Tuesday, August 6, 2013

အင်ဒိုနီးရှား ကုန်တင်သင်္ဘော မြန်မာပင်လယ်ကမ်းခြေ အနီးသောင်တင်



ကုန်သေတ္တာ အလုံးပေါင်း ၈၀၀ ကျော်ကို တင်ဆောင်လာသော အင်ဒိုနီးရှား ကုန်တင် သင်္ဘောတစ်စီးသည် အန်ဒမန် ပင်လယ်ထဲရှိ မြန်မာကမ်းခြေအနီးတွင် သောင်တင်နေကြောင်း သြဂုတ် ၂ ရက်နေ့ထုတ် ဘင်္ဂလာဒေ့ရှ် သတင်းစာများတွင် ဖေါ်ပြသည်။

၎င်းသင်္ဘော၏ အမည်မှာ MV Gladys ဖြစ်ပြီး လွန်ခဲ့သော တနင်္လာနေ့က မြန်မာ့ ကမ်းခြေအနီးတွင် သောင်တင်သွားခြင်းဖြစ်သည်။သင်္ဘော၏ စက်ခန်းထဲကို သင်္ဘောအက်ကြောင်းမှတဆင့် ရေများဝင်ရောက်လာသဖြင့် သင်္ဘောစက်မှာ ရပ်သွားခဲ့ပြီး၊ ၎င်းနောက်ပိုင်း သောင်တင်သွားခဲ့သည်ဟု သတင်းကဆိုသည်။

ယခုအခါ သင်္ဘောကို မြန်မာကမ်းခြေအနီး ရေတိမ်ပိုင်းသို့ ဆွဲခေါ်လာပြီး ကျောက်ချရပ်ထားသည်ဟု သင်္ဘောအာဏာပိုင်များက ပြောသည်။

ယခုအခါ သင်္ဘောပိုင်ရှင်မှ အင်အားကောင်းသော ဆွဲသင်္ဘောတစ်စီးဖြင့် စစ်တကောင်းဆိပ်ကမ်းသို့ ကုန်တင်သင်္ဘောကို ဆွဲယူရန်စီစဉ်နေပြီး (သို့မဟုတ်ပါက) ကုန်သေတ္တာ အလုံး ၈၀၀ ကျော်ကို တင်ဆောင်လာသော သင်္ဘော ကံကြမ္မာမှာ မည်သို့ဖြစ်သွားမည်ကို မခန့်မှန်းနိုင်ဟု ဆိုသည်။

အဆိုပါ အင်ဒိုနီးရှား မှတ်ပုံတင်သင်္ဘောသည် မလေးရှားနိုင်ငံ Kelang ဆိပ်ကမ်းမှ ဇူလိုင်လ ၂၆ ရက်နေ့က ထွက်ခွာလာခဲ့ပြီး လွန်ခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ ဆိပ်ကပ်ရန်စီစဉ်ခဲ့သည်ဟု ဆိုသည်။

ယခုအခါ သင်္ဘောအား ရေပေါ်တွင်ပေါ်လာအောင် စက်ခန်းထဲရှိ ရေများကို စုတ်ထုတ်နေသည်ဟု ဆိုသည်။ သင်္ဘောသောင်တင်နေသော နေရာအား သတင်းစာက အသေးစိတ်ဖေါ်ပြထားခြင်း မရှိပါ။

Source: http://www.narinjara.com/burmese/?p=6610&fb_action_ids=286245891514859&fb_action_types=og.likes&fb_source=timeline_og&action_object_map=%7B%22286245891514859%22%3A613424152013217%7D&action_type_map=%7B%22286245891514859%22%3A%22og.likes%22%7D&action_ref_map=%5B%5D

မှတ်ချက်။ အဆိုပါသင်္ဘောအား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၅၅၅) နှင့် ထောက်ပံ့ရေးရေယာဉ် (၆၁၃) တို့မှ သွားရောက်ကူညီပေးနေကြောင်းလည်း ကြားသိရသည်။

( အထက်ဖော်ပြပါသတင်းများအား ကို Khin Win မှ ပေးပို့ပါသည် )

No comments: