သမ္မတတစ်ဦးကို လေ့လာခြင်း
by Ven Ravika
November 17, 2012
Burmese President Thein Sein, right, stands next to US President Barak
Obama at the East Asian and Asean Summit in Nusa Dua, Bali, in November.
(Photo: Reuters)
သမ္မတအိုဘာမားကို
စာရေးသူတို့ မထောက်ခံခြင်းမှာ သူ့ကတိကို အကောင်အထည်မဖော်နိုင်လို့
ဖြစ်တယ်။ အကောင်အထည်ဖော်နိုင်တာ ရှိတယ်လို့ ပြောပေမဲ့ အဲဒါ ပါးပါးလေးပါ။
ဒီတော့ မေးစရာရှိလာတယ်။ သမ္မတသိန်းစိန်က သူပေးတဲ့ကတိအတိုင်း
အကောင်အထည်ဖော်နိုင်ခဲ့ရင် ထောက်ခံမလားဆိုတာပဲ။
ဒါ ပြောရခက်တယ်။ သူပေးတဲ့ကတိကို အရင်ကြည့်ရဦးမယ်။ သူ့ကတိဟာ ဘယ်သူ့ကို သစ္စာခံသလဲ။ သူက ဘယ်သူအတွက် အလုပ်လုပ်ပေးနေသလဲ။ သူ့ခံယူချက်က ဘာလဲ သိမှပဲ ဆုံးဖြတ်လို့ရမယ်။ သမ္မတသိန်းစိန်ကို လေ့လာချင်ရင် အကောင်းဆုံးကတော့ သမ္မတရာထူးကို လက်ခံတဲ့ သူ့မိန့်ခွန်းကို ပြန်ကြည့်တာ အကောင်းဆုံးပဲ။ အဲဒီမှာ သူ ဘာတွေ ပြောခဲ့လဲ။ ဒါနဲ့ ပတ်သက်ပြီး စာရေးသူ ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ သူ့မိန့်ခွန်းကို အနီရောင်၊ အစိမ်းရောင်၊ အဝါရောင် တားပြီး လေ့လာကြည့်ရင်...
၁။ ၂၀၀၈ ဥပဒေကို လက်မခံသေးတဲ့ တိုင်းရင်းသားလူမျိုးများကို စေတနာမှန် ပြမယ်လို့ ဆိုတယ်။ (နှာ-၃)
၂။ ၂၀၀၈ ဥပဒေကို လက်မခံသေးတဲ့ အတိုက်အခံများကိုလည်း ပဋိပက္ခလျှော့နည်းအောင် လုပ်မယ်။ (နှာ-၄)
၃။ နိုင်ငံသားအခွင့်အရေး၊ တောင်သူလယ်သမားအခွင့်အရေး၊ ပြည်သူ့ကျန်းမာရေး၊ လူမှုဖူလုံရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သတင်းလွတ်လပ်မှုရှိရေးအတွက် ပြည်တွင်းပြည်ပညာရှင်များနဲ့ NGO များနဲ့ လက်တွဲမယ်။ (နှာ-၁၁၊ ၁၂)
ဒီ(၃)ချက်ဟာ အနီရောင်လိုင်းလို့ သတ်မှတ်ကြည့်မယ်။ ဒါကို အခြေခံပြီး...
၁။ ဗဟိုအစိုးရအုပ်ချုပ်ရေးကို ပြည်ထောင်စုတဝန်းလုံးမှာ တည်ဖို့ ကြိုးစားမယ်။ (စာ-၄၊ ၅)
၂။ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရများ အသက်ဝင်အောင် လုပ်မယ်။ (နှာ-၅၊ ၆)
၃။ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေး (နှာ-၁၂)၊ မြန်မာ့ဟန်ဒီမိုကရေစီစနစ်ကို ပြည်သူတွေ ထောက်ခံလာရေး (နှာ-၁၃)၊ နိုင်ငံတကာမှာ သံတမန်ရေးအောင်မြင်မှု ရရှိရေး (နှာ-၁၄)
ဒီ(၃)ချက်ကို အစိမ်းရောင်လိုင်း တားပေးလိုက်တယ်။ နောက်ဆုံးအနေနဲ့
၁။ တောင်သူလယ်သမားရေးရာ၊ အလုပ်သမားရေးရာ (နှာ-၆၊ ၇)၊ ကုန်သွယ်ရေး (နှာ-၈)၊ စက်မှု (နှာ-၈၊ ၉)၊ စီးပွားရေးယန္တရားများ (နှာ-၉၊ ၁၀၊၁၁)နဲ့ပတ်သက်ပြီး အစိုးရမူဝါဒကို ချမှတ်မယ်။
၂။ ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးမှာဖြစ်တယ်။ (နှာ-၁၅)
ဒီ(၂)ချက်ကို အဝါရောင်လိုင်း တားပေးလိုက်တယ်။
အနီရောင်လိုင်းများကို မဖြစ်မနေ လုပ်ရမှာဖြစ်တယ်။ ဟုတ်တာပဲဖြစ်ဖြစ်၊ မဟုတ်တာပဲဖြစ်ဖြစ် အဲဒါတွေကို လုပ်နေတယ်လို့ လူတွေမြင်ဖို့ အရေးကြီးတယ်။ မိမိမူဝါဒများကို တပြားသားမှ မလျှော့တဲ့ လိုင်းများ ဖြစ်တယ်။ ၂၀၀၈ ဥပဒေအရ၊ ဒို့တာဝန်အရေး(၃)ပါးဦးထိပ်ထားပြီး ဆောင်ရွက်မဲ့ကိစ္စ ဖြစ်တယ်။
အနီရောင်ကို အဆင်သင့်သလို လုပ်ပြီး အစိမ်းရောင်ကို ကိုင်မယ်။ ကချင်ကို တိုက်နေခြင်းမှာ ဒီအစိမ်းရောင်ကြောင့် ထင်တယ်။ ရခိုင်မှာ ပြဿနာဖြစ်နေခြင်းမှာလည်း ဒီအစိမ်းရောင်ကြောင့်ဖြစ်တယ်။ သမ္မတသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကမ္ဘာလှည့်နေကြခြင်းမှာ ဒီအစိမ်းရောင်ကြောင့်ထင်တယ်။
အဝါရောင်များကိုတော့ သူတို့ စိတ်မဝင်စားကြပါဘူး။ လုပ်ချင်လုပ်မယ်၊ မလုပ်ချင်လည်း နေမယ်။ လုပ်ဖြစ်မယ်ဆိုရင်လည်း သူတို့ကပဲ ကြိုးကိုင်လို့ရတဲ့အနေအထားကိုပဲ ခွင့်ပြုမယ်။
ဒီတော့ အနီနဲ့ တည်ကြက်လုပ်မယ်၊ အစိမ်းကို အရယူမယ်၊ အဝါကို ခြယ်လှယ်မယ်။
သမ္မတသိန်းစိန်ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ သူ့လုပ်ဆောင်ချက်ကို ချင့်ချိန်ကြည့်ရင်
၁။ ၂၀၀၈ ဥပဒေပြင်ဆင်ရေးကို စိတ်မဝင်စားဘူး။ ၂၀၀၈ ဥပဒေကို လက်ခံလာဖို့ပဲ တွန်းအားပေးနေတာကို တွေ့ရတယ်။ (အနီ)
၂။ ပြည်တွင်းအပြောင်းအလဲကို စိတ်မဝင်စားလှဘဲ ပြည်ပထောက်ခံမှု ပိုရအောင် လုပ်နေတာကို တွေ့ရတယ်။ (အစိမ်း)
၃။ ခရိုနီနဲ့တပ်တွေပဲ အရာရာကို ချုပ်ကိုင်ထားဆဲဖြစ်တယ်။ (အဝါ)
ဆိုတော့ကာ သမ္မတသိန်းစိန်ဟာ ကတိကဝတ်ပြုထားတဲ့အတိုင်း ကတိတည်သူ ဖြစ်တယ်။ အကောင်အထည်ဖော်နေသူ ဖြစ်တယ်။ အောင်မြင်မှုရနေသူ ဖြစ်တယ်။ ဒါကြောင့် သူ့ကို ထောက်ခံသင့်သလား။
အခြားဗိုလ်ချုပ်များလို မမောက်မာဘဲ ပျော့ပျောင်းသူဖြစ်တယ်။ အကျင့်ပျက်ခြစားမှု အများကြီးကင်းသူဖြစ်တယ်။ ဒါကြောင့် သူ့ကို ထောက်ခံသင့်သလား။
အရှင်းဆုံးကို ပြောရရင် သမ္မတသိန်းစိန်ဟာ
၁။ စစ်ခေါင်းဆောင်ဟောင်းတွေ ကျူးလွန်းခဲ့တဲ့ စစ်ရာဇဝတ်မှုများကို အကာကွယ်ပေးဖို့၊
၂။ စစ်ခေါင်းဆောင်များကို ကာကွယ်ပေးတဲ့ ၂၀၀၈ ဥပဒေကို စောင့်ရှောက်ဖို့၊
၃။ နောက်ကွယ်မှာ စစ်တပ်နဲ့ခရိုနီတွေက ကြိုက်သလို အုပ်ချုပ်လို့ရအောင်၊ လူ့အခွင့်အရေး ချိုးဖောက်လို့ရအောင် ရှေ့ကနေ ပုတီးစိပ်ပြနေသူသာ ဖြစ်တယ်။
ဒါကြောင့် သူဟာ စစ်တပ်ကို အလုပ်အကျွေးပြုနေတဲ့ သမ္မတတစ်ဦးသာ ဖြစ်တယ်။ စစ်အုပ်ချုပ်ရေးတရားဝင်ဖြစ်အောင် လုပ်ပေးသူ သမ္မတတစ်ဦးသာ ဖြစ်တယ်။ သူ့ကတိကဝတ်ဟာ စစ်အစိုးရကို ပေးခဲ့တဲ့ ကတိကဝတ်များသာ ဖြစ်တယ်။ သူ့ကတိကဝတ်ကို စောင့်ထိန်းခြင်းမှာ သူလာရာ တပ်မတော်ကို သစ္စာစောင့်သိခြင်းသာ ဖြစ်တယ်။

No comments:
Post a Comment