Sunday, April 8, 2012

အရှေ့တိုင်း ဒီမိုကရေစီ … ရာမယဏ


အရှေ့တိုင်း ဒီမိုကရေစီ … ရာမယဏ
ဒေါ်အောင်ဆန်းစုကြည်
ဧပြီ ၇၊ ၂၀၁၂
 အရှေ့တိုင်းယဉ်ကျေးမှုနဲ့ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးတို့၊ အရှေ့တိုင်းယဉ်ကျေးမှု အရ ပြည် သူလူထုဟာ မိမိကိုယ်မိမိ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းမရှိဘူးတို့ ဒီလိုပြောတာတွေ ရှိခဲ့ပါတယ်။ အရင်အပတ်ကဆိုရင် အိန္ဒိယနိုင်ငံက ဇာတ်ကြီး နှစ်ခုဖြစ်တဲ့ မဟာဘာရတ နဲ့ ရာမယဏ ကို အခြေခံပြီးတော့ အရှေ့တိုင်းယဉ်ကျေးမှုဟာ လူထုရဲ့အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ၊ လူထု ရဲ့အင် အားတွေကို ဘယ်လောက်အလေးထားတယ်ဆိုတာကို ဖော်ပြသွားချင်ပါတယ်လို့ ကျမပြောခဲ့ပါတယ်။
            ဒီအပတ်မှာတော့ ရာမယဏ ဇာတ်တော်ကြီးအကြောင်း ကျမပြောပြပါမယ်။ ရာမဇာတ် ဆိုတာဟာ သူတို့အိန္ဒိယမှာ ရာမယဏလို့ ခေါ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ ယဉ်ကျေးမှုတွေအပေါ်မှာ အင်မတန် မှ သြဇာလွှမ်းမိုးမှုရှိတဲ့ ဇာတ်ကြီးတစ်ခုဖြစ်ပါတယ်။
 ဒီတော့ ဒီဇာတ်ကြီးဟာ ဘာဖြစ်လို့ အရှေ့တိုင်းနိုင်ငံတွေပေါ်မှာ သြဇာလွှမ်းမိုးမှု ရှိသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ ရာမဇာတ်တော်ကြီးဆိုတာ “မင်းကောင်း”အကြောင်းပဲလို့ ဒီလိုပဲကျမကမြင် တယ်။ ကောင်းတဲ့မင်းများ၊ မြင့်မြတ်တဲ့မင်းများဟာ ဘယ်လိုလုပ်တယ်၊ ဘယ်လိုကိုင်တယ်၊ ဘယ်လို ဆက် ဆံတယ်၊ ဒါ … နိုင်ငံရေးဘက်က ကြည့်ရင်အများကြီး မြင်ပါတယ်။ ကျမ နိုင်ငံရေးအမြင်နဲ့ ပြောမှာပါ။ ဘာသာရေးအမြင်နဲ့ ပြောမှာမဟုတ်ဘူး၊ လောကီအမြင်နဲ့ ပြောမှာဖြစ်ပါတယ်။
 ပထမ စပြီးတော့ ဇာတ်ကြောင်း ဆင်လိုက်တဲ့အခါကျတော့ ရာမမင်းသားဟာ၊ ရာမမင်းသားရဲ့ အပြစ်ကြောင့်ပဲ ဆိုပါတော့၊ တောထွက်သွားရတာ ဖြစ်တယ်။ ဒါကတော့ ဗုဒ္ဓဘာသာအမြင်နဲ့ ကြည့်ရင် ၀ဋ်လိုက်တာပေါ့လေ။ ကံ ကံ ၏အကျိုး၊ ကိုယ်လုပ်သလို ကိုယ်ဖြစ်တာ၊ ၀ဋ်လိုက်တဲ့ အကျိုးပေါ့။
 ဒီ … ရာမမင်းသားရဲ့ ခမည်းတော်ကြီးဟာ မင်းသားဘ၀တုန်းက  (ဒါ ဟိန္ဒူဇာတ်တော်ကြီးထဲက ကျမပြောတာနော်၊ ဟိန္ဒူဇာတ်တော်ကြီးထဲကဆိုတော့ မြန်မာများသိတဲ့ ရာမဇာတ်ထက် ပိုပြီး အသေးစိတ် ပါပါတယ်။) သူအရင် မင်းသားဘ၀တုန်းက တခါကျတော့ သူတောလိုက်ထွက်တယ် တဲ့။ တောလိုက် ထွက်တဲ့အခါ မှာ သူက တောတိရစ္စာန် တကောင်ထင်ပြီးတော့ ချိန်ပြီးတော့ ပစ်လိုက်တာပါ။ တကယ် တမ်းသွားကြည့်တဲ့ အခါကျတော့ တိရစ္စာန်မဟုတ်ဘဲနဲ့ လူဖြစ်နေတယ်။ အဲဒီလူကလည်း ရသေ့လေးပေါ့လေ။ (သုဝဏ္ဏသာမဇာတ်နဲ့ နည်းနည်းဆင်တယ်။) သူရဲ့မျက်စိမမြင်တဲ့ မိဘအိုကြီးနှစ်ပါးကို လုပ်ကျွေးနေတဲ့ ရသေ့လေး ဖြစ်တယ်။ ရသေ့လေးဟာ သူ့မိဘနှစ်ပါးထံ ခေါ်သွားပါဆိုပြီးတော့ ကွယ်လွန် သွားတယ်။ ကွယ်လွန်သွားတော့ မင်းသားက ရသေ့လေးရဲ့ မိဘနှစ်ပါးထံသွားပြီးတော့ ဒီလိုပဲသူဟာ မှားပြီးတော့ မျှားနဲ့ပစ်လိုက်တာမို့ သူတို့သားဟာကွယ်လွန်သွားပြီလို့ ပြောတော့၊ မိဘများက သူ့ကိုကျိန် ဆဲလိုက်တယ် တဲ့။
 ”သူတို့မှာ အားကိုးစရာဆိုလို့ ဒီသားပဲရှိတယ်။ ဒါကြောင့်မို့လို့ ဒီလို လုပ်ခဲ့တဲ့သူဟာ အသက်ကြီးလာတဲ့အခါကျရင် အားကိုးစရာ သားမရှိဘဲနဲ့ စိတ်ဆင်းဆင်းရဲရဲနဲ့ သေပါစေသောဝ် …” ဆိုပြီးတော့ ကျိန်ဆဲလိုက်တယ်လို့ ဒီလိုအပြောရှိတယ်။
 နောက်ကျတော့ ဘုရင်ဖြစ်လာပြီး ရာမမင်းသားနဲ့တကွ တခြားသားတော်သုံးပါး ဖွားမြင်တော် မူတယ်။ ရာမမင်းသားဟာ အဘက်ဘက်က တော်တယ်။ မင်းကျင့်တရားဆယ်ပါးနဲ့ အုပ်ချုပ်မယ့် မင်းသား ဆိုတဲ့ လက္ထဏာအားလုံးရှိပြီးသား ဖြစ်တယ်။ ရာမမင်းသားကို ပြည်သူလူထုကလည်း သိပ်ပြီးတော့ ချစ် တယ်။ မိမိတို့ကို တနေ့ကျရင် ကောင်းကောင်းမွန်မွန် အုပ်စိုးသွားမယ့် ဘုရင်ကောင်း ဖြစ်လာ မယ်ဆိုတာ ကို လက်ခံပြီးသား ဖြစ်တယ်။
 ဒါပေမယ့် အားလုံးက ဒီလိုလက်ခံထားသော်လည်း ရာမမင်းသားရဲ့ ညီတော် ဘာရတ ရဲ့ မိခင်ဖြစ် တဲ့မိဖုရားဟာလည်း သူ့ရဲ့သားကို ဘုရင်ဖြစ်စေချင်လို့ ခမည်းတော်ကြီးကို “အရင်တုန်း ကပေး ထားတဲ့ ကတိအတိုင်း၊ သူတောင်းထားတဲ့ ဆု ၂ဆုကိုပေးမယ်ဆိုတဲ့ ကတိအတိုင်း၊ သူ့သားကို ဘုရင်မြှောက် ပြီးတော့၊ ရာမမင်းသားကို ၁၄ နှစ်တိုင်တိုင် တောထွက်သွားပါစေ … ” ဆိုပြီးတော့ တောင်းဆိုတယ်။
 တောင်းဆိုတော့ ဘုရင်ကြီးက သူ မလုပ်သင့်တဲ့ ကိစ္စဆိုပြီး ငြင်းတယ်။ ငြင်းပေမယ့်လည်း သူကတိမတည်ရာ ရောက်တာပေါ့။ အစတုန်းကတော့ ဆု ၂ဆုတောင်းနိုင်တယ်၊ တောင်းတာပေးမယ် လို့ ပြောထားပြီးမှ၊ အခုတော့ မပေးတော့ဘူးဆိုတော့ သူဟာအင်မတန် “ကတိပျက်တဲ့မင်း” … ။
 ကတိပျက်တဲ့ဘုရင်ဆိုတာ အင်မတန်မှ ရှက်စရာကောင်းတဲ့ မင်းပဲ၊ ဒီတော့ သူသိပ်ပြီးရှက်တော့ မျက်နှာ မသာယာဘူး။ သားတော်လာတဲ့ အခါကျတော့ မေးတယ် တဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင်မှ မျက်နှာ မသာသလဲဆိုတော့ ဘုရင်ကြီးက ဘာမှမပြောခင် ဟိုမိဖုရားက ၀င်ပြီးတော့ပြောလိုက်တယ်။
 ”သူ့ကိုဒီလိုကတိပေးခဲ့တယ်။ အခု ဒီကတိကိုမတည်ပါဘူး” ဆိုပြီးတော့ ၀င်ပြောတော့ ရာမမင်းသားက၊ သားကောင်းများဆိုတာ ဖခင်များရဲ့ကတိ တည်ရေးအတွက် ဦးတည်ပြီးတော့ လုပ်ဆောင်ရမယ်၊ ဒါ့ကြောင့်မို့ ခမည်းတော်ပေးခဲ့တဲ့ ကတိကိုတည်ပါစေ၊ သားတော် တောထွက်ပါမယ်ဆိုပြီးတော့ တောထွက်ခဲ့တယ်။
  ဒီဇာတ်ဟာ ဘာဖြစ်လို့ လူကြိုက်များခဲ့သလဲဆိုတော့ ဒီဇာတ်ထဲမှာပါတဲ့ မင်းညီမင်း သား တော်တော်များများဟာ မင်းကောင်းပီသတယ်။ ရာမမင်းသားဟာလည်း မင်းကောင်းဖြစ်မယ့် မင်းသား တစ်ပါးပီသတယ်။ ရှင်ဘုရင်ကြီးကလည်း သူ့ အပြစ်တော့ သူရှိတာပေါ့လေ၊ ဒါပေမယ့် သူတတ်နိုင်သမျှ သူ့တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်တယ်။ သူ့တိုင်းပြည်ဟာ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ အင်မတန်မှ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ရှိတယ်လို့ဆိုတယ်။
 ရာမမင်းသားရဲ့ ညီတော်ကလည်း သူ့ကိုနန်းပေးမယ်ဆိုတော့ သူကလက်မခံဘူး။ သူ့ရဲ့ နောင်တော်သာလျှင် ဘုရင်ဖြစ်ထိုက်တယ်။ သူဟာနောင်တော်လောက်လည်း အရည်အချင်းမရှိပါဘူး ဆိုပြီးတော့ သူကလက်မခံဘူး။
“ဟာ  … ငါရရင်တော့ ယူလိုက်မယ်” ဆိုတဲ့ စိတ်လုံးလုံးမရှိဘူးနော်။ ဒါတောင်တရားဝင် ပေးတာ၊ လုပြီးတော့ မခွဲနိုင် မခွာနိုင် တွယ်တာနေတာ မဟုတ်ဘူး။
 အဲဒီအချိန်မှာ ရာမမင်းသားဟာ တောထွက်သွားရှာပြီ။ သူရဲ့ညီတော်  ဘာရတ က “နောင်တော်ပြန်လာပါ။ ညီတော်အနေနဲ့ အုပ်ချုပ်နိုင်တဲ့အရည်အချင်းလည်း မရှိဘူး။ အုပ်ချုပ်သင့် တာလည်း မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ပြန်ပြီးတော့ ကြွလာတော်မူပါ … ” ဆိုတော့ ဟိုကငြင်းတယ်။
 ဘာဖြစ်လို့လဲဆိုတော့ “သားကောင်းများဟာ ဖခင်ကတိတည်ရေးအတွက် လုပ်ပေးရမယ်၊ ဖခင်များဟာ အထူးသဖြင့် မင်း ဆိုလို့ရှိရင် ကတိတည်ရတယ်။ ဒါကြောင့်မို့လို့ ၁၄ နှစ်တိုင်တိုင်တော့ သူပြန်မလာဘူး။ ” ဆိုပြီးတော့ နေတဲ့အချိန်မှာ ညီတော်က “သူဟာ ဘုရင်မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ စစ်မှန်တဲ့၊ တကယ့်တရားဝင်စစ်မှန်တဲ့ ဘုရင်ဟာ ရာမမင်းသား ဖြစ်ပါတယ်” ဆိုပြီးတော့ပ ပလ္လင်ပေါ်မှာ ဘယ်တော့မှ မထိုင်ဘူး လို့ ဒီလိုပဲပြောတယ်။
 ပလ္လင်ပေါ်မှာ ရာမမင်းသားရဲ့ ဖိနပ်တစ်ရံကို တင်ထားပြီးတော့၊ ဒီမင်းသားဟာ ပလ္လင်အောက်ကနေ ထိုင်ပြီးတော့ တိုင်းရေးပြည်ရေးကို စီရင်တော်မူတယ်လို့ ဒီလိုပဲအဆိုရှိတယ်။ အဲဒီလောက် သူကလည်း မင်းသားကောင်းများရဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်။
 သူ့ခမည်းတော်ကြီးခမျာတော့ နတ်ရွာစံသွားရှာတယ်၊ စိတ်မကောင်းဖြစ်ပြီးတော့။ ဟိုတုန်းက သူကျိန်ဆဲခံထားရတဲ့ အတိုင်းပဲပေါ့။ သူ့သားတော်ဟာ သူအတွက်ကြောင့် တောထွက်သွားရတယ် ဆိုတဲ့စိတ်နဲ့ ၀မ်းနည်းပက်လက်နဲ့ပဲ နတ်ရွာစံ သွားတယ်။
 နောက်ပိုင်းဇာတ်လမ်းကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက သိကြပါတယ်။ ရာမမင်းသားနဲ့ သီတာမင်းသမီး တောထွက်သွားတဲ့အချိန်မှာ ပါသွားတာက ရာမမင်းသားရဲ့ညီတော် လက္ထဏ။ ညီတော် လက္ထဏ ဆိုတာကလည်း မင်းသား ကောင်းများရဲ့ အရည်အချင်းနဲ့ အင်မတန်မှ ပြည့်ဝတယ်။ သူ့ရဲ့နောင်တော်နဲ့ နောင်တော်ရဲ့ ကြင်ယာတော်ကို သူဘယ်လောက် ကျိုးကျိုးနွံနွံ၊ ကြည်ကြည် ညိုညို လေးလေးစားစားနဲ့ ပြုစုစောင့်ရှောက်တယ်ဆိုတာ မှတ်တမ်းတင်လောက်တယ်။
        ညီတော်က “သူဟာ ဘုရင်မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ စစ်မှန်တဲ့၊ တကယ့်တရားဝင်စစ်မှန်တဲ့ ဘုရင်ဟာ ရာမမင်းသား ဖြစ်ပါတယ်” ဆိုပြီးတော့ ပလ္လင်ပေါ်မှာ ဘယ်တော့မှ မထိုင်ဘူး လို့ ဒီလိုပဲပြောတယ်။
  ဒါ့ကြောင့် တချို့က “နောက်လိုက်ကောင်းဆိုရင် လက္ထဏ မင်းသားလို ဖြစ်သင့်တယ်” လို့ ဒီလိုပဲပြောတယ်။ နောက်လိုက်ကောင်းဆိုရင် ကိုယ့်ရဲ့ခေါင်းဆောင်အပေါ်မှာ အင်မတန်မှ သစ္စာရှိတယ်။ ရဲရဲရင့်ရင့်နဲ့ အကာအကွယ်ပေးတယ်။ သူ့ရဲ့နောင်တော်ကို ချစ်သလိုပဲ၊ သူ့ရဲ့မရီးကိုလည်း အင်မတန် မှ လေးစားတယ်။ အမေတစ်ယောက်လို သူဆက်ဆံတယ်။ ဒီလို … ပြုစုဆက်ဆံပြီးတော့ အရာရာမှာ ညာလက်ရုံးသဖွယ် နေခဲ့ပြီးတော့၊ ရာမ မင်းသားနဲ့ ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးတို့ စစ်တွေ ဘာတွေ ဖြစ်ကြတဲ့အခါမှာလည်း ရာမ မင်းသားရဲ့ ဘေးကနေပြီးတော့ တချိန်လုံးတိုက်ခဲ့တယ်။
 ဒဿဂီရိဘီလူးနဲ့ ရာမမင်းသားတို့ စစ်ဖြစ်ရတဲ့အကြောင်းကလည်း အများသိပြီးသား ဖြစ်ပါတယ်။ ဒဿဂီရိက သီတာ မင်းသမီးကို ခိုးသွားတယ်။ ခိုးသွားပြီးတော့ ဟာနုမာန် မျောက်မင်းတို့နဲ့ လိုက်ပြီးတော့ တိုက်ကြတယ်။ တိုက်ကြပြီးတော့ အများအားဖြင့် ကျမတို့သိတဲ့ ပုံပြင်တွေမှာဆိုရင် ဒဿဂီရိအပေါ်မှာ အနိုင်ယူပြီးတဲ့အခါကျတော့ ရာမမင်းသား၊ သီတာမင်းသမီး၊ လက္ထဏမင်းသားတို့ ပြန်လာပြီး ရာမမင်းသား ကနေ နန်းပြန်ယူပြီး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားတယ် ဆိုတဲ့သဘောမျိုး ဒီလောက်ပဲ သိကြရတယ်။
 ဒါပေမယ့် ဟိန္ဒူဇာတ်တော်ကြီးမှာက အဲဒီလောက်နဲ့ မပြီးသေးဘူး။ ရာမ မင်းသားဟာ သူ့ရဲ့နေပြည်တော်ကို ပြန်ရောက်သွားပြီဆိုတော့ ပြန်ပြီးနန်းတက်တဲ့အခါကျတော့ (မင်းကောင်းများ ဆိုတာ က ပြည်သူလူထုရဲ့ စိတ်ထားက ဘယ်လို ရှိတယ်၊ ပြည်သူလူထုထဲမှာ ဘာတွေပြောနေတယ် ဆိုတာကို အမြဲနားစွင့်၊ နားထောင်နေရတယ်။)
 နားစွင့်၊နားထောင်နေတော့ ဘယ်လိုအသံတွေ ထွက်လာသလဲဆိုတော့ … “သီတာ မိဖုရားဟာ ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးရဲ့ နန်းတော်မှာ ဘယ်လောက် ကြာကြာနေခဲ့ရသလဲ၊ ဒီလိုအခြားသူရဲ့ နန်းတော်ထဲမှာနေခဲ့တဲ့ မိဖုရားဟာ သန့်စင်တယ်လို့ သူတို့မယူဆနိုင်ဘူး။”
 ဒီလို ပြောလာတော့ မင်းကောင်းမင်းမြတ်များဆိုတာ ပြည်သူလူထုပြောတာကို လျစ်လျူရှု မထား ဘူး။ ငါ့မိန်းမပြောရပါ့မလားဆိုပြီးတော့ အားလုံး အင်းစိန်ထဲ ထည့်လို့မရဘူး။ မင်းကောင်းမင်းမြတ်များဟာ ဒီလိုလုပ်လို့မရဘူး။ မိဖုရားကလည်း သူဟာအင်မတန် ဖြူစင်သန့်ရှင်းပါတယ်။ သူကမကြောက်ပါဘူး။ ဒါကိုပြရဲပါတယ်ဆို ပြီးတော့ မီးပုံထဲကို ဆင်းပြတယ်။
 မီးပုံထဲကို ဆင်းပြီးတော့ပြသော်ငြားလည်း မီးကသူ့ကိုမလောင်ဘူး။ သူ့ရဲ့ဖြူစင်သန့်ရှင်းမှုကြောင့် မီးကလည်းအန္တရာယ်မပြုနိုင်ဘူးလို့ ပြလိုက်တဲ့အခါကျတော့လည်း အားလုံးကောင်းသွားပြီလို့ ဒီလိုပဲထင် ရတာပေါ့လေ။
 ထင်ရပေမယ့်လည်း ဒီကောလာဟလတွေက မငြိမ်းသွားဘူး။ ဒဿဂီရိရဲ့နန်းတော်ထဲမှာ နေမိတဲ့မိဖုရားကို ပြန်ပြီးတော့ ကောက်သင့်သလား၊ မကောက်သင့်ဘူးလား၊ အချီအချပြောတာဆိုတာတွေက ဆက်ပြီးတော့ရှိနေတယ်။
 ဆက်ပြီးတော့ ရှိနေတဲ့အခါကျတော့ ရာမမင်းက သီတာမိဖုရားကို ပြည်နယ်နှင် ဒဏ် ပေးလိုက် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက သံသယရှိပြီဆိုမှဖြင့် သူဘယ်လိုပဲ သူ့စိတ်ထဲမှာရှိရှိ၊ ပြည် သူလူထုရဲ့ အလိုကိုမဆန့်ကျင်ရဘူး တဲ့။ ဒါဟာမင်းကျင့်တရားထဲမှာ တစ်ခုပါတယ် မဟုတ် လား။ ပြည် သူလူထုရဲ့အလိုကို မဆန့်ကျင်ရဘူးဆိုပြီး သီတာ မိဖုရားကို ပြည်နှင်ဒဏ်ပေးလိုက်တယ်။
 ပြည်နှင်ဒဏ်ပေးလိုက်တော့ သီတာမိဖုရားကြီးဟာ တောထဲမှာနေရတယ်။ တောထဲမှာနေစဉ်ပဲ သူ့ရဲ့အမွှာပူး သားတော်လေးနှစ်ပါးကို ဖွားမြင်တော်မူတယ်။ နှစ်ပေါင်းအတော်ကြာတဲ့အခါကျမှ … (ကျမသေသေချာချာ မမှတ်မိဘူး) တောလိုက်ရင်းနဲ့လား၊ ဘယ်လိုလားတော့မသိဘူး၊ ရာမမင်းသားရဲ့ အမတ်ကြီးများဟာ ဒီသားတော်လေးနှစ်ပါးကို အကြောင်းပြုပြီးတော့ ပြန်ခေါ်တာပေါ့လေ။ မိဖုရားကြီးကို ပြန်ပြီးတော့ခေါ်တယ်။
 ပြန်ပြီးတော့ခေါ်ပေမယ့် မိဖုရားကြီးက အင်မတန်မှစိတ်နာတယ်လို့ ပြောရမလားမသိဘူး။ သူဟာဒီလောက်တောင်မှ ဖြူစင်သန့်ရှင်းလျက်နဲ့ မီးထဲဝင်ပြပြီးတော့ ဖြူစင်သန့်ရှင်းပါတယ်ဆိုတာကို ပြနိုင်ခဲ့လျက်နဲ့ ရာမမင်းက သူ့ဘက်ကနေ မရပ်တည်ခဲ့ဘူး။ ပြည်သူလူထုတချို့က ဝေဖန်တာကို လက်ခံပြီးတော့ သူ့အပေါ်မှာဆက်ဆံတာ မတရားခဲ့ဘူးလို့ သူမြင်တယ်။ အဲဒီတော့ သူဘယ်တော့မှ မိဖုရားပြန်မလုပ်ချင်တော့ဘူး။
 သူဟာဒီလိုပဲ ဖြူစင်တယ်ဆိုတာမှန်ရင် သူ့ရဲ့ဖခင်ဖြစ်တဲ့ မြေကြီးဟာ သူ့ကိုပြန်ပြီး သိမ်းပိုက် ပါတော့ ဆိုပြီး အဓိဌာန်လုပ်တဲ့အခါကျတော့၊ ကျမတို့ကတော့ မြေမြိုတယ်၊ မကောင်းဘူး လို့ထင် တယ်နော်။ ဒီလိုအဓိပ္ပာယ်နဲ့ မဟုတ်ပါဘူး။ မြေကြီးကနေ ပြန်ပြီးတော့ သိမ်းပိုက်တယ်ဆိုတာ နည်း နည်းပြန်ရှင်းပြရမယ်ဆိုရင် ကျမတို့က ဗမာဆိုတော့ သီတာဟာ “ရေ” ၊ ဒါ့ကြောင့် ရေနဲ့ ဆက်နွယ်နေ တယ်။
 တကယ်တော့ သူတို့ sankrit စကားအရ Sita ဆိုတာ ရေဆိုတဲ့အဓိပ္ပါယ် မရောက်ပါဘူး။ Sita ဆိုတဲ့အဓိပ္ပါယ်ဟာ သီတာရဲ့ခမည်းတော်ကြီးဖြစ်တဲ့ ဇနက္ကမင်းကြီးဟာ လယ်ထွန်မင်္ဂလာလုပ်နေတုန်းမှာ လယ်ထဲကနေ ဒီခလေးငယ်ငယ်လေး ထွက်လာလို့၊  လယ်ထွန်ရင်းနဲ့ထွက်လာတာမို့ ထွန်ကြောင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။
Sita ဟာ “ပထ၀ီမြေကြီးနတ်ရဲ့သမီးတော်” လို့ ဒီလိုသူတို့အယူရှိတယ်။ ဒါ့ကြောင့်မို့ သူ့ရဲ့ဖခင် ပထ၀ီမြေကြီးဟာ သူ့ကိုပြန်ပြီးတော့ လက်ခံတော်မူပါဆိုတာ ကျမတို့အမြင်နဲ့ ဆိုးလို့မြေမြိုတာ မဟုတ် ဘူးဆိုတာကို နားလည်အောင် ကျမရှင်းပြတာပါ။ အဲဒီတော့ ပထ၀ီမြေကြီးရဲ့မင်းဖြစ်တဲ့ သီတာမိဖုရားရဲ့ ဖခင်အစစ်က ပြန်ပြီးတော့လက်ခံယူရတယ်။ လက်ခံတော်မူတော့ အဲဒီမှာဇာတ်လမ်းက ပြီးသွားတယ်။
 ဒီတော့ ဇာတ်လမ်းက ကျမတို့စဉ်းစားစရာ အများကြီးရှိတယ်။ စဉ်းစားစရာရှိတယ်ဆိုတာ နိုင်ငံရေးအမြင်နဲ့ အများကြီးစဉ်းစားစရာရှိတယ်။ ဒါကျမတို့ အရှေ့တိုင်းမှာ အင်မတန်မှသြဇာလွှမ်းမိုးတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တယ်။ ကျမတို့ အရှေ့တိုင်းသူ၊ အရှေ့တိုင်းသားတွေဟာ ဘယ်လောက်နိုင်ငံရေးအမြင် ရင့်ကျက်သလဲဆိုတာကို ပြတယ်လို့ ကျမတော့ ဒီလိုပဲမြင်တယ်။
 ဘာဖြစ်လို့လဲဆိုတော့ သူဟာအဖြူနဲ့အမဲ၊ အကောင်းနဲ့အဆိုး ဒီလိုချည်းပဲရှိတာ မဟုတ်ဘူး။ ရာမမင်းရဲ့ခမည်းတော်ဆိုရင်လည်း ကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။ အင်မတန်မှကောင်းတဲ့မင်းကြီး ဖြစ်ခဲ့သော်လည်း သူ့အပြစ်တွေရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ ၀ဋ်ကြွေးကို သူဆပ်သွားရတယ်။
           ရာမမင်းဆိုရင်လည်း အင်မတန်မှကောင်းတဲ့မင်းတစ်ပါးပဲ။ ဒါပေမယ့်လည်း တကယ်ကြည့် လိုက်တဲ့ အခါမှာတော့ သူ့ရဲ့မိဖုရားကြီးအပေါ်မှာ မျှမျှတတ မဆက်ဆံခဲ့ဘူး။ သီတာမိဖုရားပြောချင်တာက သူဖြူစင်သန့်ရှင်းမှန်း သိရဲ့သားနဲ့ သူများပြောတာတွေ ဘာဖြစ်လို့နားထောင်ရလဲ ဆိုတာကိုပြောတာ၊ ဒီတော့ ဒါကျမတို့အတွက် အများကြီးစဉ်းစားစရာ ဖြစ်တယ်။
 ဒီမိုကရေစီဆိုတာ အကောင်းကြီးပဲ မဟုတ်ဘူး။ သူ့ရဲ့အားနည်းချက်တွေ ရှိတယ်ဆိုတော့ ဒီကိစ္စ ဟာဒီမိုကရေစီရဲ့ အားနည်းချက်တစ်ခုကို ထောက်ပြတယ်လို့ ကျမပြောချင်တယ်။ အများကနေ အလကား သက်သက် သွားပုတ်လေလွင့်၊ အားအားယားယား ပြောနေတဲ့ ကိစ္စတွေဟာ တခါတလေ ဒီမိုကရေစီ မှာ လည်း လွှမ်းမိုးတတ်တယ်။ အဲဒီဟာတွေကို ကျမတို့အများကြီး သတိထားရမယ်။
 ကျမကတော့ထင်တယ်။ အခုခေတ်အခြေအနေဆိုရင် သတင်းစာတွေဘာတွေရှိပြီးတော့ သတင်း စာလွတ်လပ်ခွင့် ရှိတယ်ဆိုရင် သီတာမိဖုရားကြီးဘက်ကနေပြီးတော့ ရေးပေးမယ့် သတင်းစာတွေ အများကြီးရှိမှာပဲလို့ ကျမထင်တယ်။ အဲဒီလိုသာရှိခဲ့ရင် သက်သက် အားအားယားယား အတင်းပြောနေ တဲ့လူတွေကြောင့် ဒီမိဖုရားကြီးဟာ ပြည်နှင်ဒဏ်အပေးခံရမှာ မဟုတ်ဘူးလို့ ကျမက ဒီလိုမြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သီတာမိဖုရားဖက်ကနေ ရပ်တည်တဲ့သတင်းစာတွေက ရေးကြမှာကိုး။
            “ဘယ်နှယ့် မီးထဲဝင်တာတောင်မှ မလောင်တဲ့မိဖုရားဟာ မဖြူစင်ဘဲရှိနိုင်ပါ့မလား။ မင်းတို့မှန်ရင်၊မင်းတို့ရဲရင်၊ စွပ်စွဲနေတဲ့လူတွေ မီးထဲဝင်ကြ … ” လို့ ပြောမှာပေါ့။ စွပ်စွဲနေတဲ့လူတွေကရော မီးထဲကိုဝင်ပြရဲမလား။ ၀င်ရင်ရော သူတို့ဟာ မီးမလောင်ဘဲ နေမလား။ ဒါတွေဟာ အများကြီးစဉ်းစားစ ရာ ဖြစ်တယ်။
 အဲဒါကြောင့် ရာမဇာတ်တော်ကြီးဟာ နိုင်ငံရေးပညာ အများကြီးပဲ ပါပါတယ်။ ဒါဟာ ကျမတို့ ဒီမိုကရေစီ လိုအပ် တယ်ဆိုတာ ကျမတို့ အရှေ့တိုင်းယဉ်ကျေးမှုအရ အထောက်အထားတွေ အများကြီးပြနိုင်ပါတယ်။
 အဲဒီလို အဖက်ဖက်ကပေါ့လေ နိုင်ငံရေးအမြင်နဲ့ စဉ်းစားတဲ့ဇာတ်တွေ ကမ္ဘာမှာနည်းပါတယ်။ အများအားဖြင့် ပုံပြင်တွေ ဒဏဏ္ဍာရီတွေဆိုရင် နောက်ဆုံးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးသွားတာတို့၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ဟာတွေဆိုရင်လည်း တစ်ယောက်မှ မကျန်အောင် အားလုံးရှင်းလင်း သုတ်သင်ပစ်လိုက်တာတို့ ဒါတွေရှိတတ်ကြတယ်။
 ဒီလိုအဖြူနဲ့အမည်းတင် မဟုတ်ဘဲနဲ့ အဖြူနဲ့အမည်းကြားမှာ မီးခိုးရောင်အမျိုးမျိုးရှိတဲ့ ဇာတ်မျိုးဆို တာ သိပ်ခေတ်မီတယ်လို့ ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရား ဟာ ခေတ်မရှိ ဘူးရယ်လို့ ဘယ်တော့မှမဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကျမတို့လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်သ၍ ဒီစနစ်မျိုး ဟာ လိုလားအပ်တဲ့ စနစ်မျိုးကိုဖြစ်မှာပဲ။
 ဒီစနစ်ဟာ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ စနစ်လည်းဖြစ်တယ်၊ အစိုးရများကို ကာကွယ်ပေး တဲ့စနစ်လည်း ဖြစ်တယ်။ တချို့အစိုးရတွေဟာ ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး၊ ပြည်သူလူထုကိုသာ အကာအကွယ်ပေးတဲ့စနစ်လို့ သူတို့ထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်း လူတိုင်းကို အကာအကွယ်ပေးတဲ့ စနစ်ပါ။
 ကျမတို့ကို တချို့ကမေးတယ်၊ ဒါလည်းအားလုံးသိနေတဲ့ ကိစ္စကြီးပါ။ ဒီမိုကရေစီတက်လို့ရှိရင် ဘယ်သူဘယ်ဝါကို ကလဲ့စားချေမှာလား၊ မေးတယ်။ ကျမကပြောတယ်၊ ကလဲ့စားချေတယ်ဆိုတာ ကျမတို့ ရဲ့ “မူ” လည်း မဟုတ်ဘူး။ ဒီမိုကရေစီအရ ကလဲ့စားချေချင်တိုင်း လိုက်ချေလို့ရတာ မဟုတ်ဘူး။ တရားမျှမျှ တတ လုပ်ရတာ။
အခုပြောချင်တာက “အရှေ့တိုင်းဒီမိုကရေစီ”။ ဒီမိုကရေစီ အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီကို ဆိုလိုချင်တာ။ အနောက်တိုင်း ဒီမိုကရေစီထက်ပိုပြီးတော့ မေတ္တာတရားနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဒီလို ကျမတို့မြင်ချင်ပါတယ်။ အားလုံးအတွက် ကောင်းတဲ့စနစ် ဖြစ်ရမယ်။
တချို့ကဆိုရင် ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့အနှစ်သာရကို နားမလည် ဘူး။ အတိုက်အခံများဟာ တိုက်တယ် ခိုက်တယ်ဆိုတာဟာ အာဃာတတရားနဲ့ ဖျက်ဆီးချင်လို့ တိုက် တယ်လို့ထင်ကြတယ်။ ကိုယ့်စိတ်နဲ့ ကိုယ်နှိုင်းတာလည်း ဖြစ်နိုင်တာပေါ့။ အဲဒီလိုစိတ်တွေကလည်း အများကြီးရှိတယ်။ ဒါပေမယ့်ဒါဟာ လုံးလုံးမဟုတ်ဘူး။ အတိုက်အခံများရဲ့ အလုပ်ကိုက အစိုးရ မမှားအောင်လုပ်ဖို့ပဲ။
အစိုးရမမှားအောင်ဆိုတော့ အစိုးရမှားနေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင်လုပ်နိုင်မှာပေါ့။ ကိုယ်ဘာမှားမှန်း မသိဘူး၊ ဒါမှမဟုတ် သိရင်လည်း ဘယ်သူမှမပြောရဲဘူးဆိုရင် ဆက်ပြီးတော့မှားနေမှာပေါ့။ ဒီတော့ ကျမတို့က အတိုက်အခံဆိုတော့ အတိုက်အခံအလုပ်ပဲလုပ်မှာပဲ။ ဆက်ပြီးတော့ လုပ်မှာပဲ။
ဒီလိုလုပ်တာဟာ ကျမတို့ကတော့ အာဃာတစိတ်နဲ့ လုပ်တာမဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတအင်မတန်မှများနေတဲ့ လူတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါကိုတော့ ကျမတို့ဘာမှ မတတ်နိုင် ဘူး။ အဲဒီနှလုံးသားထဲက အာဃာတတွေကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင်တယ်။ ဖျောက်လိုက်ရင်တော့ ယုံနိုင်ပါလိမ့်မယ်။
ဒီမိုကရေစီနိုင်ငံတွေကိုကြည့်ရင် ဒါကိုသိနိုင်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နောင်ဂျိန်နောင်ဂျိန် ချနေတဲ့သူများဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီး၊ ယဉ်ကျေးသိမ်မွေ့တဲ့သူများပီပီ ဆက်ဆံ ကြတာပါပဲ။ ဒါ ဒီမိုကရေစီစိတ်ဓာတ်ပဲ။ ကျမတို့အရှေ့တိုင်းယဉ်ကျေးမှုအရ ဒီလို လူပီပီနေတဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ လူတွေကိုလူလို ဆက်ဆံတဲ့စနစ်ကို အင်မတန်မှ လိုလားပါ တယ်။ ပြည် သူလူ ထုကို တန်ဖိုးထားတဲ့စနစ်ကို ကျမတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။    ။
(မှတ်ချက် – ၁၉၉၅/၉၆ ခုနှစ် မိန့်ခွန်းများမှ ကောက်နှုတ်ဖော်ပြပါသည်။)
သရုပ်ဖော်ပုံများမှာ အင်တာနက်က ကူးယူထားတာဖြစ်သည်၊
(မိုးမခက ၂၀၀၅ တွင်တကြိမ်၊ ၂၀၀၇ တွင်တကြိမ် မိုးမခ၀က်ဆိုက်တွင် ပြန်လည်ဆန်းသစ်ဖော်ပြခဲ့ဖူးသည်။ ယခုလည်း တကြိမ် ထပ်မံဖော်ပြလိုက်ပြန်ပါသည်။ ပြည်တွင်းက ဂျာနယ်ပေါ်က စာမူနှင့် ယခု မူရင်းစာမူ ဘာတွေ ကွဲပြားသည်ကို တိုက်ဆိုက်ဖတ်ရှုကြပါကုန်)
မိုးမခ မှကူးယူဖော်ပြသည်။

No comments: