Wednesday, November 21, 2012

သူတို့ကခေါ်တော့ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား အပိုင်း(၃)


တလောတုံးက အကျဉ်းသားဟောင်း ဦးခင်ညွန့် (စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်) က မီဒီ ယာတခုမှာ အမျိုးသားနိုင်ငံရေး ပြန်လုပ်မယ်လို့ အသံပြုလိုက်တာနဲ့ မြန်မာ့နိုင်ငံရေးလောကကြားမှာ ကြွက်စီကြွက်စီ ဖြစ်ကုန်တယ်။ ဒီလူစားတွေပြောတဲ့ အမျိုးသားနိုင်ငံရေးဆိုတာ လူလူချင်းကျွန်ပြုတဲ့ နိုင်ငံရေး၊ ပြည်သူတွေ မျက်စေ့ပိတ် နားပိတ်၊ ပါးစပ်ပိတ်ပြီးအမြင်ကျဉ်းအောင်ဘောင်ခတ်ထားတဲ့ နိုင်ငံရေး၊ သူတို့ တလျောက်လုံးကြွေးကြော်လာတဲ့ အမျိုး သားနိုင်ငံရေးဆိုတဲ့ ပြည်သူကို မျက်မှန်စိမ်းတပ်ပေးပြီး လမ်းလွဲလျှောက်ခိုင်းတဲ့ အယူအဆကို လူထုက ရာစုနှစ်တ၀က် လောက် ခံရပြီးလို့ သဘောပေါက်သွားပြီလေ။ ဘယ်ရတော့မလဲ ဒီလိုလူစားတွေ နိုင်ငံရေးလောကထဲလာမယ်ဆိုလည်း လူထုက နေရာမပေးတော့ဘူး။
ဘယ်နှယ့်ဗျာ ၁၉၈၈ အာဏာရှင်ဦးနေ၀င်းရဲ့စနစ်ဆိုးကြီး ရှင်သန်ကြီးထွားဖို့ ထမ်းပိုးကျေးဇူးပြုခဲ့သူ၊ ၁၉၈၈ ဒီမိုကရေစီ အုံကြွမှုကိုရော၊ နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားသူတွေကိုရော၊ စနစ်တကျ ထောင်ထဲသွင်း အမဲဖျက်လာခဲ့တာ ဘယ်မေ့ လိမ့်မလဲ။ သပိတ်ကာလက တန်ပြန်သပိတ်တွေလုပ်ပြီး၊ ပြည်သူတွေအကြား အကြမ်းဖက်မှုတွေ၊ လူသတ်မှုတွေဖြစ်ပေါ် လာအောင် မြှောက်ထိုးပင့်ကော်တွေလုပ်ပြီးမှ တိုင်းပြည် မင်းမဲ့စရိုက်ဖြစ်ပြီး ဂျောက်ကမ္ဘားထဲ ကျလုဆဲဆဲမို့ နိုင်ငံတော် ကို ကယ်တင်လိုက်ပါတယ်လို့ တပ်မတော်အာဏာသိမ်းခဲ့တာ။ ဒီဖြစ်ရပ်နောက်ကနေ ကြိုးကိုင်လှုပ်ရှားခဲ့သူတွေထဲက တယောက်က စစ်ထောက်လှမ်းရေးခေါင်းဆောင် ဦးခင်ညွန့်ပေါ့။ ဦးနေ၀င်းက သူ့ရဲ့ မဆလပါတီကိုရော စစ်တပ်အာ ဏာကိုရော စစ်ထောက်လှမ်းရေးနဲ့ ထိန်းချုပ်ထားတယ်ဆိုတာ အဲဒီတုန်းက နိုင်ငံရေးသမားတွေ သိထားကြတယ်။
တကယ်တမ်းဆို မခံချင်စိတ်တွေ ပြင်းထန်လာလို့သာ ကျနော်တို့ ထကြွချင်စိတ်ပေါ်လာတာ၊ ကျနော်တို့ ကြီးပြင်းလာတဲ့ ခေတ်တလျှောက်လုံးကလည်း နိုင်ငံရေးဆိုတာ ဘာမှန်းရေရေရာရာမသိတဲ့ အမှောင်ခေတ်ကြီးလို့ ပြောရမှာပဲ။ လက် သည်းဆိတ်လို့လက်ထိပ်နာခဲ့ပြီး စလာခဲ့ရာက တဘ၀လုံးနာနေတာမှန်း နောက်မှသိလာခဲ့တာ ဖြစ်တယ်။ အဆိုးဆုံးက ကျောင်းသားတွေကို ရန်သူလိုသဘောထားပြီး ချေမှုန်းတာပဲ။
ကျနော်တို့မြို့ကအကြောင်း ဆက်ပြောချင်သေးတယ်။ သပိတ်တိုက်ပွဲတွေစပြီဆိုတော့၊ စာသင်ကျောင်းတွေ၊တက္ကသိုလ် တွေ၊ ဘုန်းကြီးကျောင်းတွေက သပိတ်စခန်းတွေဖြစ်ကုန်တယ်။ ကျနော်တို့လည်း မြို့ထဲက မူလတန်းကျောင်းလေးကို ကျောင်းသားသမဂ္ဂသပိတ်စခန်း ဖွင့်လိုက်တယ်။ အလယ်တန်းကစပြီး အထက်တန်းကျောင်းသားအထိ တက္ကသိုလ် ကျောင်းသားတွေအဆုံး ကျောင်းသားသမဂ္ဂအဖွဲထဲဝင်ပြီး ကျောင်းသားသပိတ်ထဲ ပါလာတယ်။ မြို့ပေါ်ကစာပေသမား၊
ပန်းချီဆရာ၊ ကာတွန်းဆရာတွေနဲ့ ပေါင်းပြီးခွပ်ဒေါင်းသတင်းစာ ထုတ်တယ်။ မြို့နယ် အထွေထွေသပိတ်တပ်နဲ့ ပူးပေါင်း ပြီး လူထုစည်းရုံးရေးနဲ့ တရားဟောပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ အစာငတ်ခံဆန္ဒပြတိုက်ပွဲတွေလုပ်ခဲ့ကြတယ်။

ရန်ကုန်၊ မန္တလေးက နိုင်ငံရေးအခြေအနေတွေကို မန္တလေးမှာလှုပ်ရှားနေတဲ့ ဆရာဦးရွှေထူးကစာရေးသတင်းပို့နေတယ်။ ရာသီနဲ့အညီ ပြောင်းလာတဲ့ကြွေးကြော်သံတွေကို ဆရာထူးက ပို့ပေးတယ်။ ဥပမာ “ကြားဖြတ်အစိုးရ အမြန်ဖွဲ့စည်းကြ” ဘာညာပေါ့။ သမဂ္ဂတွေလည်း အလျှိုလျှိုပေါ်လာတယ်။ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေက၊ နေ့တိုင်းလုပ်ရင်သပိတ်အီသလို၊ စားရေးဝတ်ရေးကိစ္စတွေလည်းလုံးပမ်းနေရတော့၊ တရက်ကို ရပ်ကွက်အကြီးအသေးအလိုက် အလှည့်နဲ့ လမ်းပေါ်ထွက် ဆန္ဒပြကြတယ်။ ဒီနည်းက လူမပင်ပမ်းသလို၊ ပြည်သူတွေ အလုပ်သိပ်မပျက်ဘူး။
ကျနော်တို့မြို့မှာသပိတ်က အကြမ်းဖက်မှုမရှိဘူး။ မဆလပြုတ်တွေပေါင်းပြီး တန်ပြန်သပိတ်တွေလုပ်ကြသေးတယ်။ မြို့ထဲတော့ မလုပ်ရဲဘူး၊ မြို့နဲ့တမိုင်လောက်ဝေးတဲ့ စစ်တပ်ဘော်လုံးကွင်းမှာ လုပ်ကြတာ။ ပြီးတော့ ခတ်ကုပ်ကုပ်လေး ပဲ လူထုကြားထဲပျောက်သွားတာပါ။
အဲ..နည်းနည်းပြောစရာရှိတာက အစိုးရယန္တရားကြီးပျက်ပြီး ၀န်ထမ်းတွေလည်း သပိတ်မှောက်၊ အလုပ်မဆင်းတော့ တပြည်လုံးက အကျဉ်းထောင်တွေမှာ ပြဿနာတက်ကုန်တယ်။ စားစရာမရှိတော့ဘူး။ တာဝန်ယူမယ့် သူတွေလည်း မရှိဘူး။ အဲဒီတော့ ထောင်ခါလိုက်တယ်။ တချို့လွတ်လာတဲ့ လားရှိုးထောင်နဲ့ တခြားမြို့တွေက အချုပ်သားတွေကိုစုပြီး ဘုန်းကြီးကျောင်းက ယာယီစောင့်ရှောက်ထားတယ်။ တချို့ကို စားရိတ်ပေးပြန်လွှတ်တယ်။တိုင်းပြည်ပျက်တော့ လူတွေ လည်းကျီးလန့်စာစားပေါ့။ ရာဇ၀တ်သားတွေကို ငွေစက္ကူအသစ်တွေပေးပြီး စစ်ထောက်လှမ်းရေးက သပိတ်လှန့်ခိုင်း တယ်၊ သောက်ရေထဲ အဆိပ်ခတ်နေတယ်ဆိုတယ် ကောလဟလတွေကလည်း ကြားနေရတော့ ညဆို ရဟန်းသံဃာ တွေနဲ့ ကျောင်းသားတွေ ကင်းစောင့်ကြတယ်။ မြို့လူထုက ကိုယ့်ရပ်ကွက်ကိုကင်းစောင့်နေရတယ်။ မြို့က တောင်ပတ် လည်ဝန်းရံနေပြီး ညဘက်ဆိုတောင်ပေါ်တွေမှာ မီးတလက်လက်နဲ့မို့ လုံခြုံရေးစစ်တပ်တွေနေရာယူထားဟန်တူတယ်။
တညမှာတော့ ရုတ်ရုတ်သဲသဲနဲ့ ပြဿနာတခု ဖြစ်နေတဲ့အကြောင်း ညသန်းခေါင်ကျော်ကြီး သမဂ္ဂရုံးမှာအိပ်နေတဲ့ ကျနော်တို့ကို ကင်းလှည့်ကျောင်းသားတွေ လာအသိပေးလို့ ဓာတ်မီးကောက်ဆွဲပြီး လိုက်ရတယ်။ ကျနော်တို့မြို့မှာ လမ်းမီးတော့လာပါရဲ့၊ ခရမ်းချဉ်သီးတက်ချိတ်ထားသလိုပဲ၊ မီးမှိန်မှိန်နဲ့ မသဲကွဲဘူး။ လူတွေ ဆူညံညံရုတ်ရုတ်သဲသဲ နေ ရာလှမ်းကြည့်တော့ အမှတ် (၄) ရပ်ကွက်၊ မဆလရပ်ကွက်လူကြီး ဦးသာအေး အိမ်ရှေ့ကြီး၊ ခြံတခါးတော့ ပိတ်ထား တယ်။ အိမ်အပြင်ကနေ“တရားခံထုတ်ပေး” “သူခိုး ထုတ်ပေး” နဲ့ အော်နေတာ၊ ဒေါသထွက်နေသူတချို့က ခြံအုတ်နံရံ ကြီးဖြိုချတာကလွဲလို့၊ အိမ်ခေါင်သွပ်မိုးကို ဂဲနဲ့ထုတာကလွဲလို့ ကျူးကျူးလွန်လွန်တွေ မလုပ်ကြလို့တော်သေးတယ်။ အကျိုးအကြောင်းမေးကြည့်တော့ မီးရထားလမ်းဘေးက သက်ကယ်မိုးထရံကာ ယာယီဈေးကြီးကို လူတယောက်မီး ကွင်းနဲ့ပစ်ပြေးတာတွေ့လို့ ကင်းသမားတွေလိုက်ဖမ်းတာ ဦးသာအေး ခြံထဲဝင်ပြေးသွားလို့တဲ့။ နောက်တော့ ဒီပြဿနာ ဖြေရှင်းပါ့မယ်လို့ ဂတိပြုလူစုခွဲလိုက်ကြတယ်။
မကြာခင်ရက်ပိုင်းမှာ ရပ်ကွက်လူကြီး ဦးသာအေးနဲ့ မဆလအဖွဲ့ဝင်တွေ လူထုဝန်ချတောင်းပန်ပွဲကို အခမ်းအနားနဲ့ လုပ် ကြတယ်။ ပါတီမှတ်ပုံတင်ကပ်ပြားတွေ အပ်နှံမီးရှို့ပွဲပါလုပ်တယ်။ တခြားမြို့ တော်တော်များများလည်း အဲလို မဆလ ပါတီဝင်တွေ အစုလိုက်အပြုံလိုက် နှုတ်ထွက်ပွဲတွေလုပ်ကြတဲ့သတင်းတွေ ကြားတယ်။ ကျနော်တို့မြို့မှာ မဆလပါတီ ခေါင်းဆောင်တွေအိမ် ညပိုင်း အိမ်ခေါင်ဂဲနဲ့ပေါက်ခံရတယ်ဆိုတဲ့ သတင်းတွေကလွဲလို့ သွေးထွက်သံယိုတွေ မဖြစ်ခဲ့ဘူး။ အိမ်ခေါင်မိုး ဂဲနဲ့ပေါက်တာနဲ့ ပါတီလူကြီးတချို့ ဆွေမျိုးသားချင်းတွေရှိရာ တခြားမြို့တွေ ရှောင်ပြေးကြတာလည်းရှိ တယ်။ တကယ်တမ်း ပါတီပျက်တော့ အောက်ခြေပါတီအမှုဆောင်တွေ ဘာအာမခံချက်မှ မရှိကြပါဘူး။ အဲဒီတုန်းက လမ်းစဉ်လူငယ်တွေ၊ ရှေ့ဆောင်လူငယ်တွေ၊ တင်းပြည့်ပါတီဝင်တွေဆိုတာ သပိတ်တပ်နဲ့အတူပူးပေါင်း၊ သပိတ်တပ်ဦး မှာ ဘင်ခရာတပ်ဖွဲ့တွေအဖြစ် တက်တက်ကြွကြွ ပါလာတာပဲ။ မြို့လူထုက သိပ်ညီညွတ်တယ်။ သိပ်ငြိမ်းချမ်းတယ်။
ရန်ကုန်၊ မန္တလေးကသတင်းတွေကို ကျနော့ဆရာ ဦးရွှေထူးက ကားကြုံနဲ့ နေ့စဉ်ပို့ပေးနေတယ်။

သိတ်ကာလဆိုးပေမဲ့ ကုန်ကူးသန်းမှု၊ ခရီးသွားလာမှုတွေ အရှိန်မပျက်စေဘဲ လားရှိုးမန္တလေးကားသေးတွေကတော့ ပုံ မှန်ပြေးနေတယ်။ တမြို့နဲ့တမြို့အဲလိုအမြန်ကားတွေနဲ့ပဲ စာပို့ဆက်ဆံရတာလေ။ အခုခေတ်လို မိုဘိုင်းလက်ကိုင်ဖုံးတွေ၊ ကွန်ပြူတာတွေ ဘာညာတွေမှမရှိသေးတာ။ ခြင်းထဲထည့်ပြီး ဟိုဒီသယ်သွားလို့ရတဲ့ “ခြင်းဖုန်း” တောင် မပေါ်သေးဘူး။ လိုင်းဖုံးလည်းအိမ်တိုင်းရှိတာမဟုတ်၊ ဒါကြောင့်နေ့ချင်းအမြန်ပြေးဆွဲတဲ့ ကားစေတမာန်နဲ့ပဲ အဆက်အသွယ်လုပ်ရတာ ပါ။
ဆရာပို့ပေးတဲ့သတင်းထဲမှာ ရန်ကုန်သပိတ်ကို စစ်ထောက်လှမ်းရေးက ၀င်ဖျက်နေတာ၊ လူထုသပိတ်ထဲ စိုးရိမ်ထိတ် လန့်အောင် ခေါင်းဖြတ်ပွဲတွေဖန်တီးနေတဲ့အကြောင်း၊ ထောင်ထွက်တချို့ဆီက ငွေစက္ကူအသစ်တွေဖမ်းမိတဲ့အကြောင်း၊ စစ်တပ်က ဗဟိုဘဏ်ကနေ ငွေစက္ကူတွေထုတ်သွားသလို ဂိုဒေါင်တွေဖောက်ပြီး ရိက္ခာတွေစုဆောင်းနေတဲ့အကြောင်း၊ လူထုထဲမှာ သပိတ်အီလာပြီး စားဝတ်နေရေးပြဿနာ ဖြစ်နေတဲ့အကြောင်း၊ မကြာခင် စစ်တပ်က အာဏာသိမ်းနိုင်တာ ကြောင့် ကြားဖြတ်အစိုးရ အမြန်ဖွဲ့နိုင်ဖို့လိုတဲ့အကြောင်းတွေ ဖော်ပြရှင်းလင်းထားတယ်။
“တခုခုဖြစ်ပြီဆို တခြားအရပ်မျက်နှာတွေထွက်မသွားနဲ့ မန္တလေးကိုဆင်းခဲ့ပါ” လို့လည်း မှာထားတယ်။ ကျနော်တို့မြို့က သပိတ်ကာလဟာ ခဏလေးပေမဲ့မြို့လူထုဟာ တက်တက် ကြွကြွ စည်းကမ်းတကျ ၀န်းဝိုင်းကူညီလို့ မြို့လုံခြုံရေး၊ အုပ် ချုပ်ရေး၊ စီးပွားရေးမှာ ကြီးကျယ်တဲ့ပြဿနာတွေ မရှိခဲ့ဘူး။ သပိတ်ကာလ ခြိုးခြံချွေတာရတာတွေတော့လည်း ရှိတာပေါ့ လေ။ တိုင်းပြည်က အစိုးရမရှိ၊ စီမံခန့်ခွဲရေးယန္တရားတခုလုံးက ပြိုလဲသွားတာကိုး။ ပြည်သူတွေကလည်း နှစ်ပေါင်းများစွာ၊ ဆင်းရဲခြင်း၊ သီးခံခြင်းတွေနဲ့ ယဉ်ပါးကျင့်သားရနေတာလည်း ပါမှာပေါ့။ ကျနော်တို့ မိသားစုမောင်နှမတွေဟာ ငယ်ငယ် ကတည်းက ဘဲဥတခြမ်းထဲနဲ့ ထမင်းတနပ်စားလာခဲ့ရတာ ကျနော် လူပျိုပေါက်အထိပဲ။
အဲဒီခေတ်ကတည်းက အစိုးရဆိုတာ ပြည်သူတွေအပေါ် ကောင်းကျိုးထက်၊ အဆိုးဒုက္ခတွေပဲ ပေးတတ်တယ်လို့ လူအ များကသဘောပေါက်နေကြတာ။ ၈၈ သပိတ်မှာ လူတန်းစားအစုံပါတယ်ဆိုပေမဲ့ ဆင်းရဲတဲ့ပြည်သူတွေ၊ ၀န်ထမ်းတွေက ပိုတက်ကြွခဲ့တယ်။ ပြီးတော့ပိုပြီးအထိနာခဲ့တယ်။ မြို့ဆင်ခြေဖုံးနဲ့နယ်တွေ၊ ကျေးလက်တွေမှာပိုဆိုးတာပေါ့။ ခိုးစား၊ လု ယက်စားသောက်ရတဲ့သတင်းတွေတောင် ကြားခဲ့ရတယ်။ မြို့ပေါ်မှာတော့ စစ်တပ်ကဂိုဒေါင်တွေဖွင့်ပြီး လိုတာထုတ်ယူ ပြီးမှ ကျန်တာလေးတွေအပြေးအလွှားသွားယူမိလို့စစ်တပ်ရဲ့ပစ်ခတ်မှုခံရတဲ့အပြင်၊ ခိုးဆိုးလုယက် ရမ်းကားသူတွေလို့ တံဆိပ်ကပ်ခံရသေးတယ်။ ရေထဲအဆိပ်ခတ်တယ်၊ ဘဲဥထဲ အဆိပ်ပါတယ်။ စိတ်ကြွဆေးတွေထိုးထားတဲ့ အကျဉ်းသား တွေက အကြမ်းဖက်နေတယ် စတဲ့စတဲ့ မဟုတ်မမှန်သတင်းနဲ့ အမှန်တချို့ရောပြီး ကောလဟလတွေကလည်း လူထု ကြားကို စိုးရိမ်ကြောက်ရွံမှုတွေ ဖြစ်စေတယ်။
ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရားတရားဟောပွဲ မတိုင်ခင် ညပိုင်း ထောက်လှမ်းရေးဗိုလ်ကြီး စည်သူနဲ့ တပ်ကြပ် ကြီးတယောက် မြို့လည်ထဲ ကားအပြင်းမောင်းလို့ ကျောင်းသားတွေ ကားနဲ့ညှပ်ပိတ်ဖမ်းပြီး စစ်ဆေးမေးမြန်းတဲ့ သတင်း ကြားတယ်။ အမှန်တော့ ပွဲလှန့်တဲ့သဘောဆိုတာ နောက်မှသိရတယ်။ စစ်ထောက်လှမ်းရေးရဲ့ သဘာဝက လူတွေကြား စိုးရိမ်ကြောက်ရွံ့နေအောင်၊ တယောက်နဲ့တယောက် မယုံသင်္ကာစိတ်တွေဝင်နေအောင်၊ မလုပ်ရဲ၊ မကိုင်ရဲ မိမိကိုယ်မိမိ ယုံကြည်မှုတွေနည်းနေအောင်၊ သူတို့အပေါ် အထင်ကြီးနေအောင်လုပ်တတ်တဲ့ သဘာဝရှိတယ်ဆိုတာလည်း အစော ပိုင်းကာလတွေက ကျနော်တို့ သိပ်မသိခဲ့ကြဘူး။
ရန်ကုန် ကုန်သွယ်ရေးရုံးအပေါ်ထပ်က တပ်ခွဲတခွဲက သေနပ်မိုးပေါ်ထောင်ပစ်တော့ အောက်ကချီတက်နေတဲ့ သပိတ် တပ်ပေါ်ကျည်ဆံခွံကျရာကစပြီး ကုန်သွယ်ရေးရုံးကို လူအုပ်ကြီးဝိုင်းလိုက်တယ်။ ထိန်းထိန်းသိမ်းသိမ်းဖြစ်စေလိုတဲ့ သပိတ်ခေါင်းဆောင်တချို့နဲ့ ရဟန်းတွေက တပ်မတော်သားတွေကို ကယ်ထုတ်ပြီး လက်နက်တွေတော့ သိမ်းလိုက် တယ်။ (ရန်ကုန် သရက်တောဘုန်းကြီးကျောင်းမှာ အပ်နှံတယ်လို့ သိရတယ်) တကယ်တော့ အဲဒီလက်နက်တွေက မီး ကျိုးမောင်းပျက်တွေ၊ တခါနှစ်ခါပစ်ပြီး ထပ်ပစ်လို့မရသလို ပစ်မှတ်ကိုလည်း လွဲချော်အောင်ပြုပြင်ထားတယ်လို့ လက် နက် အကြောင်းသိတဲ့ တပ်မတော်သားတွေ (သပိတ်တပ်ဘက်ကူးပြောင်းလာတဲ့ တပ်မတော်သားတချို့) က ပြောပြ တယ် (ဒါတွေက ဖြစ်ပျက်မှုမှာ ပါဝင်သူ၊ မျက်မြင်များနဲ့ နောက်ပိုင်းမှာ အင်တာဗျူးရင်းသိရတာတွေပါ)။ တကယ်ဆို တပ် မတော်အာဏာသိမ်းတာ အကြောင်းပြကောင်းအောင် စစ်ထောက်လှမ်းရေးက အကွက်ဆင်လိုက်တာပါ။ သူ့စစ်သား တချို့ကို ချကြွေးပြီး ထောင်ချောက်ဆင်တာပေါ့။
နောက်ပိုင်း စစ်အာဏာသိမ်းတော့လည်း အဲဒီလိုပဲ ပြောတာပဲ အကြမ်းဖက်သူတွေ၊ လက်နက်လုယူတယ်ဘာညာပေါ့။ ဒီလိုနဲ့ လုယက်မှုတွေ၊ ငတ်ပြတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ဒေါသတွေ၊ မယုံသင်္ကာမှုတွေ၊ ခေါင်းဖြတ်မှုတွေကတဖက် သပိတ်တပ်နဲ့ နိုင်ငံရေးသမားတွေရဲ့ ကြားဖြတ်အစိုးရဖွဲ့ဖို့ ညှိနှိုင်းမှုတွေက တဖက်၊ ကောက်ကျစ်ညစ်ပလီမှုတွေနဲ့ စစ် ထောက်လှမ်းရေးနဲ့ ဦးနေ၀င်းကြိုးကိုင် စစ်တပ်တွေကတဖက် ရှုတ်ရှုတ်ထွေးထွေး အခြေအနေတွေကြားမှာ စစ်အာဏာ သိမ်းမှုကြီး ဖြစ်လာပါတယ်။ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ ပစ်ခတ်သတ်ဖြတ်လို့ လူတွေရာချီသေခဲ့တယ်လို့ ကြားတယ်။
အဲဒီတုန်းက ပြည်သူအများမျော်လင့်မထားဘဲ ဖြစ်ခဲ့တာပါ။ ဒီမိုကရေစီတိုက်ပွဲရဲ့အရင်းအနှီးက သိပ်ကြီးမားလွန်းတယ်။
မှတ်မှတ်ရရ ကျနော်တို့မြို့မှာ မြို့နယ်ဈေးသမဂ္ဂက ဦးဆောင်ပြီး သပိတ်ပေါင်းစုံက မြို့လည်လမ်းမပေါ် အစာငတ်ခံ ထိုင်သပိတ်မှောက်နေကြတာ။ ညနေ ၄ နာရီလောက်ကြီး မြန်မာ့အသံရေဒီယိုက အဆက်မပြတ် စစ်ချီသီချင်းတွေ လွှင့် ထုတ်နေတယ်။ ရုတ်တရက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စောမောင် အသံနဲ့ အမိန့်အမှတ်၁/၈၈ ဆိုပြီး နိုင်ငံတော် အာဏာကို တပ်မတော်က သိမ်းယူလိုက်ကြောင်း သတင်းကြားလိုက်တယ်။ ကျောင်းသားသပိတ်စခန်းမှာ ကျနော်နဲ့ ပန်းချီဆရာသန်းညွန့် (ခွတ်ဒေါင်းစာဆောင်တာဝန်ခံအယ်ဒီတာ) တို့ တယောက်မျက်နှာတယောက်ကြည့်ပြီး ကြောင် နေတယ်။ မြို့ထဲကသပိတ်တပ်ကမသိသေးဘူး။ ညီညီညာညာတန်းစီထိုင်ပြီး ဆန္ဒပြကောင်းတုန်း။ ကိုသန်းညွန့်က “ဒီအတိုင်းဆို မလွယ်ဘူး၊ မင်းက ဟိုလိုက်သွားပြီးအကြောင်းကြားတိုင်ပင်လိုက်၊ ငါဒီမှာ လုပ်စရာတွေလုပ်ထားမယ်” လို့ ပြောတယ်။ ကျနော် ထိုင်သပိတ်မှောက်ရာနေရာ ပြေးသွားတယ်။

သပိတ်နာယက ဒေါက်တာဦးနေလင်း (မဆလ တရားရေးဝန်ကြီး ဦးတင်အောင်ဟိန်းရဲ့ညီ) ကို ကျနော် အရေးကြီးတာ ပြောစရာရှိတဲ့အကြောင်း လူအူပ်ကြားကနေ လက်ကုတ်ခေါ်လိုက်တယ်။ လူရှင်းတဲ့ ပလက်ဖောင်းပေါ်မှာ ဆရာဦးနေ လင်းနဲ့ သပိတ်ခေါင်းဆောင်တချို့ကို အခုပဲ အာဏာသိမ်းတဲ့အကြောင်းကြေငြာလိုက်ပြီလို့ အသိပေးလိုက်တယ်။
“မိုက်ကြတယ်ကွာ မိုက်ရိုင်းလိုက်တာ.. အတော်မိုက်ရိုင်းလိုက်တာ” ဆရာကြီး ဦးနေလင်း မျက်နှာကြီးနီပြီး ဒေါသတွေ ထွက်နေတယ်။ “မိုက်ရိုင်းလိုက်တာ မိုက်ရိုင်းလိုက်တာ” ဆရာ့ပါးစပ်က ဒါပဲ ထပ်ခါထပ်ခါ ရေရွတ်နေတယ်။ ဘာဆက် လုပ်ကြမလဲ ဆွေးနွေးတယ်၊ အရင်ဆုံးလုပ်သင့်တာကို ဆုံးဖြတ်ကြတယ်။
“ဒီနေ့ သပိတ်တိုက်ပွဲအောင်မြင်စွာ ပြီးဆုံးပါပြီ” သပိတ်တပ်သားတွေ ကြွေးကြော်သံတွေ သံပြိုင်တိုင်ကြတယ်။
“ကြားဖြတ်အစိုးရဖွဲ့စည်းရေး..ဒို့အရေး..ဒို့အရေး။ “အရေးတော်ပုံအောင်ရမည်..အောင်ရမည်”

သူတို့အဖြစ်ပျက်မှန် ဘာမှမသိကြဘူး၊ မျက်နှာမှာပင်ပမ်းနွမ်းရိနေတဲ့ကြားကမျော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေကို မြင်နေရတယ်။ ညနေ မိုးချုပ်စပြုနေပြီ။ ဆရာဦးနေလင်းနဲ့ သပိတ်ခေါင်းဆောင်တွေကတော့ မျက်နှာကြီးတွေ ရဲနီပြီး၊ ခါတိုင်းထက်ပိုပြီးမာကြောတဲ့အသံနဲ့ ကြွေးကြောသံတွေ ဟစ်အော်နေတယ်။ ဒေါသတွေ ထွက်နေတယ်။ ကျနော်လည်း ငိုချင်သလိုလိုဖြစ်နေတယ်။ ဘာလုပ်ရမလဲဆိုတာပဲ ခေါင်းထဲရောက်နေတယ်။ သပိတ်တပ်ကြီး ရှမ်းကျောင်းကြီးထဲ ၀င်ပြီးရော ဆရာကြီး ဦးနေလင်းကို နှုတ်ဆက်လိုက်တယ် “ဆရာ ကျနော် သပိတ်စခန်းသွားတော့မယ်” ဆရာကြီး စိတ် မကောင်းတဲ့ မျက်လုံးနဲ့ကြည့်နေတယ်။ ကျနော်ကိုအားပါပါဖျစ်ညှစ်ပြီး လက်ဆွဲနှုတ်ဆက်တယ်။ သူ့မှာ ပြောစရာစကား လည်း ရှာမရဘူးနဲ့တယ်။ မျက်ရေ၀ဲပြီး ခေါင်းညိတ်နှုတ်ဆက်တယ်။ (နောက်ပိုင်းတော့ မြိုနယ်ဆရာဝန်ကြီး ဒေါက်တာ ဦးနေလင်း၊ ကချင်ပြည်နယ်ဘက် ပြောင်းရွှေ့ခံခဲ့ရယ်တဲ့၊ ခုတော့ ရှိလား၊ မရှိလားမသိတော့ဘူး)။
ကျနော် သပိတ်စခန်းရောက်တော့ မိုချုပ်စ၊ ညီအကိုမသိတသိအချိန်၊ ကျောင်းရှေ့အလံတိုင်ပေါ်က ခွတ်ဒေါင်းအလံကြီး မတွေ့ရတော့ဘူး။ ကျောင်းခန်းအလည်က ကျနော်တို့ ပြပွဲလုပ်ထားတဲ့၊ ဓာတ်ပုံတွေ၊ ပန်းချီကားတွေ သတင်းစာတွေ ဘာဆိုဘာမှမရှိတော့။ ကျနော် ကမန်းကတန်းအပေါ်ထပ်က ကျနော်တို့ အလုပ်ခန်းကို ပြေးတက်သွားတယ်။ “ပါးစပ်ကလည်း ခွတ်ဒေါင်းအလံ ဘယ်ရောက်သွားလဲ ဒေါင်းအလံ ဘာကြောင့်ဖြုတ်လိုက်တာလဲ ခွတ်ဒေါင်းအလံပြန် တင်မယ်” အပေါ်ထပ်မှာ ကိုသန်းညွန့်ကို ပန်းချီဆွဲတဲ့ဆေးပစ္စည်းတွေ၊ စာရွက်စာတမ်းတွေသိမ်းလက်စနဲ့ တွေ့ရတယ်။ “ဒေါင်းအလံ ငါဖြုတ်ခိုင်းတာ ဘာမှလုပ်မရနိုင်ဘူး၊ စနစ်တကျ ဆုတ်တာကောင်းမယ်၊ စစ်တပ်က မကြာခင် ၀င်စီးရင် ငါတို့မှာ ဘာမှမရှိဘူး” သူပြောတာ လက်တွေ့ကျတယ်။
ကိုသန်းညွန့်ဟာ စာပေအနုပညာသမားတယောက် ဖြစ်တဲ့အတိုင်း ကိစ္စရပ်တခုခုကို နှိုင်းနှိုင်းချင့်ချိန်တွေးပြီး ဆုံးဖြတ် တတ်တယ်။ သပိတ်ကာလတလျောက် သူနဲ့အတူတူတွဲလုပ်ခွင့်ရတာ ကျနော် သိပ်ကံကောင်းတယ်။ သူက အကြံ ကောင်းတွေပေးတတ်တယ်။ ရင့်ကျက်တယ်။ ကျနော်က ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ရယ်။ အခုလည်း ခွတ်ဒေါင်းအလံကို သူတား နေတဲ့ကြားက ပြန်တင်ခိုင်းတယ်။
“ခွတ်ဒေါင်းအလံကို အားလုံးအလေးပြုပြီး စနစ်တကျချပြီးမှ သပိတ်ကိုရုတ်သိမ်းနိုင်မယ်” ကိုသန်းညွန့်လည်း ဘာမှမ ပြောတော့ပါ။ ကျနော်တို့အားလုံး ကျောင်းဝန်းထဲက အလံတော်ရှေ့မှာဝိုင်းလိုက်တယ်။ ကျနော်ကပဲ တိုင်ပေးလိုက် တယ်။
“ငါတို့သည်.. ငါတို့သည်”
“ဒီမိုကရေစီပန်းတိုင်ရောက်သည်အထိ…. ဒီမိုကရေစီပန်းတိုင်ရောက်သည်အထိ”
“ဆက်လက်တိုက်ပွဲဝင်သွားရန် အဓိဋ္ဌာန်ပြုပါသည်..ဆက်လက်တိုက်ပွဲဝင်သွားရန် အဓိဋ္ဌာန်ပြုပါသည်” “နိုင်ငံတော်သီချင်း..စ…ဆို”
“ကမ္ဘာမကြေ…ဗမာပြေ..တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ..”
ကျနော်နိုင်ငံတော်သီချင်းဆိုရတာ အဲဒီတခါ တကယ့်ကို လှိုက်လှိုက်လှဲလှဲရှိလွန်းတယ်။ ပြီးတော့ ကြွေးကြော်လိုက်တယ် “အရေးတော်ပုံ….အောင်ရမည်”
“အရေးတော်ပုံ…အောင်ရမည်”
“အရေးတော်ပုံ..အောင်ရမည်”… ကျနော့ မျက်ရေတွေလည်လာတယ်။

ကျောင်းသားလေးတယောက်က ခွတ်ဒေါင်းအလံကို တိုင်ပေါ်ကနေ တဖြေးဖြေး ဖြုတ်ချလိုက်တယ်။
ကျနော်တို့အားလုံး ပါးရိုးတွေထောင်ပြီး၊ လည်ချောင်းကြောတွေထနေအောင် ဆက်တိုက်အော်နေတယ်။ စိတ်တွေကြွ နေတယ်။ ဆက်ပြီးမြို့ထဲချီတက်မယ်ဆိုပြီး ဟန်ပြင်ကြတယ်။ အနီးပတ်ဝန်းကျင်က မြို့မိမြို့ဖတွေ ကျနော်တို့ သပိတ်စ ခန်းနား ၀ိုင်းလာတယ်။
“သားတို့ မြန်မြန်လမ်းခွဲကြတော့ စစ်သားတွေကားတွေနဲ့ဆင်းလာပြီ”
“သားတို့ဆက်မသွားကြပါနဲ့ တင့်ကားကြီးလည်းပါလာတယ်၊ သူတို့တတွေပစ်ကြခတ်ကြလိမ့်မယ်”
“တောင်းပန်ပါတယ် မထွက်ကြပါနဲ့ အိမ်ပြန်ကြပါ”..

ကျနော်တို့ကို မြို့မိမြို့ဖတွေအတင်းတားတယ်။ တောင်းပန်နေတယ်၊ အကြမ်းဖက်မှုတခုခုဖြစ်မှာ သူတို့မလိုလားတဲ့သ ဘောတွေ ပြောနေတယ်။ သူတို့မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုတွေနဲ့။ နောက်ဆုံး ကျနော်တို့ လက်လျော့လိုက်တယ်။
“ကဲ..အားလုံးခနဖြောက်နေကြမယ် ပြီးရင်ပြန်ဆုံမယ်”…..။
တကယ်ပဲ ကျနော် အဲဒီစကားပြောခဲ့တယ်။ ခနဖြောက်နေမယ်လို့ ကိုယ့်ရဲဘော်ရဲဘက်တွေကို ပြောခဲ့တာ အခုထိ ဖြောက်လို့ကောင်းဆဲ၊ ပြန်ဆုံမယ်ဆိုပြီးပြောခဲ့ပေမဲ့ ၂၄ နှစ်တောင်ကျော်လာပြီ မဆုံနိုင်သေးဘူး။ ကျနော့်မှာ ဂတိတွေ လည်းပျက်ခဲ့တယ်၊ တော်လှန်ရေးလည်း ပြီးဆုံးအောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ စစ်ရှုံးသူတယောက်လို ပုခုံးပေါ်မှာ ရာဇ၀င်အကြွေးတွေ တပုံတပင်ကြီးနဲ့။ အင်း … မတတ်နိုင်ဖူး .. ။ တော်လှန်ရေးသမားဘ၀မှာ … တခါတခါတော့လည်း ရှက်စရာ…။
ကိုညို

No comments: