Tuesday, November 6, 2012

၂၁နှစ်ခရီးရဲ့ အိမ်အပြန် အမှတ်တရများ (၁)(၂)

၂၁နှစ်ခရီးရဲ့ အိမ်အပြန် အမှတ်တရများ (၁)

by Min Zaw Oo on Monday, October 15, 2012 at 3:17am ·


ဒေါက်တာမင်းဇော်ဦး (Voice Weekly October 13th, 2012)

၂၁ နှစ်ကြာ တိုင်းပြည်က ထွက်လာခဲ့ပြီးနောက် နောက်တစ်ပတ်ထဲမှာ ကျွှန်တော်မြန်မာပြည်ကို အပြီးပြန်တော့မယ်။ ကိုယ့်အိမ်ကိုယ့်ယာလို့ သတ်မှတ်ပြီး ပြန်နေဖို့ပါ။ ၁၉၈၈ ကစပြီး လျှောက်ခဲ့တဲ့ ဒီခရီးမှာ ဒီမိုကရေစီ အရေးလှုပ်ရှားသူ အတိုက်အခံ တစ်ယောက်အနေနဲ့တင်မက ပြည်ပရောက် မြန်မာတစ်ယောက် အနေနဲ့ပါ ဖြတ်သန်းခဲ့ရတယ်။ ဒီအတွေ့အကြုံတွေကြားထဲမှာ နိုင်ငံရေးရပ်တည်ချက်တွေသာမက ကိုယ့်ဘဝနဲ့ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း အပြောင်းအလဲ ဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေချခဲ့ရတယ်။  ဒီခရီးကို ဘယ်လိုလျှောက်ခဲ့တယ်၊ အချိုးအကွေ့တွေ ဘယ်လိုကြုံပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချခဲ့ပြောင်းခဲ့တယ် ဆိုတဲ့ တစိတ်တဒေသကို ဝေငှချင်တာပါ။ သမိုင်းတစ်ခုကို အတူ ဖြတ်ကြတယ်ဆိုပေမယ့် အဲဒီသမိုင်းကို မြင်တဲ့အမြင် ဘဝဇာတ်ခုံပေါ်မှာ ကရတဲ့ ဇာတ်ဝင်ခန်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တူကြမလဲ။ ဒီဆောင်းပါးကတော့ အိမ်ကထွက်ပြီး အိမ်ကိုပြန်လာခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ခရီးအပိုင်းအစတစ်ခုပါ။

၁၉၈၈ မတ်လ ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ကျွှန်တော် စပြီးပါဝင်လာခဲ့တယ်။ အဲဒီအချိန်မှာ ၉တန်းကျောင်းသား အသက် ၁၅နှစ်သာသာရှိတဲ့ သူတယောက်အတွက် ဒေါသထွက်နေတာက ဦးနေဝင်းဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို ဖြစ်ခဲ့တယ်။ ဒီအစိုးရကြောင့် ဒို့တိုင်းပြည်ဆင်းရဲရတာ၊ တို့တွေ အဖိနှိပ်ခံရတာ ဆိုတဲ့အမြင်နဲ့ အစိုးရကို ဆန့်ကျင်ဖို့ ကျောင်းသားလှုပ်ရှားမှုမှာပါခဲ့တယ်။ ဒီမိုကရေစီစနစ် အကြောင်းကို သိလို့ နားလည်လို့တော့မဟုတ်ဘူး။ ဒါပေမယ့် ဒီမိုကရေစီရယင် ဒို့တော့ဆင်းရဲတွင်းက လွတ်မြောက်ပြီလို့ ထင်ခဲ့တာတော့ အမှန်ပဲ။

၈၈၈၈ လှုပ်ရှားမှုကြီး အရှိန်အဟုန်မြှင့်လာတဲ့ သြဂတ်စ်လထဲမှာ လုံခြုံရေးတပ်တွေက ပစ်ခတ်နိုမ်နှင်းခဲ့ပြီးတဲ့နောက်မှာ ဒီလှုပ်ရှားမှုကြီးကို လိုအပ်ယင် လက်နက်ကိုင်တိုက်ပွဲ အထိမြှင့်တင်ရမယ် ဆိုတဲ့ အမြင်မျိုးရှိခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ပတ်သက်ပြီး သိနားလည်လို့တော့မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ရဲဘော်သုံးကျိတ်က ဂျပန်မှာ စစ်ပညာသွားသင်ပြီး လွတ်လပ်ရေးကို အရယူသွားခဲ့တဲ့ ဥပမာကို ကျွှန်တော်တို့ အတော်တော်များများ အားကျစိတ်ကူးယဉ်ခဲ့တာ အမှန်ပဲ။ စစ်တပ်က အာဏာမသိမ်းခင် ကတည်းက ဗကသနဲ့ တစ်ခြားကျောင်းသား အုပ်စုတွေထဲမှာ နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး မြေအောက်လက်နက်ကိုင် လုပ်ငန်းတွေ အတွက်ပြင်ဆင်တာ တွေလုပ်နေကြပြီ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ အချိန်မှ ရဲဘော်သုံးကျိတ် နိုင်ငံရေးယဉ်ကျေးမှုနဲ့ လူငယ်ပီပီ စွန့်စားချင်တဲ့ စိတ်တွေကြောင့် ကျွှန်တော်တို့လူငယ် အတော်များများကို တောခိုဖြစ်ခဲ့တယ်။
စစ်တပ်အာဏာသိမ်းပြီးစမှာ လှုပ်ရှားနေတဲ့လူငယ်တွေကြားထဲ UG (Underground) မြေအောက် လှုပ်ရှားမှုက ခေတ်စားလာတယ်။ UG လုပ်ရတာကို ဂုဏ်ယူလာတယ်။ ဒီလိုနဲ့ ကျွှန်တော်လည်း UG လုပ်ရင်း မဖြေချင်ဖြေချင်နဲ့၁၉၈၉ မှာ ၁၀တန်းဖြေ ဖြစ်လိုက်တယ်။ ဒီကြားထဲမှာ နယ်စပ်နဲ့ ချိတ်ဆက်ပြီးလုပ်နေတဲ့ ကိုယ့်အထက်က ဗကသ ခေါင်းဆောင်တွေ အဖမ်းခံရတယ်။ ၁၀တန်းပြီးတဲ့ အချိန်လောက်မှာ နောက်တစ်ချီ အောက်မြန်မာပြည်ဗကသက ခေါင်းဆောင်တွေ နယ်စပ်က ပြန်အဝင်မှာ ထပ်အဖမ်းခံရရော။ အဲဒီအချိန်မှာ ၁၀တန်းအောင်စာရင်း အရအမှတ်က YIT ဝင်လို့ရနေတယ်။ အဲဒီမှာ အိမ်ကစိတ်ပူရော။ အထူးသဖြင့် အဖေက ထောက်လှမ်းရေးရဲ့ စစ်ကျောရေးမှာ အစစ်ခံခဲ့ရဘူးတော့ သားလည်းဒီလို ခံရတော့မယ်ဆိုပြီး စိတ်ပူရော။ YIT ရောက်ယင်ပိုပြီး နိုင်ငံရေးထဲပါတော့မယ် ဆိုပြီး အဖိုးအဖွားတွေက လည်းစိတ်ပူကြတယ်။ ဒါနဲ့ ၁၉၉၁ မှာ စင်္ကာပူကို ထွက်ဖို့လွတ်လိုက်တယ်။

ကျွှန်တော် စင်္ကာပူမှာ အလုပ်လုပ်ရင်းကျောင်းတက်နေပေမယ့် စိတ်က ဘယ်လိုမှမပျော်ဘူး။ နိုင်ငံရေး လှုပ်ရှားမှုတွေဆီပဲ စိတ်ကရောက်နေတယ်။ ဒီလိုနဲ့ ABSDF နဲ့အဆက်အသွယ်ရှိပြီး တတ်နိုင်သမျှ ထောက်ပံ့ပေးနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အတူ ABSDF စခန်းသွားလည်ဖို့ စီစဉ်ပြီး ၁၉၉၂ခုထဲမှာ မင်းသမီး စခန်းကိုရောက်လာတယ်။ အဲဒီ အချိန်မှာ အယင်ရှိခဲ့ဘူးတဲ့ တော်လှန်ရေး စစ်သား လုပ်ချင်စိတ်က ထိမ်းမရတော့ဘူး။ စခန်းကို သွားလည်ယင်းနဲ့ ABSDF  တပ်ရင်း ၂၀၃ ကတပ်တွေ ရှေ့တန်းထွက်တော့ လိုက်ခဲ့မယ်ဆိုပြီး မြိတ် နဲ့ တနင်္သာရီ မြို့နယ်တွေက ရှေ့တန်းဒေသကို လိုက်သွားခဲ့တယ်။
ရှေ့တန်းမှာ တစ်လနီးပါးကြာခဲ့တယ်။ ဒီအခေါက်မှာပဲ ကိုယ့်အချင်းချင်း ရန်သူထင်ပြီး မှားပြန်ပစ်လို့ ရဲဘော်၂ ယောက်ကိုယ့်မျက်စိ ရှေ့မှာတင် ကျသွားရော။ လဲနေတဲ့ ဒီရဲဘော်တစ်ယောက်ခေါင်းကို သွားမလိုက်တော့ မတဲ့လက်က သူ့ဦးခွံထဲကို ကျွှံဝင်သွားတယ်။ ခေါင်းကို ကျည်ဝင်သွားတာကိုး။ လက်က သူ့ဦးနောက်တွေကို စမ်းမိရော။ ဖြစ်စကတော့ အတော့ကို လန့်သွားတာပဲ။ ဒါပထမဆုံး သေနတ်ပစ်ပြီး သေတဲ့သူကို ကိုင်ဖူးတာကိုး။ ဒါပေမယ့် တောထဲမှာနေပြီး သူပုန် စစ်သားဖြစ်ချင်တဲ့ စိတ်ကမပျောက်သွားဘူး။ ရှေ့တန်းကနေ ပြန်ရောက်တာနဲ့ စင်္ကာပူကိုခွာပြီး ABSDF မှာ သူပုန်ရဲဘော်လုပ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေရော။
ABSDF  မှာ အဲဒီအချိန်က ကိုမိုးသီးဇွန် (MTZ) နဲ့ ဒေါက်တာနိုင်အောင် (DNA) ဦးဆောင်တဲ့အုပ်စုဆိုပြီး နှစ်ခုဖြစ်နေပြီ။ ABSDF တပ်တွေက ယေဘူယျအားဖြင့် ကချင်ဒေသမြောက်ပိုင်း၊ မာနယ်ပလောဗဟိုဒေသ၊ မြိတ်-ထားဝယ် တောင်ပိုင်း နဲ့ ရခိုင်-အိန္နိယ နယ်စပ်အနောက်ပိုင်းဆိုပြီး အကြမ်းဖျင်း ခွဲလို့ရတယ်။ ၁၉၉၂ ခုကုန်မှာ ABSDF ကိုဝင်မယ်ဆိုတော့ စဉ်းစားစရာတွေလည်း ရှိလာတယ်။ ကချင်ဘက်မှာ သူလျှိုမှုနဲ့ အသတ်ခံရတဲ့ ဇာတ်လမ်းကလည်း ပူပူနွေးနွေး။ အစိမ်းကြီး ဒီအတိုင်း စင်္ကာပူ က တောလာခိုတာဆိုယင် ကိုယ့်ကို မသင်္ကာများ ဖြစ်မလားလို့ စိတ်ပူရသေးတယ်။ DNA ဘက်ထက်စာယင် MTZ အခြမ်းမှာ ဗကသက လှုပ်ရှားမှုအနွယ်နဲ့ ဆက်စပ်လို့ရသူတွေ ရှိတယ်။ နောက်ပြီး မင်းသမီး စခန်းမှာ အခြေစိုက်တဲ့ တပ်ရင်း ၂၀၃ ဆိုတာ တရင်းလုံးနီးပါး မြိတ်နယ်သား များတယ်။ ကျွှန်တော့ အဖေဘက်က တစ်ဆွေမျိုးလုံးက မြိတ်သားတွေဆိုတော့ ဆွေမျိုးစပ်ရတာ လွယ်တယ်။ ဒီလိုနဲ့ ABSDF (MTZ) ကတပ်ရင်း ၂၀၃ မှာ သူပုန်ကျောင်းသား ရဲဘော် ဖြစ်ခဲ့တယ်။ စစ်သားဖြစ်ချင်တဲ့ဆိုတဲ့ စိတ်ကလည်း ငယ်ငယ်ထဲက ရှိခဲ့တယ်။ အမေ့ဘက်ကအဖိုးက မြန်မာ့တပ်မတော်က ဗိုလ်မှူးဟောင်း။ ရဟတ်ယာဉ်ပျက်ကျပြီး ဆုံးသွားတဲ့ အတွင်းရေးမှုး ၂ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အပတ်စဉ် တစ်ခုထဲ။ ကျွှန်တော်ငယ်ငယ်ထဲက အဖိုးရဲ့စစ်စာစောင်တွေ စစ်နည်းပညာတွေ ဖတ်ပြီး အမြဲသဘောကျနေခဲ့တာ။ အဲဒီစိတ်အခြေခံတွေနဲ့ စစ်သားတော့ စစ်သားပဲ၊ ဒါပေမယ့် သူပုန်စစ်သားဖြစ်ခဲ့ရော။
ABSDF ရောက်တဲ့ အချိန်မှာ သတိထားမိတာက ၁၉၉၂ ကုန်လောက်ကတည်းက တောင်ပိုင်းမှာ ဗဟိုကော်မတီဝင်တွေက လွဲယင် တပ်ထဲမှာတာဝန်ယူတဲ့သူတွေထဲမှာ တက္ကသိုလ်ကျောင်းသားဆိုတာ ရှားသွားပြီ။ အဲဒီအချိန်က တပ်ရင်း ၂၀၃ ဆိုတာ ABSDF မှာအကြီးဆုံးတပ်ရင်းလို့ပြောလို့ရတယ်။ နယ်မြေခံ ဒေသပျောက်ကျားနဲ့ပါပေါင်းယင် အင်အား ၄၀၀ လောက်ရှိခဲ့တယ်။ ဒါပေမယ့်တပ်ထဲမှာ တက္ကသိုလ်ကျောင်းသား ဆိုလို့ တစ်ယောက်ပဲ ရှိတယ်။ ဗဟိုဒေသမှာရှိနေတဲ့ တပ်တွေထဲမှာတော့ တက္ကသိုလ်ကျောင်းသား တစ်ချို့ တပ်မှုးနေရာနဲ့ ဌာနဆိုင်ရာတွေမှာ တာဝန်ယူနေတာ ရှိသေးတယ်။ ဒါပေမယ့် ၁၉၉၃ လောက်မှာ ဗဟိုကော်မတီဝင်တွေကလွဲယင် တက္ကသိုလ်ကျောင်းသား ဆိုတာ တပ်တွေမှာ များများစားစား မကျန်တော့ဘူး။ ပြည်တွင်းပြန်မဝင်တဲ့ တက္ကသိုလ်ကျောင်းသား အများစုက ဘန်ကောက်မှာ ရောက်နေကုန်ကြပြီ။ ကချင်မြောက်ပိုင်း နဲ့ အိန္နိယနယ်စပ်ရောက် ကျောင်းသားတွေက ထိုင်းနယ်စပ်ရောက် ကျောင်းသားတွေလို ဒုက္ခသည်အဖြစ် အနောက်နိုင်ငံတွေကို သွားနိုင်တဲ့ အခွင့်အလမ်းနည်းပါးခဲ့တယ်။ ဒါကြောင့်မို့လို့ ရာခိုင်နှုန်းအရကြည့်ယင် ထိုင်းနယ်ဘက်ရောက်တဲ့ ကျောင်းသားတွေက နိုင်ငံခြားထွက်ခွင့်ရတာ ပိုများတယ်။ ၁၉၉၅ နောက်ပိုင်းတော့ အိန္နိယဘက်က ကျောင်းသားတစ်ချို့လည်း နိုင်ငံခြားထွက်ခွင့် ရခဲ့တယ်။
တောထဲမှာ နေတဲ့ဘဝက ရုပ်ပိုင်းဆိုင်ရာအရ ကြမ်းတယ်။ ကျွှန်တော်တို့ တောင်ပိုင်းစစ်ဒေသလို ထိုင်းငါးဖမ်းလှေတွေဆီက ပိုက်ဆံရှာ နိုင်တဲ့ တပ်တွေမှာတောင် ရိက္ခာဆိုတာ ဖြစ်ရုံရတာ။ ဇကွဲကြမ်းဆန်၊ ငရုပ်သီးခြောက်၊ ဆီက တစ်ယောက်ကို တလ ပုလင်းတစ်ဝက်၊ ငပိကြမ်း၊ ဆား နဲ့ အချိုမှုန့် ဆိုတာပဲပါတယ်။ ဒါကိုဖြစ်အောင် ကြံဖန်စား။ စစ်မတိုက်ခင် ငှက်ဖျားနဲ့ မသေအောင် အယင်လုံးပမ်းရတယ်။ ထိုင်းနယ်စပ်ကနေ မြန်မာပြည်ထဲက စခန်းရောက်အောင် ပုံမှန် ဆန်ထမ်းရတာက ၄နာရီကြာတယ်။ ရှေ့တန်းမှာ ဒဏ်ရာရလာလို့ ရှိယင် ဆေးရုံမပို့နိုင်ခင် လနဲ့ချီကြာတယ်။ ဒဏ်ရာပုတ်ပြီးသေသူတွေလည်း အများကြီးပဲ။ ဒီကြားထဲ အစိုးရနဲ့စစ်တိုက်လို့မဟုတ်ပဲ တစ်ခြား လက်နက်ကိုင်အဖွဲ့တွေက ဆွဲသတ်လို့ ခံခဲ့ရသူတွေ လည်းတစ်ပုံကြီး။ ကျွှန်တော် ABSDF ထဲဝင်စမှာ DNA ဖက်ခြမ်း တပ်ရင်း ၂၀၁ ကရဲဘော် ၁၁ ယောက်ကို ကရင်တပ်က ရှင်းပစ်တဲ့ အဖြစ်အပျက်ကလည်း ရှိခဲ့ဘူးတယ်။ စာရင်းတွေအရ လွန်ခဲ့တဲ့ ၂၃ နှစ်ကျော် ကာလတွေ အတွင်းမှာ ABSDF တစ်ခုလုံးမှာ ကျဆုံး ၆၂၉ ယောက်၊ ဒဏ်ရာရ ၄၀၂ စုစုပေါင်း ၁၀၃၁ ယောက်ရှိခဲ့တယ်။ ကျွှန်တော်တို့ တပ်ရင်း ၂၀၃ တစ်ခုထဲမှာတင် ကျဆုံး ၅၀ ကျော်လောက်ရှိတယ်။ တောခိုခဲ့တဲ့ ABSDF ရဲဘော်တွေအားလုံးလိုလိုမှာ ဒီအခက်ခဲတွေ ဖြတ်ခဲ့ရတယ်။
ABSDF ဟာ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အတွက် သူ့ဖွဲ့စည်းပုံရော အမိန့်စည်းဆင်းမှုက စစ်တပ်ပုံစံပဲ။ ကျွှန်တော်တို့ မှာ လဝ (လျှို့ဝှက်) စည်းမျဉ်း ဥပဒေတွေရှိတော့ အဖွဲ့အစည်း ကိစ္စတော်တော်များများကို ဗဟိုကော်မတီဝင် မဟုတ်တဲ့ ကျွှန်တော်တို့လို အောက်ချေရဲဘော်တွေ မသိကြဘူး။ ဗဟိုကော်မတီဝင်ထဲမှာတောင် ဦးဆောင်ကော်မတီဝင်လောက်ပဲ အရေးကြီးတဲ့ ကိစ္စတွေ သိခွင့်ရတယ်။ ဥပမာ DNA ဖက်ခြမ်း ကချင်ကိစ္စမှာ သူလျှိုလို့စွတ်စွဲပြီး သတ်ပစ်တာမျိုးတွေ၊ MTZ  ဖက်ခြမ်းက ကိုဌေးနိုင်ကို စပိုင်အဖြစ်နဲ့ ဖမ်းပြီးချုပ်ထားတဲ့ ကိစ္စတွေ ဆိုတာ ABSDF မှာရှိစဉ် အခါက ခပ်ရေးရေးပဲ သိခဲ့ရတာ။ တောင်ပိုင်းရဲဘော် အများစုက ဗဟိုနဲ့ ဝေးတာကြောင့်လဲပါတယ်။ ABSDF အတွင်းရေးတွေဆိုတာ တပ်ထဲမှာ ရှိစဉ်ကထက် အပြင်ရောက်မှ ပိုသိခဲ့ရတာ။
အခက်အခဲတွေ ပြဿနာတွေ ရှိပေမယ့် ABSDF မှာရှိခဲ့တဲ့ ၄ နှစ်အချိန်မှာ ဘယ်တုန်းကမှ “လာခဲ့မိတာမှားလေခြင်း” လို့ တစ်ခါမှ နောင်တမရခဲ့ဘူးဖူး။ ကျွှန်တော့်ဘဝမှာတွေးပြီးကျေနပ်ခဲ့တဲ့ အချိန်တွေထဲမှာ အဲဒီတုန်းက အခိုက်အတန့်တွေလည်းပါတယ်။ ဒီအခက်အခဲတွေကို ကြန့်ကြန့်ခံရပ်နိုင်ခဲ့တဲ့ အဓိက အကြောင်းတစ်ခုက ကိုယ်နဲ့အတူ ရုန်းကန်ခဲ့တဲ့ ရဲဘော်တွေကြောင့်ဘဲ။ နောက်ပိုင်းလေ့လာရင်းနဲ့သိလာတာက တစ်ခြားစစ်ပွဲတွေကို သုတေသနပြုထားတဲ့ ကျမ်းတွေမှာ ရှင်းပြတာခဲ့တာရှိတယ်။ စစ်သားတွေ စစ်တိုက်ကြတဲ့ အခါမှာ သူတို့အတွက် အဓိကအရေးအကြီးဆုံးက အယူဝါဒတို့ ခေါင်းဆောင်တို့ အဖွဲ့အစည်းတို့ထက် သူ့တို့ဘေးက ရဲဘော်ရဲဖက်တွေက ပိုအဓိကကျတယ်လို့ ဆိုတယ်။ ကိုယ်နဲ့ဒိုးတူဘောင်ဖက် နေခဲ့တဲ့ရဲဘော်တွေက ကိုယ့်ရဲ့ခွန်အားလိုဖြစ်လာတယ်။ နောက်တစ်ခုက တောထဲမှာရှိနေတုန်းက ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေးသမားကြီးဆိုတဲ့ သတ်မှတ်ချက်နဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ ငါတို့ တော်လှန်ရေး လုပ်နေတာဆိုပြီး ကျေနပ်နေခဲ့တာပဲ။
နောက်တစ်ခု သတိထားမိတာက တောထဲမှာနေခဲ့စဉ် တောက်လျှောက်မှာ ကျွှန်တော်အပါအဝင် ကျွှန်တော်တို့ ရဲဘော်တွေကြားမှာ မဆွေးနွေးဖြစ်တာ ၂ ခုရှိတယ်။ တစ်ခုက ကျွှန်တော်တို့ရဲ့အနာဂတ် အကြောင်း။ ကျွှန်တော်တို့ ဘဝမှာ ဘာဖြစ်ဖို့ ရည်မှန်းချက် ရှိတယ်တို့၊ နောက်၁၀နှစ် နှစ်၂၀မှာ တို့ဘဝ ဘာဖြစ်လာမယ်တို့ ဆိုတာ မပြောကြဘူး။ နောက်တစ်ခုက ကျွှန်တော်တို့ရဲ့ မိဘတွေကို ဘယ်လိုလွမ်းတယ်ဆိုတဲ့ အကြောင်း အချင်းချင်း ပြောကိုမပြောကြတာ။ ပုထုဇဉ်လူသားပီပီ ဘဝမှာ ဖြစ်ချင်တာတွေ မရှိလို့လဲမဟုတ်ဘူး။ ကိုယ့်ရဲ့မိဘကို သတိမရလို့ မချစ်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီအကြောင်းတွေ စဉ်းစားလိုက်ယင် ကိုယ်ခံနေရတဲ့ဒုက္ခတွေ ရင်ဆိုင်ဖို့အားပျော့ သွားမှာမို့ ကျွှန်တော်တို့ရဲ့ မသိစိတ်ထဲက အလိုအလျှောက် ဒါတွေမစဉ်းစားမိအောင် ကန့်လန့်ကာချထား တာလို့နောက်တော့ပြန်တွေးမိတယ်။
ABSDF မှာက နိုင်ငံတကာဆက်ဆံရေး လိုအပ်ချက်တွေအရ အင်္ဂလိပ်စကားရေးနိုင်ပြောနိုင်တဲ့ သူတွေကို ဘန်ကောက်နဲ့ အခြားနေရာက မြို့ပေါ်ရုံးတွေမှာ တာဝန်ပေးလေ့ရှိတယ်။ ကျွှန်တော်ကတော့ တောထဲနေရတာ သဘောကျတယ်။ တစ်ခါတစ်လေ တပ်ထောက်တာဝန်နဲ့ ထိုင်းမှာ ရိက္ခာ စစ်လက်နက်ပစ္စည်း သွားဝယ်တာက လွဲယင် ဒီ၎နှစ်လုံးလုံး အများစုက တနင်္သာရီရိုးမမှာပဲ အချိန်ကုန်ခဲ့တာ များတယ်။ ထိုင်းနိုင်ငံက ကျွှန်တော်တို့လက်နက်ကိုင် အဖွဲ့တွေရဲ့ ထောက်ပံ့ရေး ကြောရိုး။ ဆန်ကအစ လက်နက်ခဲယမ်းအဆုံး ထိုင်းကဝယ်ရတော့ ထိုင်းထောက်လှမ်းရေး ရဲတပ်ဖွဲ့တွေကိုလည်း ခဏခဏ လဒ်ထိုးရတယ်။ ထိုင်းစစ်တပ်နဲ့ ထိုင်းထောက်လှမ်းရေးပေါင်းပြီး လက်နက်မှောင်ခိုသယ်ပြီး မြန်မာပြည်ထဲက လက်နက်ကိုင်အဖွဲ့တွေကို ရောင်းတယ်။ ထိုင်းအစိုးရရဲ့ ပေါ်လစီထက်စာယင် ဒါကသူတို့ အတွက် ကြားပေါက်ရှာတာပဲ။ ထိုင်းဘက်ကိုလည်း သွားရလွယ်တော့ တောထဲမှာ လက်နက်ကိုင်ဘဝနဲ့ ဆက်မနေချင်တဲ့ ရဲဘော်တချို့လည်း ထိုင်းနယ်ထဲ ဝင်ပြေးပြီး ဘန်ကောက်ထွက်သွား ကြသူတွေလည်း မနဲဘူး။
ABSDF တပ်ရင်းတော်တော်များများက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေထဲမှာ ခိုလုံရတာ ဆိုတော့ သူတို့ရဲ့ အကန့်အသတ်ထဲမှာ နေခဲ့ရတယ်။ ဒါပေမယ့် ကျွှန်တော်တို့ တောင်ပိုင်းက တပ်ရင်း ၂၀၁၊ ၁၀၂ နဲ့ ၂၀၃ ကတော့ ၁၉၉၃ ခု နှစ်လည်လောက်ကစပြီး တနင်္သာရီရိုးမက မွန်တပ်နဲ့ KNU လက်အောက်ခံ မွတ်ဆလင်တပ် နှစ်ခုကြားက နေရာကိုဝင်ယူပြီး ABSDF ကိုယ်ပိုင်နယ်မြေဆိုပြီး သတ်မှတ်လိုက်တယ်။ ကိုယ့်နယ်နဲ့ကိုယ်ဆိုတော့ လွတ်လွတ်လပ်လပ်ရှိလာတယ်။ အမဲသားငါး ရှာရတာလည်းလွယ်လာတယ်။ သစ်လာခုတ်တဲ့သူတွေဆီက အခွန်အကောက်ရတယ်။ ABSDF ရဲ့ခြေကုပ်ရလာတဲ့ နေရာဖြစ်လို့ KNU က ABSDF ခေါင်းဆောင်တစ်ချို့ကို ယာယီ ထိမ်းသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း ၁၉၉၄ လောက်မှာ ABSDF ဗဟိုလုပ်ငန်းနဲ့ ခေါင်းဆောင်တစ်ချို့ တောင်ပိုင်း ရွေ့လာခဲ့တယ်။ အဲဒီ အချိန်မှာ တောင်ပိုင်းတပ် အများစု ကလည်း နောက်တန်းရောက်နေတော့ ဗဟိုက တာဝန်ပေးချက်အရ ကျွှန်တော်နဲ့အတူ လာကူပေးနေတဲ့ သြစတေးရီးယား နိုင်ငံသား စစ်သားတစ်ယောက် အတူတွဲပြီး ၁၉၉၅ အတွင်းမှာ စစ်သင်တန်း ပေးတာတွေ လုပ်နေခဲ့တယ်။ တစ်ချို့နိုင်ငံခြားသားတွေက သူတို့နိုင်ငံမှာ အဲဒီအချိန်က စစ်ပွဲတွေမရှိတော့ အတွေ့အကြုံရ အောင်ဆိုပြီး မြန်မာပြည်က သူပုန်တွေနဲ့ လာတိုက်ကူနေသူတွေ ရှိတယ်။ တစ်ချို့ ကလည်း ခရစ်ယာမ် လက်ယာဂိုဏ်းဝင်တွေဖြစ်ပြီး မြန်မာအစိုးရက ခရစ်ယာမ်ဘာသာဝင်တွေကို နိုပ်ကွပ်တယ်ဆိုပြီးတော့ KNU၊ KIO စတဲ့ အဖွဲ့တွေ ဘက်မှာ တိုက်ကူနေသူတွေလဲ ဒီနေ့အထိရှိတယ်။ သြစတေးရီးယား သူငယ်ချင်းနဲ့အတူပါလာတဲ့ ဗီယက်နမ်စစ်ပွဲ အကြောင်းတို့ လက်နက်ကိုင်ပုန်ကန်မှုကို အစိုးရတွေ ချေမှုန်းတဲ့ နည်းဗျူဟာ နဲ့ပတ်သက်တဲ့ စာအုပ်တွေကို ဖတ်ရတဲ့အခါ ကျွှန်တော်တို့နားလည်တဲ့ မော်စီတုန်းရေးခဲ့တဲ့ ရေရှည်စစ်မဟာဗျူဟာ အပေါ်မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့တယ်။

(၄ ပိုင်းခွဲရေးထားတဲ့ ဆောင်းပါး ပါ။ နောက်၃ပိုင်းကို Voice Weekly က ဆက်ဖော်ပြသွားမှာပါ။)
 
 
၂၁နှစ်ခရီးရဲ့ အိမ်အပြန် အမှတ်တရများ (၂) -Voice Weekly October 27, 2012

by Min Zaw Oo on Sunday, November 4, 2012 at 7:34am ·


ABSDF တောင်ပိုင်း တနင်္သာရီရိုးမ ပေါ်မှာနေခဲ့ယင်းနဲ့ ၁၉၉၅ နှစ်ကုန်ခါနီးလောက်မှာ ကျွှန်တော်တို့ ဒေသကို အစိုးရတပ်တက်မယ်လို့ သတင်းရလို့ ကျွှန်တော်တို့ ဗဟိုလုံခြုံရေး တပ်ကရဲဘော်တွေ ခံစစ်ကုန်းဖြစ်တဲ့ “ပွိုင့်ကုန်း” မှာတက်ပြီး ခံစစ်နေရာယူရတယ်။ တစ်ရက်တော့ ဗဟိုရုံးက ဆက်သွယ်ရေးစက်နဲ့ ခေါ်လို့သွားတော့ “ဒီနှစ်မှာ ပထမဦးဆုံး အနေနဲ့ ဗဟိုကော်မတီမှ အပ ABSDF ရဲဘော်တွေ ပညာသင်ခွင့် လျှောက်မယ်ဆို လျှောက်ခွင့်ပြုတယ်” လို့ဆိုတယ်။ ABSDF စဖွဲ့ကာစအချိန်မှာ နိုင်ငံတကာကအဖွဲ့အစည်းတွေက ကျောင်းသားတွေ ပညာဆက်လက်ဆည်းပူးခွင့်ရအောင်ဆိုပြီး ပညာသင်ထောက်ပံ့ဖို့ အစီအစဉ်တွေ လာကမ်းလှမ်းဘူးတယ်။ အဲဒီအချိန်က ABSDF ခေါင်းဆောင်တွေရဲ့ အမြင်မှာက လက်နက်ကိုင်တော်လှန်ရေးက အရေးကြီးတယ်၊ နိုင်ငံခြားထွက်တာ တော်လှန်ရေး အချောင်သမားတွေပဲဆိုတဲ့ အယူအဆတွေနဲ့ လာကမ်းလှမ်းတဲ့ ပညာသင်ခွင့် အစီအစဉ်တွေကို ပယ်ချခဲ့တယ်။ ABSDF ရဲဘော်တစ်ယောက် နိုင်ငံခြားထွက်ချင်ယင် အဖွဲ့ကနေထွက်။ ပညာသင်ဖို့ စကောလားရှစ် လျှောက်ချင်ယင် အဖွဲ့ကနေထွက်။ အဲဒီတော့ ပညာသင်ချင်တဲ့သူ စကောလားရှစ် ရနိုင်တဲ့ အရည်အချင်းရှိတဲ့ သူတွေက ထွက်ကြတာပေါ့။ ABSDF တည်ထောင်ပြီး ရ နှစ် ကြာတဲ့အခါမှ စကောလားရှစ် လျှောက်ချင်သူများကို လျှောက်ခွင့်ပေးခဲ့တာ။ ကျွှန်တော်လည်း အဲဒီအချိန်က နိုင်ငံခြားထွက်မယ်တို့ ပညာသွားသင်မယ်တို့ စဉ်းစားထားတာလည်း မရှိဘူး။ အဲဒါနဲ့ ဗဟိုရုံးက စကောလားရှစ် လျှောက်လွှာကိုယူပြီး တာဝန်ကျတဲ့ ပွိုင့်ကုန်းကို ပြန်တက်လာတယ်။
ကုန်းပေါ်ပြန်ရောက်တော့ ၃ ရက် အချိန်ယူ ကျွှန်တော် စဉ်းစားတယ်။ အယင်ဆုံး စဉ်းစားတာက လက်ရှိ ABSDF ရဲ့အခြေအနေ။ ၁၉၉၅ မှာ လက်နက်ကိုင် အတိုက်အခံတွေရဲ့ အချက်အချာဖြစ်တဲ့ KNU ဌာနချုပ် မာနယ်ပလော ကျသွားခဲ့တယ်။ လက်ရှိခေါင်းဆောင်တွေကတော့ “ဒါဟာရေရှည်စစ်ဖြစ်တယ်၊ ဆက်လက်တိုက်ပွဲဝင်ရမယ်” လို့ ရဲဘော်တွေကို ပြောနေကြပေမယ့် ကျွှန်တော်တို့ မျက်စိရှေ့မှာတင် ဗဟိုဦးဆောင် ကော်မတီဝင်တွေ တပ်မှူးတွေ လုပ်ဖော်ကိုင်ဘက်ရဲဘော်တွေ ဘန်ကောက်တက်ပြီး ဒုက္ခသည် လျှောက်နေတာ မနဲတော့ဘူး။ တောင်ပိုင်းတပ်တွေ အားလုံးမှာလည်း ၁၉၉၃ နောက်ပိုင်း ကစပြီး စစ်ဦးကြိုးသွားတာ နားလန်ပြန် မထူနိုင်ခဲ့ဘူး။ လက်နက်ခဲယမ်းကလည်း ခတ်ယဲ့ယဲ့ပဲရှိတော့တယ်။ ကိုယ့်မှာရှိတဲ့ ကျည်ဆန် ပြန်ရေကြည့်လိုက်တော့  အတောင့် ၁၀၀ တောင်မပြည့်ဘူး။ နောက်ဆုံး သူပုန်ဘဝမှာ ကိုယ်ဘယ်တော့မှ မစဉ်းစားခဲ့တဲ့ ကိုယ့်ရဲ့အနာဂတ် အကြောင်းကို ကိုယ်စဉ်းစားခဲ့တယ်။ နောင် ၁၀ နှစ် အနှစ် ၂၀ မှာ ငါဘာဖြစ်ချင်လည်း? လက်ရှိတောထဲက အခြေနေနဲ့ ငါဘာဖြစ်လာမလဲလို့ စဉ်းစားလိုက်တဲ့ အခါမှာ ကျွှန်တော် အရမ်းစိုးရိမ်သွားတယ်။ တစ်ချိန်က မသိစိတ်ကဖုံးထားတဲ့ ပကတိကန့်လန့်ကာ ကို ဆွဲဖွင့်လိုက်ပြီး လက်တွေ့ဘဝက အနာဂတ်ကို လှမ်းကြည့်လိုက်တဲ့အခါမှာ တောထဲမှာ သူပုန်ဘဝနဲ့ ဆက်နေလို့ မရတော့ဘူးဆိုတာ မြင်လာတယ်။ ဒီ စကောလားရှစ် ကကျွှန်တော့် ဘဝအတွက် ဘယ်လောက် အရေးကြီးလည်းလို့ သိလာတယ်။ ကျွှန်တော် ဆုံးဖြတ်ချက်ကို ချလိုက်တယ်။ ဒီ စကောလားရှစ်ကို ရအောင်ဖြေမယ်လို့။ အဲဒီနေ့က မှတ်မှတ်ရရ ကတုတ်ကျဉ်းပေါ်မှာ ဆောက်ထားတဲ့ တဲလေးပေါ်မှာ စကောလားရှစ် လျှောက်လွှာကို ရေးဖြည့်ခဲ့တယ်။
အဲဒီအချိန်က စကောလားရှစ် လျှောက်လွှာတင်ခွင့်ရခဲ့ ပေမယ့် ABSDF ထဲမှာ အရည်အချင်းရှိလျှက်နဲ့ မတင်ခဲ့တဲ့ ရဲဘော်တစ်ချို့ ရှိပါတယ်။ အဲဒီအချိန်က လက်နက်ကိုင် တော်လှန်ရေးကို စွန့်လို့မရဘူး ဆက်ဆုတ်ကိုင်ထားရမယ် ဆို့တဲ့ အယူအဆကလည်း တစ်ချို့ခေါင်းဆောင်တွေနဲ့ ရဲဘော်တော်တော် များများကြားမှာ ရှိနေတုန်းပဲ။ စကောလားရှစ် လျှောက်ဖို့ခွင့်ပြုခဲ့တဲ့ အချိန်နဲ့ လျှောက်လွှာတင်ရမယ့် ရက်ကသိတ်ကပ်လွန်းတော့ စဉ်းစား ပြင်ဆင်ဖို့ အချိန်မရတာလည်း ပါလိမ့်မယ်။
ABSDF နှစ်ခုပေါင်းမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရ ယောက်ဝင်ဖြေတယ်။ ကျွှန်တော့်တို့  MTZ အခြမ်းက ၃ ယောက်လျှောက်လွှာတင်တာ ကျွှန်တော် အပါအဝင် ၂ ယောက်ကို ဘန်ကောက်မှာ TOEFL အင်္ဂလိပ်စာ စစ်ဆေးတဲ့ စာမေးပွဲ လာဖြေဖို့နဲ့ အင်တာဗျူး ဖြေဖို့ဆိုပြီး အရွေးခံရတယ်။ DNA ဘက်ကလည်း ၄ ယောက်လျှောက်လွှာတင်တာ၂ ယောက် ထပ်ဆင့်ရွေးချယ်ခံရတယ်လို့ သိရတယ်။ ထိုင်းနိုင်ငံနဲ့ အိန္နိယ ၂ခုလုံးက မြန်မာကျောင်းသားပေါင်း ၂၀၀ လောက် ဝင်လျှောက်ကြတယ်။ အားလုံးပေါင်းလူ ၄၀ လောက် TOEFL ဖြေခွင့်ရတယ်။ ဘန်ကောက်မှာ TOEFL ဖြေရမယ်လို့ သိရတော့ တစ်ပတ်ပဲ အချိန်ရတယ်။ ဒီလိုနဲ့ ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ပြီး ဘန်ကောက်တက်လာခဲ့တယ်။ ဘန်ကောက်က ရုံးရောက်တော့ စာဖတ်ဖို့ ၃ ရက်အချိန်ရတယ်။ ဖြစ်ချင်တော့ ငှက်ဖျားကလည်း ထနေတဲ့ အချိန်။ ဒီစကောလားရှစ်က အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေးဌာနအောက်က ပေးတာ။ အယင် ၃ ခေါက်ပေးခဲ့ပေမယ့် ဆက်မပေးတာ ၃နှစ်ရှိပြီ ဆိုတော့ ဒီ စကောလားရှစ်ကို ဖြေဖို့ ဘန်ကောက်မှာ ပြင်ဆင်ပြီး စောင့်နေသူတွေလည်း အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ကျွှန်တော်ကတော့ ရတဲ့ ၃ ရက်နဲ့ အတတ်နိုင်ဆုံးကြိုးစား ပြင်ဆင်မယ်။ မရလည်း ကိုယ်အားထုတ်ခဲ့တာ အမြတ်ပဲပေါ့။
TOEFL ဖြေပြီး အမှတ်ထွက်လာတော့ အမှတ်များသူတွေ ထဲမှာ ကျွှန်တော်အပါအဝင် ဖြစ်တယ်။ ဒါပေမယ့် နောက်မှ ပြန်သိရတာက ရွေးချယ်ရေး ကော်မတီထဲက တစ်ယောက်က ကျွှန်တော်ကို မပေးဖို့ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ အင်တာဗျူးတုန်းက ကျွှန်တော်က အမေရိကန်ရောက်ရင် မြန်မာနိုင်ငံရေး ဆက်လုပ်မယ်လို့ ပြောတော့ ဒီကောင်စာကြိုးစားမှာ မဟုတ်ဖူး၊ နိုင်ငံရေးပဲလုပ်မှာ ဆိုတဲ့ မှတ်ချက်နဲ့ ကျွှန်တော့်ကို မပေးဘူးလို့ ပြောတာပြန်သိရတယ်။ ဒါပေမယ့် ကျန်တဲ့ ရွေးချယ်ရေး ကော်မတီဝင်တွေက ထောက်ခံမဲ ပိုသာလို့ ကျွှန်တော် စကောလားရှစ် ရခဲ့တာပါ။ ဒီလိုနဲ့ ထိုင်းဖက်က ကျောင်းသား ၄ ယောက်၊ အိန္နိယဖက်က ၃ ယောက် ရွေးချယ်ပြီး အမေရိကန် ပညာသင်ဖို့ အခွင့်အလမ်းရခဲ့တယ်။ လက်ရှိ ABSDF ရဲဘော်ထဲကတော့ ကျွှန်တော် တစ်ယောက်ပဲ ပါခဲ့တယ်။
ဒါပေမယ့် ထိုင်းနိုင်ငံ မူအရ သူ့နိုင်ငံက ပေးထွက်မယ့်သူဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့လိုတယ်။ ABSDF လက်ရှိရဲဘော်တွေ ထဲက စကောလားရှစ် လျှောက်သူအားလုံး ဘယ်သူမှ ဒုက္ခသည် လက်မှတ်မရှိကြဘူး။ အဲဒီအချိန်က အဖွဲ့အစည်းရဲ့မူ အရလည်း ဒုက္ခသည် လျှောက်လို့မရဘူးကိုး။ အဲဒီတော့ တက်သုတ်ရိုက်ပြီး ဒုက္ခသည်လျှောက်၊ ပြီးမှ အဖြစ်သဘောနဲ့ မနီလွိုင်ဒုက္ခသည် စခန်းမှာ ၅ရက်လောက်သွားနေခဲ့ရတယ်။ အဲဒီမှာရှိနေတုန်း အယင် ABSDF ကထွက်ပြီး ဒုက္ခသည် အဖြစ်နိုင်ငံခြားထွက်ဖို့ စောင့်နေတဲ့ ဗဟိုကော်မတီဝင် အဟောင်း တစ်ယောက်က တစ်ညတော့ မူးပြီး ပြဿနာလာရှာရော။ ကျွှန်တော်လည်းသူ့ကို ABSDF မှာရှိကတည်းက သိပ်သိတာ လည်းမဟုတ်ဘူး။ အယင်ပြဿနာလည်းမရှိဘူးခဲ့ဖူး။ ဘာဖြစ်လို့လဲမေးတော့ သူလည်း စကောလားရှစ် လျှောက်တာပဲ၊ သူ့လိုဗဟိုကော်မတီလုပ်ခဲ့တဲ့သူကိုမပေးပဲ ကျွှန့်တော်လို ရဲဘော်ကိုပေးလို့ဒါညစ်တာလို့ဆိုတယ်။ ကျွှန်တော်လည်း ဘယ်လို ရှင်းပြရမှန်းကို မသိဖြစ်သွားတယ်။ ABSDF ခေါင်းဆောင်ပိုင်းမှာလည်း ရေချိန်အမျိုးမျိုးရှိခဲ့တာကိုး။
၁၉၉၆ ခုနှစ်ဟာ ABSDF ရဲ့အချက်အချာကျတဲ့ နှစ်လို့ပြောလို့ရတယ်။ ကွဲနေတဲ့ ဘက်နှစ်ဘက်က ခေါင်းဆောင်တွေ ဆွေးနွေးညှိနိုင်းပြီး စက်တင်ဘာလမှာ MTZ နဲ့ DNA ဘက်နှစ်ဘက်ကို ပေါင်းစည်းနိုင်ခဲ့တယ်။ ဒီအတွက် ကြောင့်လည်း ကျွှန်တော်တို့ ရဲဘော်တွေ ကြားမှာ အားတက်ခဲ့ရတယ်။ မြန်မာပြည် လက်နက်ကိုင်ဆန့်ကျင်ရေး သမိုင်းမှာ နှစ်ဖွဲ့ကွဲခဲ့ပေမယ့် တစ်ဖက်နဲ့တစ်ဖက် လက်နက်နဲ့ပစ်ခတ်တိုက်ခိုက်တဲ့ အဆင့်ထိ မရောက်ခဲ့တာ ABSDF တစ်ဖွဲ့ထဲပဲရှိတယ်။ နှစ်ဖွဲ့ကွဲတဲ့ အချိန်မှာတောင် တစ်ဖက်နဲ့တစ်ဖက် အတူသွားလာစားသောက် လုပ်ခဲ့ကြတယ်။ ဒါကြောင့် KNU ကတစ်ချို့လူကြီးတွေက ABSDF ကဟန်ဆောင်ကွဲတာလို့ နောက်ပြောင်ပြောတာ ကြားဖူးခဲ့တယ်။
ပေါင်းစည်းရေးဖြစ်ခဲ့ပေမယ့် စစ်ရေးအရမှာတော့ တော်တော်အထိနာခဲ့တယ်။ အင်အားအကြီးဆုံးဖြစ်တဲ့ တောင်ပိုင်းက တပ်တွေ ကစဥ့်ကလလျား ဖြစ်ခဲ့တဲ့ အချိန်ပေါ့။ အယင် MTZ အခြမ်းက အကြီးဆုံးဖြစ်တဲ့ တပ်ရင်း ၂၀၃ တစ်ခုလုံးနီးပါး တပ်ရင်းမှုးကိုယ်တိုင် လက်နက်ချတဲ့ အပြင် တပ်နှစ်ခြမ်းကွဲ ပြီး အခြားတစ်ခြမ်းလည်း ဒုက္ခသည် ဖြစ်သွားကြတယ်။ အယင် DNA အခြမ်းက KNU တောင်ပိုင်း မင်းသမီး စခန်းမှာထိုင်တဲ့ တပ်တွေလည်း စခန်းကျပြီးနောက်ပိုင်း စုဖွဲ့မှု ပျက်သလောက်ဖြစ်သွားတယ်။ အဲဒီအချိန်က တောင်ပိုင်းစစ်ဒေသရဲ့ နိဂုံးလို့သုံးသတ်မှတ်ယင်လည်း မမှားဘူး။ KNU ဌာနချုပ် မာနယ်ပလော ကျသွားပြီးတဲ့နောက် အဲဒီနေရာက ABSDF တပ်တွေမှာလည်း ဒုက္ခသည် လျှောက်သူတွေ များလာတယ်။ ရဲဘော်အများစုလည်း တပ်ထဲမှာထက် ထိုင်းဘက်ခြမ်းက ဒုက္ခသည် စခန်းထဲမှာ အနေများလာတယ်။ ABSDF ခေါင်းဆောင်ပိုင်းမှာလည်း အတော်များများ လက်နက်ကိုင် တော်လှန်ရေးရဲ့ထိရောက်မှုကို သံသယဝင်နေကြပြီ။ ၁၉၉၇ လောက်ကစပြီး ABSDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် အချို့လည်း ခေါင်းဆောင်တွေကို ရည်ရွယ်ပြီး ပေးတဲ့ စကောလားရှစ်တွေကို ယူပြီး နိုင်ငံခြားထွက် ကျောင်းတက်နေကြပြီ။
ပေါင်းစည်းရေး လုပ်ပြီးတဲ့နောက်မှာ ABSDF ရဲ့ဥက္ကဌက ဒေါက်တာနိုင်အောင်၊ ဒု-ဥက္ကဌ ကိုမိုးသီးဇွန်၊ အတွင်းရေးမှူးက ကိုအောင်သူငြိမ်း ဖြစ်လာတယ်။ ပေါင်းစည်းရေးဖြစ်စကတော့ နှစ်ဘက် အဆင်ပြေပြေ အလုပ်တွေ လုပ်နိုင်မယ်လို့ ထင်ခဲ့တယ်။ တကယ့်လက်တွေ့မှာတော့ ဂိုဏ်းဂဏ အစွဲမပြတ်သူတွေက ခေါင်းဆောင်ပိုင်းမှာရော ခေါင်းဆောင်စွဲကြီးတဲ့ နောက်လိုက်တွေမှာ ရှိနေဆဲပါ။ နှစ်ဘက်ပေါင်းစည်းရေး လုပ်ပြီးတဲ့အခါမှာ DNA အခြမ်းက စီမံခန့်ခွဲရေးမှာ ကျွှန်တော်တို့ဖက်ခြမ်းထက်ပိုသာတယ်။ ပိုစည်းစနစ်ကျတယ်။ အရေးပါတဲ့နေရာတွေမှာ နေရာယူနိုင်ခဲ့တယ်။ ABSDF ထဲတင်မကဘူး နယ်စပ်မှာ ပြည်တွင်းလုပ်ငန်းအတွက် အဓိကငွေရတဲ့ နိုင်ငံရေးအံတုမှုကော်မတီ (Political Defiance Committee-PDC) မှာလည်း အယင် DNA ဘက်သူတွေဦးဆောင်ခဲ့တယ်။ အဲဒီ အချိန်က နယ်စပ်အဖွဲ့တွေရဲ့ မဟာဗျူဟာက မြန်မာပြည်တွင်းမှာ ၈၈၈၈ လို လူထုအုံကြွမှု တစ်ခုဖြစ်အောင် လှုံ့ဆော်ပြီး တစ်ဖက်ကလည်း လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဖိအားပေးရမယ်လို့ကြိုးပမ်းနေကြတဲ့ အချိန်ကိုး။
ပေါင်းစည်းရေးဖြစ်ခဲ့ပေမယ့် ABSDF ခေါင်းဆောင်ပိုင်းမှာ အယင်ရှိခဲ့တဲ့ ပုဂ္ဂိုလ်ရေး အုပ်စုတိုက်ပွဲတွေက ပိုပြင်းထန်လာတယ်။ အထူးသဖြင့် ၁၉၉၉ လောက်က ABSDF ခေါင်းဆောင် တစ်ယောက်ရဲ့ အိမ်ထောင်မှုဆိုင်ရာ လူမှုရေး အရှုပ်အရှင်း ဖြစ်လာတဲ့အခါ အဖွဲ့အစည်းမှာ အရေးယူမှု မရှိခဲ့ဘူး။ ဒါနဲ့ပတ်သက်ပြီတော့ အဖွဲ့ထဲမှာ တော်တော်မကျေမနပ်ဖြစ်ကြတယ်။ PDC မှာ ဒေါက်တာနိုင်အောင် အခြမ်းကသူတွေ ဦးစီးလုပ်ဆောင်နေတဲ့ အပေါ် အစာမကျေတာနဲ့ ကိုမိုးသီးဦးဆောင်ပြီး နောက်ထပ် ပြည်တွင်းလုပ်ရှားမှု ကော်မတီတစ်ရပ် အနေနဲ့ ၉-လေးလုံး လှုပ်ရှားမှု အတွက်ဆိုပြီး လုပ်ကြတယ်။ နယ်စပ်မှာ ပြည်တွင်းလုပ်ငန်း လုပ်ကြတယ့်အခါ အုပ်စုတွေ ဘယ်လောက်ကွဲနေပစေ ငွေထောက်ပံ့တဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေကတော့ အတူတူပဲ။ အမေရိကန် အခြေစိုက်ဖြစ်တဲ့ National Endowment for Democracy (NED), International Republican Institute (IRI), Open Society Institute (Burma Project) နဲ့ National Democratic Institute (NDI) တို့က ပြည်တွင်းလူထုအုံကြွမှု ဖြစ်အောင် လှုံ့ဆော်ရေးလုပ်ငန်းတွေ အတွက် အဓိကထောက်ပံ့ ခဲ့ကြတယ်။ သူတို့သဘောကျယင် ကျသလို အဖွဲ့တွေကို ထောက်ပံ့မှုတွေလုပ်ခဲ့တယ်။
နိုင်ငံခြားအဖွဲ့တွေက သေနတ်ကိုင်တိုက်တဲ့ ကိစ္စတွေ အတွက်မပေးဘူး။ ဒါပေမယ့် လိုအပ်ချက်အရ နိုင်ငံခြား အဖွဲ့တွေက ငွေအချို့ကို လက်နက်ကိုင် လုပ်ငန်းတွေ အတွက် သုံးခဲ့ကြရတယ်။ ပြည်တွင်း စီမံချက်လုပ်တဲ့ သူတွေမှာ ပစ္စည်းဝယ် ဘောက်ချာ စာအုပ်အလွတ်တွေ ဆောင်ထားရတယ်။ ငွေပေးတဲ့ နိုင်ငံခြားအဖွဲ့တွေကို ဖြတ်ပိုင်းအတုလုပ်ပြီး စာရင်းလိမ်ပြ၊ တစ်ချို့ငွေတွေကို ကိုယ့်တပ်တွေ အတွက်ထောက်ပံ့ ခဲ့ရတယ်။ အဲဒီအချိန်မှာ အယင်လို တောင်ပိုင်းစစ်ဒေသက ပင်လယ်ပြင်ထွက်ပြီး ထိုင်းငါးဖမ်းလှေတွေက အခွန်အကောက်လည်း မရတော့ဘူးကိုး။ အဲဒီတုန်းက ပြည်တွင်းUG လုပ်သူတွေ၊  ABSDF ခေါင်းဆောင်ပိုင်းတွေ ကိုယ်ရေးကိုယ်တာအတွက် ငွေလိမ်တာ ဘုံးတာ သိပ်မရှိဘူး။ သောက်တာစားတာ ပျော်တာပါးတာ အနဲအပါးတော့ ခေါင်းဆောင်တစ်ချို့မှာရှိပေမယ့် အခုနောက်ပိုင်းကြားရတဲ့ အိမ်လုံးချင်း ဝယ်တာတို့ ကားလုံးချင်း စီးတာတို့ဆိုတာ ၂၀၀၀ ခုလောက်အထိ မရှိသေးပါဘူး။  တစ်ဖက်နဲ့တစ်ဖက် မျက်စိထောက်ထောက် ကြည့်နေတာလည်း ပါလိမ့်မယ်။   
ဒီပြဿနာတွေကြားမှာဘဲ ABSDF နှစ်ဘက်လုံးက ခေါင်းဆောင်တော်တော်များများက လက်နက်ကိုင် တိုက်ပွဲကို စွန့်ချင်နေကြပြီ။ ဒါပေမယ့် နှစ်ခြမ်းလုံးမှာ ဘယ်သူကမှ စပြီး ABSDF က စမခွာရဲဘူး။ နှစ်ဘက်လုံးက ခေါင်းဆောင်တွေက လက်နက်ကိုင် တော်လှန်ရေး နဲ့ အလုပ်မဖြစ်တော့ဘူးဆိုတာ ရဲဘော်တွေကို အသိပေးဖို့ တွန့်ဆုတ်နေခဲ့တယ်။ တိုက်တဲ့ရဲဘော်ကဆက်တိုက် သေတဲ့ရဲဘော်ကလည်း ဆက်သေနေဆဲပဲ။ ၁၉၉၉ ပဉ္စမအကြိမ် ညီလာခံအပြီး ၂၀၀၀ ခုနှစ်လောက် အရောက်မှာ ဘက်နှစ်ဘက်က ခေါင်းဆောင်တွေ နားလည်မှုယူပြီး ABSDF ကနေ ပြိုင်တူခွာဖို့ အတွက် ပြင်ဆင်ကြတယ်။ နှစ်ဘက်လုံးက ထွက်မယ့်ခေါင်းဆောင်တွေက သူတို့နီးစပ်ရာ အလိုက် တစ်ဖက်ဖက်ကို လိုက်ခဲ့ဖို့ ဆွေးနွေးစည်းရုံးခဲ့တယ်။ ဒါပေမယ့် အောက်ခြေတပ်တွေက ရဲဘော်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးတာမျိုးမရှိခဲ့ဘူးလို့ အဲဒီအချိန်တုန်းက တပ်ထဲမှာရှိတဲ့ ရဲဘော်တစ်ယောက်က ပြောပြခဲ့ဘူးတယ်။
၂၀၀၁ ခုလောက်မှာ ဒေါက်တာနိုင်အောင်ဦးဆောင်တဲ့အခြမ်းက ခေါင်းဆောင် တော်တော်များများက Network for Democracy and Development (NDD) ကိုထူထောင်ခဲ့တယ်။ ကိုမိုးသီးဇွန် ဖက်ခြမ်းက ခေါင်းဆောင်တွေနဲ့ ရဲဘော်တစ်ချို့ ကတော့ လူ့ဘောင်သစ်ပါတီ အဖြစ်လှုပ်ရှားမယ်လို့ ရွေ့ပြောင်းခဲ့ကြတယ်။  အဲဒီအချိန်မှာ အမေရိကန် ရောက်နေပြီး ဖြစ်တဲ့ ကျွှန်တော်လည်း ABSDF ကခွာတဲ့ အသုတ်မှာ လူ့ဘောင်သစ်ကို ဝင်မယ့် အဖွဲ့နဲ့ ပါခဲ့တယ်။ ကျန်ခဲ့တဲ့ ခေါင်းဆောင်အချို့နဲ့ ရဲဘော်တွေကတော့ ABSDF ရဲ့ အလံကို ဆက်ထိမ်းမယ် ဆိုတဲ့စိတ်နဲ့ အဖွဲ့အစည်းမှာ နေရစ်ခဲ့ကြတယ်။ ကျန်ခဲ့တဲ့ သူတွေကတော့ မိဘစွန့်ပစ်ခံရတဲ့ ခလေးတွေလို ဒေါသတွေနဲ့ ဝမ်းနဲခဲ့ကြတယ်။ ရဲဘော်တွေရဲ့ စိတ်ထဲမှာ သင်္ဘောကြီးမြုတ်နေတဲ့ အချိန်မှာ ခေါင်းဆောင်တွေက အရင်ဦးအောင် ခုန်ဆင်းသွားကြတယ်လို့ ခံစားမိကြတယ်။ ကျန်ခဲ့တဲ့သူတွေကလည်း မြုတ်နေပစေ ရသလောက်ရေခတ်ထုတ်ပြီး ဒီသင်္ဘောကြီးကို ဆက်မောင်းမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျန်ရစ်ခဲ့ကြတယ်။ ၂၀၀၀ ခုနှစ်အကုန်ဟာ ABSDF ရဲ့ သမိုင်းအချိုးအကွေ့ တစ်ခုလို့ ပြောလို့ရတယ်။ ၁၂ နှစ်ကြာ  အုပ်ချုပ်ခဲ့တဲ့ ထိပ်ပိုင်း ခေါင်းဆောင် အားလုံးနီးပါးလိုလို ABSDF ကို တပြိုင်နက်ထဲ စွန့်ခွာသွားခဲ့ကြတယ်။

No comments: