on November 16, 2012
ဒေါ်အောင်ဆန်းစုကြည်ရဲ့
နယူးဒေလီခရီးစဉ်က မှတ်တမ်းဓာတ်ပုံတချို့တွေ့တော့ တချိန်တုန်းကကျနော်တို့
မြန်မာ ကျောင်းသားလူငယ်တွေ ခြေရာထပ်အောင် သွားလာလှုပ်ရှားခဲ့တာတွေ
ပြန်မြင်ယောင်လာတယ်။ မြို့လည်က နေရူးပန်း ခြံ၊ လိုဒီးဥယျာဉ်နဲ့ မြို့ပြင်
ယမုံနာမြစ်ကမ်းနဘေးက ဂန္ဓီကြီးဂူဗိမ္မာန်၊ စတဲ့ ကျယ်ဝန်းပြီး
လှပတဲ့ပန်းခြံတွေက ကြုံတဲ့အခါ ဖြစ်စေ၊ တမင်တကာဖြစ်စေ၊
ရပ်ဝေးဧည့်သည်တွေလာလို့ လှည့်လည်ပြသရတဲ့အခါဖြစ်စေ သွားနေကျ၊ ရောက်နေကျ
နေရာတွေပေါ့။
လူဦးရေထူထပ်လွန်းပြီး ပြည့်ညှပ်ကြပ်နေတဲ့
တိုက်ခန်းကျဉ်းကျဉ်းလေးမှာ နေထိုင်ပြီး၊ မိုးလင်းကနေ ညအိပ်ရာဝင်ချိန်ထိ
ဈေးအော်ရောင်းတဲ့အသံ၊ ကားဟွန်းသံ၊ ဆူညံအော်ဟစ်သံတွေကြားနေရသလို၊ မနက်
နေထွက်တာလည်းမမြင်ရ၊ တ နေကုန်ဖုံတွေ၊ အနံ့အသက်ဆိုးတွေ၊ အမှိုက်ပုံမစင်ပုံနဲ့
ညစ်ပတ်တောထနေတဲ့ ဒေလီအနောက်ပိုင်း ဆင်းရဲသား ရပ် ကွက်တွေထဲမှာ ကျနော်တို့
ဆယ်စုနှစ် ၂ ခုလောက် နေထိုင်ကျက်စားခဲ့တယ်။
ဒီနေ့အထိလည်း မြန်မာတွေ
အဲဒီလိုရပ်ကွက်တွေမှာ ရှိနေတုန်း။ ဒေလီအခြေချခါစ မြန်မာပြည်ဘွား
အိန္ဒိယအနွယ်တွေ အများစုနေတဲ့ ရပ်ကွက် ဂျန်နတ်ပူရီနိဗ္ဗာန် ရပ်ကွက်(Janack
Puri,Janack ဆိုတာနိဗ္ဗာန်.. Puri ဆိုတာအရပ်) မှာ ကျနော်တို့တတွေဟာ “တ၀ဂူ”
လို့ နာမည်ပေးထားတဲ့ အ၀င်အထွက် တခါးတပေါက်ထဲ၊ ပြူတင်းပေါက်မရှိတဲ့ အိမ်ခန်း
ကျဉ်းကျဉ်းလေးထဲ လူ ၁၀ ယောက်လောက်စုပြုံနေကြတာ။ အဲလို..
လေကောင်းလေသန့်မရှိ၊ လူကျဉ်းကြပ်သလို စိတ် လည်းမွန်းကြပ်တဲ့
နိဗ္ဗန်ရပ်ကွက်ကနေ စောစောက ဒေါ်အောင်ဆန်းစုကြည် သူ့ငယ်သူငယ်ချင်းတွေနဲ့
လည်ပတ်နေတဲ့ Lodhi ပန်းခြံတို့၊ Nehru Park တို့ ဂန္ဓီကြီးဂူဗိမ္မာန်တို့ကို
တခေါက်တခါများသွားမိရင် စိတ်အမောတွေပြေပြီး လွတ်လပ် ကြည် လင်သွားတယ်။
မြင်ကွင်းတွေက ကျယ်ကျယ်၊ အနံ့အသက်မရှိ၊
ရောင်စုံပန်းနဲ့ မြက်ခင်းစိမ်းစိမ်းနဲ့ လေပြေအေးအေးနဲ့ ဆိုတော့ ဒေလီ
မဟုတ်ဘဲ တခြားဥရောပနိုင်ငံတခု ရောက်သွားသလိုမျိုး။ ရေကန်နဲ့ ငှက်ကျေးတွေ၊
ဘဲငန်းတွေကရှိသေးတယ်။ စိတ် အေးလက်အေးနဲ့ လမ်းလျောက်ကြည့်ရှုရင်း၊ ညောင်းရင်
မြက်ခင်းစိမ်းပေါ်လဲလျှောင်းလိုက်ပေါ့၊ သိပ်ကိုစိတ်လက်ပေါ့ပါး ငြိမ်းအေးတယ်။
ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်ငယ်က သူ့ကျောင်းနေဘက်
သူငယ်ချင်းတွေနဲ့ ပြန် ဆုံတော့ စိတ်လက်ကြည်သာစကားပြောဖို့ လိုဒီးပန်းခြံကို
ရွေးချယ်ထားတာလားမသိ၊ အဲ..သူတည်းခိုတဲ့ Hotel Palace ကလည်း
လိုဒီးပန်းခြံနဲ့နီးသလို၊ နေရူးပန်းခြံတို့၊ မြန်မာသံရုံးနဲ့ သူနေခဲ့ဖူးတဲ့
အက္ကဘာလမ်းနေအိမ်တို့နဲ့လည်း သိပ်ကြီး ဝေးတာ မဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ငယ်သူငယ်ချင်းတွေ
တွဲရက်ဓာတ်ပုံတချို့မှာ၊ အသားညိုညို၊ အရပ်ပုပု သေးသေးနဲ့ အန်တီမာ ဗီယာနဲ့
သူ့ခင်ပွန်း အန်ကယ်ကာလီကာတို့ကိုလည်းတွေ့ရတော့ စိတ်ကြည်နူးသွားတယ်။ သူတို့
အတွဲက ဒေါ်စု နေအိမ် အကျယ်ချုပ် ကျနေစဉ် တလျောက်လုံး ကျနော်တို့
မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ လက်တွဲပြီး မြန်မာ့အရေး ဟောပြော ပွဲတွေ၊
လှုပ်ရှားမှုတွေမှာ သူ့သူငယ်ချင်းရဲ့ အရည်အချင်းနဲ့ တိုင်းပြည်ပေါ်
စေတနာထားပုံတွေ၊ မြန်မာဆန်ဆန် ရိုးရိုး အေးအေး ၀တ်စားဆင်ရင်တတ်ပုံတွေကို
သတိတရ ပြောနေကျ။ အန်ကယ်လ် “ကာလီကာ” က သတင်းစာဆရာတ ယောက်.. ဟိုတုန်းက India
Express သတင်းစာရဲ့အယ်ဒီတာ၊ နောက်ပိုင်းလည်း နာမည်ကြီးသတင်းစာတွေမှာ တာ
ဝန်ထမ်းခဲ့ပြီး မြန်မာ့အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း
သတင်းဆောင်းပါးတွေ ရေးနေကျ။ ကျနော်တို့ လူငယ် တွေကို သိပ်ချစ်တာ။ တခါတလေ
မြို့ထဲက ကျနော်တို့ ရုံးကိုလာရင် ဧည့်ဝတ်ပြုတဲ့ ခုံပေါ်တက်မထိုင်ဘူး။
ဘိနပ်က လေးချွတ်ပြီး ကျနော်တို့နဲ့ တန်းတူကြမ်းခင်းပေါ်ထိုင်ပြီး
စကားပြောတာ၊ တလေးတစားဆက်ဆံတယ်။ ကျနော်တို့ ချို့ချို့တဲ့တဲ့နဲ့
နိုင်ငံရေးလှုပ်ရှားနေတာကို စိတ်ဓာတ်မြှင့်တင် အားပေးတယ်။
ကျနော်တို့ကိုတွေ့ရင် လက်သီးဆုတ်၊
လက်ရုံးဆန့်ပြီး နှုတ်ဆက်တာ။ လင်မယား ၂ယောက်လုံး ကျနော်တို့ကို သားသမီး
တွေလိုသဘောထား ဆက်ဆံတယ်။ လုံခြုံရေးကြပ်တဲ့ ဒေါ်စုရဲ့ အိန္ဒိယခရီးစဉ်မှာ
အိန္ဒိယနိုင်ငံသား မြန်မာ့ဒီမိုကရေစီ မိတ်ဆွေတွေနဲ့လည်း တွေ့ရပုံမရဘူး။
ကျနော်တို့ အရမ်းတွေ့စေချင်တာက အန်ကယ်လ်ဂျော့ခ်ျလို့ ကျနော်တို့ခေါ်ခေါ်
နေတဲ့ အရင်ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာဂျော့ဖာနန်ဒေ့စ်နဲ့
ဆမတာပါတီခေါင်းဆောင် အန်တီဂျာရားဂျိုက်လ် တီး (သူ့ဖခင်က
မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးအိန္ဒိယသံအမတ်အဖြစ် ရန်ကုန်မှာ အတူနေဖူးတယ်)၊
ပြီးတော့ ကျနော်တို့ မြန်မာကျောင်းသားတွေရဲ့ အမေလိုဖြစ်နေတဲ့
အန်တီနန်ဒီတာဟတ်ခ်ဆာ (သူ့ဖခင်က ၀န်ကြီးချုပ်အင်ဒရာဂန္ဒီရဲ့ နိုင်ငံ
ရေးအကြံပေး)၊ ပြီးတော့ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေ၊
လူမှုလှုပ်ရှားသူတွေနဲ့ အမျိုးသမီးခေါင်းဆောင်တချို့ ရှိသေးတယ်။ သူတို့နဲ့
ဒေါ်စုတွေ့စေချင်တာက အဲဒီ အိန္ဒိယခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအပေါ်
ဘာအကျိုးတစုံ တရာမှ မမျော်မှန်းဘဲ မြန်မာပြည်သူတွေ လွတ်လပ်စေချင်၊
ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စေတနာသက်သက်ပဲ ရှိကြလို့ပါ။
သူတို့ရဲ့တန်ဘိုးရှိတဲ့အချိန်တွေကို မြန်မာနိုင်ငံအတွက်ဖဲ့ပေးပြီး
ဆောင်ရွက်ခဲ့ကြလို့ ဖြစ်တယ်။
ကျနော်ပြောပြမယ်….။
အိန္ဒိယမှာ မြန်မာနိုင်ငံသားတွေကို
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ်
ကူညီစောင့်ရှောက်နိုင်အောင် စပြီးလမ်းဖွင့်ဆောင်ရွက်ပေးခဲ့တာ
အန်တီဒေါ်နန်ဒီတာဟာတ်က်ဆာ(Nandita Haksar) ဖြစ်တယ်။ သူက
လူ့အခွင့်အရေးလှုပ်ရှားသူ၊ အိန္ဒိယဗဟိုတရားရုံး ရှေ့နေလည်းဖြစ်တယ်။
ရှင်းရှင်းပြောရရင် သူပုန်ရှေ့ နေ။ မဏိပူ၊ နာဂ၊ အာသံနဲ့အိန္ဒိယရဲ့
နာမည်ကြီးအစိုးရဆန့်ကျင်ရေးသမား သူပုန်တွေရဲ့ အမှုလိုက်နေသူ။ ကျနော်တို့
မြန်မာကျောင်းသားလူငယ်တွေကို မဏိပူထောင်ထဲကနေထုတ်ပြီး UNHCR
အစောင့်အရှောက်နဲ့ နယူးဒေလီမှာ နိုင်ငံ ရေးလှုပ်ရှားခွင့်ရအောင် လုပ်ပေးတယ်။
မြန်မာကျောင်းသား ၂ယောက် လေယာဉ်ပျံပေးဆွဲအမှုကို ပြတ်အောင် လုပ် ပေးတယ်။
ကရင်နဲ့၊ရခိုင်သူပုန် (၃၄) ယောက်ကို ထောင်နှစ်ရှည်ကျနေတာ လွတ်မြောက်အောင်
လုပ်ပေးတယ်။ မြန်မာ့ နိုင်ငံရေးသမားတွေ အိန္ဒိမှာထောင်မကျစေဘဲ
လွတ်လွတ်လပ်လပ် နေနိုင်အောင် အန်တီနန်ဒီတာကို ဘုရားသခင်က
ဖန်ဆင်းပေးထားသလိုပဲ။
၁၉၉၂ လောက် မဏိပူရနဲ့ မီဇိုရမ်နယ်စပ်
ဒုက္ခသည်စခန်းကနေ နယူးဒေလီတက်လာတဲ့ ကျနော်တို့ မြန်မာလူငယ်တွေ ၃၀ ကျော်လောက်
စုမိတော့ မြန်မာသံရုံးရှေ့မှာ အထိမ်းအမှတ်နေ့တွေဆို သွားသွားဆန္ဒပြတယ်။
ဥပမာလွတ်လပ်ရေး နေ့၊ ပြည်ထောင်စုနေ့၊ ဖက်ဆစ်တော်လှန်ရေးနေ့၊
ရှစ်လေးလုံးတို့ စစ်အာဏာသိမ်းနှစ်ပတ်လည်တို့ ဆိုရင်ပေါ့။ ကျနော် တို့ တတွေ
ပိုစတာတွေရေး၊ အ၀တ်နဲ့နဖူးစီးစာတမ်းတွေ အလံတွေလုပ်၊ ခေါင်းစီးတွေပတ်ပြီး
ကုလားတွေနဲ့ ဘတ်စ်ကား တိုးဝှေ့လုတက်ပြီး အခု ဂျဝါဟာလာနေရူး နေအိမ်ကို
ပြတိုက်လုပ်ထားတဲ့နားကTeen Muti (သူရဲကောင်း ၃ ယောက် ရုပ်ထုရှိတဲ့
ပန်းခြံ) မှတ်တိုင်မှာဆင်း၊ မြန်မာသံရုံးရှေ့ ခွပ်ဒေါင်းအလံကြီးကိုင်ပြီး
ချီတက်တော့တာပဲ။ အစောပိုင်းတော့ သံရုံးရှေ့တည့်တည့်ထိ သွားဆန္ဒပြရတယ်။
နောက်ပိုင်းတော့ မရတော့ဘူး။ တိဘက်တွေ တရုတ်သံရုံး ရှေ့ဆန္ဒပြရင်း
စိတ်မထိမ်းနိုင်ဘဲ အုတ်နံရံကျော်ပြီး သံရုံးဝန်းထဲကျူးကျော်ပြီး
တိဘက်အလံသွားချိတ်ရာကာ သံရုံးရပ်ကွက်တွေ ဆန္ဒပြ ဖို့ခွင့်မပြုဘူး။
ကျနော်တို့ အဲဒီကာလက ဆန္ဒပြရင်၊
ရဲစခန်းကိုတရက်ကြိုခွင့်တောင်းရတယ်၊ ဘယ်အဖွဲ့အစည်းက ဘယ်နှစ်ယောက်
လောက်လာပြီး၊ ဘယ်နေရာမှာ၊ ဘယ်သူတွေကို ဘာကြောင့်
ဆန္ဒပြမယ်ဆိုတဲ့အကြောင်းပေါ့။ Teen Muti ရဲစခန်းက ကျနော်တို့နေရပ်လိပ်စာ၊
ဖုံးနံပါတ်၊ ဆန္ဒပြမဲ့အချိန်နဲ့အကြောင်းကြားစာကို လက်ခံထားလိုက်တယ်။
ညပိုင်းမှာ ရဲစခန်းက ကိုယ်စားလှယ်လွတ်ပြီး ဆန္ဒပြဘို့ အဲဒီနေရာမှာ
ခွင့်မပြုတဲ့အကြောင်း အကြောင်းကြားစာလာပို့တယ်။ ဒါပေမဲ့ ဒါက ရဲစခန်းရဲ့
(မဆလ စကားငှားပြောရရင်) လုပ်ထုံးလုပ်နည်းပေါ့။ နောက်နေ့မနက်
ဆန္ဒပြမယ့်အစီအစဉ်အတိုင်း နေရူး ပြ တိုက်ရှေ့သွား၊
ရဲတွေကတုတ်ကြီးတွေကိုင်ပြီး စောင့်နေမယ်။ ဆန္ဒပြသူတွေ သူရဲကောင်းရုပ်ထုနဲ့
ပန်းခြံအ၀ိုင်းကြီးကို ကြွေးကြော်သံတွေနဲ့ ၂ ပတ် ၃ ပတ်လောက်ပတ်၊
နေရူးပြတိုက်အနီး၊ နက္ခတ်တာရာပြတိုက်နားက သပြေပင်တွေ အောက် သတိဆွဲတန်းစီပြီး
နိုင်ငံတော်သီချင်းဆိုမယ်၊ ခွတ်ဒေါင်းအလံအလေးပြုမယ်၊ တယောက်ပြီးတယောက်
စစ်အ စိုးရဆန့်ကျင်ရေးမိန့်ခွန်းတွေ ဟောပြောမယ်၊ ပါလာတဲ့ဂစ်တာတွေ၊
ဗုံတိုပတ်စတွေ၊ ဘာဂျာတွေနဲ့ တော်လှန်ရေးသီ ချင်းတွေ၊
ကျောင်းသားတပ်ဦးသီချင်းတွေ တီးမှုတ်သီဆိုပြီး စိတ်ဓာတ်မြှင့်တင်မယ်၊
ကုလားရဲတွေက ဘာတွေဆိုနေ မှန်းမသိတဲ့ ကျနော်တို့ ဂီတသံတွေကိုပြုံးရွှင်ပြီး
သဘောတွေကျ၊ ခေါင်းတရမ်းရမ်းနဲ့ သူ့ဖာသာသူခံစားနေလိမ့်မယ်။
မြန်မာသံရုံးကိုလည်း ကျနော်တို့ရဲ့ရာဇသံစာရွက်နဲ့ တောင်းဆိုချက်တွေပါတဲ့
(ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအ ကျဉ်းသားတွေ ချက်ချင်းလွှတ်၊ ၁၉၉၀
ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်၊ အတုအယောင် အမျိုးသားညီလာခံ ဖျက်သိမ်းပေး
ဘာညာပေါ့။ ရဲကားနဲ့ ကျနော်တို့ ဆန္ဒပြကိုယ်စားလှယ် ၅ ယောက် သံရုံးလွှတ်ပြီး
စာသွားပို့ (သံရုံးက လည်း ဘယ်တော့မှလက်မခံ)၊ သံရုံးရှေ့မှာလည်း ကမ္ဘာမကြေဘူး
တော်လှန်ရေးသီချင်းတွေဆို၊ ကြွေးကြော်သံတွေ ဟစ်ပေါ့။ အဲဒီ န၀တ၊ နအဖ ကို
ရှုံ့ချ၊ ကြွေးကြော်သံတွေအော်ဟစ်ပြီး.. ဆန္ဒပြပွဲကိုရုတ်သိမ်း။ ရဲတွေက
လက်ဆွဲနှုတ် ဆက်သူတို့လည်း၊ တာဝန်ပြီးလို့ပျော်၊ ကျနော်တို့လည်း
ဘတ်စ်ကားတိုးဝှေ့စီးပြီး အိမ်ပြန်။
တနေ့ ကျနော်တို့ဆီကို
အိန္ဒိယအမတ်ဟောင်းတယောက် (မီးရထားဝန်ကြီးဟောင်း) ဂျော့ဖာနန်ဒေ့စ်က
မြန်မာသံရုံးရှေ့ သူ့ပါတီဝင်တွေဆန္ဒပြမှာမို့ လာရောက်ပူးပေါင်းဖို့ ဖိတ်တယ်။
ကျနော်တို့တတွေသွားတယ်။ အိန္ဒိယအောက်လွှတ်တော် အမတ်မို့လားမသိ
မြန်မာသံရုံးနားထိ ချီတက်ဆန္ဒပြခွင့်ရတယ်။ သူက ပြည်သူ့ဆန္ဒနဲ့ရွေးကောက်ပွဲကို
ပစ်ပယ်တာ၊ ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေကို
မာန်တွေအားတွေခံစားမှုတွေထည့်ပြီး ပြော ဟော သွားတယ်။ နောက်မှ
သူ့အကြောင်းသိရတာက သူဟာ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် လူတဦးတယောက်ရဲ့ လွတ်လပ်
မှုနဲ့ ဒီမိုကရေကိုအထိအပါးမခံဘူး ဆိုတာပဲ။ တိဘက်လူမျိုးတွေဆိုရင်
သူ့ကိုသိပ်ချစ်ကြ၊ ရိုသေလေးစားကြတယ်။ သူ ဟာ ပညာတတ်၊ မိဘမျိုးရိုးချမ်းသာတဲ့
အသိုင်းအ၀ိုင်းပေမဲ့ ဆိုရှယ်လစ်ဝါဒကို ယုံကြည်ပြီး အခြေခံပြည်သူတွေ အခွင့်
အရေးအတွက် တိုက်ပွဲဝင်လေ့ရှိတယ်။ ၀န်ကြီးချုပ်အင်ဒရာဂန္ဒီ လက်ထက်
ပန်ဂျပ်ပြည်နယ်က ရွှေကျောင်းကြီးအရေး အခင်းမှာ နိုင်ငံတ၀ှမ်း
အရေးပေါ်အက်ဥပဒေထုတ်တော့ အန်ကယ်ဂျော့ခ်ျဟာ သူ့အဖွဲ့တွေနဲ့ သူပုန်ထခဲ့တယ်။
ဖိနှိပ် တဲ့ အရေးပေါ်ဥပဒေကိုဖျက်သိမ်းပေးဘို့ တောင်းဆိုတယ်။ နောက်ပိုင်း
သူဟာ နိုင်ငံရေးလောကမှာ Dynamic Leader (လှုပ်ရှားတက်ကြွမှု အားကောင်းပြီး၊
နိုင်ငံရေးမှာ ဖောက်ထွက်နိုင်စွမ်းရှိသူ) တယောက်အဖြစ် အိန္ဒိယနိုင်ငံရေးလောက
မှာ ထင်ရှားခဲ့တယ်။ နောက်တော့ ကာကွယ်ရေးဝန်ကြီးတောင် ဖြစ်လာတယ်။
သူနဲ့ပေါင်းမိတာ ကျနော်တို့ ကံကောင်းခြင်း လက်ဆောင်တွေရခဲ့တယ်။
အဖြစ်က ဒီလို…။
ဒေလီကို နယ်စပ်ဒုက္ခသည်စခန်းမှာ
အတူနေထိုင်ဖူးတဲ့ ပန်ချီစစ်ငြိမ်းအေး ရောက်လာတယ်။ ကျနော်တို့နဲ့ အတူနေရင်း၊
ပန်းချီပြပွဲတခုလုပ်ကြဖို့ အန်တီနန်ဒီတာက အကြံပေးတယ်။ လိုအပ်တဲ့
ငွေကြေးတချို့ထောက်ပံ့တယ်။ နိဗ္ဗာန်ရပ်ကွက် က တ၀ဂူလေးမှာ ကိုစစ်ငြိမ်းအေးက
စစ်တိုက်သလို ပန်းချီဆွဲတယ်။ ပန်းချီကား ၂၀ ကျော် ထားဘို့နေရာ အခက်အခဲရှိ
တယ်။ အခန်းကိစ္စပြဿနာကို အန်ကယ်ဂျော့ခ်ျဆီ ချည်းကပ်တယ်။ ပထမ
“ပန်းချီကားတွေထားဖို့ နေရာအခက်အခဲ ရှိတယ်၊ ကူညီနိုင်မလား” “ယူလာခဲ့
ငါ့ဆီလာထား”၊ “ပန်းချီဆရာ ပန်းချီဆွဲဘို့ နေရာကျဉ်းတယ်”၊ “ငါ့ဆီလာနေ”၊
ဒါနဲ့ နောက်တဆင့်တက်တယ်။ “ကျနော်တို့ အလုပ်လုပ်ရတာမြို့နဲ့ဝေးတယ်၊
အဆင်မပြေဘူး”၊ “ငါ့ ရုံးခန်းတခန်းကိုသုံး”၊ အန်ကယ်ဂျော့ခ်ျက အဲလို၊
ကျနော်တို့ ဘာလိုတယ်ဆိုတာ သိတယ်။ မငြင်းဘူး၊ တောင်းတာအကုန်ပေးတယ်။ ဒီလိုနဲ့
ကျနော်တို့ ကျောင်းသားရုံးလေးကို ၀န်ကြီးတွေနေတဲ့ VIP ရပ်ကွက်မှာ
ဖွင့်ထားတယ်။ ဒေလီက၀န်ကြီးတွေအိမ်ဆိုတာ ၀န်းခြံကြီးတွေ၊ ပန်းဥယျာဉ်တွေနဲ့
အကျယ်ကြီး။ ဒေါ်အောင်ဆန်းစုကြည် နေသွားတဲ့ အက္ကဘာ ၂၄ နေအိမ်လည်း ထို့ အတူပဲ။
အန်ကယ်ဂျော့ခ်ျခြံကကျယ်တော့ နောက်ပိုင်း နိုင်ငံရေးအခမ်းအနားတွေသာမက၊
ကိုယ့်လူတွေ မင်္ဂလာဆောင် တောင်ခြံထဲမှာ ပွဲလုပ်ကျင်းပကြတယ်။
အန်ကယ်ဂျော့ကတော့ ကျနော်တို့ ဘာလုပ်လုပ်အားပေးတယ်။ သူ့အိမ်ဟာ
မြန်မာသူပုန်တွေအတွက် တခါးမရှိ၊ ဓားမရှိ၊ လွတ်လပ်စွာဝင်စေထွက်စေပဲ။
တကယ်လည်း အန်ကယ်ဂျော့ခ်ျရဲ့ ခရစ္စခ်ျ နားမီနွမ်လမ်း၊ ခြံအမှတ်(၃) ဟာ
တံခါးလုံးဝမရှိတဲ့အဖြစ်ကို ရောက်ခဲ့တယ်။ ဖြစ်ပုံက…
တနေ့ဝန်ကြီးချုပ်
နာရာဆင်မာရာအိုဝ်(သူ့လက်ထက်မှာ မြန်မာနဲ့အရှေ့မျောမူဝါဒ် Look East
Policyချမှတ်ပြီး စစ်အစိုး ရနဲ့ ဆက်ဆံရေးလုပ်) အဲဒီလမ်းကဖြတ်ဖို့ကိစ္စ
ရဲတွေက လမ်းပိတ်ထားတယ်။ ဂျော့ဖာနန်ဒေ့စ်က ပါလီမန်သွားဖို့ အချိန် ကပ်နေပြီ၊
သူ့ခြံတခါးကို ရဲက ပိတ်ထားလို့ သူ့ကားထွက်ခွင့်မရဘူး။ ၀န်ကြီးချုပ်ကားလည်း
ထွက်ပြီးရော သူ့ခြံတခါးကို လုံခြုံရေးရဲက ဖွင့်ပေးတယ်။ ဒါနဲ့
အဲဒီနေ့ညနေမှာပဲ သူ့ခြံတခါးကြီးကို အလုပ်သမားတွေနဲ့အတူ ဖြုတ်လိုက်တယ်။
“ငါ့ခြံထဲ အားလုံးဝင်လို့ရတယ်၊ ခြံတခါးမလိုဘူး” တဲ့။ နောက်ပိုင်း
ကာကွယ်ရေးဝန်ကြီးဖြစ်တော့ အိန္ဒိယ သတင်းစာတ စောင်က မြန်မာသူပုန်တွေကို၊
အိန္ဒိယကာကွယ်ရေးဝန်ကြီးက နေအိမ်မှာခိုလှုံခွင့်ပေးထားကြောင်းတောင် ထည့်ရေး
တယ်။ အန်ကယ်ဂျော့ခ်ျကလည်း ပြတ်သားတယ်။ “သူတို့ နိုင်ငံဒီမိုကရေးအတွက်
တိုက်ပွဲဝင်နေတဲ့ မြန်မာဒုက္ခသည် ကျောင်းသားလူငယ်တွေကို၊ အိန္ဒိယအစိုးရက
အာလူးတလုံးတောင်မှမပေးလို့ ငါက နေစရာပေးထားတာ” လို့ ပြန်တုန့်ပြန်တယ်။
အန်ကယ်ဂျော့ခ်ျက အဲလိုလူစား။
အခုတော့ အန်ကယ်ဂျော့ခ်ျကြီးလည်း
ကျန်းမာရေးမကောင်းရှာဘူး၊ အိုမင်းရင့်ရော်နေပြီး မှတ်သားဉာဏ်တွေတောင်
သိပ်မကောင်းတော့ဘူးလို့ ကြားတယ်။ သူတင်မကဘူး၊ ကျနော်တို့တတွေနဲ့
မြန်မာ့ဒီမိုကရေစီရေးအတွက် အကျိုးမ မျော်ဘဲ ကူညီအားပေးခဲ့တဲ့
အိန္ဒိယမိတ်ဆွေတွေတော်တော်များများ အိုမင်းရင့်ရော်သွားကြပြီ၊ နှစ်တွေကလည်း
မနည်း ကိုး။ တချို့ကွယ်လွန်ကုန်ပြီ။ ဓာတ်ပုံထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့
ဆုံတွေ့တဲ့ အိန္ဒိယမိတ်ဆွေတွေလည်း ဟိုးတုန်း ကလို နုပျိုမနေတော့ဘူး။
“ကျနော်တို့ ဒီမိုကရေစီရရင်
မြန်မာပြည်အလည်ခေါ်ပြီး လှည့်လည်ပြသမယ်” လို့ တချိန်တုန်းက ရီရီမောမောနဲ့
ပြောခဲ့ တာလေးတွေကို သူတို့လည်း မေ့မှာမဟုတ်ဘူး။ ဒါပေမယ့်
ကျနော်တို့ကိုယ်တိုင်လည်း မပြန်နိုင်သေးဘူး။ မြန်မာပြည်
ဒီမိုကရေစီရပြီလို့လည်း ပြောလို့မရသေးဘူး။ သူတို့တတွေ မတိမ်းပါးခင်
ဗမာပြည်အလည်ခေါ်ချင်လိုက်တာ။
ကိုညို (အော်စလို)
၁၆နိုဝင်ဘာ၂၀၁၂။
No comments:
Post a Comment