Wednesday, November 21, 2012

ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်းများနှင့် သမိုင်းဝင်ခြောက်နာရီ



ရေးသားသူ- သတင်းအဖွဲ့

အမေရိကန်သမ္မတဘားရက်အို ဘားမား၏ သမိုင်းဝင်ခရီးစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသော မြေနီကုန်းမီးပွိုင့်အနီးရှိ ဒဂုံစင်တာရှေ့ LED တီဗီဖန်သားပြင်ကျယ်ကို လူအများမတ်တတ်ရပ်၍ စိတ်ဝင်စားစွာ ငေးမောကြည့်နေကြသည်။


ထိုသို့ ကြည့်ရှုနေခိုက်တွင် တီဗီဖန်သားပြင်ထက်မှ လှုပ်ရှားမှုတစ်စုံတစ်ရာကြောင့် တိုင်ပင်မထားဘဲ ကြည့်ရှုသူအားလုံး လက်ခုပ်တီးသံများ ပြိုင်တူထွက်ပေါ် လာသည်။

ခေါင်းဆောင်နှစ်ယောက် တွေ့ဆုံမှုအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအပြီးတွင် အသက် ၅၁ နှစ်အရွယ် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ညာဘက်ပါးပြင်ကို လေးစားချစ်ခင်စွာ နမ်း၍ နှုတ်ဆက်လိုက်ခြင်းကြောင့်ပင်။

“ပျော်လွန်းလို့ပါ”ဟု ထိုမြင်ကွင်းကိုကြည့်ပြီး မျက်ရည်ဝဲစွာဖြင့် အားပါးတရလက်ခုပ်တီးခဲ့သူမှာ စမ်းချောင်းမြို့နယ်နေ အသက် ၆၀ အရွယ် ဒေါ်လှလှမြင့်ကပြော သည်။ ဒေါ်လှလှမြင့်က သူမလေးစားသော ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တစ်ယောက်က သူမနေ ထိုင်ရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄)သို့ မိနစ် ၅၀ နီးပါး လာရောက်တွေ့ဆုံသည်ကို မြင်လိုက်ရဖြင့် အလွန်
ပျော်ခဲ့ရသည်ဟုလည်း ဆက်လက်ပြောသည်။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို လေဆိပ်အပါအ၀င် ပြည်လမ်းတစ်လျှောက်နှင့် တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက် ကြိုဆိုခဲ့ကြသည်။ ထိုကဲ့သို့ သွားရောက်မကြိုနိုင်သူများက နီးစပ်ရာ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များက တိုက်ရိုက်ထုတ်လွှင့်ပြသသော အစီအစဉ်ကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။

သာကေတမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ကြည့်ရှုနေသော ၃၅ နှစ်အရွယ် အနှေးယာဉ်နင်းသူ ကိုမျိုးသန့်က “ကိုယ့် အလုပ်နဲ့ ကိုယ်ဆိုတော့ မအားတော့မကြိုဖြစ်ဘူး။ စိတ်ဝင်စားလို့ လာကြည့်တာ။ သူလာတာ ဆင်းရဲတဲ့လူတွေ အလုပ်အကိုင်မရှိဖြစ်နေတဲ့လူတွေ အဆင်ပြေလာလိမ့်မယ်လို့ထင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ခြောက်နာရီ ကြာလာရောက်မည့် သမ္မတ အိုဘားမားကို ရန်ကုန်လေဆိပ်သို့ ကျောင်းသား၊ ကျောင်းသူများ၊ ရဟန်းသံဃာများ အပါအ၀င် အများပြည်သူနှစ်ထောင်ကျော် လာရောက်ကြိုဆိုခဲ့ကြသည်။
“ကျွန်တော်တို့ခေတ်ကတော့ ဒူပေဒဏ်ပေ ခံခဲ့ရပြီးပါပြီ။ ကျွန်တော်တို့ သားသမီးတွေခေတ်မှာ ပညာရေးတွေ ကောင်းလာစေချင်တယ်။ သူ့အနေနဲ့ မြန်မာပြည်ကို လာတယ်ဆိုတာ အရမ်းအရေးကြီးလို့ လာတယ်လို့ထင်တယ်။ မြန်မာနိုင်ငံမှာလည်း ပညာရေးကောင်းလာမယ်လို့ မျှော်လင့်တယ်”
ဟု အသက် ၄၀ ၀န်းကျင် တက္ကစီ ဒရိုင်ဘာတစ်ဦးက ဆိုသည်။

အလားတူ အသက် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသူ မသန္တာအောင်က “ဘယ်နိုင်ငံတွေလဲတော့ မမှတ်မိတော့ဘူး။ တက်ပလက်(ကျောက်သင်ပုန်းကွန်ပျူတာ)တွေ အလကားပေးတာ သမ္မတအိုဘားမားလည်း မြန်မာပြည်ကို အဲဒီလိုပေးရင်သိပ်ကောင်းမှာပဲ” သူ့မျှော်လင့်ချက်ကို ဖွင့်ဟသည်။

သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် ခရီးသွားလုပ်ငန်းကို အများကြီးအကျိုးပြုနိုင်သည့်အပြင် နိုင်ငံရေးနှင့် စီးပွားရေး လုပ်ငန်းများတွင်များစွာ အကျိုးဖြစ်ထွန်းလာနိုင်သည်ဟု မျှော်လင့်ကြောင်း လေဆိပ်တွင် လာကြိုသူ Happy Holiday ခရီးသွားကုမ္ပဏီမှ ပိုင်ရှင်ဒေါက်တာ ထွန်းနေလင်းကပြောသည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးရန်၊ ပညာရေး၊ ကျန်းမာရေးတို့ ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ကြီးစွာဖြင့် သမ္မတအိုဘားမားကို လာရောက်ကြိုဆိုသူများလည်းရှိသည်။ ယခုလာရောက်သော အမေရိကန်သမ္မတအိုဘားမား၏ ခရီးစဉ်မှာ သမိုင်းဝင် ခရီးစဉ်လည်း ဖြစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၃ ခုနှစ်တွင် အမေရိကန်ဒုတိယသမ္မတ ရစ်ချက်နစ်ဆင်သာ အမြင့်ဆုံး လာရောက်
ခဲ့ဖူးသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် စစ်အစိုးရက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရသည်ကို အသိအမှတ်မပြုသဖြင့် စီးပွားရေးနှင့် စစ်ရေးအကူအညီများ ဖြတ်တောက်ခဲ့ပြီး သံတမန်ဆက်ဆံရေးတွင်လည်း သံအမတ်အဆင့်မှ သံရုံးယာယီတာဝန်ခံအဆင့်သို့ လျှော့ချခဲ့သည်။

သို့သော် အိုဘားမား၏ သမ္မတပထမလေးနှစ်အတွင်း မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများ ပြန်လည်ပြုလုပ်ခဲ့ရာ ၂၀၁၂ ခုနှစ် မေလတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်ကို ပြန်လည်ခန့်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ သမ္မတကိုယ်တိုင်ရောက်လာခြင်းဖြစ် သည်။

အမေရိကန်သမ္မတ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည့် သတင်းကြောင့် စိတ်လှုပ်ရှားနေသူများထဲတွင် အမျိုးသမီးများက ပိုမိုကြောင်း မေးမြန်းချက်များအရ သိရသည်။ “ဒီနေ့ ထမင်းမချက်ဘူး။ အိုဘားမားလာမယ်ဆိုတော့ စိတ်လှုပ်ရှားနေတာ။ အမျိုးသားကို ပြောထားတယ်။ ဆိုင်မှာ ၀ယ်စားကြမယ်လို့။ အိုဘားမားဆီက မျှော်လင့်တယ်လို့တော့ မဟုတ်ဘူး။ ကျွန်မတို့ မြန်မာပြည်က အရင်အချိန်က တရုတ်ကို အဖေခေါ်ခဲ့ တယ်။ ဘာမှဖြစ်မလာဘူး။ အခု အမေရိကန်ကို ပြောင်းခေါ်ရင် ကောင်းမယ်လို့ မြင်တယ်” ဟု အ သက် ၄၀ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်ယဉ်ယဉ်မွန်က ပြောသည်။

“မနက်ငါးနာရီကတည်းက လှိုင်သာယာကနေ ထွက်လာပြီး ရွှေတိဂုံစေတီမှာ ဘုရားဝတ်ပြုတယ်။ ကိုးနာရီမှာ လှည်းတန်း ပြည်လမ်းမပေါ်ကနေ အိုဘားမားရဲ့ ယာဉ်တန်းကို နှုတ်ဆက်မယ်။ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောပြီးတဲ့အချိန်အထိနေမယ်” ဟု အသက် ၅၀ ကျော်အရွယ်
ဒေါ်တင်တင်နွဲ့က တက်ကြွစွာပြောသည်။ ထိုသူများအနက် အချို့မှာကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တစ်ဦး မြန်မာနိုင်ငံသို့ လာရောက်လည်
ပတ်သည်ကို တွေ့ဖူးသဖြင့် ပျော်ရွှင်ခဲ့သူများလည်း ရှိခဲ့သည်။

“အိုဘားမားကို ရွှေတိဂုံပေါ်လာမယ်လို့ မထင်ဘူး။ မထင်မှတ်ဘဲတွေ့လိုက်ရတာ အရမ်းကြီးဝမ်းသာမိတယ်။ ဘာဖြစ်မှန်းမသိဘူး။ အရမ်းပျော်တာပဲ သူ့ကိုတွေ့ရတာ။ အရမ်းလည်း ကြည့်ကောင်းတာပဲ။ တီဗီတွေ စာစောင်တွေထဲမှာ မြင်နေရတာထက် အခုလို အပြင်မှာ ခပ်လှမ်းလှမ်းက တွေ့ လိုက်ရတာတောင် အရမ်းကြည့်ကောင်းတယ်။ အခုသူ့ပုံကို ဓာတ်ပုံရိုက်တာ နောက်ကျောပဲမိတယ်။ ဒါပေမဲ့ ကျွန်မကတော့ အိုဘားမားကို မြင်လိုက်ရပြီး ဓာတ်ပုံရိုက်လာရလို့ သူများတွေကို ပြန်ကြွားရဦး မယ်။ သူလာတဲ့အတွက် မြန်မာပြည်က ပိတ်နေတာတွေ အကုန်ပြန်ပွင့်မယ် လို့ထင်တယ်” ဟု အသက် ၄၀ ၀န်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

သမ္မတအိုဘားမားသည်ခြောက်နာရီကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံပြီးနောက် ရန်ကုန်တက္ကသိုလ်ရှိ ဘွဲ့နှင်းသ ဘင်ခန်းမတွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရေးလှုပ်ရှားမှု သမိုင်းတွင် အထင်ကရပါဝင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သမ္မတဘားရက်အိုဘားမား ယာဉ်တန်း ထွက်ခွာသွားချိန်မှာ ညနေ ၃ နာရီကျော်ခဲ့ပြီ။ သူ၏ယာဉ်တန်းတစ်လျှောက် လမ်းဘေးဝဲယာ နှုတ်ဆက်ခဲ့သော လူစုကြီးမှာလည်း တစ်ဖြည်းဖြည်းနှင့် ကျဲသွားပြီဖြစ်သည်။ ယာဉ်ကြောများကို ပြန်ဖွင့်လိုက်သဖြင့် လမ်းမများပေါ်
တွင် ကားများဖြင့် ပြန်လည်အသက်ဝင်လာပြီး ရန်ကုန်မြို့တော် ပုံမှန်ပြန်ဖြစ်လာသည်။ သို့သော် ထိုခြောက်နာရီက သမိုင်းတွင်ခဲ့လေပြီ။

အေးချမ်းမွန်မှ 7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :7Day News Journal

No comments: