Sunday, August 4, 2013

"ဘီးလင်းက ရေဘေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက်က ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့"



မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ရေဘေး ဒုက္ခသည် စခန်းတွေဖြစ်တဲ့ ကန်သာယာ၊ ဖိုးလကြီး၊ စတဲ့ စခန်း ၄ ခုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက အဝတ်အထည်၊ ဆန်နဲ့ အလှူငွေ တွေကို ဒီကနေ့ သွားရောက်လှူဒါန်းကြပါတယ်။

ဘီးလင်းမြို့နယ်ဟာ နှစ်တိုင်း လိုလို ရေဘေးဒဏ်ကို ခံစားရတာကြောင့် အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့လိုတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက RFA ကိုပြောပါတယ်။

"ဘီးလင်းမှာ ရေက နှစ်တိုင်းတက်တယ်။ဒီနှစ်ကတော့ ဆိုးဆိုးရွားရွားတက်တယ်။ ကျွန်တော်ဖြစ်စေချင်တာက ဒီနေရာဟာ ဂရုစိုက်ရမယ့် နေရာ ဖြစ်လာပြီ၊နှစ်တိုင်း နှစ်တိုင်း ဖြစ်နေတဲ့ အခါ ကျွန်တော်ဖြစ်စေချင်တာက ရေကြီးပြီဆို ဒီမှာရှိတဲ့ လုပ်သားပြည်သူတွေ၊မိသားစုတွေကို ဘယ်လိုအချိန်မှာ ဘေးလွတ်ရာ ဘယ်နေရာကို ရွှေ့မလဲ၊ကျန်းမာရေးအရ ပြုစုစောင့်ရှောက်မှုထားမလဲ၊ဘယ်အချိန်ပြန်ပို့မလဲဆိုတဲ့ စနစ်တကျ စီမံခန့်ခွဲမှုကို ပြင်ဆင်သင့်ပြီလို့ ကျွန်တော်ထင်တယ်။"

ဒီနှစ် ဘီးလင်းမြို့ရဲ့ ရေကြီးမှုဟာ ၁၉၉၇ နောက်ပိုင်း အဆိုးရွားဆုံးခံစားရတာဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ဒါအပြင် ကရင်ပြည်နယ်အတွင်းက ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြ၀တီ စတဲ့မြို့တွေမှာလည်း ရေကြီးတာကြောင့် ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ထားရပါတယ်။

RFA Burmese

No comments: