မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ပုဒ်မ ၁၈ ဖြင့် လိုရာဆွဲ အရေးယူခံရသူများ ပိုမိုများပြားလာကာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ အရပ်ဘက် အဖွဲ့အစည်းများက ပယ်ဖျက်ပေးရန် တောင်းဆိုနေသော်လည်း ထူးခြားမှု မရှိ
Monday, August 05, 2013
၂၀၁၁ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သည့် ငြိမ်းချမ်းစွာ ...စုဝေးခွင့်နှင့်
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွင်ပုဒ်မ ၁၈ ဖြင့်
လိုရာဆွဲ အရေးယူခံရသူ များပြားလာကာ ယင်းပုဒ်မများအား နိုင်ငံရေးတက်ကြွ
လှုပ်ရှားသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပယ်ဖျက်ပေးရန်
တောင်းဆိုမှုများ၊ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိကာလအထိ
ထူးခြားမှုမရှိကြောင်း သိရသည်။
ပုဒ်မ ၁၈ အား လိုရာဆွဲဥပဒေအဖြစ်
အရေးယူနိုင်ရန် ပြဋ္ဌာန်းထားခြင်းအဖြစ် ယမန်နှစ်အတွင်း တောင်ကုတ်မြို့တွင်
ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီလူမျိုးများ ပါဝင်သော အစ္စလာမ်ဘာသာဝင် ၁၀ ဦး
သတ်ဖြတ်ခံရမှုအား ဖော်ထုတ်ပေးရန်နှင့် အစိုးရထုတ် သတင်းစာပါ
မွတ်စလင်ကုလားဆိုသော အသုံးအနှုန်းအတွက် တောင်းပန်ပေးရန်
ရန်ကုန်မြို့လယ်ကောင်ဖြစ်သော ဆူးလေစေတီ အနီးရှိ စွန်နီဂျာမေဗလီနံဘေးတွင်
အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြစဉ် အရေးယူမှု မရှိခဲ့ခြင်းနှင့်
စာနယ်ဇင်းလွတ်လပ်ခွင့်ကို ချုပ်ကိုင်ရန် အစိုးရမှ လုပ်ဆောင်သည်ဟု
ယူဆနိုင်သည့် သတင်းမီဒီယာများအား တရားစွဲဆိုမှု များပြားလာသဖြင့်
မြန်မာဂျာနယ်လစ် ကွန်ရက်မှ လူငယ်သတင်းစာ ဆရာများ စီတန်းလှည့်လည်မှု
ပြုလုပ်ခဲ့သော်လည်း အရေးယူမှုမရှိခဲ့ခြင်းက သက်သေခံနေကြောင်း ပုဒ်မ ၁၈ အား
ဖျက်သိမ်းပေးရန် လေ့လာသူ ဝေဖန်သူများက ထောက်ပြကြသည်။
ကုန်ဈေးနှုန်း ကျဆင်းရေးမှ ဦးထင်ကျော်၊ ဦးဝင်းချို စသည့်ဒီမိုကရေစီရေးနှင့်
နစ်နာသော ပြည်သူများအတွက် ဦးဆောင်ကာ ဆန္ဒဖော်ထုတ်မှု ပြုလုပ်သူများမှာ ပုဒ်မ
၁၈ ဖြင့် အရေးယူသည့်အမှု ဖြစ်စဉ်များ များပြားစွာရှိနေပြီး ယနေ့ကာလအထိ
အရေးယူခံရမှု မရှိသေးသော်လည်း မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်နှင့်
တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်သည့် လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းတွင် ဒေသခံများ နစ်နာမှုအတွက် ဦးဆောင်ခဲ့သူ
ကျောင်းသားခေါင်းဆောင်များနှင့်
ဒေသခံများအား ပုဒ်မ ၁၈ ဖြင့် အရေးယူခဲ့ပြီး တစ်စုံတစ်ရာ ထုချေခွင့်
မပြုသည့်အပြင် တရားစွဲဆိုမှုနှင့် အရေးယူ ထောင်ချမှုကို နေ့ချင်းပြီး
ပြုလုပ်ခဲ့ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုက ဆိုသည်။
"လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်အောင်ဆိုရင်
ပုဒ်မ ၁၈ နဲ့ တရားရုံး တင်ခံခဲ့ရတာပါ။ ဥပဒေကြောင်းအရ ကာကွယ်ခွင့်
မရှိတဲ့အပြင် ရုံးတင်တဲ့နေ့မှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်
ချခဲ့ပါတယ်။ မြန်မာပြည်အရပ်ရပ်မှာ ဖြစ်နေတဲ့ ပုဒ်မ ၁၈ ပြဿနာတွေမှာ ငွေဒဏ်၊
ထောင်ဒဏ် တစ်လလောက်နဲ့ ပြီးပြတ်ပေမယ့် လက်ပံတောင်းတောင်အရေး ပုဒ်မ ၁၈
မှာတော့ တရားခံလို့ စွပ်စွဲခံရသူက ဥပဒေကြောင်းအရ ထုချေခွင့်မရှိဘဲ
ထောင်ကျခဲ့ပါတယ်။ ပုဒ်မ ၁၈ ကို ပယ်ဖျက်သင့်သလို လိုသလိုဆွဲပြီး အရေးယူနေတဲ့
ပုဒ်မဆိုတာ မြင်နိုင်ပါတယ်" ဟု ကိုဝေဠုက ပြောကြားသည်။
ခွင့်ပြုချက်မဲ့ ဆန္ဒဖော်ထုတ်မှုများအတွက် ပုဒ်မ ၁၈ ဖြင့်
ဖမ်းဆီးအရေးယူမှုများ သာမက ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၅ ဖြင့်ပါ
ဆက်စပ်အရေးယူခံရကာ ဖမ်းဆီးထောင်ချမှု များပြားနေပြီး ထိုသို့လိုရာဆွဲ
အရေးယူနိုင်သည့် ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅၊ ပုံနှိပ်အက်ဥပဒေ၊
မတရားအသင်းဥပဒေ စသည့်ဥပဒေများအား ပယ်ဖျက်နိုင်မှု မရှိပါက . . . . .
ပုဒ်မ ၁၈ နှင့် အရေးယူခံရသူ အများစုမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ စည်းမျဉ်းများအတိုင်း
တရားဝင်ခွင့်ပြုချက် ပုဒ်မ ၅ အရ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး
ခွင့်ပြုမှု မရှိသောကြောင့် နစ်နာမှုများအတွက် ဆန္ဒဖော်ထုတ်ရာ နစ်နာမှုအတွက်
အစိုးရအဖွဲ့အနေဖြင့် ကူညီမှု မပြုလုပ်သော်လည်း ပုဒ်မ ၁၈ အရ အရေးယူကာ
ဖမ်းဆီးထောင်ချမှုများ၊ ငွေဒဏ်ကျခံစေမှုများ ပိုမိုများပြား လာခဲ့ခြင်း
ဖြစ်သည်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပုဒ်မများဖြစ်သည့် ပုဒ်မ ၅၊ ပုဒ်မ ၁၈
စသော ပုဒ်မများမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အထက်သို့
ရောက်ရှိနေသော ပုဒ်မများသာဖြစ်ပြီး ပြင်ဆင်သုံးသပ်၍ ပယ်ဖျက်မှုများ
ပြုလုပ်သင့်ကြောင်း ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက
ပြောကြားသည်။
အဆိုပါဥပဒေ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတွင်
ဆန္ဒဖော်ထုတ်ရန် တရားဝင် တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း
သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့များထံ တရားဝင်ခွင့်ပြုချက် ရယူ၍
ဆန္ဒဖော်ထုတ်မှု ၁၀၁ ကြိမ်နှင့် ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်မှု ၉၅ ကြိမ်အထိ
ရှိနေခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး
ထိုသို့ခွင့်ပြုချက် မရဘဲ ဆန္ဒဖော်ထုတ်သည့်အတွက် အရေးယူခံရမှုမှာ လူဦးရေ ၂၀၀
ဝန်းကျင်ခန့်အထိ ရှိနိုင်ကြောင်း ပုဒ်မ ၁၈ အား ပယ်ဖျက်ပေးရန်
တောင်းဆိုထားသူများက သုံးသပ်သည်။
၂၀၁၃ ခုနှစ်အတွင်း တရားဝင်
ခွင့်ပြုချက် တောင်းခံသော်လည်း ခွင့်ပြုမှု မရှိသည့်အတွက် တရုတ်နိုင်ငံသို့
တင်ပို့မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် ပြည်သူများ
နစ်နာမှုအား ဆန္ဒဖော်ထုတ်ရာမှ ယခုနှစ် ဧပြီလအတွင်း မဒေးကျွန်း ဒေသခံ ၁၀ ဦးအား
အရေးယူမှု ဖြစ်ပေါ်ခဲ့ပြီး လက်ရှိကာလအထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။
အလားတူ ပုဒ်မ ၁၈ အလိုမရှိဆိုသောစာများ ဖြန့်ဝေမှု၊ ဆိုင်းဘုတ်ကိုင်ဆောင်
ဆန္ဒပြမှုများအတွက် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ဦးထင်ကျော်အား ပုဒ်မ ၁၈
ဖြင့်ပင် အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ကျောက်တံတား၊ သင်္ဃန်းကျွန်း
စသည့်မြို့နယ်များတွင် တရားစွဲဆိုမှု ခံခဲ့ရပြီး တရားရင်ဆိုင်
နေရဆဲဖြစ်ကြောင်း သိရသည်။
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတွင်
ခွင့်ပြုချက်မဲ့ ဆန္ဒဖော်ထုတ်မှုများအတွက် ပုဒ်မ ၁၈ ဖြင့်
ဖမ်းဆီးအရေးယူမှုများ သာမက ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၅ ဖြင့်ပါ
ဆက်စပ်အရေးယူခံရကာ ဖမ်းဆီးထောင်ချမှု များပြားနေပြီး ထိုသို့လိုရာဆွဲ
အရေးယူနိုင်သည့် ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅၊ ပုံနှိပ်အက်ဥပဒေ၊
မတရားအသင်းဥပဒေ စသည့်ဥပဒေများအား ပယ်ဖျက်နိုင်မှု မရှိပါက လူ့အခွင့်အရေး
လှုပ်ရှားသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးအရေးယူမှုများ
ဖြစ်ပေါ်နေမည်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ ပိုမိုများပြားလာသည့်
အနေအထားများတွင် အဆိုပါ ပုဒ်မများအား ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း
စသည့်လုပ်ငန်းစဉ်များအား လုပ်ဆောင်ပေးရန် သမ္မတအပါအ၀င် အစိုးရ
အဖွဲ့ဝင်များသို့ တိုက်တွန်းနိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် ဇူလိုင် ၂၄ ရက်က
ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။
"ပြင်ဖို့ဆင်ဖို့
ဆိုတာထက် အကောင်းဆုံး လုပ်ပေးထားတယ်။ စည်းကမ်းချက်နဲ့အညီ ဆောင်ရွက်ရင်
ဆန္ဒဖော်ထုတ်သူတွေအတွက် လုံခြုံရေးတောင် စောင့်ရှောက်ပေးနေတာပဲ။
အခုဖြစ်နေတဲ့ ပြဿနာတွေမှာ တင်ပြထားတာနဲ့ ဆန္ဒဖော်ထုတ်တဲ့ အချိန်မှာ
အော်ဟစ်တာ တခြားစီဖြစ်လို့ အရေးယူ ခံရတာမျိုးတွေ တွေ့နေရတယ်။ ဥပဒေအတိုင်း
လိုက်နာရင် ပြဿနာ မကြီးကျယ်နိုင်ပါဘူး။ နောက်ပြီး ငြိမ်းချမ်းစွာ
စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၅
မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အထက်မှာ
ရှိနေတယ်လို့ ဝေဖန်နေပေမယ့် ဒီလိုလည်း မြင်လို့မရပါဘူး။
ဖြစ်သင့်ဖြစ်ထိုက်တယ်ထင်လို့ လွှတ်တော်ကလည်း အတည်ပြု ပေးလိုက်ပါပြီ။
ပြည်သူ့ဆန္ဒဆိုရင်တော့ ဆွေးနွေးရပါမယ်" ဟု နိုင်ငံသားများ၏ မူလအခွင့်အရေး၊
ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး
ဦးတင်မောင်ဝင်းက ပြောကြားသည်။
ထိုသို့ လူ့အခွင့်အရေး
ချိုးဖောက်ခံရမှုနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အထက်တွင် ရှိနေသည်ဟု
ဆိုနိုင်သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါပုဒ်မ ၁၈ အား လွှတ်တော်အတွင်း
တင်သွင်းပြင်ဆင်ရန် လုပ်ဆောင်မှု ရှိမရှိအား ပြည်သူ့လွှတ်တော်
တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးမြင့်ထွန်းက
"ကျွန်တော်တို့ အနေနဲ့ လောလောဆယ်မှာ ဒီကိစ္စကို မကိုင်သေးဘူး။ အခု
စာချွန်တော် ဥပဒေနဲ့ ပတ်သက်ပြီး လုပ်နေပါတယ်။ ဒီပုဒ်မ ၁၈ အပေါ်
ဝေဖန်နေတာတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောလိုပါဘူး" ဟု ပြောပါသည်။
"လွှတ်တော်က ပြည်သူ့အသံကို ကိုယ်စားပြုရမှာပါ။ အုပ်ချုပ်ရေး အာဏာပိုင်ကို
ဆန္ဒဖော်ထုတ်မှု လိုင်စင်အတွက် လုပ်ပိုင်ခွင့် ပေးထားတော့ ဒီမိုကရေစီ
ကျင့်စဉ်ကို ကျင့်သုံးတဲ့အခါမှာ အခက်အခဲ ဖြစ်စေပါတယ်။ ကျွန်တော်တို့
နိုင်ငံမှာ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ပေါ်လာတာ တစ်ဖက်ကကြည့်ရင်
ကောင်းပေမယ့် တစ်ဖက်ကကြည့်ရင်တော့ တချို့ဥပဒေတွေမှာ လွှတ်တော်ကိုယ်တိုင်က
အားနည်းချက်တွေ အဟန့်အတားတွေ ဖြစ်နေတာ တွေ့နေရတယ်" ဟု Purple Equity Law
Firm မှ ဦးဖိုးဖြူက သုံးသပ်ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment