Sunday, August 4, 2013

ဗိုက်အောက်က တောက်တဲ့ဗွေ



တခါတုံးက အဖိုးကြီး အဖွားကြီး လင်မယားမှာ နွားတကောင် ရှိသတဲ့၊
အမယ်ကြီးရေ ဒီနေ့တော့ နွားဈေးပွဲနေ့ ဒို့နွားကြီးရောင်းလိုက်ရအောင်ကွာ လို့ အဖိုးကြီးကပြောသတဲ့၊
တော့ - ရောင်းချင်ရင် ပွဲစားသွားခေါ်ပေါ့လို့ အမယ်ကြီးက ဆိုသတဲ့

အေးကွာ အစိတ်နဲ့ ရောင်းလိုက်မယ်
... တော့သဘော တော့သဘော

များမကြာမှီ နွားပွဲစားရောက်လာသတဲ့

နွားပွဲစားက အမြီးကို ကိုင်ကြည့်ပြီး အဘ ခင်ဗျားနွားက ဖွတ်မြီးဖြစ်နေပြီ (အမြီး တုံးနေပြီ) ပေါ့ဗျာ
ဖွတ်မြီးဖြစ်တော့ဘာဖြစ်လဲကွ
ဖွတ်မြီးဖြစ်တော့ ငါးကျပ်လျှော့ ပါအဘ
အေး - လျှော့တယ်ကွာ

နွားပွဲစားက ဂျိုကိုကိုင်ကြည့်ပြီး အဘ ခင်ဗျားနွားက ဂျိုတယ်လူးဘဲ ( ဂျိုရင်းက လှုပ်နေပြီ) ပေါ့ဗျာ
ဂျိုတယ်လူးတော့ ဘာဖြစ်လဲကွ
ဂျိုတယ်လူးတော့ ငါးကျပ်လျှော့ပါအဘရာ
အေး - လျှော့တယ်ကွာ

နွားပွဲစားက ခွာကိုကြည့်သတဲ့ အဘ ခင်ဗျားနွားက ခွာကွဲနေပြီ
ခွာကွဲတော့ ဘာဖြစ်လဲကွ
ခွာကွဲတော့ ငါးကျပ်လျှော့ပေါ့ အဘရာ
အေး - လျှော့တယ်ကွာ

နွားပွဲစားက ဟာ အဘနွားက ထိတ်မလဲ ကြာကြီးနဲ့ပါလား
ကြာကြီးတော့ ဘာဖြစ်လဲကွ
ကြာကြီးနဲ့ဆိုတော့ ဆိုးတယ် အဘရဲ့ ငါးကျပ်လျှော့ပေါ့
အေး - လျှော့တယ်ကွာ

ဟာ ပေါင်မှာလဲ ဗွေဆိုးကြီးနဲ့ပါလား အဘရေ
ဗွေဆိုးတော့ ဘာဖြစ်တုံးကွ
ဒီလိုလုပ်ပါအဘ ငါးကျပ်လျှော့ပါ
အေး - လျှော့တယ်ကွာ

ဒီလိုနဲ့ နွားပွဲစားက နွားကို အလကား ဆွဲယူသွားသတဲ့
ခတ်လှမ်းလှမ်းမှာ ထမင်းချက်နေတဲ့ အဖွားကြီးက တော့ ကိုဖိုးလူ ဘယ့်နှယ့်ကြောင့် နွားကို အလကားပေးလိုက်ရတာတုံး

ဒီတော့ အဖိုးကြီး ခတ်တိုးတိုးပြန်ပြောသတဲ့

အသာနေပါ အမယ်ကြီးရ ဒီကောင် ဗိုက်အောက်က တောက်တဲ့ဗွေတွေ့သွားရင် ငါတို့က ငါးကျပ်ထပ်ဆောင်းပေးနေရအုံးမယ်ကွတဲ့၊

ကြည့်လဲလုပ်ကြပါအုံး ၈၈၈၈ ဆရာကြီးတို့ရယ် ကျုပ်တို့ပြည်သူတွေ ဒီမိုကရေစီ နွားဈေးမှာ လျှော့ရင်းလျှော့ရင်းနဲ့ ဗိုက်အောက်က တောက်တဲ့ဗွေတွေ့မှာ ကြောက်နေရတဲ့ ဘ၀ရောက်ကုန်ပါအုံးမယ်။

ရွှေမင်းသား August 4 , 2013

No comments: