Sunday, August 4, 2013

တရားစီရင်ရာ၌ အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်နေမှု အပါအ၀င် ကော်မတီ၏ စစ်ဆေးတွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြထား


Monday, August 05, 2013

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တရားရုံးများသို့ သွားရောက်စစ်ဆေးစဉ် တွေ့ရှိချက်များနှင့် လက်ရှိမြန်မာနိုင်ငံ၏ တရားစီရင်ရေး အပိုင်းတွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်နေမှုများကို အဆိုပါ ကော်မတီမှ လွှတ်တော်သို့ တင်ပြထားပြီဖြစ်ကြောင်း သိရသည်။

"ကော်မတီအနေနဲ့ တရားရုံးတွေမှာ စစ်ဆေးတွေ့ရှိချက်တွေ၊ ကော်မတီရဲ့ နှစ်လည်အစီရင်ခံစာကို လွှတ်တော်ကို တင်ပြထားပါပြီ။ ဒါပေမဲ့ လွှတ်တော်က မခေါ်သေးဘူး။ လွှတ်တော်မှာ လက်ခံဆွေးနွေးတဲ့ အချိန်ကျမှ ခေါ်လို့ရမှာ။ အစီရင်ခံစာမှာ တွေ့ရှိချက်တွေနဲ့ အကြံပြုချက် သုံးချက်ကို ထည့်သွင်းထားတယ်။ လွှတ်တော်က ထုတ်ပြန်မှ တရားဝင် ဆွေးနွေးလို့ရမှာပါ" ဟုလည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ဦးဝင်းမြင့်က ပြောကြားသည်။
အမှုတွေ ကြန့်ကြာမှု မရှိဖို့၊ အမှုသည်တွေကိုလည်း ခုခံချေပခွင့်ပြုဖို့၊ လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ၀င်ရောက်စွက်ဖက်မှု ကင်းကင်းနဲ့ လွတ်လပ်စွာ တရားစီရင်နိုင်ဖို့ကိုလည်း လမ်းညွှန်ခဲ့ပါတယ် . . . . .

အဆိုပါကော်မတီ အနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ဆေးမှုများ မပြုလုပ်ရသေးသော်လည်း ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို စစ်ဆေးမှုများ ပြုလုပ်ပြီးသွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

"နယ်လှည့်စစ်ဆေးရာမှာ တရားရုံးတွေဟာ ပြဋ္ဌာန်းထားတဲ့ တရားစီရင်ရေး ဥပဒေနဲ့အညီ အမှုစစ်ဆေးဖို့၊ ပြစ်မှုဆိုင်ရာ ဥပဒေတရားမ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတွေ နောက်တစ်ခါ ပြဋ္ဌာန်းထားတဲ့ ပြစ်မှုတွေရဲ့ အင်္ဂါရပ်နဲ့အညီ စစ်ဆေးမှသာ တရားမှန်မှန်ကန်ကန် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ဘက်လိုက်မှုမရှိဘဲ အဂတိတရား ကင်းကင်းနဲ့ တရားစီရင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမှုတွေ ကြန့်ကြာမှု မရှိဖို့၊ အမှုသည်တွေကိုလည်း ခုခံချေပခွင့်ပြုဖို့၊ လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ၀င်ရောက်စွက်ဖက်မှု ကင်းကင်းနဲ့ လွတ်လပ်စွာ တရားစီရင်နိုင်ဖို့ကိုလည်း လမ်းညွှန်ခဲ့ပါတယ်" ဟု ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။ ပြည်သူ့လွှတ်တော်၌ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို၂၀၁၂ ခုနှစ် သြဂုတ် ၇ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

No comments: