by Aung Moe Win on Thursday, November 8, 2012 at 7:00pm ·
ဒီမိုကရက်တစ်နိုင်ငံတခုကို တည်ဆောက်ဖို့အတွက် လိုအပ်တဲ့အခြေအနေ (၁၃) ခု ထဲက နောက်ထပ် တခုကို ဆွေးနွေးချင်ပါတယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ နိုဝင်ဘာ (၇) ရက်နေ့ညပိုင်းမှာတင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား
၂၀၁၂ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီရွေးကောက်ပွဲမှာလည်း၊ နိုင်ငံတကာဆက်ဆံရေုးကိုပြန်လည်တည့်မတ်ချင်တဲ့၊ လူလတ်တန်းစားတွေရဲ့ ရှင်သန်မှုကို ပိုမိုမြင့်တင်ချင်တဲ့ ဒီမိုကရက်တစ်ပါတီကပဲ အနိုင်ရခဲ့ပြန်ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲတွေကို ကြည့်ပြီး အမေရိကန်ပြည်သူတွေထင်မြင်ယူဆခဲ့ကြတဲ့ ခေါင်းဆောင်တယောက်ရဲ့ အရည်အချင်းဆိုတာ ဘယ်လိုဖြစ်နိုင်ပါသလဲ။ အဲ့ဒီခေါင်းဆောင်တွေအပေါ်မှာ အကဲဖြတ်လေ့လာလေ့ရှိတဲ့ သူတို့ရဲ့ နိုင်ငံရေးအတွေးအခေါ်တွေက ဘယ်လိုဖြစ်နိုင်ပါသလဲ။ ဒီ တပတ်မှာလေ့လာကြည့်ကြရအောင်ပါ။
ဒီမိုကရက်တစ်နိုင်ငံတခုကို တည်ဆောက်တဲ့အခါမှာ လူမှုတရားမျှတရေး ဆိုတဲ့အချက်ကို မဖြစ်မနေစဉ်းစားရမဲ့ အချက်တခုဖြစ်တယ်။ လူမှုတရားမျှတရေး ကို ဘယ်လို အစီအစဉ်နဲ့ဖေါ်ဆောင်ကြမှာလဲဆိုတဲ့အချက်ကလည်း ခေါင်းဆောင်အသီးသီးကို အဓိကမေးခွန်းထုတ်တဲ့အရာတခုဖြစ်တယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေမှာ အရွေးချယ်ခံမဲ့ သမ္မတအသီးသီးဟာ သူတို့ရဲ့ ပြည်တွင်းရေးရာမူဝါဒတွေကို ပြည်သူတွေရှေ့မှာ ချပြရတယ်။ အထူးသဖြင့် အစိုးရဟာ ပြည်သူတွေထံက ကောက်ယူထားတဲ့ အခွန်ငွေ တွေကို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးထောက်ပံ့မှုတွေမှာ ဘယ်လိုသုံးစွဲကြမလဲ ဆိုတဲ့အချက်ပေါ်မှာ မူတည်ပြီး မိမိအလိုရှိတဲ့ သမ္မတကို ရွေးချယ်ခဲ့ကြတာဖြစ်တယ်။ ဝင်ငွေနည်းတဲ့ လူတန်းစားတွေအတွက် စားဝတ်နေရေးအဆင်ပြေအောင် ထောက်ပံ့ပေးတဲ့ ဘရက်အိုဘားမား အစိုးရကို တခြားနိုင်ငံက ပြောင်းရွေ့လာတဲ့ ဒုက္ခသည်တွေ နဲ့ လက်ဝဲအတွေးအခေါ်ကို နီးစပ်သူ နိုင်ငံရေးသမားအများစုက ထောက်ခံခဲ့ကြသလို၊
တယောက်ချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုဟာ လူအများစုကို ကယ်တင်နိုင်တယ်။ လူတိုင်းလူတိုင်းဟာ မိမိကြိုးစားမှုရဲ့ အသီးအပွင့်ကို မိမိကိုယ်တိုင်ခံစားသင့်တယ်။ ဈေးကွက်စီးပွားရေးစံနစ်မှာ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှု အခန်းကဏ္ဍကို လျော့ချပစ်ရမယ် ဆိုတဲ့ ရီပတ်ပလင်ကန်ပါတီရဲ့အတွေးအခေါ်တွေကိုတော့ စွန့်စားအလုပ်လုပ်မှုကို စိတ်ဝင်စားတဲ့ အသေးစားစီးပွားရေးလုပ်ငန်းပိုင်ရှင်တွေ နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ထောက်ခံကြိုဆိုလေ့ရှိပါတယ်။
ပါတီနှစ်ခုရဲ့ သဘောထားတွေကို ကြည့်ပြီး၊ လွဲမှားစွာ တံဆိပ်ကပ်လေ့ရှိတဲ့ သူတွေကိုလည်း တွေ့နေရတယ်။ ဥပမာ ဘရက်အိုဘားမား ဟာ ဆိုရှယ်လစ်တယောက်ဖြစ်တယ် ဆိုတာမျိုးပေါ့။ တကယ်တော့ အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်တစ်ပါတီ အပါအဝင်၊ ဆိုရှယ်ဒ်ီမိုကရက်တစ်နိုင်ငံတွေမှာ ကျင့်သုံးတဲ့ ပုံစံတွေက Welfare State လို့ခေါ်တဲ့ လူမှုထောက်ပံ့ရေးအတွေးအခေါ်ကို ဇောင်းပေးတဲ့ နိုင်ငံတွေဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ဒီမိုကရက်တစ်နဲ့ ရီပတ်ပလစ်ကန်ပါတီ နှစ်ခုစလုံးရဲ့ နိုင်ငံရေးသမားအများစုဟာ ချမ်းသာကြွယ်ဝသူတွေဖြစ်ပြီး၊ သူတို့ဟာ စက်မှုလုပ်ငန်းရှင်တွေ၊ ဘဏ်သဋ္ဌေးတွေ၊ မြေပိုင်ရှင်တွေ နဲ့၊ အလွန်နီးစပ်သူတွေဖြစ်တယ်။ ဆိုရှယ်လစ်နိုင်ငံတွေလို အရာရာကို အစိုးရက ချုပ်ကိုင်ထားတာ မဟုတ်ဘူး။ ဆိုရှယ်လစ်နိုင်ငံတွေလို ကြီးပွားချမ်းသာ၊ ဇိမ်ခံမှုတွေကို ရှက်ပါဆိုပြီး၊ ချမ်းသာကြွယ်ဝသူတွေကို ရန်သူလို သဘောထားနေတာမဟုတ်ဘူး။ ချမ်းသာကြွယ်ဝခြင်းဟာ လဒ်တပါးဖြစ်တယ် လို့ ယုံကြည်နေကြသူတွေဖြစ်တယ်။ ဒီမိုကရက်တစ် အစိုးရရဲ့ အတွေးအခေါ်က တိုင်းပြည်နဲ့ စီးပွားရေးသမားတွေရဲ့ ကြွယ်ဝချမ်းသာမှုကို ပြည်သူတွေလည်း အကျိုးခံစားခွင့်ရှိအောင် ဘယ်လိုခွဲဝေဖြန့်ဖြူးမလဲ ဆိုတဲ့ အချက်ကို အကောင်အထည်ဖေါ်တာဖြစ်တယ်။ အမေရိကန်နိုင်ငံရေးစံနှုန်းတွေအရကြည့်မယ်ဆိုရင်တော့ ဒီမိုကရေစီရဲ့ အနှစ်သာရကို အလယ်မှာထားပြီး၊ ဒီမိုကရက်တစ်ပါတီက လက်ဝဲယိမ်းအတွေးအခေါ်ရှိမယ်။ ရီပတ်ပလင်ကန်ပါတီကတော့ လက်ယာယိမ်းအတွေးအခေါ်ဖြစ်မယ်။
ချမ်းသာကြွယ်ဝမှု နဲ့ လူမှုတရားမျှတရေး ဆိုတဲ့အချက်နှစ်ခုဟာ ဒီမိုကရက်တစ်နိုင်ငံတည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်တယ် ဆိုတဲ့အချက်ကို လက်ရှိသမ္မတ အိုဘားမားရဲ့ ပါတီက ယုံကြည်ပုံရပါတယ်။ ပြည်သူတွေဟာ မိမိရတဲ့ဝင်ငွေနဲ့ နေထိုင်ရှင်သန်မှုဟာ တရားမျှတမှုရှိတယ်၊ အေးချမ်း လုံခြုံစွာနေထိုင်နိုင်တယ် လို့ ယုံကြည်ကြတဲ့ အခါ အစိုးရကို ပုန်ကန်တော်လှန်ချင်စိတ်တွေ နည်းပါးသွားကြတယ် လို့ ဆိုပါတယ်။ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလွန်းတဲ့ နိုင်ငံတွေဟာ လူမှုရေးမတည်ငြိမ်မှုတွေပိုများပြီး၊ တော်လှန်ပုန်ကန်မှုတွေဖြစ်ပွားခဲ့တယ် လို့ဆိုပါတယ်။
စင်္ကာပူနိုင်ငံဟာ အနောက်နိုင်ငံတွေထက်ပိုပြီး အရင်းရှင်စီးပွားရေးစံနစ်ကို ကျင့်သုံးတဲ့နိုင်ငံဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီနိုင်ငံက ပြည်သူတွေဟာ သူတို့ရဲ့ လုပ်ကိုင်စားသောက်နေထိုင်ရတဲ့ဘဝဟာ တရားမျှတတယ် လို့ ယုံကြည်ကြတာကြောင့်၊ အစိုးရအပေါ် တော်လှန်ပုန်ကန်ချင်စိတ် မရှိကြဘူး။ တောင်အာဖရိက လို နိုင်ငံမှာကျတော့ လူဖြူအစိုးရနဲ့ အာဖရိကန်လူမည်းတွေရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ခွဲခြားခံရတာတွေ၊ လူတန်းစားမညီမျှကို သိတ်ကြီးတာတွေကြောင့်တော်လှန်ပုန်ကန်မှုတွေဖြစ်ပွားခဲ့ကြတယ်။ တကယ်တော့ ဒီမိုကရေစီ ဆိုတာ အဲ့ဒီအဖြစ်အပျက်နှစ်ခုကြားမှာ ပေါ်ပေါက်လာတာဗျ။ ဥပမာ ပထမအချက်အနေနဲ့ တော်လှန်ရေးဖြစ်လာနိုင်မှု သေချာလာတဲ့အခါမျိုး နဲ့ ဒုတိယအချက်ကတော့ အုပ်စိုးသူလူတန်းစားအတွက် ပြုပြင်ပြောင်းလဲရေးလုပ်မှုဟာ သိတ်ပြီး တန်ဘိုးကြီးကြီးမပေးရဘူး လို့ ယုံကြည်လာတဲ့အခါမျိုးပေါ့။
သောတရှင်များခင်ဗျား
တကယ်တော့ ဘရက်အိုဘားမားရဲ့ လေးနှစ်တာ သက်တမ်းကာလမှာ အမေရိကန်စီးပွားရေးဟာ သိသိသာသာ ဦးမော့လာမှုမရှိခဲ့သေးပါဘူး။ အလုပ်အကိုင်မဲ့တဲ့အတွက် အိမ်လခမပေးနိုင်လို့ ဘဏ်တွေက သိမ်းယူခဲ့တဲ့အဖြစ်အပျက်တွေ၊ စီးပွားရေးရဲ့ အသဲနှလုံးဗဟိုချက်မဖြစ်တဲ့ ဝေါစတွိ ကို သိမ်းပိုက်ကြတဲ့ လှုပ်ရှားမှုတွေ နဲ့ ပြည့်နှက်နေဆဲဖြစ်ပါတယ်။ တဘက်မှာတော့ ဒီမိုကရက်တစ်ပါတီ တလျှောက်လုံး စိတ်ကူးယဉ်ခဲ့ကြတဲ့ ပြည်သူတရပ်လုံးအတွက် ကျန်းမာရေးအခမဲ့ကုသခွင့် ဆိုတဲ့ အိပ်မက်ဟာလည်း အနှောက်အရှက်များစွာ နဲ့ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ပါတီနှစ်ခုလုံးဟာ လူထုရဲ့ မကျေနပ်မှုကို ဘယ်လိုဖြေသိမ့်ပေးရမလဲ၊ လူမှုတော်လှန်ရေးတရပ်ဖြစ်ပေါ်မလာအောင် ၊ လူထုရဲ့ စားဝတ်နေရေးပြေလည်လာအောင် ဘယ်လို နည်းဗျူဟာတွေနဲ့ ကြိုးစားအဖြေရှာကြမလဲ ဆိုတဲ့အချက်ကို ရှာဖွေနေကြဆဲဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာတွေရဲ့ အဆိုအရတော့-
လူထုတရပ်လုံးက သူတို့ရဲ့ ရှင်သန်ရပ်တည်မှုဟာ တရားမျှတမှုရှိတယ် လို့ ခံစားနေကြတဲ့အခါကျမှ တည်ငြိမ်တဲ့ ဒီမိုကရေစီစံနစ်ကို တည်ဆောက်လို့ရတာပါဗျာ တဲ့။
သောတရှင်တို့လည်း ပြည်သူတွေရဲ့ ဘဝလုံခြုံမှု၊ တရားမျှတမှုကို ဖေါ်ဆောင်နိုင်မဲ့ သမ္မတတွေ နဲ့ ဆုံဆည်းနိုင်ကြပါစေ။

No comments:
Post a Comment