Saturday, August 3, 2013

၂၅ နှစ်တာအတွင်း ရင်ကိုလာမှန်သော ဖိတ်စာလေးတစ်စောင်......

၂၅ နှစ်တာအတွင်း ရင်ကိုလာမှန်သော ဖိတ်စာလေးတစ်စောင်......

အဲဒီနေ့က တို့တွေစုစည်းခဲ့ကြတယ်....စစ်အာဏာသိမ်းတာ နဲ့ တို့တွေ ခြေရာတွေဖျောက်ကြရမှာလား... စစ်အာဏာရှင်ကိုလက်မခံဘူးဆိုတာကိုတော့ ကျောင်းသားသမိုင်း ပြခဲ့ကြမှဖြစ်မယ်။ ကျနော်တို့အယောက် ၅၀ ကျော်စုစည်းချီတက်ခဲ့တယ်....စစ်တပ်က သမဂ္ဂအခြေပြုထားတဲ့ထားဝယ်အထက( ၁ ) ကျောင်းကို ၀င်ရှင်းပြီးအုဋ္ဌ်တံတားကြီးလမ်းဆုံ မှာရောက်နေကြပြီတဲ့...လမ်းဆုံမှာလေးဘက်လေးတန်လူထုကြီးက ၀န်းရံထားတယ်။ မြို့မိမြို့ဖတွေနဲ့ လူထုအစည်းအရုံးက လူကြီးတွေက ဆိုင်းဘုတ်တွေဖြုတ်ခိုင်းတာကို မဖြုတ်နိုင်ကြောင်း ရှင်းပြနေကြတယ်..... ကြွေးကြော်သံတွေနဲ့ချီတက်ရင်း လမ်း ၅ ခွဆုံမှာ မျက်နှာချင်းဆိုင်ဆုံကြပါပြီ .......၅ ယောက်ကဒူးထောက်လျှက်အသင့်ချိန်ထားတယ်....နောက်မှာ၅ ယောက်က မတ်တပ်ရပ် ခါးပိုက်လျှက်အနေအထားနဲ့ အသင့်ချိန်ထားကြတယ်။စစ်ကားပေါ်မှာ ဘရင်းလား /G4လား တစ်လက်ဆင်ထားတယ်...၅မိနစ်အတွင်း လူစုခွဲပါ....မခွဲရင် ပစ်ခတ်ရပါလိမ့်မယ်လို့ အော်လံနဲ့ အရာရှိငယ်တစ်ယောက်က အော်နေတယ်... .သေချာပါတယ်...သူတို့တကယ်ပစ်ကြတော့မယ်.....ဆရာကြီးဦးပန်းကျော်တို့က မပစ်ဘို့နဲ့ ထိမ်းထိမ်းသိမ်းသိမ်းလုပ်ဘို့ ပြောဆိုနေဟန်ရှိတယ်....၅မိနစ်အချိန်စေ့တော့မှာဖြစ်တဲ့အတွက် ပစ်ခတ်ရပါတော့မယ်လို့ စပြောပါပြီ....ကျနော်တို့ထဲကတစ်ယောက်က ပစ်လို့အော်ပြီး ရှေ့ကို၅လှမ်းလောက်တက်ပြီး ခြေကားထိုင်လျှက်နဲ့ ဂျင်းအင်္ကျီရင်ဘတ်၂ဖက်ဟပေးထားပါတယ်...ပစ်လိုက်ပါဆိုပြီး အော်နေပါတယ်.......မျက်နှာချင်းဆိုင်လမ်းမပေါ် အနေအထားကနေကျည်လွဲရာ လမ်းဘေးကို စစ်ကြောင်းကိုကပ်ထားလိုက်တာနဲ့တစ်ပြိုင်နက် အရာရှိငယ်တစ်ယောက်က ဆရာကြီး ဦးပန်းကျော်ကိုပစ္စတိုနဲ့ပစ်ချလိုက်ပါပြီ....ဘေးကနေ ဆရာကြီးကိုဝင်ထိမ်းတဲ့ ဆရာဦးချမ်းလှကိုပါပစ်ချလိုက်ပါတော့တယ်....သေနတ်သံ ၂ချက်ထွက်ပေါ် ပြီးတာနဲ့ တစ်ပြိုင်နက် အဆက်မပြတ်ပစ်ခတ်သံတွေ ထွက်လာပါတော့တယ်.... G3/G4 တွေရဲ့အသံက ဒုန်းကနဲဒုန်းကနဲ နားပွင့်မတတ် မိးခိုးအဖြူရောင်တွေနဲ့အတူ မရပ်မနားထွက်လာနေတယ်....လမ်းလေးခွဆုံကလူထုနဲ့ ကျနော်တို့စစ်ကြောင်း ပြိုဆင်းသွားတယ်...၀ဲဘက်ဘေးခြံစည်းရိုးတွေ ကျော်ပြီးခြံဝင်းတွေထဲ ရောက်ကုန်ကြတယ်... အုတ်တံတိုင်းပေါ်က လူတန်းကြီး နောက်ကိုလန်ဆင်းပြိုကျသွားတာမြင်လိုက်တယ်....အနီဆုံးခြံထဲ ရောက်ပြီးသစ်သား လှေကားလေး နဲ့အပေါ်တက်တော့ တံခါးသော့ခတ်ထားတယ်....လူမရှိဘူး.... အိမ်ရဲ့နံရံ/မှန်တွေကို သေနတ်ကျည်တွေလာမှန်နေတယ်...မှန်ချပ်တွေ ခွမ်းကနဲခွမ်းကနဲ ကွဲကျနေတယ်။အိမ်ပေါ်က အောက်ကိုပြန်ဆင်းတော့ အင်္ကျီပြာ နဲ့လူတစ်ယောက် ပက်လက်ကလေးလဲနေတယ်။ဝဲဘက်ရင်ဘတ်မှာကျည်ဝင်တဲ့အပေါက်ကို လက်နဲ့ဖိပြီး ငြီးနေတယ်......အတူပါလာတဲ့ ကိုတင်ဝင်းအောင် အံကြိတ်ပြီး ကတ္တရာလမ်းကို လက်သီးနဲ့ထိုးချလိုက်တာ လက်သီးကြေကွဲပြီး သွေးတွေစီးဆင်းသွားတယ်။ပေတရာလမ်းကိုလှည့်ကြည့်မိတော့ ဖိနပ်တွေအရံပေါင်းများစွာ ဖွေးနေတယ်....ဟိုဘက်ခြမ်းမှာဘာတွေဆက်ဖြစ်နေလဲဆိုတာ မမြင်ရတော့ဘူး.....တို့တွေ ရှုံးနိမ့်သွားကြတာလားလို့ တွေးမိတယ်....၀မ်းနဲကြတယ်...အံကြိတ်ကြတယ်....အားတင်းကြတယ်.....ဘာကိုဆက်လုပ်ကြရတော့မယ်ဆိုတာ အားလုံးသေချာသိသွားကြပြီ.....ယာယီဆုတ်ခွာကြပါပြီ....ခရီးကြမ်းတွေ စတင်ဘို့ ပြင်ဆင်ကြပါပြီ.......ညနေမှဘဲ လောင်းလုံဘက်ကမ်းကရွာလေးဆီကို ကျောင်းသား လူငယ်တွေ ခရီးဆက်ဘို့စုစည်းကြပါပြီ... ရန်ကုန်က ... ဇွန်လကျောင်းသားခေါင်းဆောင်ကိုကိုဦး၊ကိုကျော်ထင်၊ကိုမင်းသူ တို့လဲ ရောက်နေကြပါပြီ.... သူတို့တွေ ညသန်းခေါင်ယံမှာ မြို့ပြကို ကျောခိုင်းပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားနေကြပါပြီ......

( ထားဝယ်မြို့မှ ၁၉.၉.၁၉၈၈ နေ့ စွန့်လွှတ်သူများသို့ သတိတရ ခံစားမှု )

No comments: