Saturday, August 3, 2013

ရှစ်ဆယ့်ရှစ် ရဲ့ အတိတ်......ရှစ်ဆယ်ရှစ် ရဲ့ သပိတ်......

ရှစ်ဆယ့်ရှစ် ရဲ့ အတိတ်......ရှစ်ဆယ်ရှစ် ရဲ့ သပိတ်......
သေချာ မသိသေးသော မိတ်ဆွေများအတွက် ၈၈၈၈ ရဲ့ စစ်အာဏာသိမ်း ဖြစ်စဉ်လေးကို တင်ဆက်လိုက်ပါတယ်။ ရှည်လျားလွန်း၍ အပိုင်း (၂) ပိုင်း ခွဲပြီးတင်ရ၍ ဒုတိယပိုင်းကို သီးခံ၍ စောင့်ဖတ်ကြပါလို့ မေတ္တာ ရပ်ခံလိုက် ပါရစေ။

*******************************************************************************************

နိုင်ငံတော် ငြိမ်/ပိ

စက်တင်ဘာလ ၁၈ ရက် တနင်္ဂနွေ နေ့တွင် ရန်ကုန်မြို့၌ ယခင် နေ့များ ကဲ့သို့ ဆန္ဒ ပြပွဲများ ရှိနေ သေးသည်။ လူထု ၃ သိန်းခန့်မှာ လမ်းများ ပေါ်၌ ချီတက်ကာ အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ် နေကြသည်။ မြို့တော် ခန်းမ အပြင်ဘက်၊ ရန်ကုန် ဆေးရုံကြီးနှင့် အခြား နေရာ များတွင် အစာငတ်ခံ ဆန္ဒ ပြသူများက သပိတ် တိုက်ပွဲ ဆက်လက် ဆင်နွှဲလျက် ရှိသည်။ ဒေါက်တာ မောင်မောင် အစိုးရက ကြားဖြတ် အစိုးရ ဖွဲ့ပေးရန် တောင်းဆိုမှုကို ခေါင်းမာစွာဖြင့် ငြင်းဆန်လျက် ရှိရာ ဆန္ဒပြသူ အများအပြားမှာ စိတ်မရှည် နိုင်ဘဲ ဖြစ်လာ ကြပြီး တချို့ နေရာများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြ နေရာမှာ တိုက်ခိုက် လိုသည့် အသွင်မျိုးသို့ ကူးပြောင်း လာခဲ့သည်။


မြန်မာ စံတော်ချိန် ညနေ ၄ နာရီတွင် မြန်မာ့ အသံမှ အသံလွင့် နေကျ သီချင်း ပဒေသာ အစီအစဉ် ရုတ်တရက် ရပ်သွားပြီး အမျိုးသား တစ်ဦး၏ လေးနက်စွာ ကြေညာသံ ထွက်ပေါ် လာခဲ့သည်။


"နိုင်ငံ၏ အဘက်ဘက်က ယိုယွင်း နေသော အခြေအနေ များကို အချိန်မီ တားဆီး နိုင်ရန် အများ ပြည်သူ အကျိုး အတွက် တပ်မတော်က နိုင်ငံတော် အာဏာ အဝဝကို ယနေ့မှ စ၍ လွှဲပြောင်း ယူလိုက် ပါသည်"


ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး အတွက် ပြင်ဆင်သည့် အနေဖြင့် ငြိမ်ဝပ် ပိပြားမှု ရှိစေရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင် ခေါင်းဆောင်သော နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (ငြိမ်/ပိ) ကို ဖွဲ့စည်း လိုက်သည်။ အတိုချုံး ကြေညာချက် အပြီးတွင် တက့်ကသော စစ်ချီ တေးသံများ ထွက်ပေါ် လာခဲ့သည်။


နှစ်နာရီ အကြာ၌ ငြိမ်/ပိ အဖွဲ့ဝင် ၁၉ ဦး၏ အမည်များကို ရေဒီယိုမှ ကြေညာသည်။ ထိုအထဲတွင် စစ်တိုင်းကြီး ၉ တိုင်းမှ တိုင်းမှူးများ အားလုံး အပြင် ကြည်း၊ ရေ၊ လေမှ အချို့ စစ်ဘက် အရာရှိကြီးများ ပါဝင် ကြသည်။ ရာထူးမှ ဖယ်ရှားခြင်း ခံလိုက် ရသည်ဟု ကောလာဟလ ဖြစ်ပေါ် နေသည့် ပုဂ္ဂိုလ်များပင် ပါရှိသည်။ ငြိမ်/ပိ ဒု ဥက္ကဋ္ဌမှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် သန်းရွှေ ဖြစ်ပြီး အတွင်းရေးမှူးမှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ခင်ညွှန့် ဖြစ်သည်။ သူသည် မကြာသေး မီကမှ ဗိုလ်မှူးချုပ် ဖြစ်လာ ခဲ့သူ တစ်ဦး ဖြစ်သည်။


နိုင်ငံတော် ငြိမ်/ပိ အဖွဲ့က ည ၈ နာရီမှ နံနက် ၄ နာရီ အတွင်း အပြင် မထွက်ရ အမိန့်ကို ရန်ကုန် မြို့တွင် ထုတ်ပြန် လိုက်ပြီး လမ်းများ ပေါ်၌ စုရုံးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်း လှည့်လည် ကြွေးကြော်ခြင်း၊ တရားဟောခြင်း၊ လှုံ့ဆော်ခြင်း၊ ဆူပူအောင် ဖန်တီးခြင်း တို့ကို မပြု လုပ်ရဟု ချက်ချင်း ပိတ်ပင် လိုက်သည်။ ပြည်သူတို့ အနေနှင့် ဆူပူ ဖန်တီးရန် သို့မဟုတ် ပြစ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ယင်းသို့ ပြုလုပ်ရန် ရည်ရွယ်ချက် မရှိသည် ဖြစ်စေ၊ လမ်းများ ပေါ်တွင် လူ ၅ ဦးထက် ပို၍ မစုရုံးရန် ထပ်မံ ကြေညာ လိုက်ပြန်သည်။ ထို့နောက် စစ်သီချင်းများ ရေဒီယိုမှ စူးစူးဝါးဝါး ထွက်ပေါ် လာသည်။


"ဘားလမ်းမှာ နေတဲ့ ကျွန်တော့် သူငယ်ချင်း တွေဆီ သွားလည် နေတုံး မှာပဲ ရေဒီယိုက ကြေညာချက်ကို ကျွန်တော် ကြားရတာ" ဟု ကြည့်မြင်တိုင်မှ အထက်တန်း ကျောင်းသား ကျော်သူက ပြောပြသည်။ ကျော်သူနှင့် သူ့ ညီမငယ် တို့မှာ သြဂုတ်လ အစောပိုင်း ဆန္ဒ ပြပွဲများတွင် ပါဝင် ခဲ့ကြသည်။ သူက ဆက်ပြီး "အာဏာသိမ်းမှု အပေါ် ကျွန်တော် တို့ရဲ့ ပထမဆုံး တုံ့ပြန်ချက်က စိတ်ဆိုးခြင်းနဲ့ စိတ်ပျက်ခြင်းတို့ ပါပဲ။ ကျွန်တော်တို့ အစိုးရ သစ်ကို တိုက်ချင် တာနဲ့ ချက်ခြင်းပဲ မြောက်ဥက္ကလာပ၊ တောင်ဥက္ကဘာပနဲ့ သင်္ဃန်းကျွန်းက ဆန္ဒပြ သူတွေကို သွားဆက်သွယ် ခဲ့တယ်။ ကျွန်တော်တို့ ထဲက တချို့ ဆိုရင် တုတ်၊ ဓားမြှောင်၊ ဓားရှည်၊ ဒူးလေး စတဲ့ လက်နက် တွေကို ကိုင်ဆောင် ထားခဲ့ ကြတယ်"


ရေဒီယိုမှာ အာဏာ သိမ်းလိုက်ကြောင်း ကြေညာပြီး ခဏ အကြာ၌ မိုးဖွဲဖွဲ့ ရွာလာသည်။ ကောင်းကင် ပေါ်၌ မှောင်မည်း နေသော မိုးတိမ်များ ထူထပ်စွာ ဖုံးပိတ် နေသည်။ မြို့တော်၏ နေရာ အနှံ့အပြားတွင် ပြည်သူ တို့သည် ပြီးခဲ့သည့် သြဂုတ်လမှာ ကဲ့သို့ပင် သစ်ပင် များကို ခုတ်လှဲကာ လမ်းများ ပေါ်၌ ကန့်လန့် ဖြတ်၍ ပိတ်ဆို့ ကြသည်။ လမ်းဘေး ဈေး စားပွဲ ခုံများကို လမ်းပေါ်တွင် မှောက်၍လည်း ကာဆီး ထားကြသည်။ သူတို့၏ မျက်နှာထားမှာ ညှိုးနွမ်းလျက် ရှိကြပြီး သူတို့၏ ပတ်ဝန်းကျင် အခြေအနေမှာ တင်းမာလျက် ရှိသည်။


လူအများ နေထိုင်ရာ လမ်းငယ်၊ လမ်းသွယ် များတွင် သာမက လမ်းကျယ်ကြီး များတွင်လည်း အတားအဆီး များကို တိုးချဲ့ ပိတ်ဆို့ လာကြသည်။ ပိတ်ဆို့မှု များမှာ မြို့တော် မြောက်ဘက်ရှိ တပ်မတော် စစ်စခန်း များသို့ သွားသော ပြည်လမ်းမ အထိ ပျံ့နှံ့လာခဲ့သည်။ လျှပ်စစ် ဓာတ်ကြိုး များကို ဖြတ်တောက် ပစ်ကြပြီး လမ်းမီးတိုင် များကိုလည်း ဖျက်ဆီး ပစ်ကြသည်။ အချိန် မရွေး ဝင်ရောက် လာနိုင်သည့် စစ်သား များကို ဟန့်တား နိုင်ရန် ထိုသို့ ပြုလုပ် ကြခြင်းပင် ဖြစ်သည်။ တချို့က စိတ်ပျက် အားငယ် နေကြ သော်လည်း ဆန့်ကျင်သည့် သဘောဖြင့် မိမိတို့ နေအိမ် အတွင်းမှ နေ၍ အိုးခွက် များကို တီးခတ် ကြတော့သည်။ တချို့က ဒူးလေး၊ ဓားရှည်နှင့် ဂျင်ဂလိ များကို ကိုင်ဆောင်ကာ လမ်းများ ပေါ်သို့ ထွက်လာ ကြသည်။ သူတို့သည် စစ်သား များနှင့် ရင်ဆိုင် တိုက်ခိုက်ရန် အသင့် ဖြစ်နေပုံ ရ၏။


ယခု အာဏာ သိမ်းမှုမှာ အခြား စစ်တပ်မှ အာဏာ သိမ်းမှုများ ကဲ့သို့ တင့်ကားနှင့် တပ်ဖွဲ့ များက မြို့တော်၏ အချက်အချာ နေရာ များကို သိမ်းယူခြင်း၊ နိုင်ငံ့ ခေါင်းဆောင် များကို ဖမ်းဆီးခြင်း၊ ခေါင်းဆောင်သစ် တက်ခြင်း စသည် တို့ကို မတွေ့ရချေ။ ရေဒီယိုမှ ကြေညာပြီး နာရီ အနည်းငယ် အတွင်း ရန်ကုန်မြို့ရှိ လမ်းများ ပေါ်တွင် ဒေါသ ထွက်နေ ကြသည့် ထောင်ပေါင်း များစွာသော ဆန္ဒ ပြသူများနှင့် ပြည့်လျှံသွားသည်ကိုသာ နေဝင် ဆည်းဆာချိန် ရှုခင်း အဖြစ် တွေ့ခဲ့ ရလေသည်။ နဖူးစီး စာတမ်းများ၊ အလံများ၊ အိမ်တွင်းလုပ် လက်နက်များကို ဝှေ့ယမ်းကာ ခံပြင်းစွာဖြင့် အသံ ကုန်အော်ဟစ် လျက်ရှိ ကြသည်။


"ခွေးအစိုးရ ----- ကျဆုံးပါစေ"

"ခွေးအစိုးရ ----- ကျဆုံးပါစေ"


သို့တိုင်အောင် ကိုယ့်ကိုကိုယ် ခေါင်းဆောင် တင်ထား ကြသော နိုင်ငံ့ ခေါင်းဆောင် ကြီးများ မှာလည်း မည်သို့မျှ တုံ့ပြန်မှု မပြု သေးချေ။ စစ်တပ် သည်ပင် ထိုနေ့ည အချိန်လင့်မှ ထွက်ပေါ် လာခဲ့သည်။ စစ်ကား များနှင့် ဘရင်း ကယ်ရီယာများ မြို့ထဲသို့ လိမ့်ဝင် လာသည်။ မြင်ကွင်းမှာ သြဂုတ်လ တုံးက မြင်ကွင်းမျိုး မဟုတ် တော့ပေ။ စစ်ကားများ ပေါ်၌ တပ်ဆင် ထားသော အသံချဲ့စက် များမှ တဆင့် ပြည်သူ တို့အား တားဆီး ပိတ်ဆို့မှု များကို ဖယ်ရှား ပစ်ရန် အမိန့် ပေးလာသည်။ အမိန့်ကို မနာခံပါက အနီးရှိ နေအိမ် များကို စက်သေနတ်ဖြင့် ပစ်ခတ်သည်။ ထိုသို့ ပထမ ဦးဆုံး ပစ်ခတ် ပြသည့်တိုင် အမိန့် မနာခံ သေးပါက ကရိန်းကားများ ခေါ်ယူပြီး လမ်းပေါ်မှ တားဆီး ပိတ်ဆို့မှု များကို အလွယ် တကူ ဖျက်ဆီး ခဲ့ကြသည်။


စစ်ကား များနှင့် ဘရင်း ကယ်ရီယာများ လမ်းပေါ်တွင် စံနစ်တကျ မောင်းနှင် လာကာ မြင်မြင်သမျှ လူများကို ပစ်ချင်တိုင်း ပစ်ခတ် တော့သည်။ ဒဏ်ရာ ရသူ များကို ပြည်သူ များက ရန်ကုန် ဆေးရုံကြီးနှင့် ရန်ကုန် မြို့ရှိ ယာယီ ဆေးခန်း များသို့ ဝိုင်းဝန်း ကူညီ ပို့ဆောင် ပေးခဲ့ ကြသည်။ ပစ်ခတ်မှု ရပ်စဲ သွားသည့်နောက် စစ်တပ်က လမ်းမပေါ်မှ လူသေ အလောင်း များကို ဒရွတ်တိုက် ဆွဲကာ ကားပေါ်သို့ ပစ်တင်၍ မောင်းထွက် သွားကြ တော့သည်။ ထိုနေ့ ည၌ ရန်ကုန်မြို့တွင် ဟိုမှသည် ထွက်ပေါ် လာသော သေနတ်သံ များကို တညလုံး ကြားနေ ရသည်။


အတင်းမာဆုံး တနေရာမှာ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမတွင် ဖြစ်သည်။ ထိုခန်းမ ထဲ၌ ရာပေါင်း များစွာသော ကျောင်းသား များက အစည်းအဝေး ထိုင်လျက် ရှိနေ ကြသည်။ ညနေ ၆ နာရီတွင် စစ်တပ်က တက္ကသိုလ် နယ်မြေ ထဲသို့ ဝင်ရောက် လာကြပြီး ဘွဲ့နှင်း သဘင် အဆောက်အဦကို ဝိုင်းကာ ကျောင်းသား များအား အပြင်သို့ ထွက်လာ ကြရန် အမိန့် ပေးတော့သည်။ သို့သော် မည်သူမျှ ထွက်မလာ ခဲ့ကြပေ။ ခန်းမ တွင်းရှိ ကျောင်းသား အားလုံးမှာ အသေခံ ကြရန် ပြင်ဆင် ထားကြပြီး ဖြစ်၍ ဘုရားကို အာရုံပြု ရှိခိုးလျက် ရှိသည်။ နွေရာသီ ကျောင်း မပိတ်ခင် နောက်ဆုံး တရက်၌ အဖွဲ့ အလိုက် အတန်း အလိုက် အမှတ်တရ ဓာတ်ပုံများ ရိုက်သကဲ့သို့ သူတို့၏ နောက်ဆုံး ဓာတ်ပုံ များကို ရိုက်ပေး နေကြ သည်မှာလည်း သူတို့၏ စည်းလုံး ညီညွတ်မှုကို ဖော်ညွှန်းသည့် လက္ခဏာပင် ဖြစ်ပေ တော့သည်။


နိမ့်ချီ မြင့်ချီ ရှိခိုး ဆုတောင်း နေသံများကို နာရီပေါင်း များစွာ ကြားနေ ရသည်။ ည ၁၀ နာရီ ၄၅ မိနစ်တွင် ဘုန်းကြီး တချို့ ဘွဲ့နှင်း သဘင် ခန်းမ ထဲသို့ ဝင်ရောက် လာကြကာ ကျောင်းသား များကို အဆောက်အဦ၏ နောက်ဖေး တံခါး ပေါက်မှ ခေါ်ထုတ် သွားကြသည်။ ထူးဆန်း သည်မှာ အပြင်ဘက်မှ စစ်သားများက ပစ်ခတ်ခြင်း မပြု သဖြင့် မည်သူ တဦး တယောက်မှ ထိခိုက်ခြင်း မရှိ ခဲ့ချေ။


* * * * * * * *


နောက်တနေ့ နံနက်တွင် ဆန္ဒပြပွဲ များတွင် ဆက်လက် ဖြစ်ပွား ခဲ့သည်။ ချီတက် ဆန္ဒပြ နေသော လူအုပ်ကြီးသည် မြို့တော် ခန်းမနှင့် မဟာ ဗန္ဓုလ ပန်းခြံကို ဖြတ်ကျော် ချီတက် သွားကြသည်။ သို့သော် သူတို့အား ပတ်ပတ်လည် အဆောက်အဦ ခေါင်မိုးများ ပေါ်မှ စက်သေနတ် များဖြင့် ချိန်ရွယ် ထားသည်ကို မည်သူမျှ မတွေ့လိုက် ကြပေ။ ကုန်သည် လမ်းရှိ အမေရိကန် သံရုံးနှင့် ကပ်လျက် ရှိသော ပြည်ထောင်စုဘဏ်၊ မြို့တော် ခန်းမနှင့် ခြောက်ထပ်ရုံးတို့ အပေါ်တွင် စစ်သားများ နေရာ ယူထား ကြသည်။ ဆန္ဒပြသူ များက ဆူးလေ ဘုရား၏ မျက်နှာချင်း ဆိုင်ရှိ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ကော်ပိုရေးရှင်း ဘက်သို့ ချိုးကွေ့ လိုက်သော အခါ သုံးဘက် သုံးတန် ပစ်ကွင်း ထဲ၌ ချောင်ပိတ် မိလျက်သား ဖြစ်သွား လေသည်။ ခေါင်မိုး ပေါ်မှ စစ်သား များက လူအုပ်ကြီး ထဲသို့ သေနတ် များဖြင့် ပြိုင်တူ ပစ်ခတ် လိုက်ကြသည်။ ကြိုတင်၍ သတိပေးခြင်း မရှိ သောကြောင့် ဆန္ဒပြသူ အမြောက်အမြား သွေးမြေ ကျခဲ့ ရသည်။


လမ်းများ ပေါ်သို့ စစ်သားများ အဖက်ဖက်မှ ထွက်လာ ကြပြီး စံနစ်တကျ တန်းစီ၍ လျှောက်လာ ကြသည်။ သူတို့၏ နောက်တွင် ဘရင်း ကယ်ရီယာ များက ထပ်ချပ် မကွာ လိုက်ပါ လာခဲ့သည်။ ကျယ်လောင်သည့် အမိန့် ပေးသံ တချက် ထွက်ပေါ် လာပြီးနောက် စစ်သားများက ဒူးထောက်ကာ အသင့်အနေ အထားဖြင့် သေနတ်ပြောင်း များကို ဆန္ဒ ပြသူများ ဘက်သို့ ချိန်ရွယ် ထားလိုက် ကြသည်။ သူတို့ ပုံစံမှာ လက်နက်မျိုးစုံ ကိုင်ဆောင် ထားသော ရန်သူ များနှင့် ရင်ဆိုင် နေရသည့် နှယ်ပင်။ သူတို့ အမှန်တကယ် ရင်ဆိုင် နေကြရ သူများမှာ လက်နက်မဲ့ ဆန္ဒပြ သူများသာ ဖြစ်သည်။


အမေရိကန် သံရုံး အပြင် ဘက်ရှိ လူအုပ်ကြီးကို စစ်သား များက သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။ စစ်သား များ၏ ပစ်ခတ် သတ်ဖြတ်မှုကို ဗွီဒီယို ကင်မရာဖြင့် ရိုက်ကူးလျက် ရှိသော မြန်မာ ကင်မရာမင်း နှစ်ယောက် ဘက်သို့ စစ်သားများ လှမ်းကြည့် လိုက်သော အခါ တဦးကို အခြား တဦးက သူ့ ကိုယ်လုံးဖြင့် ကွယ်ထား လိုက်သည်။


နောက်ပိုင်းတွင် ပြည်ပသို့ ခိုးထုတ် နိုင်ခဲ့သည့် ထိုတိတ်ခွေ ထဲ၌ ဗမာလို ပြောနေသော အသံကို ပီပြင်စွာ ကြားရသည်။


"ဒို့ ဘယ်လို လုပ်ကြ မလဲ"


"ဘယ်လို လုပ်ရင် ကောင်းမလဲ"


တခြား အသံ တသံက တည်ငြိမ်စွာ အဖြေ ပေးလိုက်သည်။


"ဒို့ဘက်ကို မပစ် မချင်း ဆက်ရိုက် နေပါ"


ထိုနေ့က အစိုးရ၏ အမိန့်မှာ ကင်မရာနှင့် အတူ တွေ့သမျှ လူများကို ပစ်သတ်ရန် အမိန့် ပေးထားသည်။ မြန်မာပြည်မှ အာဏာ သိမ်းမှုနှင့် ပတ်သက်သော သတင်းများ၊ ဓာတ်ပုံ များကို နိုင်ငံ တကာက မဖော် ပြနိုင်ရန် ရည်ရွယ်ပြီး ပေးခဲ့သည့် အမိန့်ပင် ဖြစ်သည်။ ဂျပန် ရုပ်မြင် သံကြား ကုမ္ပဏီ တခု အတွက် သတင်း ရယူလျက် ရှိသော မြန်မာ ဓာတ်ပုံ ဆရာ တဦးမှာ သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်း ခံရပြီး သေဆုံး သွားသည်။ သူ၏ ဝဲဘက် မျက်လုံးကို ကျည်ဆံ ဖောက်ဝင် သွားခြင်း ဖြစ်သည်။ သို့သော် အသက် မထွက်မီ ကင်မရာကို သူ့ ရဲဘော် တယောက် လက်သို့ လွှဲပြောင်း ပေးနိုင် ခဲ့သည်။


အနော်ရထာ လမ်းနှင့် မဟာ ဗန္ဓုလလမ်း အကြားတွင် ရှိနေသော ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး) ဆီသို့ ချီတက် သွားကြသည့် ကန့်ကွက် ဆန္ဒပြ သူများနှင့် အတူ မောင်ကျော်သူလည်း လိုက်ပါ သွားခဲ့သည်။


သူသည် အထက်တန်း ကျောင်းသား တစုက ဖွဲ့စည်း ထားသည့် အဖွဲ့မှ ဖြစ်ပြီး ထိုအဖွဲ့တွင် သြဂုတ်လနှင့် စက်တင်ဘာလ အရေးအခင်းကို အခြေခံ၍ ပေါက်ဖွား လာသော အတွေးအခေါ်များ ထင်ဟပ် ပေါ်လွင် နေသည်။ သူတို့ အဖွဲ့ကို ယောနသံ အမည်ရှိ ဇင်ယော်ငှက် တကောင်၏ အကြောင်းကို ရေးသား ထားသော ဝတ္ထု နာမည်ကို ယူ၍ ယောနသံ လွတ်မြောက်ရေး အဖွဲ့ဟု အမည် ပေးထားသည်။


"စစ်တပ်က လူအုပ် ထဲကို ပစ်လိုက်တဲ့ သေနတ် သံတွေ ကြားတော့ ကျွန်တော်တို့ နောက်ကြောင်း ပြန်လှည့် ခဲ့ရတယ်။ စစ်သား တွေက ခွပ်ဒေါင်း အလံနဲ့ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံ ကိုင်ထား သူတွေ၊ ခေါင်းစီး အနီ ပတ်ထား သူတွေကို အဓိက ထားပြီး ပစ်ကြတယ်။ ဆန္ဒ ပြသူ တွေက ထွက်ပြေးဖို့ ကြိုးစား ကြတယ်။ ထွက်ပြေး ကြတဲ့ သူတွေ နောက်က စစ်သားတွေ ထပ်ချပ် မကွာ ပြေးလိုက်ပြီး နောက်ကျောကို လှံစွပ်နဲ့ ထိုးသတ် ပစ်တယ်။ စစ်သား တွေဟာ တော်တော် ငယ်တာပဲ။ ကျွန်တော့် အထင် ဆယ်ကျော်သက် အရွယ်လေးတွေ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူတို့ အသွင် သဏ္ဍန်ဟာ ကြမ်းတမ်း ခက်ထန် နေတယ်"


ကြမ္မာဆိုး ဝင်သော တနင်္လာ နေ့တွင် ရန်ကုန်ရှိ ဝါရင့် သတင်းစာ ဆရာ ဦးစိန်ဝင်းက ဘန်ကောက် မြို့ရှိ သူ၏ အေပီ သတင်း ဌာနသို့ အောက်ပါ အတိုင်း သတင်း ပို့ခဲ့သည်။


"စစ်သားများက လူထု စုဝေးမှုကို တားဆီးရန် အမိန့် ပေးထားသည့် အတိုင်း ရန်ကုန် မြို့လယ်ခေါင်၌ ကျောင်းသားများ၊ ဗုဒ္ဓ ဘာသာဝင် ဘုန်းကြီးများနှင့် လက်နက်မဲ့ ဆန္ဒပြသူ များစွာ ပါဝင်သော လူအုပ်ကြီး ထဲသို့ သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။ ထိခိုက် ဒဏ်ရာ ရသူ အတော် များကြောင်း မျက်မြင် သက်သေ များက ပြောဆို ကြသည်။ သတင်းထောက် တယောက်က ကျောင်းသားတွေ ပစ်သတ် ခံနေရပြီ။ ဘာမှ မလုပ်နိုင် ကြတော့ ဘူးလားဟု အခင်း ဖြစ်ပွားရာ နေရာမှ အေပီ သတင်းထောက်ထံ တယ်လီဖုန်းနှင့် သတင်း ပို့ရင်း ငိုကြွေး နေသံကို ကြားရသည်"


တက္ကသိုလ် ကျောင်းသား တဦး ဖြစ်သော အောင်ကျော်က ကျောင်းသားကြီး များမှာ အန္တရာယ်ကို သဘောပေါက် သဖြင့် အိမ်ထဲမှ အိမ်ပြင်သို့ မထွက်ကြောင်း ပြောပြသည်။


"အထက်တန်း ကျောင်းသားလေး တွေကို ထိန်းဖို့ မလွယ်ဘူး။ သူတို့ အနေနဲ့ ဒေါသ ထွက်နေ ကြပြီး တိုက်ခိုက်လို စိတ်တွေ ပြင်းထန် နေတယ်။ ပြီးတော့ စစ်တပ် နဲ့လည်း ရင်ဆိုင် ချင်ကြတယ်။ ကျွန်တော်တို့ သူတို့ကို တားလို့ မရဘူး။ ကျောင်းသား အတော် များများ မောင်းပြန် သေနတ် ဒဏ်ရာ၊ လှံစွပ် ဒဏ်ရာ တွေနဲ့ သေဆုံး ခဲ့ကြ ရတယ်"


ကျော်သူသည် နံနက် ၁၀ နာရီ အချိန်၌ အသက် ၁၈ နှစ် အရွယ်ရှိ ညီမ ဖြစ်သူ ဝင်းမော်ဦး သေနတ် ဒဏ်ရာ အပြင်းအထန် ရသွားကြောင်း ကြားသိ လိုက်ရသည်။ သူမ၏ သူငယ်ချင်းများ ဖြစ်သော အထက်တန်း ကျောင်းသား နှစ်ဦး မှာလည်း ပစ်ခတ် ခံရပြီး ထိုနေရာ ၌ပင် ပွဲချင်းပြီး သေဆုံး ခဲ့ရသည်။ ဝင်းမော်ဦးကို ဆေးရုံသို့ ပို့ရန် ကားဆီသို့ ချီမ သွားစဉ် နိုင်ငံခြားသား တဦးက ဓာတ်ပုံ ရိုက်ခဲ့သည်။ ထိုပုံသည် အောက်တိုဘာလ ၃ ရက် နေ့ထုတ် နယူးစ်ဝစ် (Newsweek) မဂ္ဂဇင်း၌ ပါရှိ ခဲ့သည် သို့သော် ဓာတ်ပုံမှာ နောက်နာရီ အနည်းငယ်တွင် ဘာဆက်၍ ဖြစ်သည်ကို မပြောပြ နိုင်ခဲ့ချေ။


"ကျွန်တော်နဲ့ ကျွန်တော့် အဖေ ရန်ကုန် ဆေးရုံကြီးကို မနက် ၁၁ နာရီမှာ ရောက်လာ ခဲ့တယ်။ ကျွန်တော့် ညီမဟာ သွေး အတော် ထွက်နေ တာကို တွေ့ရတယ်။ သူက ဗိုလ်ချုပ် အောင်ဆန်းပုံကို တောင်းနေလို့ ကျွန်တော်တို့ သူ့ အိပ်ယာပေါ် တင်ပေး ခဲ့တယ်။ နေ့လယ် ၁ နာရီ လောက်မှာ ဓာတ်ပုံကို သူ့လက်နဲ့ ဆုပ်ကိုင်ရင်း အသက်ထွက် သွားရှာတယ်"


နောက်တနေ့တွင် ဝင်းမော်ဦအား မီးသင်္ဂြိုဟ်ရန် မိသားစုနှင့် ဆွေမျိုးများ ကြံတော သုဿန်သို့ သွားခဲ့ ကြသည်။ မီးသင်္ဂြိုဟ် စက်၏ အပြင်ဘက်တွင် အလောင်းများ စုပုံ ထားသည်ကို တွေ့ရသည်။ ကျန်ရစ် သူများက သူတို့နှင့် ပတ်သက်သည့် အလောင်း များကို ရှာဖွေ နေကြသည်။ အလောင်း များစွာ၏ မျက်နှာ များအား မည်သူ မည်ဝါ ဖြစ်မှန်း ခွဲခြား၍ မရ နိုင်အောင် ထုနှက် ဖျက်ဆီး ထားသည်ကို တွေ့မြင် ခဲ့ရကြောင်း ကျော်သူက ပြန်ပြော ပြသည်။ သေဆုံး သွားခဲ့သူ အချို့၌ ကျောင်းစိမ်း ပုဆိုးများ ဝတ်ဆင် ထားသည်ကို တွေ့ရသည်။ ကျော်သူနှင့် သူ့ မိသားစု ဝင်းမော်ဦးကို သင်္ဂြိုဟ်ပြီး နှစ်ရက် အကြာတွင် ကြံတော ပတ်ပတ်လည်၌ စစ်သားများ စောင့်ကြပ် နေကြပြီး ဘရင်း ကယ်ရီယာ တစီးလည်း သင်္ချိုင်း အပြင် ဘက်တွင် အသင့် အနေအထားဖြင့် နေရာ ယူထားသည်။ မည်သူမျှ ကြံတော သုဿန် ထဲသို့ ဝင်ခွင့် မပြု တော့ပေ။


အောက်တိုဘာလ ၃ ရက်နေ့ထုတ် နယူးစ်ဝ်ခ် မဂ္ဂဇင်း၌ မီလင်ဒါ လီယူ (Melinda Liu) က သူမ၏ မျက်နှာဖုံး သတင်းတွင် အောက်ပါ အတိုင်း ရေးသား ခဲ့သည်။


"ကြံတောသို့ ရောက်လာသည့် အလောင်း များတွင် မသေသေး သူများလည်း ပါသည်။ ထို သူများကို စစ်သားများက ပစ်သတ်ကာ အခြား အလောင်း များဖြင့် ရောနှော သင်္ဂြိုဟ် ခဲ့ကြသည်။ ပစ်သတ် ခံရသူ များ၏ အော်ဟစ် ငြီးငြူသံ များကို အတိုင်းသား ကြားနေ ရကြောင်း ကြံတော သင်္ချိုင်းမှ သက်သေ တချို့က ပြောပြသည်။"


ရန်ကုန် ဆေးရုံကြီးတွင် သေနတ် ဒဏ်ရာကြောင့် ခြေထောက်နှင့် လက် ကျိုးပြတ် နေသူများ၊ ရင်အုံတွင် ကျည်ဆံ ထိမှန် ထားသူ များကို သူမ ကိုယ်တိုင် တွေ့မြင် ခဲ့ရ သည်ဟု ဆိုသည်။ အရေးပေါ် ဌာနတွင် သေနတ် ဒဏ်ရာ ရရှိ ထားသော လူနာ များမှာ ကုတင် ပေါ်၌ လူးလှိမ့် နေကြပြီး သွေးများ ကြမ်းပြင်ပေါ်သို့ အိုင်ထွန်း ကျလျက် ရှိသည်။ လွန်ခဲ့သည့် အချိန်က သွေးလှူရှင်များ လှူဒါန်းမှုကြောင့် သွေးများ အလျှံပယ် ရှိခဲ့ သော်လည်း ယခုချိန်တွင် သွေးများ ပြတ်လု နီးပါး ဖြစ်နေသည်။ ရင်ခွဲရုံ တွင်လည်း နေရာ မဆန့် တော့ပေ။ "ရေခဲတိုက် ထဲမှာ ဖရိုဖရဲ စုပုံ ထားတဲ့ အလောင်း သုံးဆယ်ကို ကျွန်မ ကိုယ်တိုင် တွေ့ခဲ့ ရတယ်။ အလောင်း တလောင်း ဆိုရင် ခေါင်း မရှိ တော့ဘူး။ ၁၀ နှစ် အရွယ် ကလေး တယောက်ရဲ့ နှာဖူး အလယ် တည့်တည့်မှာ ကျည်ဆံပေါက် တပေါက် ကိုလည်း တွေ့ရတယ်" ဟု မီလင်ဒါ လင်ယူက ပြန်ပြော ပြသည်။


တနင်္လာ နေ့တွင် ကြည့်မြင်တိုင်၌ အသက် ၁၃ နှစ်၊ ၁၄ နှစ် ဝန်းကျင်ရှိ ဆန္ဒပြ ကျောင်းသူ တစုကို စစ်သားများက ပစ်ခတ် ခဲ့ကြကြောင်း အနောက်တိုင်း သံတမန် တဦးက ပြောကြား ခဲ့သည်။


"ဖြစ်ပျက် နေတဲ့ ကိစ္စ တွေဟာ အတော်ကို ရှက်စရာ ကောင်းပါတယ်။ ဒီအတွက် စကား လုံးတောင် ရှာမတွေ့ နိုင်အောင် ပါပဲ။ လူတစုဟာ သူတို့ အာဏာ တည်မြဲရေး အတွက် ကျောင်းသား ကျောင်းသူ လေးတွေနဲ့ လက်နက်မဲ့ ဆန္ဒပြ သူတွေကို သတ်ဖြတ်ဖို့ ဝန်မလေး ခဲ့ကြဘူး။ ဒါဟာ အာဏာ သိမ်းတာ မဟုတ်ဘူး။ သူတို့က အာဏာကို ဆုပ်ကိုင် ထားပြီး တိုင်းပြည်ကို အုပ်ချုပ် နေမှတော့ အာဏာ သိမ်းတယ် ဆိုတာ ဖြစ်နိုင် ပါအုံး မလား" ဟူ၍ ထို သံတမန်က ဆက်၍ ပြောပြသည်။


ဖိနှိပ်မှုမှာ တပြည်လုံး၌ တပုံစံထဲ ဖြစ်သည်။ အာဏာ မသိမ်းမီ ရက်သတ္တပတ်က တပ်လှန့် ထားပြီး ဖြစ်သည့် တပ်များမှာ ၁၉ ရက်နေ့ စောစောပိုင်းတွင် တစ်နိုင်ငံလုံးရှိ သပိတ် စခန်း များကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက် ခဲ့ကြသည်။


မန္တလေး၌ ဆန္ဒ ပြသူများက စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင် ခဲ့ကြရာ ကျွဲများကို ရှေ့မှ မောင်းသွင်းပြီး အကာအကွယ် ယူခဲ့ ကြသည်။ သို့သော် စစ်သေနတ်နှင့် မောင်းပြန် သေနတ် အန္တရာယ်မှ မကာကွယ် နိုင်ခဲ့ကြပေ။ စစ်တင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့ အသံမှ "မသမာသူ တစုက တိရစ္ဆာန် များကို အကာအကွယ် ယူကာ လုံခြုံရေး တပ်များကို လေးဂွ၊ ဂျင်ဂလိ များဖြင့် ပစ်ခတ် ခဲ့ကြောင်း၊ ထို့ကြောင့် လုံခြုံရေး တပ်သား များက ပြန်လည် ပစ်ခတ် ခဲ့သဖြင့် ကျွဲ ၅ ကောင် ထိမှန် သေဆုံး ခဲ့ရကြောင်း" ကြေညာ ခဲ့သည်။


မန္တလေး မြို့ခံများ ပေးပို့သည့် သတင်း အရ မန္တလေးမှ သပိတ် စခန်း တခုကို စစ်တပ်က ဖြိုခွင်း ပစ်ခတ် ခဲ့ရာ လူဦးရေ ၁၅၀ ခန့် သေဆုံး ခဲ့ရကြောင်း သိရှိ ရသည်။ ထိုစခန်းမှာ တစ်နိုင်ငံလုံးတွင် အရေးပါဆုံး သပိတ် စခန်း တစ်ခု ဖြစ်သည်။ ဧရာဝတီ မြစ်ကမ်း ပေါ်မှ ရေနံမြို့ တစ်မြို့ ဖြစ်သော ချောက်မြို့တွင် အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒ ပြခဲ့ ကြသော ပြည်သူ များအား ဒေသခံ စစ်တပ်က ပစ်ခတ် ခဲ့သဖြင့် လူနှစ်ဆယ် သေဆုံး ခဲ့သည်။ ရှမ်းပြည်နယ် တောင်ကြီး မြို့တွင် ၁၈ ရက်နေ့က ဖြစ်ပွား ခဲ့သော ပစ်ခတ်မှု၌ အမျိုးသမီးငယ် တစ်ဦး သေဆုံး ခဲ့သည်။ နောက်တနေ့တွင် သူမ၏ ဈာပနာကို ပြင်ဆင်ရန် မြို့လယ်ခေါင် လမ်းပေါ်ရှိ တရုတ် ဘုရားကျောင်း အပြင် ဘက်တွင် လူများ စုဝေး ခဲ့ကြသည်။ ထိုအခိုက် စစ်ကား တစ်စီး ရောက်လာပြီး လူအုပ်ထဲသို့ မောင်းပြန် သေနတ် များဖြင့် ပစ်ခတ် လေတော့သည်။ ဒေသခံ လူများ၏ ခန့်မှန်းချက် အရ စုစုပေါင်းလူ ၄၀ ခန့် သေဆုံး ခဲ့ရသည်ဟု ဆိုသည်။


အစိုးရ သတင်း ကမူ အဖျက် သမား ၁၀၀ ခန့်သည် ဂျင်ဂလိ၊ လေးဂွ တို့ဖြင့် လုံခြုံရေး တပ်သား များကို တိုက်ခိုက် သဖြင့် စစ်တပ်က ပြန်လည် ပစ်ခတ်ရာ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိ ခဲ့သည်ဟု ကြေညာ ခဲ့သည်။


၁၉ ရက်နေ့ နံနက်ခင်း၌ ထားဝယ် မြို့ရှိ သပိတ် စခန်း အပြင် ဘက်တွင် ပြည်သူများ စုဝေး ခဲ့ကြသည်။ တံခွန်နှင့် ဒေါင်းအလံများ လေထဲတွင် တလူလူ လွှင့်နေသည်။ ဒေသခံ သပိတ် ခေါင်းဆောင်များ ဖြစ်ကြသည့် အသက် ၅၁ နှစ် အရွယ်ရှိ အထက်တန်း ကျောင်းဆရာ ဦးချမ်းလှနှင့် ကျောင်းအုပ် ဆရာကြီး ဦးပန်ကျော်တို့ တရား ဟောနေရာသို့ စစ်တပ် ရောက်လာပြီး လူစုခွဲရန် ပြောသည်။ လူအုပ်ကြီးက အမိန့် မနာခံ သဖြင့် အဖွဲ့ ခေါင်းဆောင် ဒုဗိုလ်မှူးကြီး မြင့်သိန်း ဆိုသူက ပစ္စတိုဖြင့် ကျောင်းအုပ် ဆရာကြီးအား ပစ်သတ် လိုက်သည်။


ထို့နောက် ဦးချမ်းလှနှင့် တခြား ဆန္ဒ ပြသူများ ကိုလည်း စစ်သား များက ချက်ချင်း သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။


ထိုင်းနိုင်ငံ မဲဆိုင်နှင့် မျက်နှာချင်း ဆိုင်ရှိ မြန်မာ နယ်စပ် မြို့လေး တစ်မြို့ ဖြစ်သည့် တာချီလိတ်တွင် ၁၉ ရက်နေ့ အရုဏ်ဦး၌ ကျောင်းသား ၁၂ ဦး ဖမ်းဆီးခြင်း ခံရသည်။ ၄ ရက် အကြာ၌ စစ်သားနှင့် အရပ်သားများ တင်ဆောင် လာသည့် စစ်ကားများ အမှောင်ထဲ၌ မြို့၏ တောင်ကုန်း ပေါ်မှ စစ်တပ် ရှိရာသို့ ဦးတည် မောင်းနှင် သွားကြောင်း မျက်မြင် သက်သေ တဦးက ပြောဆို ခဲ့သည်။ များမကြာမီ စစ်တပ်မှ စက်သေနတ် သံများကို ကြားခဲ့သည်။ စစ်ကားများ စစ်တပ်မှ ပြန်လာသည့် အခါ ကားပေါ်၌ အရပ်သားများ မပါလာ တော့ချေ။


ငြိမ်/ပိ အာဏာ သိမ်းပြီးနောက် ရန်ကုန် မြို့ရှိ မြို့နယ် အသီးသီးတွင် အလားတူ ရက်စက်မှု သတင်းများ ထွက်ပေါ် လာခဲ့သည်။ တောင်ဥက္ကလာပ မြို့နယ်တွင် မိဘများ ရှေ့မှောက်၌ လူငယ် နှစ်ဦး ပစ်သတ် ခံခဲ့ရသည်ဟု ဒေသခံ လူများက ပြောကြသည်။ နေအိမ် များသို့ စစ်သားများ ဝင်ရောက်ပြီး ဆန္ဒပြပွဲ၌ တက်ကြွစွာ ပါဝင် ခဲ့သော ကျောင်းသားများ၊ ဒီမိုကရေစီနှင့် ပတ်သက်သည့် လက်ကမ်း စာစောင် များကို ရှာဖွေ ခဲ့ကြသည်။ ရန်ကုန် မြို့ခံ တစ်ဦး၏ ပြောပြချက် အရ ယူပီအိုင် သတင်း ဌာနက စက်တင်ဘာလ ၂၄ ရက်နေ့ သတင်း ဖော်ပြချက်တွင် စစ်သားများက တစ်အိမ်တက် တစ်အိမ်ဆင်း လက်နက် များကို ဝင်ရောက် ရှာဖွေ ပြီးနောက် အဖိုးတန် ပစ္စည်းများ ကိုလည်း ယူဆောင် သွားခဲ့ ကြသည်။ ပြည်သူ များမှာ မည်သို့မျှ ပြန်မပြော နိုင်ခဲ့ဟု ပါရှိသည်။


စက်တင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန် ကြေညာချက်၌ တိမ်းရှောင် နေသော မင်းကိုနိုင်က နောက်ဆုံး အနေနှင့် တစ်နိုင်ငံလုံးက အစိုးရကို ခုခံ တိုက်ခိုက် သွားရန် ပြင်ဆင်လျက် ရှိကြောင်း၊ အမိနိုင်ငံ လွတ်လပ်ရေး အတွက် စတေး လိုသည့် ဆန္ဒထက် ဂုဏ်ယူစရာ မည်သည့် အရာမှ မရှိကြောင်း၊ သူတို့ အနေနှင့် ရပ်ဆိုင်း တော့မည် ဖြစ်ပြီး အစိုးရအား နောက်ဆုံး ထမင်း စားထားရန် သတိ ပေးလိုက် သည်ဟု ပါရှိ လေသည်။


အမာခံ အဖွဲ့ငယ် များက စစ်တပ်ကို တိုက်ခိုက်ရန် ကြိုးစား ခဲ့သော်လည်း အချဉ်းနှီး ဖြစ်သွား ရသည်။ ထွန်းထွန်းဦး ခေါင်းဆောင်သော အမျိုးသား လွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦးက မှောင်ခို ဈေးမှ ဝယ်ယူ ခဲ့သော ဒုံးကျည် များဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့က မြို့တော် ခမ်းမကို ပစ်ခတ် ခဲ့သော်လည်း အနည်းငယ်သာ ပျက်ဆီး ခဲ့သည်။ များမကြာမီ ထွန်းထွန်းဦးမှာ ထိုင်း နယ်စပ်သို့ ထွက်သွား ခဲ့သည်။ မြေအောက် လှုပ်ရှားမှု အတွက် သူ့နေရာတွင် ကျော်သန်းက ဝင်ရောက် နေရာ ယူခဲ့သည်။ စင်စစ် ထိုအစီအစဉ်မှာ ထောက်လှမ်းရေး၏ ခြေလှမ်း ဖြစ်လေသည်။ နောက်ပိုင်း၌ ကျော်သန်း ဦးဆောင်မှု အောက်ရှိ အဖွဲ့ဝင် အတော် များများမှာ လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရ လေတော့သည်။ တနင်္လာနှင့် အင်္ဂါနေ့တွင် ရဲစခန်း အမြောက်အမြား မီးရှို့ ဖျက်ဆီးခြင်း ခံရလေသည်။ မီးရှို့ သူများက ရဲစခန်းမှ လက်နက် များကို သိမ်းယူ သွားခဲ့သည်။ တစ်စုံတစ်ဦးက ရန်ကုန်ရှိ မိုက်ကရိုဝေ့ဖ် (Mivrowave Antenna) မျှော်စဉ်ကို ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ နိုင်ငံ၏ ကြေးနန်း ဆက်သွယ်မှုများ ခေတ္တ ရပ်ဆိုင်း သွားခဲ့သည်။


တိုက်ခိုက်မှု များ၏ စွမ်းအားမှာ သေးငယ် လှသည်။ စစ်တပ်ကို သရော် ခဲ့သည့် လုပ်ရပ် တခုမှာ မည်သူမှန်း မသိသော မြန်မာ တစ်ဦးက မြန်မာ့ အသံမှ သတင်း ထုတ်လွှင့်မှု တခုကို နှောက်ယှက် နိုင်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး စောမောင်၏ ဖမ်းယူ ထားသော မိန့်ခွန်း များကို မြန်မာ့ အသံမှ ထုတ်လွှင့်တိုင်း အဆိုပါ ပုဂ္ဂိုလ်၏ အသံ ကလည်း ပါဝင်လျက် ရှိသည်။ ဗိုလ်ချုပ် စောမောင်က မိန့်ခွန်း ပြောရင်း "မသမာသော အဖွဲ့အစည်းများ" ဟူသော နေရာ ရောက်သည့် အခါ အသံ တသံက "ခင်ဗျား တို့သာ မသမာ သူတွေ" ဟု၍ လည်းကောင်း၊ "ကျွန်တော်တို့ လူနည်းစုနဲ့ အစိုးရ ဖွဲ့လိုက်ရတဲ့ အကြောင်းက ကျွန်တော် တို့ဟာ တိုင်းပြည် အာဏာကို အကြာကြီး ဆုပ်ကိုင် ထားလိုတဲ့ ဆန္ဒ မရှိဘူး ဆိုတာ ပေါ်လွင် နေပါတယ်" ဟု ဆိုသော အခါ တဖက်မှ တစ်ကိုယ်တော် ဆန့်ကျင်ရေး သမားက "ဆန္ဒ မရှိရင် ဘာလို့ အာဏာ သိမ်းလဲ" ဟူ၍ လည်းကောင်း၊ ဗိုလ်ချုပ် စောမောင်က ခေတ္တမျှ ရပ်တန့်ကာ "ကျွန်တော် စကား အနည်းငယ် ပြောချင် ပါသေးတယ်" ဟူသော အသံ နောက်မှ "ဘာမှ မပြောပါနဲ့" ဟူ၍ လည်းကောင်း ထွက်ပေါ် လာခဲ့သည်။ ဗိုလ်ချုပ် စောမောင် မိန့်ခွန်းကို အနှောင့်အယှက် ပေးနေသည့် ထိုအသံမှာ တိုးလွန်း လှသည်ကို ထောက်ရှုခြင်း အားဖြင့် သူ့ ကိုယ်ပိုင် ရေဒီိယို အသံလွှင့် စက်ကို အသုံး ပြုခဲ့ကြောင်း ညွှန်ပြလျက် ရှိသည်။ ဘီဘီအက်စ် အသံလွှင့် ခန်းမမှ လာသည့် အသံတော့ မဖြစ်နိုင်ပေ။ လျှို့ဝှက် ဆန်းကျယ်သည့် ထိုအသံရှင် မည်သူ ဖြစ်သည်ကို မည်သူမျှ မသိနိုင် ခဲ့ပေ။ ရက် အနည်းငယ် ကြာသည့် အခါ ထိုအသံ သည်လည်း ငြိမ်သက် ပျောက်ကွယ် သွားခဲ့ တော့သည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


Credits

********
Outrage - Burma's Struggle for Democracy by Bertil Lintner စာအုပ်ကို စံဝင်းမောင်နှင့် မင်းမျိုးနိုင် တို့က မြန်မာပြန်ကာ 1st Burmese edition published in the UK in 1990 by Peacock Press, က ထုတ်ဝေခဲ့တဲ့ ဘာတီလင်တနာရဲ့ 'ဒေါမာန်ဟုန် - ဗမာပြည် ဒီမိုကရေစီ တိုက်ပွဲ'၊ အခန်း (၆)၊ "နိုင်ငံတော် ငြိမ်/ပိ" ကို ပြန်လည် ကူးယူ ဖော်ပြ လိုက်တာ ဖြစ်ပါတယ်။

Posted by မြတ်လေးငုံ at Friday, August 06, 2010

ဒေါမာန်ဟုန် စာအုပ်မှ ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံနဲ့ ပတ်သက်တဲ့ မှတ်တမ်း ဓာတ်ပုံ



(YKK)

No comments: