Wednesday, November 7, 2012

နောက်ထပ်လေးနှစ်...


"Four more years…, four more years.. " နောက်ထပ်လေးနှစ်… နောက်ထပ်လေးနှစ်…" ။   ထောင်နှင့်ချီသော ပရိသတ်၏ သံပြိုင်အော်ဟစ်သံက Springfield အထက်တန်းကျောင်း အားကစား ခန်းမအတွင်း မြည်ဟိန်းသွားသည်။ ထို့နောက် လက်ခုပ်သံများ၊ အားပါးတရအော် ဟစ်သံ များ။ နေရာက အိုဟိုင်းယိုးပြည်နယ်၊ Springfield မြို့၏ အထက်တန်းကျောင်း အားကစားခန်းမနှစ်ခု။ ရက်စွဲနှင့်အချိန်က၂၀၁၂ခု နိုဝင်ဘာလ ၂ရက်၊ မွန်းလွဲ ၂နာရီခန့်။ အသဲအသန် ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ရမည့် ၂၀၁၂ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပရန် လေး ရက်အလို။ သည်နေ့၊ သည်အချိန်၊ သည်နေရာတွင် Swing state ခေါ် အဆုံးအဖြတ်ပေးနိုင် ဟုနာ မည်ကြီးနေ သည့် အိုဟိုင်းယိုးသို့ ဒီမိုကရက်ပါတီကိုယ်စားပြု လက်ရှိသမ္မတ ဘားရက်ဟူစိန် အိုဘားမား တစ်ယောက် မဲဆွယ်ဟောပြောပွဲ ကျင်းပနေခြင်းဖြစ်သည်။

" တကယ့်အစစ်အမှန် အပြောင်းအလဲက ဘာလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိတာပေါ့။ အဲဒီအပြောင်းအလဲအတွက် ကျွန်တော် တိုက်ပွဲဝင်ခဲ့တယ်။ ခင်ဗျားတို့နဲ့အတူတူ ခင်ဗျားတို့ဖက်မှာ တစ်လျှောက်လုံး ရပ်တည်ခဲ့တယ်" အိုဘားမား၏ စကားစ အဆုံးတွင် ပရိသတ်က အုံးအုံးညံညံ သြဘာပေးကြသည်။နိုင်ငံခြားသားသတင်းသမားတစ်ယောက် အဖြစ် အမေရိကန်ပြည်ထောင်စုသို့ သမ္မတရွေးကောက် ပွဲသတင်းရယူရန် ရောက်ရှိနေသော ကျွန်တော့်အဖို့ အိုဘားမား၏ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို အရှင်လတ်လတ် ပထမဦးဆုံး တက်ရ၊ မြင်ရ၊ ကြားရခြင်းဖြစ်သည်။ ဤခန်းမအတွင်းရောက်ရှိရန် အအေး ဒီဂရီ ၃၄ ဖာရင်ဟိုက်ခန့်ရှိနေသာ ပြင်ပရှိ အေးစိမ့်သော လေတဖြူးဖြူးအောက်တွင် တစ်နာရီကျော်ကြာ တန်းစီစောင့်ဆိုင်းခဲ့ရသည်။ သည်အတွေ့အကြုံက ပထမဦးဆုံးတော့မဟုတ်။ ပြီးခဲ့သည့် အင်္ဂါနေ့က လည်း ဒေတန်တွင် ရီပါပလစ်ကန် သမ္မတလောင်း မစ်ရွန်မ်နေ၏ မဲဆွယ်ပွဲကို နှင်းမိုးအောက် တွင် စောင့်ဆိုင်းခဲ့ပြီးပေပြီ။ ထို့ကြောင့် သည်နေ့စောင့်ဆိုင်းရခြင်းလောက်ကိုမူ သိပ်မမှုလှဟု ဆိုရမည်။

သည်နေ့ နံနက် ၈နာရီ ၄၅မိနစ်တွင် သတင်းစာတိုက်မှ စထွက်မည်ဟု Connie က ယမန်နေ့ည က ပြောခဲ့ပြီးဖြစ်သည်။ Springfield က ဒေတန်နှင့် တစ်နာရီခန့် ကားမောင်းရသည်။ မဲဆွယ်ဟောပြောပွဲက ၁၂နာရီတွင် စမည်ဟု သိထားသည်။ ထို့ကြောင့် ကြိုကြိုတင်တင် ထွက်ဖို့ စီစဉ်ထားခြင်းဖြစ်၏။ သို့သော် နံနက်ပိုင်း သတင်းစာတိုက်ရောက်မှ ဆယ်နာရီမှ ထွက်ဖို့ အချိန်ပြောင်း လိုက်ကြောင်း ကော်နီက ဆိုသည်။ သည်နေ့၊ သည်အခမ်းအနားကို တက်ရန်အတွက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ကတည်းက ချမ်းချမ်းစီးစီး Springfield ကိုသွားပြီး ဝင်ခွင့်လက်မှတ်ထုတ်ထားရသည်။ ထိုနေ့က မိုးက ခပ်ဖွဲဖွဲရွာနေသည်။ မစ်ရွန်မ်နေ မဲဆွယ်ပွဲလောက် ရာသီဥတုမဆိုးသော်လည်း ထိုနေ့လည်း အတော်အေး သည်။ လက်မှတ်ထုတ်သည့်နေရာတွင်ပင် မိနစ် ၂၀ခန့် စောင့်လိုက်ရသေးသည်။ မဲလက်မှတ်တွင် နာမည်၊ အီးမေးလ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် ဖြည့်ရသည်။ ထို့နောက် စေတနာ့ဝန်ထမ်း ကူညီလိုသည်၊ မဲပေး မည့်နေ့ တွင် မဲဆန္ဒရှင်များ မဲလာပေးရန် အကူအညီပေးနိုင်သည်၊ ကြိုတင်မဲပေးလိုသည်၊ မဲဆွယ်လှုံ့ဆော် မှုများကို ဖုန်းမက်ဆေ့ခ်ျ လက်ခံလိုသည် စသောအချက် လေးချက်ကို ဘေးရှိ အကွက်တွင် ဖြည့်ပေး ရသည်။ သတင်းယူရန်လာရောက်သော နိုင်ငံခြားသားသတင်းသမား ကျွန်တော့်အတွက်တော့ ထိုအကွက် များ ဖြည့်ရန်မလို။

ကျွန်တော်တို့ ဒေတန်ကထွက်ခဲ့တော့ ၁၀နာရီ ၁၀မိနစ်ခန့် ရှိပေပြီ။ Springfield ကို ၁၁နာရီကျော်ကျော် တွင်ရောက်သည်။ မဲဆွယ်ဟောပြောပွဲကျင်းပမည့် အထက်တန်းကျောင်းအနီးရှိ ကားပါကင်ထိုးစရာနေ ရာအားလုံး ပြည့်နေပေပြီ။ ထို့ကြောင့် ခပ်လှမ်းလှမ်း နေရာတစ်ခုရှာကာ ပါကင်ထိုးရသည်။ အမေရိကတွင် ကိုယ်ပိုင်ကားမရှိလျှင် ခြေကျိုးသကဲ့သို့ပင်။ ဘယ်မှ မသွား၊ မလာနိုင်။ လူတစ်ကိုယ် ကားတစ်စီးနီးပါးရှိ သည်။ ထို့ကြောင့် ကားတွေက များမှများ။ သို့သော် ကားပါကင်ထိုးရန်သတ်မှတ်ထားသော နေရာ များ တွင်သာ ပါကင်ထိုးခွင့်ရှိသည်။ တွေ့ကရာနေရာ ရပ်ထား၍မရ။ သမ္မတမဲဆွယ်ပွဲ လာအားပေးသူ များဖြစ်သည့်အတွက် အထူးအခွင့်အရေးမရ။ မည်သူမျှ စည်းကမ်းမဲ့ ရပ်နားသူမရှိ။ ပါကင်ခွင့်ပြုသော နေရာရှာကာ ပါကင်ထိုးပြီးမှ လမ်းလျှောက်လာကြသည်။ ကျွန်တော်တို့လည်း ပါကင်ထိုးပြီး ၇မိနစ်ခန့် လမ်းလျှောက်လိုက်ရသည်။

၁၂နာရီ စမည့်ပွဲကို ၁၀နာရီထွက်လာပြီး ၁၁နာရီကျော်ကျော်ရောက်သော ကျွန်တော်တို့သုံးဦး ဝီရိယက သာမန်လောက်သာ။ ကျွန်တော်တို့ထက် ဝီရိယကောင်းသူ များစွာရှိမည်။ ကျောင်းရှေ့ကိုရောက်မှ ကျွန်တော်တို့ထက် ဝီရိယကောင်းသူ သည်လောက်များမှန်းသိရတော့သည်။ ခန်းမအတွင်း တွင် ထောင် ချီရောက်နေနှင့်သည်ဟု သိရသည်။ ပြောသံကြားရသည့်အတိုင်းဆိုပါက နံနက် ၅နာရီခွဲခန့်ကပင် တန်းစီစောင့်နေကြသည် ဟူ၏။ Dayton Daily News သတင်းထောက်တစ်ဦးကတော့ "ခရေစီသမားတွေပါဗျာ" ဟု ထောပနာပြုသည်။

ကျွန်တော်တို့ကတော့ ခရေဇီသမားတွေမဟုတ်တာသေချာသည်။ သို့သော် ကျွန်တော်တို့ပင်လျှင် ၁နာရီကျော်ခန့် တန်းစီစောင့်လိုက်ရသည်။ ရာသီဥတုက မနေ့ကစပြီး နေပြန်ပွင့်သည်။ သည်နေ့လည်း နေသာသည်။ သို့သော် တိမ်ကွက်ကြားရှိသည်။ ထို့ကြောင့်နေက ပွင့်လိုက်၊ အုံ့လိုက်။ သည်မနက် အပူချိန်က ၃၁ဒီကရီ ဖာရင်ဟိုက်နှင့် ၄၉ ဒီကရီ ဖာရင်ဟိုက်အကြားရှိသည့် အတွက် နေ ပွင့်သော် လည်း အအေးဒဏ်မလွတ်။ သည်ကြားထဲ အေးစိမ့်နေသောလေက တဖြူးဖြူးတိုက်နေ သည့်အတွက် အနွေးထည်ထူထူဝတ်ထားသည့်တိုင် နားများကိုက်လုနီးပါး အေးသည်။ မစ်ရွန်မ်နေ မဲဆွယ်ပွဲတုန်းကလောက် ရာသီဥတုမဆိုး၍ တော်သေးသည်။ ထိုနေ့က လူအုပ်ကလည်း သည်နေ့ လူအုပ်လောက် မများသောကြောင့် နှင်းမိုးအောက်တွင် မိနစ်၂၀ကျော်ခန့်သာ နေလိုက်ရသည်။ 
အိုဘားမားပွဲ၏ လူအုပ်က ရွန်မ်နေထက် နှစ်ဆလောက်ရှိမည်ဟု ထင်သည်။ မဲဆွယ်ပွဲမတိုင်မီ ထိုပွဲတက်ရန် ဝင်ခွင့်ကတ်ပြားထုတ်ယူထားသည့် စာရင်းအရ စုစုပေါင်း ပရိသတ် ၄၀၀၀ လေးထောင် ရှိသည်ဟု ဒီမိုကရက်ပါတီ၏ ထုတ်ပြန်ချက်ကို ဒေသခံမီဒီယာများ၏ ကိုးကားဖော်ပြချက်အရ သိရသည်။
တန်းစီနေသော ပရိသတ်ကို အိုဘားမားရုပ်ပုံပါ ဒီဇိုင်းအမျိုးမျိုး ဖန်တီးထားသည့် ရင်ထိုးတံဆိပ်များ၊ တီရှပ်များ၊ အပေါ်ဝတ်အနွေးထည်များ၊ ရုပ်ပုံကားချပ်များ ရောင်းချနေသူများကိုလည်း တွေ့ရသည်။ မစ်ရွန်မ်နေ၏ မဲဆွယ်ပွဲနှင့်မတူသည်က အာဖရိကန်အမေရိကန်များ၊ လာတီနိုခေါ် စပိန်စကားပြော လက်တင်အမေရိကနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူ အများအပြားနှင့် အာရှသား အချို့တွေ့ရခြင်းဖြစ် သည်။

ဤနေရာတွင် ထူးခြားချက်တစ်ခုကို သတိရသွားမိသည်။ မစ်ရွန်မ်နေပွဲတွင် " တာဝန်မဲ့၊ အဆင်အခြင် မဲ့ ခေါင်းဆောင်မှုအတွက် အိုဘားမား.. မင်းကို အလုပ်ဖြုတ်လိုက်ပြီ" Obama, you are fired for reckless and irresponsible leadership" ဟု အန်ကယ်ဆမ်က ပြောနေဟန် ရုပ်ပုံစာတမ်းပါ တီရှပ်များ ရောင်းချသော အမျိုးသမီးကြီးတစ်ဦး တွေ့ရသော်လည်း ယခုအိုဘားမားပွဲတွင်မူ မစ်ရွန်မ်နေကို တိုက်ခိုက်သည့် မည်သည့် အထိမ်းအမှတ်ပစ္စည်းမျှ မတွေ့ရ။ သို့သော် သမ္မလောင်းနှစ်ဦးစလုံး၏ ပြီးခဲ့သည့် စကားစစ်ထိုးပွဲများနှင့် မဲဆွယ်ဟောပြောပွဲများတွင်တော့ တစ်ယောက်နှင့်တစ်ယောက် အပြန်အ လန် နှုတ်လှန်ထိုး တိုက်ခိုက်နေကြသည်။ ဒါကလည်း အမေရိကန်ပြည်ထောင်စု၏ သမ္မတရွေးကောက်ပွဲ များ ထုံးစံ။ မြန်မာစာဖတ်ပရိသတ်အများစု စတင်သတိထားမိသည့် ၂၀၀၀ပြည့်နှစ် သမ္မတရွေးကောက် ပွဲတွင်လည်း ဂျော့ခ်ျဘွတ်ရှ် နှင့် အယ်လ်ဂိုး တို့ နှစ်ဦးလည်း ထိုသို့ပင်။ ထို့နောက် ဂျော့ခ်ျဘွတ်ရှ်နှင့် ဂျွန်ကယ်ရီ၊ အိုဘားမားနှင့် မက်ကိန်း။ ရွေးကောက်ပွဲ မဲဆွယ်ကာလ။ စကားစစ်ထိုးသည့် အခိုက် အတန့်တို့တွင်မူ အပြန်အလှန် စွပ်စွဲတိုက်ခိုက်ကြသည်။ သို့သော် ချက်အောက်ထိုးသော တိုက်ကွက် မပါကြ။ ကောက်ကျစ်သော နည်းလမ်းမသုံးကြ။ တစ်ဖက်နှင့်တစ်ဖက် အပြီးသတ်ချေမှုန်းရေး မလုပ်ကြ။ တတ်နိုင်သရွေ့ တရားသော ယှဉ်ပြိုင်မှုနှင့် ရိုးရိုးသားသား ယှဉ်ပြိုင်ကြသည်။

မရိုးမသားယှဉ်ပြိုင်လျှင်လည်း မီဒီယာများကြောင့် ဘူးပေါ်သလိုပေါ်ပြီး အရှက်တကွဲနှင့် နှုတ် ထွက်ကြရ သည်။ အထင်ရှားဆုံးမှာ သမ္မတနစ်ကဆင်၏ ဝါးတားဂိတ်အရေးအခင်း ဖြစ်သည်။ နာမည်ကျော် ဝါရှင် တန်ပို့စ် သတင်းစာကြီး၏ စုံစမ်းထောက်လှမ်း ဖော်ထုတ်ရေးသားမှုကြောင့် သမ္မတ နစ်ကဆင် ရာထူး မှ နှုတ်ထွက်ပေးခဲ့ရသည်။ တာဝန်သိသော မီဒီယာသည် ဒီမိုကရေစီတည်တံ့ခိုင်မြဲအောင် စောင့်ကြပ်ပေး သည်။ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပီပြင်ခိုင်မာရေးကို အထောက် အကူပြု သည်။ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေး၊ ရပိုင်ခွင့်များနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးသည်။ အမေရိကန် မီဒီယာများသည် ထိုတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။ ယခုလည်း အမေရိကန် မီဒီယာများက အမေရိကန်ပြည်သူများ အတွက် အမေရိကန်ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် တာဝန်ထမ်းဆောင်နေဆဲပင်။

သမ္မတလောင်းများသည် ရွေးကောက်ပွဲပြီးသည်နှင့် နိုင်သူကို ရှုံးသူက လေးလေးစားစား လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုသည်။ အမေရိကန်ပြည်ထောင်စု တိုးတက်ကြီးပွားရေးအတွက် အပြန်အလှန် ကူညီကြမည်၊ သဘောထားတူညီသော အရေးကိစ္စများတွင် ပေါင်းလုပ်ကြမည်ဟု ဆိုကြသည်။ သဘောထားကြီးခြင်း၊ လူကြီးလူကောင်းဆန်ခြင်း၊ နိုင်ငံကြီးသားပီသခြင်းကို ပြသကြခြင်းဖြစ်သည်။ ဒီမိုကရေစီ၏ အလှတရား ပါပေ။ သည်လိုဖြစ်အောင်လည်း နှစ်ပေါင်း သုံးရာကျော် လေ့ကျင့်လာခဲ့သည်ကိုး။

ကျွန်တော်တို့လာရောက် အလုပ်လုပ်နေသည့် ဒေသ သတင်းမီဒီယာ ဒေတန်နေ့စဉ်ထုတ် သတင်းစာနှင့် ဝက်ဘ်ဆိုဒ်တွင်မူ ရီပါပလစ်ကန် သမ္မတလောင်း မစ်ရွန်မ်နေ၏ မဲဆွယ်ကြော်ငြာများသာ တွေ့ရသည်။ အိုဘားမား၏ ကြော်ငြာကိုမူ WHIO-TV 7 တွင်သာ တွေ့ရသည်။ ဤအချက်က Swing state ဖြစ်သော အိုဟိုင်းယိုးတွင် ထူးခြားသည်။ သမ္မတရွေးကောက်ပွဲ စောင့်ကြည့်သူများ စနစ်တကျ စောင့်ကြည့်လေ့ လာထားသော မီဒီယာများ၏ စစ်တမ်းများအရ သမ္မလောင်းနှစ်ဦး၏ ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ် စုစုပေါင်း ဒေါ်လာ ၅.၈ ဘီလျံကျော် ရှိသည်ဟု သိရသည်။ ငွေခင်း၍ လျှောက်ရသော တန်ဖိုးကြီး လမ်းမကြီးပါပေ။ အမေရိကန်ပြည်ထောင်စုသမိုင်းတွင် မဲဆွယ်ပွဲကုန်ကျစရိတ် အမြင့်မားဆုံး သမ္မတရွေးကောက်ပွဲကြီးပါပေ။ အမေရိကန်ပြည်သူများ အရွေးရအခက်ဆုံး သမ္မတလောင်း နှစ်ဦးပါပေ။

ကျွန်တော်တို့ တန်းစီပြီး ၄၅မိနစ်ကျော်ခန့်တွင် ကောင်းကင်မှ ရဟတ်ယာဉ်တစ်စင်း ဝဲပျံလာသည် ကိုတွေ့ရသည်။ သမ္မတ၏ အဲဖို့စ်ဝမ်းလေယာဉ် ဆိုက်ရောက်ကြောင်း သင်္ကေတဟု တန်းစီနေသူများထံမှ ထွက်ပေါ်လာသံအရ သိရသည်။ တန်းစီနေသော လူတန်းရှည်ကြီးက တရွေ့ရွေ့နှင့်တော့ ရှေ့တိုးနေ သည်။ သမ္မတ အိုဘားမားရောက်လာချိန်အထိ ကျွန်တော်တို့ အထဲမရောက်သေး။ သမ္မတ ခန်းမအ တွင်း ဝင်သွားပြီး ဆယ်မိနစ်လောက်ကြာမှ ကျွန်တော်တို့ ခန်းမအတွင်းရောက်သည်။ ကျွန်တော်တို့နောက်တွင် ပရိသတ်များကျန်နေသေးသည်။

သည်နေ့လည်း ကံဆိုး၊ ကံကောင်းနှင့် ကြုံရပြန်သည်။ ကံကောင်းသည်က အိုဘားမားမဲဆွယ်ပွဲကို လက်တွေ့သတင်းယူခွင့်၊ အိုဘားမားကို အရှင်လတ်လတ်မြင်ခွင့်ရခြင်း။ ကံဆိုးချင်တော့ နောက်ကျသည့်အတွက် လူပြည့်သွားသော ခန်းမကြီးအတွင်း ဝင်ခွင့်မရတော့ဘဲ ရုပ်သံပိတ်ကားမှတစ်ဆင့် ကြည့်ရမည့် အခန်းအတွင်းသို့သာ ဝင်ခွင့်ရခြင်းဖြစ်သည်။ သည်အချက်ကို ကျွန်တော် သိပ်နားမလည်။ ကျွန်တော်တို့ကို နိုင်ငံခြားသတင်းသမားများအဖြစ် သမ္မတရွေးကောက်ပွဲကို သတင်းလာယူခွင့်ပြုသည်။ ထိုအတွက် နိုင်ငံတကာသတင်းထောက်များစင်တာ ICFJ က တာဝန်ယူစီ စဉ်ပေးသည်။ ဒေသခံ သတင်းမီဒီယာနှင့် ဆက်သွယ် အပ်နှံပေးသည်။ ဒေသခံမီဒီယာ သတင်းထောက်နှင့် အတူ မလိုက်ရဘဲ အိုဘားမားထောက်ခံသူ မဲဆန္ဒရှင် ပြည်သူများနှင့်အတူ တန်းစီဝင်ရသည်။ သတင်းသမားက ကြိုတင်ရောက်နေနှင့်ပြီး သတင်းယူခွင့်ရဖို့လိုသည်။ ယခုမူ ထိုသို့မဟုတ်။ ကျွန်တော်တို့က အမေရိကန်သမ္မတကို အပြင်တွင် မမြင်ဖူးသည့်၊ မဲဆွယ်စည်းရုံးပွဲကို မမြင်ဖူး သည့် နိုင်ငံခြားသား ဧည့်သည်များအနေနှင့် သွားကြည့်ရုံကြည့်၊ နားထောင်ပြီး ပြန်ခဲ့ရသည်။ အိုဘားမားနှင့်သော် လည်းကောင်း၊ သူ့မဲဆွယ်စည်းရုံးရေး တာဝန်ရှိသူ တစ်ဦးဦးနှင့်သော် လည်းကောင်း၊ ဒေသခံ ဒီမိုကရက်ပါတီ တာဝန်ရှိသူတစ်ဦးဦးနှင့်သော်လည်းကောင်း တရားဝင်ဆက် သွယ်မေးမြန်းခွင့်မရ။ ကျွန်တော်တို့အဖြစ်က ဘောလုံးပွဲကို လက်တွေ့မျက်မြင်ကြည့်ချင်သောကြောင့် ကွင်းအတွင်းသွားကြည့်ပါမှ ပိတ်ကားထောင်ကြည့်ရသည့်အခမ်းအတွင်းဝင်ကာ မော့ကြည့်ပြီး အားပေးခဲ့ သည်နှင့်တူနေသည်။ ဤအချက်က ကျွန်တော့်စိတ်ကို မသက်မသာဖြစ်စေသည်။ သည်အချက်ကို ICFJ အစီအစဉ်တစ်ခုလုံးအပေါ် ဆန်းစစ်သုံးသပ်ချက်ပေးသည့်အခါ ထည့်ပြောရမည်။

အိုဘားမားသည် သူမဲဆွယ်စကားပြောမည့် ခန်းမအတွင်း မဝင်ခင် ပထမဦးစွာ ကျွန်တော်တို့ရှိနေသော ပိတ်ကားထောင်ခန်းမအတွင်းသို့ အရင်ဝင်လာပြီး ပရိသတ်ကိုနှုတ်ဆက်သည်။ ပရိသတ်၏ အုံးအုံး ကျွက်ကျွက် ဆူဆူညံညံ ရုပ်ရုပ်သဲသဲ နှုတ်ဆက်ကြသောကြောင့် အိုဘားမားဝင်လာမှန်းသိသည်။ ဤအခန်းထဲတွင်ပင် ကျွန်တော်တို့ထက် အရင်ရောက်နေနှင့်သူများက ရှေ့တွင်နေရာ အပြည့်ယူ ထားသောကြောင့် ကျွန်တော်တို့က နောက်နားတွင်သာ နေရာရသည်။ ထို့ကြောင့် အိုဘားမားဝင် လာပြီး နှုတ်ဆက် စကားပြောသံတော့ကြားလိုက်ရသည်။ လက်ကိုအစွမ်းကုန်မြှောက်၍ ဓာတ်ပုံရိုက် ဖို့ကြိုးစားပါသေးသည်။ သို့သော် သူလိုကိုယ်လို ကြိုးစားသူများသည့်အတွက် သူတို့လက်များ၊ ဖုန်းများ၊ ကင်မရာများကိုသာ ရိုက်မိသည်။ ကျွန်တော့်အရပ်ကလည်း ပုသည်ကိုး။ လူထွားကြီးများနေထိုင်ရာ နိုင်ငံသို့လာသော ပုချာချာ သတင်းသမားတစ်ယောက်အဖို့ သည်နေရာ တွင်တော့ မျက်နှာငယ်ရသည်။ လက်ကိုလည်း ကြာကြာမြှောက်မထားနိုင်သောကြောင့် ရလိုရငြားရိုက် မိရိုက်ရာ ရိုက်နေသည်ကို ရပ်နားလိုက်ရသည်။ ရှိပစေတော့။ ကံဆိုး၊ ကံကောင်းပေမင့်ကိုး။

မွန်းလွဲ ၁နာရီ ၂၀မိနစ်ခန့်ရှိပြီ။ အပြာရောင်ပေါ်" ရှေ့သို့ forword" ဟူသော အဖြူရောင် စာလုံးပါ အိုဘားမား၏ မဲဆွယ်လှုံ့ဆော်စာသား နောက်ခံထားသည့် စကားပြောစင်မြင့်ပေါ်သို့ အဖြူရောင် ရှပ်အင်္ကျီအောက်ခံ၊ အနက်ရောင်ဂျာကင်အင်္ကျီဝတ်ဆင်ထားသူ အိုဘားမား အပြေးကလေးလှမ်း တက်လာသည်။ သူ့ထုံးစံအတိုင်း ဖျတ်လတ်တက်ကြွမှုအပြည့်ဖြင့် လှေခါးထစ်များကို တစ်ထစ်ချင်း ခုန်တက်လာသည်။ စကားမပြောခင် အပြုံးဖြင့် ပရိသတ်ကို လက်ဝှေ့ယမ်းနှုတ်ဆက်သည်။ ပရိသတ် ကား ရှေ့သို့ forward စာတမ်းများကို ကိုင်မြှောက်ကာ ပတ်တုပ်၍မရအောင် ဆူညံအော်ဟစ်ကာ အားပေးထောက်ခံကြသည်။

အိုဘားမားသည် သူ့ပထမသက်တမ်း လေးနှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးနိုင် သည့်ကိစ္စ၊ တကယ့်အပြောင်းအလဲက ဘာလဲဆိုတာ သူကောင်းကောင်းသိကြောင်း ထိုအပြောင်းအလဲများအတွက် သူတိုက်ပွဲဝင်ခဲ့ကြောင်းနှင့် အခြေခံပညာရေး အတွက် ဆောင်ရွက် ခဲ့သည်များကိုပြောသည်။ တိုင်းပြည်တွင် တွေ့ကြုံလာသည့် အခြေအနေအရပ်ရပ်အတွင် မည်သူနှင့်မဆို လိုလိုလားလား ပူပေါင်းဆာင်ရွက်ရန် အသင့်ရှိကြောင်း၊ ဥပမာအနေနှင့် " မပြောပြနဲ့၊ မမေးနဲ့ Don't Ask, Don't Tell" ဟု အမည်ပေးထားသည့် လိင်တူမြတ်နိုးသူများ အမေရိကန်စစ်တပ်တွင် အမှုထမ်းခွင့် ပိတ်ပင်ထားသည့် ဥပဒေကို ဖျက်သိမ်းပစ်ရာတွင် ရှေ့တန်းကပါဝင်ခဲ့သည့် ရီပါပလစ်ကန် အမတ်များကို အထူးလေးစားမိကြောင်းပြောသည်။ အမေရိကန်ပြည်သူများနှင့် ၄င်းတို့၏ သင့်တင့်လျှောက်ပတ်သော လူနေမှုဘဝပတ်ဝန်းကျင် အဆင့်အတန်းများအတွက် သူလောင်းကြေးထပ်ထားကြောင်း ပြောသည်။

ဆင်းရဲသားများနှင့် အလယ်အလတ်တန်းစား အမေရိကန်ပြည်သူလူထု ကောလိပ်ကုန်ကျစရိတ်များ ကြီးမြင့်လာစေမည့် အခွန်လျော့ချဖြတ်တောက်ဖို့ အစီအစဉ်မရှိကြောင်း ပြောသည်။ တပ်မတော်တွင် စစ်မြေပြင်တာဝန် သတ်မှတ်သက်တမ်း ထမ်းဆောင်ပြီး ပြန်ရောက်လာသူများကို မူလအလုပ် အကိုင် ပြန်လုပ်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်း အရံသင့်ရှိနေရေး ကိစ္စကိုလည်း ပြောသည်။ ပြိုင်ဖက် ရီပါပလစ်ကန်သမ္မတလောင်း မစ်ရွန်မ်နေ၏ အိုဟိုင်းယိုး မဲဆွယ်ခရီးစဉ်အတွင်း ကိန်းဂဏန်း အချက်အ လက်များဖြင့် ပြောကြားသွားခဲ့သည့် ကားထုတ်လုပ်ရေးလုပ်ငန်းများအား မကယ်တင်လိုသော သူ့အိုင် ဒီယာမှာ အလုပ်မဖြစ်ကြောင်း၊ ထိုအလုပ်မဖြစ်သည့် ပေါ်လစီကို ဘာကြောင့် အိုဟိုင်းယိုးမှာ လာရောင်း ဖို့ကြိုးစားနေလည်း မသိကြောင်း ပြောသည်။

အမေရိကန်ပြည်သူတိုင်း အောင်မြင်ရန် အခွင့်အလမ်းတစ်ခုစီ ခံစားခွင့်ရလာသည့်အခါ အမေရိကန်ပြည်ထောင် စုနှင့် နိုင်ငံသားများ၏ စီးပွားရေးပိုကောင်းလာမည်ကို အလေးအနက် ယုံကြည်ကြောင်းပြောသည်။ ပရိသတ်က သူ့စကားစတစ်ခုပြီးတိုင်း သြဘာလက်ခုပ်ပေး သည်။ မျှော် လင့်တက်ကြွစွာ အော်ဟစ်အားပေးသည်။

မစ်ရွန်မ်နေ၏ မဲဆွယ်ပွဲများတွင် အိုဘားမား၏ ပေါ်လစီကို ဝေဖန်တိုက်ခိုက်ပြီး မဲပေးရွေးချယ်ရ မည့် ကိစ္စပြောသည့်အခါ ပရိသတ်က ဘူး…. Boo.. ဟု သရော်လှောင်ပြောင် အော်ဟစ်ကြသည်။ သည်အချက်ကို ရည်ညွှန်းကာ သူ့အားထောက်ခံသူ မဲဆန္ဒရှင်ပြည်သူများကို ဘူး… ပြန်မလုပ်ကြရန်၊ ဆန္ဒမဲပေးခြင်းသည် သရော်လှောင်ပြောင်စရာမဟုတ်ကြောင်း၊ မဲပေးခြင်းသည်သာ သည်အတွက် အကောင်းဆုံး လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း ပြောသည်။ ရီပါပလစ်ကန်အများစု လွှမ်းမိုးထား သည့် အောက်လွှတ်တော်က အတည်ပြုပြဌာန်းချက်ဖြင့် ချမ်းသာကြွယ်ဝသူများကို အခွန်လျှော့ ချဖြတ်တောက် ခဲ့ခြင်းကြောင့် နိုင်ငံသားများဝင်ငွေလျော့ကျလာပြီး စံချိန်တင်လိုငွေပြခဲ့ကြောင်း၊ ရီပါပလစ်ကန်များ အိုင်ဒီယာဖြင့် ကြိုးစားခဲ့ရာ အလုပ်မဖြစ်ခဲ့ကြောင်း၊ ၄င်းတို့ ဒီမိုကရက်များ၏ အိုင်ဒီယာဖြင့် ကြိုးစားခဲ့ရာတွင် သူတို့အလုပ်ဖြစ်ကြောင်းပြောသည်။

သည်နေ့ သည်နေရာသို့ သည်ပရိသတ် လာရောက်ကြခြင်း၏ ရည်ရွယ်ချက်မှာ အလုပ်ပိုလုပ်စရာ များစွာရှိနေပြီးဖြစ်သည်ကို ၄င်းတို့အားလုံးသိထားကြ၍ ဖြစ်ကြောင်း၊ သည်နိုင်ငံရှိ နေရာတိုင်းတွင် ကလေးငယ်တစ်ဦးဦး ဆင်းရဲနွမ်းပါးမှုနှင့် ဒုက္ခခံနေရသမျှကာလပတ်လုံး ၄င်းတို့အလုပ်တာဝန်မှာ မည်သည့်အခါမှ ပြီးစီးမည်မဟုတ်ကြောင်းပြောသည်။ ဟာရီကိန်းသင့် အရှေ့ဖက်ကမ်းခြေဒေ သ ပြန်လည်ထူထောင်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများနှင့်ပတ်သက်ဤ ပြောသည်။

သမ္မတ အိုဘားမားသည် ပရိသတ်ကို စုစုပေါင်း နာရီဝက်ခန့် စကားပြောသွားသည်။ ပြောသမျှအားလုံးကို ပိတ်ကားမှတစ်ဆင့် မြင်ရကြားရသည်။ ပိတ်ကားထောင်ခမ်းမအတွင်းရှိနေသော ပရိသတ်သည်လည်း အိုဘားမား စကားစတစ်ခုပြတ်တိုင်း သြဘာပေးသည်။ ထောက်ခံထောပနာပြုသည်။ ပရိသတ်မှာ Springfield ဒေသခံအများစုအပြင် ကျွန်တော်တို့ကဲ့သို ဒေတန်နှင့် အခြားရွာနီးချုပ်စပ်က လာသူများ လည်းရှိသည်။

ပြောရလျှင် အိုဘားမားခေါင်းဆောင်သော အစိုးရသည် အတော်ကြီးကျဆင်းနေသော အမေရိကန် စီးပွားရေးကို ကုန်ခဲ့သည့် ၄နှစ်တာကာလအတွင်း ဖြစ်ဖြစ်မြောက်မြောက် ကယ်တင်ထူမတ်နိုင်ခဲ့ခြင်းမရှိ ဟူသော ဝေဖန်သံကျယ်ကျယ်လောင်လောင်ဖြင့် ရီပါပလစ်ကန်ပါတီ သမ္မတလောင်းဖြစ်သူ မစ်န်ရွန်နေက အကြီးမားသုံး စိန်ခေါ်သူဖြစ်လာည်။ အိုဘားမားလက်ထက်တွင် ဘာမျှ ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်အောင် မလုပ်နိုင်ခဲ့သည့်အပြင် ဆုံးရုံးမှုများနှင့်သာ နပန်းလုံးနေ ခဲ့ရသည်ဟု ၄င်းတို့က ဝေဖန်သည်။ အိုဘားမားဖက်ကမူ သူ့လက်ထက်တွင် အလုပ်အကိုင်အခွင့်အ လမ်းများ ပိုမိုဖန်တီးပေးလာနိုင်ခြင်း၊ အီရတ်စစ်ပွဲမှ အမေရိကန်တပ်များ ရုပ်သိမ်းလိုက်နိုင်ခြင်း၊ အာဖဂန်စနစ္စတန်စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့ခြင်း၊ အိုစမာဘင်လာဒင်ကို အသေဖမ်းဆီး သုတ်သင်နိုင်ခဲ့ခြင်း၊ အခြေခံလူတန်းစားများအတွက် ကျန်းမာရေးအာမခံကိစ္စတို့ ပြောကာ အမေရိကန်ပြည်သူများအတွက် လုပ်စရာအလုပ်များစွာကျန်ရှိနေသေးကြောင်း ပြော၍ မဲဆွယ်စည်းရုံးသည်။ ရီပါပလစ်ကန်များ စွပ်စွဲချက်အချို့ မှန်သင့်သလောက်မှန်သော်လည်း ယခင်ဘွတ်ရှ်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေကို လက်ခံရသည့် အိုဘားမားအစိုးရအနေနှင့်မူ အမေရိကန်ပြည်သူများအတွက် လုပ်စရာများစွာ ကျန်ရှိနေသေးသည်ဟု ဆိုသည်။ အထူးသဖြင့် ဘွတ်ရှ်အစိုးရလက်ထက် နိုင်ငံတကာမျက်နှာစာတွင် ကျဆင်းခဲ့သည့် အမေရိကန်ပြည်ထောင်စု၏ ဂုဏ်သိက္ခာကို လေးနှစ်တာကာလအတွင်း အတော်ကြီး ပြန်ဆယ်မနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးပေါ်လစီနှင့် နိုင်ငံတကာမျက်နှာစာ တွင်ရှိသင့်ရှိ ထိုက်သည့် အမေရိက၏ ဥပတိရုပ်ကို အလေးထားသော မဲဆန္ဒရှင်များကမူ အိုဘားမားကို နောက် ထပ် လေးနှစ်သက်တမ်းတိုးပေးရန် အသင့်ရှိနေကြသည်။ ပြည်တွင်းရေးနှင့် မိမိတို့အရေးကိစ္စ၊ မိမိတို့ စီးပွားရေး၊ ကြီးပွားရေးကိုသာ အဓိကအာရုံထားကြသည့် ရှေးရိုးစွဲ အမေရိကန်အများစုကမူ ရီပါပလစ်ကန် သမ္မတလောင်း မစ်ရွန်မ်နေကို သမ္မတတာဝန်လွှဲပြောင်းပေးလိုကြသည်။ သို့သော် ထိုအမြင်နှစ်ခု၊ အုပ်စုနှစ်ခုက တစ်ဖက်နှင့်တစ်ဖက် ပြတ်ပြတ်သားသား အသာစီးရလောက်သည်အထိ အားမကောင်း။ ထို့ကြောင့် သည်နှစ်၊ သည်တစ်ကြိမ် ယှဉ်ပြိုင်မှုက အသဲအသန်ပြင်းထန်သည်။ သမ္မတလောင်းနှစ်ဦးစလုံး နောက်ဆုံးရသည့်အချိန်၊ ရသည့်အခွင့်အရေးကို ရနိုင်သရွေ့အသုံးချကာ မဲဆွယ်စည်းရုံးကြသည်။ အထူးသဖြင့် swing state များဖြစ်သည့် အိုဟိုင်းယိုး၊ ဖလော်ရီဒါ၊ ပင်န်ဆယ်ဗေး နီးယား၊ ဗာဂျီးနီးယား ပြည်နယ်များတွင် ရွေးကောက်ပွဲနောက်ဆုံးရက်နားအထိ မဲဆွယ်လှုပ်ရှားကြရသည်။ ၂၀၀၀ပြည့်နှစ် သမ္မတရွေးကောက်ပွဲလိုပင်။ မည်သူအနိုင်ရမည်ကို အတတ်ပြောရန် ခက် ခဲသော နောက် တစ်ကြိမ်ကြုံရခြင်းဖြစ်သည်။

အိုဘားမားအစိုးရအတွက် လေးနှစ်တာကာလဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီးဖြစ် သည်။ နောက်ထပ် လေးနှစ်သက်တမ်း ထပ်မံထမ်းဆောင်ခွင့်ရလျှင်မူ သူမလုပ်ရသေးသည်များ၊ ကုန်ခဲ့သည့် လေးနှစ်တာအတွင်း အားနည်းချက်ရှိခဲ့သည်များကို လုပ်ကောင်းလုပ်နိုင်၊   ပြင်ဆင်ကောင်း ပြင် ဆင်နိုင်ပေလိမ့်မည်။

" လေးရက်ထဲပါ Springfield..၊ လေးရက်ထဲပဲ..၊ နောက်ထပ်လေးနှစ်အတွက် လေးရက်လေးပဲလိုတော့တယ်။ ဒီလေးရက်အတွင်းမှာ ခင်ဗျားတို့ ဆုံးဖြတ်ရွေးချယ်တာတစ်ခုခု ရပြီးပြီ" ဟု အိုဘားမားကဆိုသည်။ ထို့နောက် ပရိသတ်အား " ခင်ဗျားတို့ကို ဘုရားသခင် ကောင်းချီးပေးပါစေ…၊ အမေရိကကို ဘုရားသခင် ကောင်းချီးပေးပါစေ.." ဟူသော ဆုတောင်းစကားဖြင့် သူ့မိန့်ခွန်းကို အဆုံးသတ်လိုက်သည်။ ထို့နောက် သူလက်လှမ်းမီသလောက် ပရိသတ်များကို လက်ဆွဲနှုတ်ဆက်သည်။ အိုဘားမားမဲဆွယ်ပွဲသည်ကား ပိတ်ကားပေါ်တွင် ရုပ်ရှင်ကြည့်သလိုကြည့်ကာ ပြီးစီးသွားပေပြီ။
ခန်းမအတွင်းရှိ ပရိသတ်အချို့က 'ရှေ့သို့ Forward' ဆိုသော မဲဆွယ်ကြွေးကျော်သံ ဆိုင်းဘုတ်ကလေးများကို ကိုင်မြှောက်၍ " for more years… for more years..၊ နောက်ထပ်လေးနှစ်… နောက်ထပ်လေးနှစ်…"ဟု အော်ဟစ်အားပေးနေကြဆ...။

ကျော်မင်းဆွေ
ခေတ္တ- အိုဟိုင်းအိုး၊ အမေရိက

No comments: