Tuesday, November 20, 2012

အစိုးရဘက်က ပွင့်လင်းမြင်သာမှု ရှိပြီး အရပ်ဘက် အဖွဲ့အစည်းများ ဘက်က ရိုးသားမှု ရှိလျှင် တိုင်းပြည် အမြန်ဆုံး တိုးတက်လာနိုင်


သတင်းဆောင်းပါး — နိုဝင်ဘာလ ၁၇၊ ၂၀၁၂
အရပ်ဘက် အဖွဲ့အစည်းဟု ခေါ်တွင်ကြသော လူမှုရေး အဖွဲ့များ ယခုအခါ ပိုမိုကျယ်ပြန့်စွာ ပေါ်ပေါက် လာသည် ကို မျက်မြင်တွေ့ရှိနိုင်သည်။ ထိုအဖွဲ့အစည်း တို့သည် နိုင်ငံရေး ပြောင်းလဲလာမှုနှင့်အတူ ပေါ်ပေါက် လာခြင်းဟု ပညာရှင် တချို့က သုံးသပ်ကြသည်။ စစ် အစိုးရလက်ထက်တွင် ပေါ်ပေါ်ထင်ထင် လှုပ်ရှားခွင့် မရခဲ့သဖြင့် ယခု အရပ်သား အစိုးရ လက်ထက်၌ တစ်ဟုန်ထိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟုလည်း ဆိုကြ သည်။ ထိုသို့ အရပ်ဘက် အဖွဲ့အစည်း တစ်နည်းအားဖြင့် လူမှုရေးအဖွဲ့များ ပေါ်ပေါက် လာခြင်းအပေါ် အစိုးရ ဘက်မှ ပွင့်လင်း မြင်သာသော ကိုင်တွယ်မှု ရှိရန် လိုကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
အရပ်ဘက် အဖွဲ့အစည်းများ တရားဝင် ရပ်တည်နိုင်ရန် နိုင်ငံတကာတွင် အဖွဲ့အစည်း မှတ်ပုံတင် ပြုလုပ် ရခြင်း များ ရှိသည်။ မြန်မာနိုင်ငံတွင် လည်း အဖွဲ့အစည်း မှတ်ပုံတင်ပြုလုပ် ရသည်။ ထိုသို့ အသင်းအဖွဲ့များ မှတ်ပုံတင် ပြုလုပ်ရာတွင် အချိန်ကြန့် ကြာမှုရှိကြောင်းကို နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူက “ကျွန်တော်တို့ အသင်းက အခုဆိုရင် ၁၂ နှစ်ရှိပြီ ၃ နှစ်တစ်ခါ မှတ်ပုံတင်သက်တမ်း တိုးရတယ်။ အသင်းမှတ်ပုံတင်တစ် ခုရဖို့ နှစ်နဲ့ချီပြီး ကြာတယ်” ဟု ပြောကြားသည်။ အသင်းအဖွဲ့များ အတွက် မှတ်ပုံတင် ကြေး အခွန် ၅ သိန်းပေးဆောင်ရကြောင်းလည်း သိရသည်။ အခွန်ငွေ ၅ သိန်း သတ်မှတ်ထားခြင်းအပေါ် အသင်းကြီး များမှာ အဆင်ပြေသော်လည်း ရပ်ကွက်အသင်း၊ နယ်အသင်း များမှာ အဆင်မပြေနိုင်ကြောင်း လည်း သိရသည်။ အဖွဲ့အစည်း မှတ်ပုံတင် ထုတ်ပေးရန် ကြန့်ကြာရခြင်း နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာန များကလည်း အဆင့်ဆင့်ပြုလုပ်ပေးရ၍သော်လည်း ကောင်း၊ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေ ရ၍ သော်လည်းကောင်း၊ မှန်ကန်သော အဖွဲ့အစည်းမျိုး မဟုတ်ဘဲ ရည်ရွယ်ချက် အရောင်တစ်မျိုးမျိုးပါ ဝင်မည်ကို စိုးရိမ်၍ သော်လည်းကောင်း စသည့်အချက် များကြောင့် ဖြစ်ကြောင်း တာဝန်ရှိသူတို့က ဆိုကြသည်။
“အဖွဲ့ မှတ်ပုံတင်လုပ်ဖို့ မနှစ်က အောက်တိုဘာ ၁၀ ရက်မှာ တင်လိုက်တာ အခု အောက်တိုဘာ ကုန်လို့ နိုဝင် ဘာတောင် ရောက်နေပြီ။ ခရိုင်တက်လိုက်၊ တိုင်းရောက် လိုက်၊ မြို့နယ် ပြန်ဆင်းလိုက် နဲ့ တစ်နှစ်ကျော်ပြီ” ဟု MEET လူမှုဖွံ့ဖြိုးမြှင့်တင်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ဒင်က ယင်း၏ အတွေ့အကြုံကို ရှင်းပြသည်။
“ကျွန်တော်တို့ အဖွဲ့မှတ်ပုံ တင်လျှောက်ထားတာ ၁၀ လလောက် ရှိပြီ။ အခုတော့ သမ္မတရုံးအထိ ရောက်ပြီ။ ကော်မတီ ကလည်း လက်မှတ်ထိုးပြီးပြီ ဆိုတော့ ရဖို့သေ ချာနေပြီ။ ဘယ်တော့ ရမယ်တော့ မသိနိုင်ဘူးပေါ့” ဟု မျှဝေ ကရုဏာ အဖွဲ့မှ ဥက္ကဋ္ဌ ဦးဝေယံတင်မောင်ဝင်း က ပြောကြားသည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ မှတ်ပုံတင်ပြုလုပ်ရာ၌ တချို့မြို့နယ်၊ ခရိုင်ဌာနတို့တွင် လုပ်ငန်းဆိုင်ရာ အားနည်းမှုများ ရှိကြောင်း၊ အဖွဲ့ဝင် ၁၁ ဦး ပါဝင်ရမည်၊ နိုင်ငံရေး ကင်းရှင်း ရမည်၊ မှတ်ပုံတင်ကြေး ၅ သိန်း ပေးသွင်းရမည် စသော စည်းကမ်း ချက်များ ထားရှိကြောင်း သိရသည်။
မှတ်ပုံတင်ကြေး ၅ သိန်းပေးရ ခြင်းအပေါ် လူမှုရေးအဖွဲ့တချို့က “ကိုယ့်သွေးကိုယ်ဖောက်ပြီး လှူနေ ကြတဲ့ သွေးလှူရေး အဖွဲ့တွေ အနေနဲ့ ၅ သိန်းတောင် သွင်းပြီး မှတ်ပုံတင် ရမယ်ဆိုတော့ လက်မခံနိုင်ဘူး။ လွှတ်တော် ထဲမှာ NGO laws နဲ့ ပတ်သက်ပြီး တက်ဖို့ ကြိုးစားသင့်ပါတယ်” ဟု သုံးသပ်ကြသည်။
အသင်းအဖွဲ့မှတ်ပုံတင်ရာတွင် လွယ်ကူမြန်ဆန်စေရန်အတွက် ၃ လနှင့် ၆ လအတွင်း မှတ်ပုံတင်ခွင့်ပြု မပြု အကြောင်း ကြားခြင်း၊ ပြန်လည် ဆွေးနွေးပြီး ၄၅ ရက်အတွင်း ပြု လုပ်ပေးခြင်း၊ လိုအပ်ချက်များရှိပါ က အမြန်ဆုံး ညှိနှိုင်းမှုများ ပြုလုပ်ခြင်း၊ နိုင်ငံသားများ၏ မူလအခွင့် အရေးဖြစ်သော အသင်းအဖွဲ့တရား ဝင်ဖွဲ့ခွင့်ကို ဒီမိုကရေစီစစ်စစ် တိုင်း ပြည်ဖော်ဆောင်ရာတွင် အမြန်ဆုံး လက်ခံကျင့်သုံးရန် လိုအပ်ကြောင်း၊ လူမှုရေးအသင်းအဖွဲ့များက အလုပ် ရုံဆွေးနွေးပွဲများ ပြုလုပ်၍ တိုင်ပင် စဉ်းစားထားကြကြောင်း သိရသည်။
ယခုလက်ရှိတွင် လူမှုရေး အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ထား သောအဖွဲ့ ၁၅၀ ခန့်ရှိပြီး ၁၀ ဖွဲ့ ခန့်သာ မှတ်ပုံတင် ခွင့်ပြုချက် ရသေး ကြောင်း ယင်းအဖွဲ့တို့၏ ပြောကြား ချက်အရ သိရသည်။
လူမှုရေးအဖွဲ့များအပေါ် အစိုးရ အဖွဲ့အနေဖြင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံရန်မှာလည်း အရေးကြီး ကြောင်း လူမှုရေးအဖွဲ့တို့ကဆို ကြ သည်။ “ကျွန်တော်တို့ လူမှုရေး အဖွဲ့တွေက ပွဲတစ်ခုခု လုပ်တယ်ဆိုရင် ဟိုက စောင့်ကြည့်၊ ဒီကစောင့် ကြည့်၊ ဟိုလူ့ကို စုံစမ်း၊ ဒီလူကိုစုံစမ်း လုပ်တာတွေ ခံရတယ်”ဟု လူမှုရေး အဖွဲ့ တချို့က ပြောကြားသည်။
“အခု မကြာသေးခင်ကပဲ ပြည်မြို့က မိုးမေတ္တာသွေးလှူရေး အဖွဲ့က ကားလှူတယ်။ အဲဒါကို သင်္ဘောကနေ ချတော့ ထောက်လှမ်းရေးတွေက ဟိုလူလျှောက်မေး၊ ဒီလူ လျှောက်မေးနဲ့လုပ်တယ်။ ဓာတ်ပုံရိုက်တယ်။ အလှူရှင်က ဘာလဲ၊ ဘယ်သူလဲ ဆိုပြီး စုံစမ်းတယ်။ အဲဒီတော့ လှူရတဲ့လူကလည်း စိတ် အနှောင့် အယှက် ဖြစ် တာပေါ့။ တကယ်ဆိုရင် တာဝန်ရှိတဲ့သူက ကျွန်တော်တို့ကို တိုက်ရိုက်လာမေးဖို့ ကောင်းတယ်” ဟု အစိုးရ အဖွဲ့များ ၏ လုပ်ရပ်များအပေါ် နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌဦးကျော်သူက သုံးသပ်သည်။
ထိုသို့ ထောက်လှမ်းစစ်ဆေး သတင်းယူရခြင်းနှင့်ပတ်သက်၍ ထောက်လှမ်းရေးတချို့က “ကျွန်တော်တို့ ကလည်း တာဝန်အရ လုပ်ရတာပါ။ အရင်တုန်းကထက်စာရင် အခုတော့ ပြည်သူတွေကလည်း နားလည် မှုရှိလာပါပြီ။ ကျွန်တော်တို့လည်း တဖြည်းဖြည်းပုံစံပြောင်းလဲပြီး အလုပ်လုပ်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု ရှိရင်တော့ ပိုကောင်းတာပေါ့ဗျာ” ဟု ယင်းတို့ သည် တာဝန်အရ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း နားလည်ပေးရန် ဆိုကြသည်။
ထိုသို့ စုံစမ်း ထောက်လှမ်းရခြင်းမှာလည်း အရပ်ဘက်အဖွဲ့ အစည်းတချို့၏ ပုံမှန် မဟုတ်သော အလုပ် လုပ်ကိုင်မှု များကြောင့်ဖြစ် ကြောင်း ပညာရှင်တို့က သုံးသပ်ကြ သည်။ လူမှုရေးအသင်းအဖွဲ့ဟု ထင်ယောင် ထင်မှားပြုလုပ်ပြီး အခြား အမြတ်အစွန်း အတွက်သော်လည်း ကောင်း၊ အာဏာရမှု အတွက်သော် လည်းကောင်း၊ အကျိုးအမြတ် မျှော်ကိုးကာ လုပ်ကိုင်ကြသောအဖွဲ့တချို့ ရှိကြောင်းလည်း သိရသည်။
“ကျွန်မတို့ ရပ်ကွက်မှာ အရင် က လူမှုရေးအဖွဲ့တွေ တော်တော်များတယ်။ လူမှုရေးအဖွဲ့ဆိုတော့ ဝိုင်းပြီး လှူကြ၊ တန်းကြ၊ ကူကြပေါ့လေ၊ နောက်တော့ စာရင်းလည်းပျောက်၊ လူလည်းပျောက် ဖြစ်သွားကြတယ်။ အခုဆိုရင် တကယ်ကျန်တာက တစ်ဖွဲ့နှစ်ဖွဲ့လောက်ပဲရှိတော့တယ်”ဟု အရပ်ဘက် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ကိုယ်တွေ့ကြုံရသူတို့ က ဆိုကြသည်။
“လူမှုရေးလောကမှာလည်း အခုတခြားနယ်ပယ်က လူတွေဝင် လာကြတာ တွေ့ရတယ်။ တကယ် လူမှုရေး လုပ်ဖို့ ဝင်လာတာ ဆိုရင်တော့ ကောင်းပါတယ်။ ဒါတွေကို အစိုးရက စိစစ်ဖို့ တာဝန်ရှိတယ်” ဟု နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ဆိုသည်။
လူမှုရေးလောကသန့်မှသာ တိုင်းပြည်အမြန်ဆုံးတိုးတက်လာနိုင် ကြောင်း အစိုးရဘက်မှ မည်မျှကောင်း စေကာမူ လူမှုရေးလုပ်သော လူများ၏ စိတ်ဓာတ်မှာ အရေးကြီး ကြောင်း၊ လူသားကျင့်ဝတ်များ၊ လူသား စည်းမျဉ်းများကို အမှန်တကယ် လိုက်နာမှသာ တိုင်ြး့ပည်တိုးတက် နိုင်ကြောင်း ယင်းက ဆက်လက် ပြောကြား သည်။
“လူမှုရေးတကယ်လုပ်တဲ့ အသင်းအဖွဲ့တွေ ညီညွတ်ဖို့တော့ လိုတယ်။ ဦးတည်ချက်က တိုင်းပြည် တိုးတက်ဖို့ ပြည်သူတွေ အဆင် ပြေဖို့ ဆိုရင် ဦးတည်ချက် တူတာတွေ စုပြီးတော့ အားတစ်ခုကို ပျိုးထောင် ရမယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ ဦးတည်ချက်က ဘက်ပေါင်းစုံဆိုရင် ဇွန်ပန်းရုံအောက်က လှည်းဘီးနစ်နေ တာကို ဝိုင်းတွန်းသလို ပိုပြီးနစ်ဖို့ ပဲရှိတယ်”ဟု ဦးကျော်သူက ခိုင်နှိုင်း  ပြောကြားသည်။
လူမှုရေးအသင်းအဖွဲ့များ ပေါ် ပေါက်များပြားလာသည်နှင့်အမျှ အားကိုးကြသော ပြည်သူလူထုက လည်း ရှိမြဲပင်။ ကျန်းမာရေး အတွက်သော်လည်းကောင်း၊ ပညာ ရေး အတွက်သော် လည်းကောင်း၊ ငွေ ရေးကြေးရေး အတွက်သော် လည်း ကောင်း အားကိုးကြသော ပြည်သူ တို့ အများအပြား ရှိကြသည်။
“ကျွန်မတို့က ငွေကြေး မတတ်နိုင်တော့ ကျန်းမာရေး မကောင်းရင် ကုသိုလ်ဖြစ်ဆေးခန်း တွေကိုပဲ အားထားနေရတယ်။ ဒီလို ဆေးခန်းတွေရှိလို့လည်း ကျန်းမာရေး မကောင်းမှာ မပူရတော့ဘူး။ အဲဒီ အတွက် ကျေးဇူးတင်ပါတယ်။ လူမှု ရေးအဖွဲ့တွေအကုန်လုံးကိုလေ”ဟု ပရဟိတကုသိုလ်ဖြစ်ဆေးခန်းများကို အားထားနေရသူတို့က ပြောသည်။
အခမဲ့ ကုသိုလ်ဖြစ်ဆေးခန်း များတွင် နေ့စဉ်လူများလာရောက် ဆေးကုသခံယူလျက်ရှိသည်။ နာရေး ကူညီမှုအသင်း (ရန်ကုန်)တွင် ဖွင့်လှစ်ထားသော သုခ ကုသိုလ်ဖြစ် ဆေးခန်း တွင် လူနာ ၂၀ဝ ကျော်ခန့် ကို တာဝန်ယူကုသပေးလျက်ရှိ သည်။ အခြားကုသိုလ်ဖြစ်ဆေးခန်း များတွင်လည်း ရောဂါမျိုးစုံကို တာဝန်ယူ ကုသပေးလျက်ရှိသည်။
ထိုသို့ အခမဲ့ကုသိုလ်ယူကာ ဆေးကုသပေးသော်လည်း လူနာ များအနေဖြင့် အခက်အခဲတချို့ကြုံ ရကြောင်း သိရသည်။ လမ်းခရီးဝေး သဖြင့် ခက်ခဲရခြင်း၊ မိမိအလှည့် ရောက်ရန် အချိန်ကြာကြာစောင့်ဆိုင်း ရခြင်း၊ တချို့နေရာများတွင် တစ်ရက်ကြိုတင်ကာ တိုကင်လက် မှတ်စောင့်ဆိုင်းရခြင်းများရှိသဖြင့် ခက်ခဲမှုရှိကြောင်း ကြားသိရသည်။
“တချို့ဆေးခန်းတွေမှာဆိုရင် တိုကင်စောင့်ယူရတယ်။ တချို့ဆေး ခန်းတွေမှာကျတော့ ကိုယ်ရောက် လာမှ ကျောက်သင် ပုန်းပေါ်မှာ ကိုယ့်နာမည် ကိုရေးရတယ်။ လူ အများကြီးလက်ခံတဲ့ဆီက ပိုကြာ တာပေါ့။ ဆေးအခမဲ့ ကုပေးတာ ကောင်းပေ မယ့် စောင့်ရတဲ့ အခက် အခဲတွေကတော့ တော်တော် ကြီးတယ်”ဟု ကုသိုလ်ဖြစ်ဆေးခန်း များမှ အခက်အခဲများ ကို ဆေးခန်း များကို အလေးထား မှီခိုနေရသူတို့ က ပြောကြသည်။
ရပ်ကွက်တချို့တွင် စီးပွားရေး လုပ်ကိုင်စားသောက်နိုင်ရန် ငွေကြေး အရင်းအနှီးထုတ်ပေးသော အဖွဲ့များ ရှိကြသည်။ တစ်နိုင်တစ်ပိုင်အဖြစ် အနည်းအကျဉ်းချေးငှားပေးခြင်းဖြစ် သည်။ ထိုသို့ ချေးငှားပေးသော အဖွဲ့များကြောင့် တချို့ မိသားစုများ ၏ စားဝတ်နေရေးကို ပြေလည်မှု များရစေကြောင်း သိရသည်။
“ကျွန်တော်တို့က ကိုယ့်ရပ် ကွက်ထဲက မိသားစုတွေ အဆင်ပြေ အောင်လို့ တစ်ဦးကို ၃ သောင်းနှုန်း ချေးပေးတယ်။ ကူညီတဲ့သဘောပါ”ဟု ငွေကြေးကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ငွေကြေးကူညီသော အဖွဲ့များမှာလည်း ကြာရှည်ရပ်တည် နိုင်ခြင်းမရှိကြောင်း ကြားသိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ချေးငွေ ထုတ်ပေးသူတစ်ဦးက “လူတစ်ဦး ကို ဘယ်လောက်နှုန်းပေါ့ ချေးပေး တယ်။ ပြန်ဆပ်ရမယ့် ရက်ကိုလည်း အဆင်ပြေအောင် သတ်မှတ်ပေး တယ်။ ဒါပေမယ့် တိတိကျကျ ပြန်ပြီးဆပ်တာ နည်းတယ်။ အဲဒါကြောင့် ငွေကြေး လည်ပတ်မှု မရှိတော့ဘဲ ရပ်တန့်သွားရတာတွေ ရှိတယ်”ဟု သုံးသပ် ပြောကြားကြသည်။
လူအများဖြင့် စုပေါင်းလုပ်ကိုင် ရသဖြင့် အခက်အခဲများရှိခြင်းမှာလည်း သဘာဝတရားပင်ဖြစ်သည်။ သို့သော် လူမှု ကူညီရေး အသင်းများ၏ ရပ်တည်မှုကို ပျက်ပြားစေသည် မှာ အလွန်စိုးရိမ်ဖွယ်ပင်ဖြစ်သည်။ လူ့အဖွဲ့အစည်း တစ်ခုလုံး နစ်နာစေသော အချက်တစ်ခုလည်း ဖြစ်လာ နိုင်သည်။
“ကျွန်မတို့ ရပ်ကွက်မှာ ချေးငွေကို ၅ ယောက်တစ်တွဲ ထုတ်ပေးတယ်။ အဲဒီအတွဲထဲက ၅ ယောက် က တညီ တညွတ် တည်း ပြန်ဆပ်ရတယ်။ တစ်ယောက်ယောက်က ပြန်မဆပ်ရင် နောက်ထပ်ငွေထပ်ချေး လို့ မရတော့ ဘူး” ဟု ချေးငွေ ထုတ်၍ စီးပွားရေး လုပ်ကိုင်နေသော ရပ်ကွက်သူတချို့က ပြောကြားသည်။
လူမှုရေးအဖွဲ့များဖြစ်သော အရပ်ဘက်အဖွဲ့အစည်းများ ပေါ် ပေါက်မှုများပြားလာသည်နှင့်အမျှ အားကိုးသော ပြည်သူတို့ ကလည်း အင်အား မနည်းပေ။ ထိုသို့ အားကိုးကြသော လူထုအပေါ်တွင် အမှန်တကယ် ရိုးသား သော ပေးဆပ်မှုများ ထားရှိရန် ယင်းလူမှုရေးအဖွဲ့တို့တွင် တာဝန်ရှိပေသည်။ လူမှုရေးအဖွဲ့များ က တာဝန် ကျေပွန်ပါက အစိုးရမှလည်း ပွင့်လင်းမြင်သာသော၊ မြန် ဆန်ထိရောက်သော ကူညီမှုများကို ပေးသင့်သည်ဟု ယူဆမိသည်။ သို့မှသာ တိုးတက်မှုမြန်ဆန်သော တိုင်းပြည်တစ်ခုဖြစ်လာမည်ဟု ရည်ရွယ်ရင်း…..။  ။
တင်တင်အေး

No comments: