Sunday, December 9, 2012

ရာထူးဝန်အဖွဲ့ ဘယ်လဲဘာလဲ


by မွန် မွန် on Sunday, December 9, 2012
  မတရားမှု ကျူးလွန်နေမှန်းသိသိနဲ့ မျက်ကွယ်ပြုလိုက်မယ်ဆိုရင် နောက်တစ်ကြိမ်မှာတော့ မတရားမှုဟာ ကိုယ့်အိမ်ပေါ်တက်လာမှာ ဖြစ်ပါတယ်။ အရင်တုန်းက ကျွန်မတို့ ကိုယ့်နေရာလေး ပျောက်မှာစိုးလို့ ငြိမ်နေကြရင်း “ရွက်ဖျင်တဲထဲ ခေါင်းလေးပဲ ၀င်ပါရစေလို့ ခွင့်တောင်းလာတဲ့ ကုလားအုပ်လို နောက်ဆုံးမှာ တဲရှင်က အပြင်ဘက် ကန်ထုတ်ခံလိုက်ရသလိုမျိုး” တစ်တိုင်းပြည်လုံးခံစားခဲ့ရတာပါ။

အခုတော့ ကျွန်မတို့ မတရားတာကို မတရားမှန်းသိရဲ့နဲ့ ငြိမ်မနေကြပါနဲ့။ ucsb လို့ ခေါ်တဲ့ ပြည်ထောင်စုရာထူုးဝန်အဖွဲ့ဟာ ၀န်ထမ်းရွေးချယ်ခန့်ထားရေးအတွက် တာဝန်ရှိတဲ့ အဖွဲ့ပါ။ ဒါနဲ့ ပတ်သက်ပြီး ကျန်းမာရေး ၀န်ကြီးဌာနအတွက် လက်ထောက်ဆရာဝန် ရာထူးနေရာ ၁၅၀၀ အတွက် လျောက်လွှာခေါ်ယူခဲ့ပါတယ်။

ဆရာဝန် ပညာကျွမ်းကျင်ရေးမှာ ဘာမှမဆိုင်တာတွေ မေးနေကြတယ်ဆိုတဲ့ မှတ်ချက်တွေ ဆရာဝန်လောကက ချကြပေမယ့် ဒါဟာ သူ့“လုပ်ပိုင်ခွင့် ဘောင်”ထဲက ဖြစ်တဲ့အတွက် ဘာမှ မပြောလိုပါဘူး။ ၀န်ထမ်းမှန်ရင် ရာထူးဝန်အဖွဲ့ကပဲ ရွေးပေးရမှာပါ။ ဖြစ်သင့်ပါတယ်။ မေးခွန်းတွေ၊ ရွေးချယ်ပုံတွေကို သံသယရှိတယ်ဆိုရင်တောင် လက်ခံနိုင်ပါသေးတယ်။

ဒါပေမယ့် ဖြစ်စဉ်လေးကို ပြန်ပြောပါ့မယ်။ လူ ၁၅၀၀ ခေါ်ပါတယ်။ လျောက်ထားသူ ၃၁၅၀ မှာ ရေးဖြေ ဖြေဆိုသူ ၂၉၀၅ ဦးရှိတယ် သိရပါတယ်။ ဒီထဲကမှ နှုတ်ဖြေအတွက် ၁၉၈၀ ဦးရွေးထားပါတယ်။ နှုတ်ဖြေကို လူများလွန်းလို့  အပိုင်းပိုင်းခွဲပြီး ၁၀.၁၂. ၂၀၁၂ မှ အပြီင်္း စစ်ဆေးရမှာပါ။

ဒါပေမယ့် ရာထူးဝန် အဖွဲ့က လုပ်ချလိုက်တာက ၂၁.၁၁.၂၀၁၂ အထိ ပျက်ကွက်သူ ၃၃ဦးရှိတဲ့အတွက် ရာထူးနေရာ ၁၅၀၀ ပြည့်မှီဖို့ရာ ၃၃ဦးရဲ့ သုံးပုံတစ်ပုံ ၁၁ယောက်ကို ၂၂.၁၁.၂၀၁၂ မှာ တစ်ဦးချင်းစီ အကြောင်းကြားစာပို့ခေါ်ခဲ့ပါသတဲ့။ ကြေညာချက်ကိုတော့ ၅.၁၂.၂၀၁၂ ရက်စွဲနဲ့ထွက်ပါတယ်။

မိုးကြိုးပစ်ရာ ထန်းလက်နဲ့ ကာတဲ့ အနေနဲ့ လာဘ်ပေးလာဘ်ယူမှု ရှိတဲ့ သက်သေရှိရင်တိုင်နိုင်ပါသတဲ့။ ကာယကံရှင်တွေကို ဖုံးဆက်မေးပါတဲ့။ (ငါ့မယုံရင် ငါ့မယားမေးလို့ ပြောလိုက်သလိုပါပဲ) နေရာရမှာသေချာနေတဲ့ ကာယကံရှင်က ပေးပါတယ်ဖြေမလား၊ တောသွားပြောလို့ပဲ ပြန်ပြောချင်စရာပါ။

ဒီလို ပျက်ကွက်ခေါ်မယ်ဆိုရင်လည်း အကုန် စစ်ဆေးပြီးတဲ့ ဒီဇင်ဘာ ၁၀ရက်မှ ဘာလို့မခေါ်သလဲ၊ ၁၁လပိုင်း ၂၂ရက်နေ့နောက်ပျက်သူ သုံးဆယ်ရှိရင် နောက်ထပ် ၁၀ယောက် ထပ်ခေါ်ရမယ်။ တကယ်တော့ ဆင်ခြေလက်ခြေတွေ ပေးနေတာပါ။ ဘယ်မှာလဲ ပွင့်လင်း မြင်သာမှု၊ ဘယ်မှာလဲ စီမံခန့်ခွဲမှုလို့ မေးရမှာပါ။

ဖြေဆိုသူပေါင်း ၁၉၈၀ထဲမှာ လူ၈၀ပျက်ရင်တောင် ကျန်တဲ့ ၁၉၀၀ထဲက လူ ၁၅၀၀ ကို ခေါင်းခေါက်ရွေးလို့ရပါတယ်။ ဒါဟာ လူပျက်ကွက်ကို အကြောင်းပြ၊ ခေါ်ချင်တဲ့သူကိုခေါ်ဖို့ဆိုတာ ကလေးတောင်သိလောက်ပါတယ်။

တကယ်တော့ ဒီ လူ ၁၁ ယောက်ထဲက လက်ရွေးစင် တစ်ယောက်နှစ်ယောက်လောက်ခေါ်မှာပါ။ တစ်ယောက်နှစ်ယောက်ထဲ ကပ်ခေါ်ရင် သိသာလွန်းမှာစိုးလို့ ၁၁ယောက်ခေါ်လိုက်ပုံရပါတယ်။ ကျန်သူတွေ ဒီ၁၁ယောက်ထဲက ပြုတ်သွားရင်လည်း တွေ့လား တို့က  လုပ်သင့်တာ လုပ်ပါတယ်လို့ ပြောဦးမှာပါ။

နောက်ပြီး ဆရာဝန်ခေါ်တဲ့နေရာမှာ တမင်တကာကျရှုံးအောင်ဖြေတယ်လို့ ကြေငြာချက်မှာပါသေးတယ်။ ဘယ်သူမှ အချိန်ကုန် ငွေကုန်ခံပြီး လာမဖြေပါဘူး။ ဒီအလုပ်ကို လိုချင်လို့လျှောက်ကြတာပါ။ သွေးရူးသွေးတန်းနဲ့ စကားလုံးတွေ သုံးနေတယ်လို့တောင် ထင်စရာရှိပါတယ်။

သက်ဆိုင်ရာ ကျွမ်းကျင်သူခေါ်တယ်ဆိုတာလည်း ရုပ်ပြပါ။ သူရို့အထဲကပဲ အမှတ်တွေကို ကိုင်ထားပြီး သူရို့လူ ငါးယောက်မှာ ကျန်းမာရေး ၀န်ကြီးဌာနက တစ်ယောက်လောက်ပဲပါရတာပါ။ ဒါတွေကို ချဲ့ပြောစရာမလိုပါဘူး။ အားလုံးသိကြပါတယ်။

မတရားမှုကို မတရားမှုလို့ ဗြောင်ပြောလိုက်ပါ။ ရာထူးဝန်အဖွဲ့ ဘယ်လဲဘာလဲ။



No comments: