|
|
| Thursday, 13 December 2012 02:07 |
Alvogen နှင့် Silver Shineကုမ္ပဏီတို့ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန် ဆီဒိုးနားဟိုတယ်၌ နားလည်မှုစာချွန်လွှာ ရေးထိုးနေစဉ်
ပြည်တွင်း၌ အဆင့်မြင့် နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်နိုင်ရန်အတွက် ဆေးဝါးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို Alvogen ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ယင်းကုမ္ပဏီမှပင် မှာယူ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန် အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Silver Shine International ကုမ္ပဏီတို့ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန်အတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ၌ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းလုပ်ကိုင်ခွင့် လျောက်ထားပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းများအား ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်လုပ်ကိုင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ''ပြည်တွင်းက နိုင်ငံခြားဆေးဝါး ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ ပြည်ပကုမ္ပဏီတွေ အခုလိုပူးပေါင်းတာ မြန်မာနိုင်ငံအနေနဲ့ ဒါကပထမဦးဆုံးအကြိမ်ပါ။ အရင်က ဆေးဝါးထုတ်လုပ်မယ်ဆိုရင် ပြည်တွင်းကုမ္ပဏီတွေကိုပဲ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး အခုအစိုးရသစ်လက်ထက်မှာမှ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ရတာပါ။ လက်ရှိပြည်တွင်းက နိုင်ငံခြားဆေးဝါး ထုတ်လုပ်နေတဲ့သူတွေကလည်း အိမ်သုံးဆေးဝါးတွေကိုပဲ ထုတ်လုပ်နိုင်ပြီး အဆင့်မြင့်ဆေးဝါးတွေကိုကျတော့ ပြည်ပနိုင်ငံတွေကပဲ တင်သွင်းနေရတယ်။ ဒါကြောင့် ပြည်တွင်းမှာလည်း အဆင့်မြင့်ဆေးဝါးတွေ ထုတ်လုပ်နိုင်အောင် ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်း ဖြစ်တာပါ။ ပူးပေါင်းတဲ့နေရာမှာ သူတို့ဆီက ပညာရှင်တွေ ဒီကိုလာပြီး ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ နည်းပညာတွေကို သင်တန်းပေးတာအပြင် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း တင်သွင်းမှာယူတာ တွေကိုပါ လုပ်ဆောင်သွားမှာဖြစ်ပါတယ်'' ဟု Silver Shine International မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေလှိုင်က ဆိုသည်။ Alvogen ကုမ္ပဏီသည် နောက်ပိုင်း တွင် Silver Shine နှင့် ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့်နိုင်ငံခြားဆေးဝါး စက်ရုံ ဆောက်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း Alvogen သည် အဆင့်မြင့် ဆေးဝါးများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်၌ ရုံးခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။ |



No comments:
Post a Comment