အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ရီပတ်ဘလီကန် သမ္မတလောင်း မစ်တ်
ရွမ်မ်နီ (Mitt Romney) ကို အနိုင်ရ လိုက်တဲ့ သမ္မတအိုဘားမားက
“အကောင်းဆုံးတွေ လာဖို့ရှိပါသေးတယ်” လို့ အမေရိကန် လူထုကို ပြောလိုက်ပါတယ်။
သမ္မတ
အိုဘားမားဟာ ရှီကာဂိုမြို့က သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး
ဌာနချုပ်ကနေ ဗုဒ္ဓဟူးနေ့မနက် လင်းအားကြီး အချိန်မှာ ထောက်ခံသူတွေကို
အောင်ပွဲခံ မိန့်ခွန်း ပြောကြား ခဲ့တာပါ။
မိမိတို့ ညီညွတ်ရေးကို
အောင်မြင်စွာရရှိရေး တာဝန်ကို ရှေ့ဆက် လုပ်ဆောင်သွား ရတော့ပါမယ်လို့
သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ တနိုင်ငံလုံး တစုတစည်းထဲအဖြစ်၊ လူထု တရပ်လုံး
တစုတစည်းထဲအဖြစ် အောင်မြင်ရင်လည်း အတူတကွ ဒါမှမဟုတ် ကျဆုံးရင်လည်း
အတူတကွနဲ့ မိမိတို့ဟာ အမေရိကန်မိသားစုတခု ဖြစ်ပါတယ်လို့ သမ္မတအိုဘားမားက
ပြောခဲ့ပါတယ်။
သူ့ရဲ့ ရီပတ်ဘလီကန်ပြိုင်ဘက်ဖြစ်တဲ့ မစ္စတာရွမ်မ်နီနဲ့
သူ့ရဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သူ ပေါလ် ရိုင်ယန် (Paul
Ryan) တို့ကိုလည်း အကျိတ်အနယ်ယှဉ်ပြိုင်ရတဲ့ မဲဆွယ်စည်းရုံးပွဲကို
ဖော်ဆောင်ခဲ့တဲ့အတွက် မစ္စတာ အိုဘားမားက ကျေးဇူးတင်စကားပြောခဲ့ပါတယ်။
သူနဲ့
မစ္စတာရွမ်မ်နီတို့ကြားမှာ တိုင်းရေးပြည်ရာ ကိစ္စရပ်တွေအကြား အပြင်းအထန်
သဘောထားကွဲလွဲမှုတွေ ရှိကြပေမဲ့ တိုင်းပြည်ကို ချစ်ကြတဲ့နေရာမှာတော့
တူညီပါတယ်လို့ မစ္စတာအိုဘားမား ကပြောပါတယ်။
မစ္စတာအိုဘားမား
အောင်ပွဲခံမိန့်ခွန်းမပြောခင်လေးတင်မှာပဲ မစ္စတာရွမ်မ်နီကလည်း သူ တချိန်က
အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ မက်ဆာချူးဆက်ပြည်နယ်၊
ဘော်စတွန်မြို့မှာ ထောက်ခံသူတွေကို မိန့်ခွန်းပြောပြီး သူ
ရှုံးနိမ့်တယ်ဆိုတာ ကို လက်ခံခဲ့ပါတယ်။
အခုအချိန်ဟာ
မိမိတို့နိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့အချိန်
ဖြစ်ပြီးတော့ မိမိတို့နိုင်ငံကို ဦးဆောင်တဲ့နေရာ မှာ သမ္မတအနေနဲ့
အောင်မြင်မှုရပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်လို့ဆိုရင်း
မစ္စတာရွမ်မ်နီက သမ္မတအိုဘားမား ကို ဂုဏ်ပြု ချီးကျူးခဲ့ပါတယ်။
အင်္ဂါနေ့
သမ္မတရွေးကောက်ပွဲကနေ နောက်ဆုံးထွက်ထားတဲ့ ရလာဒ်တွေအရ မစ္စတာအိုဘားမားက
ရွေးကောက်ပွဲ ဘုတ်အဖွဲ့ ကိုယ်စားလှယ်မဲ အရေအတွက် ၃၀၃ မဲ၊ မစ္စတာရွမ်မ်နီက
၂၀၆ မဲ အသီးသီးရထားကြပါတယ်။
သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အနည်းဆုံး ကိုယ်စားလှယ်မဲ ၂၇၀ ရဖို့လိုအပ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
No comments:
Post a Comment