Friday, November 16, 2012

အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း



- သရ၀ဏ် (ပြည်)
by hooligansgroup on Friday, November 16, 2012 at 2:08pm ·

အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ အာဖဂန်နိုင်ငံ ဟင်ဒုကတ်ရှ် တောင်တန်း၏ တောင်ဘက်အရပ်ဒေသများတွင် ဗုဒ္ဓဘာသာသည် ထိုစဉ်ကများစွာ စည်ပင်ဝပြောခဲ့သည်။



ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် ထည်ထားခဲ့ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ခေါ်ကြသည်။ သမိုင်းဆိုင်ရာ သက်သေအထောက်အထားများအရ အာဖဂန်နစ္စတန်တွင် အစ္စလာမ်ဝါဒ မထွန်းကားမီ (ခရဏ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၅ ခု)ကပင် ဗုဒ္ဓဘာသာ အခြေတည်ခဲ့ကြောင်း သုတေသီတို့က သုံးသပ်ကြသည်။ ထိုသို့ စောစီးစွာ အခြေတည်ခဲ့သော ဗုဒ္ဓသာသနာမှာ အေဒီ ၇ ရာစုတွင် စတင်မှေးမှိန်လာခဲ့ပြီး၊ အေဒီ ၁၁ ရာစုတွင် လုံးဝ ကွယ်ပျောက်ချုပ်ငြိမ်း သွားခဲ့လေသည်။ ဤဒေသမှာ တရုတ်တို့၏ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီးပေါ်တွင်ရှိ၍ လူသိများ ကျော်ကြားလှပါသည်။ ဂရေဘိုဘတ်တားရီးယန်း မင်းဆက်မှ ဘုရင်တစ်ပါးဖြစ်သော မိန္ဒာဘုရင်ကြီး လက်ထက်တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာသည် အာဖဂန်နစ္စတန်တွင် ထွန်းကားခဲ့ပါသည်။



မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ့ရှိချက်များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ် (ကဘူးမြို့တောင်ဘက်)တွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ့ရှိခဲ့ပါသည်။ ဗုဒ္ဓသာသနိက အဆောက်အအုံများကိုလည်း အာဖဂန်ရှေးဟောင်းဌာနက တစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါသည်။ လော်ဂျာပြည်နယ်၌ ရှာဖွေတွေ့ရှိခဲ့သမျှ ပစ္စည်းများထဲတွင် ရှေးဟောင်းစေတီတော် နှစ်ဆူ၊ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ နံရံပန်းချီများ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ရှေးဟောင်းပုတီးများ ပါဝင်ပါသည်။



ဘက်တားရီးယန်း စာပေပညာရှင်နှင့် စစ်သည်တော် (မိလိဒန္ဒပဉ္စာ ကျမ်းအရ မိလိန္ဒမင်းကြီး) တစ်ဦးသည် အိန္ဒိယမှ ရောက်လာသော နာဂသေနဟု အမည်ရသော မထေရ်တစ်ပါးနှင့် တွေ့ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းရောက်ရှိခဲ့ကြောင်း သိရပါသည်။ မြတ်ဗုဒ္ဓ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင့် ဘလိက ကုန်သည်ညီနောင်နှစ်ပါးသည် သူတို့၏ ဇာတိမြို့ဖြစ်သော ဘာသ်မြို့တွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ရာ အာဖဂန်နစ္စတန်တွင် ပထမဆုံးတည်ထား ကိုးကွယ်သော စေတီတော်ကြီး သမိုင်းပါ ဇာတ်ကောင်များနှင့် နာမည်ဆင်တူနေသည်မှာ စဉ်းစားစရာဖြစ်ပေသည်။ (ဘာသာပြန်သူ၏ စကားချပ်)



ဘာမီယန်တောင်တန်းသည် လိုဏ်ဂူများပေါများလှသော တောင်စဉ်တောင်တန်းကြီးတစ်ခုဖြစ်ပြီး ၎င်းတောင်များအတွင်းရှိ လိုဏ်ဂူများတွင် သီတင်းသုံးကြသော ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ဗုဒ္ဓနိပါတ်တော်များကို ကျောက်ဂူနံရံများတွင် နံရံပန်းချီများအဖြစ် ရေးချယ်ခဲ့ကြပါသည်။ ဘာမီယန်တောင်ကြားဒေသရှိ ကျောက်ဂူနံရံများတွင် ထွင်းထုထားသော ဗုဒ္ဒရုပ်ပွားတော်များဟု ခေါ်ဝေါ်ကြပြီး သမိုင်းကြောင်းအရ တန်ဖိုးဖြတ်၍ မရအောင် အလွန်ရှားပါး အဖိုးတန်လှပေသည်။ ထို ဗုဒ္ဓရုပ်ပွားတော်များထဲမှ ကြည်ညိုဖွယ်အကောင်းဆုံးနှင့် အရွယ်အစားအကြီးဆုံးမှာ ဥာဏ်တော် ပေ ၄၂၀ ရှိသော ရပ်တော်မူ ကိုယ်တော်ကြီးဖြစ်သည်။ ထိုရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ့သော ၁၁ နှစ် (၂၀၀၁ ခုနှစ်)က တာလီဘန် သူပုန်များက ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။ မူဆလင်များသည် ရုပ်တုကိုးကွယ်မှု မပြုရဟု အယူရှိသောကြောင့် တာလီဘန်တို့သည် ဗုဒ္ဓရုပ်ပွားတော်မြတ်များ တည်ရှိနေခြင်းကို သည်းမခံနိုင်ဘဲ ဖြစ်ခဲ့ပုံရသည်။



ထိုလုပ်ရပ်ကို တားဆီးရန် ထိုစဉ်က ပါကစ္စတန်နိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်က တာလီဘန်တို့သည် ကိုယ့်ကိုသာမက အစ္စလာမ်ဝါဒအတွက်ပါ အကျိုးမဲ့စေသော လုပ်ရပ်ကို လုပ်ခဲ့လေပြီဟု ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး တားဆီးနေသည့်ကြားမှ ၂၀၀၁ ခု မတ် ၁၁ ရက်၊ တနင်္ဂနွေနေ့တွင် ရုပ်ပွားတော်ကြီးနှစ်ဆူကို နှစ်ရက်ဆက်၍ ရှေ့ဆင့်နောက်ဆင့် ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခဲ့သည်။



ထိုကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်တို့မှ ကိုယ်စားလှယ်အဖွဲ့များလွှတ်ကာ ထိုသို့မလုပ်ဖို့ စေ့စပ်ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဒါတွေဟာ အစ္စလာမ်တရားတော်နဲ့ မညီလို့ ဖယ်ရှားရတာပါဟု တာလီဘန်တို့က အကြောင်းပြခဲ့သည်။ UN အတွင်းရေးမှူး ကိုဖီအာနန်ကမူ "အစ္စလာမ်နာမည်ကို ခုတုန်းလုပ်ပြီး ဘယ်သူ့ကိုမှ အကျိုးမရှိ ပျက်စီးစေမဲ့ အလုပ်ကို သူတို့ လုပ်နေကြတယ်။ ဒီလုပ်ရပ်ကို ကမ္ဘာပေါ်မှာ ဘယ်သူကမှ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ကျုပ်ပြောရဲတယ်"ဟု ပြောခဲ့သည်။



အဖိုးအနဂ္ဂထိုက်တန်သော ကမ္ဘာ့အမွေအနှစ်များ အာဖဂန်သမိုင်းတွင် ပြန်အဖတ်ဆယ်၍ မရအောင် ပျောက်ဆုံးသွားရခြင်းအတွက် နောင်အခါတွင် သူတို့ နှမျောကောင်း နှမျောတသ နေပါလိမ့်မည်။ ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံများသည် ကုလသမဂ္ဂ၊ ယူနက်စကိုတို့နှင့် ပူးပေါင်း၍ ထိုစဉ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါမူ ထိုအဖြစ်ဆိုးမှ ရှောင်လွှဲကောင်း ရှောင်လွှဲနိုင်ပါလိမ့်မည်။ တာလီဘန်တို့သည် အဖျက်စွမ်းအားကြီးမားသော အမြှောက်လက်နက်ကြီးများကို သုံး၍ ၂၀၀၁ ခုနှစ်၊ မတ်လတွင် ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခဲ့ပါသည်။ ထိုဖျက်ဆီးခံရသော ဘာမီးယန်း ဗုဒ္ဓရုပ်ပွားတော်နှင့် တစ်ပုံစံထဲတူသော (ဥာဏ်တော်ပို၍မြင့်သော) ပုံစံတူ သြကာနရုပ်ပွားတော်မြတ်ကြီးကို သီရိလင်္ကာတွင် တည်ထားကိုးကွယ်ခဲ့ကြပါသည်။



ရှေးအခါကလည်း အာဖဂန်နစ္စတန်တွင် မတူညီသော ဘာသာများရှိခဲ့ကြ ကိုးကွယ်ခဲ့ကြဖူးပါသည်။ သို့သော် ဘာသာတစ်ခုက အခြားဘာသာများကို လေးစားခဲ့ကြသည်။ ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster (အီရန်နိုင်ငံတွင် စတင်ခဲ့သော ဘုရားသခင်ဘက်တော်သားများသည် မိစ္ဆာ၀ါဒီများကို အဆက်မတြ် တိုက်ခိုက်သုတ်သင်ရေးဝါဒ)၏ မူလဘူတ စတင်မွေးဖွားရာ နေရာဖြစ်နေသည်။ နောင်သောအခါ ဤ၀ါဒမှာ အီရန်သို့ ရောက်ရှိပျံ့ပွားသွားပြီး မကောင်းသူပါယ် ကောင်းသူကယ်ဝါဒ Zoroastrianism ဟု ထင်ရှားခဲ့သည်။ ဂရှေ့(စ်)ကို ဘက်ထရီယန်လက်ထက်တွင် ဗုဒ္ဓဘာသာနှင့် ဇောရိုးဝါဒမှာ ငြိမ်းချမ်းစွာ အတူတကွ တူရှိခဲ့ကြသည်။



တမန်တော်မိုဟာမက် ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ (အေဒီ ၆၀၀) အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီးနောက် ဘက်တားရီးယားဒေသကို ဆက်လက်တိုက်ခိုက်ပြီး ဗုဒ္ဓဘာသာထွန်းကားရာ ဘော်လ်ကာဒေသ (Balka)သို့ပါ ရောက်ရှိလာခဲ့သည်။ ၎င်းတို့ အုပ်စိုးပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များကို လူခွန် စတင်ကောက်ခံခဲ့သည်။ ဘုရားကျောင်းကန် စေတီ ပုထိုးများသို့ သွားရောက်ဖူးမျှော် ပူဇော်ကန်တော့သူများကိုလည်း ဘုရားဖူးခွန်များ ကောက်ခံခဲ့သည်။ ကဘူးရှိ ဘုန်းတော်ကြီးကျောင်းများကို ၀င်ရောက်လုယက် ဖျက်ဆီးကြပြီး ဗုဒ္ဓရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြသည်။ နာကျဉ်းဖွယ် အနိုင်ကျင့်ခံရမှုသည် ဤမှာပင်စသည်။ ကဘူးတွင် ဗုဒ္ဓဘာသာသည် တဖြည်းဖြည်းအားနည်းလာပြီး နောက်ဆုံးတွင် အာဖဂန်နစ္စတန်မှ လုံးဝပျောက်ကွယ်သွားရတော့သည်။



အေဒီ ၇ ရာစုတွင် အာဖဂန်သို့ မူဆလင်များ စတင်ရောက်ရှိလာပြီး ၁၀ ရာစုသို့ ရောက်သောအခါ တစ်နိုင်ငံလုံးနီးပါး အစ္စလာမ်ဘာသာသို့ ရောက်ရှိခဲ့သည်။ ၁၁ ရာစုတွင်ကား ဗုဒ္ဓဘာသာ အာဖဂန်နစ္စတန်မှ လုံးဝချုပ်ငြိမ်း ထွက်ခွာခဲ့ရသည်။ (မှတ်ချက် မြန်မာနိုင်ငံ ပုဂံသို့ ဗုဒ္ဓဘာသာ ရောက်လာချိန်မှာ အာဖဂန်တွင် ဗုဒ္ဓဘာသာ ချုပ်ငြိမ်းချိန် ဖြစ်နေပေသည်။ စကားချပ်)



အာရပ်တို့ အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို သယ်ဆောင်လာဖို့ စစ်ရေးဖြင့် ကျူးကျော်ဝင်ရောက်လာသောအခါ အာဖဂန်ဒေသခံ တောင်ပေါ်သားတို့သည် ၎င်းတို့၏ ပိုက်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ့ကြပေသည်။ ထိုအချိန်က အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဇောရိုးဝါဒ၊ ဂျူးဘာသာများကို မိမိယုံကြည်ရာ ကိုးကွယ်ခဲ့ကြပေသည်။ အာရပ်များသည် ဒေသခံများကို အစ္စလာမ်ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ် ဘာသာပြောင်းစေရန် ကြံဆောင်မှုမှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ၏ အဆက်မပြတ် အပြင်းအထန် ခုခံတော်လှန်မှုကြောင့် မအောင်မြင်ခဲ့ပေ။ အေဒီ ၈၇၀ တွင်မူ ယနေ့ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော နေရာတော်တော်များများကို ရာကွတ်ဘင်လာသီဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ့ပြီး၊ အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခဲ့သည်။ အတင်းအကျပ် ဘာသာပြောင်းခံရသူများသည် အခွင့်သာသည်နှင့် သူပုန်ထကြွပြီး သူတို့၏ မူလဘာသာကို ပြန်လည်ဆည်းကပ်ကြသည်လည်း ရှိခဲ့သည်။ အေဒီ ၈ ရာစုနှင့် ၉ ရာစုကြား ကာလများတွင် ယနေ့ခေတ် အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသများမှ ဒေသခံများမှာ ဆွန်နီအစ္စလာမ်ဘာသာသို့ သွတ်သွင်းခြင်း ခံကြရသည်။ အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခဲ့သော တူရကီမင်း ဆက်ဟူလတန် မိုဟာမက်သည် အိန္ဒိယနိုင်ငံကို ၁၇ ကြိမ်ခန့် ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနှင့် အာဖဂန်နစ္စတန်တွင် လူအစုလိုက်အပြုံလိုက် အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ ပြောင်းလဲဝင်ရောက်စေခဲ့သည်။ တောင်ကုန်း တောင်တန်းများပေါ်တွင် နေထိုင်ကြသော ဒေသခံအာဖဂန်များကတော့ အစ္စလာမ်ဘာသာသို့ မ၀င်ဘဲ နေခဲ့ကြသည်။ ထိုဒေသတွင်တော့ အုပ်ချုပ်သူ ပြည်နယ်ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင် ဟိန္ဒူ၊ မူဆလင်၊ အာဖဂန် မိန်းမများစွာကိုယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင် လုပ်ခဲ့ကြသည်ဟု အေဒီ ၉၈၂ ရေးသားသော ဟူဒတ်အယ်အလမ် (Hudud-al-Alam)ဆိုသော စာအုပ်တွင် ဖော်ပြခဲ့သည်။



လုပ်သက် ၃၄ နှစ် ရှိပြီဖြစ်သော အာဖဂန်ပြတိုက်မှူးဖြစ်သူ အိုမာခန် မက်ဆိုဒီက အာဖဂန်၏ ခေတ်အဆက်ဆက်မှာ အလွန်လက်ရာမြောက်သော ဗုဒ္ဓရုပ်တုများကို သူတို့ လျှို့ဝှက် စုဆောင်းနိုင်ခဲ့သောကြောင့် အလွန်ဂုဏ်ယူကြောင်း၊ သူတို့သည် ဗုဒ္ဓရုပ်ပွားတော် အဆူ ၃၀၀ ခန့်ကို ပြတိုက်အနီး မြေအောက်ခန်းထဲတွင် လျှို့ဝှက်သိမ်းဆည်းထားပြီး ပြတိုက်ဝန်ထမ်းများက ကာကွယ်စောင့်ရှောက်ထားကြောင်း ပြောကြားခဲ့သည်။ ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်ကြီး ဖျက်ဆီးခံရမှုကို သူတို့ အလွန်စိတ်မကောင်းဖြစ်မိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤရုပ်ပွားတော်ကြီးမှာ အာဖဂန်နစ္စတန်၏ သမိုင်းကြောင်းဖြစ်နေသောကြောင့် ဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။



ဂန်ဒါရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စတင်မတည်ထားခင်ကအထိ ဗုဒ္ဓဘာသာ ပေါ်ထွန်းစကာလများတွင် မည်သူမျှ ဗုဒ္ဓရုပ်တု၊ ရုပ်ပွားလုပ်၍ မကိုးကွယ်ခဲ့ကြပါ။ ကနဦးတွင် လူ့ပုံသဏ္ဍာန်ကို ရှောင်ရှားပြီး အခြားသင်္ကေတများကိုသုံး၍ ကိုးကွယ်ပူဇော်ခဲ့ကြသည်။ လူတို့သည် ရှေးဦးစွာ ဗုဒ္ဓဘုရားရှင်၏ ခြေတော်ရာ (စက်တော်ရာ)ကို ပုံတူပြု၍ ကိုးကွယ်ခဲ့ကြပါသည်။ ခြေတော်ရာပုံထဲတွင် မဟာယာန ဗုဒ္ဓဘာသာမှ အန္တရာယ်ကင်း အင်းကွက်များနှင့် ဆင်တူသော အင်းများကို ထည့်သွင်းရေးဆွဲခဲ့ကြသည်။ ဗုဒ္ဓရုပ်ပွားတော်များ၏ ခြေတော်ရာတွင် သင်္ကေတများ ထည့်သွင်းရေးဆွဲကြသည်မှန်သော်လည်း အာဖဂန်နစ္စတန်မှ ဗုဒ္ဓရုပ်ပွားတော်များ၏ ခြေတော်ရာသင်္ကေတများကိုကား ယခုထက်ထိ သုတေသီတို့ အဓိပ္ပါယ်မဖော်နိုင်သေးပါဟု ခြေတော်ရာသမိုင်းကို ၂၅ နှစ်ကြာ သုတေသနလုပ်ခဲ့သည့် ဒေါက်တာ ၀ဲဓမ္မဆေလာက ပြောပါသည်။ ဗုဒ္ဓဘာသာ ရဟန်းတောင်တစ်ပါးရေးခဲ့သော၌လည်း ဗုဒ္ဓဘုရားရှင်သည သူ၏လက်ဝဲဘက်ခြေတော်ရာကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ (မက္ကာ)တွင် ချတော်မူသည်ဟု အထူးအလေးထား ဖော်ပြထားပါသည်။ ဤအချက်သည် မွတ်ဆလင်တို့က ကဘာဟုခေါ်သော မက္ကာရှိ ခြေရာတစ်ခုကို ရည်ညွှန်းပုံရသည်။ မွတ်ဆလင်၊ ခရာဇ်ယန်နှင့် ဂျူးဘာသာဝင်တို့ အလေးအမြတ်ထားကြသော အေဘရာဟမ်းဆိုသည့် ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌ သူ၏ခြေရာကို တစ်ချိန်က ချထားခဲ့သည်ဆို၏။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည် ရှိနှင့်နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ့ပြီး ကျောက်တုံးတစ်ခုနှင့် ဖုံးအုပ်ထားခဲ့ပြီး ခြေရာအမည်ကို ကဘာဟု အမည်ပေးခဲ့သည်ဟု ဆို၏။ ကာလကြာသောအခါ ထိုနေရာကို အကြိမ်ကြိမ်ပြုပြင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုနေရာကို မြင့်မြတ်သောနေရာအဖြစ် သတ်မှတ်ပြီး မွတ်ဆလင်များက ၀တ်ပြု ပူဇော်ရန် ၀င်ခွင့်ပြုသည်။ ဗုဒ္ဓဘာသာဝင်များကတော့ ထိုနေရာသို့ မြတ်စွာဘုရားခြေတော်ရာ ဖူးမြော်ရန် ဘယ်တုန်းကမှ မသွားခဲ့ကြပါ။ သို့သော် ရာစုနှစ်ပေါင်းများစွာ ကြာလွန်သည်အထိ ဂေါသကျမ်းမှာ အသုံးပြု ကိုးကားနေကြဆဲဖြစ်သည်။ ဤဒဏ္ဍာရီဆန်လှသော ကျမ်းစာပါ အကြောင်းများကိုတော့ မည်သူမှ မှားသည်၊မှန်သည် မဆန်းစစ်နိုင်ခဲ့ပါ။ သင်္ဂါယနာတင်ရာတွင် ထည့်သွင်းမဖော်ပြခဲ့သော်လည်း မဟာဝံသကျမ်းများအလိုအရာ ဗုဒ္ဓဘုရားသခင်သည သီရိလင်္ကာ (သီဟိုဠ်ကျွန်း)သို့ သုံးကြိမ်ခန့် ကြွရောက်ခဲ့သည်ဟု မှတ်တမ်းတင်ထားပါသည်။ ဤကိစ္စသည် အသေးစိတ်ဆက်လက်လေ့လာ သုတေသနပြုသင့်သော ကွင်းဆက်တစ်ခု ဖြစ်ပါသည်။ အာဖဂန်နစ္စတန်ကဲ့သို့ပင် ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင့် ထေရ၀ါဒရဟန်းတော်များ သီတင်းသုံးခဲ့သည့် ဘုန်းတော်ကြီးကျောင်းပေါင်း များစွာကို တွေ့ခဲ့ရသည်ဟု ပြောပါသည်။ ယခုအခါ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာမှာ အိန္ဒိယမှာရော၊ သီရိလင်္ကာမှာရော ရောထွေးနေပေသည်။ ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္ဓရုပ်ပွားတော် တွေ့ရမည်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာလည်း ဟိန္ဒူနတ်ရုပ်များ ရှိလေသည်။ ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့သော အာဖဂန်နစ္စတန်နှင့် ယှဉ်၍ သုံးသပ်ကြည့်စေလိုပါသည်။



ဗုဒ္ဓဘာသာ သာသနာပြုမင်းကြီးဖြစ်သော သီရိဓမ္မာသောကမင်းကြီး၏ စကားကို ယူ၍သုံးရလျှင် "အကြင်သူသည် မိမိကိုးကွယ်ရာ ဘာသာကိုသာ ချီးမြှင့်မြှောက်စားလျက် အခြားဘာသာများကို ကဲ့ရဲ့မရှုတ်ချထိုက်၊ အခြားဘာသာ အယူဝါဒများကိုလည်း သူတို့ကိုးကွယ်ယုံကြည်မှုနှင့်အညီ လေးစားအသိအမှတ်ပြုရမည်။ ဤသို့ ပြုခြင်းဖြင့် ဘာသာအယူဝါဒများ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ရမည်။ မိမိအယူဝါဒနှင့် မတူသူများကို ပြစ်တင်ရှုတ်ချခြင်း မလုပ်ရာ၊ မိမိဘာသာအယူဝါဒကိုသာ ချီးမြှင့်လျက် အခြားတစ်ပါးသော ဘာသာအယူဝါဒကို ပိတ်ပင်နှိပ်စက်ခြင်းကား အကျိုးမရှိယုံမျှမက ကိုယ့်အယူဝါဒကိုပင် နိမ့်ကျပျက်စီးစေ၍ ရှောင်ကြဉ်ရပေမည်။



သရ၀ဏ်(ပြည်)



Watch News Journal

No comments: