Monday, April 9, 2012

သတင်းများ

မန္တလေး ပြည်ခိုင်ဖြိုးရုံး ခဲပေါက်ခံ ရမှု အမှုဖွင့်
Posted: 09 Apr 2012 04:44 AM PDT
မန္တလေး၊ ဧပြီ ၉

ကြားဖြတ် ရွေးကောက်ပွဲ အကြိုညနှင့် ကျင်းပ သည့်ရက် ညပိုင်းတွင် ပြည်ခိုင်ဖြိုးရုံးသို့ ခဲဖြင့် ပစ်ပေါက်ခြင်း ဖြစ်စဉ် များကို အမှတ် ( ၃ ) ရဲစခန်းတွင် အမှုဖွင့် တိုင်တန်း ထားကြောင်း ယင်းပါတီမှ မန္တလေး ခရိုင် တာဝန်ခံက ပြောကြားသည်။

မတ်လ ၃၁ ရက်နေ့မှ ဧပြီ ၁ရက်နေ့ ညပိုင်း ၁နာရီခန့်တွင် ပြည်ခိုင်ဖြိုး တိုင်းရုံးသို့ ခဲနှင့် ပစ်ပေါက် ရာမှ အဆောက် အအုံ ရုံးခန်း မှန်ကွဲသည့် ဖြစ်ရပ် များဖြစ်ပွား ခဲ့ကြောင်း၊ ယင်းကြောင့် လုံခြုံရေး အရ ဥပဒေနှင့် အညီ အကာ အကွယ် ပေးနိုင်ရန် ဧပြီလ ၁ရက် နေ့တွင် အမှတ် ၃ ရဲစခန်းသို့ ပထမ သတင်း ပေးတိုင်တန်း ချက် အမှတ် ၁၈၁ ဖြင့် အမှု ဖွင့်ထားကြောင်း၊ ပြည်ခိုင်ဖြိုး တိုင်း ပါတီ ကော်မတီ ဝင် ဦးသိန်းလှက ပြောကြား သည်။

"အဲ့ဒီညမှာ လူအုပ် လိုက်ထောင်ချီတယ်။ ရုံးရှေ့ မှာ သွားလာရင်း ပစ်တာ မဟုတ်ဘူး။ တမင်ကို ရပ်ပြီး ဆဲဆိုတယ်။ ပြီးတော့ ခဲနဲ့ ပေါက်တယ်" ဟု ၎င်းက ဆိုသည်။

ယခု လက်ရှိတွင် ဖြစ်ပွား သည့် အချိန်တွင် ရှိနေသည့် လုံခြုံရေး အစောင့် များကို ရဲစခန်းက စစ်ဆေး နေပြီး အဆိုပါ ဖြစ်ပွား ချိန်တွင် ရိုက်ယူ ထားသော ဓာတ်ပုံများနှင့် ဗီဒီယို ဖိုင်များကို အမှတ် ၃ ရဲစခန်းသို့ ပေးပို့ ထားကြောင်း လည်း ၎င်းက ဆက်လက် ပြောကြား သည်။

မဟာ အောင်မြေ မြို့ နယ်ရှိ ပြည်ခိုင်ဖြိုး ပါတီ ရုံးရှေ့ တွင်လည်း ဧပြီ ၁ရက် နေ့ညက ခဲနှင့် ပစ်ပေါက်ခြင်း ကြောင့် ရုံးခန်း မှန်များ ကွဲခဲ့ သော်လည်း အမှုဖွင့် တိုင်တန်း ထားခြင်း မရှိကြောင်း တိုင်း ပြည်ခိုင်ဖြိုး ပါတီ ရုံးထံမှ သိရသည်။


 The Voice Weekly
အစိုးရဝန်ကြီးဌာနတွေကို ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်ပါတယ်
Posted: 09 Apr 2012 02:23 AM PDT

အစိုးရ ဝန်ကြီးဌာနတွေဟာ စီမံခန့်ခွဲမှု မဏ္ဍိုင် (The Executive) မှာ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ သမ္မတရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်ကနေ တာဝန်ထမ်းဆောင်ရပါတယ်။ ဝန်ကြီးဌာနအသီးသီးရဲ့ အမြင့်ဆုံး ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးတို့ကို သမ္မတက ရွေးချယ်ခန့်ထားရာမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ရှိထားရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ Checks and balances အပြန်အလှန် ထိန်းညှိမှု တမျိုးဖြစ်ပါတယ်။

ဒါပေမယ့် ဝန်ကြီးဌာနတွေက အကောင်အထည်ဖော်တဲ့အပိုင်းမှာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကျေနပ်အားရစရာ ကောင်းလောက်အောင် အောင်မြင်တာ သိပ်မရှိလှပါဘူး။ ဘာကြောင့် ဒီလို ပြောနိုင်သလဲ ဆိုရင် ကနေ့ ပြည်သူတွေရဲ့ မကျေမနပ် ထုတ်ဖော်ချက်တွေကို အင်တာနက်ပေါ်မှာ အထူးသဖြင့် Facebook လို နေရာမှာ အများအပြား တွေ့နေရလို့ ဖြစ်ပါတယ်။

ဒီလိုဖြစ်နေရတဲ့ အကြောင်းရင်း ၃ ခုလောက်တော့ အနည်းဆုံး ရှိနေပါတယ်။
  1. အာဏာရှင်စနစ် ဝါဒမှိုင်းရဲ့အောက်မှာ လည်ပတ်နေခဲ့ဖူးတဲ့ အစိုးရယန္တရားကို ဒီမိုကရေစီ ခေတ်စနစ်ရဲ့ လိုအပ်ချက်နဲ့အညီ မပြင်နိုင်သေးတာ ဖြစ်ပါတယ်။
  2. အစိုးရဝန်ကြီးဌာနတွေမှာ ပြည်သူတွေ စိတ်ချမ်းသာ ပျော်ရွှင်နိုင်ရေးကို ဝတ်ကျေတန်းကြေတောင် မလုပ်ပေးချင်တဲ့ဆန္ဒ ရှိနေတုန်း ဖြစ်ပါတယ်။
  3. ဝန်ကြီးဌာနအတွင်း အစိုးရကဏ္ဍရဲ့ နည်းဥပဒေအရ လုပ်ကြတဲ့အခါမှာ မူဝါဒကို လက်တွေ့ဖြစ်မြောက်အောင် အကောင်အထည်ဖော်ဖို့ထက် တဦးချင်းရဲ့ ကိုယ်ကျိုးစီးပွား ရှာလိုစိတ်က လွှမ်းမိုးနေပါတယ်။
အာဏာရှင်စနစ် လွှမ်းမိုးခဲ့ရာ အတိတ်ဟောင်းကို ပြန်မသွားတော့ပါဘူးလို့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက အကြိမ်ကြိမ် ကတိပေးပြောကြားနေတာ ကမ္ဘာကတောင် ကောင်းကောင်းသိနေပါပြီ။ ဒါပေမယ့် အာဏာရှင်စနစ်ကို လည်ပတ်စေခဲ့တဲ့ အစိုးရ ယန္တရားကို မပြင်နိုင်သေးတာ တွေ့ရပါတယ်။ စီမံခန့်ခွဲမှု (The Executive) မဏ္ဍိုင်မှာ အဓိကအကျဆုံး ပြင်ဆင်ဖို့ လိုအပ်ချက်ဟာ ဒီယန္တရားကို ပြင်ဖို့သာ ဖြစ်ပါတယ်။ ဒီယန္တရား မအောင်မြင်ခဲ့တဲ့အတွက် ခေတ်စနစ် ပြောင်းလဲပေးခဲ့ရတာကို သတိရှိစေချင်ပါတယ်။ ဒီယန္တရားကို မပြင်ဘဲ ဘာပဲလုပ်နေလုပ်နေ ဒုံရင်းကနေ တက်လာနိုင်ဖို့ မရှိပါဘူး။

ဒါဟာ အစိုးရကို တည့်မတ်ထိန်းကျောင်းပါလို့ မိဘပြည်သူတွေကို သမ္မတဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံ တိုက်တွန်းချက်အရ ပြည်သူတယောက်အနေနဲ့ မြင်မိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတာ ဖြစ်ပါတယ်။

အစိုးရဝန်ထမ်းအားလုံးကိုတော့ မဆိုလိုပါ။ ပတ်သက်မှု ရှိကောင်းရှိနေနိုင်တဲ့ တချို့ဝန်ထမ်းတွေအနေနဲ့ အနည်းဆုံး တနေ့တာ အလုပ်ချိန် အစကနေ အဆုံးထိ “ငါတို့ဟာ အထက်လူကြီးတွေ ကျေနပ်အားရစေတာထက် မိဘပြည်သူတွေ စိတ်ချမ်းသာ အကျိုးဖြစ်စေမယ့် ကိစ္စတွေကိုသာ ဦးစားပေး လုပ်ပေးမယ်” ဆိုတဲ့ ခံယူချက် ထားရှိဖို့ လိုအပ်ပါမယ်။ လစာအနည်းဆုံး ရရှိတဲ့ ဝန်ထမ်းတွေ အပါအဝင် ရာထူးအလိုက် အထက်-အထက်ကို တက်သွားတဲ့ ဝန်ထမ်းတိုင်းက ဒီခံယူချက်ကို ထားရှိရမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာ ဝန်ထမ်းတွေအတွက် အစိုးရက တုန့်ပြန် အကျိုးပြုပေးမှသာ မျှတမှု ရှိပါမယ်။ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် အစိုးရက ပြည်သူ့ဘဏ္ဍာကနေ ထုတ်သုံး ထောက်ပံ့လာလို့ ဝန်ထမ်းတွေအတွက် ဝမ်းသာမိပါတယ်။

နောက်ထပ်လုပ်သင့်တယ်လို့ ထင်ရတာကတော့ ဝန်ထမ်းတွေကို အရည်အချင်း၊ ကြိုးစားမှုအလိုက် မှန်မှန်ကန်ကန် ရာထူးတိုးပေးဖို့ ဖြစ်ပါတယ်။ ရာထူးရွေးချယ် ခန့်ထားရေး ကော်မရှင်အနေနဲ့ ရာထူးကြီးကြီး ဝန်ထမ်းတွေကိုသာ ရွေးချယ် ခန့်ထားရုံတင် မဟုတ်ဘဲ အနိမ့်ဆုံး ဝန်ထမ်းကအစ ဝန်ထမ်းတိုင်း ဘယ်လို ရာထူး တက်လာနိုင်မလဲ ဆိုတာကို အမြဲတမ်း ကြံဆ နည်းလမ်း ရှာဖွေပေးနေရမှာ ဖြစ်ပါတယ်။ ဒီကော်မရှင်အနေနဲ့ အချိန်ရသမျှ လုပ်ငန်းခွင်တွေထဲအထိ ကွင်းဆင်းလေ့လာ သုတေသနပြုနေသင့်ပါတယ်။ အစိုးရအနေနဲ့ ဝန်ထမ်းတွေကို လစာတိုးပေးလိုက်တဲ့ အဖြေရှာနည်းကို သိပ်လိုအပ်မှသာ ထုတ်သုံးသင့်ပါတယ်။ ရာထူးတိုးပေးတဲ့နည်းက ဝန်ထမ်းတွေအပေါ် အပြုအမူနဲ့ ဆန္ဒ ဆိုတဲ့ စိတ်ဓါတ်ကို ပိုမို တည့်မတ် အားကောင်းစေပါတယ်။

နိုင်ငံရေးတိုးတက်မှုတွေကို ဖြစ်စေနိုင်ဖို့ ဥပေးပြုလွှတ်တော်အပါဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက ဥပဒေ၊ မူဝါဒတွေနဲ့ လမ်းညွှန်ပါတယ်။ ဥပဒေနဲ့ မူဝါဒတွေ အောင်မြင်စေဖို့ ကျင့်သုံးရတဲ့ နည်းဥပဒေတွေ ရှိနေရပြီး ဒါတွေကို လက်တွေ့ အကောင်အထည် ဖော်ပေးရသူတွေကတော့ ဝန်ကြီးဌာနတွေ ဖြစ်ပါတယ်။ နည်းဥပဒေတွေကို ပြဌာန်းရာမှာ လွှတ်တော်ရဲ့ သက်ဆိုင်ရာကော်မတီတွေက ကြီးကြပ်တဲ့ အစီအစဉ်မျိုး ထားရှိနိုင်ရင် ပိုပြီး ပွင့်လင်းမြင်သာလာနိုင်သလို Checks and balances အပြန်အလှန် ထိန်းညှိမှုအတွက်လည်း အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မယ်။

ဝန်ကြီးဌာနအဆင့်ကနေ နည်းဥပဒေတွေကို အကောင်အထည်ဖော်ပေးရာမှာ သူတို့ လုပ်ဆောင်သမျှတွေအပေါ် Checks and balances အပြန်အလှန် ထိန်းညှိမှု လုံးဝ ရှိမနေပါဘူး။ ကြိုက်သလိုလုပ် စောဒကတက် ကန့်ကွက်တဲ့ ပစ်စာ၊ တိုင်စာတွေ လူသိရှင်ကြား မဖြစ်သမျှ ကာလပတ်လုံး လုပ်ချင်တိုင်းလုပ်လို့ ရနေခဲ့ပါတယ်။

Checks and balances မရှိတာကို အခွင့်ကောင်းယူပြီး ဝန်ထမ်းတချို့ဟာ တဦးချင်းအနေနဲ့ ကိုယ်ကျိုးစီးပွားကို ကြံဖန်နိုင်စေမယ့် လမ်းစတွေကို အတောမသတ်နိုင်အောင် ရှာဖွေလာကြပါတယ်။ ရာထူး မပြုတ်မချင်း အရှက် သိက္ခာမဲ့စွာ အဂတိလိုက်စားဖို့၊ အာဏာအလွဲသုံးစားဖို့ ဖြစ်စေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ အရှုံးပေါ်မယ့်ကိစ္စ (သို့) နာမည်ပျက်မယ့်ကိစ္စ (သို့) နှစ်မျိုးလုံးကို နောင်ခါလာ နောင်ခါဈေး သဘောထားတတ်ကြပါတယ်။ အခွင့်အရေး ရနိုင်သမျှ သိမ်းကြုံးယူကြပါတယ်။

Checks and balances အပြန်အလှန် ထိန်းညှိမှု မရှိတဲ့အတွက် မူဝါဒချပြ လမ်းညွှန်သူ ခေါင်းဆောင်တွေကိုယ်တိုင် မူဝါဒအမှားကို သိနေခဲ့ရင်တောင် ရနိုင်သရွေ့ မသိချင်ယောင်ဆောင်နေဖို့ အခွင့်အလမ်း ဖြစ်လာစေပါတယ်။ လူပြောသူပြော သိပ်များလာမှ၊ တချို့အဖြစ်အပျက်တွေဆို နိုင်ငံတကာက သိလာမှ၊ နိုင်ငံတကာဖိအားတွေ ရှိလာမှသာ မူဝါဒရေးဆွဲ ညွှန်ကြားတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက မဖြစ်မနေ ဖိအား ပေးလာတတ်တာမျိုး ရှိပါတယ်။

ဒီအဆင့်လောက်ဆိုရင်တောင် ပြန်လည်ကောင်းလာဖို့ မျှော်လင့်ချက်က ရှိနေပါသေးတယ်။ ဒါပေမယ့် အစိုးရအပေါ် ယုံကြည်မှုကို အားနည်းသွားစေပြီး နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ မလိုအပ်ဘဲ ဖြစ်စေပါတယ်။

အစိုးရထိပ်ပိုင်းက ဖိအားပြန်ပေးလို့ တကယ်တမ်း ပြန်ကောင်းသွားတဲ့ အဖြစ်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာနအဆင့်မှာ တထစ် နှစ်ထစ်လောက် ပြန်လျှော့ပေးအပြီး အာရုံစိုက်မခံရတော့တဲ့ အချိန်ကျတော့ ဒုံရင်းအတိုင်း ပြန်လုပ်နေတာတွေလည်း ရှိနေပါတယ်။

တကယ်လုပ်သင့်တာက --
(၁) အစိုးရတဖွဲ့လုံး ဘယ်ဝန်ထမ်းမဆို ပြည်သူလူထုအပေါ် အမှန်တကယ် စေတနာထားရမှာ ဖြစ်တယ်။ ပြည်သူတွေ ပေးဆောင်တဲ့ အခွန်ငွေကနေ လစာယူနေတာဖြစ်လို့ နိုင်ငံ့ဝန်ထမ်းဆိုတာ ပြည်သူ့ဝန်ထမ်းပဲ ဆိုတဲ့ ခံယူချက် ရှိနေရပါမယ်။

(၂) အစိုးရထိပ်ပိုင်းတွေကနေ ဥပဒေနဲ့ မူဝါဒ ချပေးလိုက်ရုံနဲ့ မပြီးဘဲ လက်တွေ့မှာ အမှန်တကယ် ထိရောက်မှု ရှိမရှိ ဆိုတာကို လက်တွေ့ ကွင်းဆင်းလေ့လာ မှတ်တမ်းတင်ပြီး အမြဲတမ်း ပြန်လည် သုံးသပ်နေရမှာ ဖြစ်တယ်။ Checks and balances အတွက် အချိန်ပြည့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ထားရှိတာမျိုး ဖြစ်ပါတယ်။

(၃) နည်းဥပဒေတွေအရသာ ဆောင်ရွက်ရတဲ့ ဝန်ကြီးဌာနတွေက လုပ်ဆောင်ချက် လွဲမှားတာ၊ မူမမှန်တာ၊ ပြဿနာ ဖြစ်လာတာရှိရင် လူအမှားလား၊ မူအမှားလား ဆိုတာကို ချက်ချင်း အဖြေရှာထုတ်နိုင်ဖို့ လိုအပ်ပါမယ်။

(၄) ကိုယ်ကျိုးရှာ စီးပွားရေး လုပ်စားနေတဲ့ အကျင့်ပျက် အစိုးရဝန်ထမ်းတွေဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် လူထုအကျိုး၊ နိုင်ငံအကျိုးကိုလည်း ပျက်ပြားစေတာကြောင့် ကျောသားရင်သား မခွဲခြားဘဲ စံနမူနာပြ ထိရောက်အောင် အရေးယူ အပြစ်ပေးရမှာ ဖြစ်ပါတယ်။ (သို့) တာဝန်ရှိသူဟာ တာဝန်ခံ (Accountability) ယူတဲ့အနေနဲ့ ရာထူးက နှုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။

လွင်အောင်စိုး
ဧပြီ ၉ ရက် ၂ဝ၁၂ ခုနှစ်

ဆက်စပ်သတင်း - (Eleven Media Group) လွဲမှားသည့် လုပ်ထုံးလုပ်နည်းအချို့၊ မမျှတသည့် စည်းမျဉ်းအချို့ဖြင့် ကန့်သတ် စိစစ်မှုများကြောင့် ပြည်ပမှ တင်သွင်းသူ ကားပိုင်ရှင်များ ထိခိုက်
ဆန္ဒပြအလုပ်သမားများ သေနတ်ဖြင့် ပစ်ဖောက်သတိပေးခံရ
Posted: 09 Apr 2012 02:20 AM PDT
DVB TV News

ကိုထွေး၊ ဧပြီ ၉၊ ၂၀၁၂

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်က ပင်လယ်စာစက်ရုံမှာ ဒီနေ့ ဆက်လက်ဆန္ဒပြတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေကို ရဲက သေနတ်နဲ့ ပစ်ဖောက် သတိပေးခဲ့တယ်လို့ အဲဒီစက်ရုံက မြန်မာအလုပ် သမားတွေက ပြောပါတယ်။

ဆဖတ်ထနာ လို့ အမည်ရတဲ့ ပင်လယ်စာထုတ်လုပ်တဲ့ စက်ရုံမှာ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမား ၁၀၀၀ လောက် လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားတွေဟာ လုပ်ခလစာနဲ့  အလုပ်သမားရပိုင်ခွင့်တွေအတွက် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဆန္ဒပြနေကြတာပါ။

ဒီနေ့ စက်ရုံထဲ ၀င်ဖို့ကြိုးစားတဲ့ အလုပ်သမား (၃၀၀) လောက်ကို ခြိမ်းခြောက်သတိပေးတဲ့အနေနဲ့ သေနတ်နဲ့ ပစ်ဖောက်တယ်လို့ အဆိုပါစက်ရုံက မြန်မာအလုပ်သမား ကိုအောင်အောင်က ဒီနေ့မနက်ပိုင်း အခြေအနေတွေကို ရှင်းပြပါတယ်။

"ရုန်းရင်းဆန်ခတ် ဖြစ်တယ်ဆိုတာတော့ တံခါးဖွင့်ပေးပါလို့ တောင်းဆိုတာကို တံခါးမဖွင့်ပေးဘူး။ သူတို့က တိုးဝင်မလို့လုပ်တာပေါ့။ အဲဒါကို ခြိမ်းခြောက်ပြီး သေနတ်တွေဘာတွေဖောက်တယ်။"

မြန်မာအလုပ်သမားတွေကို ဒီနေ့မနက် အဆောင်ကနေ စက်ရုံကို အကြိုအပို့ မလုပ်ပေးတဲ့အတွက် အနီးက မြန်မာအလုပ်သမား အနည်းအကျဉ်းပဲ ဒီနေ့ ဆန္ဒပြမှုမှာ ပါတယ်လို့ဆိုပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ကမ္ဘောဒီးယားနိုင်ငံသားတွေ အများဆုံးပါဝင်ပြီး မနေ့က ဆန္ဒပြမှုမှာတော့ မြန်မာအလုပ်သမား ၄၀၀ လောက် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

စက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားတွေက တရားဝင် လုပ်ကိုင်ကြသူတွေ ဖြစ်ပြီး စာချုပ်ပါ သဘောတူညီချက်အတိုင်း လုပ်အားခနဲ့ အလုပ်သမား အခွင့်အရေးတွေကို မလုပ်ဆောင်ပေးဘူးလို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေဟာ နေရေးထိုင်ရေး၊ ကျန်းမာရေး အခမဲ့ အပါအ၀င် လုပ်ခ လစာ ၁ ရက် ၂၀၅ ဘတ် ရမယ်ဆိုတဲ့ စာချုပ်နဲ့ လုပ်ကိုင်ကြပေမယ့် တကယ်တမ်း ၁ ရက် ဘတ် ၁၆၀ လောက်ပဲရကြတယ်လို့ ပြောပါတယ်။

၃ လပိုင်းလောက်မှာ လုပ်အားခနဲ့ အလုပ်သမားအခွင့်အရေးအတွက် မြန်မာအလုပ်သမားတွေနဲ့ ပြဿနာ စဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာအလုပ်သမားတွေက ဒီကိစ္စ နဲ့ပတ်သက်ပြီး ဘန်ကောက် မြန်မာသံရုံးကို အကြောင်းကြားခဲ့ပေမယ့် တစုံတရာ ဖြေရှင်းမပေးသလို အခုဆိုရင် ဖုန်းကိုင် ဖြေကြားခြင်း မရှိတော့ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမား ကိုငွေသိန်းက "စက်ရုံက နောက်ထပ်ပြဿနာ ပိုတက်ဖို့ပဲရှိမယ်။ ဘာလို့လဲဆိုတော့ အခုချိန်ထိ သူဌေးဆိုတာလည်း မမြင်ဖူးဘူး။ သူတို့ဘက်က ဘယ်လောက် ကတိပျက်သလဲဆို မြန်မာ အလုပ်သမားကော၊ ကမ္ဘောဒီးယား အလုပ်သမားကော မနက် ၁၀ နာရီမှာ သူဌေးနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံပြီး ဆွေးနွေးပွဲ လုပ်ပေးမယ်လို့ ပြောတယ်။ အခုတော့ ဆွေးနွေးပွဲ မလုပ်ပေးဘဲနဲ့ ကျနော်တို့ ဗမာတွေကို စက်ရုံကို လုံးဝမပို့ပေးဖို့ ကားသမားတွေကို ဖုန်းနဲ့ပြောထားတယ်။ အခု ၃၀၀ ကျော်လောက် ဆန္ဒပြတယ်ဆိုတာက စက်ရုံအနီးအနားက အဆောင်ကလူတွေ၊ ကျနော်တို့ကတော့ ထပ်ဆန္ဒပြဖို့ ဆုံးဖြတ်ထားတယ်။"

လက်ရှိ ထိုင်းအစိုးရရဲ့ လုပ်ခလစာ သတ်မှတ်ချက်အရ ၁ ရက် လုပ်ခလစာ အနည်းဆုံး ၂၄၆ ဘတ် ရရှိကြမှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ ဧပြီ ၁ ရက်ကစပြီး ခရိုင်၇ ခုက အလုပ်သမားတွေကို ၁ ရက် လုပ်ခ လစာ ဘတ် ၃၀၀ ပေးဖို့ ဆောင်ရွက်ထားပြီး၊ ကျန်ခရိုင် ၇၀ မှာတော့ ဘတ် ၃၀၀ မရကြဘဲ ဒေသအလိုက် အလုပ်ရှင် အလုပ်သမား ညှိနှိုင်း လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
The Voice Weekly မှ တရားရုံးသို့ တင်ပြလွှာ
Posted: 09 Apr 2012 02:12 AM PDT
သတင်းရေးသားသူ အမည်အား ဖော်ထုတ်ခွင့်မရှိဟု The Voice Weeklyက တရားရုံးသို့ လျှောက်ထား

ရန်ကုန်၊ ဧပြီ ၉

သတ္ထုတွင်း ဝန်ကြီးဌာနက The Voice Weekly သတင်းစာစောင်မှ အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်း ရေးသား သူတို့အား ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ နှင့် တရားစွဲ ဆိုမှုကို ဧပြီလ ၉ရက်နေ့က ဆက်လက် စစ်ဆေးခဲ့ရာ The Voice Weekly အနေဖြင့် သတင်း ရေးသားသူ အမည်ကို စာနယ်ဇင်း ကျင့်ဝတ်အရ ဖော်ထုတ် သွားရန် တာဝန် မရှိကြောင်း၊ ဝန်ကြီးဌာနသည် သတင်းရေးသားသူ အမည်ကို အတိအကျ ဖော်ပြပြီး တရား စွဲဆို ရမည် ဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဒဂုံမြို့ နယ် တရားရုံးသို့ စာဖြင့် ရေးသား လျှောက်ထား ခဲ့ကြောင်း The Voice Weekly ဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်က ပြောကြားသည်။

The Voice Weekly အယ်ဒီတာချုပ်၏ တရားရုံး သို့ တင်ပြလျှောက်ထား လွှာတွင် “သတင်း ရေးသား သူသည် မည်သူ မည်ဝါ ဖြစ်နေ စေကာမူ ထိုသတင်းကို ဖော်ပြရန် ရွေးချယ်ခဲ့သည့် သက်ဆိုင်ရာ တာဝန်ခံ အယ်ဒီတာ သို့မဟုတ် အယ်ဒီတာချုပ် ပေါ်တွင်သာ တာဝန်ရှိပြီး သမိုင်းအစဉ်အလာ တင်ပြရလျှင် ၁၉၃၆ ခုနှစ်က ရန်ကုန် တက္ကသိုလ် ကျောင်းသား ကိုအောင်ဆန်း ( အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း) အယ်ဒီတာ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော အိုးဝေ ဂျာနယ်တွင် ‘ငရဲ ခွေးကြီး လွတ်နေသည်’ ဟူသော ဆောင်းပါး ရေးသားသူ အား တက္ကသိုလ် ဗြိတိသျှ အာဏာပိုင် တို့က ဖော်ထုတ် ပေးရန် အယ်ဒီတာ ကိုအောင်ဆန်းကို ပြောရာ ကိုအောင်ဆန်းက ရေးသူ ကိုညိုမြမှန်း သိနေသော်လည်း စာနယ်ဇင်း ကျင့်ဝတ် အရ ဖော်ထုတ်ရန် မဖြစ်နိုင်ကြောင်း ငြင်းဆန်းခဲ့သည်” ဟု ပါရှိသည်။

သတ္ထုတွင်း ဝန်ကြီးဌာနနှင့် The Voice Weekly ၏ ယနေ့ ပြုလုပ်သော တရားခွင်သို့ Eleven Media Group မှ သတင်းထောက် နှစ်ဦးနှင့် ဥပဒေ အထူးပြု ဘာသာရပ် သင်ယူနေသော ကျောင်းသားများ တက်ရောက်ခဲ့ပြီး ဧပြီလ ၄ရက်နေ့က ပြုလုပ်ခဲ့သော တရားခွင် သို့လည်း ပြည်ပ သတင်း မီဒီယာမှ သတင်းထောက် သုံးဦး တက်ရောက်ခဲ့ဟု အဆိုပါ တရားခွင်သို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားသည်။


 The Voice Weekly
ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၂၃ လွှတ်တော်တက်မည်
Posted: 09 Apr 2012 01:47 AM PDT
ရန်ကုန် (မဇ္ဈိမ) ။      ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

လက်ရှိရပ်နားထားပြီး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေး များသို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များ တက်ရောက်ရန် တနင်္လာနေ့ နံနက်ပိုင်းက နေပြည်တော်မှ တရားဝင် အကြောင်းကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“ဒီနေ့ပဲ နေပြည်တော်က အကြောင်းကြားတယ်။ ၂၃ ရက်နေ့ တက်ဖို့။ အချိန် အရမ်းကပ်သွားတော့ ကျနော်တို့လည်း အရမ်းအလုပ်များနေကြပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
metpaliman1
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြော (ဓါတ်ပုံ မဇ္ဈိမ)

တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး မပြီးပြတ်သေးသည့် ကာလဖြစ်၍ ကြားဖြတ်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များအနေဖြင့် စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေးမှသာ လွှတ်တော်တွင်း ပါဝင်ခွင့်ရမည်ဟု အများက ယူဆထားကြပြီး အနိုင်ရ NLD ကိုယ်စားလှယ်များ ကိုယ်တိုင်ပင် ယခုကဲ့သို့ စောစီးစွာ လွှတ်တော်တွင်း ဝင်ခွင့်ရမည်ဟု ယူဆမထားခဲ့ပေ။

“ဒီလွှတ်တော်ခေါ်ထားတာ သိပ်မကြာသေးတော့ ပုံမှန်အတိုင်းဆိုရင် မေလလောက်မှလို့ ထင်ထားတာ။ ဒါပေမယ့် ဟိုနေ့က သတင်းစာထဲမှာ ၂၃ ရက်နေ့ဆိုတော့ ထင်တော့ ထင်လိုက်တယ်။ ချက်ချင်းကြီး စီစဉ်လိုက်တယ် ဆိုတာ
တော့ အကြောင်းတခုခု ရှိလို့နေမှာပေါ့” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။

လွှတ်တော်အတွက် ပြင်ဆင်ချိန် ၁၄ ရက်သာ ရသော်လည်း လွှတ်တော်နိုင်ငံရေး စတင်လုပ်စ ဖြစ်၍ အခက်အခဲများ ကြုံရမည်ဟု မျှော်မှန်းထားပြီးဖြစ်ကြောင်း သို့သော် မိမိကိုယ်စားပြုသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွက် လိုအပ်ချက် အများစုကို သိထားပြီး ဖြစ်ကြောင်း ဒေါ်ဖြူဖြူသင်းက ပြောဆိုသည်။

“အခုဆိုရင် မြို့နယ်ထဲက အခက်အခဲတွေ၊ အကျပ်အတည်းတွေ ခြုံငုံပြီး သိသင့်သလောက် သိနေပြီ။ ပြည်သူတွေ ကလည်း ပြောရဲဆိုရဲ ရှိလာတော့ ကျမမြို့နယ်အတွက် လိုအပ်ချက်တွေကတော့ သိနေပြီပဲ ပြောရမှာပါ။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ဘာတို့ကတော့ ပါတီအနေနဲ့ ညှိနှိုင်းပြီး လုပ်ရမှာပေါ့” ဟု ဒေါ်ဖြူဖြူသင်း က မဇ္ဈိမကို
ပြောသည်။

လွှတ်တော်တွင်းသို့ ရောက်ရောက်ချင်း ပါတီအနေဖြင့် မည်သည့် အရေးကိစ္စများ ကိုင်တွယ်မည် ဆိုသည့်ကိစ္စနှင့် ပတ်သတ်၍ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီ ၁၉၊ ၂၀ တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့က ပြောဆိုခဲ့ပြီး အများဆန္ဒဖြင့် တိုင်ပင် ဆုံးဖြတ်သွားမည်ဟု သူမက ဆိုသည်။

လက်ရှိကျင်းပနေဆဲ တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဥပဒေမူကြမ်း တင်သွင်းခြင်း ကဲ့သို့သော လုပ်ငန်းများ အများစု ပြီးစီးနေပြီဖြစ်၍ NLD အနေဖြင့် ဥပဒေကြမ်း တင်သွင်းခြင်းမျိုးကို စတုတ္ထအကြိမ်မြောက် လွှတ်တော် အစည်းအဝေးများတွင်သာ ပြုလုပ်နိုင်မည်ဟု ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက သုံးသပ်သည်။

“ဥပဒေတင်တာမျိုးတော့ ဒီဆက်ရှင်မှာ သိပ်လုပ်ခွင့် ရတော့မယ် မထင်ဘူး။ တော်တော်များများက ဥပဒေကြမ်း
ကော်မတီတို့ ဘာတို့ကို တင်ပြီးသားတွေ များတယ်။ ဥပမာ မြေယာပိုင်ဆိုင်ခွင့် ဥပဒေဆို တင်ပြီးပြီ။ ဒါပေမယ့် မဲခွဲတဲ့အခါတွေဘာတွေမှာ မဲပေးတာမျိုး၊ ဝင်ဆွေးနွေးတာမျိုးတော့ လုပ်ခွင့်ရလိမ့်မယ်ထင်တယ်” ဟု မြန်မာ့ဓန မဂ္ဂဇင်းနှင့် အိုးပင်းနယူးစ်ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစော က ခန့်မှန်းသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ နှင့် NDF မှ ကူးပြောင်းလာခဲ့သည့် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့် ပေါင်းပါက NLD သည် လွှတ်တော်
နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၄၂ ယောက်ရှိပြီး ပြည်ထောင်စုလွှတ်တော်၏ ၆.၄ ရာခိုင်နှုန်း ရရှိထားသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အချို့လည်း ၎င်းတို့ပါတီများမှ နုတ်ထွက်ကာ NLD သို့ ၀င်ခွင့်ရရန် လျှောက်ထားမှုများ ရှိနေသည်။
အင်းစိန်အကျဉ်းထောင်ရှိ သီးသန့်/သာမန်သီးသန့် အကျဉ်းသားများ၏ တင်ပြတောင်းဆိုချက်
Posted: 09 Apr 2012 01:40 AM PDT


ထောင်ပိုင်ကြီးခင်ဗျား


အင်းစိန် ဗဟိုအကျဉ်းထောင်ရှိ ကျွန်တော်တို့ သီးသန့်/သာမန်သီးသန့် အကျဉ်းသားများမှ လူ့အခွင့်အရေးနှင့် စပ်လျဉ်းပြီး

၁။ ကျန်းမာရေး စောင့်ရှောက်မှု

(၁) အချိန်နှင့် တပြေးညီ ဆေးဝါးကုသမှု ခံယူရန် Refer မရရှိခြင်း၊
(၂) အချိန်နှင့် တပြေးညီ ဆေးဝါးမရရှိခြင်း၊

၂။ စာအုပ်၊ စာစောင် ဖတ်ရှုခြင်း

(၁) စာပေ စီစစ်ရေး ခွင့်ပြုပြီးသော စာအုပ်၊စာစောင်များ ထောင်တွင်း စီစစ်ရေး တင်ပြရခြင်း

၃။ လျော့ရက် ခံစားခွင့်

(၁) အကျဉ်းထောင် လက်စွဲဥပဒေအပိုဒ် (၈၃၈)နှင့် (၈၄၈)တို့အရ ခံစားခွင့်ရှိသော သာမန်လျော့ရက်နှင့်အတူ လျော့ရက်( အထူးလျော့ရက်များကို ညွှန်ကြားရေးမှူးချုပ်၊ ခရိုင်အုပ်ချုပ်ရေးအရာရှိ၊ ထောင်တာဝန်ခံ အရာရှိ စသူတို့မှ ပေးနိုင်ကြောင်း) စသည့် လျော့ရက်များ ခံစားခွင့်မရှိခြင်း၊

ထို့အတူ ကျွန်တော်တို့ (လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဘဲ ကျန်ရှိနေသော) သီးသန့်/ သာမန်သီးသန့် အကျဉ်းသားများအား  အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံတော် တည်ဆောက်ရေးတို့တွင် တတ်စွမ်းသမျှ ပါဝင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ဖဒိုမန်းငြိမ်းမောင် နည်းတူစဉ်းစားပေးပါရန်။

သို့ဖြစ်၍ အထက်ပါ လူ့အခွင့်အရေးကိစ္စများနှင့် စပ်လျဉ်းပြီး (၁) နိုင်ငံတော် သမ္မတကြီး၊ (၂) မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ (၃) ပြည်ထဲရေး ဝန်ကြီးဌာနတို့ထံ တရားဝင် စာရေးအကြောင်းကြားခွင့်ပေးပါရန် ထောင်ပိုင်ကြီးအား  လေးစားစွာ တင်ပြပါသည်။


အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်/သာမန်သီးသန့် အကျဉ်းသားများ

(၁) အောင်နိုင်(ဘ) ဦးစံရဲကျော်၊ (၂) ကျော်ဇော်မင်း/ဇော်မိုး(ဘ) ဦးနေအောင်ဝင်း၊ (၃) ထွန်းဦး(ဘ) ဦးကျော်မြ (၄) ဝင်းမြင့် (ဘ) ဦးတိုးခို၊ (၅) ကံမင်းသာ/ဖရန်စစ် (ဘ) ဦးအိမ်စိုး၊ (၆) ကျော်ကျော်/စောဖရန်စစ်(ဘ)ဦးမောင်မောင်၊ (၇) စောဂေသေးမူး (ဘ) ဦးစောကြိုဒေါ၊ (၈) စောတင်ဝင်း/စောဝါးလေး (ဘ) ဦးထွန်းရွှေ၊ (၉) နိုင်ဝင်း (ဘ) ဦးအောင်သိန်း၊ (၁၀)ရန်နိုင်/အေးသိန်း (ဘ) ဦးစောလွင်၊ (၁၁) ထွန်းမြတ်သူ/နိုင်လင်းဆက် (ဘ) ဦးကျော်သူ၊ (၁၂) စိုးမင်းသန်း(ဘ) ဦးမောင်မောင်သန်း

 Burma VJ Media Network
NLDအောင်နိုင်ရေး အဖွဲ့ဝင်များကို ဝါးသင်္ခရွာက ဂုဏ်ပြု
Posted: 09 Apr 2012 01:30 AM PDT
ကော့မှူးမြို့နယ်အ နောက် ခြမ်းကျေးရွာများမှ NLD အောင်နိုင်ရေး အဖွဲ့ဝင်များ အား ချီးကျူးဂုဏ်ပြုပွဲ တစ်ရပ် ကို ဝါးသင်္ခကျေးရွာတွင် ဧပြီလ ၈ ရက်နေ့က ကျင်းပခဲ့သည်။ ဂုဏ်ပြုပွဲကို ဝါးသင်္ခကျေးရွာ မှ ဦးဆောင်ကျင်းပပေးခြင်းဖြစ်ပြီး ကုန်ကျငွေများကို အောက်ချောင်း ကျေးရွာမှ မန်းတင်ဝင်းနှင့် ဝါးသင်္ခ ရွာသားများက စိုက်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ယခုပွဲသည် ဒေါ်အောင် ဆန်းစုကြည်၊ အောင်နိုင်ရေး အဖွဲ့ ဝင်များနှင့် မဲဆန္ဒရှင်အားလုံးကို ရည် ရွယ်ကြောင်း သိရသည်။ ဂုဏ်ပြုပွဲသို့ တက်ရောက်လာ ကြသော အောင်နိုင်ရေး အဖွဲ့ဝင် များနှင့် ပါတီဝင်များကို ထမင်း၊ ဝက်သားဟင်းတို့ဖြင့် ဧည့်ခံကျွေး မွေးခဲ့ပြီး ကော့မှူးမြို့နယ်မှ NLD အောင်နိုင်ရေးအဖွဲ့ဝင်များလည်း တက် ရောက်ခဲ့ကြသည်။ 

 Popular Myanmar News Journal
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ပထမဆုံးအကြိမ် ရဟန်းခံရှင်ပြု
Posted: 09 Apr 2012 01:28 AM PDT
ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ် ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ေ ကျာင်းတိုက် တွင် ကျင်းပခဲ့သည်။အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့် နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍အလှူဒါနပြုလုပ်ခဲ့ ပြီး ဦးခင်ညွန့်အပါအဝင်သားနှစ်ဦး နှင့်မြေး ၅ ဦးတို့မှ သာသနာ့ဘောင် သို့ ဝင်ရောက်ကာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော်မှ ကိုယ်တော်တိုင်သာ သနာ့ဘောင်သို့ သွတ် သွင်းပေးခဲ့ သည်။''ဒါပထမဆုံးရဟန်းခံတာပါ။ ရဟန်း ဘဝနဲ့တစ် ပတ်လောက်နေမယ် လို့ပြောတယ်'' ဟု ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက် တာဒေါ်ခင်ဝင်းရွှေက ဆိုသည်။ယင်းရှင်ပြုရဟန်းခံပွဲသို့် တပ် မတော်မှ အရာရှိများ၊ အငြိမ်းစား အရာရှိကြီးများနှင့် ၄င်းနှင့်ဆက်စပ် သောအရာရှိ အသိုင်းအဝိုင်းမှ ဧည့်ပရိသတ်ပေါင်း ၂ဝဝ ခန့်တရားနာလာ ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ ဧည့် သည်တော်များပါလာရောက်၍ သိမ်ဆင်းဆွမ်းလောင်း လှူခဲ့ကြသည်။
 Popular Myanmar News Journal
ဦးခင်ညွန့်ရဲ့ပြောဆိုချက်အပေါ် ဒီပဲယင်း ဖြစ်ရပ်တုန်းကအတူရှိနေခဲ့တဲ့ဦးတင်ဦးရဲ့ပြောဆိုချက်(အသံဖိုင်)
Posted: 09 Apr 2012 01:21 AM PDT

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ၂၀ဝ၃ ခုနှစ် မေလ ၃၀ ရက် ဒီပဲယင်း ဖြစ်ရပ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ် ကနေ ထောက်လှမ်းရေးတွေက ကယ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကိုကယ်တင်ခဲ့တယ်လို့ပြောတဲ့ ဦးခင်ညွန့်ရဲ့ပြောဆိုချက်အပေါ် ဒီပဲယင်း ဖြစ်ရပ်တုန်းကအတူရှိနေခဲ့တဲ့ဦးတင်ဦးရဲ့ပြောဆိုချက်(အသံဖိုင်)
BBC
 
 
 
 
 
 
“အားတင်းထားပါ မြစ်ဧရာ”
ဧရာဝတီရေ………..
ရေစီးသံ ညင်ညင်သာသာနဲ့
တမင်တကာများ တိတ်ဆိတ်နေရော့သလား
အတိတ်ကို သတိတရနဲ့
အထင်ကရ နေ့ရက်တွေကို
လွမ်းလွမ်းမောမောနဲ့ တမ်းတနေရော့သလား
နင့်ရှိုက်သံတစွန်းတစ ငါကြားနေရတယ်ဟာ….။
မငိုပါနဲ့ ဧရာဝတီ….
နင်ရဲ့ သေမင်းငင်နေ့ရက်တွေဟာ
ငါတို့ပျောက်ဆုံးနေတဲ့ မနက်ခင်းတွေပါ
မြေပထ၀ီ ဇောက်ထိုးလန်သလို
နင်တို့ငါတို့လည်း
ဟိုး….အနောက်စွန်းမှာ ကျန်နေခဲ့ကြတယ်
စနစ်ဆိုးတခုရဲ့ဒဏ်
ငါတို့ ကြိတ်မှိတ်ခံကြတာပေါ့…….။
ဧရာဝတီရေ………
နင့်ရှိုက်သံတ၀က် ငါတို့ကိုပေးလှည့်ပါ
ငါတို့ဘ၀ရဲ့ နွမ်းလျမှုတွေလည်း
နင့်ရေစီးနဲ့ မြောပါသွားပစေပေါ့
နင်နဲ့ငါတို့ ဘ၀တူတွေပါ
သဲကြိုးပြတ် အနာဂတ်တွေအတွက်
တယောက်ချင်းစီက ဆေးတခွက်ပေါ့ဟာ….။
နင်အနေလှအောင် ငါဆုတောင်း
ငါတို့ကိုလည်း အားသစ်တွေလောင်းပေးပါဟာ
စနစ်တခု မပြောင်းမချင်း
အဟောင်းတွေထဲက မထွက်နိုင်မချင်းပေါ့……။
ဧရာဝတီရေ……..
နင်လဲရင်ငါထူ ငါတို့လဲရင်နင်ကူလို့
တို့လက်တွေ ခိုင်ခိုင်တွဲ
သောကတွေ မြေမှာကြဲချဖို့
စစ်အစိုးရရေ အမျှ…အမျှလို့
အာဏာရှင်ကို သရဏဂုံတင်မယ့်ရက်
လက်ချိုးရေတွက်ရင်း စောင့်ကြမယ်လေ……
အေးမြမြ ရေကြည်တပေါက်
တို့တွေ တူတူသောက်ကြမယ်လေ….
နင့်ကျောပေါ် စုန်ဆန်မြောလို့
တို့တွေ အမောဖြေကြမယ်လေ…..။
မောင်ပါလ
၅.၄.၂၀၁၂
(မြစ်ဆုံအရေးဟာ မပြီးဆုံးသေးပါဘူး။ လက်ဆင့်ကမ်းဖြန့်ဝေရင်း၊ မိမိတို့ဆန္ဒကို ဖော်ထုတ်ရေးသားကြရင်းနဲ့ ကျနော်တို့ချစ်တဲ့ ဧရာဝတီကို ကယ်တင်ကြရအောင်ပါ)

--
 
 

No comments: