Monday, November 19, 2012

သူပုန်ကျောင်းသားဘ၀(၄) မဲဆောက်မှသည်ဘုရားသုံးဆူဆီသို့


by Ko Oo on Sunday, November 18, 2012 at 10:01pm ·
သူပုန်ကျောင်းသားဘ၀(၄) မဲဆောက်မှသည်ဘုရားသုံးဆူဆီသို့
ကိုကိုဦး(တပ်ရင်း-၁၀၂)၊ နိုဝင်ဘာလ(၁၈)ရပ်နေ့၊

မဲဆောက်ကနေ ကားသုံးစီးနဲ့ ခွပ်ဒေါင်းအလံကိုလွင့်ပြီးတော့ မွန်နယ်မြေကိုလာတဲ့လမ်းမှာ ကျနော်တို့အားလုံးပဲ တက်တက်ကြွကြွရှိနေကြတယ်၊ ဘယ်လိုပဲဖြစ်နေပါစေ နယ်သစ်မြေသစ်တစ်ခုကိုရောက်ပြီး တော်လှန်ရေးခရီးကို ဆက်ရတော့မှာမို့ အပြောင်းအလဲလေးဆိုတဲ့ ရင်တွင်းခံစားမှုကတော့ လူတိုင်းကိုယ်စီမှာရှိနေမှာပဲဆိုတာကတော့
သေချာလှပါတယ်၊ လမ်းခရီးမှာ အားလုံးပဲမိမိတို့၏ရင်တွင်းစိတ်ကူးများကို နီးစပ်ရာသူငယ်ချင်းများနဲ့ရင်ဖွင့်ရင်း
လာခဲ့ကြတယ်၊ ကျနော်တို့ကလည်း ဟိုပြောဒီပြောနဲ့ ထိုင်းသတင်းထောက်မလေး ရင်ဒီအကြောင်းရောက်လာခဲ့
တယ်၊ သူမရဲ့ကျနော်တို့တောခိုကျောင်းသားများအပေါ် ထားရှိသောစိတ်ဓါတ်က သတင်းသမားတစ်ဦးထက်ပို
နေခဲ့တယ်၊ အဲသည်ကတည်းကပဲ သူမစိတ်ဓါတ်ကိုသတိထားခဲ့မိပြီး အပြန်အလှန်လေးစားချစ်ခင်ခဲ့ကြပါတယ်၊
ကျနော်တို့ တပ်စ်စခန်းမှာအဖမ်းခံနေရတုန်း ချာပါလစ်အစိုးရက မြန်မာပြည့်ကိုအတင်းအကျပ်ပြန်ပို့မယ်လို့ သတင်းအစအနထွက်လာတော့ ရင်ဒီတစ်ယောက် ညမအိပ်ပဲ ကျနော်တို့ကို ထိမ်းသိမ်းထားရာစခန်းအနားမှာ တစ်ညလုံးမအိပ်ပဲစိုးရိမ်စိတ်နဲ့စောင့်နေပေနခဲ့တာကို အားလုံးကအသိအမှတ်ပြုစကားတွေဆိုခဲ့ကြတယ်၊

ချမ်းချမ်းစီးစီးရှိလှတဲ့ တပ်စ်စခန်း၏မနက်ခင်းအစောကြီးတွင် သူမကိုတွေ့လိုက်ရတော့မှ အကျိုးအကြောင်း အစုံအလင်သိရတော့တယ်၊ ရင်ဒီက သူမ၏သတင်းဌါနကိုဖြစ်ကြောင်းကုန်စင်သတင်းပို့ယုံမျှမက ဘန်ကောက်ရှိမြန်မာ့အသိုင်းအ၀ိုင်းကိုပါ သတင်းကိုဝေမျှပေးခဲ့သည့်အတွက် ဘီဘီစီသတင်းဌါနသို့စေလျှင်စွာ သတင်းရောက်ခဲ့တဲ့အတွက် ကျနော်တို့အားလုံးကံကောင်းတယ်လို့ဆိုရမှာဖြစ်တယ်၊ ချင်းမိုင်က ဗိုလ်မှုးကြီးထုံ
ဆီကိုသတင်းရောက်ခဲ့ပြီဖြစ်တဲ့အတွက် လည်း အားလုံးအဆင်ချောသွားပြီး နောက်တစ်နေ့ မဲဆောက်မှ
ထောက်လှမ်းရေးဗိုလ်မှုးထုံကလေးက တပ်စ် စခန်းမှာ ကျနော်တို့အားလုံးကို အထက်အမိန့်အရပြန်လာ
ခေါ်သည့်အတွက် ကျနော်တို့အားလုံး မဲဆောက်ကိုဘေးကင်းရန်ကင်းပြန်ရောက်ခဲ့ကြတယ်၊ ရင်ဒီက
ကျနော်တို့အားလုံးလွတ်ပြီဆိုတော့မှ ကျနော်တို့ကိုနှုတ်ဆက်ပြီး သူမတည်းခိုရာဟိုတယ်ကိုပြန်သွားခဲ့တယ်၊ ကျနော်ကတော့ ရင်ဒီ၏ကျနော်တို့အပေါ် စာနာထောက်ထားမှု အလေးတယူရှိမှုကိုတော့ အမြဲတန်းအမှတ်ရကာ အသိအမှတ်ပြုနေဦးမှာဖြစ်ပါတယ်၊

ကန်ချနဘူရီကနေကျော်လာတော့ ပတ်ဝန်းကျင်မြင်ကွင်းတွေက တဖြေးဖြေးတောတောင်တွေများလာခဲ့တယ်၊
အလွန်လှပတဲ့မြင်ကွင်းလေးတွေကိုခံစားရင်း သူပုန်ကျောင်းသားဘ၀ကြည်ကြည်နူးနူးလေးခံစားလာခဲ့တယ်၊
ထုံပါပုံမြို့ကလေးကျော်လာတော့ အလွန်ကြီးမှားလှပါတဲ့ကန်တကန်တွေ့လိုက်ရတယ်၊ အမှန်တကယ်တော့
ပတ်ဝန်းကျင်မြို့ရွာတွေကိုရေဖြန့်ပေးနေတဲ့ ရေကာတာကြီးတစ်ခုပါ၊ ကန်ထဲမှာဖေါင်ပေါ်မှာဆောက်ထားတဲ့
ဖေါင်အိမ်လေးတွေကိုတွေ့ရသလို အပန်းဖြေလာကြတဲ့ဧည့်သည်တွေအတွက် လှလှပပဆောက်လုပ်ထားတဲ့
ရေပေါ်စားသောက်ဆိုင်တွေကိုလည်း တွေ့ရပါတယ်၊ ခပ်လှမ်းလှမ်းကိုမြင်နေရတဲ့မြင်ကွင်းတွေကလည်း လှပ
တဲ့တောတောင်တွေပဲဖြစ်တာမို့ မြို့ပေါ်ဝန်းကျင်ကိုစွန့်ခွါလာခဲ့ကြတဲ့ ကျနော်တို့အဖို့အလွန်ပဲလွမ်းစရာလေးတွေ
ဖြစ်ခဲ့ရတာအမှန်ပါပဲ၊ ဆန်ခလာဘူရီမြို့ကလေးပတ်ကျော်ပြီး နမ့်မကိတ်ကိုကားဝင်လာတော့ ထိုင်းကားသမားက
ထိုင်းလိုပြောတာ နားမလည်ပေမဲ့ ကျနော်ဆင်းရမဲ့ဂိတ်ဆုံးမှန်းသိကြပါတယ်၊ အားလုံးပဲမရှိမဲ့ရှိမဲ့အထုတ်ငယ်
လေးတွေကိုဆွဲလိုက်ကြပြီး တဟီးဟီးတဟားဟားနဲ့ပျော်ရွှင်စွာပဲဆင်းလာကြတယ်၊

ကျနော်တို့ရောက်လာမှာကိုကြိုသိနေကြပြီးဖြစ်တဲ့ စခန်းထဲကအမောင်ကျောင်းသားတွေက လာကြိုကြတယ်၊
လောလောဆယ်နေရာကတော့ ကွမ်ဝမ်သမန်လို့ခေါ်တဲ့ရွာလေးနားမှာပါ၊ ထိုးထိုးထောင်ထောင်ကျောက်တောင်
ကြီးဘေးနားမှာ စခန်းဆောက်ခွင့်ပေးထားတဲ့နေရာနားမှာပဲ အားလုံးညအိပ်ညနေ နေထိုင်ကြဖို့ ယာယီရွက်ဖျင်တဲ
လေးထိုးကြတယ်၊ ရတဲ့ရိက္ခာတွေကိုချက်ပြုစားသောက်ရင်း ဘားတိုက်တွေကိုဆောက်နေဆဲကာလမှာ မူလက
ရှိနေပြီးသား ဝှေးကော့စခန်းကကျောင်းသားအုပ်စုနဲ့ ခပ်လှမ်းလှမ်းမှာသီးသန့်စခန်းဆောက်ပြီး နေထိုင်နေကြတဲ့
ကိုလှိုင်ဘွား၊ကိုထွန်းမြင့်တို့အုပ်စုနဲ့ တပ်ရင်း(၁၀၂)ပေါ်ပေါက်လာရေးကို ဆွေးနွေးခဲ့ကြတယ်၊

ကိုသီရိ၊ကိုအေးမင်း၊ကိုမောင်မောင်ကြီင်္း၊ကိုအောင်ကြည်ဦးတို့ပါတဲ့ ဝှေးကော့အုပ်စုကနဂိုကတည်းကပင် တပ်ရင်း
(၁၀၂) အနေနဲ့ရှိပြီးသားဖြစ်ပြီးတဲ့အတွက် ကျနော်မဲဆောက်ဘက်က နောက်ထပ်ရောက်လာတဲ့ သူတွေကပေါင်း
ပြီး ရှိပြီးသားအနေအထားအတိုင်းဆက်သွားဖို့ သဘောတူခဲ့ကြတယ်၊ ကိုလှိုင်ဘွားတို့လူစုက သူတို့ဖြစ်လိုတဲ့ဆန္ဒ
နဲ့ထပ်တူမဖြစ်တဲ့အတွက် နောက်ပိုင်းစခန်းကနေထွက်ခွါသွားခဲ့ကြတယ်၊ အဲဒီလိုသူတို့အုပ်စုရှိနေစဉ်ကာလမှာ သူတို့အထဲက ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ကိုတင်လှတစ်ယောက် ရုပ်ရှင်ရုံမှာ တပ်ရင်း(၁၀၁) ရဲဘော်များနဲ့
စကားများရန်ဖြစ်ပြီး ဓါးထိုးခံရတဲ့ဒဏ်ရာနဲ့သေဆုံးခဲ့ရတယ်၊ ဘာမှမဖြစ်စလောက်ကတောက်ကဆဖြစ်မှုကနေ လူသတ်မှုဖြစ်ခဲ့ရတာမို့ အားလုံးကပဲစိတ်မကောင်းဖြစ်ခဲ့ကြရတယ်၊ တင်လှကိုတပ်ရင်းရဲ့နောက်ကျောဖက်က ကျောက်တောင်နားမှာပဲ မြေမြှုပ်သင်းဂျိုလ်ခဲ့ကြတယ်၊ တောထဲမှာမျှစ်ချိုးထွက်တိုင်း သူမြေပုံလေးကိုတွေ့နိုင်ပေမဲ့
အချိန်နည်းနည်းကြာလှတော့ချုံပုတ်တွေလွမ်းသွားပါတယ်၊ အဲဒီကိစ္စဖြစ်ပြီး ကျနော်အချင်းချင်းကြီးကြီးမားမား
ရန်ဖြစ်သံကိုသိပ်မကြားရတော့ပါ၊

နောက်ပိုင်းတပ်ရင်း(၁၀၂)ဟာ တဖြေးဖြေးစုမိပြီး ကြီးထွားလာခဲ့ရတယ်၊ အိုင်ဒီစီကလွတ်လာတဲ့ကျောင်းသား အများစုကလည်း လာရောက်ပူးပေါင်းပါဝင်ခဲ့ကြတာကိုမှတ်မိနေပါသေးတယ်၊ ရန်ကုန်၊မော်လမြိုင်၊မုဒုံဖက်က လူတွေအများစုဖြစ်ပြီး အားလုံးညီအစ်ကိုတွေလို ချစ်ချစ်ခင်ခင်နေ ချစ်ချစ်ခင်ခင်ဆိုးခဲ့ကြလို့ ပြောစရာအမှတ်တရ
တွေက အများကြီးဖြစ်ခဲ့ပါတယ်၊ ဆေးကျောင်းသားကိုအေးမင်းရဲ့ဆေးခန်းဟာ ကျနော်တို့စခန်းအတွက်သာမက ဘေးပတ်ဝန်းကျင်ကရွာတွေအတွက်ပါ အားကိုးစရာဖြစ်လာခဲ့တယ်၊ အနီးအနာမှာရှိတဲ့ ထိုင်းသူဌေးတဦးပိုင်တဲ့
သစ်စက်ဘေးမှာ ရောင်းတဲ့တောအရက်ဆိုင်လေးကလည်း တော်တော်စည်စည်ကားကားဖြစ်လာခဲ့ရတယ်၊ အမောင်ကျောင်းသားတွေကလည်း အဲဒီတောအရက်ဆိုင်လေးကိုပဲအားထားပြီးပေါချောင်ကောင်းလုပ်ခဲ့ကြတယ်၊
တစ်ပုလင်းကိုသုံးဆယ့်ငါးဘတ်လောက်ပေးရတဲ့ လောက်ခေါင်ကိုတောင်မသောက်နိုင်ကြလို့ ခပ်ဈေးပေါပေါ
တောအရက်နဲ့ပဲစခန်းသွားခဲ့ကြတယ်၊ ဒီနေ့အိမ်ဂျီအိုခေတ်မှာ ဘီယာတွေပြီးနိုင်ငံရေးစကားပြောသူတွေကို အဲဒီအမှတ်တရတွေက သူတို့စိတ်နာမယ်ဆိုရင်လည်း စိတ်နာလောက်ပါပေတယ်၊

လက်နက်ကလည်းမတပ်ဆင်နိုင်သေး၊ရှေ့တန်းလည်းဆင်းခွင့်မရသေးဘူးဆိုတော့ အာလုံးပဲစစ်သင်တန်းပြီးရင် အချိန်တွေကပိုနေတတ်တော့ အနီးအနာကို အလည်အပတ်ထွက်သူတွေရှိသလို မှိုချိုးမြှစ်ချိုးသူတွေလည်းရှိ (၂)နာရီနီးပါးလမ်းလျှောက်ကာသွားရတဲ့ ဘုရားသုံးဆူဈေးအထိ ဖွန်ကြောင်ကြသူတွေလည်းပါပါတယ်၊ အဲဒီမှာ
မနီမဖြူတို့ လက်ဘက်ရည်ဆိုင်ဆိုလျှင် အမောင်ကျောင်းသားတွေအထဲမှာ မသိသူမရှိသလောက်ပါ၊ ပီတီပြေး
ကြတယ်ဆိုပြီး နောက်ဆုံး မနီမဖြူတို့ဆိုင်မှာဂိတ်ဆုံးကြတယ်၊ ပါလာတဲ့အကြွေတွေနဲ့ တခွက်ငါးဘတ်တန် လက်ဘက်ရည်လေးကို ပါးစပ်အရသာခံ မျက်လုံးအရသာခံပြီးသောက်ခဲ့ကြတယ်၊ အကြွေးထားပြီး အမေ့ခံပြီး
ပြန်မပေးကြသူတွေရှိပေမဲ့လည်း သူတို့မိသားစုဆိုင်လေးကတော့ ကျနော်တို့အမောင်ကျောင်းသားတွေအပေါ်
မှာအတော်ကိုနားလည်မှုပေးခဲ့ကြပါတယ်၊ ဘုရားသုံးဆူမှာ လူမနေတဲ့တဲတစ်ခုမှာ ဖြစ်သလိုရပ်တည်နေကြ သူတစ်ချို့လည်းရှိနေတော့ အပြန်မှာဦးမိုးကြီးတဲကိုတိုင်ပတ်သူတွေလည်းပါပါတယ်၊ အချိန်မှီစခန်းပြန်လာ ရင်တော့ကံကောင်းသလို နောက်ကျသူများ စည်းကမ်းချိုးဖေါက်သူများကတော့ မနက်မိုးလင်းရင် ဓါးကိုင်ပြီး
စခန်းအတွက်လိုအပ်တဲ့ မျောတိုင်တွေ၊ ၀ါးတွေကိုခုတ်ကြရတယ်၊ အရမ်းမူးလာပြီး ထိမ်းမရသိမ်းမရသူတွေ
တစ်ချို့ကတော့ တစ်ခါတစ်လေထိတ်တုံးထဲဝင်ရတတ်ပေမဲ့ သိပ်ဆိုးဝါးလှတဲ့အပြစ်တွေကို ပေးခဲ့တာမရှိပါဘူး၊
တကယ်တန်းပြန်စဉ်းစားကြည့်တော့ ပိုင်ဆိုင်မှုဆိုလိုဘာမှမရှိတဲ့ဘ၀မှာ အလွန်ကိုပျော်ရွင်ဘွယ်ကောင်းတဲ့ ကာလလေးကို ကျနော်တို့တန်ဘိုးကြီးစွာ ပိုင်ဆိုင်ခဲ့ကြတယ်လို့ပြောရမယ်၊ လူချမ်းသာမှုထက်ပိုပြီးတန်ဘိုးရှိတဲ့ စိတ်ချမ်းသာမှုကို ကျနော်တို့ခံစားခွင့်ရခဲ့တဲ့ တောတွင်းဘ၀လေးပါ၊ လက်ထဲမှာ တစ်ခါတစ်လေ ဆယ်ဘတ်
လောက်ရှိခဲ့ရင်တော့ ဟင်းလေးတခွက်လောက်ချက်စားဖို့စိတ်မဘူးခဲ့ကြဘူး၊ လက်လက်ရည်ပဲလောက်မလား၊ တောအရက်ဆိုင်ပဲသွားမလားတစ်ခုခုပဲ၊ ပြီးတော့မှာဓါးမြှေင်လေးကိုင်ပြီးမြှစ်ချိုးမှိုချိုးပြီးဖြစ်အောင်စားကြတဲ့ဘ၀၊
ဒါပေမဲ့ကျနော်အားလုံး မရှိတဲ့ဘ၀မှာပျော်အောင်နေတတ်ခဲ့ကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းမျှ
မကချစ်ခဲ့ကြတဲ့ တော်လှန်သောညီအစ်ကိုများဖြစ်ခဲ့ကြတယ်၊

တပ်တွင်းမှာနေစဉ်လိုလို စစ်သင်တန်းတွေနဲ့အတူ စိတ်ဓါတ်လေးတွေအမြဲတက်ကြွနေသလို ဆေးခန်းတွေမှာဆို
ရင်လည်း ရှိတဲ့ဝါးကွပ်ပျစ်ကတင်လေးတွေမှာဆိုရင်လည်း လူနာတွေကအပြည့်ရှိနေတတ်တယ်၊ ဆေးကျောင်း
သားတွေဖြစ်ကြတဲ့ ကိုအေးမင်း၊ကိုညာဏ်လင်းရွှေနဲ့ သူတို့လက်ထောက်ဆေးမှုးကိုညို(မင်းညိုအောင်)တို့က့ နေ့ညမပြတ်တာဝန်ယူထားပေးကြလို့ ကျနော်တို့တပ်ရင်းရဲ့အထူးအားထားစရာ ပုဂ္ဂိုလ်တွေဖြစ်ခဲ့ကြတယ်၊ တစ်နေ့ကျနော်ကံဆိုးချင်တော့ ဆရာဝန်ရောဆေးမှုးရောနှစ်ယောက်စလုံးမရှိခိုက်မှာ ဌက်ဖျားတက်လာတော့ ဆေးချိတ်ဖို့လုပ်တော့ကျန်ခဲ့တဲ့ဆေးမှုးအောင်ဘုနဲ့တွေ့ပါလေရောဗျာ၊ ဆေးမှုးကလည်းသောက်ထားပြီးသားဖြစ်
နေပေမဲ့မတတ်နိုင်ဘူး၊ ဒရင့်ချိတ်ဖို့ကျနော်သွေးကြောကိုရှာလိုက်တာ ကျနော်လက်မှာအပ်ရာရှစ်ချက်လောက်ဖြစ် သွားပြီးတော့မှ သွေးကြောကိုရှာလို့တွေ့တော့တယ်၊ သူကပြောလိုက်သေးတယ်၊ ဆယ်ချက်မဖြစ်တာခင်ဗျား
အတော်ကံကောင်းလို့တဲ့၊ ဆေးသွင်းနေတုန်း ဒေဝေါ်တို့အုပ်စုကလည်း ဘုရားသုံးဆူဘက်ကနေသောက်စားပြီး ပြန်လာကြတာထင်ပါတယ်၊စခန်းထဲကိုပြေးဝင်လာပြီး ကြောင်တောင်တောင်နဲ့သူတို့နင်ဂျားတွေနဲ့ အနီးမှာရှိတဲ့ ကြံခင်းထဲမှာ အတိုက်အခိုက်ခံခဲ့ရကြောင်း ပြူးတူးပြဲတဲနဲ့ပြောနေလို့ ကျနော်မှာဆေးပိုက်တန်းလန်းနဲ့ အူလှိမ့် နေအောင်ရယ်နေရသေးတယ်၊ သူ့နောက်မှာလည်း ၀င်းအောင်တို့လေးငါးယောက်လောက်ပါလာသေးတယ်၊ အားလုံးအတူတူပဲ၊ ပြာယာခတ်ပြီးပြန်လာခဲ့ကြတယ်၊ ဘာဖြစ်မှန်းကောင်းကောင်းမသိပေမဲ့ သူတို့ကိုတစ် ယောက်ယောက်ကခြောက်လှန့်လိုက်မှန်းသိသာတယ်၊ တကယ်ဆိုးကြသူတွေပါပဲ၊ နောက်နေ့မနက်ကျတော့ ပြစ်ဒဏ်ဝါးခုတ်နေကြတဲ့သူတို့ကိုတွေ့ရတယ်၊

စစ်သင်တန်းဆင်းတော့ သင်တန်းဆင်းပွဲတွင်မိတ်ခွန်းပြောဖို့အတွက် မဟာမိတ်လူကြီးတွေကိုဖိတ်ခေါ်ထားလို့
မွန်၊ကရင်ခေါင်းဆောင်တွေလာကြတယ်၊ ကျနော်တို့က သင်တန်းကွင်းမှာ စင်ငယ်လေးတစ်ခုကိုလုပ်ထားပြီး
လူကြီးတွေကိုတစ်ယောက်ပြီးတစ်ယောက် တက်ရောက်စကားပြောစေတယ်၊ ကံဆိုးချင်တော့ ကေအင်ယူ
ဒုဥက္ကဌဗိုလ်ချုပ်ကြီးတာမလာဘော တက်လာတဲ့အချိန်ကျတော့ စင်လေးကကျိုးကျလာပါရော၊ ကံကောင်းချင် တော့ ခြေထောက်အနည်းငယ်မြက်တာကလွဲလို့ ဘာမှဒဏ်ရာကြီးကြီးကျယ်ကျယ်မရခဲ့ပါဘူး၊ ဗိုလ်ချုပ်ကြီး တာမလာဘော ပြုံးပြုံးလေးနဲ့ကျနော်တို့ကို ခွင့်လွတ်ရှာပါတယ်၊ ကျနော်တို့ကတော့ ဒါတောင်မှတပ်ရင်းထဲမှာ
အင်ဂျင်နီယာကျောင်းသား ငါးယောက်လောက်ရှိနော်ဆိုပြီး ကိုယ့်အချင်းချင်းနောက်ပြောင်နေခဲ့ကြသေးတယ်၊

နောက်တစ်ခါ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ကို ဘုရားသုံးဆူရွာထဲလုပ်တော့ ထုံးစံအတိုင်းလူကြီးတွေကို ပင့်ဖိတ်
ပြီးလုပ်ပြန်ရော၊ ဒီတစ်ခါတော့ စတိတ်စင်ကိုကျကျနနဆောက်လုပ်ပြီး ပွဲကိုကျင်းပခဲ့ပေမဲ့ ကံကဆိုးပြန်လေရော၊
မွန်ပြည်သစ်ပါတီဒုဥက္ကဌနိုင်နော်လာခမြာ စင်ပေါ်တွင်စကားပြောရင်း သွေးတိုးတက်ပြီးလဲကျပြီးသေဆုံးခဲ့ရတယ်၊
ကျနော်တို့ အားလုံးတကယ်ပဲစိတ်မကောင်းခဲ့ကြပါ၊ ရန်သူစစ်အာဏာရှင်အပေါ်တွင် ပြတ်သားသည့်စကားများကို
ပြောကြားရင်း စိတ်ခံစားမှုအရှိန်ကြောင့် သွေးတိုးနှုန်းတက်လာပြီး ဖြစ်သွားရပုံရတာမို့ အားလုံးပဲသူ့ကိုကြည့်ပြီး စုတ်တသတ်သတ်ဖြစ်ခဲ့ကြရတယ်၊ သူ့ရဲ့အသုဘအခန်းအနားကိုစည်ကားစွာကျင်းပခဲ့သလို ခွန်နှစ်ရက်ခွန်နှစ်လီ
ကျွေးမွေးခဲ့တာမို့ ကျနော်တို့အားလုံး စိတ်မကောင်းသည့်ကြားက နေ့တိုင်းသွားရောက်ခဲ့ကြသည့်၊ နယ်အသီးသီး
မှလာရောက်ကြသလို ထိုင်းနိုင်ငံဘက်ကမွန်လူမျိုးတွေပါလာရောက်ခဲ့ကြလို့ အတော်လေးပင်စည်ကားခဲ့သည်၊
အမဲသား၊၀က်နဲ့အသားငါးပေါင်းစုံ၊ဟင်းပေါင်းစုံမြိုင်နေသည့်အလှူပွဲမို့ ကျနော်တို့တော်လှန်ရေးတစ်လျှောက်လုံး
ထဲက အစည်ကားဆုံးအလှူပွဲလို့ပဲပြောရမှာဖြစ်တယ်၊

အလှူပွဲပြီးတော့စခန်းထဲမှာ အားလုံးမှိုင်တိုင်တိုင်ဖြစ်နေကြတယ်၊ ဒီနေ့တော့ ယာဟုထိ(ငါးပိ)နဲ့လွေးရတော့မှာ
ကိုး၊ အသားဟင်းတွေကို ခုနှစ်ရက်လုံးစားခဲ့ပြီးမှာ မူလအတိုင်း ငါးပိ၊တို့စရာ၊ဌက်ပျောအူဟင်းတွေ ပြန်စားရတော့
ဗိုက်ကသိပ်မကျေနပ်ချင်၊ တစ်ချို့က အချင်းခြင်းနောက်တောက်တောက်ပြောနေကြတယ်၊ နိုင်ရွှေကျင်တောင် (နှာဘားစားဘေး)နှားစေးနေတယ်ကြားတယ်ပေါ့၊ မာဘွန်၊ကရာပင်တွေဆိုတာ ကျနော်တို့တတွေက ပြည်တွင်း ကသယ်လာခဲ့တဲ့ ခေတ်ပေါ်နောက်တောက်တောက်စကားပြောနည်းလေးတွေပါ၊ ကျနော်တို့အမောင်ကျောင်း သားတွေက မွန်တွေကရင်တွေကြားမှာ မာဘွန်တွေမမာဘိုက်ဘူး၊ ကရာပင်တွေမမာဘိုက်ဘူးဆိုပြီး အဲသလို
ပြောခဲ့တာကို အစကသူတို့တတွေမသိပေမဲ့ နောက်ပိုင်းကျတော့ သိသွားနားလည်သွားခဲ့ကြတယ်၊ မင်းတို့
ကျောင်းသားတွေ တော်တော်ဆိုးတဲ့ကောင်တွေကွာလို့ ရယ်ကျဲကျဲပြောရင်း ခွင့်လွတ်ပေးခဲ့ကြပါတယ်၊ ကျနော်တို့တတွေအဲသလိုဆိုးခဲ့နောက်ခဲ့ကြတယ်၊

စခန်းထဲမှာတော့ ဟာသရွှင်ဆေးကိုတိုက်ကြွေးသူတွေကတော့ လက်ရွေးစင်ဘောလုံးသမားတွေဖြစ်ကြတဲ့ ကိုယဉ်ထွေးနဲ့ကိုဘတိုးတို့ပဲဖြစ်ကြတယ်၊ အားရင်းဟာသတွေကိုတစ်ယောက်တစ်လှည့်ပြောရင်း ဘ၀တွေကို
ပေါ့ပေါ့ပါးပါးဖြစ်အောင် နေထိုင်တတ်ခဲ့ကြတယ်၊ ကိုယဉ်ထွေးက ကိုဘတိုးကိုရှေးခေတ်ကနိုင်ငံရေးသမားတွေ
လို သူနာမယ်ရှေ့မယ်သခင်တပ်ပြီး သခင်ဘတိုးလို့ခေါ်တာကိုအစသဘောကျသလိုလိုဖြစ်ပြီးမှာ သူကို အသံ
ပြောင်းပြန်လှန်ပြီး သူခိုးဘတင်လို့နောက်ပြောင်ခေါ်ခဲ့ကြတာကိုသိသွားလို့ စိတ်မဆိုးတဆိုးရယ်ကျဲကျဲဖြစ်ခဲ့
တာတွေကလည်း အမှတ်တရတွေဖြစ်ခဲ့ပါတယ်၊

ကိုဘတိုးတင်ဆက်နေကြ ရည်းစားစာဖတ်ပုံလေးကလည်း အားလုံးတဟားဟားနဲ့ရယ်ရတာမို့ မကြာခဏ
တင်ဆက်လေ့ရှိတာမို့ အမှတ်ရနေပါသေးတယ်၊ စကားဝဲတဲ့တိုင်းရင်းသူလေးက မြို့သားရည်းစားကိုစာပြန်
ရေးတာကို ကြံဖန်ပြီးဟာသလုပ်ပြောကြတယ်၊ ဒီလိုဟာသလေးတွေက ညနေစောင်းစားကောက်ပြီးချိန်မှာ
ဖြစ်ဖြစ်၊ တောအရက်ဝိုင်းလေးမှာပဲဖြစ်ဖြစ် ဆုံကြပြောကြရယ်ကြတာများတယ်၊ ဒီလိုဟာသလေးတွေပေါ့၊
အားကိုရေ ညီးမတတိတယချာရေးလိုက်ပါတယ်၊ မြိုမှာဆိုတော့ သာဌေးသမီးတွေနဲ့ပျော့နေမှာပေါ့နော်
(မြို့မှာဆိုတော့ သူဌေးသမီးတွေနဲ့ပျော်နေမှာပေါ့နော်)၊ ပီးတော့အားကိုးကကြောင်သာဆိုတော့ ကြောင်စာ
တွေကြိုစားနေမှာပေါ့နော်(အစ်ကိုကကျောင်းသားဆိုတော့ ကျောင်းစာတွေကြိုးစားနေမှာပေါ့နော်)၊ အားကိုးရေး ညီးမလေးတောမှာနေကြပ်တယ်၊ အိမ်မှာကိုလာပြီးလာလာတောင်တဲ့လူတွေက အများကြီးပဲ၊
(တောမှာအနေကြပ်တယ်၊ အိမ်မှာကိုလာပြီးလာလာတောင်းတဲ့လူတွေက အများကြီးပဲ)၊ အားကိုးက အဲသလိုးလာပြီးလာလာတောင်တဲ့လူတွေဆီကို ညီးမပါစွားမှာ မကြောက်ဘူးလားအားကိုရယ်၊
(အစ်ကိုက အဲသလိုအိမ်လာပြီးလာလာတောင်းတဲ့လူတွေဆီကို ညီးမပါသွာားမှာ မကြောက်ဘူးလားအားကိုရယ်)၊ အာဖေးကလည်း ညီးမကိုအဲသည်လိုတောင်ရမ်းတဲ့အထဲက အများကြီးတောင်ရမ်းသူနဲ့ပေးချားမယ်ပျော်တယ်
အားကိုးရယ်၊(အဖေကလည်း ညီမကိုအဲသည်လို တောင်းရမ်းတဲ့အထဲက အများကြီးတောင်းရမ်းသူနဲ့ပေးစားမယ်
ပြောတယ်အစ်ကိုရယ်)၊ တော်သေပြီ အမပါရင်ခွလတ်ပါ(တော်သေးပြီး အမှားပါရင်ခွင့်လွတ်ပါ)
ဆိုပြီးကိုဘတိုးကသံနေသံထားနဲ့လုပ်ပြတိုင်း ကျနော်တို့အားလုံးအူလှမ့်နေအောင်ရယ်မောပြီးပျော်ကြရတယ်၊

စခန်းထဲကကို တစ်ခါတစ်ခါအလှူရှင်လာတတ်ကြပါတယ်၊ သူတို့ကဒီအတိုင်းလှူသွားတာမဟုတ်ဘူး၊ သူတို့နဲ့
သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းတစ်ခုခုအတွက် အနည်းဆုံးလုပ်ပြပြီးမှာပေးခဲ့တာများပါတယ်၊ ဘာဘာနန်
ဂေဘာနန်လို့ကျနော်တို့သိထားတဲ့ အိန္ဒိယကယောဂီအလေ့အထကိုကျင့်ကြံတဲ့အဖွဲ့တွေက သူတို့ရဲ့အဟူဝါဒကို
ဒီးဒီးဆိုတဲ့နယ်သာလင်နိုင်ငံကအမျိုးစမီးက စခန်းရုံးကကျောက်သင်ပုန်းချပ်ကြီးပေါ်မှာရှင်းပြပြီး ကိုဝင်းမိုးက
ဘာသာပြန်ပေးရပါတယ်၊ သူကတကယ့်အလေး အနက်ထားပြီးရှင်းပြနေပေမဲ့လည်း အမောင်ကျောင်းသားတွေ
ကသိပ်စိတ်ဝင်စားကြတာမဟုတ်ဘူး၊ ပြီးအောင်တော့နားထောင်ပေးလိုက်ကြပါတယ်၊ ပြီးတော့ဒီးဒီးက အကလေး
ပါသင်ပေးမယ်ဆိုတော့ အားလုံးစခန်းရှေ့မှာတန်းစီမတ်တပ်ရပ်ပြီး သူမကပြသလိုလိုက်ကကြရပါတယ်၊ ကက်ဆက်ထဲက အိန္ဒိယသီးချင်းလေးကိုနားမလည်ပေမဲ့ အားလုံးကရောယောင်ပြီး လိုက်ပါယိမ်းကကြရပါတယ်၊
ရယ်ကလည်းရယ်ချင်တဲ့အထဲ သိုက်ထူးလှိုင်စပြီး မိုးလုံးမှိုင်းသီချင်းလေးကိုပါစဆိုလိုက်တော့ အားလုံးက မိုးလုံးမှိုင်းကိုဆိုပြီးကလိုက်ကြတယ်၊ ဒီးဒီးခမြာကျနော်တို့တတွေလိုက်ဆိုလိုက်ကကြတာကို သဘောကျနေပေမဲ့
ကျနော်တို့ဘာတွေဆိုတာသိရင် သူလည်းပဲအူတက်အောင်ပဲရယ်မလားစိတ်ပဲဆိုးမလား တစ်ခုခုပါပဲလေ၊

နောက်တစ်ခါ ထိုင်ဝှမ်နိုင်ငံဘက်ကလာတဲ့ ဘာသာရေးအဖွဲ့ကလည်း အလားတူမစ်ရှင်လေးပါပဲ၊ ကျနော်တို့
အတွက်လှူဒါန်းစရာများလှူဒါန်းပြီး သူတို့ကိုးကွယ်ရာတရားများကိုဟော်ကြားပြီး အရေးကြီးတဲ့ဂါထာတစ်ခုကို
ပေးပြီး အမှန်တကယ်ဒုက္ခရောက်ချိန်ကျမှာ အဲဒီဂါထာကိုတမ်းတလိုက်ရယ် ဘုရားသခင်ကသင့်ကိုလာရောက်
ကယ်တင်မဲ့သဘောဖြစ်ပါတယ်၊ ဂါထာလေးကတော့ “အူးထိုက်ဖေါ်မီးလား”တဲ့၊ ဖြစ်ချင်တော့ အဲဒီလို ထိုင်ဝမ်
ကဘာသာရေးအဖွဲ့တွေမပြန်ခင် မွန်ပြည်သစ်ပါတီကကြီးမှုးကျင်းပတဲ့ဘော်လုံးပွဲမှာ ကျနော်အမောင်ကျောင်းသား
တွေနဲ့မွန်ပြည်သစ်ပါတီကအသင်းတစ်သင်းနဲ့ ဗိုလ်လုပွဲကစားကြတယ်၊ ရွာလုံးကျွတ်စခန်းလုံးကျွတ်လာရောက်
အားပေးတဲ့ပွဲဖြစ်ပြီးအကြိတ်အနယ်ကစားနေတုန်း မွန်ဘက်ကရှေ့တန်းလူတစ်ယောက်ကဘော်လုံးကိုရသွားပြီး
ပိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ ဂိုးသွင်းခါနီးမှာ အမောင်ကျောင်းသားတွေဆီက တညီတညာတည်းထွက်လာ
တဲ့အသံကတော့“အူးထိုက်ဖေါ်မီးလား”ပဲဖြစ်ပါတယ်၊ တကယ်ပဲဂိုးကဘေးချော်သွားတာမို့ အားလုံးကတဟား
ဟားရယ်မောနေကြပေမဲ့ မွန်လူကြီးပိုင်းတွေကသိပ်မျက်နှာမကောင်းသလို ထိုင်ဝမ်ကသာသနာပြုအဖွဲ့တွေက
လည်း မျက်နှာပျက်နေကြပြီ၊ တခါမှာတော့ ကျနော်တို့ဘက်မှရှေ့တန်းလူကဘော်လုံးရသွားပြီး စိုးရိမ်စိတ်နဲ့အား
ပေးနေကြတဲ့ မွန်ပရိသတ်တွေကလည်း“အူးထိုက်ဖေါ်မီးလား”ဆိုပြီး အားပါးတရအော်လိုက်တော့ အားလုံးပင်
ငိုအားထက်ရယ်အားသန်ခဲ့ရတဲ့ပွဲလို့ပြောရမလိုပင်၊ နောက်ဆုံး“အူးထိုက်ဖေါ်မီးလား”လည်းမကယ်နိုင်တော့တဲ့
အနိုင်ဂိုးကိုအမောင်ကျောင်းသားတွေကသွင်းလိုက်တော့ အဲဒီနေ့ကဒိုင်းဆုနဲ့အတူ မစားရကြာပြီဖြစ်တဲ့ အသား
ဟင်းတစ်ခွက်စီနဲ့ စခန်းထဲမှာတစ်ညလုံးအောင်ပွဲခံခဲ့ကြတယ်၊

တစ်နေ့ကျတော့ တပ်ရင်း(၁၀၁)စခန်းကရဲဘော်တွေ သူတို့စခန်းနောက်ကျောမှာရှိတဲ့ တော်တော်ကိုခက်ခက်
ခဲခဲတက်ရမဲ့ အမြင့်ဆုံးတောင်ထိပ်မှာ ကျနော်တို့ခွပ်ဒေါင်းအလံတော်တွေ့တော့ သူတို့ကိုမေးကြည့်မိတော့မှ
အဖြစ်မှန်ကိုသိလိုက်ရတော့ ရယ်စရာလေးတွေဖြစ်ခဲ့ရပြန်တယ်၊ တောခိုလာကာစ ကိုမိုးသီးဇွန်က စခန်းတွေ မှာလှည့်လည်မိန့်ခွန်းစကားပြောတဲ့အထဲမှာ ခွပ်ဒေါင်းအလံတော်ကိုအမြင့်မားဆုံးလွှင့်ထူရမယ်ဆိုတဲ့စကားကို တမင်တကာရွှဲ့ပြီးလုပ်မှန်းသိလိုက်ရတော့ ကြားရတဲ့သူတိုင်းရယ်မိကြမှာပါလေ၊

တကယ်ဆိုရင် ကျနော်တို့အားလုံး လက်နက်ကိုင်တော်လှန်ရေးဘ၀ကိုအစပြုဖို့ခြေလှမ်းတွေ အစပျိုးနေပါပြီ၊
တော်လှန်သောခွပ်ဒေါင်းအလံတော်ကို စတင်သယ်ဆောင်ဖို့တာစူခဲ့ပါလေပြီ၊တိုင်းမှူးသူရစစ်မောင် ဦးဆောင်တဲ့
ရန်သူစစ်ကြောင်းကလည်း ဘုရားသုံးဆူဒေသကိုစိုးမိုးဖို့လာနေပြီဆိုတော့လည်း ကျနော်တို့အားလုံးပြင်ဆင်ရပါ တော့မယ်၊ အရင်ကမွန်စစ်ကြောင်းနဲ့လိုက်ပြီးရှေ့တန်းထွက်တိုက်ဘူးတဲ့ အတွေ့အကြုံအနည်းငယ်ကလွဲလို့ ပြည့်ဝ
တဲ့စစ်ရည်စစ်သွေးတွေမပိုင်ဆိုင်သေးပေမဲ့လည်း အာဏာရှင်မုန်တီးလွန်းတဲ့စိတ်ဓါတ်နဲ့ပဲ ဒီပွဲကိုစတင်နွဲရတော့
မယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်၊(ဆက်ပါဦးမည်၊)


No comments: