Thursday, April 12, 2012

ဧပြီ ၁၂ရက်၊ ၂၀၁၂ ခုနှစ် သတင်းများ

ရန်ကုန်သင်္ကြန်မှာ သံချပ်အဖွဲ့လှည့်လည်ဖျော်ဖြေခွင့်ရရှိ
ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 12 Apr, 2012

ရန်ကုန်မြို့မဟာသင်္ကြန်အကြိုနေ့ ပြည်လမ်းမပေါ်ပုဂံလေကြောင်းရေကစားမဏ္ဍုပ်ကို နေ့လည် ၁၂  နာရီတွင် ဖွင့်လှစ်ရာ သံချပ်အဖွဲ့လာရောက် ဖျော်ဖြေခဲ့ပြီး အဆိုပါ သံချပ်အဖွဲ့တွင် ဦးမေတ္တာ၊ ဦးဗေလုဝ၊ ဦးကုသိုလ်တို့ ခေါင်းဆောင်၍ တခြားလူရွှင်တော် ၂၀ ဦးခန့်ပါဝင်ကြောင်း သိရှိရသည်။
 
“ကျတော်တို့ ဒီလိုသံချပ်အဖွဲ့ သံချပ်ကားထွက်ခွင့်ရအောင် ပြန်ကြားရေးဝန်ကြီးဌာနမှာ ခွင့်ပြုချက်တင်ရပါတယ်” သံချပ်တွင် စီမံရေးတာဝန်ခံ ဦအောင်သိန်းကပြောသည်။
 
သံချပ်သံများကို ၁၉၈၇ ခုနှစ်ခန့်ကစ၍ မကြားတော့ကြောင်း သံချပ်အဖွဲ့ဖြစ်မြောက်ရန်အတွက် ငွေကျပ် သိန်းနှစ်ဆယ်ခန့်ကုန်ကျကြောင်း သိရှိရသည်။
 
အဆိုပါ သံချပ်ကား၏အမည်မှာ သာဓုပါဗျာဟုအမည်ပေးထားကြောင်း သိရှိရသည်။
 
“ဟိုဘက်ကမ်းက မီးထိန်ထိန် ယိုးဒယားတို့အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျတော်တို့နေတဲ့အိမ် ဟိုဘက်ကမ်းက မီးထိန်ထိန် ပေါက်ဖော်ကြီးတို့အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျတော်တို့နေတဲ့အိမ်”ဟု ဦးဗေလုဝ ဦးဆောင်၍ သံချပ်တိုက်ကြသည်။
သာဓုပါဗျာသံချပ်ကားသည် မြို့အနှံ့လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရသည်။
ယခု သင်္ကြန်အကြိုနေ့တွင် ပုဂံလေကြောင်းမှ ဦးတေဇ၏ ဖိတ်ကြားမှုဖြင့်လာရောက်ဖျော်ဖြေကြောင်း စီမံရေးတာဝန်ခံ ဦးအောင်သိန်းက ပြောသည်။
“ကျတော်တို့ ဒီလိုအသံတွေမကြားရတာ အနှစ်နှစ်ဆယ်ကျော်သွားပြီ ဒီလိုကြားတော့ ကျတော်တို့ငယ်ငယ်တုန်းက သင်္ကြန်ကို ပြန်သတိရတယ်ဗျာ နှစ်တိုင်းလဲ ဒီလိုဖြစ်စေချင်တယ် ဒီနှစ်သင်္ကြန်တော့ ထူးထူးခြားခြားစကြားရတယ်”ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော အသက်လေးဆယ်အရွယ် ဦးမျိုးကျော်က ပြောသည်။


သာဓုပါဗျာ “ သံချပ်အဖွဲ့ လှည့်လည်ဖျော်ဖြေ
“ သာဓုပါဗျာ “ သံချပ်အဖွဲ့ သည် ပြည်လမ်းရှိ Air Bagan မဏ္ဍပ်တွင် ယနေ့စတင်သံချပ်ထိုးဖျော်ဖြေခဲ့သ
ည်။ “ ခေါ်တဲ့လူတွေဆီက ပိုက်ဆံရတာ မရတာ အဓိကမဟုတ်ဘူး။ ဖျော်ဖြေရဖို့ အဓိကပဲ ”ဟု သံချပ်အဖွဲ့ ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒါရိုက်တာ ကုသိုလ်ကပြောသည်။ ၎င်း သံချပ်အဖွဲ့သည် Air Bagan မဏ္ဍပ် အပြင် Sky Net ၊ Lucky 7 ၊Naing Group မဏ္ဍပ်များသို့ လည်းဖိတ်ခေါ်ထား၍ သွားရောက်ဖျော်ဖြေမည်ဟု ၎င်းကပြောသည်။ “ သာဓုပါဗျာ “ သံချပ်အဖွဲ့ သည်မေတ္တာ၊ဗေလုဝ၊ ကုသိုလ်တို့ ဦးဆောင်ကာ အဖွဲ့ ၀င် ၅၀ ဖြင့် ဖွဲ့စည်း ထားသည်။
Popular Myanmar News Journal
  လှိုင်သာယာ စက်မှုဇုန်ရှိ ဖော့ဗူး စက်ရုံမီးလောင် သိန်း ၁၈၀၀ ခန့်ဆုံးရှုံး
ဧပြီ ၁၂ရက်၊ ၂၀၁၂ ခုနှစ်-သူရမျိုး (YPI )

လှိုင်သာယာ စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် YC ဖော့ဗူး စက်ရုံ ယနေ့မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားပြီး ၃ နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတရုံလုံးပျက်စီးသွားကာ ကား ၂စီးလည်း မီးလောင်သည့်အထဲ ပါသွားခဲ့သည်။ တစီးမှာ မတ်တူး ခဲရောင်ဖြစ်၍ အခြားတစီးမှာ အင်ဂျင်ဖြုတ်ချထားသည့် ပစ်ကပ်ကား ဖြစ်သည်။

မီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့် တန်ဖိုးမှာ သိန်း ၁၈၀၀ ခန့် ရှိသည်ဟု ရဲစခန်းမှ ခန့်မှန်းပြောဆိုချက်အရ သိရသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသား ၄ ဦးကို ရဲစခန်းမှ ခေါ်ယူစစ်ဆေးမေးမြန်းလျှက်ရှိရာတွင် တဦးသာလျှင် ဗီဇာရှိပြီး ကျန် ၃ ဦးမှာ တရားဝင်နေထိုင်ခွင့် ဗီဇာမရှိဟုလည်း သိရသည်။

ယခုစက်ရုံတွင် လုပ်သား ၅၀ ဦးဝန်းကျင် အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟုလည်း သိရှိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းက တောင်ဥက္ကလာမြို့နယ် ၁၀ ရပ်ကွက် ဟေမ၀န်ဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းအားလုံး နီးပါး လောင်ကျွမ်းခဲ့သည်။ ။
 Yangon Press International
  သင်္ကြန်အကြိုနေ့ လှိုင်သာယာစက်မှုဇုန်တွင် မီးလောင်

ရန်ကုန်၊ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံအလုပ်ရုံအများဆုံးတည်ရှိရ
ာ လှိုင်သာယာစက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းနှင့် မင်းသိဒ္ဓိလမ်းထောင့်၊ အမှတ် ၂၀၂ ရှိ YC ဖော့စက်ရုံတွင် ယနေ့ မဟာသင်္ကြန်အကြိုနေ့ ညနေ ၂နာရီ ၄၅မိနစ်ဝန်းကျင်က မီးစတင်လာင်ကြွမ်းခဲ့ရာ ယခုညနေ၃နာရီ၃၀မိနစ်ခန့်တွင် မီးညွှန့်ကျိုးသွားပြီဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရရှိသည်။ 
 The Voice Weekly
 
 ကျွန်းနံ့သာ အနီးပင်လယ်ရေပြင်ထဲမှ မီးတောက်များ မီးခိုးများထွက်နေပုံ
ယမန်နေ့ညနေပိုင်းက ရခိုင်ကမ်းရိုးတန်း ကျွန်းနံ့သာ အနီးပင်လယ်ရေပြင်ထဲမှ မီးတောက်များ မီးခိုးများထွက်နေပုံ။
 သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ထိုကျွန်းကို ဒေသခံများက ကျွန်းနံ့သာဟု ခေါ်ကြပြီး သံတွဲကမ်းခြေနှင့်မဝေးလှကာ၊ ကျွန်းအနီးပင်လယ်ပြင်ထဲမှ ပြာမှုန်များ လေထဲသို ပေလေးငါးဆယ်ခန့်အမြင့်အထိ ထိုးတက်နေသည်ကိုမြင်ရကြောင်းသိရ
သည်။

Popular Myanmar News Journal
 
စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ
ရန်ကုန်-စစ်တွေ ကားလမ်းတိုးချဲ့ရာတွင် ရခိုင်ရှေ့ဟောင်း မြို့ရိုးများကို မြေတူးစက်ကြီးများဖြင့် တူးယူပြီး လမ်းကို ဆည် ဖို့နေသဖြင့် ရခိုင်ရှေ့ဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးနေရကြောင်း သိရှိရသည်။
၂၀၁၀ ခုနှစ်က စစ်တွေ- အမ်း ရထားလမ်း ဖေါက်လုပ်စဉ် ရှေးဟောင်းဘုရားကို ဖြိုတူးနေစဉ်။
၂၀၁၀ ခုနှစ်က စစ်တွေ- အမ်း ရထားလမ်း ဖေါက်လုပ်စဉ် ရှေးဟောင်းဘုရားကို ဖြိုတူးနေစဉ်။

ယခုကဲ့သို့ ရှေ့ဟောင်းမြို့ရိုးများ ဖျက်စီးခံနေရသည့် နေရာမှာ မြောက်ဦး စစ်တွေ လမ်းပိုင်းရှိ မြောက်ဦးမြို့ အရှေ့တောင်ဘက် ပေါင်းတုတ်ရပ် အနီးတွင် ဖြစ်သည်။

စစ်တွေ-ရန်ကုန် ကားလမ်း တိုးချဲ့ရာ၍ မြေများကို တူးယူနေခြင်း ဖြစ်ပြီး လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ "သိန်းကျော်" ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

" အခုဖြစ်နေတဲ့နေရာက လေသာတောင်ခံတပ်အနီးက မြေသား မြို့ရို့တံတိုင်းတွေပါ။ အဲဒီနေရာကို ရှေ့ ဟောင်းသုတေသန ဌာကနည်း ရှေ့ဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာထဲမှာ ပါတယ်။ အဲဒါကို မြေသားမြို့ရိုးတွေကို စက်ကြီးတွေနဲ့တူးပြီး လမ်းကိုဖို့နေတာပါ။ အခုက မြို့ရိုးတွေ ပျက်သွားပြီး ပရမ်းပတာ ဖြစ်နေပါတယ်။ တကယ်လို့ ဒီလမ်းဆုံးအောင်အထိ မြေတွေ တူးမယ်ဆိုရင် မြို့ရိုးတွေ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမှာရှိပါတယ်။"ဟု ရှေ့ဟောင်း ယဉ်ကျေးမှု သုတေသတနဌာနမှူး (ငြိမ်း) ဦးကျော်ထွန်းအောင်က ပြောသည်။

ယခုပျက်စီးသွားသည့် မြို့ရို့တံတိုင်းများမှာ မြောက်ဦးခေတ် မြို့ရိုးတံတိုင်းများ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"အတွင်းပိုင်းက မြို့ရိုးတွေကို အုတ်တွေ၊ ကျောက်တွေနဲ့လုပ်ထားပြီး အပြင်ဘက် မြို့ရိုးတွေကို မြေသားတွေနဲ့ လုပ်ထားဖြစ်တယ်။ တောင်တလုံးနဲ့ တလုံးဆက်ပြီး မြေသားတွေနဲ့ လုပ်ထားတဲ့ မြို့ရိုးတွေပါ။ ဂျပန်နဲ့ အိန္ဒိယ ဘက်မှာတော့ မြေသားတံတိုင်းတွေ အများအပြားတွေ့ရတယ်။ ဒီလိုရှေ့ဟောင်း တံတိုင်းတွေ ဆုံးရှုံးသွားရင် ကျွန်တော်တို့အတွက် ဆုံးရှုံးမှုပါဘဲ။"ဟု သူက ဆက်ပြောသည်။

မြောက်ဦးမြို့ လက်ဆေးကန်အနီးရှိ လေသာတောင်ခံတပ်နှင့် မြတောင်ခံတပ်ရှိ မြို့ရိုး တံတိုင်းများကိုလည်း မြေတူး စက်များဖြင့် ဖြိုတူးနေသည်ဟု သိရသည်။

" ကျွန်တော်တို့က ဒီနေရာဟာ သမိုင်းဝင်နေရာတွေ ဖြစ်တဲ့ အတွက် တစ်ခြားနေရာက မြေတွေကိုဘဲ တူးစေလိုပါတယ်။ အခုလို တူးနေတာကို သက်ဆိုင်ရာနဲ့ မီဒီယာတွေကို အသိပေးရန် အတွက် တူးဖေါ်နေတဲ့ ဓါတ်ပုံတွေကို ပို့ပေးလိုက်ပြီ ဖြစ်ပါတယ်" ဟု ဦးကျော်ထွန်းအောင်က ပြောသည်။ သိန်းကျော် ကုမ္ပဏီအား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

၂၀၁၀ ခုနှစ် နိုဝင်ဘာလကလည်း စစ်တွေ အမ်းရထားလမ်းဖောက်လုပ်ရာတွင် မြောက်ဦးမြို့ရှိ ရှေ့ဟောင်း အမွေအနှစ်များဖြစ်သည့် ပြည်စိုးကြီးဘုရား၊ မင်းလှခံတပ်၊ မင်းသမီးတံတိုင်း၊ ရဲလှကုန်း၊ သံဇင်တံဘုးရားများ အပါအ၀င် ရှေးဟောင်း သမိုင်းဝင် နေရာ အများအပြားဖြတ်သန်း ဖေါက်လုပ်ခဲ့သဖြင့် ပျက်စီး ဆုံးရှုံးမူများ ရှိခဲ့သည်။

  နိရဉ္စရာ
 
ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု ကုလကြိုဆို မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာဟာ သမိုင်းတွင်မယ့် ဖြစ်ရပ် တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambia က ပြောလိုက်ပါတယ်။ လုံခြုံရေးကောင်စီဝင် တချို့ကတော့ တိုင်းရင်းသားဒေသ တချို့မှာ ပဋိပက္ခတွေ ဆက်ပြီးရှိနေတာ၊ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီ ဆက်ရှိနေတဲ့အပေါ်မှာ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအကြောင်း ဗုဒ္ဓဟူးနေ့တုန်းက ဆွေးနွေးအပြီးမှာ လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဇန်ရိုက်စ် က မစ္စတာ နမ်ဘီးယားရဲ့ တင်ပြချက်တွေနဲ့အတူ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းတွေကို အခုလို သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“အထူး ကိုယ်စားလှယ် Vijay Nambia က ရှင်းလင်း တင်ပြထားပါတယ်။ ဧပြီတစ်ရက် ကြားဖြတ် ရွေးကောက်ပွဲဟာ ပွင့်လင်း မြင်သာမှု ရှိတယ်။ ဖြောင့်မတ်မှန်ကန်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ မသမာမှု အသေးအမွှားတွေ ရှိခဲ့ပေမယ့် အဲဒါ တွေဟာ ရွေးကောက်ပွဲ ရလဒ်အပေါ် မထိခိုက်စေခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ်တွေ အရွေးခံခဲ့ရတာဟာ ဘက်ပေါင်းစုံ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့အတွက် သမိုင်းတွင်မယ့် အခွင့်အလမ်း ပေါ်ထွက်စေခဲ့တယ်လို့လည်း မစ္စတာ Vijay Nambia က လုံခြုံရေး ကောင်စီကို ရှင်းပြပါတယ်။

ဗွီအိုအေ (မြန်မာဌာန) 

ဗြိတိန်ဝန်ကြီးချုပ် ဆန်ရှင်အမြန်ရုတ်ဖို့ ကြိုးစားမည်
နယူးဒေလီ (မဇ္ဈိမ)။   ။ သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း David Cameron က မြန်မာအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ယခုခရီးစဉ်
အပြီးတွင် အမြန်ရုတ်သိမ်းရန်အတွက် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ကြာသပတေးနေ့က
ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို ဦးတည်သွားနေတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒီလိုမျိုးတုန့်ပြန်ပေးရမှာဖြစ်ပြီး ဒါ့အတွက် နှောင့်နှေးကြန့်ကြာမနေသင့်ဘူး။ ဒါပေမယ့် ပထမဆုံး ဘာတွေဖြစ်နေတယ်ဆိုတာ ကျနော်ကိုယ်တိုင်ကိုယ်ကျ သိချင်မြင်ချင်ပါသေးတယ်” ဟု ဗြိတိသျှအသံလွှင့်ဌာန BBC အား ပြောဆို
လိုက်ကြောင်း ရိုက်တာသတင်းတရပ်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့အရေး
ယူမှုများ ပြုလုပ်ထားခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး ဆွေးနွေးခြင်း၊ NLD ပါတီအား လွှတ်တော်နိုင်ငံရေးတွင် ပါဝင်ခွင့်ရရန် ဆောင်ရွက်ပေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ အား တရားမျှတစွာ ကျင်းပပေးခြင်းတို့ကြောင့် မူလက ချမှတ်ထားသော စီးပွားရေး အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချသွားရန် အမေရိကန်နှင့် အနောက်နိုင်ငံများတွင် သဘောထားများ
ဖြစ်လာကြသည်။

မစ္စတာကမရွန်း၏ ယခုခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်အပြင် အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးခြားစီ တွေ့ဆုံရန်ရှိသည်။ ၀န်ကြီးချုပ် ကမရွန်းနှင့်အတူ  ထိပ်တန်း ဗြိတိသျှ စီးပွားရေး ကုမ္ပဏီကြီးများလည်း လိုက်ပါလာမည်ဖြစ်သည်။ 
ဒေါ်အောင်ဆန်းစုကြည်ကို ကူညီလိုကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောဆို ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်း မနက်ဖြန် သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မစ္စတာ ဒေးဗစ်ကင်မရွန်းဟာ အင်ဒိုနီးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
Photo courtesy of Burma Campaign UK
၂၀၀၈ ခုနှစ် မေလအတွင်း လန်ဒန်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် ဦးဥတ္တရ၊ ဇိုရာဖန်းနှင့်အတူ မစ္စတာ ဒေးဗစ်ကင်မရွန်းကို တွေ့ရစဉ်။ 

အင်ဒိုနီးရှားနိုင်ငံမှာ ရှိနေစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ - " မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စတင်ပွင့်လန်းလာတဲ့ တောက်ပတဲ့ အလင်းရောင်တစ်ကွက် ဖြစ်ပါတယ်။ လက်ရှိ ခေါင်းဆောင်ဟာ အင်မတန်အလုပ်ကြိုးစား၊ သည်းခံမှုနဲ့လည်းပြည့်စုံ၊ တိုင်းပြည်မှာ ဒီမိုကရေစီ အပြည့်အ၀ ပွင့်လန်းလာတာကို မြင်ချင်နေသူပါ။ အခု ပွင့်စပြုလာတာကို မြင်နေရပါပြီ။ ဒီအချိန်ဟာ မြန်မာပြည်ကို သွားရောက်ဖို့ သင့်တော်တဲ့ အချိန်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်မဆုတ်ရအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူအကွဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်းက ပြောဆိုခဲ့ပါတယ်။
မစ္စတာ ဒေးဗစ်ကင်မရွန်းဟာ မြန်မာ့ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ဗြိတိန် နိုင်ငံရေးခေါင်းဆောင် ဖြစ်ပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံကို အလုအယက် သွားရောက်နေကြတာနဲ့အမျှ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ သူနဲ့အတူ ဗြိတိန်စီးပွားရေး အဖွဲ့တစ်ဖွဲ့လည်း ပါဝင်ဖွယ်ရှိပါတယ်။
 
 
 
 

No comments: