ကျွန်တော့်
အဖေက ဒူးရင်းသီးဆို သေလောက်အောင် မုန်းတယ်ဗျ။ အနံ့တောင် မခံနိုင်ဘူး။ အမေက
တနေကုန် ထမင်းမစားရလည်း နေပစေ ဒူးရင်းသီး ထိုင်စားနေရရင် ကျေနပ်တဲ့
အမျိုး။ သူတို့နှစ်ယောက်ညားတော့ အကြီးဆုံးသားက အဖေနဲ့ တူလေသည်။ သူလည်း
အနံ့တောင် မခံနိုင်။ ကျွန်တော်တို့ အငယ်နှစ်ယောက်က အမေနဲ့
ချွတ်စွတ်တူလေသည်။
တနေ့က အမေက ဒူးရင်းသီး ကားပေါ် ခိုးသယ်လာသည်။
အဖေက သိဟန်မတူ။ အမေကလည်း သေချာထုပ်ပိုးလာခဲ့ပုံရသည်။ အမေက ဒူးရင်းသီးဆို
လေလုံတဲ့ ပလတ်စတစ်ဘူးနဲ့ထည့် အဖုံးကို လုံအောင်ပိတ် ပြီးမှ ပလတ်စတစ်အိတ်နဲ့
တစ်ထပ် အုပ်တတ်တာ အမေ့အကျင့်။
မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသော အမေ့ကို သွားစပ်စုမိသည်။
" အမေ ဘာလို့ ဒူးရင်းသီးကို သည်လိုလုပ်နေတာလဲ။ ခဏနေလည်း စားမှာပဲကို ဘာလို့ ကညာတွေ ဆင့်နေတာလဲ"
အမေက ပြုံးပြီးတော့ " ငါဒီလိုလုပ်လို့ နင်တို့ဒီလို နေရတာပေါ့ ငါ့သားရယ်"
အဖြေသာ ဆုံးသွားတာ ခေါင်းကုတ်နေရသူက ကျွန်တော်။ စကားတွေက ရိုးရှင်းပေမဲ့ နားမလည်နိုင်တာတော့ အမှန်ပင်။
ထုံးစံအတိုင်း ညရောက်မှ သားအမိသုံးယောက် လှုပ်ရှားကြတာပေါ့။ ညပိုင်းဆို
အိပ်ခန်းထဲ အဲယားကွန်း ဖွင့်ပေးခဲ့ပြီး အဖေနဲ့ အကြီးကောင်ကို ထားခဲ့ပြီး
လစ်ထွက်ခဲ့ရတာပေါ့။ သားအမိသုံးယောက်သား ဒူးရင်းသီး အားရပါးရ စားကြ။
ခဏနေတော့ အဖေ ရောက်ချလာတယ်။ မထင်မှတ်ထားတော့ ပြုံးပြရုံမှတပါး မတတ်နိုင်။
သိပ်ချစ်စရာကောင်းတဲ့ အဖေကလည်း ပြုံးပြပြီး ပြန်ထွက်သွားတယ်။ ဘာအပြစ်ရယ်မှ
မဆိုခဲ့။
သည်အချိန်မှာ အမေက စကားတခွန်း ဆိုလေသည်။
"ငါတို့တွေ သည်လို တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ပေးခဲ့တာ ၂၅နှစ်
ပြည့်တော့မယ်"တဲ့။ အမေ ပြုံးနေပါသည်။ ကျွန်တော်တို့လည်း ပြုံးနေသည်။
သည်လိုကျတော့ အမေ နေ့ခင်းက ပြောတဲ့ စကားကို ကျွန်တော် နားလည်ခဲ့ပြီ။
လူသားတိုင်းမှာ ချို့ယွင်းချက် ကိုယ်စီ ရှိကြတာပါ။ လင်ရယ် မယားရယ်
ဖြစ်လာရင် သည်ချို့ယွင်းချက်ကို နှာခေါင်းလိုက်ရှုံ့ နေလို့မှ မရတာ။
အပြစ်ပြောနေလို့မှ မဖြစ်တာ။ ပါရမီ ဖြည့်ဖက်တို့ ထုံးစံအတိုင်း သူ့ပါရမီကို
ဖြည့်ကူရင်း ကိုယ့်ပါရမီကိုလည်း ပြည့်အောင် ကြိုးစားရမည်။ ရှဥ့်လည်း
လျှောက်သာ ပျားလည်းစွဲသာပေါ့။
အမှန်တော့ အစားအသောက်ဆိုတာ
လင်မယားနှစ်ယောက်ကြားမှာ အခြေခံအကျဆုံး ပြဿနာပါ။ သည့်ထက်ပိုပြီး အမြင်တွေ
မတူလို့ ခံယူချက်တွေ တစ်ထပ်တည်း မကျခဲ့လို့ ပေါ်ထွန်းလာတဲ့ ပြဿနာဆို
အိမ်ထောင်သက်တမ်းတလျှောက် ဘယ်လောက်တောင် များလိုက်မလဲ။
ဆယ်စုနှစ်ပေါင်းများစွာ ခြောက်လှန့်ခဲ့တဲ့ ပြဿနာပေါင်းများစွာကို
ဘာတွေနဲ့များ ဖြေရှင်းခဲ့ကြသလဲ။ ယောက္ခထီး အကူအညီနဲ့လား။ ယောက္ခမက အခါတော်
ပေးလေရော့သလား။ သူတို့ထုတ်သုံးခဲ့တဲ့ လက်နက်က ရှင်းပါတယ်။ အဖြေက
"နားလည်မှု" ပဲပေါ့။
အိမ်ထောင်တခု ဖြစ်တည်ဖို့ဆိုတာ
အချစ်လိုပါတယ်။ တည်မြဲဖို့ကတော့ အပြန်အလှန် နားလည်မှုနဲ့ တည်ဆောက်မှ
ရလိမ့်မယ်။ အိမ်ထောင်ရေးဆိုတာ သတ်ပုံမှားခွင့်ရှိတဲ့ စကားလုံးမှ မဟုတ်တာ။
နှစ်ယောက်အကြား နားလည်မှုနဲ့ ထိန်းကျောင်းရင်း ပြုပြင်ရင်း သတ်ပုံမမှားဖို့
ကြိုးစားရတာပေါ့......
No comments:
Post a Comment