အလုပ်
နှင့် ဘ၀ ချိန်ခွင်လျှာ
ကျွန်မတက်ရောက်နေတဲ့
ကွန်ဖရင့်တခုရဲ့ အလုပ်ရုံဆွေးနွေးပွဲ
အစီအစဉ်တွေထဲမှာ အလုပ်နှင့်
ဘ၀ ချိန်ခွင်လျှာ (work-life
balance) ဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲတခု
ပါဝင်တာမို့ သွားတက်ဖြစ်ခဲ့ပါတယ်။
ကွန်ဖရင့်တက်ရောက်သူ
နှစ်ရာကျော်ရှိပေမယ့် အများစုက
ဆက်ဆံရေးအရည်အချင်း မြှင့်တင်ရေး
အလုပ်ရုံဆွေးနွေးပွဲ၊
တင်ပြဆွေးနွေးမှု
အရည်အချင်းမြှင့်တင်ရေး
အလုပ်ရုံဆွေးနွေးပွဲတွေကိုသာ
သွားတက်သူတွေ များတာကြောင့်
ကျွန်မသွားတက်တဲ့
အလုပ်ရုံဆွေးနွေးပွဲမှာ
လူသုံးဆယ်လောက်ပဲ ရှိပါတယ်။
လူနည်းတယ်ဆိုပေမယ့်လဲ
ဘ၀အတွေ့အကြုံများသူတွေ
ပါတာကတကြောင်း၊ ဆွေးနွေးပွဲကို
ဦးဆောင်ပြုလုပ်သူကလဲ
ဆွေးနွေးတင်ပြမှုကောင်းတာတကြော င်းကြောင့်
အဖိုးတန်တဲ့ သင်ခန်းစာတချို့
ရရှိခဲ့ပါတယ်။
မွေးဖွားချိန်နဲ့
သေဆုံးချိန်အကြားမှာ လူတွေရဲ့
ဘ၀ဖြစ်တည်ပါတယ်။ ဒီဘ၀ဆိုတာမှာ
ကျောင်းသားဘ၀၊ မိသားစုဘ၀၊
လူမှုဆက်ဆံရေးဘ၀ စသဖြင့်
ဘ၀မျိုးစုံ ကျင်လည်ကြရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတခုကတော့
ဘ၀ရပ်တည်ရေးအတွက် အလုပ်လုပ်ကြရတယ်
ဆိုတာပါပဲ။ ဒီအခါမှာ အလုပ်နဲ့
ဘ၀တွေကို ညှိယူကြရပါတယ်။
အဲဒီအလုပ်တွေမှာ တချို့အလုပ်တွေက
ဘ၀ကို အထောက်အကူပြုပါတယ်။
တချို့အလုပ်တွေက ကိုယ်ဖြစ်လိုတဲ့
ဘ၀နဲ့ တထပ်တည်းကျပါတယ်။
တချို့အလုပ်တွေက ကိုယ်ကျင်လည်တဲ့
ဘ၀အချို့ကို ဖျက်ဆီးပစ်နိုင်ပါတယ်။
ဒါကြောင့် အလုပ်နဲ့ ဘ၀ဟာ
တသားတည်းမကျရင်တောင် အလုပ်က
ကိုယ်ရဲ့ဘ၀ကို ထောက်ကူပြုနေဖို့လိုအပ်ပါတယ်။
အလုပ်နဲ့ဘ၀ ချိန်ခွင်လျှာညှိနိုင်ဖို့
လိုအပ်ပါတယ်။
ဒီလို အလုပ်နဲ့
ဘ၀ ချိန်ခွင်လျှာညှိမှုတွေမှာ
လူတယောက်နဲ့တယောက် မတူညီနိုင်ပါဘူး။
ကွဲပြား ခြားနားမှုတွေ
အများအပြားရှိပါတယ်။
ဒီလိုကွဲပြားခြားနားမှုတွေနဲ့
ပတ်သက်ပြီး လူတယောက်က
အခြားလူတယောက်ကို
ဝေဖန်တိုင်းတာသတ်မှတ်ချက်ပေးလို့ မရပါဘူး။
လူတယောက်ရဲ့ ရွေးချယ်မှုနဲ့
တန်ဖိုးထားမှုကို အခြားလူတယောက်က
ပြစ်တင်ရှုံချတာ၊ ဝေဖန်တာ၊
တိုင်းတာ သတ်မှတ်တာတွေ
လုပ်ခွင့် မရှိပါဘူး။ ဒီလို
လုပ်ဆောင်တာတွေကိုလဲ လူတယောက်ရဲ့
ဘ၀မှာ ထည့်သွင်းစဉ်းစားစရာ
မလိုအပ်ပါဘူး။ နောက်ဆုံးကျတော့
ဘယ်သူတွေဘာပြောနေနေ၊ ဘယ်သူတွေ
ဘာလုပ်နေနေ၊ ကိုယ့်ဘ၀နဲ့ကိုယ်၊
ကိုယ်ရွေးချယ်မှုနဲ့ကိုယ်၊
ကိုယ့်တန်ဖိုးထားမှုနဲ့ကိုယ်ြ ဖစ်ကြောင်း
သင်ခန်းစာတွေကို အလုပ်ရုံဆွေးနွေးပွဲ
မှာ ရရှိခဲ့ပါတယ်။ ဒီသင်ခန်းစာတွေကို
ကစားနည်းတခုနဲ့ ဆွေးနွေးပွဲ
ဦးဆောင်သူက ဥပမာ ပေးသွား
ပါတယ်။
ကနဦးအနေနဲ့
လက်တွေကို ခေါင်းမှာပဲတင်တင်၊
နောက်ပစ်တာပဲဖြစ်ဖြစ်
လုပ်နိုင်ကြောင်းနဲ့
သူကအကြွေစေ့မြှောက်ပြီး
ပြန်ဖမ်းရာမှာ ခေါင်းကျရင်
ခေါင်းပေါ်လက်တင် ထားသူတွေ
ထိုင်နိုင်ကြောင်း ဆိုပါတယ်။
ပန်းကျရင် လက်နောက်ပစ်ထားသူတွေ
ထိုင်နိုင်ကြောင်း ဆိုပါတယ်။
ဒီလိုနဲ့ လိုက်လုပ်ကြရင်း
နောက်ဆုံးကျမှ ကိုယ့်လုပ်ရပ်ကို
ဒီလိုအကြွေစေ့တခုရဲ့ ခေါင်းနဲ့
ပန်းက ဆုံးဖြတ်တာကို
ခံယူသင့်သလားဆိုတဲ့ မေးခွန်းကနေ
အစပြုပြီး ဘ၀သင်ခန်းစာတွေကို
ဆွေးနွေး ဖလှယ်ခဲ့ကြပါတယ်။
သင်ခန်းစာထုတ်ကြည့်ကြတော့
ကိုယ့်ဘ၀ကို ကိုယ်ပဲ့ကိုင်တာ
မဟုတ်ပဲ အခြား လူတွေ၊
အဖွဲ့အစည်းတွေ၊ အခြေအနေတွေရဲ့
ဆုံးဖြတ်ချက်ကိုပဲ ခံယူသူတွေဟာ
ဘ၀မှာ လူအများ အမြင်အရ
အောင်မြင်သူတွေ ဖြစ်လာရင်တောင်၊
သူတို့ရဲ့ ဘ၀တွေကို ကျေနပ်
ပျော်ရွှင်နေသူတွေ မဟုတ်ကြကြောင်း
အဖြေထွက်လာပါတယ်။
လူတယောက်မှာ
လေ့ကျင့်မှုအရ၊ ပညာရေးအရ
ကျွမ်းကျင်မှုတွေ ဘယ်လောက်ပဲရှိရှိ
ဒီကျွမ်းကျင်မှုတွေကို
အသုံးချနေချိန်မှာ
ပျော်ရွှင်မှုရှိနေခြင်းရှိမရှိ
ကိုယ့်ဘာသာကိုယ် ပြန်မေးဖို့
လိုအပ်ကြောင်းကိုလဲ သင်ခန်းစာ
ရရှိခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူက
ဥပမာအားဖြင့် တစုံတဦးရဲ့
တိုက်တွန်းမှုကြောင့်ဖြစ်စေ၊
တစုံတဦးကို အားကျလို့ဖြစ်စေ
လူတယောက်ဟာ အင်ဂျင်နီယာ
ဖြစ်လာခဲ့ပေမယ့် အလုပ်လုပ်နေချိန်မှာ
အလုပ်ပြီးမယ့် အချိန်ကိုပဲ
စိတ်ထဲရောက်နေတယ်ဆိုရင်
အလုပ်က ချက်ချင်းထွက်ရမယ်လို့
မဆိုလိုချင်တောင်
အလုပ်သစ်တခုကိုဖြစ်ဖြစ်၊
အလုပ်သစ်တခု ပြောင်းဖို့
လိုအပ်မယ့် သင်တန်းတွေကိုပဲ
ဖြစ်ဖြစ် စတင်ခြေလှမ်းသင့်ပြီဖြစ်ကြောင်း
ပြောကြားရင်း၊ ကိုယ်လက်ရှိ
လုပ်နေတဲ့ အလုပ်၊ လက်ရှိနေထိုင်နေတဲ့
နေရာဒေသမှာ ပျော်ရွှင်မှုကို
ခံစားနေရခြင်း ရှိမရှိ
အတွေ့အကြုံတွေကို ဖလှယ်ခိုင်းခဲ့ပါတယ်။
ဒီလိုဆွေးနွေးကြရင်းနဲ့
လူတွေကို ပျော်ရွင်စေတဲ့
အရာတွေအကြားက မတူညီမှုတွေကို
လက်တွေ့ကျကျ မြင်လာကြရပါတယ်။
တချို့လူတွေကို တည်ငြိမ်တဲ့
ရေရှည်အလုပ်က ဆွဲဆောင်နိုင်ပေမယ့်၊
တချို့က စွန့်စားရတဲ့
ရေတိုအလုပ်ကို လုပ်ချင်ကြပါတယ်။
တချို့က နေရာဒေသ တခုမှာ
အထိုင်ချရတဲ့ အလုပ်ကို
လုပ်ချင်ပေမယ့်၊ တချို့ကကျတော့လဲ
ခဏခဏခရီးသွားနေရတဲ့
အလုပ်မျိုးမှာမှ ပျော်ရွင်တတ်ကြပါတယ်။
ဒါကြောင့် ကိုယ့်ကို
ပျော်ရွှင်စေတဲ့ အလုပ်ဟာ
ဘယ်အလုပ်ဖြစ်စေမယ်ဆိုတာကို
ကိုယ့်ဘာသာကိုယ်
ရွေးချယ်ဆုံးဖြတ်ဖို့လိုကြောင်း
ပိုပြီးသိသာ ထင်ရှားစွာ
မြင်လာရပါတယ်။ တစုံတယောက်အတွက်
တန်ဖိုးရှိတိုင်း၊ နောက်တယောက်အတွက်
တန်ဖိုးရှိတယ်လို့
မသတ်မှတ်နိုင်ပါဘူး။
တပြိုင်နက်တည်းမှာပဲ
လူတွေရဲ့ တန်ဖိုးထားမှု
မတူညီတာကိုလဲ ဆက်စပ်တွေးမိသွားကြပြန်ပါတယ်။
တချို့လူတွေက လုပ်ခလစာများတဲ့အလုပ်ကို
တန်ဖိုးထားပါတယ်။ ငွေရရင်
ပျော်ရွှင်မှုရှိနိုင်ပါတယ်။
တချို့လူတွေကတော့
လုပ်ခလစာအသင့်အတင့်ရပြီး၊
သူ့ကို ပျော်ရွင်မှုပေးနိုင်တဲ့
အလုပ်ကို တန်ဖိုးထားပါတယ်။
တချို့လူတွေကျတော့လဲ
အလုပ်ရွေးချယ်ရာမှာ လုပ်ခလစာတွေကို
ထည့်သွင်း စဉ်းစားမှုကို
မရှိပါဘူး။ သူလုပ်ချင်တာကို
သူလုပ်ရဖို့ပဲ အရေးကြီးပါတယ်။
တချို့ကျတော့လဲ ရာထူးသြဇာကို
တန်ဖိုးထားပါတယ်။
သြဇာအာဏာရှိတဲ့အလုပ်ဆိုရင်
သူ့ကို ပျော်ရွှင်မှု
ပေးနိုင်ပါတယ်။ ဒီလိုတန်ဖိုးတွေအနက်
အလုပ်နဲ့ပတ်သက်ပြီး
ကိုယ်တန်ဖိုးထားတဲ့ ပထမဦးစားပေး၊
ဒုတိယဦးစားပေး၊ တတိယဦးစားပေး
ဆိုတာတွေကို ထပ်ခွဲလိုက်ချိန်မှာတော့
ဘယ်လိုအလုပ်မျိုးတွေကို
ကိုယ်လုပ်သင့် တယ် ဆိုတာတွေက
ပိုပြီး ရုပ်လုံးပေါ်လာပါတယ်။
ဘ၀ အောင်မြင်မှု သတ်မှတ်ချက်တွေမှာလဲ
ဒီအတိုင်းပါပဲံ။ တချို့က
ဘွဲ့တွေရတာကို အောင်မြင်တယ်လို့
သတ်မှတ်ပါတယ်။ တချို့က
တိုက်ကြီးဟိန်းနေတာ၊
ကားကောင်းစီးနေရတာကို
အောင်မြင်တယ်လို့ သတ်မှတ်ပါတယ်။
တချို့က ရိုးသားစွာ အသက်ရှင်ရတာကို
ဘ၀အောင်မြင်မှုလို့ သတ်မှတ်ပါတယ်။
အချို့က ထင်ပေါ်ကျော်ကြားတာကို
အောင်မြင်မှုလို့ သတ်မှတ်ပါတယ်။
အချို့ကျတော့ လူမသိ၊ သူမသိနဲ့
နောက်ကွယ်ကနေ ကြိုးကိုင်ထားတဲ့
အလုပ်တွေ ဖြစ်မြောက်လာတာကို
အောင်မြင်မှုလို့ သတ်မှတ်
ပါတယ်။ သူ့အောင်မြင်မှုက
ကိုယ်လိုချင်တဲ့ အောင်မြင်မှုလဲ
ဖြစ်ချင်မှ ဖြစ်မှာပါ။
ကိုယ့်ကိုကိုယ်သိအောင်
လုပ်ဖို့ပဲ လိုအပ်ပါတယ်။
ဒီလိုနဲ့
အခြားဆွေးနွေးမှုတွေ
ပြုလုပ်ကြရာမှာ ကျွန်မအတွက်
အကျိုးဖြစ်ထွန်းသွားစေတဲ့
ဆွေးနွေးမှုတခု ရှိခဲ့ပါတယ်။
အဲဒါကတော့ လက်ရှိအချိန်မှာ
ကိုယ့်ဖြစ်တည်နေတဲ့ အခန်းကဏ္ဍ
နဲ့ နောင်ဆယ့်ငါးနှစ်မှာ
ကိုယ်ဖြစ်ချင်တဲ့ အခန်းကဏ္ဍတွေ
ကို စဉ်းစားခိုင်းတဲ့
ဆွေးနွေးမှုမှာ ဖြစ်ပါတယ်။
လူတိုင်းက အချိန်တခုမှာ
အခန်းကဏ္ဍတခုထက်ပိုပြီး
ဖြစ်တည်နေတတ်ပါတယ်။ ဥပမာ-
အမျိုးသမီး
တယောက်ဟာ သမီးတယောက်၊ အမေတယောက်၊
ဇနီးတယောက်၊ ချက်ပြုတ်သူတယောက်၊
ညီမတယောက်၊ အစ်မတယောက်၊
ကျောင်းသူတယောက်၊ အလုပ်သမားတယောက်
စသဖြင့် အများအပြားဖြစ်နေနိုင်ပါတယ်။
ဒီလိုဖြစ်နေတဲ့ အခန်းကဏ္ဍတခုချင်းစီအလိုက်မှာ
အချိန်နဲ့ ခွန်အားစိုက်ထုတ်မှု
ဘယ်လောက်ရှိနေသလဲ၊ အရေးပါမှု
သတ်မှတ်ချက် ဘယ်လောက်ရှိနေသလဲ
ဆိုတာတွေကို တခုချင်းခွဲခြားပြီး၊
နောင် ၁၅ နှစ်မှာ ကိုယ်ဖြစ်ချင်တဲ့
ကိုယ့်ရဲ့ အခန်းကဏ္ဍတွေနဲ့
ချိန်ထိုးကြည့်တာပါ။ ဒီအခါမှာ
ဘယ်အရာတွေကို အာရုံပိုစိုက်ရမယ်၊
ဘယ်အရာတွေကို အာရုံစိုက်မှု
လျှော့ရမယ်၊ ဘယ်အရာတွေကိုတော့
ဖယ်ရှားပစ်ရမယ်၊ ဘယ်အလုပ်တွေကို
လုပ်ရမယ်၊ ဘ၀နဲ့ အလုပ်ကို
ဘယ်လိုညှိယူမယ် ဆိုတာတွေကို
သိမြင်လာနိုင်ပါတယ်။
တချို့ကတော့
ထင်တတ်ကြပါတယ်။ နောင် (၁၅)
နှစ်မှာ
ကိုယ်က အသက်ရှင်ချင်မှ
ရှင်မှာပေါ့။ ဘာစဉ်းစားဖို့လိုလဲ။
နောင်ခါလာ နောင်ခါဈေးလို့
ဆိုပါတယ်။ ဒီလို ရှူမြင်သူတွေအတွက်တော့
ဒီစဉ်းစားတွေးခေါ်ချက်နည်းလမ်းက
အသုံးဝင်မှာ မဟုတ်ပါဘူး။
တချို့ကကျတော့ ကိုယ်က ဘယ်လောက်ပဲ
အနာဂတ်အတွက် ပြင်ဆင်ပေမယ့်
ကံစီမံရာခံရတာပဲလို့ ရှုမြင်ပြီး
ကံကို ပုံချထား တတ်ပါတယ်။
ဒီလိုရှုမြင်သူတွေအတွက်လဲ
ဒီလိုစဉ်းစားတွေးခေါ်မှု
နည်းလမ်းတွေ၊ ဘ၀ပန်းတိုင်
ချမှတ်မှုတွေက အသုံးဝင်မှာ
မဟုတ်ပါဘူး။ ကျွန်မအနေနဲ့တော့
အိပ်ယာဝင်လိုက်ချိန်မှာ
နောက်တနေ့နံနက် အသက်ရှင်ပြီး
နိုးထလာမယ်ဆိုတာ မသေချာဘူးဆိုပေမယ့်၊
နောက်တနေ့နံနက် စားရမယ့်
အစားအစာကိုတော့ လူတွေက
ကြိုဝယ်ထားလေ့ရှိတယ်လို့
ယူဆတာကြောင့် ဘ၀အနာဂတ်အတွက်
စီမံကိန်းချမှတ်မှုတွေ၊
ရည်မှန်းချက်ထားရှိမှုတွေကို
လက်ခံကျင့်သုံးလေ့ ရှိပါတယ်။
ကျွန်မရဲ့ ရည်မှန်းချက်တွေကို
အသက်ထွက်ချိန်ကျမှသာ အသက်က
ယူဆောင်သွားလိမ့်မယ်လို့
ယူဆထားပြီး၊ အသက်မထွက်ချိန်မှာတော့
ကျွန်မရဲ့ ရည်မှန်းချက်တွေကို
အကောင်အထည်ဖော်ဖို့
ကြိုးစားနေဦးမယ်လို့
ဆုံးဖြတ်ထားတဲ့အတွက် ဒီလို
အနာဂတ်ဆိုင်ရာ စဉ်းစားတွေးခေါ်မှု
နည်းလမ်းတွေက အလွန်ပဲ
အသုံးဝင်လှပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာ
လက်ရှိဖြစ်တည်မှုနဲ့
အနာဂတ်ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး
မိမိကိုယ်ကို ဆန်းစစ်ချက်တွေကို
ပြန်လည်ဆွေးနွေးဖလှယ်ကြရမှာ
ရလဒ်ကောင်းတွေ ထွက်လာပါတယ်။
အမျိုးသမီးကထိက တယောက်က
သူပါဝင်ပတ်သက်နေတဲ့
အခန်းကဏ္ဍတွေထဲမှာ သမီးတယောက်
ဆိုတဲ့ ကဏ္ဍပါပေမယ့် တလတခါပဲ
သူ့အမေကို ၁၅ မိနစ် ဖုန်းပြောတယ်လို့
ဆိုပါတယ်။ သူမရဲ့ ကြောင်လေးအတွက်
တနေ့ကို အချိန် တနာရီပေးပါတယ်။
ဒါကို ဘ၀အတွက်အရေးပါမှု
အမှတ်စဉ်မှာကြည့်လိုက်တော့
အမေက အမှတ် (၂)၊
ကြောင်က အမှတ် (၉)
ဖြစ်ပါတယ်။
ဒီတော့ နောက် (၁၅)နှစ်ကာလကို
စဉ်းစားလိုက်ချိန်မှာ
ကြောင်ဆိုတာက အချိန်မရွေးဝယ်ယူမွေးလို့ရပေမယ့် 
အမေကတော့ ရှိမရှိဆိုတာ
မသေချာတော့ဘူးဆိုတာ သိလာရတယ်လို့
ဆိုပါတယ်။ ဒါကြောင့် အခုအချိန်မှာ
အမေ့ကို အချိန်ပိုပေးဖို့
ဆုံးဖြတ်လိုက်ပြီလို့
ဆိုပါတယ်။
အမျိုးသားပရော်ဖက်ဆာတယောက်ကတော့
သူက တပတ်တခါ သေနတ်ပစ်ထွက်လေ့ရှိတယ်လို့
ဆိုပါတယ်။ ဒီအတွက် စနေနေ့
တနေ့ကို အချိန်ပေးတယ်လို့
ဆိုပါတယ်။ သေနတ်ပစ်တာကို
ဘ၀အတွက် အရေးပါမှုအမှတ်စဉ်မှာ
ကြည့်လိုက်တော့ အမှတ် (၁၃)
မှာ ဖြစ်ပါတယ်။
သူ့ရဲ့ သားငယ်လေးက
ခုနစ်နှစ်ရှိပြီဆိုပါတယ်။
အသက်ကန့်သတ်ချက်အရ သေနတ်ပစ်တာ
ခေါ်သွားလို့ မရပါဘူး။ ဘ၀အတွက်
အရေးပါမှုအမှတ်စဉ်မှာတော့
သားငယ်လေးက အမှတ် (၃)
ဖြစ်ပါတယ်။
အဲဒီမှာ နောင် ဆယ့်ငါးနှစ်ကာလကို
စဉ်းစားလိုက်တော့ အဲဒီအချိန်ကျရင်
သားငယ်လေးက အိမ်က
ထွက်ခွာသွားပြီးဖြစ်လိမ့်မယ်
ဆိုတာကို သတိရသွားတယ်လို့
ဆိုပါတယ်။ သူအချိန်ပိုပေးနေတဲ့
အရာနဲ့ အရေးပါမှုသတ်မှတ်ချက်က
မကိုက်ညီပါဘူး။
ဒီသင်ခန်းစာက
ကျွန်မရဲ့ နှလုံးအိမ်ကိုလဲ
ပွတ်ခတ်သွားပါတယ်။ နောက်
(၁၅)
နှစ်ဆိုတာကို
စဉ်းစားကြည့်လိုက်တော့
ကျွန်မရဲ့ ငါးနှစ်အရွယ်သားငယ်လေးကလဲ
ကျွန်မရဲ့ ရင်ခွင်ထဲမှာ
ရှိနေတော့မှာ မဟုတ်ပါဘူး။
ဒီတော့ ကျွန်မဘ၀ရဲ့
အရေးပါမှုအမှတ်စဉ်တွေထဲမှာ
ထိပ်ဆုံးကပါနေတဲ့ သားငယ်လေးအတွက်
ကျွန်မရဲ့ အချိန်နဲ့
ခွန်အားစိုက်ထုတ်မှုတွေကို
ဒီ (၁၅)
နှစ်တာကာလမှာ
ထိပ်ဆုံးကနေ ပေးအပ်ထားဖို့လိုကြောင်း
တွေးမိလာပါတယ်။ ကုန်လွန်သွားတဲ့
အခြေအနေတွေကို နောင်တချိန်မှာ
ပြန်လည်ပြုပြင်ယူလို့
ရနိုင်ပေမယ့်၊ တချို့
အခြေအနေတွေကို ပြန်လည်ပြုပြင်ယူလို့
မရနိုင်တော့ဘူး ဆိုတာကို
ပိုပြီးလေးလေးနက်နက်
တွေ့မြင်လာပါတယ်။
သားအမိနှစ်ယောက်
ဖြတ်သန်းတဲ့ ဘ၀ခရီးမှာ
သားငယ်လေးကို ဆွေမျိုးသားချင်းတွေဆီပို့ပြီး
စောင့်ရှောက်ခိုင်းဖို့၊
ကိုယ်ကအလုပ်လုပ်ပြီး
ငွေပို့ပေးဖို့၊ ရံဖန်ရံခါ
သွားတွေ့ဖို့ အကြံပြုချက်တွေကို
သားလေးမွေးပြီး နောက်ပိုင်းကာလတွေမှာ
မိတ်ဆွေတွေက ပေးလေ့ရှိခဲ့ပါတယ်။
အကြံပြုချက်တွေ ရတိုင်း
ကျွန်မလဲ သုံးသပ်ကြည့်ခဲ့ဖူးပါတယ်။
တကယ်က နိုင်ငံရပ်ခြားမှာ
ကလေးငယ်လေးတယောက်နဲ့
နှစ်ယောက်တည်း life
balance လုပ်ရတာတွေက
ခက်ခဲပါတယ်။ ကလေးအခွင့်အရေးဆိုင်ရာ
ဥပဒေသတ်မှတ်ချက်တွေ ရှိတာကြောင့်
တရားဝင်မှတ်ပုံတင်ထားတဲ့
ကလေးထိန်းကျောင်းတွေ၊
ကလေးထိန်းသူတွေ၊ နီးစပ်ဆွေမျိုးသားချင်း
တွေက လွဲရင် ဘယ်သူမှ
ထိန်းကျောင်းခွင့်မရှိပါဘူး။
ဒီတော့ ခရီးသွားရတဲ့ အလုပ်တွေ
လုပ်ကိုင်ဖို့၊ ပညာရပ်ဆိုင်ရာ
ကွန်ဖရင့်တွေတက်ဖို့၊
အခြားနိုင်ငံတွေရဲ့ ဧည့်ကထိက
အလုပ်တွေ လုပ်ဖို့၊ သုတေသနဆိုင်ရာ
ကွင်းဆင်းလေ့လာမှုတွေ လုပ်ဖို့
ဆိုတာတွေမှာ အတော်ကို
ခဲယဉ်းခဲ့တာပါ။ ဘယ်လိုပဲ
ဖြစ်ဖြစ် အခွင့်အလမ်းတွေ
အတော်များများကို ကျွန်မ
ငြင်းဆန်ခဲ့ပါတယ်။ သားနဲ့အတူနေရဖို့၊
ဘ၀ကို အတူတကွ ရုန်းကန်ဖြတ်သန်းဖို့ကို
ကျွန်မဘ၀ရဲ့ အရေးကြီးဆုံး၊
ထိပ်ဆုံးမှာထားပြီး တတ်နိုင်သမျှ
ကြိုးစားထားခဲ့ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲလေး
တက်လိုက်ချိန်မှာတော့ နောင်
၁၅ နှစ်ဆိုတဲ့ scenario
တခုကို
သွားစဉ်းစားမိလိုက်ပါတယ်။
သားနောင်ရေးအတွက်ဆိုပြီး
ဥစ္စာဓနတွေစုဖို့ပဲဖြစ်ဖြစ်၊
ကျွန်မနောင်ရေး အတွက်ဆိုပြီး
ဘ၀တက်လမ်း တွေရှာဖို့ပဲဖြစ်ဖြစ်
သားနဲ့ ခွဲခွာနေခဲ့ပြီး၊
နောင်ဆယ့်ငါးနှစ်မှာ ဥစ္စာတွေ၊
အမေက ဘာဆိုတဲ့ ရာထူးဂုဏ်တွေ
ပိုက်ပြီး၊ သားနဲ့တွေ့ရချိန်မှာ
သားက ခပ်စိမ်းစိမ်းဖြစ်နေခဲ့ရင်၊
ဒါတွေကို အသိအမှတ်မပြုပဲ
ဒါတွေထက် မိခင်နဲ့အတူရှင်သန်ကြီးပြင်းရချိန်တွေ၊
မိခင်မေတ္တာတွေ၊ မိခင်ရင်ငွေ့တွေကိုပဲ
ပိုပြီးလိုချင်ခဲ့တာလို့
ပြောလာခဲ့ရင် ကျွန်မဘယ်လိုများ
ရင်ဆိုင်ရမှာပါလိမ့်
ဆိုတာကိုပါပဲ။ ကိုယ့်အရေးပါမှု
သတ်မှတ်ချက်အတိုင်း၊ အချိန်နဲ့
ခွန်အားတွေ စိုက်ထုတ်နိုင်ခဲ့တယ်ဆိုပြီး
ကျေနပ်ရသလို၊ နောင် ဆယ့်ငါးနှစ်ဘ၀မှာ
ဦးစားပေးရမယ့် အရာတွေကိုလဲ
ပိုပြီးရှင်းလင်းပြတ်သားစွာ
ရွေးချယ်နိုင်သွားပါတယ်။
ကျွန်မရဲ့
လက်ရှိအခန်းကဏ္ဍကို ကျွန်မ
ဆန်းစစ်ကြည့်လိုက်ပါတယ်။
ကျွန်မရဲ့ ပီအိတ်ခ်ျဒီ သုတေသန
အတွက် နေ့စဉ် ငါးနာရီအချိန်ပေးပါတယ်။
စာသင်ချိန်က ပုံမှန်အားဖြင့်
နှစ်နာရီ ရှိပါတယ်။ စာသင်ဖို့
ပြင်ဆင်ချိန်က တနာရီရှိပါတယ်။
ဝါသနာပါတဲ့ စာရေးတဲ့အလုပ်က
ပျမ်းမျှ တနေ့ နှစ်နာရီရှိပါတယ်။
သားလေးနဲ့က တနေ့လေးနာရီ
အချိန်ပေးပါတယ်။ အထွေထွေအချိန်ဖြစ်တဲ့
စားချိန်၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့
ဖုန်းစကားပြောချိန်၊
အခြားစိတ်ပါဝင်စားမှု
လုပ်ချိန်၊ လမ်းလျှောက်ချိန်၊
ဘတ်စ်ကားစီးချိန်)
စတာတွေက တနေ့
နှစ်နာရီခန့်ရှိပါတယ်။
အိပ်ချိန်က ခြောက်နာရီခန့်ရှိပါတယ်။
မြန်မာ့အရေးအပါအ၀င်
အမျိုးသမီးအခွင့်အရေး၊
လူ့အခွင့်အရေး၊
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
ကမ္ဘာ့လုံခြုံရေးစတဲ့ political
activism အရေးတွေအတွက်က
တနေ့တနာရီရှိပါတယ်။ ဒီတော့
ကျွန်မလက်ရှိ ဖြတ်သန်းနေတဲ့
အခန်းကဏ္ဍတွေက သုတေသီနဲ့
စာသင်သူ၊ စာရေးသူ၊ မိခင်
နဲ့သမီး၊ မိတ်ဆွေသူငယ်ချင်း၊
နိုင်ငံရေးလှုပ်ရှားတက်ကြွသူ
စတာတွေ ဖြစ်ပြီး၊ မိခင်နဲ့သမီးဘ၀က
နံပါတ် (၁)၊
သုတေသီနဲ့ စာသင်သူဘ၀က နံပါတ်
(၂)၊
စာရေးသူဘ၀က နံပါတ် (၃)၊
နိုင်ငံရေးလှုပ်ရှားတက်ကြွသူ
ဘ၀က နံပါတ် (၄)၊
မိတ်ဆွေသူငယ်ချင်းဘ၀က နံပါတ်
(၅)
ဖြစ်ပါတယ်။
ဒီလိုနဲ့ နောင်
(၁၅)
နှစ်ကို
ကြည့်လိုက်တော့ မိခင်နဲ့
သမီးဘ၀ကတော့ နံပါတ် (၁)
ဖြစ်နေဆဲပါပဲ။
သို့ပေမယ့် သားလေးက
ကျွန်မနဲ့အတူနေတော့မှာ မဟုတ်
(စကားချပ်။
။ နေမယ်ဆိုရင်လဲ ချစ်ခင်ပေမယ့်
ကျွန်မခွင့်ပြုမှာ မဟုတ်ပါ။
အသက်နှစ်ဆယ်အရွယ် လူငယ်တယောက်ဟာ
မိဘအရိပ်ကို မှီခိုခြင်းမရှိပဲ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး
ဘ၀တည်ဆောက်ဖို့အတွက်
စတင်အားယူသင့်ပြီ ဖြစ်တာကြောင့်ပါ)
တဲ့အတွက်
ပိုလာမယ့် အချိန်တွေကို
ကျွန်မဘ၀ရဲ့ ဒုတိယအရေးပါဆုံးဖြစ်တဲ့
သုတေသီနဲ့ စာသင်သူ ဘ၀မှာ
အသုံးပြုလို့ ရလာမှာ ဖြစ်ပါတယ်။
နောင် ၁၅ နှစ် အချိန်နဲ့
ပတ်သက်ပြီး ကလေးငယ်နဲ့
မိခင်ဘ၀၊ အိမ်ထောင်ဘက်ဇနီးမယားဘဝ
ဆိုတာတွေကို လုံးဝထည့်သွင်းစဉ်းစားမိခြင်း
မရှိတဲ့အတွက် ဘ၀မှာ အဖော်သစ်ရှာသင့်၊
မရှာသင့် ဆိုပြီး လက်ရှိမှာတွေးတောနေတဲ့
ကျွန်မရဲ့ အတွေးတွေကလဲ ယတိပြတ်
ဆုံးဖြတ်ချက် ကျသွားစေပါတယ်။
နောင် (၁၅)
နှစ်မှာ
political activist အနေနဲ့
နေမလား၊ politician
အနေနဲ့
ဖြတ်သန်းမလားဆိုတာကို
တွေးတောရွေးချယ် ဖြစ်သွားတာကြောင့်
အခုကနေစပြီး၊ နောက်ထပ် (၁၅)
နှစ်တာကာလမှာ
ကျွန်မအနေနဲ့ ဘာတွေလုပ်ရမယ်၊
ဘာတွေရှောင်ရမယ်၊ ဘယ်သူတွေနဲ့
တွဲရမယ်၊ ဘယ်သူတွေနဲ့
ဆက်သွယ်ရမယ် ဆိုတာတွေကိုလဲ
ပိုပြီး ရှင်းရှင်းလင်းလင်း
မြင်လာရပါတယ်။
တကယ်တော့
အလုပ်ရုံဆွေးနွေးပွဲလေးက
အချိန်အားဖြင့် သုံးနာရီနီးပါးသာ
ကြာခဲ့တာပါ။ ဒါပေမယ့်လဲ
အဖိုးမဖြတ်နိုင်တဲ့
သင်ခန်းစာတချို့၊ အတွေးအခေါ်တချို့ကို
ပေးအပ်ခဲ့ပါတယ်။ ဒီသင်ခန်းစာတွေကို
ပြန်လည် တွေးကြည့်ရင်တော့
အရင်ကတည်းက သိပြီးသားလိုလိုတွေပါပဲ။
အလိုလိုနေရင်း အသုံးချပြီးသား
တွေလဲ ရှိပါတယ်။ ဒါပေမယ့်
သတိမမူမိခဲ့တာတွေလဲ ရှိပါတယ်။
သိပေမယ့် လက်တွေ့ထည့်သွင်း
စဉ်းစားမှု မပြုခဲ့တာတွေလဲရှိပါတယ်။
ဒါပေမယ့် စေ့စေ့တွေးချိန်မှာ
ရေးရေး ပေါ်လာပြီး၊
ဆွေးနွေးဖလှယ်မှုတွေကြောင့်
ဗဟုသုတတွေပါ တိုးပွားခဲ့တဲ့အတွက်
အတွေ့အကြုံ၊ သင်ခန်းစာနဲ့
စဉ်းစားတွေးခေါ်ချက်တွေကို
ပြန်လည်မျှဝေရခြင်း ဖြစ်ပါတယ်။
အချိန်လေးများရခဲ့ရင်
အောက်ပါမေးခွန်းလေးတွေဖြစ်တဲ့
(၁)
လက်ရှိ
ကိုယ့်အလုပ်ဟာ ကိုယ်လုပ်ချင်တဲ့
အလုပ်အကိုင်ဆိုတာ သေချာပြီလား။
အလုပ်ကနေ ပျော်ရွှင်မှုတွေ
ခံစားရလေ့ရှိသလား။
(၂)
လက်ရှိ
ကိုယ်အလုပ်လုပ်နေတဲ့ နေရာဒေသဟာ
ကိုယ်နေချင်တဲ့ နေရာဒေသ
ဟုတ်ပါသလား။
(၃)
ကိုယ့်ဘ၀မှာ
ဘာတွေက အရေးကြီးသလဲ။ ကိုယ်ဘာတွေကို
တန်ဖိုးထားသလဲ။
(၄)
လက်ရှိမှာ
အချိန်နဲ့ ခွန်အားတွေ
စိုက်ထုတ်ပြီး ဖြတ်သန်းနေတဲ့
ဘ၀အခန်းကဏ္ဍတွေဟာ ကိုယ့်ဘ၀မှာ
အရေးပါမှု တိုင်းတာသတ်မှတ်ချက်အဆင့်တွေနဲ့
ကိုက်ညီမှု ရှိပါသလား။
(၄)
နောင် (၁၅)
နှစ်မှာ
ကိုယ့်ဘ၀က ဘယ်လိုအခန်းကဏ္ဍမှာ
ဖြတ်သန်းနေမလဲ။ ဒီအတွက်
လက်ရှိအားစိုက်နေတာတွေထဲက
ဘာတွေကို ပိုပြီး ဦးစားပေးမလဲ။
ဘာတွေကို လျှော့ချမလဲ။
ဘာတွေကို ထပ်ဖြည့်မလဲ။
ဆိုတဲ့မေးခွန်းတွေကို
ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပြီး၊
ဘ၀နဲ့အလုပ်ချိန်ခွင်လျှာတွေကို
ညှိယူကြည့်ဖို့ လေးစားစွာ
တိုက်တွန်းလိုပါတယ်။
ခင်မမမျိုး
(၇၊
၁၁၊ ၂၀၁၂)
No comments:
Post a Comment