မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ဓမ္မစေတီခေါင်းလောင်း ပြန်ဆယ်ရန် အချိန်ကန့်သတ်မထားဟုဆို
Saturday, Augest 03, 2013
လွန်ခဲ့သော နှစ်ပေါင်းလေးရာကျော်က ဒေါပုံမြစ်အတွင်း နစ်မြုပ်ခဲ့သော
ကမ္ဘာ့အကြီးဆုံး ကြေးသွန်း ခေါင်းလောင်း ဓမ္မစေတီမင်း ခေါင်းလောင်းကြီးကို
ပြန်လည် ဆယ်ယူရန် ယဉ်ကျေးမှုဝန်ကြီးဌာနက အချိန်သတ်မှတ်ထားခြင်း မရှိကြောင်း
အဆိုပါ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်က မွန်ဘုရင်
ဓမ္မစေတီမင်း သွန်းလုပ်ခဲ့သည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော
ကြေးခေါင်းလောင်းကြီးကို ပြန်လည် ဆယ်ယူရန် ယဉ်ကျေးမှုဝန်ကြီးဌာနက
မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းရာ ၎င်းကယင်းသို့
ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ခေါင်းလောင်းကြီးကို ပြန်လည်
ဆယ်ယူရန်အတွက် နည်းပညာနှင့် ငွေကြေးများစွာ လိုသည့်အပြင်
ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေ၍ ခေါင်းလောင်း နစ်မြုပ်နေသည့် တည်နေရာကို
ခန့်မှန်း၍ မရခြင်းကြောင့် ဆယ်ယူရန်အချိန် မသတ်မှတ်ခြင်း ဖြစ်ကြောင်း ၎င်းက
ရှင်းပြသည်။
အဆိုပါ ခေါင်းလောင်းကို ဆယ်ယူရန် ပြည်ပနိုင်ငံများက
နည်းပညာနှင့် ငွေကြေး အကူအညီပေးမည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း
ဦးသန်းဆွေက ပြောကြားသည်။
“စင်ကာပူက ကုမ္ပဏီ လာကမ်းလှမ်းပေမယ့်
သူတို့မှာ နည်းပညာနဲ့ ငွေကြေးတစ်ခုမှ မရှိဘူး။ ဒီဘက်က ခွင့်ပြုချက်ရမှ
အလှူရှင် ပြန်ရှာမယ့်ပုံစံမို့ အစိုးရက ခွင့်မပြုတာပါ” ဟု ၎င်းကဆိုသည်။
ခေါင်းလောင်းကြီးမှာ ရေအောက်တွင် အချိန်ကြာမြင့်စွာ ထပ်မံနစ်မြုပ်နေမည်
ဆိုပါက ခေါင်းလောင်း၏ ယဉ်ကျေးမှု လက်ရာများ ပျက်စီးရှုံးဆုံးနိုင်သောကြောင့် ယင်းခေါင်းလောင်းကို အမြန်ဆုံး ဆယ်ယူသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်က ပြောကြားသည်။
ကမ္ဘာ့အကြီးဆုံး ဓမ္မစေတီ ခေါင်းလောင်းကို ၁၅ ရာစုနှစ်တွင် မွန်ဘုရင်
ဓမ္မစေတီမင်းက ကြေးပိဿာချိန် တစ်သိန်းရှစ်သောင်းဖြင့် သွန်းလုပ်ကာ
ရွှေတိဂုံစေတီတော်တွင် တပ်ဆင် လှူဒါန်း ထားရာက ပေါ်တူဂီလူမျိုး
ဖိလစ်ဒီဘရစ်တိုက အမြောက်သွန်းလုပ်ရန် သန်လျင်မြို့သို့ ဖောင်ဖြင့်
သယ်ဆောင်စဉ် ဒေါပုံမြစ်အတွင်း နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment