိုက် ၊ ပေါ်လစီပြောင်းေ
တာ့မယ်ဆိုတော့လည်း ဗမာပြည်သူတွေကို မျက်ကွယ်ပြုပြီး၊  စစ်အစိုးရနဲ့ ပေါင်း၊ ဗမာပြည်ကို
ဂုတ်သွေးစုပ်မြိုဖို့ ပြင်လာပြန်တယ်။ တရုတ်ဟာ ဗမာပြည်သူတွေကို သစ္စာဖောက်ပြီး သူ့တိုင်းပြည်
အကျိုးကို သူလုပ်ခဲ့ဖူးသလို၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာလည်း အခု ဗမာပြည်သူတွေကို
သစ္စာဖောက်ပြီး သူတို့ အကျိုး အတွက် သူတို့ လုပ်တော့မယ်။ ကဲ..ဒီတော့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဘာလုပ်မလဲ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကို ဝင်ဖို့၊ ပါတီထောင်ဖို့၊
ရွေးကောက်ပွဲဝင်ဖို့ အမေရိကန်က ဖိအားပေးလာတယ်။NLD ပါတီမထောင် ရွေးကောက်ပွဲ မဝင်ရင်
NLD ကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့ပြီး၊ အမေရိကန်၊ အနောက်နိုင်ငံ တွေနဲ့ စစ်အစိုးရ
တို့ ပူးပေါင်းကြတော့မယ်လို့ ဖိအားပေးလာတယ်။ အစိုးရဘက်ကိုလည်း NLD ကို သိက္ခာရှိရှိနဲ့
ရွေးကောက်ပွဲ ဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ အမေရိကန်ပဲ ကြားဝင်ညှိနှိုင်းပေးခဲ့တယ်။ NLD နဲ့
စစ်အစိုးရကို အမေရိကန်တို့ အောင်သွယ်ပေးခဲ့တယ်။ ဒါပေမဲ့ NLD ကိုသာ အမေရိကန်တို့
ဖိအားပေးနိုင်ခဲ့ပြီး စစ်အစိုးရကိုတော့ အမေရိကန်တို့ ဖိအားမပေးနိုင်ခဲ့ဘူး။ အခွင့်အရေးပြပြီး
မြူဆွယ် ဖျားယောင်းတာမျိုးလောက်ကိုပဲ အလွန်ဆုံးလုပ်နိုင်ခဲ့တယ်။
ဒါ့ကြောင့်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်အစိုးရက ပြင်ပေး၊ ဖွင့်ပေးတဲ့ အခါ
စိတ်မပါ လက်မပါနဲ့ ထိန်းသိမ်း စောင့်ရှောက် ဆိုတဲ့အစား၊ လေးစားလိုက်နာလောက်ပဲ မပြောင်းချင်၊
ပြောင်းချင် ပြောင်းပေးခဲ့တယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ  မဝင်မနေရ ဆိုပြီး ထပ်ပြီးတောင်
ကြပ်လိုက်သေးတယ်။ ဒါပေမဲ့ NLD မှတ်ပုံတင်နိုင်အောင် ထောင်ကျနေတဲ့သူ ပါတီက ထုတ်ပေးရမယ်
ဆိုတဲ့ စည်းကမ်းချက်ကိုတော့ ပြင်ပေးခဲ့တယ်။
အမေရိကန် စေ့စပ်ရေးကြောင့် ဗမာ့နိုင်ငံရေး ရွေ့သွားတယ်။ ဒါပေမဲ့ ကောင်းတဲ့ အရွေ့ဖြစ်မလာဘူး။
ဘာ့ကြောင့်ဖြစ်မလာသလဲ ဆိုတော့ အမေရိကန်ရဲ့ စေ့စပ်ရေးဟာ မမျှတလို့။ စစ်အစိုးရကို ချော့ပြီး
NLD ကို အကြပ်ကိုင်တဲ့ စေ့စပ်ရေးဖြစ်နေလို့ပဲ။
တဘက်မှာ NLD ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ကြည့်ရအောင်။

NLD ဟာ ပြည်သူလူထုရဲ့ အားကို ဘယ်တုန်းကမှ လေးလေးနက်နက် မယုံကြည်ဘူး။ NLD ဟာ
၈၈ လူထုလှုပ်ရှားမှုကြီးကနေ ပေါက်ဖွား ပေါ်ထွက်လာတာမှန်ပေမဲ့ လူထုလှုပ်ရှားမှုကို မယုံကြည်ဘူး။
လူထုလှုပ်ရှားမှုကို ဘယ်တုန်းကမှ ဦးမဆောင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဟာလည်း
လူထုလှုပ်ရှားမှုထဲမှာ ဘယ်တုန်းကမှ တခါမှ မပါဝင်ခဲ့ဖူးဘူး။ ဒါတင်မက လူထုရှေ့ကနေ ဦးဆောင်ပြီး
ချီတက်ဆန္ဒပြရဲပုံလည်း မရဘူး။ ( ၈၉ ခု ဇူလိုင် ၁၉ အဖြစ်အပျက်ကို ပြန်ကြည့်ပါ။) NLD နဲ့
ဒေါ်အောင်ဆန်းစု ကြည် အားကိုးတာဟာ အနောက်နိုင်ငံတွေသာဖြစ်တယ်။ အနောက်နိုင်ငံတွေရဲ့
ဖိအားသာဖြစ်တယ်။ အနောက်နိုင်ငံတွေက ပိတ်ဆို့ ပေးနေတဲ့ ဆန်ရှင်ကိုသာဖြစ်တယ်။ ဒေါ်အောင်
ဆန်းစုကြည်ရဲ့ နိုင်ငံရေး သေနင်္ဂဗျူဟာ ဟာ မီဒီယာကို အသုံးပြုပြီး နိုင်ငံတကာဖိအား နဲ့ စစ်အစိုးရကို
ပြုပြင်ပြောင်းလဲရေးသာဖြစ်တယ်။
ဒီတော့ သူအားကိုးတဲ့ အနောက်နိုင်ငံတွေဟာ သူ့ကို ပစ်ပြီး စစ်အစိုးရနဲ့ ပြန်ပေါင်းထုတ်တော့မယ်ဆိုတာ
ရိပ်မိလာတဲ့အခါ ဒေါ်စုပြာသွားတယ်။ လူထုလှုပ်ရှားမှုကို မယုံကြည်တဲ့ ဒေါ်စုမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း
မသိတော့ဘူး။ တခြားလုပ်တတ်တာလည်း မရှိတော့ဘူး။ ဒေါ်စု နိုင်ငံရေး သွေးဆုံးသွားတယ်။ နောက်
ဆုံးတော့ စစ်အစိုးရကို မချစ်သော်လည်း အောင့်ကာနမ်းရုံမှတပါး ဒေါ်စုမှာ တခြားလုပ်စရာ ဘာမှ မရှိတော့ဘူး။
ဒီလိုနဲ့ ၂၀၁၀ မှာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တဲ့ NLD ဟာ အခုတော့
ဘာမဟုတ်တဲ့ ကြားဖြတ်  ရွေးကောက်ပွဲကို အောက်ကြေးနဲ့ ဝင်ဖို့ ပြင်လိုက်ရတယ်။ မောင်မောင်ခေါ်လို့ ဗျာ
မထူးခဲ့တဲ့ NLD ဟာ အောင်ကျော်ခေါ်တော့မှ  ဘုရားထူးရပါတော့မယ်။
ဒါ့ကြောင့်လည်း အစိုးရ အဖွဲ့ဝင်မဟုတ်ဘဲ လွှတ်တော်နာယကသာဖြစ်တဲ့ ခင်အောင်မြင့်က စိတ်မပါလက်မပါ
၉၀ ရလဒ်ကို အသိအမှတ်ပြုပါတယ် တခွန်းပြောရုံလေးနဲ့ ဒါလောက်ဆိုရပါပြီ၊ ကျမတို့ ကျေနပ်ပါပြီဆိုပြီး
ဒေါ်စုဟာ ပြာပြာသလဲနဲ့ ၉၀ ရလဒ်ကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၉၀ ရလဒ်ကို
ဘာ့ကြောင့် ဒီလောက် ဈေးပေါပေါနဲ့ ထုတ်ရောင်းလိုက်သလဲ။  ဘာ့ကြောင့် ဒီလောက်တန်ဖိုးရှိတဲ့ ပစ္စည်းကို
ဈေးမကိုင်ရဲ ဈေးမဆစ်ရဲသလဲ။ ရှင်းပါတယ်။ ဒေါ်စု သိပ်ဗိုက်နာနေလို့ပါ။ အမေရိကန် မရှိရင် ဘာမှ မလုပ်တတ်လို့ပါ။
ဒါ့ကြောင့်လည်း တနိုင်ငံလုံးလူထုက အပ်နှင်းထားတဲ့ သမိုင်းဝင် ၉၀ ရလဒ်ကို ပါတီတခုလုံး ရဲ့ သဘောထား၊
ပြည်သူလူထုရဲ့ သဘောထားကို တခွန်းတပါဒမှ မရယူပဲ ကိုယ်ပိုင် ပစ္စည်းကို လူပေးသလို ပေးပစ်ခဲ့တာပါ။
ဒီလိုနဲ့ တနိုင်ငံလုံး ပြည်သူတွေ ယုံကြည်ကိုးစား အပ်နှင်းခဲ့တဲ့ ၉၀ ရလဒ်ဟာ ထဘီဟောင်းတထည်ကို စွန့်ပစ်
သလို စွန့်ပစ်တာခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီမိုကရေစီ အရေးလား၊ ကော်ပိုရေးရှင်းကြီးတွေ အရေးလား

နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာအောင် ဗမာ့အရေးလှုပ်ရှားသူ၊ ဒီမိုကရေစီအရေး လှုပ်ရှား သူတွေကို
ထောက်ပံ့ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရင်းနှီးမြုပ်နှံခဲ့ကြတယ်။ ဒီမိုကရေစီ အရေး လှုပ်ရှားသူဆို
သူတွေကို ခေါ်ပြီး အမေရိကန် ပုံစံ တွေးခေါ်ပုံ တွေးခေါ်နည်းကို သင်ပေးခဲ့တယ်။ အခုအမေရိကန်က
ဗမာပြည်ကို ဝင်ပြီး စစ်အစိုးရနဲ့ ပြန်ပေါင်းထုတ်ချင်တဲ့ အချိန်မှာ ဗမာအသားအရေရှိပြီး အမေရိကန်
ဥရောပ အတွေးအခေါ်ရှိတဲ့ အဲဒီလူတွေဟာ အသုံးဝင်လာတယ်။ အဲဒါကတော့ ဗဟုတွေပဲ။ သာမန်အားဖြင့်
ဗမာစစ်အာဏာရှင်တွေဟာ ဘာမှ မဟုတ်တဲ့ ဗဟုလို ငမျောက်၊ ငခြောက်တွေကို အရေးလုပ်နေရိုး ထုံးစံမရှိဘူး။
စစ်အာဏာရှင်တွေဟာ နိုင်ငံခြားသားကို မုန်းလွန်းလို့ ဗိုလ်ခင်ညွန့်တောင် နိုင်ငံခြားသူနဲ့ လက်ထပ်ထား
တဲ့သားကို အမွေပြတ်ကြေညာရဖူးတယ်။ အခု နိုင်ငံခြားသူတွေနဲ့ လက်ထပ်ထားသူတချို့ ပါဝင်တဲ့ ဗဟုတွေ
၊ တချိန်က သူတို့ကို ဆန့်ကျင်ခဲ့ဖူးတဲ့ အဲဒီဗဟုတွေကို သူတို့ အနေနဲ့ အရေးလုပ် စကားပြောနေတာဟာ
အမေရိကန် မျက်နှာကြည့်ပြီး ပြောနေတာ ဖြစ်တယ်။
ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်မှာ အမေရိကန် ထောက်ခံမှုရခဲ့တဲ့ ဗဟုတွေကတော့ အမေရိကန်ကို
ဒီမိုကရေစီ သူရဲကောင်းကြီးလို့  မှတ်ထင်ထားခဲ့ကြတယ်။ တကယ်တော့ အမေရိကန်တွေရဲ့
မပြောင်းမလဲတဲ့ တသမတ်တည်း ပေါ်လစီဟာ ဒီမိုကရေစီ မဟုတ်ဘူး၊ အရင်းရှင် ကော်ပိုရေး
ရှင်းကြီး တွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ ပေါ်လစီပါပဲ။ အမေရိကန် သမ္မတနဲ့
ဆီးနိတ်အမတ် တွေဆိုတာကလည်း အားလုံးဟာ အဲဒီ ကော်ပိုရေးရှင်းကြီးတွေမှာ အကြီးအကျယ်
ရင်းနှီးမြုပ်နှံ ထားကြ သူတွေချည့်ပဲ။
ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ပေါ်လစီကတော့ တသမတ်တည်း မဟုတ်ကြောင်း၊
အကြိမ်ကြိမ်အခါခါ ရှေ့နောက်မညီခဲ့တာတွေရှိကြောင်း သက်သေ အထောက်အထားတွေ အများ
အပြားရှိခဲ့တယ်။ အမေရိကန်ဟာ ကော်ပိုရေးရှင်းကြီးတွေရဲ့  အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ အခါ ဒီမို
ကရေစီကို ထောက်ခံတယ်။ အဲဒီကော်ပိုရေးရှင်းကြီးတွေရဲ့ အကျိုးစီးပွားက အာဏာရှင်တွေနဲ့မှ
ကိုက်ညီတဲ့ အခါမှာတော့ အာဏာရှင်တွေနဲ့ ပေါင်းလိုက်တာပဲ။ အဲသလို အထောက်အထားတွေ
အများကြီးရှိခဲ့ ရှိနေတုန်းပဲ။ လယ်သမား အလုပ်သမား ငါးသိန်းကျော်ကို ကွန်မြူနစ်တံဆိပ်ကပ်ပြီး
သတ်ခဲ့တဲ့ အာဏာရှင် ဆူဟာတို အစိုးရကို ကျောထောက်နောက်ခံပေးခဲ့တာဟာ အမေ ရိကန်ပဲ။
ဒီနေ့ ကမ္ဘာမှာ အဖောက်ပြန်ဆုံး အာဏာရှင်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျကို ထောက်ခံမှု
အပြည့်ပေးနေတာ ဟာလည်း အမေရိကန်ပါပဲ။ ဆဒန်ဟူစိန်ကို တချိန်ကထောက်ခံခဲ့တာ၊ အီဂျစ်
အာဏာရှင် ဟော်စနီ မူဘာရက်ကို အာရပ်နွေဦးမတိုင်ခင်အထိ တလျောက်လုံး ထောက်ပံ့ပေးနေခဲ့
တာလည်း အမေရိကန်ပဲ။  အတိတ်ကာလမှာ တာလီဘန်ကို ထောက်ပံ့ကူညီခဲ့တာလည်း အမေရိကန်ပဲ။
အယ်လ်ခိုင်းဒါး အဖွဲ့ကို မွေးထုတ် လေ့ကျင့် ပေးခဲ့တာလည်း တခြားမဟုတ်၊ အမေရိကန်ပါပဲ။
ဒီတော့ ယေဘုယျသဘောကို ပြောရရင် နိုင်ငံကြီးတွေဟာ သူတို့ အကျိုးရှိရင် ဘယ်သူမှ အာဏာရှင်နဲ့
ပေါင်းဖို့ ဝန်မလေးဘူး။ ဗမာပြည်သူတွေကို သစ္စာဖောက်ဖို့လည်း ဝန်လေးမှာ မဟုတ်ဘူးဆိုတာပဲ။
အမေရိကန်ရော တရုတ်ရော နှစ်နိုင်ငံစလုံးဟာ ကမ္ဘာလှည့်ပြီး သူတို့ကိုယ်ကျိုးရှာကြတဲ့ အခါ ဘယ်သူမှ
သက်ဆိုင်ရာ နိုင်ငံက ပြည်သူတွေအကျိုးကို တချက်မှ ငဲ့ကွက်ကြည့်တာ မဟုတ်ဘူး။ အနောက်နိုင်ငံ
ကော်ပိုရေးရှင်းကြီးတွေ ဖြစ်ကြတဲ့ ရှဲလ် က နိုက်ဂျီးရီးယားမှာ၊ ယူနီယံကာဘိုက်က အိန္ဒိယ ဘိုပါးလ်မှာ၊
တိုတယ်ဖီနာက ပြင်သစ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ဖျက်ဆီး မှုတွေဆိုတာ ကလည်းကမ္ဘာကျော်ပဲ။ တရုတ်နိုင်ငံထဲက ကျောက်မီးသွေးတွင်းတွေ ရဲ့ အလုပ်သမားတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာကလည်း ကမ္ဘာကျော်ပဲ။ ဒါပေမဲ့ အမေရိကန်က ပိုဆိုးတယ်။ အမေရိကန်ဟာ နိုင်ငံတကာကိုလက်နက်နဲ့ ကျူးကျော်ဖျက်ဆီးခဲ့ တာ မရေတွက်နိုင်လောက်အောင် များ တယ်။ တရုတ်မှာ အဲသလို လက်နက်နဲ့ကျူးကျော်တဲ့ လုပ်ရပ်မျိုး ဒီနေ့အထိ မရှိသေးဘူး။ ဒီနေရာမှာ တရုတ်က အမေရိကန်နဲ့ စာရင်တော်သေးတယ်။
(ဒါပေမဲ့ နောင်မှာ တရုတ်လည်း ဒါမျိုး ရှိမလာလို့တော့ အာမမခံနိုင်။  နောင်မှာ တရုတ်စစ်ရေးအင်အား ကြီးလာတဲ့ အခါ ဘာဖြစ်လာမယ်ဆိုတာ ကြိုမပြောနိုင်။)


 
 

Occupy Burma! 2

ဗမာပြည်ကို သိမ်းပိုက်ကြ Occupy Burma! အပိုင်း ၂
by Zaw Win on Tuesday, 10 April 2012 at 21:46 ·
အပိုင်း ၁ ရဲ့ အဆက်

ဒီမိုကရေစီဆိုတာ အရင်းရှင်စနစ်ကို ပြောတာမဟုတ်


ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီ အစစ်အမှန်ကို လိုချင်တယ်ဆိုရင် ကိုယ့်ဖာသာ လုပ်ယူရ မှာပဲ။ ပြည်ပကို အားကိုးလို့ မရသလို NLD တခုတည်းကို ပုံအပ်ထားလို့လည်း မဖြစ်တော့ဘူး။ ဗမာပြည်သူတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် အလုပ်သမားလယ်သမားအရေးကို အကာအကွယ်ပေးဖို့ သိပ်အရေးကြီးတယ်။ အလုပ်သမား၊ လယ်သမားကို အကာအကွယ်မပေးဘဲနဲ့ ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်မရပ်ဘဲ ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ ဒါဟာ ဗမာပြည်ရဲ့ ဘဝပေးအခြေအနေပဲ။


ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာဟာ အလုပ်သမား၊ လယ်သမားတွေ အားလုံးခံစားခွင့် ရှိမယ့် ဒီမိုကရေစီ ဖြစ်ရမယ်။ တိုင်းရင်းသားတွေ အားလုံးခံစားခွင့်ရှိမယ့် ဒီမိုကရေစီ ဖြစ်ရမယ်။ အလုပ်သမားတွေ၊ လယ်သမားတွေ မပါတဲ့ ခရိုနီ ဒီိမိုကရေစီဆိုတာဟာ ဒီမိုကရေစီ မမည်ဘူး။ ဒီမိုကရေစီဆိုတာဟာ အများပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ်စားပြု ရလိမ့်မယ်။ အရင်းရှင်စနစ်ဟာ ဒီမိုကရေစီ မဟုတ်ဘူး။ အရင်းရှင် ဒီမိုကရေစီ ဆိုတာဟာ ဒီမိုကရေစီ မဟုတ်ဘူး။


ဒါပေမဲ့ စစ်အာဏာရှင်နဲ့ NLD တို့လက်တွဲပူးပေါင်းပြီး စစ်တပ်စိုးမိုးတဲ့ အရင်းရှင် အာဏာရှင်စနစ်သစ်ဆီ ဦးတည်သွားဖို့ လိုလားနေသူ မျှော်မှန်းနေသူတွေလည်း အများအပြားရှိကြတယ်။ အခုဆိုရင်ပဲ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာမယ်ထင်ပြီး ခရိုနီတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကပ်လာတာတွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကပ်ခံတာကို မြင်နေရတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ် အလိုတော်ရိလုပ်သူတွေဟာ ဂျပန်ခေတ်ရောက်တော့ ဂျပန်ကို ပြေးကပ်ပြီး ဂျပန်စကားပြန်လုပ်တဲ့ အလုပ်မျိုးကို အခုလည်း ငို့ဘသမားတွေ လုပ်လာကြတာ မြင်လာရတယ်။ အရင်က အဘ၊ အဘ နဲ့ မရှက်မကြောက်ဖားခဲ့သူတွေဟာ အခုလည်း အမ၊ အမနဲ့ မရှက်မကြောက်ထဘီနားဆွဲရမှာကို ဝန်မလေးကြဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံစည်းရိုးကို ဘယ် ခရိုနီက ကာပေးလိုက်တယ်ဆို တာ မျိုး၊ ဒေါ်အောင်ဆန်းစုကြည်  စည်းရုံးရေး ဆင်းဖို့ လေယာဉ်စင်းလုံးငှားပေးတယ်ဆိုတာ မျိုး၊ ဒေါ်အောင် ဆန်းစုကြည်ကို သိန်းဘယ်နှဆယ်တန် ထဘီလက်ဆောင်ပေးတယ် ဆိုတာမျိုးတွေကို ကြားလာရတယ်။

ကျွန်တော် သူဌေးမောင်ဘယ်သူဟာ အခုမှ မဟုတ်၊ ဘယ်တုန်းကတည်းက ဒေါ်အောင်ဆန်းစုကြည် ကို ထောက် ပံ့ ခဲ့ဖူးပါတယ်ဆိုတဲ့ အပြောမျိုးတွေ ပြောလာကြသူတွေကိုလည်း ကြားရရဲ့။ ဒါမျိုးတွေဟာ ဒေါ်စုနောက်အစိုးရဖြစ်လာရင် ခရိုနီလုပ်ချင်သူတွေရဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ စီးပွားရေးပညာ တတ်ဖို့တောင်မလိုပါဘူး၊ ရန်ကုန်မှာ အိမ်ပွဲစား၊ ကားပွဲစားလောက်လုပ်ဖူးသူတွေတောင် နောကြေနေအောင် နားလည်ပါတယ်။

စစ်အစိုးရဘက်ကတော့ သူတို့ချည်း စားသောက်နေရာက၊ NLD ထိပ်သီးပုဂ္ဂိုလ်တွေနဲ့ NLD ခရိုနီသစ်တွေ ကိုပါ နည်းနည်းပါးပါး ခွဲဝေမျှပြီး ကျွေးလိုက်ရင် သူတို့ရဲ့ အာဏာသစ်ဟာ နှစ်ပေါင်း ငါးဆယ် တရာ ဆက်လက်တည်မြဲနိုင်မယ်လို့ မျှော်လင့်ထားကြပုံရ ပါတယ်။ NLD ဟာ စစ်အစိုးရဘက်က လုပ်လာမယ့် အဲဒီ အပေးအယူမျိုးကို သဘောတူမတူ၊ လက်ခံမခံဆိုတာကိုတော့ အချိန်နည်း နည်းယူပြီး ဆက်ပြီးစောင့်ကြည့် ရဖို့ ရှိပါတယ်။ ဒါပေမဲ့ အဲသလို အလားအလာမျိုးဆီ ဦးတည်နေတဲ့ ရှေ့ပြေးအရိပ်လက္ခ ဏာ တချို့ကိုတော့ ကျွန်တော်တို့ တွေ့မြင်နေရပါပြီ။ NLD ဟာ ဒီမိုကရေစီပါတီအဖြစ်ကနေ အခွင့်ထူးခံပါတီတခု ဖြစ် သွားမသွား ဆိုတာ ပြည်သူတွေရဲ့ ဖိအား၊ ပြည်သူတွေရဲ့ ထိန်းကျောင်းမှု အပေါ်မှာလည်း အများကြီးမူတည်သလို၊ NLD မှာ နောက်မျိုးဆက်ခေါင်းဆောင် ကောင်း ထွက်လာမလာဆိုတဲ့ အချက်ပေါ်လည်း မူတည်ပါတယ်။


ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာ ပြည်သူ့လက်ထဲမှာ အာဏာရလာဖို့၊ လွတ်လပ်ခွင့်တွေ ရလာဖို့ ၊ ပြည်သူတွေ စားဝတ်နေရေး ချောင်လည်ဖို့ ဖြစ်တယ်။


ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဟာ နှောင်ကြိုးမဲ့ အရင်းရှင်စနစ် unfettered capitalism မဟုတ်ဘူး။ အများပြည်သူကို လွတ်လွတ်လပ်လပ်ကြီး မတရား သွေးစုပ်ခိုင်းစေနိုင်တဲ့စနစ်ကို ကျွန်တော်တို့ လိုလား တာ မဟုတ်ဘူး။ အဲသလို ဒီမိုကရေစီမျိုး ထွန်းကားလာရင် စစ်အစိုးရနဲ့ ပေါင်းတဲ့ ခရိုနီကြီးတွေ၊အတိုက်အခံ NLD ကို ကပ်ဖားရပ်ဖားလုပ်နေတဲ့  ခရိုနီဟောင်း၊ ခရိုနီသစ်တွေလောက်ပဲ အကျိုးရှိပြီး အများစု ပြည် သူကြီးက လည်စင်းပေးရလိမ့်မယ်။



အပြောင်းအလဲကို ဒီလိုမောင်းနှင်ခဲ့ကြတယ်…..


စစ်ကျွန်ဘဝမှ နင်းပြားဘဝသို့ သွားမည်လော


ကမ္ဘာမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ ကမ္ဘာ့ဘဏ်  World Bank တို့ရဲ့ ဆောင်ရွက်ချက်တွေကို လူထုကိုယ်စားပြုတဲ့ သူတွေက ဆန့်ကျင် ဝေဖန်နေကြတယ်။ ဆီယယ်တဲလ် လှုပ်ရှားမှု အပါအဝင် Wold Bank, IMF, WTO တို့ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲ တွေ၊ G8၊ G20 ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ သိမ်းပိုက်ရေး (occupy) လှုပ်ရှားမှုတွေကို ကြည့်ပါ။ ကျွန်တော်တို့ဆီမှာတော့ အစိုးရကရော၊ အတိုက်အခံ ကပါ IMF နဲ့ World Bank တို့ဆီက အကူအညီရရေးကို အရူးအမူးတောင်းဆိုနေကြပါတယ်။ ဒီတော့ အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင်ပါသလဲ။


တကယ်တော့ IMF ၊ World Bank ရဲ့အကူအညီကို မယူရမဟုတ်။ ယူနိုင်ပါတယ်။ ဒါပေမဲ့ မူရှိဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားနိုင်ဖို့ လိုတယ်။ ကိုယ့်နိုင်ငံက အလုပ်သမား၊ လယ်သမားတွေ ကို အကာ အကွယ်ပေးဖို့လိုတယ်။ အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းထားဖို့ လိုပါတယ်။ ဘာ့ကြောင့် IMF ၊ World Bank ရောက်လာရင်၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေရောက်လာရင် အလုပ် သမား၊ လယ်သမားကို အကာ အကွယ်ပေးဖို့ လိုသလဲဆိုတော့  IMF ၊ World Bank  ဟာ လယ်သမားနဲ့ အလုပ်သမားတွေ ဒုက္ခရောက် သွားစေနိုင်တဲ့ စီးပွားရေး မူဝါဒအပြောင်း အလဲတွေ လုပ်ဖို့ရာ အစိုးရကို အကြပ်ကိုင်တတ်လို့ပါ။ အဲသလို အကြပ်ကိုင်ခဲ့ဖူးတဲ့ အစဉ်အလာတွေ ရှိခဲ့လို့ပါ။


IMF ၊ World Bank  ဟာ သူတို့ ငွေကို ထုတ်ချေးတော့မယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံရဲ့ စီးပွားရေးကို သူတို့ လိုသလို ပြောင်းခိုင်းတယ်။ သူတို့ ကော်ပိုရေးရှင်းကြီးတွေရဲ့ ပစ္စည်းတွေကို အဟန့်အတား မရှိ ရောင်း ချနိုင်အောင် စာချုပ်ချုပ်တယ်။ သူတို့ ဝယ်ချင်တဲ့ ပစ္စည်းကို အကန့်အသတ်မရှိ ဝယ်လို့ရအောင် စာချုပ် ချုပ်တယ်။ အဲဒီတိုင်းပြည်မှာ လုပ်ခဈေးချိုအောင် ဖန်တီးတယ်။ အလုပ်သမားအင်အား တိုးပွား လာအောင် လုပ်တယ်။ လယ်သမားတွေ အလုပ်သမားဖြစ်ကုန်အောင်လုပ်တယ်။ လယ်မြေတွေ ကုမ္ပဏီတွေ လက် ထဲ ရောက်သွားအောင်လုပ်တယ်။ IMF ၊ World Bank ရောက်လာပြီးတဲ့ နောက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ လယ်သမားတွေ၊ အလုပ်သမားတွေ အတိဒုက္ခရောက် သွားကြတဲ့ နမူနာတွေ ရှေ့မှာ အများကြီး။ ဘရာဇီး၊ အာဂျင်တီးနား၊ အီရတ်၊ ရဝမ်ဒါ၊ အင်ဒိုနီးရှားတို့မှာ Unholy Trinity လို့ ခေါ်တဲ့ IMF ၊ World Bank၊ WTO ( World Trade Organization ) တို့ တက်ညီလက်ညီ ပူးပေါင်းပြီး ဘယ်လို ဒုက္ခပေးခဲ့ကြတယ်ဆိုတာ ကို လေ့ လာ ကြဖို့ သင့်ပါတယ်။


IMF ၊ World Bank ဆိုတာဟာ ဒီမိုကရေစီ မကျတဲ့ အဖွဲ့အစည်းပါ။ ဥရောပနဲ့ အမေရိကန်က ဗိုလ်ကျစိုးမိုး ထားတဲ့ အဖွဲ့အစည်း၊ ဒီမိုကရေစီနည်းနဲ့ တနိုင်ငံတမဲ မဲခွဲခွင့် မရှိတဲ့ အဖွဲ့အစည်း၊ လက်တဆုပ် စာ နိုင်ငံ တကာ ကော်ပိုရေးရှင်းကြီး တွေရဲ့ အကျိုးစီးပွားကိုပဲ ကြည့်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။


ဒီတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများဟာ အလုပ်သမားအရေး၊ လယ်သမားအရေးကို ဘယ်လောက်များ အကာအကွယ်ပေးကြပါသလဲ။


အခု နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာဖို့ မျှော်လင့်နေကြတဲ့ အချိန်မှာလည်း NLD လို ဒီမိုကရေစီ ရည်မှန်းချက်ထားရှိတဲ့ ပါတီမျိုးကတောင် ရင်းနှီးမြုပ်နှံမယ့်သူတွေကို အကာအကွယ်ပေးမယ့် ရင်းနှီးမြုပ်နှံမှု ဥပဒေထားရှိပေးဖို့ကိုသာ တောင်းဆိုပြီး၊ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေမျိုး ထားရှိ ဖို့ တောင်းဆိုတာမျိုး မတွေ့ရဘူး။ တိုင်ယီ အလုပ်သမားအရေး လိုဟာမျိုးမှာလည်း ဘာတခုမှ ဝင်မပြော၊ ဝင်မပါဘဲ ကိုယ်နဲ့ မဆိုင်သလို ရေငုံနှုတ်ပိတ်နေတာမျိုးကိုပဲ တွေ့ရတယ်။ တိုင်ယီအရေးဟာ အလုပ်သမား အရေးပါ။ ဗမာနိုင်ငံလို နိုင်ငံမျိုးမှာ အလုပ်သမား ပြဿနာ၊ လယ်သမားပြဿနာဆိုတာဟာ တနိုင်ငံ လုံး   ပြည်သူတွေရဲ့ အနာဂတ်နဲ့ ဆိုင်တဲ့ ရှေ့ပြေးပြဿနာဖြစ်တယ်။ ကြိုတင်ပြသတဲ့ နိုင်ငံရေး အတိတ် နိမိတ်ဖြစ်တယ်။ ဒါဟာ အသေးအဖွဲပြဿနာ မဟုတ်ဘူးဆိုတာကို ဗမာ့နိုင်ငံရေး မှာ ခြေမြှောက် လက်မြှောက်လောက် ပါဖူးသူတောင် သိကြပါတယ်။


မကြာခင်က လယ်ယာမြေဥပဒေ ပြဌာန်းသွားခဲ့တယ်။ တောင်သူလယ်သမားတွေက မကွေးစစ္စရံညီလာခံ၊ ဟင်္သာတ သပြုအိုင်ညီလာခံ တွေလုပ်ပြီး အကြိမ်ကြိမ်ကန့်ကွက်ခဲ့တဲ့ကြားက ပြဌာန်းသွားခဲ့တဲ့ ဥပဒေပါ။ ကျွန်တော်တို့ကို ပြည်သူကရွေးကောက်ထားတာပါလို့ မရှက် မကြောက် အကြိမ်ကြိမ်ပြောင်ညာရဲကြတဲ့ ၂၀၁၀ မဲခိုး ကြံ့ဖွတ်အမတ်တွေဟာ အဲဒီလယ်သမားတွေရဲ့ အသံကို တချက်မှ အရေးမလုပ်ခဲ့ ကြဘူး။ တတိယအကြိမ်ပြုလုပ်မယ့် ကြို့ပင်ကောက်ညီလာခံကိုတောင် အာဏာသုံးပြီး တားခဲ့တယ်။ ဒီကိစ္စကိုလည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီးတွေ နှာစေးခဲ့ပြန်တယ်။ သမ္မတကြီးစိတ်ဆိုးမှာ ကြောက်ကြပြန်သလား မပြောတတ်၊ လယ်သမားအရေးကို လျစ်လျူရှုခဲ့တယ်။


ဒီလိုနည်းနဲ့ ကိုယ့်လယ်မြေကိုယ်ပိုင်ခွင့်မရှိတဲ့ လယ်ယာမြေဥပဒေ၊ ကြိုက်တဲ့ သီးနှံစိုက်ပျိုးခွင့်မရှိတဲ့ လယ်ယာမြေဥပဒေ၊ စီမံကိန်းသီးနှံ စိုက်ရဦးမယ့် လယ်ယာမြေဥပဒေ၊ စစ်တပ်နဲ့ အစိုးရက လယ်သိမ်းပိုင် ခွင့်ရှိတဲ့ လယ်ယာမြေဥပဒေဟာ လယ်သမားတွေ ကန့်ကွက်တဲ့ ကြားထဲက အတည်ဖြစ်သွားခဲ့ပြန်တယ်။ လယ်သမားတွေကန့်ကွက်တဲ့ကြားက ပြည်သူ့လွှတ်တော်က အတည်ပြုသတဲ့။ ဒါလား.. ပြည်သူ့လွှတ်တော်။  ဒီလိုနာမည်မျိုးကို မရှက်မကြောက် မှည့်မှမှည့်ရဲကြပလေ။


စစ်အစိုးရကတော့ အလုပ်သမား၊ လယ်သမားတွေ ထိခိုက်မယ့် ကိစ္စမျိုးကို  IMF ၊ World Bank ကပြင်ခိုင်း လုပ်ခိုင်းရင် လုပ်မှာပဲ။ တသက်လုံး အလုပ်သမားအကျိုး ၊ လယ်သမား အကျိုး မကြည့်ခဲ့တဲ့ စစ်အစိုးရဟာ အခုအချိန်ကျမှ ဘာမှ အကာအကွယ်ပေးနေမှာ မဟုတ်ဘူးဆိုတာ သိပ်သေချာတယ်။ သူတို့က IMF ၊ World Bank ကိုသိပ်လိုလားတာကိုး။  ဘာ့ကြောင့်သိပ်လိုလား သလဲဆိုတော့ အစိုးရနဲ့ သူတို့ရဲ့ ပုလင်းတူဗူးဆို့ ခရိုနီတွေ အတွက် သိပ်အကျိုးရှိမယ့် အချက်ဖြစ်လို့။ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေရဲ့ အကျိုးကို ကြည့်တဲ့ IMF ၊ World Bank ရဲ့ မူဟာ ဗမာခရိုနီတွေရဲ့ အကြိုက်နဲ့ ကွက်တိဖြစ်နေလို့ပဲ။ IMF ၊ World Bank ရောက်လာပြီးနောက်မှာ ဒေသခံ ခရိုနီတွေ ကမ္ဘာကျော် ဘီလျံနာ၊ မီလျံနာကြီးတွေ ဖြစ်သွားကြတဲ့ အစဉ်အလာဟောင်းတွေကိုလည်း သူတို့ သိကြပြီးသား။ IMF ၊ World Bank တို့ရောက်လာပြီးနောက် မှာ ပြည်တွင်းကခရိုနီတွေနဲ့ ပြည်ပက နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းကြီးတွေ အတူတကွ ချမ်းသာသထက် ချမ်းသာ သွားကြတာကလည်း ထုံးစံပဲ။ ဒါတွေကို သူတို့ သိပြီးသား။ တကယ်တန်း ဒုက္ခရောက်ကြမယ့် သူတွေကတော့ အလုပ်သမား၊ လယ်သမားအပါအဝင်ဖြစ်တဲ့ လူများစုပြည်သူကြီးပါ။ ၉၉% ပါ။

 
လယ်သမားတွေ လယ်မြေတွေ ဆုံးရှုံးပြီး လက်ခစားအလုပ်သမားတွေ ဖြစ်ကုန်ကြတာကိုပဲ အလုပ်အကိုင် ရှာဖွေပေးနိုင်တယ်လို့ သူတို့ အမြဲ ကြွားဝါကြပါတယ်။ လုပ်ခဈေးချိုလို့ အလုပ်သမားတွေပေါပေါရှိတဲ့နေရာကို စက်ရုံတွေရောက်လာပြီး ညှင်းပန်းခိုင်းစေကြတာကိုပဲ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်အောင် လုပ် ပေးနိုင်ခဲ့တယ်လို့ အမြဲ ကြွေးကြော်ပါတယ်။ တကယ်တန်းမှာ အလုပ်သမားတွေဟာ အလုပ်ပိုလုပ် လာရတာပဲ ရှိတယ်။ ဘဝက ဘာမှ တိုးတက်မလာကြဘူး။ အလုပ်ပဲ ပိုရလာတယ်၊ ဝင်ငွေ ပိုရမလာဘူး။ သက်ဆိုင်ရာ နိုင်ငံတွေမှာ အလုပ်သမားတွေကို ခုခံကာကွယ်ပေးထားတဲ့ ဥပဒေတွေ အလုံ အလောက် မရှိ ရင် အလုပ်သမားတွေဟာ စက်ရုံ အလုပ်ရုံတွေထဲမှာ ကျွန်စုပ်တဲ့သရက်စေ့ ဘဝ ရောက်သွားကြ တာချည့် ပဲ။ နီးနီးနားနား အင်ဒိုနီးရှားကိုပဲ ကြည့်ပါ။

အခုကျွန်တော်တို့ကို စစ်အစိုးရက တွန်းပို့နေတဲ့ လမ်းကြောင်းက စစ်ကျွန်ဘဝကနေ နင်းပြားဘဝ တွန်းပို့နေ တဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ စစ်အာဏာရှင်တစုတည်းက ဗိုလ်ကျ ကျွန်ပြုနေရာက စစ်အာဏာရှင် အပါအဝင်၊ ပြည်တွင်းပြည်ပ ဧရာမ အရင်းရှင်ကြီး တွေက ဝိုင်းဝန်း ကျွန်ပြုနိုင်မယ့် စနစ်ဆီ ဦးတည်နေတာပါ။ အဲဒီလမ်းကြောင်းပေါ်ကို သူတို့ ချောချောမောမောရောက်ဖို့ အတွက် အမေရိကန်ရဲ့ အကူအညီနဲ့ NLD ရဲ့ အကူအညီကို ရယူဖို့ သူတို့ ကြိုးစားနေကြတာပါ။ အမေရိကန်နဲ့ NLD ပါမှသာ ပြည်သူကို လှည့်စားလို့ ရနိုင်မှာမို့ သူတို့ အကူအညီကို လိုလားနေတာဖြစ်ပါတယ်။ သူတို့ဖာသာ သူတို့ ပြောင်းနေပါတယ် ပြောတာ ကို ပြည်သူက ဘယ်တော့မှ မယုံ၊ ဘယ်တော့မှ လက်မခံဘူး။ အခု NLD က အစိုးရပြောင်း ပါပြီပြောတော့   တော်တော်များများ လက်ခံလာတယ်။ တော်တော်များများ ဇဝေဇဝါဖြစ်လာတယ်။ အချင်းချင်း အငြင်းအ ခုန်တွေ ဖြစ်ကုန်တယ်။ ဒါ့ကြောင့် အစိုးရဟာ NLD ရဲ့ အကူအညီ လိုအပ်တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကူအညီကိုလည်း သူတို့လိုအပ်တယ်။ အမေရိကန်ရဲ့ အကူအညီမပါဘဲ သူတို့ ဒီ့ထက် ချမ်းသာဖို့ မဖြစ်နိုင် ဘူး။ အမေရိကန်ရဲ့ အကူအညီမပါဘဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ မလာနိုင်ဘူး။ ဒါ့ကြောင့် အမေရိကန်ရဲ့ အကူအညီကို သူတို့ လိုအပ်တာဖြစ်ပါတယ်။


အခု အမေရိကန်က စိတ်ပါလက်ပါနဲ့ ကူညီနေတာ တွေ့ရတယ်။ သူ့ရည်ရွယ်ချက်နဲ့ သူပါ။ NLD ကတော့ စိတ်မပါ့တပါနဲ့ ကူညီ နေတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ သူ့အခက်အခဲနဲ့ သူပါ။ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ အမေရိကန်နဲ့ NLD ဟာ စစ်အစိုးရရဲ့ ပါရမီဖြည့်ဖက်တွေ ဖြစ်လာပါတယ်။


အခုချိန်မှာ အမေရိကန်ဟာ NLD နဲ့ ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီရေးထက် သူတို့ ရင်းနှီးမြုပ်နှံဖို့ သူတို့ နောက်ကျမကျန်ဖို့ကိုသာ စိတ်စော နေပုံရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ မှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကြိုလုပ်ခဲ့ တယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲဟာ မတရားဘူး လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေ အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို မလျော့ပါနဲ့ဦးလို့ သတင်းစကားပေးပို့တာပါ။ ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့တဲ့သူတွေအနေနဲ့ သူတို့ ပိတ်ဆို့တဲ့ ရည်ရွယ်ချက်ကို ရပြီလားဆိုတာ စဉ်းစားပြီးမှ ပိတ်ဆို့တာကို ဖွင့်ပါလို့လည်း ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အတန်တန် သတိပေးပါတယ်။ ဒါပေမဲ့ အမေရိကန် ဘာလုပ်ခဲ့သလဲ။ စစ်အစိုးရ အငမ်းမရ လိုချင်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖွင့်ပေးပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ဝင်လို့ရအောင် တံခါးဖွင့်ပေးလိုက်တာပဲ မဟုတ်လား။ စစ်အစိုးရဘက်က သိပ်အူမြူးသွားသလောက်၊ ဒေါ်အောင်ဆန်း စုကြည် ဘက် ကတော့ အောင့်သက်သက်နဲ့ အခံရခက်မဲ့ပုံပါပဲ။


စစ်အစိုးရ အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာလေးဆယ်ကျော်ပေးရကျိုး နပ်လှပါပေရဲ့။ ပေးရ တာ သိပ်ကို တန်လှပါပေရဲ့။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြီး အသုံးချရတာဟာ ဒေါ်အောင် ဆန်းစုကြည် ကို အိမ်ထဲမှာ ချုပ်ထားရတာထက် အများကြီး ပိုအကျိုး ရှိတယ်ဆိုတာကို အသိနောက်ကျလေခြင်းလို့ စစ် အစိုးရမှာ တက်တခေါက်ခေါက်ဖြစ်ကောင်းဖြစ်နေမှာပါ။ ကုန်ခဲ့တဲ့ နှစ်တွေကို နှမျောကောင်း နှမျောနေမှာပါ။


NLD ကို ဘယ်လို သဘောထားရမလဲ


ကျွန်တော်တို့ ပြည်သူတွေဟာ NLD ကို ထောက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြ တယ်။ မကြုံစဖူး ကြီးမားတဲ့ အင်အားနဲ့ ထောက်ခံကြပါတယ်။ အဲသလို ထောက်ခံကြတာ ဟာ စစ်အာဏာ ရှင်စနစ်ကို စက်ဆုပ်ရွံရှာလို့သာ ဖြစ်တယ်။ NLD ဟာ စစ်အာဏာရှင်စနစ်ကို ဖြိုချပေးနိုင်မယ် လို့ မျှော် လင့်နေကြသေးလို့သာဖြစ်တယ်။ ဒါပေမဲ့ NLD ကို ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အသုံးချပြီး သူ့လိုဘ ပြည့်အောင်ဖြည့်ဖို့ ကြိုးစားရင် ကျွန်တော်တို့ဟာ NLD ကို ထောက်ခံရင်းနဲ့ စစ်အစိုးရလို ဘ ဖြည့်ပေးတဲ့ အဖြည့်ခံဘဝ ရောက်သွားနိုင်တာကိုတော့ သတိထားကြရလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် က စစ်အစိုးရရဲ့ ပါရမီဖြည့်ဖက် ဆိုရင် ကျွန်တော်တို့လည်း ဘုမသိဘမသိ ကူညီပါရမီဖြည့်ရာရောက်တော့ မယ်။ ကျွန်ဝယ်ရာမှာ ကျွန်တော်တို့ အဆစ်ပါကြလိမ့်မယ်။


ကျွန်တော်တို့မှာ ရွေးစရာလမ်းနှစ်လမ်းရှိတယ်။ NLD ကို ဒီမိုကရေစီ အသွင်သဏ္ဍန် စစ်စစ်မှန်မှန် ပြန်ဖြစ် လာအောင် ကြိုးစားကြမလား။ ဒါမှမဟုတ် NLD ကို စွန့်ခွာကြမလားဆိုတဲ့ လမ်းနှစ်လမ်းဖြစ်ပါတယ်။ NLD အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မပြင်သေးသမျှ၊ NLD ကိုလူထု က ထောက်ခံနေသေးသမျှမှာ ကျွန်တော်တို့ဟာ သည်းခံပြီး လက်တွဲ ရဦးမယ် ထင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို မပြင်တော့ဘူးလို့ NLD ကပြောလာတဲ့ အခါ၊ ဒါမှ မဟုတ် မပြင်နိုင်တော့ဘူးလို့ လူထုက ယူဆလာတဲ့ အချိန်မှာတော့ NLD ကို ကျွန်တော်တို့ စွန့်ခွာကောင်း စွန့်ခွာရပါလိမ့်မယ်။


ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားနှစ်ခွန်းကို သတိထားသင့်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ် မိန့်ခွန်းမှာပြောတဲ့ စစ်သား တမတ်သား လွှတ်တော်ထဲမှာ ရှိနေတာဟာ ဒီမိုကရေစီ မကျဘူးဆိုတာနဲ့၊ စစ် တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ သူမပြောဘူးဆိုတဲ့ စကားဖြစ်ပါတယ်။


ဒီစကားနှစ်ခွန်းဟာ ရှေ့နောက်မညီပါဘူး။ မရှင်းလင်းပါဘူး။ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ တပ်မတော်သား ၂၅ % ကို  လွှတ်တော်ထဲက ထွက်ခွာပေးဖို့ရာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား မပြောရဲတာထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားဝဲလာတယ်။ မပီကလာ ပီကလာ ဖြစ်လာပါ တယ်။ ရပ်တည်ချက် မပြတ်သားလို့ အပြောအဆို မပြတ်သားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ မကိုက် ညီသော်ငြားလည်း စစ်တပ်ကို မဖယ်ရှားပါဘူးလို့ သူ့အနေနဲ့ ဆိုလိုသလား ဆိုတာလည်း စဉ်းစား စရာဖြစ်ပါ တယ်။ စစ်တပ် ၂၅ % ကို ဖယ်ရှားဖို့တောင် မပြောရဲတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လက်ညှိုးထောင် ခေါင်းငြိမ့် NLD ကို ကျွန်တော်တို့ ဘယ်လောက် ဆက်အားကိုးလို့ရမလဲဆိုတာလဲ စဉ်းစားစရာ….။


တကယ်လို့ တပ်မတော်သား ၂၅ % ကို ဖယ်ထုတ်ဖို့ မကြိုးစားဘူးဆိုရင် အခြေခံဥပဒေပြင်မယ်ဆိုတာ ဘာပြင်မှာပါလဲ။ ဒါ့အပြင် တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်တွေကို ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးပြီး လွှတ်တော်ထဲမှာ အင်အားတိုးချဲ့သွားဦးမယ်လို့လည်း ဆိုပါတယ်။ တပ်မတော် ကြီးစိုးတဲ့ စစ်အာဏာရှင် အခြေခံဥပဒေကို ပြင်ဖို့ အတွက် တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်တွေကို ဘယ်လိုစည်းရုံးမှာပါလဲ။ ဘယ်နှယောက်စည်းရုံး လို့ ရမှာပါလဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်နေ ပါသလား။ ဒါမှမဟုတ် ပြည်သူတွေကို မျှော်လင့်ချက်မှားတွေ ပေးနေပါသလား။ ဒါမှ မဟုတ်တခြားလည်း ဘာမှ မလုပ်တတ်တော့လို့ အလုပ်မဖြစ်မှန်းသိပေမဲ့ သိသိနဲ့ ရှေ့ဆက်တိုးနေတာလား။ ဒီအဖြေကို သိဖို့ရာ ကျွန်တော်တို့ မျက်ခြေမပြတ်စောင့်ကြည့်ရပါလိမ့်မယ်။


ဗမာပြည်ကို သိမ်းပိုက်ကြ


ကျွန်တော်တို့ နိုင်ငံဟာ အစွန်းရောက် အရင်းရှင်စနစ်ဆီ ဦးတည်မယ့် အရိပ်အယောင်တွေ မြင်နေရချိန် မှာ နိုင်ငံတကာမှာတော့ အရင်းရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကျယ်ပြန့်လာတယ်။


IMF ၊ World Bank၊ WTO ( World Trade Organization ) တို့နဲ့ ကမ္ဘာမှာ ၁ ရာနှုန်းတောင်မရှိ တဲ့ နိုင်ငံပေါင်း စုံ ကော်ပိုရေး ရှင်းကြီးတို့ ပူးပေါင်းပြီး လူများစု ကမ္ဘာ့လူထုကြီးကို အမြတ်ထုတ်သွေးစုပ်တာကို မခံနိုင်ကြတော့လို့ ကမ္ဘာပေါ်မှာ ၉၉ ရာနှုန်း သို့မဟုတ် Occupy ဆိုတဲ့ လှုပ်ရှားမှုတွေ အနှံ့ အပြားပေါ်လာ တယ်။


ဒီနေ့ Occupy လှုပ်ရှားမှုတွေဟာ ၁၉၉၉ ခုနှစ်တုန်းက ဆီယယ်တဲလ်မှာ ဖြစ်ခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင် လှုပ်ရှားမှု (antiglobalization ) ၊ ကမ္ဘာလုံးဆိုင်ရာ တရားမျှတရေး လှုပ်ရှားမှု ( global justice movement) ရဲ့ အဆက်လို့ ဆိုရင် ဆိုနိုင်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ဆီယယ်တဲလ် လှုပ်ရှားမှုဟာ IMF ၊ World Bank၊ WTO ( World Trade Organization ) တို့ရဲ့ တကမ္ဘာလုံးမှာ မတရားလုပ်နေတာတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုကြီးပါ။


အခု Occupy လှုပ်ရှားမှုတွေကတော့ ဒီ့ထက်ပိုကြီး ဒီ့ထက်ပိုလေးနက်ပါတယ်။ အနောက်ကမ္ဘာမှာ စီးပွားပျက်ကပ်ဆိုက်တော့ ကော်ပို ရေးရှင်းကြီးတွေ၊ ကမ္ဘာ့ထိပ်သီးလက်တဆုပ်စာတွေကို အစိုးရတွေက အကာအကွယ်ပေးကြတယ်။ သူတို့အတွက် ငွေကြေးအမြောက် အများစိုက်ထုတ် ပံ့ပိုးပေးကြတယ်။ အဲဒီလို ပံ့ပိုးပေးနိုင်ဖို့ အတွက် အများပြည်သူတွေအတွက် သုံးတဲ့ အသုံးစရိတ်တွေကို ဖြတ်တောက် ကြတယ်။ အများပြည်သူ အတွက် အသုံးစရိတ်ဆိုတာဟာ နို့စို့ကလေးတွေအတွက် ထောက်ပံ့ကြေး၊ သက်ကြီးရွယ်အိုတွေ အတွက် ထောက်ပံ့ကြေး၊ ပင်စင်ငွေတွေက အစ၊ အများပြည်သူအတွက် ကျန်းမာရေး ထောက်ပံ့စရိတ်၊ လူမှုဖူလုံရေး အတွက်ပေးတဲ့ ငွေဆိုတာ မျိုးတွေ အားလုံးဖြစ်ပါတယ်။


ဒီတော့ ၁ ရာနှုန်းအကျိုးအတွက် မတရားလုပ်နေတဲ့ လုပ်ရပ်တွေကို တားမြစ်ဟန့်တားဖို့ သိမ်းပိုက်ရေး လှုပ်ရှားမှုတွေဟာ တကမ္ဘာလုံး ပြန့်နှံ့လာတာ ဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားတဲ့ ပထမဆုံး သိမ်းပိုက်ရေး လှုပ်ရှားမှုက Occupy Wallstreet ဝေါလမ်းမကို သိမ်းပိုက်ကြဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ၂၀၁၁ ခု စက်တင်ဘာလ ၁၇ ရက်နေ့မှာ စဖြစ်ခဲ့ပါတယ်။ အခုအထိ နိုင်ငံပေါင်း ၈၂ နိုင်ငံက မြို့ကြီးပေါင်းမှာ ၉၅ မြို့မှာ သိမ်းပိုက်ရေးလှုပ်ရှားမှုတွေဖြစ်ခဲ့၊ တချို့ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ငါတို့ဟာ ၉၉ ရာနှုန်း  We are 99 % ဆိုတာဟာ သူတို့ရဲ့ ကြွေးကြော်သံဖြစ်ပါတယ်။


အာရပ်နွေဦး လှုပ်ရှားမှုတွေဟာလည်း သိမ်းပိုက်ရေး လှုပ်ရှားမှုတွေကို ပိုမိုတက်ကြွအားကောင်းလာစေခဲ့ တယ်။ ၂၀၁၂ ခုနှစ်ထဲမှာတော့ IOPS International Organization for a Participatory Society ကို ဖွဲ့စည်းခဲ့ပါတယ်။


အခုချိန်အထိ မြင်တွေ့နေရတာက သူတို့ လှုပ်ရှားမှုတွေကို နိုင်ငံနယ်နမိတ်စည်းကန့်သတ်ချက် ကို ကျော် လွန် ဆောင်ရွက်နိုင်လာတဲ့ အချက်နဲ့ သူတို့လှုပ်ရှားမှုတွေဟာ ပါတီတခု အဖွဲ့အစည်းတခုတည်းက ဦးဆောင်နေတာ မဟုတ်ဘဲ၊ လူများစု ဆင်းရဲသား လူထုကြီးရဲ့ လှုပ်ရှားမှုဖြစ်နေတာကို တွေ့ရတဲ့ အချက်ပါပဲ။


သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ ခေါင်းဆောင်တဦးတယောက်ကို ဒါမှမဟုတ် တချို့ကို ဗဟိုပြုလှုပ်ရှားတာမျိုး မဟုတ်တာကိုလည်း အတိတ်က လှုပ်ရှားမှုတွေနဲ့ မတူတဲ့ ထူးခြားချက်တရပ် အဖြစ်တွေ့ရပါတယ်။ သူတို့လှုပ်ရှားမှုတွေနဲ့ တွဲပြီး နာမည်ကျော်ခေါင်းဆောင်ကြီး ဘယ်သူဘယ်ဝါဆိုပြီး ထွက်ပေါ်လာတာမျိုး အခုထိ မတွေ့ရသေးဘူး။ ခေါင်းဆောင်ရဲ့ နောက်မှာ အားလုံးစုဝေးလိုက်ပါတာမျိုးမဟုတ်ဘဲ၊ ခေါင်းဆောင် ကြည်ညိုကိုးကွယ်မှုနဲ့ လှုပ်ရှားကြတာမဟုတ်ဘဲ၊ ကိုယ့်အစုနဲ့ ကိုယ်၊ ကိုယ့်အသိနဲ့ ကိုယ် လှုပ်ရှားကြ တာ မျိုးကို တွေ့ရတယ်။ ဒီလှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ လေ့လာသင့်တဲ့ လှုပ်ရှားမှုတွေဖြစ်ပါတယ်။


ကျွန်တော်တို့ ပြည်သူတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေ၊ သံဃာတွေ၊ ဝန်ထမ်းတွေကရော ဗမာပြည်ကို သိမ်းပိုက်ကြဖို့ မသင့်ပေဘူးလား။ ကျွန်တော်တို့တတွေ ကိုယ့်အား ကိုယ်ကိုး ကြဖို့ မသင့်ပေဘူးလား။ ဗမာပြည်ဟာ တကယ်တော့ ကျွန်တော်တို့ တိုင်းပြည်ပဲ မဟုတ်လား။ ဗမာပြည်ကို သိမ်းပိုက်ရေး အတွေးအခေါ်ကလည်း ကျွန်တော်တို့ အတွက်သိပ်မစိမ်းလှပါဘူး။ ဒို့ဗမာ သီချင်းမှာကတည်းက ဒါဒို့ပြေ၊ ဒါဒို့မြေ၊ ဒါငါတို့ပြေ လို့ ကြွေးကြော်ခဲ့ကြတယ်မဟုတ်လား။


ဒါ့ကြောင့် အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေ ၊ သံဃာတွေ ခေတ်နဲ့ အမီလိုက်ကြ ရအောင်ပါ။ ဆီပူဒယ်အိုးထဲကနေ မီးပုံထဲကို ခုန်မချကြပါနဲ့။ ၁% အတွက် ဒီမိုကရေစီကို ကျွန်တော်တို့ မလို၊ ၉၉% အတွက် ဒီမိုကရေစီကို ကျွန်တော်တို့ လိုပါတယ်။ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း၊ ကျောင်းသားနဲ့ သံဃာတွေဟာ ၉၉% ပါ။ ဘယ်နိုင်ငံခြားကိုမှ မမီခိုဘဲ၊ ဘယ်သူ့ကိုမှ အားမကိုးဘဲ ကိုယ့်အားကိုကိုးပြီး ဗမာပြည်ကို သိမ်းပိုက်ကြပါစို့။


ဇော်ဝင်း

၈၈ ကျောင်းသားဟောင်း

ဧပြီ ၁၀ ရက်။ ၂၀၁၂ခု။


zaw win facebook
မှကူးယူဖော်ပြသည်။

No comments: